Chapter 52
Viewers 5k

🏡 Chapter 52

သုံးဘီး



ဖုန်းရီက နူးညံ့သော လေဖောင်းဂျာကင်အင်္ကျီနှင့် ဂွမ်းကပ်ကို ရလာသဖြင့် အတော်ပင် ပျော်ရွှင်နေသည်။


ဖုန်းမိသားစုအိမ်တွင် နေစဉ်က သူ၏ အေးခြင်းပူခြင်းအားလုံးကို ဂရုစိုက်မည့်သူ မရှိပေ။


ကျန်းလီယွင်နှင့် ပထမဆုံး ဆုံခဲ့သည့် ဆောင်းရာသီကို သူ မှတ်မိနေသေးသည်။ အမေဖုန်းက သူ့ကို ဂျာကင်အင်္ကျီ ပြုလုပ်မပေးပေ။ ရာသီဥတုအေးလာသောအခါ ဖုန်းရီက ခိုက်ခိုက်တုန်ပြီး ခြေလက်များက နှင်းကိုက်ရာများဖြင့် ပြည့်နေခဲ့သည်။


ထိုစဉ်က ကျန်းလီယွင်က ငယ်ရွယ်သေးသောကြောင့် ကျိုးချောင်ရှားကို ဖုန်းရီ၏ အမေအရင်းဟု မထင်ခဲ့ပေ။ ရွာထဲ၌ ဖုန်းမိသားစုတွင် မိထွေးတစ်ယောက်ရှိကြောင်း ကောလဟာလများ ကြားခဲ့ရသဖြင့် သူမက ဖုန်းရီကို ခေါ်ပြီး ကျိုးချောင်ရှားကို 'မကောင်းတဲ့ မိထွေး' ဟု စွပ်စွဲပြောဆိုပြီး ဖုန်းရီအတွက် အဝတ်အစားများ ပြုလုပ်ပေးရန် ပြောခဲ့သည်။


ကျိုးချောင်ရှားက ဒေါသထွက်လာပြီး ကျန်းလီယွင်ကို အော်ငေါက်ပစ်သော်လည်း ဖုန်းလောင်ထို (အဖေဖုန်း)က ကြားဝင်ဖျန်ဖြေပေးလာသည်။


ရွာထဲတွင် ဖုန်းမိသားစုအကြောင်း ပြောကြမည်ကို ကြောက်သဖြင့် နောက်ပိုင်းတွင် ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့တို့၏ အဝတ်အဟောင်းများကို ဖုန်းရီကို ပေးဝတ်လာသည်။


နှစ်ပေါင်းများစွာကြာပြီးနောက် ဖုန်းရီက ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့တို့၏ အကျ အင်္ကျီများကိုသာ ဝတ်ဆင်ရသည်။


ထိုကောင်လေးများက အဆော့သန်ပြီး အဝတ်များက ရှားပါးသည့် ကာလဖြစ်သည်။ တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်း ဝတ်ဆင်ရသဖြင့် ဖုန်းရီထံသို့ ရောက်လာသောအခါ ထိုအဝတ်အစားများက စုတ်ပြဲနေပြီ ဖြစ်သည်။


ကံကောင်းစွာဖြင့် ဖုန်းလောင်ထိုင်(အဖွားဖုန်း)က အကျိုးအကြောင်းဆီလျော်သောသူ ဖြစ်သည်။ သူမက မြေးအရင်းများဖြစ်သော ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့တို့ကို မျက်နှာသာပေးသော်လည်း ဖုန်းရီကို ကိုယ်ချင်းစာပြီး သနားသဖြင့် ထိုအဝတ်အပြဲများကို ဖာထေးပေးလေ့ရှိသည်။


ကျန်းလီယွင် ကြီးပျင်းလာသောအခါ သူမက ဖုန်းရီကို မည်သို့ အဝတ်ဖာထေးရမည်ကို သင်ကြားပေးသည်။


