Chapter 50
Viewers 5k

🏡 Chapter 50



စွင်းကျင်ရှန်းက လက်ထဲတွင် ပိုက်ဆံရှိပြီး ငွေသုံးရာတွင် ရက်ရောလှသည်။


ကျန်းလီယွင်က ပြုံး၍ မှာယူသောအပိုင်းများကို အိုးထဲသို့ ထည့်လိုက်သည်။


ထိုအချိန်၌ အခြားသူများလည်း ရောက်ရှိလာပြီး ကြက်ကြော်များ မှာယူကြသည်။


လူငယ်အတွဲကလည်း ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ ကြက်ပေါင်၂ခု မှာယူလိုက်သည်။ လူအများစုက ကုန်ကျစရိတ်သက်သာသော အပိုင်းများကို မှာယူကြသော်လည်း ထိုလူငယ်အတွဲကမူ ငွေဖြုန်းရန် ဆန္ဒရှိကြသည်။


ကျန်းလီယွင်က ကြော်လှော်ခြင်းဖြင့် အလုပ်များနေပြီး ဖုန်းရီက ကြက်သားတုံးများကို မုန့်နှစ်ကပ်ခြင်း၊ အရိုးလွတ်ကြက်ကြော်ကို အိမ်လုပ်အမှုန့်ဖြင့် လူးခြင်းတို့ဖြင့် မအားပေ။


စွင်းကျင်ရှန်းက မှာထားသည်များ ရလာသောအခါ စွင်းစွေ့စွေ့ကို ကြက်တောင်ပံတစ်ခုပေးလိုက်ပြီး သူလည်း တစ်ခုစားသည်။ ပထမတစ်ကိုက်ကိုက်ပြီးနောက် စွင်းကျင်ရှန်းက ဖုန်းရီကို အားကျသောအကြည့်များဖြင့် မေးလာသည်။

“ဖုန်းရီ... မင်း နေ့တိုင်း ဒီလိုအရသာရှိတာတွေ စားရတာလား...”


ဖုန်းရီက ရယ်မောလိုက်သည်။

“ဟုတ်တယ်... အစ်မလီယွင်က ကျွန်တော့်အတွက် နည်းနည်းချန်ထားပေးတယ်... ဆိုင်မဖွင့်ခင်က အိမ်မှာ အကြိမ်အနည်းငယ်လောက် စမ်းလုပ်ကြည့်တုန်းကလည်း ကျွန်တော် တော်တော်စားလိုက်ရသေးတယ်...”


“ကောင်းလိုက်တာ...”

စွင်းကျင်ရှန်းက ဖုန်းရီကို အားကျနေမိသည်။


ကျန်းလီယွင်က အရမ်းကောင်းတာပဲ... ဖုန်းရီနဲ့ ပြိုင်ပြီး ပိုးပန်းရမလား...


ထိုအရာသည် သူ၏ အတွေးမျှသာ ဖြစ်သည်။


ထိုအချိန်တွင် မူကြိုကျောင်းဆင်းလာသည်။


ရုတ်တရက် များစွာသော ကလေးများက ကြက်ကြော်စားချင်ကြောင်း မိဘများထံ ပူဆာသံက ပွက်ပွက်ညံသွားသည်။ 


“အမေ ကြက်ဝယ်ပြီး အိမ်ကျရင် ကြော်ပေးမယ်နော်...”


“မငိုပါနဲ့ မြေးရယ်... အဖွား ဝယ်ကျွေးပါမယ်...”


“အသည်းလေးရေ... ကြက်ပေါင်စားမလား... ဖေဖေ ဝယ်ကျွေးမယ်....”


