Chapter 51
Viewers 5k

🏡 Chapter 51

ကြက်ကလီစာနှပ်



ယနေ့ မနက်တွင် ကျန်းလီယွင်က အမှန်ပင် ယွမ်၃၀ရှာနိုင်ခဲ့သည်။


နေ့လည်ပိုင်းတွင် ကြက်၈ကောင် ရောင်းချရန် သူမ စီစဉ်ထားသည်။


အဒေါ်ကျန်းက ကြက်သားများကို စီမံပေးထားသောကြောင့် သူမတို့ မနက်ပိုင်း အိမ်ပြန်ရောက်သည်နှင့် အဒေါ်ကျန်းက လတ်ဆတ်စွာ သတ်ထားသော ကြက်၈ကောင်ကို ယူဆောင်လာပေးသည်။


ကြက်ကြော်ရောင်းချရန် ခွန်အားချွေတာရမည်ဟု တွေးမိသဖြင့် နေ့လည်စာကို ရိုးရှင်းစွာ ပြုလုပ်လိုက်သည်။ ဖက်ထုပ်အိုးကြီးတစ်အိုးတွင် အသားလုံးများ၊ မှိုခြောက်ပန်းခြောက်များ၊ တို့ဟူးအဆီနှင့် ဟင်းသီးဟင်းရွက်အစိမ်းများ ထည့်၍ ချက်ပြုတ်ပြီး စားပွဲပေါ်သို့ တင်ထားလိုက်သည်။


မှိုခြောက်ပန်းခြောက်များက စားရခဲ၍ ဦလေးကျန်းနှင့် ပန်းရန်အလုပ်သမားများက ကြိုက်နှစ်သက်ကြသည်။ ထိုအချိန်တွင် ကျေးလက်လူအုပ်မှာ သူတို့၏ ကိုယ်ပိုင်လယ်ကွက်များတွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသောကြောင့် အမျိုးအစားမှာ အကန့်အသတ်နှင့် ဖြစ်ပြီး မစုံလင်လှပေ။


ကျန်းလီယွင်၏ မှတ်ဉာဏ်အရ သူမ ငယ်စဉ်က တရုတ်ဂေါ်ဖီကဲ့သို့သော မြောက်ပိုင်းမှ ဟင်းသီးဟင်းရွက်များကို စားရခဲသည်။ ၁၉၆၀နှစ်များနှင့် ၁၉၇၀နှစ်များတွင် နွေကြက်သွန်များပင် သူမတို့ ဒေသ၌ စိုက်ပျိုးနိုင်ခြင်း မရှိသေးပေ။


သေချာပေါက် ယခုအချိန်တွင်လည်း နွေကြက်သွန် ပြတ်လပ်နေသည်။


စားသောက်ပြီးသောအခါ ကျန်းလီယွင်က အမေကျန်းနှင့် အဖေကျန်းကို ပြောလိုက်သည်။

“အမေနဲ့ အဖေ သမီး သွားနားတော့မယ်... သမီးကို ကူပြီး လက်ဖက်ကြက်ဥနဲ့ ကြက်သန့်ရှင်းရေး လုပ်ထားပေးလို့ ရမလား...”


ကျန်းလင်မယားက ညပိုင်းတွင် စောစီးစွာ အိပ်ရာဝင်ပြီး နေ့ခင်းဘက်တွင် တစ်ရေးအိပ်လေ့မရှိပေ။ ထို့ကြောင့် သူတို့နှင့် အသေးအဖွဲ့ကိစ္စလေးများကို လက်လွှဲထားနိုင်သည်။


အဒေါ်ကျန်း ပေးပို့လာသော ကြက်များက အမွေးများ နှုတ်ပြီးဖြစ်သော်လည်း အတွင်းအင်္ဂါများက ညစ်ပတ်နေဆဲဖြစ်သောကြောင့် သန့်ရှင်းရေးလုပ်ရန် အချိန်လိုအပ်သည်။


အမေကျန်းနှင့် အဖေကျန်းက သဘောတူပြီးနောက် အသီးသီး အလုပ်လုပ်ကြသည်။


ကျန်းလီယွင် ကြက်ကြော်စရောင်းသည့်အချိန်မှစ၍ သူမတို့ ပို၍ အလုပ်များလာသော်လည်း ထူးဆန်းစွာပင် သူမတို့ စိတ်ဝိညာဉ်က ယခင်ကထက်ပို၍ ရှင်သန်လာသည်။


ပထမဦးစွာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသုံးရန် မလိုပေ။ ဒုတိယအနေဖြင့် သူမတို့ လစာရရှိသည်။


အမေကျန်းနှင့် အဖေကျန်းတို့က တစ်ဘဝလုံး လယ်အလုပ်များကို ပင်ပင်ပန်းပန်းလုပ်ခဲ့ကြရပြီး ယခုကဲ့သို့ ဝင်ငွေများစွာ မရရှိခဲ့ဖူးပေ။


လွန်ခဲ့သောရက်အနည်းငယ်ခန့်က ကျန်းလီယွင်က သူမတို့ကို လုပ်ခလစာ ယွမ်၁၀၀ပေးအပ်သည်။


ထိုအချိန်က ပိုက်ဆံကို ကိုင်ရင်း သူမတို့လင်မယားနှစ်ယောက်မှာ ပြောစရာစကားများ ပျောက်ရှနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမတို့ ယခင်ထက် အလုပ်ပိုလုပ်၍ သူမတို့သမီးကို ကူညီပေးရန် ဆုံးဖြတ်လိုက်ကြသည်။


အခု လက်ဖက်ကြက်ဥနဲ့ ကြက်သန့်ရှင်းရေး လုပ်ဖို့လား... လွယ်လွယ်လေးရယ်...


ကျန်းလီယွင် တစ်ရေးအိပ်ရာမှ နိုးလာသောအခါ ကျန်းမိဘများက ကြက်အားလုံး၏ အတွင်းအင်္ဂါများကို သန့်ရှင်းရေးလုပ်ပြီးပြီ ဖြစ်သည်။


ထိုအလုပ်ဖြင့် အလုပ်များနေသဖြင့် နေ့လည်စာ စားထားသော ပန်းကန်များကိုပင် မဆေးရသေးပေ။


“အမေနဲ့ အဖေ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ကြက်၈ကောင်တောင်ဆိုတော့ အမေတို့သာ မကူရင် သမီး ဘယ်အချိန်မှ ပြီးမလဲ မသိဘူး... အမေတို့ နှစ်ယောက်လုံးက စေ့စပ်ကြတာပဲ... ကြက်ကိုယ်ထဲကို စေ့စေ့စပ်စပ် သန့်ရှင်းထားတာပဲ...”

ကျန်းလီယွင်က ပြုံး၍ ပြောလိုက်သည်။


ကျန်းမိဘများက ဖုန်းရီနှင့် တူပြီး အခြားသူများထံမှ ချီးကျူးစကားများကို များစွာ မကြားခဲ့ရဖူးပေ။ သူ့ညီငယ်လေးဖြစ်သော ကျန်းအာ့ရှုပင်လျှင် အဖေကျန်းကို အစ်ကိုတစ်ယောက်ထက် သားတစ်ယောက်လို ဆက်ဆံခြင်းဖြစ်သည်။ ထို့ကြောင့် သူမတို့ သမီးထံမှ အသိအမှတ်ပြုခံရသောအခါ သူမတို့နှစ်ယောက်လုံး ပျော်ရွှင်မိကြသည်။


ကျန်းလီယွင်က လက်ဖက်ကြက်ဥများကို ဘေစင်ထဲသို့ ထည့်၍ ရေစိမ်ထားပြီး လက်ဖက်ကြက်ဥပြုတ်သောအိုးထဲသို့ ကြက်ကလီစာများ ထည့်၍ နှပ်လေသည်။ သူမက ပဲငံပြာရည်၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်နှင့် ဆားတို့ထည့်ပြီး ကြက်ကလီစာများနှင့် အတူ ချက်ပြုတ်ထားပြီး များစွာ အာရုံစိုက်ရန် မလိုအပ်ပေ။


ထိုအချိန်အတွင်း၌ ကျန်းလီယွင်က ကြက်သားများကို ခုတ်ထစ်ခြင်းနှင့် မုန့်နှစ်ပြင်ဆင်ခြင်းများ ပြုလုပ်နေသည်။