သို့ရာတွင် ကျန်းလီယွင်က စိတ်ရှည်တတ်သောသူ မဟုတ်သဖြင့် သူမက ဖုန်းရီကို သင်ပေးလိုက်သည်။ ဖုန်းရီ တတ်သွားသည်နှင့် သူမ၏ အဝတ်အစားများကိုပါ ပြင်ဆင်ခိုင်းလေ့ရှိသည်။


သူမတို့ အသုံးပြုသော အပ်၊ အပ်ချည်နှင့် အထည်စများက သေချာပေါက် ကျန်းမိသားစုမှ ဖြစ်သည်။


ထိုအရာများမှာ ဝယ်ယူရသဖြင့် အမေဖုန်း(ကျိုးချောင်ရှား)က သူမ၏ အပ်ချုပ်သည့် ခြင်းကို မကိုင်ရန် တင်းတင်းကြပ်ကြပ် တားမြစ်လေ့ရှိသော်လည်း အမေကျန်းကမူ သူမတို့ကို သုံးခွင့်ပေးသည်။


တိုတိုပြောရလျှင် ဖုန်းရီက နှစ်ပေါင်းများစွာ အခြားသူတစ်ဦး၏ အကျ အင်္ကျီများသာ ဝတ်ဆင်ခဲ့ရ၍ အချမ်းမလုံပေ။ သူက တစ်ခါမှ အင်္ကျီအသစ် မဝတ်ဖူးသကဲ့သို့ နူးညံ့သော ဂွမ်းကပ်အသစ်တစ်ထည်လည်း မသုံးဖူးပေ။


ယခု အင်္ကျီအသစ်နှင့် ဂွမ်းကပ်ရလာသဖြင့် ဖုန်းရီက အလွန် ပျော်ရွှင်နေမိသည်။


အခုတော့ ငါ့မှာ အိမ်လေးတစ်အိမ် ရှိလာပြီ...


အကယ်၍ ကျန်းလီဖျင်သာ အိမ်တွင် ရှိနေပါက သူမက သေချာပေါက်ပင် အမေကျန်းကို သူမအတွက် မချုပ်ပေးဘဲ ဖုန်းရီအတွက်ကိုမူ လုပ်ပေးသည်ဟု နားပူနားဆာလုပ်နေပေလိမ့်မည်။


ကျန်းလီဟိုင်က ထိုအရာကို သတိမပြုမိပေ။ ဟယ်မိသားစုက သူ့ကို အပ်နှံလိုက်သောကိစ္စကိုသာ အာရုံစိုက်ထားပြီး သတိထား၍ ပြောလိုက်သည်။

“လီယွင်... ဟယ်မိသားစုကလည်း ကြက်မွေးတယ်...”


“သူတို့က ညီမကို ရောင်းချင်တာတဲ့လား...”

ကျန်းလီယွင်က မေးသည်။


ကျန်းလီဟိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လာသည်။


“ရတယ်လေ... ဒါပေမယ့် ညီမက ဝဝဖြိုးဖြိုး ကြက်ပဲရချင်တာ... နောက်ပြီး သူတို့က အိမ်လာပို့ပေးမှ ရမယ်...”


လွန်ခဲ့သောရက်အနည်းငယ်က သူမက အဒေါ်ကျန်းထံမှ ကြက်များဝယ်ယူခဲ့ပြီး ယခုတွင် အားလုံးနီးပါး ရောင်းကုန်ပြီ ဖြစ်သည်။ သူမက အခြားမိသားစုထံမှ ကြက်ဝယ်ယူရန် စီစဉ်ထားသည်။


ဟယ်မိသားစုသာ သူမကို ကြက်၏ အလေးချိန်နှင့်ပတ်သက်၍ မလှည့်စားပါက သူတို့ထံမှ ဝယ်ယူခြင်းက ကိစ္စမရှိပေ။ သို့ရာတွင် ဟယ်မိသားစုထံမှ ကြက်ဝယ်ယူခြင်းကလည်း ရေတိုဖြေရှင်းနည်းဖြစ်သည်။