ကျန်းလီယွင်၏ ဆိုင်ရှေ့တွင် လူအုပ်ကြီးရှိနေပြီး သူမ ရုတ်တရက် ယခင်ဘဝမှ အဖြစ်အပျက်များကို သတိရမိသည်။


၂၀၀၀ခုနှစ်များတွင် KFC ကြက်ကြော်ဆိုင်က သူမတို့မြို့၌ စတင်ဖွင့်လှစ်သည်။ ထိုအချိန်တွင် လူတိုင်းက မြည်းကြည့်ချင်ကြသည်။ သူမ၏ ကျေးဇူးမသိတတ်သောသားက ကျောင်း၌ ထိုသတင်းကို ကြားသောအခါ သွားစားရန် မရမကတောင်းဆိုလေသည်။


ကိုယ်တစ်ပိုင်းသေနေသော သူမနှင့် အချိန်ပိုမရှိသော ဖုန်းရီက သားဖြစ်သူကို မြို့ထဲသို့ လိုက်မပို့ပေးနိုင်ပေ။ ထိုကြောင့် သူမက ယွမ်၁၀၀ပေးလိုက်ပြီး အတန်းဖော်များနှင့် သွားစားခိုင်းလိုက်သည်။ 


ထိုအချိန်က သူမလည်း ကြက်ကြော်ကို မြည်းကြည့်ချင်ခဲ့ပြီး သူမ၏ သားက အပြန်တွင် သူမအတွက် ဝယ်လာပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့ရာတွင် သူက ယွမ်၁၀၀လုံး သုံးပစ်လိုက်ပြီး မည်သည်မှ ဝယ်မလာခဲ့ပေ။


နောက်ပိုင်းတွင် မြို့ထဲ၌ KFC ကြက်ကြော်ဆိုင်ကို တုပသော စားသောက်ဆိုင်များ ပေါ်ထွက်လာခဲ့ပြီး ထိုဆိုင်မှ သူမ ပထမဦးဆုံး ကြက်ကြော်စားဖူးခြင်း ဖြစ်သည်။


၂၀၀၂ခုနှစ်တွင် ထိုဆိုင်မှ ဈေးအသက်သာဆုံး ဟမ်ဘာဂါမှာ ၈ယွမ်ဖြစ်ကြောင်း သူမ ထင်ထင်ရှားရှား မှတ်မိနေသေးသည်။ ထိုအချိန်က သူမအတွက်မူ ဈေးကြီးနေဆဲပင် ဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ သူမ မသေဆုံးမီအချိန်က ကြက်ကြော်နှင့် ဘာဂါ၏ ဈေးနှုန်းမှာ ပို၍ ဈေးချိုလာခဲ့သည်။


အချို့ဘာဂါဆိုင်များတွင် ဈေးချပြီး ဘာဂါ၂ခုကို ၁၀ယွမ်ဖြင့် ရောင်းချကြသည်။


ထိုအကြောင်းကို တွေးကြည့်ပါက ၁၉၉၀ပြည့်နှစ်များတွင် ကိုလာတစ်ဘူးလျှင် ၂ယွမ်ဖြစ်ပြီး နောက်ဆယ်စုနှစ် ၂ခု၊ ၃ခု ကြာပြီးနောက်တွင်လည်း ဈေးနှုန်းက များစွာပြောင်းလဲခြင်း မရှိပေ။


ကျန်းလီယွင်က ကြက်၆ကောင်ကို ပြင်ဆင်လာသော်လည်း စောစီးစွာပင် ရောင်းကုန်သွားသည်။ မနက်ဖြန်တွင် ကြက်၂ကောင် ထပ်တိုးရောင်းချပါကလည်း အဆင်ပြေနိုင်သည်ဟု သူမ ထင်မိသည်။


ကြက်ကြော်က လတ်တလောခေတ်စားနေသော စားသောက်ကုန်ဖြစ်သဖြင့် လူငယ်အတွဲများက ငွေသုံးရန် ဆန္ဒရှိကြသည်။ ကျေးလက်ဒေသမှ လူများက မြို့ပေါ်သို့ လာရောက် လည်ပတ်သောအခါတွင်လည်း ပျော်ရွှင်စွာ ဝယ်ယူကြသည်။


သူမ၏ ယခင်ဘဝတွင် သူမတို့ မြို့၌ ဒေသခံ ဘာဂါဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး လူတိုင်းက ဝယ်စားရန် စိတ်အားထက်သန်ကြပြီး စုံတွဲများကလည်း ဘာဂါဆိုင်သို့ သွားကြသည်။


များများရောင်းချရခြင်းက အဆင်ပြေသော်လည်း လူ၏ခွန်အားမှာ အကန့်အသတ်ရှိသည်။


သူမတွင် ဆိုင်တစ်ဆိုင် ပိုင်လာပါက အကူလူခေါ်ရန် စိတ်ကူးရှိသည်။ လက်တလောတွင် သူမ ဆိုင်တစ်ဆိုင် ငှားရမ်းရန်ပင် ငွေမရှိပေ။


