Chapter 48
Viewers 5k

🏡 Chapter 48

ဂွမ်းကပ်ပြုလုပ်ခြင်း



ကြက်ကိုယ်ထည်ကို အကောင်းဆုံး အခြေအနေ ရရှိလာစေရန်အတွက် ၂ကြိမ်ကြော်ပေးရန် လိုအပ်သည်။ ပထမအကြိမ် ကြော်ပြီးနောက် အိုးထဲမှ ထုတ်၍ ခဏ လေသလပ်ခံပြီး နောက်တစ်ကြိမ် ထပ်ကြော်ရသည်။


ကျန်းလီယွင်က ကြက်ကြော်ကို အိုးထဲမှ ထုတ်လိုက်သောအခါ ကျန်းလီဖျင်က မစောင့်နိုင်ဘဲ မေးလိုက်သည်။ 

“မြန်မြန်လေး… ငါ့ကို ပေးမြည်းတော့…”


ကျန်းလီယွင်က ပြန်ဖြေသည်။ 

“နောက်ထပ် ကြော်ဖို့ လိုသေးတယ်…”


“ပြဿနာများလိုက်တာ…”

ကျန်းလီဖျင်က ကြက်ကိုယ်ထည်ကို စိတ်အားထက်သန်စွာ ကြည့်ပြီး မေးလိုက်သည်။


“ဒါ နင့်ဘာသာ တတ်လာတဲ့ နည်းလမ်းလား… ဒါမှမဟုတ် တကယ်ပဲ နိုင်ငံခြားနည်းလမ်းလား…”


သစ်သားဘုတ်ပြားတွင် ကပ်ထားသော စာများဖြစ်သည့် “နိုင်ငံခြားကြက်ကြော်”ကို ကြည့်ပြီး ကျန်းလီဖျင်က လှန်လိုက်ရာ အခြားတစ်ဖက်တွင် “အရှေ့မြောက်ပိုင်း ဖက်ထုပ်အိုးကပ်ကြော်” ဟူ၍ ထပ်မံ တွေ့လိုက်ရသည်။


“သတင်းစာကို ကြည့်လိုက်… အဲ့မှာ နိုင်ငံခြားကြက်ကြော်ဆိုင်က တရုတ်မှာ ဆိုင်လာဖွင့်တဲ့ အကြောင်းပါတယ်…”

ကျန်းလီယွင်က ကျန်းလီဖျင်ကို သတင်းစာ လှမ်းပေးလိုက်သည်။


စာဖတ်ပြီး ခဏအကြာတွင် ကျန်းလီဖျင်က ကျန်းလီယွင်ကို တိုးညှင်းစွာ ပြောလာသည်။

“နင် ဒါကို သတင်းစာကြည့်ပြီး လုပ်တတ်သွားတာလား…”


ကျန်းလီယွင်က ပြုံး၍ မည်သည့်စကားမှ မဆိုပေ။ မပြောဘဲ သိသာစွာ အတည်ပြုပေးလိုက်သည်။


ထိုအမူအရာကို မြင်ပြီးသောအခါ ကျန်းလီဖျင်က ဈေးဝယ်သူများနှင့် စကားပြောရန် ထွက်သွားလိုက်သည်။ သူမ၏ ညီမက မြို့တော်၌ နိုင်ငံခြားသားတစ်ဦးထံမှ သင်ကြားလာပြီး သူမတို့ ဆိုင်၏ ကြက်ကြော်မှာ မူရင်းအရသာ စစ်မှန်ကြောင်း ကြော်ငြာလေသည်။ 


ကျန်းလီယွင် ယမန်နေ့က ရှင်းပြခဲ့သည်မှာ အကျဉ်းချုံးမျှသာ ဖြစ်ပြီး ကျန်းလီဖျင်က အသေးစိတ် အချက်အလက်များဖြင့် သူမတို့ ဆိုင်မှ ကြက်ကြော်၏ အဆင့်အတန်းကို နတ်သမီးပုံပြင်များကဲ့သို့ တီထွင်၍ ပြောပြလေသည်။


သူမက အဆက်မပြတ် ပြောပြနေပြီး ဈေးဝယ်များက သေးငယ်သော ကြက်ကြော်ဆိုင်လေး၏ အထင်ကြီးလောက်သော အရည်အသွေးများကို အံ့ဩလေးစားစွာ နားထောင်နေကြသည်။ 


ထိုသို့ ပြောလက်စဖြင့် ကျန်းလီဖျင်က ကျန်းလီယွင်ကို ပြောလိုက်သည်။

“လီယွင် ငါ့ကို နောက်ထပ် အရိုးလွတ် ကြက်ကြော်ရော ပေးလို့ရမလား...”