ကြက်ကြော်က အနံ့မွှေးပြီး ကြက်ကလီစာနှပ်လည်း ထို့အတူပင်ဖြစ်သည်။


ထိုကာလက ကျေးလက်ဒေသများတွင် ဟင်းခတ်အမွှေးအကြိုင်များ ထည့်၍ ချက်ပြုတ်ခြင်းက နည်းပါးလှသည်။ ကျန်းလီယွင်က အရိုးရှင်းဆုံး ဟင်းခတ်အမယ်များသုံး၍ ကြက်ကလီစာနှပ်သော်လည်း အနံ့က ရွာသားများအတွက် ထူးကဲလှသည်။


ကျန်းအာ့ရှု၏ ဇနီးက ထိုအနံ့ရပြီးနောက် အဖေကျန်းက သူ့ညီကို ဂရုမစိုက်ဟု တစ်ယောက်တည်း ပြောဆိုနေတော့သည်။ ယမန်နေ့က တစ်ဖက်အိမ်မှ ဟင်းနံ့များရသော်လည်း သူမတို့အိမ်သို့ လာပို့ပေးခြင်း မရှိပေ။


ကျန်းအာ့ရှုနှင့် မြေးများက ယခင်က ကျန်းအိမ်တွင် ကြက်ကလီစာချက်ကို အကြိမ်အနည်းငယ် စားဖူးကြသော်လည်း ယနေ့ကဲ့သို့ မွှေးကြိုင်ခြင်း မရှိပေ။


သို့ရာတွင် ကျန်းအာ့ရှုက အိမ်တွင် မရှိပေ။


တစ်ဖက်ခြံမှ အမွှေးနံ့များကို သည်းမခံနိုင်သည့်အဆုံးတွင် ကျန်းအာ့ရှု၏ ဇနီးက အပြင်၌ ထွက်ကစားနေသော မြေးများကို ခေါ်ပြီး ကျန်းအိမ်သို့ ဦးတည်၍ သွားခဲ့သည်။


“ဘာတွေချက်နေတာလဲ... အရမ်းမွှေးနေတာပဲ...”

ကျန်းအာ့ရှု၏ ဇနီးက ဝင်လာကတည်းက တန်း၍ မေးလိုက်သည်။


ကျန်းလီယွင်နှင့် ကျန်းအာ့ရှု၏ ဇနီးက များစွာ မရင်းနှီးပေ။ ကျန်းအာ့ရှု၏ ဇနီးက သူမတို့နှင့် အကွာအဝေးတစ်ခုထား၍ ဆက်ဆံသောကြောင့်ပင် ဖြစ်သည်။ ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။

“ကျွန်မ ကြက်ကလီစာနှပ်နေတာပါ... အဆင်သင့်ဖြစ်နေပါပြီ... အဒေါ်တို့အတွက် နည်းနည်းထည့်ပေးလိုက်မယ်...”


ကျန်းအာ့ရှု၏ ဇနီးက ကျေနပ်သွားသည်။

“ငါ ဘယ်လို လက်ခံနိုင်မှာလဲ...”


သို့ရာတွင် သူမ၏ မြေးများက ပို၍ တဲ့တိုးဆန်သည်။

“ဒေါ်လေး... သားက ကြက်နှလုံးစားချင်တာ...”


“သမီးရောပဲ ကြက်နှလုံးစားမယ်...”


ကျန်းလီယွင်က ပြုံး၍ ကြက်၄ကောင်မှ နှလုံးများနှင့် အသည်း၂ခု၊ ကလီစာ ၂ခုနှင့် ကြက်အူအနည်းငယ်ကို ထည့်ပေးလိုက်သည်။ 


“အဒေါ် ကြက်ကလီစာနှပ်ကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်နဲ့ ကြော်စားလို့ရတယ်... အရမ်း အရသာရှိတာ...”

ကျန်းလီယွင်က ချက်ပြုတ်နည်းကိုပါ အကြံပေးလိုက်သည်။ သူမက များစွာ မပေးလိုက်သော်လည်း ကြော်စားမည်ဆိုပါက အရသာရှိသော ဟင်းပွဲတစ်ပွဲဖြစ်ပေလိမ့်မည်။


ကျန်းအာ့ရှု၏ ဇနီးက ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။


တစ်ဖက်တွင် ဖုန်းမိသားစုကလည်း မွှေးပျံ့သော အနံ့များကို ရရှိနေသည်။ ကျန်းမိသားစုနှင့် ဆက်ဆံရေး မကောင်းသဖြင့် တောင်းစားရန်မှာ မဖြစ်နိုင်ပေ။