ညနေ၅နာရီဝန်းကျင်တွင် ကျန်းလီယွင်က ဆိုင်သိမ်း၍ ဖုန်းရီနှင့်အတူ အိမ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။


လှည်း၏ ကိုယ်ထည်က သတ္တုဖြင့် ပြုလုပ်ထား၍ နွေရာသီတွင် ဆွဲရခြင်းက အဆင်ပြေသော်လည်း ဆောင်းရာသီရောက်ပါက အလွန်အေးသဖြင့် ဖုန်းရီက ဖက်ထုပ်ကြော်ရာတွင် သုံးသော လက်အိတ်ကို ဝတ်ဆင်၍ လှည်းကို ဆွဲရသည်။


ကျန်းလီယွင်က တစ်ချက်ကြည့်ပြီးနောက် သူမ တတ်နိုင်သမျှ မြန်မြန် သုံးဘီးတစ်စီး ဝယ်ရမည်ဟု ခံစားရသည်။


လှည်းကိုဆွဲရသည်က နှေးကွေးသောကြောင့် မြို့နှင့် အသွားအပြန်လုပ်ပါက မိနစ်၄၀ကြာမြင့်သည်။ ယခုတွင် တစ်ရက်ကို နှစ်ကြိမ် အသွားအပြန်လုပ်ရသဖြင့် စုစုပေါင်း မိနစ်၁၆၀ကြာမြင့်ပြီး ထိုအချိန်ကို နာရီဖြင့် ပြောပါက ၂နာရီခွဲကြာမြင့်သည်။


အချိန်များ အလဟဿကုန်ဆုံးသွားသည့်အပြင် လှည်းကလည်း သူများအပိုင် ဖြစ်သည်။ သုံးဘီးတစ်စီးသာ ရှိပါက အနည်းဆုံး နာရီဝက်မျှ အချိန်ချွေတာနိုင်လောက်မည်။


မနက်ပိုင်း သူမ ဆိုင်ထွက်ပြီး အိမ်သို့ပြန်ရောက်သည့်အချိန်က မနက်၁၀နာရီဖြစ်ပြီး ဦးလေးကျန်း၏ လှည်းအသုံးပြုမှုကို မထိခိုက်စေပေ။ သို့ရာတွင် ယခု နေ့လည်ပိုင်းအတွက်ပါ လှည်းကို ငှားရမ်းနေရသည်။


ဦးလေးကျန်းက လွတ်လွတ်လပ်လပ် ယူသုံးပါဟု ပြောသော်လည်း ထိုသို့ လုပ်၍ မဖြစ်ပေ။


ကျန်းလီယွင်တို့ အိမ်ပြန်ရောက်သောအခါ ညစာက အဆင်သင့် ဖြစ်နေပြီး ကျန်းလီဟိုင်က အိမ်ရှေ့တံခါးဝမှ စောင့်နေလေသည်။


သူမတို့ကို တွေ့ပြီးနောက် ကျန်းလီဟိုင်က ပြောလာသည်။

“နောက်ဆုံးတော့ နင်တို့ ပြန်ရောက်လာပြီပဲ... ငါ ဗိုက်ဆာလို့ သေတော့မယ်...”


ကျန်းမိသားစုက ညနေစာကို စောစီးစွာ စားလေ့ရှိသော်လည်း ဤရက်များတွင် ကျန်းလီယွင်တို့ကို စောင့်လေ့ရှိသည်။ ထို့ကြောင့် ညစာစားခြင်းက မှောင်သည်အထိ နောက်ကျသွားခဲ့သည်။


ကျန်းလီယွင်က ပြောသည်။

“အစ်ကိုနဲ့ အမေ အဖေတို့ အရင် စားနှင့်ပါ... သမီးနဲ့ ဖုန်းရီအတွက် နည်းနည်းချန်ထားလိုက်ရင် အဆင်ပြေပါတယ်... မဟုတ်ရင် ထမင်းစားတာ အရမ်းနောက်ကျသွားလိမ့်မယ်...”


