Chapter 49
Viewers 5k

🏡 Chapter 49

ကျသင့်သော ငွေစာရင်းရှင်းခြင်း



ကျန်းလီယွင်က အမေကျန်းနှင့် ဂွမ်းကပ်ချုပ်ရန်ကိစ္စများကို တိုင်ပင်ရင်း ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။ 


ယနေ့က နိုဝင်ဘာလ ၂၅ရက်၊ လပြက္ခဒိန်၏ ၅ရက်မြောက်သောနေ့ဖြစ်သည်။ သူမ ပြန်လည်မွေးဖွားလာသည်မှာ အတိအကျဆိုလျှင် ရက်၄၀ရှိပြီ ဖြစ်ပြီး လွန်ခဲ့သောလက တူညီသောရက်တွင် သူမ ပထမဦးဆုံး မြို့ပေါ်သို့ သွား၍ ဖက်ထုပ်ရောင်းခဲ့ခြင်း ဖြစ်သည်။


သူမ ဆိုင်ဖွင့်ခဲ့သည်မှာ အတိအကျ တစ်လတင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။


ဆိုင်တစ်ဆိုင်ဖွင့်ရန် အမျိုးမျိုးသော ပစ္စည်းများ လိုအပ်သည်။ ဥပမာအားဖြင့် ခေါက်စားပွဲများ၊ မီးသွေးမီးဖို၊ အိုးခွက်များ၊ ပန်းကန်များနှင့် ပစ္စည်းကိရိယာများစွာ လိုအပ်သည်။


သူမ ပြန်လည်မွေးဖွားလာစဉ်က သူမ စုဆောင်းထားသောငွေမှာ ယွမ်၁၀၀ကျော်ရှိပြီး ဖုန်းရီထံမှ ယွမ်၁၃၀ကျော် ရရှိခဲ့သည်။ ထိုငွေပမာဏက မလုံလောက်သောကြောင့် သူမ အမေထံမှ ယွမ်၂၀၀ ချေးငှားခဲ့ရသည်။


သူမ စီးပွားရေးစလုပ်ချိန်က ငွေအရင်းအနှီးမှာ ယွမ်၄၀၀ကျော်ဖြစ်သည်။


လွန်ခဲ့သော ၁၀ရက်က ကျန်းလီယွင် ရောင်းရငွေများကို တွက်ချက်ကြည့်သောအခါ ယွမ်၄၀၀ကျော် စုဆောင်းရရှိခဲ့ပြီး သူမ၏ အရင်းငွေကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။


သူမ ယနေ့ ထပ်မံ တွက်ကြည့်လိုက်သည်။


ဤတစ်လအတောအတွင်း ဆိုင်ဖွင့်ရာမှ တစ်ရက်လျှင် ယွမ်၂၀ကျော် ရရှိခဲ့သည်။ များမကြာမီတွင် သူမ ယွမ်၇၀၀ကျော် စုဆောင်းနိုင်ခဲ့သည်။


သို့ရာတွင် ငွေရှာနိုင်ခဲ့ရုံသာမက ကုန်ကျစရိတ်များလည်း ရှိခဲ့သည်။


လွန်ခဲ့သော ရက်အနည်းငယ်က အမေကျန်းတို့ထံမှ ချေးထားသော ယွမ်၂၀၀ကို အကြွေးပြန်ဆပ်ခဲ့သည့်အပြင် သူမကို ဖက်ထုပ်ထုပ်ရာတွင် ကူညီခဲ့သော လုပ်အားခငွေ ယွမ်၁၀၀ကိုပါ ပေးလိုက်သည်။ ထို့ကြောင့် စုစုပေါင်း ယွမ်၃၀၀ကို နှုတ်လိုက်သည်။


သူမက ကြက်ကြော်စီးပွားရေးအသစ်၌လည်း ရင်းနှီးမြှုပ်နှံလိုက်သဖြင့် အိုးအသစ်တစ်လုံး အပါအဝင် ဆီပူထဲမှ အရိုးလွတ် ကြက်ကြော်အတုံးများကို ကော်ခပ်ရန် ထိပ်ကားယောက်မ၊ ကြက်ကြော်ထုပ်ပိုးပေးရန် ဆီစုပ်သော စက္ကူ၊ ဆီဘူးပေါင်းများစွာ၊ အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ကို ဝယ်ယူလိုက်သည်။