မိသားစုအများစုက ကြက်မွေးမြူကြပြီး ဈေးကွက်ရောင်းတန်းဝင်အရွယ်ရောက်ပါက ရောင်းချကြသည်။ အချိန်ကြာမြင့်စွာ မွေးမြူထားပါက ကြက်စာစရိတ်ထောင်းသောကြောင့် ဖြစ်သည်။


ထိုကြောင့် ဟယ်မိသားစုထံမှ ကြက်ဝယ်ပြီးနောက် သူမက အခြားသင့်တော်သော ကြက်ရောင်းသည့် မိသားစုကို ရှာဖွေထားရန် လိုအပ်သည်။


ကံကောင်းစွာဖြင့် သူမတို့ ကွန်မြူနတီတွင် ကြက်မွေးမြူသော လူအများအပြားရှိပြီး ကြက်များက ဝယ်ယူနိုင်သော ဈေးနှုန်းဖြစ်သဖြင့် သူမအတွက် ဝယ်ယူရန် လွယ်ကူသည်။


လူတွေက ကြက်မွေးနေကြတုန်းပဲ...


ထိုအကြောင်းကို တွေးရင်းဖြင့် ကျန်းလီယွင်က ကျန်းလီဟိုင်ကို ကြည့်ပြီး ပြောလိုက်သည်။

“အစ်ကို နောက်တစ်ခါ မြို့တော်ကို သွားရင် နှစ်ကူးနီးတဲ့အခါ ပမာဏများများ ဝယ်လို့ရမယ့် ကြက်အဝယ်ဒိုင် ရှာခဲ့နော်...”


ကျန်းလီဟိုင်က နားမလည်ပေ။

“ဘာလို့လဲ... ငါတို့ မိသားစုက ကြက်မမွေးဘူးလေ...”


ကျန်းလီယွင်က ရှင်းပြသည်။

“ညီမတို့ ကွန်မြူနတီမှာ ကြက်မွေးတဲ့သူတွေ များတယ်လေ... ရွာက ဈေးကွက်က မလုံလောက်ဘူး... မြို့တော်က လူတစ်ယောက်နဲ့ ချိတ်ဆက်မိရင် ရွာက ကြက်တွေရောင်းဖို့ ဈေးကွက်ရလာမှာ... ဒါဆို ဈေးကောင်းရလိမ့်မယ်...”


သူမတို့ ကွန်မြူနတီတွင် ကြက်ဈေးများ ကျလာမည်ကို သူမ သိထားသည်။ ထို့ကြောင့် ထိုကြက်များဖြင့် သူမ ငွေရှာလိုခြင်း ဖြစ်သည်။


မူလက သူမ ကိုယ်ပိုင်ပိုက်ဆံဖြင့် ကြက်များဝယ်ယူပြီးနောက် ဆားစိမ်ကာ မြို့သို့ သွား၍ ပြန်လည် ရောင်းချလိုခဲ့သည်။


သို့ရာတွင် ပြန်သုံးသပ်ကြည့်ပါက သူမအတွက် ဒုက္ခများပေလိမ့်မည်။ သူမ လုပ်နိုင်သမျှက အခြေခံမျှသာ ဖြစ်ပြီး ဈေးကောင်းရနိုင်ချင်မှ ရနိုင်ပေမည်။


သူမက အချိန်များစွာ ပေးရမည်ဖြစ်ပြီး အကူအညီလိုအပ်ပေမည်။ ထို့အပြင် ဖက်ထုပ်နှင့် ကြက်ကြော်စီးပွားရေးကိုပါ နှောင့်နှေးပေလိမ့်မည်။ မြို့သို့ ကြက်သွားရောင်းခြင်းက သွားလာစရိတ်များစွာ ကုန်ကျနိုင်ပြီး နေရာထိုင်ခင်းအတွက်လည်း ကုန်ကျနိုင်သည်။