သူမက ဆိုင်ကို ကြော်ငြာပေးခဲ့ပြီး ဈေးဝယ်များကို ဆွဲဆောင်ပေးခဲ့သည်ဖြစ်ရာ ကျန်းလီယွင်က သူမကို နောက်ထပ်ကြက်ကြော်များ ပေးသင့်သည်။


ဝါးတံစို့လေးကို ကိုင်ပြီး ဈေးဝယ်များနှင့် စကားပြောရင်း ကျန်းလီယွင်ကို မေးလိုက်သည်။

“ငါ ကြက်ပေါင်လေး စားလို့ရမလား...”


“မရဘူး...”

ကျန်းလီယွင်က တွေဝေခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်။


“သိပ် ကပ်စေးနည်းတာပဲ...”

ကျန်းလီဖျင်က ဆိုသည်။


ကျန်းလီယွင်က သက်ပြင်းချလိုက်သည်။

“အစ်မလည်း ကျွန်မအပေါ် မရက်ရောဖူးပါဘူး...”


ထိုအရာက မှန်ကန်သဖြင့် ကျန်းလီဖျင်က မည်သည့်စကားမှ မပြောနိုင်တော့ဘဲ မှန်ကန်ကြောင်း ဝန်ခံလိုက်ရသည်။


ကျန်းလီယွင်က ယနေ့ ဈေးရောင်းကောင်းပြီး လူအုပ်ကြီးက သူမ ဆိုင်ကို ဝန်းရံလျက်ရှိသည်။


သို့ရာတွင် သူမက ကြက်ကြော်ပမာဏကို ပုံမှန်အတိုင်းသာ လုပ်လာပြီး အရှိန်လည်း နှေးလှသည်။ သူမ ရောင်းရန် ပစ္စည်းများမှာ အကန့်အသတ်နှင့် ဖြစ်သည်။


ကျန်းလီယွင်က နောင်တွင် ဟမ်ဘာဂါနှင့် ကြက်ကြော်ဆိုင်များတွင် ကြက်သားကိုကြော်ရန် သီးသန့်အထူးထုတ်ထားသော စက်များကို သတိရမိသည်။ ထိုစက်များတွင် တိကျသော အပူရှိန်နှင့် အချိန်ကို ထိန်းညှိထားကြသောကြောင့် အလွန် မြန်ဆန်လှသည်။


သူမ ယခု ထိုစက်များကို မရနိုင်ပေ။ ကြက်၅ကောင် ရောင်းချပြီးသောအခါ သူမက အတော်လေး ပင်ပန်းသွားပြီး သူမကိုယ်တွင် ကြက်ကြော်ရနံ့များ စွဲကျန်နေခဲ့သည်။


ထိုအကြောင်းကို တွေးပြီးနောက် ကျန်းလီယွင်က အဆုတ်ကို ထိခိုက်စေနိုင်သော ချက်ပြုတ်ရာမှ ထွက်လာသည့် မီးခိုးငွေ့များကို များစွာ ရှုရှိုက်မိခြင်းမှ ရှောင်ကျဉ်နိုင်ရန် အကာအကွယ် မျက်နှာဖုံးများ ဝယ်ရန် စိတ်ကူးလိုက်သည်။


သူမ မှတ်ဉာဏ်များအရ ၁၉၉၀ပြည့်နှစ်များတွင် အုတ်စက်ရုံက အလုပ်သမားများကို အကာအကွယ် မျက်နှာဖုံးများကို စတင်၍ ထောက်ပံ့ခဲ့သည်။ ယခု ဈေးထဲတွင် ထိုပစ္စည်းများ ကျန်ကောင်းကျန်နေနိုင်သေးသည်။


သူမ ကြက်ကြော်ရောင်းချပြီးနောက် ကျန်းလီဖျင်က ကြက်ကိုယ်ထည်ကို ယူဆောင်၍ ပြန်သွားသည်။ ကျန်းလီယွင်က အရိုးလွတ်ကြက်သားပိုင်းကို ဖုန်းရီအတွက် ချန်ထားပေးပြီး ပြောလိုက်သည်။

“ဖုန်းရီ လာပြီး အရိုးလွတ်ကြက်သားကြော်ကို မြည်းကြည့်ဦး...”