ယမန်နေ့က ကျန်းလီဟိုင်က မြို့တော်မှ ပြန်ရောက်လာခဲ့ပြီး ပါလာသော ဂျုံမှုန့် ၂၀ကီလိုကို သူမက ဝယ်လိုက်သည်။


သူမ၏ လက်ရှိစီးပွားရေးအတွက် မီးသွေးမီးဖိုနှင့် အပေါက်များ ပါဝင်သော မီးသွေးခဲများကို ဝယ်ယူရန် လိုအပ်သည်။ အစပိုင်းတွင် သူမထံ၌ ငွေများစွာ မရှိသောကြောင့် လက်လီဆိုင်မှ ဒါဇင်အနည်းငယ်သာ ဝယ်ယူခဲ့ရသည်။ မကြာသေးမီက သူမ လက်ထံတွင် ငွေအနည်းငယ်ရှိသဖြင့် လက်ကားဆိုင်သို့ တိုက်ရိုက်သွား၍ မီးသွေးခဲ တစ်ထောင်ကျော် ဝယ်လာခဲ့ပြီး ဖုန်းရီက လှည်းဖြင့် ကူသယ်ပေးခဲ့သည်။


ဤသို့ဖြင့် ငွေအတော်လေး ကုန်ကျခဲ့သည်။


အခြား အထွေထွေကုန်ကျစရိတ်များလည်း ရှိသေးသည်။


သူမက လက်ရှိအချိန်တွင် အိမ်စရိတ်ကို မထောက်ပံ့နိုင်ပေ။ သူမက အလုပ်များနေပြီး အိမ်မှုကိစ္စများကိုလည်း မကူညီနိုင်ပေ။ သို့ရာတွင် အိမ်အတွက် လိုအပ်သော ပစ္စည်းအချို့ကိုမူ ဝယ်ပေးခဲ့သည်။


မကြာသေးမီကပင် လက်ဆေးဘေစင် အသစ်တစ်ခု ဝယ်ခဲ့ပြီး အမေကျန်းနှင့် အခြားသူများအတွက် တဘက်များလည်း ဝယ်ယူခဲ့သည်။ သူမတို့အိမ်တွင် မူလက ဘေစင်နှစ်ခုရှိသော်လည်း တစ်မိသားစုလုံးမှ ပန်းကန်ဆေးခြင်းနှင့် ဟင်းသီးဟင်းရွက်ဆေးကြောခြင်း စသည်ဖြင့် ကိစ္စများစွာကို မျှဝေသုံးစွဲရသဖြင့် အဆင်မပြေခဲ့ပေ။


သူမက ဆပ်ပြာ၊ လျှပ်စစ်ရေနွေးအိုး၊ လက်ဖက်ကြက်ဥအတွက် အိုးတစ်လုံးနှင့် ပိုလင်းသော မီးလုံးများကို ဝယ်၍ လဲလှယ်တပ်ဆင်ခဲ့သည်။


ဤလအတွင်း သူမတို့မိသားစုက စားစရာအတွက်လည်း အတော်လေး ကုန်ကျစရိတ်များခဲ့သည်။


ယခု ကာလများအတွင်း သူမလက်ထဲတွင် ယွမ် ၇၀ မှ ၈၀ မျှသာ ရှိပြီး ထိုငွေများက ဤ၂ရက်အတွင်း ဆိုင်မှ ဝင်ငွေများ ဖြစ်သည်။


ဤငွေများကို သူမ ထိ၍ မရပေ။ နေ့တိုင်း ကြက်သားနှင့် ဝက်သား ဝယ်ယူရပြီး လက်ငင်း ငွေပေးချေရသည်။ ထို့အပြင် နောက်တစ်နေ့ ဆိုင်ထွက်ရန်အတွက် ဝယ်သူများကို ပြန်အမ်းရန် လက်ထဲတွင် အကြွေများကိုလည်း ဆောင်ထားရသေးသည်။


ဂွမ်းကပ်အတွက် သူမ ငွေကို ဂရုတစိုက် ချိန်ညှိနေရသည်။


သူမထံ၌ ငွေကြေးက အကန့်အသတ်နှင့် ဖြစ်သော်လည်း ကျန်းလီယွင်က အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် ပြည့်နေသည်။ သူမသာ အလုပ်ကြိုးစားပါက သူမ၏ ငွေကြေးအခြေအနေမှာလည်း တဖြည်းဖြည်း မြင့်တက်လာပေလိမ့်မည်။