အဆုံးတွင် ထိုအကြံကို သူမ လက်လွှတ်လိုက်သည်။


နှစ်ကူးကာလများတွင် မြို့က အသက်ဝင်လာပြီး ရွာသားများက ဈေးဝယ်ထွက်ကြသည်။ မြို့တွင် ကြက်သားဆားစိမ်ရောင်းချခြင်းအစား ဆိုင်ဖွင့်၍ ကြက်ကြော်ရောင်းခြင်းက ပိုကောင်းပေလိမ့်မည်။


မကြာမီတွင် ကြက်ဈေးများ ကျလာပြီး ကြက်ကြော်ရောင်းချခြင်းကမူ ဈေးကောင်းရပေလိမ့်မည်။


ထိုသို့ လုပ်မည်ဆိုပါက သူမ ငွေအချို့ ချေးရမည်ဖြစ်သည်။


အကယ်၍ ကျန်းလီဟိုင်က မြို့တွင် ကြက်သား ပမာဏများစွာ ဝယ်ယူမည့်သူနှင့် ချိတ်ဆက်မိပါက ရွာမှ ကြက်ဝယ်ပြီး ပြန်လည်ရောင်းချပါက အမြတ်ရမည်ဖြစ်သည်။ 


မြို့သို့ သူမ ကိုယ်တိုင် ကြက်များကို သယ်ယူသွားပါက ကုန်ကျစရိတ်များပေမည်။ ကြက်လှောင်အိမ်ကို မည်သည့်နေရာမှ ဝယ်ရမည်ကိုလည်း သူမ မသိပေ။ ကြက်များကို မောင်းသွားလျှင် ဖြစ်နိုင်မည်လားလည်း စဉ်းစားနေမိသည်။


လက်တလောတွင် ဥစား၊ အသားစားကြက်မွေးမြူခြင်းက ပမာဏ မများလှပေ။ မိသားစုအများစုက ဒါဇင်အနည်းငယ်သာ မွေးမြူထားသောကြောင့် လက်ကားဒိုင်များက မျက်စိကျခြင်းမရှိပေ။ သို့ရာတွင် သူမက ရွာမှ ကြက်များကို ဝယ်ယူ၍ ကြက်ကောင်ရေ ထောင်နှင့်ချီ၍ ပြန်လည်ရောင်းချမည်ဆိုပါက လက်ကားဒိုင်များ၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။


ကျန်းလီယွင်က သူမ၏ အတွေးများကို သူမ အစ်ကိုကို ပြောပြသည်။


ကျန်းလီဟိုင်၏ စိုးရိမ်မှုများက မြင့်တက်လာသည်။

“ရွာက ကြက်တွေက ရောင်းမထွက်ရင် ဘယ်လိုလုပ်မလဲ... သဘောတူထားတဲ့အတိုင်း ကြက်ကောင်ရေ ပြည့်အောင် မစုနိုင်ရင်ရော ... နောက်ပြီး မြို့မှာ ကြက်လက်ကားဒိုင်ကို ဘယ်မှာ သွားရှာရမလဲ ငါလည်း မသိဘူး...”


ကျန်းလီယွင်က စိတ်ထဲ၌ သက်ပြင်းအသာချပြီး ကျန်းလီဟိုင်ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ အစ်ကို... စွင်းကျင်ရှန်းကို ဒီနေ့ ညီမ ပြောတဲ့အတိုင်း သီးသန့်ခေါ်ပြီး ပြောလိုက်ပါ... သူရော ကူညီဖို့ ဆန္ဒရှိလား မေးကြည့်ပါ... ညီမတို့ ငွေရလာရင် အတူ ခွဲယူကြမယ်…”


သူမက ကျန်းလီဟိုင်ကို စိတ်လိုက်မာန်ပါဖြင့် အကူအညီတောင်းမိသည်ကို ရိပ်စားမိလိုက်သည်။