“အတူတူ စားကြရအောင်ပါ… အဲ့ဒါမှ အသက်ဝင်တာ...”

အမေကျန်း၏ အသံက တဖြည်းဖြည်းတိမ်ဝင်ရင်းဖြင့် ပြောလိုက်သည်။


ကျန်းလီဟိုင်က ထပ်ဖြည့်ပြောလာသည်။

“ဟုတ်တယ်... ငါတို့ အတူတူစားကြရအောင်ပါ...”


ညစာစားနေစဉ်တွင် ကျန်းလီဟိုင်က အိမ်အသစ်အကြောင်း ပြောပြနေသည်။ အိမ်က မည်မျှ ကောင်းကြောင်း၊ မီးဖိုချောင် ကျောက်ပြားဒီဇိုင်းကို သူ မည်မျှ အသေးစိတ် လေ့လာထားကြောင်း ပြောပြနေသည်။


ကျန်းလီယွင်က ထိုကိစ္စများကို စိတ်မဝင်စားသော်လည်း ဖုန်းရီက ပျော်ရွှင်စွာပင် စကားစမြည် ပြောနေပြီး ကျန်းမိဘများကလည်း အာရုံစိုက်၍ နားထောင်နေသည်။


သူတို့အားလုံးက အိမ်အသစ်ကို များစွာ မျှော်လင့်ထားကြသည်။


ယခင်က သူတို့ ကျန်းမိသားစုက အတော်လေး မတိုးတက်ခဲ့ပေ။ ရွာမှ အခြားသူများ အလုပ်ကြိုးစား၍ ဘဝအဆင့်အတန်းများ မြှင့်တင်နိုင်ခဲ့သော်လည်း သူတို့တွင် မည်သည်အရာမှ မရှိပေ။


ကျန်းလီယွင်ကလည်း လတ်တလောတွင် ကျန်းလီဟိုင် အိမ်သို့ မကြာခဏပြန်လာလေ့ရှိသည်ကို သတိထားမိပြီး တင်းမာနေသော လေထုက ပြေလျော့လာပြီ ဖြစ်သည်။ ယခုတွင် သူက အိမ်ပြန်လာရန် ဆန္ဒရှိပြီး သူ့ကို ကြည့်ရသည်မှာ အသက်ဝင် တက်ကြွနေသည်။


နောက်တစ်နေ့ မနက်ပိုင်းတွင် ကျန်းလီယွင်က နိုးလာခဲ့ပြီး ကျန်းလီဟိုင်ကလည်း နိုးနေပြီ ဖြစ်သည်။


ကျန်းလီဟိုင်က စက်ရုံသို့ သွားရမည်ဖြစ်ပြီး သူမတို့နှင့်အတူ မြို့သို့ မလိုက်နိုင်သော်လည်း ဖက်ထုပ်အချို့ကို ကူညီ၍ ထုပ်ပေးသည်။


“အစ်ကို ဒီနေ့ စက်ရုံသွားရင် ကြက်ကလီစာနှပ်ထားတာ ယူသွားဖို့ မမေ့နဲ့နော်...”

ကျန်းလီယွင်က သတိပေးသည်။


ကျန်းလီဟိုင်က သူမကို မေးလာသည်။

“လီယွင် ငါကြက်ပေါင်တချို့ကို ချွန်းလင်အတွက် ယူသွားပေးလို့ ရမလား... သူက ကြက်ခြေထောက်ကြိုက်တယ်...”


“ရတာပေါ့... အစ်ကို ကိုယ့်ဘာသာ စီစဉ်လိုက်တော့နော်...”

ကျန်းလီယွင်က ပြန်ဖြေသည်။


အနာဂတ်တွင် သူမတို့အိမ်၌ ကြက်ကလီစာများ၊ ကြက်ခြေထောက်များ စားရန် ချို့တဲ့နေမည် မဟုတ်ပေ။ ကျန်းလီဟိုင်က ထိုအရာများကို ပေးပစ်လိုက်လျှင်လည်း ကျန်းလီယွင်က စိတ်ထဲမထားပေ။


ကျန်းလီယွင်က နောက်ရက်အနည်းငယ် ကြာပြီးနောက် မြို့ထဲတွင် ကြက်ကလီစာနှင့် ကြက်ခြေထောက်များ ရောင်းရနိုင်မည်လား တွေးနေပြီး သူမ စမ်းရောင်းကြည့်ချင်သည်။