အမှန်တွင် သူမ ပြန်လည်မွေးဖွားပြီးနောက် သူမတို့၏ လူနေမှုအဆင့်အတန်းက အတော်ပင် မြင့်တက်လာခဲ့သည်။ သူမ၏ ယခင်ဘဝ၌ ယခုအချိန်တွင် သူမတို့ မိသားစုက အသားမစားနိုင်သေးပေ။


အမေကျန်းနှင့် ကျန်းလီယွီကလည်း ကျန်းမာရေးချုချာပြီး အဓိကဖြစ်ရသည့် အကြောင်းအရင်းမှာ အာဟာရချို့တဲ့မှုကြောင့်ဖြစ်သည်။ လုံလောက်သော ပရိုတင်း ပမာဏပြည့်မီအောင် စားသုံးခြင်း မရှိသောကြောင့် ကိုယ်ခံအားစနစ် အားနည်းလာပြီး ရောဂါဖြစ်လွယ်ခြင်းဆီသို့ ဦးတည်လာခဲ့သည်။


ခဏမျှ အနားယူပြီးနောက် ကျန်းလီယွင်က အဒေါ်ကျန်း ယူလာပေးသော ကြက်များကို စတင်လုပ်ကိုင်တော့သည်။


၂ရက်အကြာ သူမ ကြက်ကြော် ပထမဆုံး ရောင်းချသောနေ့က ကြက်၃ကောင် ပြင်ဆင်သွားခဲ့ပြီး စီးပွားရေးကောင်းသောကြောင့် ယမန်နေ့က သူမ ကြက်၅ကောင် ရောင်းချရန် ပြင်ဆင်ခဲ့သည်။ ယနေ့တွင် သူမ ကြက်၆ကောင် ရောင်းချရန် ပြင်ဆင်ထားသည်။


ကြက်၆ကောင်ကို ကိုင်တွယ်ရသောအခါ ဝမ်းတွင်းသား ကလီစာလည်း အတော်အတန် ရလာသည်။ ကျန်းလီယွင်က ကြက်သားကိုင်ရင်း အမေကျန်းက အနီးအနားတွင် ကလီစာများကို သန့်ရှင်းရေးလုပ်နေသည်။ သူမက ကြက်အသည်းအမြစ်ကို ကိုင်တွယ်ရာတွင် အဝါရောင်အလွှာကို ဂရုတစိုက်ခွာနေသည်။


ထိုအလွှာက ကြက်အသည်းအမြစ်၏ အနားသပ်အလွှာဖြစ်သည်။ ရေစစ်ပြီးနောက် လိမ္မော်သီးအခွံ သို့မဟုတ် ပိုးစာပင်အရွက်များကို အခြောက်ခံသကဲ့သို့ ရောင်းချခြင်းဖြင့် ငွေရရှိနိုင်သည်။


ကြက်၆ကောင်မှ ထွက်လာသော ကလီစာများက အတော်ပင် များပြားသည်။ အထူးသဖြင့် အမေကျန်းက ကြက်အူများကို လွှတ်ပစ်ရန် ဝန်လေးခဲ့သည်။ ယခင်က ကျန်းလီယွင် ကလီစာမွှေကြော်သောအခါကလည်း ကြက်အူများကို ထည့်သုံးခဲ့သေးသည်။


“အမေ လက်ဖက်ကြက်ဥ လုပ်ပြီးရင် သမီး ကြက်ကလီစာတွေကို အရသာနှပ်ထားမယ်... မနက်ဖြန် အစ်ကို အုတ်နဲ့ ကြွေပြားစက်ရုံ သွားတဲ့အခါကျရင် သယ်ယူပို့ဆောင်ရေးအဖွဲ့က လူတွေနဲ့ မျှစားဖို့ ယူသွားခိုင်းလိုက်ပါဦး...”

ကျန်းလီယွင်က ပြောသည်။


ယမန်နေ့က သယ်ယူပို့ဆောင်ရေးအဖွဲ့မှ လူများက သူမကို ကူညီခဲ့ပြီး သူမကလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ပြသလိုသည်။ ကျန်းလီဟိုင်က မြို့မှ ဟင်းချက်စရာများ ဝယ်ခြမ်းလာခဲ့ရာ သူမက မျက်နှာသာပေးလိုသည်။


“မလိုပါဘူး...”