ကျန်းလီဟိုင်၏ စိတ်နေသဘောထားက သာမန်အလုပ်များဖြင့်သာ သင့်တော်သည်။


ဤကိစ္စက စွင်းကျင်ရှန်း ကိုင်တွယ်ပေးရန် လိုအပ်ပေသည်။


သူမ၏ ယခင်ဘဝတွင် စွင်းကျင်ရှန်းက ငွေချေး၍ သင်္ဘောအကြီးတစ်စီး ဝယ်ယူကာ ယန်းဇီမြစ်အတွင်းသို့ ရွက်လွှင့်သွားပြီး စီးပွားရေးလုပ်ခဲ့သည်။ သူ့တွင် စွန့်စားလိုသော စိတ်ဝိညာဉ်ရှိပြီး ဤတာဝန်ကို သူ လုပ်နိုင်ပေလိမ့်မည်။


သို့ရာတွင် သူမက အမြတ်အစွန်းအနည်းငယ်သာ ရရှိမည်ဖြစ်သော်လည်း ယခုတွင် စွင်းကျင်ရှန်းနှင့် မျှဝေယူရပေမည်။ သူမ အနည်းငယ်ပင် နောင်တရလာမိသည်။


သို့ရာတွင် သူမလည်း မတတ်နိုင်ပေ။ သူမ၏ စီးပွားရေးက စတင်ချိန်ဖြစ်ပြီး မြို့တော်သို့သွား၍ ကြက်အဝယ်ဒိုင်ရှာရန် အချိန်မရှိပေ။ သူမက ဤအလုပ်များကိုလည်း စိတ်မဝင်စားပေ။


ကျန်းလီယွင်က သူမကိုယ်သူမ ကောင်းစွာ သိနားလည်သည်။


သူမက ငွေရှာချင်သော်လည်း များစွာ အရဲစွန့်ပြီး နည်းကုန်လမ်းကုန် ယှဉ်ပြိုင်မည့် စီးပွားရေးစွမ်းဆောင်ရှင်လည်း မဟုတ်ပေ။


ယခင်ဘဝတွင် သူမ အင်တာနက်မှတစ်ဆင့် အောင်မြင်သောသူတို့၏ အတ္ထုပတ္တိများကို ဖတ်ဖူးပြီး သူမ၏ လက်ရှိဘဝတွင်လည်း အောင်မြင်သော သူများကိုလည်း တွေ့ကြုံဖူးသည်။ အောင်မြင်မှုရရှိရန်အတွက် စွန့်စားရဲရမည်ဖြစ်သည်။ အလွန်မြင့်မားသော အောင်မြင်မှုများဆီသို့ တဟုန်ထိုး တိုးတက်နိုင်သော်လည်း အသူရာချောက်သို့လည်း နက်ရှိုင်းစွာ ကျဆင်းကောင်း ကျဆင်းနိုင်ပေသည်။ သို့ရာတွင် ထိုသူများက မကြောက်ရွံ့ခဲ့ပေ။


ပိရမစ်ထိပ်ရှိ ထိပ်တန်းအောင်မြင်သူများက တစ်ဦးချင်း စွန့်ဦးတီထွင်သူများပင် ဖြစ်သည်။


သူမက ထိုသူများကဲ့သို့ မဟုတ်ပေ။


သူမက သာမန် စီးပွားရေးလုပ်ငန်းရှင်လေးသာ ဖြစ်ပြီး ဖြည်းဖြည်းမှန်မှန်ဖြင့်သာ စီးပွားရေးလုပ်ချင်သည်။


အမွေးဖြူကြက်များ ရောင်းချခြင်းက တစ်ကြိမ်ထဲ ပြုလုပ်ရမည့် အရောင်းအဝယ်ဖြစ်ပြီး သူမက များစွာ အားမထုတ်ရဘဲ ငွေအချို့ ရနိုင်ပေသည်။