အမှန်တွင် ဖုန်းမိသားစုလည်း ယနေ့တွင် ကြက်သားစားကြသည်။ မနက်ပိုင်းက သူတို့ မွေးမြူထားသော ကြက်ပေါက်တစ်ကောင် သေဆုံးသွားသည်ကို တွေ့ရှိခဲ့ရသည်။


အမွေးဖြူကြက်က ကောင်းစွာ အရွယ်မရောက်သေးသောကြောင့် အရသာမရှိပေ။ အမေဖုန်းက ကြက်သားကို ရေပွက်ပွက်ဆူထဲသို့ ထည့်ပြီး ပဲငံပြာရည်အနည်းငယ် ထည့်လိုက်သည်။


အိမ်၌ မွေးမြူသောကြက်များဖြစ်သဖြင့် ပဲငံပြာရည်ဖြင့် ပြုတ်လိုက်ပါက အနံ့မွှေးပျံ့နေပြီး အသားက နူးညံ့လာသည်။ သို့ရာတွင် ဤအမွေးဖြူကြက်များက အရွယ်ကောင်းစွာ မရောက်သေးသဖြင့် မတူနိုင်ပေ။


အနံ့က အမှန်တွင် မနှစ်မြို့ဖွယ် ဖြစ်နေခဲ့သည်။


“ကျန်းလီယွင်နဲ့ ဖုန်းရီ မြို့မှာ ကြက်ကြော်ရောင်းပြန်တယ်လို့ ငါ ကြားခဲ့တယ်...”

အဖေဖုန်းက ပြောသည်။


“သူတို့က ငွေမက်ကြတာလေ... မနက်ပိုင်း ဆိုင်ဖွင့်တာနဲ့ မတင်းတိမ်ကြဘူး... နေ့လည်လည်း ထပ်သွားကြသေးတာ...”

အမေဖုန်းက ညည်းညူပြောဆိုလာသည်။


သူမတို့ နှစ်ယောက်လုံးက မပျော်ရွှင်ကြပေ။ အဆုံးတွင် အိမ်၌ သူမတို့ မွေးမြူထားသော ကြက်များမှ ရလာမည့် ငွေကိုသာ မျှော်လင့်နိုင်ကြသည်။ အဖေဖုန်းက ပြောလာသည်။

“ကြက်မွေးတဲ့သူတွေက ကြက်တစ်ကောင်ကို တစ်ယွမ်ပဲ ရနိုင်တာလေ... ငါတို့က ကြက်ကောင်ရေ၂၀၀ကျော် မွေးထားတာမလို့ သေချာပေါက် ယွမ်၂၀၀ရမှာ... ဒီနှစ်ကူးကျရင်လည်း ကြက်ဈေးက တက်ဦးမှာ... သေချာပေါက်ကို ယွမ်၃၀၀ကျော်ရမှာကွ...”


အမေဖုန်းက စိတ်ရောကိုယ်ပါ သဘောတူလေသည်။


ကြက်၈ကောင်ကို ခုတ်ထစ်ရသည်မှာ အချိန်အနည်းငယ်ပေးရသည်။ သို့ရာတွင် ယနေ့ ကျန်းလီယွင်က စောစောထခဲ့သဖြင့် နေ့လည်၂နာရီ မတိုင်မီတွင် အားလုံးပြင်ဆင်၍ ပြီးစီးသွားသည်။


ကြက်ကလီစာများကို နှပ်ထားပြီး ဖုန်းရီလည်း ပြန်ရောက်လာသဖြင့် သူမတို့ ထုပ်ပိုးပြင်ဆင်လိုက်သည်။ ဖုန်းရီကို ကြက်ကလီစားရောင်းရန်လည်း ပြောပြလိုက်သည်။

“ကြက်ကလီစာ၊ ကြက်အသည်းနဲ့ ကြက်ခြေထောက်က တစ်ဆင့်စီနဲ့ ရောင်းမယ်... နင် ပြီးကျရင် ရောင်းလို့ရပြီ...”


“ဟုတ်ကဲ့...”