ဖုန်းရီက လုပ်လက်စကို ထားခဲ့ပြီး ကျန်းလီယွင်ဆီ သွားလိုက်သည်။ တစ်ဖက်တွင် ကျန်းလီဖျင်က မဝေးလှသော နေရာ၌ အိတ်ထဲမှ ကြက်ကြော်တစ်ပိုင်းကို ထုတ်ကာ တမြုံ့မြုံ့ဝါးနေသည်။


ကြက်ကြော်ကိုယ်ထည်မှ အပိုင်းတော်တော်များများကို စားပြီးနောက် သူမက ကျန်နေသော ကြက်ကြော်အပိုင်းများကို လီမိသားစုအိမ်သို့ သယ်ဆောင်သွားလိုက်သည်။ သူမ ယူဆောင်လာသော ကြက်ကြော်များဖြင့် မိသားစုများက ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ထားသောကြောင့် အိမ်အဝင်ပေါက်သို့ ပျော်ရွှင်စွာ အပြုံးဖြင့် ဝင်လိုက်သော်လည်း အမေလီနှင့် အဖေလီတို့က တည်တံ့သော မျက်နှာထားဖြင့် စားပွဲတွင် ထိုင်နေကြသည်။


ကျန်းလီဖျင် မျက်နှာမှ ပျော်ရွှင်မှုများက ပျောက်ကွယ်သွားပြီး မနှစ်မြို့ဖွယ်လေထုက အစားထိုးဝင်လာသည်။


“လီဖျင်... နင် ဒီနေ့ မနက်က ယန်မိသားစုနဲ့ ရန်ဖြစ်ခဲ့တယ်ဆို... ဓားနဲ့ပါ ရွယ်ပြီး ခြိမ်းခြောက်ခဲ့တယ်ဆို... “

အမေလီက မေးမြန်းသည်။


“သူက အရင် ကျွန်မ ညီမနဲ့ မိဘတွေကို စော်ကားတာလေ... ဒါကြောင့် သူနဲ့ ကျွန်မ စကားများကြတာ...”

ကျန်းလီဖျင်က ဖြေသည်။


“နင်ပြောတော့ နင့်မိသားစုက နင့်အပေါ် မကောင်းဘူးဆို... နင်နဲ့ နင့်မိသားစု ဆက်ဆံရေးကလည်း သာမန်ပဲ မဟုတ်ဘူးလား... ဒီကိစ္စအတွက်နဲ့ ယန်မိသားစုကို ဆန့်ကျင်လိုက်ရလား...”

အမေလီက မကျေမချမ်း ပြောသည်။


“ကျွန်မတို့က သွေးရင်းသားရင်း မိသားစုတွေပဲ ... ကျွန်မနဲ့ ကျွန်မမိသားစု ဆက်ဆံရေးက အဲ့လောက်မဆိုးရွားပါဘူး... “

ကျန်းလီဖျင်ကလည်း မကျေမနပ်ဖြစ်လာသည်။


အမေလီက ပြောလာသည်။

“ဘာပဲဖြစ်ဖြစ် လူတွေနဲ့ စကားများ ရန်ဖြစ်တယ်ဆိုတာ ကောင်းတာ မဟုတ်ဘူး... အကြောင်းပြချက်မရှိဘဲ သူများ လက်ညှိုးထိုးခံရအောင် မလုပ်နဲ့...”