ကျန်းလီဟိုင်က သဘောတူလိုက်သော်လည်း သံသယများ ရှိနေဆဲ ဖြစ်သည်။ ကျန်းရုံဝမ်း(ဦးလေးကျန်း)အိမ်သို့ သွား၍ ဖုန်းရီနှင့်အတူ အိပ်သောအခါ သူက မေးလိုက်သည်။

“ဖုန်းရီ... လီယွင်က ဘာလို့ ကြက်မရောင်းရမှာကို စိတ်မပူဘဲ ယုံကြည်ချက်အပြည့်ဖြစ်နေတာလဲ... အခုခေတ်မှာ အသားမစားချင်တဲ့သူမှ မရှိတာ... နှစ်ကုန်ရင် လူတိုင်းမှာ ပိုက်ဆံရှိလာမှာ... အဲ့ကျရင် ကြက်သားဈေးက တက်သွားလောက်တယ်...”


ဖုန်းရီက အပြင်ဝတ် အဝတ်အစားများကို ချွတ်လဲပြီး နွေးထွေးသော အိပ်ရာလေးပေါ် လှဲလျောင်းကာ ပြောလိုက်သည်။

“အစ်ကိုလီဟိုင်... ကွန်မြူနတီမှာ ကြက်တွေ ဘယ်လောက်မွေးထားလဲ တွက်ကြည့်ကြည့်... နောက်ပြီး မြို့နဲ့ ကျေးလက်မှာ တစ်ရက်ကို ကြက်ဘယ်လောက်များများ ရောင်းရလဲ တွက်ကြည့်... ဒါဆို အစ်ကို တွေ့ရလိမ့်မယ် ကျွန်တော်တို့ ကွန်မြူနတီမှာ ကြက်တွေအများကြီး မွေးထားတာ သိလိမ့်မယ်...”


ကျန်းလီယွင်သာ ကြက်မွေးမြူရေးနှင့် ပတ်သက်၍ ထုတ်မပြောပါက သူလည်း ကြက်မွေးမြူခြင်း၊ အမွေးဖြူကြက်များ ရောင်းချခြင်းနှင့် ပတ်သက်၍ အာရုံထားမည် မဟုတ်ပေ။


ကျန်းမိသားစုကလည်း ကြက်မမွေးသောကြောင့် အခြားသူများ မွေးမြူလျှင်လည်း သူက စိုးရိမ်စရာ မရှိပေ။


သို့ရာတွင် ကျန်းလီယွင်က ထုတ်ပြောလာပြီဖြစ်ရာ သူက ချက်ချင်းပင် နားလည်လိုက်သည်။


ကျန်းလီဟိုင်က မေးလာသည်။

“ငါ့ညီမ ဘာပြောပြော သူပြောတာ အကုန် မှန်တယ်လို့ မင်းထင်နေတာ မလား... ဟမ်...”


ဖုန်းရီကလည်း များစွာ မတွေးဘဲ ခေါင်းညိတ်လိုက်သည်။


ထို့နောက်တွင် ဖုန်းရီက သူ့ကိုယ်ပေါ်ကို လွှမ်းခြုံထားသော ဂွမ်းကပ်ကို ခပ်ဖွဖွပုတ်၍ ကျန်းလီဟိုင်ကို ပြောလိုက်သည်။ 

“အစ်ကိုလီဟိုင်... အစ်မလီယွင်က ကျွန်တော် ချမ်းနေမှာစိုးလို့ ကျွန်တော့်အတွက် အထူးတလည် ဂွမ်းကပ်လုပ်ပေးတာလေ...”


ကျန်းလီဟိုင်က စိတ်ထဲ၌ သက်ပြင်းအသာချလိုက်သည်။


စောင်လေးတစ်ထည်ရတာကိုများ ဂုဏ်ဆာနေလိုက်တာ...