အမေကျန်းက ကြက်ကလီစာများကို ဝေပေးရန် ဝန်လေးနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အသားဖြစ်ပေသည်။


“သမီးတို့ အဲလိုလုပ်မှရမယ်...”

ကျန်းလီယွင်က မရမက ပြောလာသည်။


အဆုံးတွင် အမေကျန်းက သူမ သမီး၏ ဆုံးဖြတ်ချက်ကို လိုက်လျောလိုက်ရသည်။


ထိုသို့ဖြင့် ကျန်းလီယွင်က အလုပ်များနေသည်။


ယမန်နေ့ မနက်ပိုင်းက ကျန်းလီဟိုင်က လုပ်ဖော်ကိုင်ဖက်များနှင့် မြို့ပေါ်သို့ လာခဲ့သည်။ သူတို့က ဖက်ထုပ်အိုးကပ်ကြော်ကို မစားလိုက်ရသည့်အတွက် ထိုအစား ဘန်းမုန့်များကို စားလိုက်ကြသည်။ နေ့လည်ပိုင်းတွင် ကျန်းလီဟိုင်က ဝယ်လာသော ဂျုံမှုန့်များကို အိမ်သို့ ပြန်သယ်လာပြီး ဆန်များကိုမူ မြို့ရှိ ဆန်သီးသန့်ရောင်းချသော ပွဲရုံတွင် ရောင်းချခဲ့သည်။ သူ့အတွက် အလွန်ကို အလုပ်များသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။


ယနေ့တွင်လည်း ကျန်းလီဟိုင်က အလုပ်များဆဲ ဖြစ်သည်။ အိမ်အသစ်ကို သွား၍ အုတ်ရိုးစီနေခဲ့သည်။ 


ကျန်းလီဟိုင် ရောက်လာသောအခါ ဖုန်းရီက ယနေ့တွင် စောစီးစွာ ပြန်လာခဲ့ပြီး ကျန်းလီယွင်ကို အသားများ ခုတ်ထစ်ရန် ကူညီပေးခဲ့သည်။


ကြက်ရင်အုံသားကို အလွှာများ လှီးရန် လိုအပ်ပြီး ကျန်းလီယွင် လှီးခြင်းက နှေးလှသည်။ တစ်ဖက်တွင် ဖုန်းရီ လှီးသည်က မြန်ဆန်လှသည်။


“ဖုန်းရီ... နင် လုပ်တာ အရမ်း မြန်တာပဲ...”

ကျန်းလီယွင်က ချီးကျူးလိုက်သည်။


ဖုန်းရီက ချီးကျူးစကား ကြားရသောအခါ ကျေနပ်သွားပြီး ပြန်ဖြေသည်။

“အစ်မလီယွင် အိမ်က ပြီးခါနီးပါပြီ... နောက်ဆိုရင် ကြက်သားခုတ်တာကို ကျွန်တော်ကူညီပါ့မယ်...”


“ကောင်းတာပေါ့... အဲ့လိုဆို ငါလည်း လုပ်ရလွယ်ကူတာပေါ့... ဖုန်းရီ နင်က တကယ် အကူအညီဖြစ်တယ်...”

ကျန်းလီယွင်က ပြုံးလိုက်သည်။


သူမ၏ စကားသံများမှ ခွန်အားများ ရလာပြီး ဖုန်းရီက ယခင်ထက်ပင် ပို၍ မြန်ဆန်လာသည်။


အိမ်အသစ်တစ်လုံး ဆောက်လုပ်သောအခါ ဖုန်းရီက အရာအားလုံးကို မျက်စိဒေါက်ထောက်ကြည့်နေရသည်။ ပန်းရန်သမားများက ယုံကြည်စိတ်ချရပါသော်လည်း မထင်မှတ်ထားသော ကိစ္စများ ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် မကြာသေးမီ ရက်များအတွင်းက ကျန်းအာ့နီက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အုတ်အချို့နှင့် ဘိလပ်မြေများကို ယူသွားပြီး သူမ၏ မီးဖိုချောင်အတွက် ကျောက်ပြားများ ခင်းရာတွင် သုံးခဲ့သည်။