ကျန်းလီဖျင်က အမေလီ၏ အကြံဉာဏ်ကို နားထောင်နေလိုက်သည်။


သူမ ထင်ခဲ့သည်က မြို့မှ လူများက ကျေးလက်မှ လူများထက် ပို၍ ယဉ်ကျေးမှု ရှိကြသည် ဟူ၍ဖြစ်သည်။


သို့ရာတွင် အမေလီက ပထမဆုံးအနေနှင့် လီရွှီယန်းကို မြို့တော်သို့ ခေါ်၍ ဆေးကုခွင့်မပေးပေ။ ယခုတွင်လည်း ယန်မိသားစုဘက်မှ ဘက်လိုက်နေပြန်သည်။ ကျန်းလီဖျင်၏ မျက်နှာက စူပုပ်လာပြီး ပြောသည်။

“သူက အရင် လာစော်ကားတာလေ... တကယ်လို့ မျက်နှာပျက်ရကြေးဆိုရင် မျက်နှာပျက်ရမဲ့လူက ကျွန်မ မဟုတ်ဘူး...”


ထိုသို့ပြောပြီးနောက် ကျန်းလီဖျင်က သူမ အခန်းထဲသို့ ဝင်သွားသည်။


လီရွှီယန်းက အခန်းထဲ၌ရှိနေပြီး ဘလော့တုံးများဖြင့် ဆော့ကစားနေသည်။ သူမက စိတ်ဆိုးနေသောကြောင့် လမ်းလျှောက်လာပြီး လီရွှီယန်း၏ ဘလော့တုံးများကို ဖြိုချလိုက်သည်။


လီရွှီယန်းက စိတ်မကွက်ဘဲ ရူးကြောင်ကြောင် အပြုံးလေးဖြင့် ကြည့်လာသည်။

“ဇနီးလေး...”


သူ့ကို ယခုလိုတွေ့လိုက်ရသောအခါ ကျန်းလီဖျင်၏ ဒေါသများကကွယ်ပျောက်သွားပြီး အိပ်ရာပေါ်၌ထိုင်ပြီး ပါလာသောကြက်ကြော်ကို ထုတ်၍ ကျွေးသည်။ 

“ဒီနေ့ နင့်အတွက် စားလို့ကောင်းတာ ယူလာတယ်... စားကြည့်ပါဦး...”


လီရွှီယန်းက အစွဲအလမ်းကြီးသော မျက်လုံးများဖြင့် ကြက်ကြော်ကို တပ်မက်စွာ ကြည့်လိုက်သည်။


ကျန်းလီဖျင်က လီရွှီယန်းနှုတ်ခမ်း၌ ကပ်နေသော ကြက်ကြော်အစအနများကို ဖယ်ရှားပေးပြီး မေးလိုက်သည်။

“ယန်ယန်... ငါက နင့်အပေါ် ကောင်းလား...”


“ကောင်းတယ်...”

လီရွှီယန်းက ခေါင်းညိတ်သည်။


“ဒါဆို ငါ့အတွက် စားစရာသွားယူပေးဦး... ဒီနေ့ ငါ အခန်းထဲမှာပဲ စားတော့မယ်...”

ကျန်းလီဖျင်က ပြောသည်။


လီရွှီယန်းက အပိုစကားမဆိုဘဲ စားစရာသွားယူပေးသည်။


သူမတို့သားက စားစရာလာယူသောအခါ အထူးသဖြင့် အကောင်းဆုံးအပိုင်းများကို ရွေးယူသောအခါ လီမိဘများက စိတ်အနှောင့်အယှက် ဖြစ်လာသည်။


သူမတို့သားက ကျန်းလီဖျင်၏ အစေခံနီးပါး ဖြစ်နေသည်။


ယခင်က လီမိဘများက သူမတို့သားကို မပြည့်စုံ၍ ပစ်ထားခဲ့မည်ကို စိုးရိမ်သောကြောင့် ကျန်းလီဖျင်ကိုအလိုလိုက်၍ ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။


အစတွင် ကျန်းလီဖျင်က သူမတို့သားကို အိမ်မှုကိစ္စများကို ခိုင်းစေသည်။ သူမတို့ မိဘများက ထိုအရာကို သည်းခံနိုင်သေးသည်။ သို့ရာတွင် ကျန်းလီဖျင်က နေရာတိုင်းတွင် ဝင်စွက်ဖက်လာသည်။


ကျန်းလီဖျင်က သူမတို့သားကို ဆေးရုံသို့ ခေါ်သွားပြီး အပြင်၌ ထွက်၍ အလုပ်လုပ်သည်။ ယနေ့၌ အခြားသူများနှင့် ဓားကိုင်၍ ရန်ဖြစ်လာသည်။ 


အဖေလီက တိုးညှင်းစွာ ပြောလာသည်။

“ငါ အမြဲ ပြောပါတယ်... သူက ဂနာမငြိမ်ပါဘူးလို့... အထိုင်ကျမှာ မဟုတ်ဘူး...”