ချူးတစ်ပြား မရဘဲနဲ့ သူ ကျန်းလီယွင်နောက် တကောက်ကောက်လိုက်နေတာကို ငါမသိဘူးများ ထင်နေလား…


ကျန်းလီဟိုင်၏ မိဘများက ဖက်ထုပ်ကူလုပ်ပေးသဖြင့် ယွမ်၁၀၀ရရှိခဲ့သည်။


ဖုန်းရီကို သနားဂရုဏာသက်စွာ ကြည့်၍ ကျန်းလီဟိုင်က လှဲအိပ်လိုက်သည်။ သူ၏ စောင်က မနွေးတော့ပေ။ ဆောင်းညများ၌ လေဖောင်းအင်္ကျီကို ဝတ်၍ စောင်ခြုံမှသာ အနွေးဓာတ်ကို ခံစားရသည်။


ကံမကောင်းစွာပင် သူ့ကို စောင်အသစ်ပြုလုပ်ပေးမည့် သူ မရှိပေ။


သူ့ညီမ၏ မြို့တော်မှ အမွေးဖြူကြက်များကို ဝယ်ယူမည့်ဒိုင်ကို ရှာရန်စိတ်ကူးမှာ လက်တွေ့မကျဟု သံသယရှိသော်လည်း နောက်တစ်နေ့တွင် ကျန်းလီယွင်၏ စကားအတိုင်း စွင်းကျင်ရှန်းကို ရှာဖွေ၍ ပြောပြခဲ့သည်။


သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ သင်္ဘောမလိုက်ရပါက စက်ရုံတွင် နေရပြီး အလုပ်လုပ်ရသည်။


စွင်းကျင်ရှန်းက ကျန်းလီဟိုင် ပြောသမျှကို နားထောင်ရင်း ညှပ်ဖြင့် အုတ်ခဲများကို ကောက်ပြီး ဘီးတစ်ဘီးသာ ပါသော အုတ်ခဲသယ်သည့် သံတွန်းလှည်းပေါ်သို့ တင်နေသည်။


ထိုအုတ်များကို သင်္ဘောပေါ်သို့ တင်ရမည်ဖြစ်ပြီး လက်ဖြင့် သယ်ယူခြင်းက စိန်ခေါ်မှုများပြီး အလုပ်မတွင်ပေ။ ထို့ကြောင့် ထိုသို့ လုပ်ကိုင်ရန် အထူးပြုလုပ်ထားသော ညှပ်များကို အသုံးပြုရသည်။


ကျန်းလီဟိုင် ပြောနေဆဲတွင် စွင်းကျင်ရှန်းက လုပ်လက်စကို ရပ်လိုက်သဖြင့် ကျန်းလီဟိုင်က အံ့အားသင့်သွားသည်။ 

“ငါ့ညီမရဲ့ စိတ်ကူးက နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်မလား...”


သူ ပြော၍ မပြီးသေးမီတွင် ညှပ်ဖြင့် ကိုင်ထားသော အုတ်ခဲအချို့က ချောင်၍ လျှောကျပြီး စွင်းကျင်ရှန်း၏ ခြေထောက်ပေါ်သို့ ကျသွားသည်ကို ကျန်းလီဟိုင် တွေ့လိုက်ရသည်။


“အား...”

စွင်းကျင်ရှန်းက နာကျင်စွာ အော်ဟစ်လာသည်။


ထိုညနေတွင် ကြက်ကြော်များ ရောင်းချပြီးနောက် အိမ်သို့ ပြန်လာသောအခါ မိုးက မှောင်နေပြီ ဖြစ်သည်။ တံခါးအပေါက်ဝဘေးတွင် ရပ်နေသော တစ်စုံတစ်ယောက်ကို ကျန်းလီယွင် မြင်လိုက်ရသည်။

“အစ်ကို ညီမတို့ကို မစောင့်ဖို့ ပြောထားတယ်လေ...”


“ငါပါ... စွင်းကျင်ရှန်းပါ...”