ကျန်းအာ့နီက ထိုသို့ ယူသွားခြင်းကို လက်ခံနိုင်သေးသော်လည်း အခြားသူများကပါ ထိုသို့ လုပ်လာပါက အဆင်မပြေနိုင်ပေ။


ကံကောင်းစွာဖြင့် သူတို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ကျန်းရှောင်ကျဲတို့ အိမ်ဘေးတွင် ဖြစ်ပြီး ကျန်းရှောင်ကျဲတို့အိမ်ရှေ့တွင် အုတ်များပုံထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သူကမျှ ယူဆောင်သွားခြင်း မရှိပေ။


[ T/N - ကျန်းအာ့နီနဲ့ ကျန်းရှောင်ကျဲက ကျန်းလီယွင်ရဲ့ဝမ်းကွဲညီအစ်မတွေပါ ]


လက်ရှိတွင် အဆောက်အဦ၏ အပြင်ဘက် အကြမ်းထည်က ပြီးစီးသလောက်ရှိပြီး အမိုးဒိုင်းများ တပ်ဆင်ရန်သာ ကျန်တော့သည်။ အိမ်က သေးငယ်ပြီး တစ်ထပ်တွင် အခန်း၂ခန်းသာ ပါရှိသည်။ ၂ထပ်မျှသာ ရှိသော်လည်း အတော်လေး ကျစ်လစ်သည်။


အလုပ်သမားများစွာဖြင့် ဆောက်လုပ်နေသောကြောင့် ဆောက်လုပ်ရေးကြာချိန်က မြန်ဆန်ပေသည်။


သို့ရာတွင် ဆေးသုတ်ခြင်းနှင့် နံရံ ပြတင်းတံခါးများ ပြုလုပ်တပ်ဆင်ရန် လိုအပ်သည်။ ကျန်းလီဟိုင်က သူ အချိန်ပိုရှိပါက ကိုယ်တိုင်ပါဝင်၍ လုပ်ကိုင်လေ့ရှိသည်။ အုတ်ကျိုးအပိုင်းအစများကို ကောက်ယူ၍ အိမ်အနောက်ဘက်တွင် အုတ်ဖြင့် ဘန်ဂလို၂လုံး ဆောက်လုပ်ရန် ရည်ရွယ်ထားသည်။


ကျန်းလီဟိုင်၏ အစီအစဉ်မှာ ဘန်ဂလိုတစ်လုံးကို ထင်းတဲလုပ်၍ ကျန်တစ်လုံးကို မီးဖိုချောင်လုပ်ရန် ဖြစ်သည်။ အိမ်၏ မြေညီထပ်က တစ်ခန်းမှာ ဧည့်ခန်းဖြစ်ပြီး ကျန်တစ်ခန်းက ကျန်းမိဘများအတွက် ဖြစ်သည်။ အပေါ်ထပ်တွင် တစ်ခန်းက သူတို့ မင်္ဂလာဆောင်ပြီးနောက် နေထိုင်ရန် ဖြစ်ပြီး ကျန်တစ်ခန်းက သူ့ညီမများအတွက် ဖြစ်သည်။ 


ကျန်းမိဘများကို အိမ်၏ မြေညီထပ်တွင် နေရာပေးခြင်းက အကြောင်းပြချက်ရှိသည်။ အဖေကျန်း၏ ခြေထောက်အခြေအနေကြောင့် အိမ်အပေါ်ထပ်သို့ တက်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။


ထိုအချိန်တွင် မိသားစုအများအပြားက အခြားဘန်ဂလိုများတွင် ဝက်များကို မွေးမြူကြပြီး ကျန်းလီဟိုင်က မမွေးလိုပေ။ ထိုကြောင့် သူ၏ အစီအစဉ်ထဲတွင် ဝက်တဲမပါပေ။


သူက အလုပ်သွားရပြီး မိဘများကလည်း သူ့ညီမနှင့်အတူ မြို့ပေါ်သို့ သွား၍ ဆိုင်ဖွင့်ရပြီး အိမ်တွင် ဝက်မွေးရန် လူပိုမရှိပေ။ နှစ်အဆုံးတွင် ရောင်းချရန် သိုးများ မွေးမြူထားသော်လည်း နောက်နှစ်တွင် ထပ်မံ မွေးမြူမည် မဟုတ်ပေ။