ဖုန်းရီက ပြန်ဖြေသည်။


ကျန်းလီယွင်က ကြက်နှလုံးကို တူဖြင့် ညှပ်ယူ၍ ဖုန်းရီကို ခွံ့ကျွေးလိုက်သည်။

“စားကြည့်ကြည့်... ငါလုပ်ထားတဲ့ ကြက်ကလီစာနှပ်လေ... အရသာရှိတယ်...”


စုစုပေါင်း ကြက်၈ကောင်ဖြစ်သဖြင့် သူမက အားလုံးကို ရောင်းရန် မစီစဉ်ထားပေ။ သူမတို့ မိသားစုလည်း လွယ်ကူစွာ ပြင်ဆင်၍ စားသောက်နိုင်သည်။


အမှန်တွင် သူမတို့ မိသားစုဝင်တိုင်းက ကြက်ကလီစာများကို စားနိုင်သော်လည်း နေ့တိုင်းစားပါက အာဟာရများစွာ မဖြစ်ပေ။


ကြက်ကလီစာက အမှန်ပင် အရသာရှိသည်။ အထူးသဖြင့် ကျန်းမိဘများက သန့်ရှင်းစင်ကြယ်စွာ စီမံပေးထားသဖြင့် ညစ်ပတ်သောအရာများ အထဲတွင် မရှိပေ။ ထို့ကြောင့် အရသာက ပိုပေါ်လွင်လာခြင်း ဖြစ်သည်။


“အစ်မလီယွင်... ဒါက တကယ် အရသာရှိတယ်...”

ဖုန်းရီက ပြန်ဖြေသည်။


ကျန်းလီယွင်က ပြုံး၍ ပြောလိုက်သည်။

“ငါ အရင်ကတော့ မတွေးမိဘူး... အခုတော့ ငါထင်တယ်... နောက်ဆိုရင် ကြက်ကလီစာနှပ်ကို ရောင်းတဲ့အခါ တို့ဟူးနှပ်နဲ့ လက်ဖက်ကြက်ဥပါ အတူတွဲရောင်းလို့ရမယ်ထင်တယ်...”


ကြက်ကြော်ရောင်းရန် ပြင်ဆင်ရခြင်းက ဖက်ထုပ်ကြော်ရသကဲ့လို့ အလုပ်မများပေ။ ဖုန်းရီက ထုပ်ပိုးခြင်းကို ပြုလုပ်ပေးလေ့ရှိပြီး ယခု ကျန်းလီယွင်က လုပ်မည်ဖြစ်သဖြင့် ဖုန်းရီကို ဘေး၌ ကြက်ကလီစာရောင်းချရန် တာဝန်ပေးထားသည်။


ကြက်ကလီစာနှပ်မှ ဝင်ငွေက နည်းပါးသော်လည်း အပိုဝင်ငွေ ရနေဆဲဖြစ်သည်။


“အစ်မက တကယ် ထက်မြက်တာပဲ... “

ဖုန်းရီက မှတ်ချက်ချသည်။


ကျန်းလီယွင်က ပြုံးလိုက်သည်။

“ဒါပေါ့... နင် ငါ့ကို ပိုပြီး ချစ်မြတ်နိုးသင့်တယ်နော်...”


သေချာပေါက်ပေါ့...


ဖုန်းရီက ကျန်းလီယွင်ကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ သူမက အရောင်အဝါများဖြင့် တောက်ပနေပေသည်။


ကျန်းမိသားစု၏ ငွေကြေးအခြေအနေက မည်သည့်အချိန်ကမှ မကောင်းခဲ့ပေ။ သူတို့က အတော်လေး ဆင်းရဲသည်။ ကလေးဘဝမှ လူကြီးဘဝရောက်သည်အထိ ကျန်းလီယွင်က အမြဲ တက်ကြွမှုအပြည့်ဖြင့် အနိုင်မခံမရှုံးမပေးသည့် စိတ်ဓာတ်ရှိသည်။


သူမက သူမ ဘဝတိုးတက်စေရန် နည်းလမ်းများကို ရှာဖွေနေလေ့ရှိသည်။


သူမက ကျောက်ဆောင်အက်ကွဲကြောင်းကြားမှ အပင်ငယ်လေးနှင့် တူပြီး ယခုအခါ ကျောက်ဆောင်များကို တွန်းတိုက်၍ တဖြည်းဖြည်းပို၍ ကြီးထွားလာပြီဖြစ်သည်။