အမေလီက သူမ ယောက်ျားကို နှစ်သိမ့်ပေးသည်။

“သူက ကျေးတောသူဆိုတော့ အသိဉာဏ်က အကန့်အသတ်ရှိတယ်... သူ့ကို ကျေနပ်အောင် လုပ်ပေးလိုက်ရအောင်...ရွှီယန်းနဲ့ ကလေးရလာရင် အထိုင်ကျသွားလိမ့်မယ်...”


သူမတို့ လင်မယားနှစ်ယောက် တီးတိုးစကားဆိုပြီး ကျန်းလီဖျင်ကို အနည်းငယ်မျှထပ်၍ အလိုလိုက် အကြိုက်ဆောင်ကြရန် ညှိနှိုင်းလိုက်သည်။


သူမတို့သားက မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ အများတကာ၏ လှောင်ပြောင်သရော်ခြင်းကို ခံရလေ့ရှိသည်။ လက်ထပ်ရန် အရွယ်ရောက်လာသောအခါတွင်လည်း လက်ထပ်မည့် မိန်းကလေး မရှိခဲ့ပေ။ 


သူမတို့သားက အနည်းငယ် နှေးကွေးသော်လည်း စမတ်ကျ၍ လှပသော ချွေးမတစ်ယောက်ရှာနိုင်ကြောင်း အခြားသူများကို သိစေချင်သည်။


ကျန်းလီဖျင်က အမှန်တွင် လှပပြီး အပြုအမူကောင်းရှိသည်။ ဂျူနီယာအထက်တန်းကျောင်းပြီးထားပြီး သူမတို့ လီမိသားစုကို မျက်နှာရစေသည်။ သို့ရာတွင် ကျန်းလီဖျင်က ထိန်းချုပ်ရခက်သည်။


သူမက သာမန်ကျေးတောသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးနှင့် မရင်းနှီးပေ။ လီမိသားစုနှင့်လည်း မနီးစပ်ပေ။ အနည်းငယ် ချော့မော့နားချလိုက်ပါက လုံလောက်ပေသည်။


×××××


နောက်တစ်ရက်တွင် ကျန်းလီယွင်က မြို့တွင် ဖက်ထုပ်ရောင်းရန် ဆိုင်နေရာချသည်။


ယန်မိသားစုက သူမ ဆိုင်ဘေးတွင် လာမဖွင့်ရဲလောက်ဟု ထင်ထားခဲ့သည်က အမှန်ပင် ဖြစ်လာသည်။


ယနေ့ သူမဆိုင်ဘေးက ဘန်းမုန့်ရောင်းသော ဆိုင်က ဖွင့်လှစ်သော်လည်း သူမ၏ လက်ရာအတိုင်း တုပထားသော ဖက်ထုပ်အိုးကပ်ကြော်ဆိုင်က မဖွင့်ပေ။


ကျန်းလီယွင်က ဆိုင်နေရာချပြီး ယခင် ရက်များကဲ့သို့ ဖက်ထုပ်ကြော်ရန် ပြင်ဆင်သည်။


ကမ္ဘာပေါ်မှ လူများက စပ်စုကြသည်။


ယနေ့တွင် သူမ ဆိုင်၏ စီးပွားရေးက ပိုကောင်းနေသည်ကို သတိပြုမိပြီး ယမန်နေ့က အဖြစ်အပျက်များကို မေးရန် ဖက်ထုပ်လာဝယ်ကြသော ဈေးဝယ်များလည်း ရှိသည်။


ထိုလူများက ဖက်ထုပ်ဝယ်ခြင်းထက် အတင်းအဖျင်းကို ပို၍ စိတ်ဝင်စားသည်ဟု သူမ သံသယဖြစ်မိသည်။


သူမ ဆိုင်နားတွင် ရပ်လျက် အမေယန်က အခြားသူများအပေါ် စော်ကားမော်ကား ဆက်ဆံပုံများအကြောင်း အတင်းပြောရသည်ကို ပျော်နေကြပုံရသည်။


သူမတို့မြို့တွင် အမေယန်၌ ကောင်းမွန်သော ဂုဏ်သတင်းမရှိပေ။


တိုတိုပြောရလျှင် လူများစွာက ကျန်းလီယွင်ကို အမေယန် အကြောင်း ပြောပြလာကြသည်။


“အဲ့ မိန်းမကြီးက နှုတ်သီးကောင်းလျှာပါးလေ... သူများ အကြောင်း အတင်းတအားပြောတာ...”