ကျန်းလီယွင်က သူမအစ်ကို၏ အစီအစဉ်ကို သိသည်။ ကျန်းလီဟိုင်က ဖုန်းရီကို အိမ်အဟောင်း၌ နေခိုင်းမည်ကိုလည်း သိထားသည်။


သို့ရာတွင် ထိုကိစ္စနှင့် ပတ်သက်၍ အတွေးလွန်နေခြင်းသာ ဖြစ်သည်။ ကျန်းလီယွင်က အိမ်အသစ်ကို ပြောင်းရွှေ့မည် မဟုတ်ပေ။ သူမ၏ ကိုယ်ပိုင်အိမ် မဆောက်ရသေးမီအထိ သူမ အိမ်အဟောင်း၌သာ ဆက်နေမည် ဖြစ်သည်။


လူများသောကြောင့် မနက်ပိုင်းတွင် စောစီးစွာ အိပ်ရာထ၍ ဆိုင်ဖွင့်ရန် ပြင်ဆင်ရသောအခါ အခြားသူများ အိပ်နေသည်ကို အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် ဖြည်းညှင်းစွာ ဂရုတစိုက် လုပ်ကိုင်ရသဖြင့် သက်တောင့်သက်သာမရှိလှပေ။ သူမ အိမ်အဟောင်း၌ တစ်ယောက်တည်း နေထိုင်ခြင်းက ပို၍ အဆင်ပြေသည်။


သူမ ကံကောင်းပါက နောက်နှစ်တွင် အိမ်ဆောက်ရန် ပိုက်ဆံလုံလောက်ပေမည်။ ကျေးလက်တွင် မဟုတ်ဘဲ မြို့တွင် သူမ အိမ်ဆောက်လိုသည်။


နေ့လည် ၃နာရီတွင် ကျန်းလီယွင်နှင့် ဖုန်းရီက မြို့သို့ ကြက်ကြော်ရောင်းချရန် လှည်းကိုဆွဲ၍ ထွက်လာခဲ့သည်။


သူမတို့ ကြက်ကြော်ဆိုင်ကို မူကြိုကျောင်းရှေ့တွင် ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။


ယနေ့က ကြက်ကြော်ရောင်းချခြင်း တတိယနေ့ဖြစ်ပြီး သူမတို့ ကြက်ကြော်ဆိုင်သတင်းက မြို့ထဲ၌ ပျံ့နှံ့နေပြီ ဖြစ်သည်။


×××××


မူကြိုကျောင်းထဲတွင် ကောင်လေးတစ်ယောက်က ခါးပေါ်လက်ထောက်၍ သူ့သူငယ်ချင်းကို ပြောပြနေသည်။

“ကျောင်းပေါက်ဝက ကြက်ကြော်က အရမ်းကို စားကောင်းတယ်... မနေ့က ငါ့အဖေက ငါ့ကို ကြက်ပေါင်ဝယ်ကျွေးတာလေ... အဲ့ဒါက ငါစားဖူးသမျှထဲ အကောင်းဆုံး ကြက်ပေါင်ပဲ...”


“မင်း သိပြီးပြီလား... အဲ့ကြက်ကြော်က နိုင်ငံခြားကနေ လာတာကွ... နိုင်ငံခြားက လူတွေက ဒါမျိုးတွေ စားကြတာ...”


ထိုကောင်လေး၏ ဘေးနားမှ ကလေးအုပ်စုက အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။


အခြားတစ်ဖက်တွင်မူ ကောင်မလေးတစ်ယောက်က သူမ၏ နေ့လည်စာ ထမင်းဘူးထဲမှ အရိုးလွတ် ကြက်ကြော်တစ်တုံးကို ယူ၍ အခြားကောင်မလေးကို ပေးလိုက်သည်။

“မနေ့က ငါ့အမေက ဝယ်ကျွေးတာလေ... နင် မြည်းကြည့်ကြည့်...”