ဖုန်းရီက ဘဝနှင့် ပတ်သက်၍ သံယောဇဉ်များစွာ မရှိပေ။ သို့ရာတွင် ကျန်းလီယွင်နှင့် အတူရှိရသည်က အနာဂတ်တွင် တောက်ပမှုများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေသည်။


သူမတို့နှစ်ယောက်က ပုံမှန်အတိုင်းပင် မူကြိုကျောင်းရှေ့သွား၍ ဆိုင်ခင်းသည်။


ကြက်ကြော်စီးပွားရေးက အတော်လေး ကောင်းမွန်လှသည်။ ကြက်ကလီစာနှပ်လည်း ထို့အတူပင် အလျင်အမြန် ရောင်းကုန်သွားသည်။


ငွေဆင့်အနည်းငယ် သုံးရုံဖြင့် အိမ်၌ ဟင်းတစ်ခွက် ချက်ပြုတ်နိုင်ပေသည်။


ဘယ်လောက်ကောင်းလိုက်လဲ...


ထိုအခြေအနေကို ကြည့်ပြီး ကျန်းလီယွင်က ကြက်ကလီစာနှပ်နှင့်အတူ တို့ဟူးနှင့် အခြားအမယ်များကိုပါ ရောင်းချချင်လာသည်။


သူမ၏ ကြက်ကလီစာနှပ်က သာမန်မျှဖြစ်သော်လည်း ထိုခေတ်ကာလမှ လူများက အစားမရွေးကြပေ။


သို့ရာတွင် ဝက်သားနှပ်၊ ကြက်သားနှပ်၊ ဘဲသားနှပ်များ ရောင်းချခြင်းကို မေးစရာရှိလာသည်။ သူမ၏ အချက်အပြုတ်အရည်အချင်းက များစွာ မကောင်းလှသည့်အပြင် သူမတွင် အချိန်များစွာ မရှိပေ။


စီးပွားရေးတွင် ရွေးချယ်မှုများ လုပ်ရမည်။ အရာအားလုံးလုပ်နိုင်ရန် ကြိုးပမ်းပါက အားအင်ကုန်ခမ်းပေလိမ့်မည်။


ကနဦးအခြေအနေမဟုတ်ပါက သူမလည်း ယခုကဲ့သို့ များစွာ ကြိုးစားမည် မဟုတ်ပေ။


ယခင်ဘဝတွင် သူမနှင့် ဖုန်းရီ နှစ်ယောက်လုံး စောစီးစွာ သေဆုံးခဲ့ကြသည်။ သူမတို့ ငယ်ရွယ်စဉ်က များစွာ ပင်ပန်းခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။


ကျန်းလီယွင်နှင့် ဖုန်းရီ မြို့သို့ သွားပြီးနောက် အဖေကျန်းက ပန်းကန်များ ဆေးကြောသည်။ ထို့နောက်တွင် ဟင်းရွက်အချို့ခူး၍ ပြန်လာကာ ဆေးကြောသန့်စင်ပြီး ညစာ ချက်ပြုတ်ပြင်ဆင်နေသည်။


သူက ရေသယ်ရန်၊ အဝတ်အစားများ လျှော်ဖွပ်ရန်လည်း လုပ်ရသေးသည်။


အမေကျန်းကမူ အဒေါ်ကျန်းကို သွားရှာ၍ ကျန်းလီယွင်နှင့် ဖုန်းရီအတွက် ဂွမ်းကပ်လုပ်ရန် တိုင်ပင်နေသည်။


“ကျွန်မတို့ လီယွင်နဲ့ ဖုန်းရီရဲ့ လေဖောင်းအနွေးထည်တွေက မကောင်းတော့ဘူးလေ... အထူးသဖြင့် ဖုန်းရီရဲ့ အင်္ကျီပေါ့... အထဲက စလုံးစခု ဖြစ်နေပြီ...”

အမေကျန်းက ပြောလိုက်သည်။


[ T/N - မညီမညာ၊ ကိုးရို့ကားယား၊ ခိုးလို့ခုလုဖြစ်တာကို ပြောချင်တာပါ ]


လေဖောင်းအနွေးထည်များကို ပိုးသားနှင့် ပြုလုပ်ထားပြီး အိမ်တိုင်း၌လည်း ပိုးမွေးမြူကြသည်။


အချိန်ကြာမြင့်လာသောအခါ ဂျာကင်အင်္ကျီအထဲ၌ ထည့်သွင်းထားသော ပိုးချည်က အစုလိုက်ဖြစ်သွားပြီး ထိုအရာက စလုံးစခုဖြစ်လာခြင်း ဖြစ်သည်.