သူမက အရိုးရှင်းဆုံးနည်းဖြစ်သည့် အိုးလုံပိတ်၍ နှပ်ထားပြီး စမုန်စပါး၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်များ စသည်ဖြင့် ရော၍ ပြုတ်ထားလိုက်သည်။


သူမ ချက်ပြုတ်ထားသော ထိုကလီစာနှပ်ဟင်းပွဲက သူများနှင့် မယှဉ်နိုင်သော်လည်း ဈေးသက်သာစွာ ရောင်းချပါက ရောင်းနိုင်မည်ဟု သူမ ထင်သည်။


ဒါဆို အပို ဝင်ငွေ ရလာမယ်...


ကောင်းပြီ... တရုတ်နှစ်ကူးကလည်း ၃လလောက်ပဲ လိုတော့တယ်... ငါ ဒါကို ကြံ့ကြံ့ခံနိုင်ရမယ်...


တရုတ်နှစ်ကူးပြီးပါက သူမ ဆိုင်နေရာငှားရမ်း၍ ဆိုင်ဖွင့်မည်။


ယခုတွင်မူ မိုးရွာလျှင်လည်း မြို့ထဲသွားရပြီး လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်တို့ကို တောင့်ခံထားရသည်။ အမှန်ပင် ပင်ပန်းလွန်းလှသည်။


ကံကောင်းစွာပင် ဤကာလများတွင် မိုးသည်းထန်စွာ မရွာသွန်းသေးပေ။


ကျန်းလီယွင်နှင့် အခြားသူများ ထွက်သွားသောအခါ ကျန်းလီဟိုင်လည်း ကြက်ကလီစာနှပ်နှင့် ကြက်ခြေထောက်ကို ယူ၍ ကွန်မြူနတီသို့ ထွက်လာခဲ့သည်။


သူက စက်ရုံသို့ သွားရန် အလျင်မလိုဘဲ ထိုအစား ဟယ်မိသားစုအိမ်သို့ ဦးစွာ ဝင်ခဲ့သည်။


ယမန်နေ့က ကျန်းလီယွင်က ကြက်၆ကောင်ဝယ်ခဲ့သည်။ စုစုပေါင်း ကြက်ခြေထောက်၁၂ခုကို သူ ယူလာခဲ့ခြင်း ဖြစ်သည်။


ဟယ်မိသားစုအိမ်သို့ သူ ရောက်သောအခါ မနက်စား စားလက်စနှင့်ကြုံ၍ သူ့ကို ပျော်ရွှင်စွာ ကြိုဆိုကြပြီး အတူဝင်စားရန် ဖိတ်ခေါ်ကြသည်။


မကြာသေးမီကမှ ဆုံတွေ့ခဲ့ကြသောကြောင့် ဟယ်မိသားစုနှင့် ကျန်းလီဟိုင်က မရင်းနှီးကြသေးပေ။ ဟယ်မိသားစုနှင့် တွေ့သောအခါ သူက မြို့ကြီးပြကြီးတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောပြဖြစ်သည်။


ဟယ်မိသားစုကလည်း မြို့ကြီးများသို့ ရောက်ဖူးခြင်း မရှိသောကြောင့် လေးစားအားကျသော မျက်ဝန်းများဖြင့် နားထောင်နေကြသည်။ 


ကျန်းလီဟိုင်က စကားပြောရင်းဖြင့် ကျန်းလီယွင် မြို့၌ ကြက်ကြော်ရောင်းသည့်အကြောင်းကိုပါ ကြော်ငြာရင်း ပြောပြခဲ့သည်။


အဖေဟယ်က ပြောလာသည်။

“ငါတို့လည်း ကြက်မွေးတယ်... ၁၀ရက်လောက်နေရင် အပြည့်အဝ ကြီးလာတော့မှာ... မင်းညီမလေး ကြက်လိုအပ်ရင် ငါတို့ဆီကလည်း ဝယ်လို့ရတယ်...”