အရိုးလွတ်ကြက်ကြော်က အေးစက်သွားပြီ ဖြစ်သောကြောင့် မူလကကဲ့သို့ အရသာကောင်းမွန်ခြင်း မရှိတော့သော်လည်း ဆီဖြင့်ကြော်ထားသော အသားဖြစ်သဖြင့် စား၍ကောင်းဆဲပင် ဖြစ်သည်။


ထိုကောင်မလေးက သူမ၏ သူငယ်ချင်းကောင်းမှပေးသော အရိုးလွတ်ကြက်ကြော်ကို မြည်းကြည့်ပြီးနောက် ပျော်ရွှင်စွာ စားသောက်တော့သည်။


×××××


ညနေ၄နာရီတွင် ဓာတုချည်မျှင်စက်ရုံမှ နေ့ဆိုင်း အလုပ်သမများက အလုပ်ဆင်းပြီ ဖြစ်ပြီး လူတိုင်းက စက်ရုံမှ အလောတကြီး ထွက်လာကြသည်။


ထိုစက်ရုံက ဓာတုချည်မျှင်စက်ရုံဖြစ်သဖြင့် အတွင်း၌ အလွန်ပူပြင်းပြီး လူတိုင်းက အဝတ်ပါးပါးသာ ဝတ်ထားကြသည်။


ကျိုးချွင်းရင်က စက်ရုံမှ မထွက်မီတွင် ကုတ်အင်္ကျီထပ်ဝတ်ပြီး ထွက်လာသောအခါ သူမကို စောင့်ဆိုင်းနေသော သူမ၏ ချစ်သူကို စက်ဘီးပေါ်တွင် ထိုင်လျက်တွေ့လိုက်ရသည်။


သူမ ချစ်သူ၏ အမည်မှာ ရှောင်တမင် ဖြစ်သည်။


ရဲဝန်ထမ်းဖြစ်သဖြင့် တစ်ခါတစ်ရံတွင် ညဆိုင်းများ ဆင်းရသည်။ ရှောင်တမင်က ယမန်နေ့ညက ညဆိုင်းဆင်းခဲ့၍ ယနေ့ သူအလုပ်ဆင်းရန် မလိုပေ။


“ချွင်းရင် ...”

ရှောင်တမင်က အော်ခေါ်လိုက်သည်။ ကျိုးချွင်းရင်က သူ့ထံ လမ်းလျှောက်လာလေသည်။


ရှောင်တမင်က ပြောလိုက်သည်။

“ချွင်းရင်... ကိုယ် မင်းကို အရသာရှိတာ လိုက်ကျွေးမယ်...”


“အရသာရှိတာလား .... အဲ့ဒါ ဘာလဲ...”

ကျိုးချွင်းရင်က မေးသည်။


“ကိုယ် မင်းကို ကြက်ပေါင်ဝယ်ကျွေးမယ်... အဲ့ဒါက နိုင်ငံခြားက လာတာလို့ ကြားတယ်...”

ရှောင်တမင်က ပြောလိုက်သည်။


မြို့တွင် စားသောက်ရန် နေရာများစွာ ရှိသည်။ သူမတို့ ချိန်းတွေ့နေကြဖြစ်သောကြောင့် မြို့ထဲရှိ ခေါက်ဆွဲဆိုင်၊ ဂျုံကြာဇံဆိုင်များတွင် နေ့တိုင်းစားရသည်က ရိုးသွားပြီ ဖြစ်သည်။


ကြက်ကြော်ကမူ သူမတို့ ယခင်က မမြည်းစမ်းဖူးသေးသော စားစရာဖြစ်သည်။


“နိုင်ငံခြားက လာတာလား...”

ကျိုးချွင်းရင်က အံ့ဩတကြီး မေးလာသည်။


ရှောင်တမင်က စက်ဘီးထိုင်ခုံအနောက်ခုံကို ပုတ်ပြပြီး ကျိုးချွင်းရင်ကို ထိုင်စေသည်။

“လာ... သွားကြရအောင်...”


ထိုအချိန်တွင် စွင်းကျင်ရှန်းကလည်း ညီမဖြစ်သူ စွင်းစွေ့စွေ့နှင့် လမ်းလျှောက်လာလေသည်။


စွင်းစွေ့စွေ့က အဆက်မပြတ်ပြောနေသည်။

“အစ်ကိုကြီး... လူတိုင်းက ပြောကြတယ် အဲ့ကြက်ကြော်က အရမ်း စားကောင်းတာတဲ့... အစ်ကိုကြီးလည်း မြည်းကြည့်သင့်တယ်...”