ထိုလေဖောင်းအနွေးထည်များက အမှန်တကယ် အချမ်းလုံစေသည်။


“ဒါဆို ဂွမ်းကပ်တွေ လုပ်ရမယ့်အပြင် လေဖောင်းအင်္ကျီလည်း လုပ်ပေးရမယ်ပေါ့...”

အဒေါ်ကျန်းက ပြောသည်။


[ T/N - ဒီအဒေါ်က ကျန်းအာ့ရှုရဲ့ မိန်းမ ကျန်းယွီရှန်း မဟုတ်ပါဘူး၊ အရှေ့မှာတော့ အကြီးဆုံးအဒေါ်လို့ ပြောခဲ့ပါတယ်၊ နာမည်က နောက်ပိုင်းကျမှ ပါမယ်ထင်တယ် ]

အမေကျန်းက ခေါင်းညိတ်လိုက်သည်။


သူမတို့မိသားစုက အင်္ကျီချုပ်ရန် အထည်စဝယ်သည်က ရှားပါးသော်လည်း သူမက သူမ၏ ကလေးများကို ချစ်သောကြောင့် နှစ်တိုင်း ကလေးများ၏ လေဖောင်းဂျာကင်များကို စစ်ဆေးပေးလေ့ရှိပြီး လိုအပ်ပါက ပိုးချည်ထပ်ဖြည့်ပေးလေ့ရှိသည်။ သူမက ကလေးများ အချမ်းဒဏ်မခံရစေရန် သေချာစွာ စစ်ဆေးလေ့ရှိသည်။


ဖုန်းရီရဲ့ လေဖောင်းဂျာကင်လား... အဲ့ဒါက အင်္ကျီလို့ ပြောဖို့တောင် ခက်တယ်...


ရာသီဥတု အေးလာသည်နှင့်အမျှ အဝတ်များထဲမှ ပျက်စီးဟောင်းနွမ်းနေသော ပိုးသားများကို ထုတ်၍ အသစ်လဲလှယ်ရလေ့ရှိသည်။


သူမတို့လည်း အလုပ်များနေလေသည်။


ဂွမ်းကပ်ပြုလုပ်ခြင်းနှင့် ဂျာကင်အင်္ကျီများ ပြုလုပ်ခြင်းက အချိန် များစွာ မကြာမြင့်ပေ။ သူမတို့ လုပ်ရသည်က ဂျာကင်အင်္ကျီကို ဖွင့်ရခြင်းသာ ဖြစ်သည်။ 


ထိုကြောင့် ကျန်းလီယွင်နှင့် ဖုန်းရီ အိမ်သို့ ပြန်ရောက်လာသောအခါ သူမတို့၏ ဂွမ်းကပ်နှင့် အင်္ကျီအသစ်များကို ရရှိပြီ ဖြစ်သည်။


သေချာပေါက်ပင် ဤနေရာ၌ အသစ်ဟုဆိုရာတွင် အတွင်းမှ ပိုးသားများကို ဆိုလိုခြင်း ဖြစ်သည်။ အပြင်မှ အထည်စမှာ အဟောင်းပင်ဖြစ်သည်။ ဖုန်းရီ၏ အင်္ကျီက အပေါက်များပင် ရှိနေသေးပြီး သူနှင့် တိုနေသဖြင့် ကွက်တိမကျပေ။


ကျန်းလီယွင်က မကြာသေးမီတွင် ငွေရှာနိုင်ခဲ့သော်လည်း သူမက ထိုအဝတ်အစာများ ဝယ်ခြင်းဖြင့် မဖြုန်းလိုက်ပေ။ ထိုသို့သုံးလိုက်ပါက သူမ၏ စီးပွားရေးကိုချဲ့ထွင်နိုင်မည်မဟုတ်ပေ။


အတွင်းခံများမှအပ သူမ အဝတ်အစားအသစ်များ မဝယ်ခဲ့ပေ။ သူမတို့ မိသားစုတစ်စုလုံးသည်လည်း အဝတ်ဟောင်းများကို ဝတ်နေကြဆဲဖြစ်သည်။



🏡🏡🏡