သူတို့အိမ်တွင်လည်း အမွေးဖြူကြက်များ မွေးမြူပြီး မကြာသေးမီက ပေါက်ဈေးထက် အနည်းငယ် သက်သာသည်။


ကျန်းလီယွင် လိုအပ်ပါက သူမထံသို့ ရောင်းချခြင်းက ကောင်းပေသည်။


“ကျွန်တော် ညီမလေးကို ပြောလိုက်ပါ့မယ်...”

ကျန်းလီဟိုင်က ပြန်ပြောလိုက်သည်။


ဟယ်မိသားစုအိမ်မှ ထွက်လာပြီးနောက် ကျန်းလီဟိုင်က အုတ်စက်ရုံသို့ သွားခဲ့သည်။ သို့ရာတွင် လုပ်ဖော်ကိုင်ဖက်များကို ကြက်ကလီစာအကြောင်း မည်သို့ပြောရမည် မသိ ဖြစ်နေစဉ်တွင် စွင်းကျင်ရှန်းနှင့် တွေ့သည်။


“မင်းညီမ ချက်တဲ့ ကြက်ကလီစာလား... သူ့ကြက်ကြော်က တကယ် အရသာရှိတာ... သူ ချက်တဲ့ ကြက်ကလီစာနှပ်လည်း အရသာရှိမှာပဲ...”

စွင်းကျင်ရှန်းက ကြက်ကလီစာထည့်ထားသောအိတ်ကိုယူ၍ လုပ်ဖော်ကိုင်ဖက်များကို ပြောလိုက်သည်။


“ကျန်းလီဟိုင်က ငါတို့ဖို့ အရသာရှိတာ ယူလာတယ်... နေ့လည်ကျရင် အပိုဟင်းပွဲ စားရမှာ...”


လူတိုင်းက ချက်ချင်းပင် စုပြုံလာပြီး စွင်းကျင်ရှန်းက ဆက်ပြောနေသည်။

“ဖုန်းရီဆိုတဲ့ ကောင်လေးက တကယ် ကံကောင်းတာ... သူ့ကောင်မလေးက ငွေရှာတာ တော်တယ်... မကြာခင်က ဖက်ထုပ်ရောင်းတဲ့အပြင် ကြက်ကြော်လည်း ရောင်းကြသေးတယ်... မင်းတို့ ကြားမိသေးလား... မူကြိုကျောင်းရှေ့မှာ ရောင်းတဲ့ နိုင်ငံခြားစတိုင်ကြက်ကြော်ဆိုတာလေ... မနေ့က ငါသွားစားကြည့်တာ ... တကယ် အရသာရှိတယ်...”


စွင်းကျင်ရှန်းက ထိုလူအုပ်နှင့် စကားပြောနေပြီး ဘေးတွင် ကျန်းလီဟိုင်က သဘောတကျ ထိုင်ကြည့်နေသည်။ 


ငါလည်း စွင်းကျင်ရှန်းလို စကားပြောကောင်းရင် ကောင်းမယ်...


ကျန်းလီယွင်က စက်ရုံ၌ စွင်းကျင်ရှန်းက သူမ ကြက်ကြော်ဆိုင်ကို ကြော်ငြာပေးခဲ့ကြောင်း မသိပေ။ သူမက ပုံမှန်အတိုင်း ဖက်ထုပ်များ ရောင်းချနေပြီး ဝယ်သူများထံမှ ယန်မိသားစုက ဂျူနီယာအလယ်တန်းကျောင်းရှေ့တွင် နေရာပြောင်း၍ ရောင်းချကြကြောင်း ကြားသိရသည်။


ထိုဂျူနီယာအလယ်တန်းကျောင်းအနီးအနားတွင် မျိုးစပ်အပင်များလည်း ရှိသည်။


ယန်မိသားစုက သူမ အရှေ့၌ ပြဿနာမရှာမချင်း အဆင်ပြေပေသည်။ ကျန်းလီယွင်က လျင်မြန်စွာ ဖက်ထုပ်ကို ကော်ခပ်ထည့်၍ ဝယ်သူကို ထည့်ပေးလိုက်သည်။


ယနေ့တွင် သူမ ဖက်ထုပ်များစွာ ပြင်ဆင်လာခဲ့ပြီး အားလုံရောင်းချပြီးပါက သူမ ယွမ်၃၀ ရရှိပေလိမ့်မည်။



🏡🏡🏡