စွင်းစွေ့စွေ့က အလုပ်မရှိသေးပေ။ သူမက အလုပ်မလုပ်ချင်သောကြောင့် မဟုတ်ဘဲ အလုပ်ရရန် ခက်ခဲနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဒေသမှ ထူးခြားသော အရည်အချင်း မရှိသော သူမကဲ့သို့ သူများအတွက် အလုပ်ရရန် ခက်ခဲလှသည်။


ရလဒ်အနေဖြင့် သူမထံ၌ အချိန်ပိုများစွာရှိပြီး သူငယ်ချင်းများနှင့် တစ်ခါတစ်ရံ မြို့ပေါ်သို့ အလည်အပတ်သွားလေ့ရှိပြီး ဟင်းသီးဟင်းရွက်အရိုင်းများကို လိုက်ရှာခြင်းများလည်း လုပ်လေ့ရှိသည်။


သူမ သူငယ်ချင်းထံမှ ကြက်ကြော်အရသာရှိကြောင်း သတင်းများ ကြားလာရသောအခါ စွင်းစွေ့စွေ့လည်း မြည်းစမ်းလိုသည်။ သူမထံ၌ ပိုက်ဆံမရှိသောကြောင့် သူမ၏ အစ်ကိုကြီး ပြန်လာသောအခါ ဝယ်ကျွေးရန် ပူဆာရတော့သည်။ သို့မှသာ သူမ စားနိုင်ပေမည်။


“အဲ့ဒါသာ အရသာမရှိရင် နင်နဲ့ ငါနဲ့ တွေ့ပြီမှတ်...”

စွင်းကျင်ရှန်းက ပြောသည်။


စွင်းကျင်ရှန်းတို့မောင်နှမ မူကြိုကျောင်းအပေါက်ဝသို့ ရောက်သောအခါ ကျောင်းက မဆင်းသေးပေ။ သို့ရာတွင် ကျန်းလီယွင်၏ ဆိုင်တွင် လူများက ကြက်ကြော်များ ဝယ်ယူနေကြပြီ ဖြစ်သည်။


ကျန်းလီယွင်နှင့် ဖုန်းရီကို တွေ့သောအခါ စွင်းကျင်ရှန်းက အံ့ဩသွားသည်။ 

“မင်းတို့လား... မင်းတို့က ကြက်ကြော်လည်း ရောင်းကြတာလား...”


ကျန်းလီယွင်က ဖြေသည်။

“ဟုတ်တယ်... ကျွန်မတို့က မနက်ပိုင်းမှာ ဖက်ထုပ်အိုးကပ်ကြော်ရောင်းပြီး နေ့လည်ပိုင်းမှာ ကြက်ကြော်ရောင်းတာပါ...”


“မင်းတို့ လုပ်နိုင်တယ်လား...”

စွင်းကျင်ရှန်းက မေးလာသည်။


“လုပ်နိုင်ပါသေးတယ်... မိသားစုတွေကလည်း ကူညီပေးကြတယ်လေ...”

ကျန်းလီယွင်က ဖြေသည်။


သူမနှင့် ဖုန်းရီအတွက် ဤနေ့ရက်များက အလွန်ပင် အလုပ်များလှသည်။ အထူးသဖြင့် ဖုန်းရီက အိမ်ဆောက်ရာတွင်လည်း သွားရောက်ကြည့်ရှုပေးရသောကြောင့် ကျန်းလီယွင်ထက်ပင် ပို၍ အလုပ်များသေးသည်။ သို့ရာတွင် ငယ်ရွယ်ကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်များ အပြည့်နှင့် ဖြစ်သောကြောင့် သူတို့ ပင်ပန်းရကောင်းမှန်း မသိကြပေ။


“အမြတ်ရော ကျန်လား...”

စွင်းကျင်ရှန်းက မေးလာပြန်သည်။


ကျန်းလီယွင်က ပြုံး၍ ဖြေလိုက်သည်။

“ပုံမှန်အလုပ်ထက်တော့ ပိုကောင်းပါတယ်...”


စွင်းကျင်ရှန်းက ဆွဲဆောင်ခံလိုက်ရပြန်သည်။ သူက ယခင်ကတည်းမှ စီးပွားရေးစလုပ်ချင်နေခြင်း ဖြစ်ပြီး ဘာလုပ်ရမည် မသိ ဖြစ်နေသည်။ သက်ပြင်းချရင်းဖြင့် ပြောလာသည်။

“ငါ အရိုးလွတ်ကြက်ကြော် ၁ယွမ်ဖိုးနဲ့ ကြက်တောင်ပံ၂ခု၊ ကြက်ကြော်၂ခု ယူမယ်…”



🏡🏡🏡