ထိုလူက လက်မြှောက်၍ ပြောလာသည်။


ကျန်းလီယွင်က တစ်ခဏမျှ ပဟေဠိဖြစ်သွားပြီး စွင်းကျင်ရှန်းက ခြေတစ်ပေါင်ကျိုးဖြင့် ခုန်၍ သူမထံသို့ ချဉ်းကပ်လာသည်။

“ငါ အမွေးဖြူကြက်စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိလို့...”


“ရှင့်ခြေထောက်က ဘာဖြစ်တာလဲ...”

ကျန်းလီယွင်က စွင်းကျင်ရှန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


“အုတ်ခဲပြုတ်ကျလို့ ထိမိသွားတာ... ဒါ ကိစ္စကြီးမဟုတ်ပါဘူး...”

စွင်းကျင်ရှန်းက ပြောလာသည်။


ဒဏ်ရာရသည်ကိုပင် မမှုဘဲ စွင်းကျင်ရှန်းက သူမကို တွေ့ရန်လာခဲ့သည်။ ထိုလူက စိတ်ခွန်အားအမှန်ပင် သန်မာလှသည်။


သူလိုလူမျိုးက အောင်မြင်နိုင်တယ်...


ကျန်းမိသားစုအိမ်၌ ညစာစားပြီးနောက် စွင်းကျင်ရှန်းက ကျန်းလီဟိုင် ပြောပြသောကိစ္စများကို ကျန်းလီယွင်နှင့် တိုင်ပင်လေသည်။


စွင်းကျင်ရှန်းက မြို့သို့သွား၍ ဝယ်သူရှာလာမည် ဖြစ်သည်။ ကျန်းလီယွင်က ကွန်မြူနတီမှ မွေးမြူထားသော ကြက်ကောင်ရေကို ရေတွက်ထားမည် ဖြစ်ပြီး မည်သည့်အချိန်၌ ထိုကြက်များ အရွယ်ရောက်နိုင်မည်ကိုပါ ခန့်မှန်းထားရမည် ဖြစ်သည်။


“ဒီအကြံက နင့်ဆီက လာတာဆိုတော့ အောင်မြင်ခဲ့ရင် ငါက အမြတ်ရဲ့ ၃၀ရာခိုင်နှုန်းယူမယ်...”

စွင်းကျင်ရှန်းက အဆိုပြုလာသည်။


ကျန်းလီယွင်က အမျှော်အမြင်ရှိသည်ကို တွေးကြည့်ပြီးနောက် အနာဂတ်ပူးပေါင်းလုပ်ဆောင်မှုများ ဖြစ်နိုင်သည်ကို ကြိုမြင်သဖြင့် စွင်းကျင်ရှန်းက သူမကို အမြတ်ဝေစု ပိုပေးရန် သဘောတူလိုက်သည်။


“ဝယ်သူရှာရတာကလည်း ခက်ခဲပါတယ်... ညှိနှိုင်းပြောဆိုရမှာလည်း ရှိသေးတယ်ဆိုတော့ ရှင်က ၄၀ရာခိုင်နှုန်းယူ၊ ကျွန်မက ၄၀ရာခိုင်နှုန်းယူမယ်၊ ကျန် ၂၀ရာခိုင်နှုန်းကို ကျွန်မအစ်ကိုကို ပေးမယ်...”

ကျန်းလီယွင်က ပြောလာသည်။


“ကောင်းပြီလေ...”

စွင်းကျင်ရှန်းက သူတွေးထားသည်ထက် ၁၀ရာခိုင်နှုန်း ပို၍ ရမည်ဖြစ်သဖြင့် သဘောတူလိုက်သည်။


ကျန်းလီယွင်က ကျန်းလီဟိုင်ကို တမင်သက်သက် ၂၀ရာခိုင်နှုန်းပေးရန် ခွဲဝေသတ်မှတ်ပေးခဲ့သည်။ သူမ အစ်ကိုအတွက် လျော်ကြေးပေးလိုခြင်း ဖြစ်သည်။



🏡🏡🏡