“သူတို့ ဒီနေရာမှာ ဆိုင်ထပ်မဖွင့်တော့တာ ကောင်းတယ်... ဒါဆို ငါလည်း သူ့ဆီက အားနာပြီး ဝယ်စရာ မလိုတော့ဘူး...”


“နင် မသိလို့နော်... ငါ သူ့ဆိုင်က ဝယ်သမျှ ဖက်ထုပ်က မကျက်တာနဲ့ တူးနေတာနဲ့ ...”


“နင့်ရဲ့ ဖက်ထုပ်က စားလို့အကောင်းဆုံးပဲ...”


...


ကျန်းလီယွင်က ပြုံး၍သာ နေလိုက်သည်။ အမေယန်အကြောင်း အတင်းများကို သံပြိုင်လိုက်၍ မပြောချင်သလို သူမ၏ အဆင့်အတန်းကိုလည်း မနှိမ့်ချလိုပေ။ ဝယ်သူများကို ရိုးရှင်းစွာပင် ဝယ်ယူအားပေးမှုကြောင့် ကျေးဇူးတင်လိုက်သည်။


ထိုဝယ်သူများက ပျော်ရွှင်စွာဖြင့် သူမထံမှ ဖက်ထုပ်များစွာ ဝယ်သွားကြသည့်အပြင် လက်ဖက်ကြက်ဥများကိုလည်း အပြောင်ရှင်းသွားကြသည်။


ကျန်းလီယွင်က ယမန်နေ့က ဖက်ထုပ်များကို လျှော့၍ ပြင်ဆင်ခဲ့သော်လည်း ယနေ့တွင်မူ ပုံမှန်ပမာဏအတိုင်း ပြင်ဆင်ခဲ့သည်။


ထိုကြောင့် သူမ အိမ်ပြန်လမ်းတွင် ယနေ့ ရငွေကို တွက်ချက်ကြည့်ရာတွင် ယွမ်၃၀ကျော် ရှာနိုင်ခဲ့သည်။


ကျန်းလီယွင်က စိတ်အခြေအနေကောင်းနေပြီး နေ့လည်စာ စားပြီးနောက် ချည်စများ ဝယ်ပြီး ဂွမ်းကပ် ၂ထည် ပြုလုပ်ပေးရန် သူမ အမေကို ပြောလိုက်သည်။


အမေကျန်းက ပြောလာသည်။

“နှစ်ထည်က မလောက်ဘူး... သမီး အနည်းဆုံး ၆ထည် ချုပ်ရမှာ...”


“ဂွမ်းကပ် ၆ထည်လား...”

ကျန်းလီယွင်က မည်သည်ကို ဆိုလိုမှန်း မသိသေးပေ။


အမေကျန်းက ရှင်းပြလာသည်။

“လက်ထပ်တဲ့အခါ အမေတို့တုန်းက ဂွမ်းကပ် ၆ထည် ပြင်ကြတယ်... တချို့က ၈ထည် ပြင်ကြတာ... သမီး နည်းနည်း စောင့်လိုက်ပါလား... အမေ့ ကျန်းမာရေးလည်း ကောင်းလာပြီ... နောက်နှစ်ဆို အမေ ပိုးမွေးမလို့... အဲ့အချိန်ကျရင် သမီးအတွက် ပိုးနဲ့ ချုပ်ပေးမယ်... သမီး အစ်မအတွက်လည်း အမေပဲ လုပ်ပေးတာလေ...”


ကျန်းလီဖျင် လက်ထပ်သောအခါက အမေကျန်းက အိမ်၌ရှိသော ချည်စများကို သုံးပြီး ဂွမ်းကပ်၄ထည် ပြင်ဆင်ပေးလိုက်သည်။ ကျန်းလီယွင် လက်ထပ်မည့်အခါ သူမက တူညီစွာ ၄ထည် ပြင်ဆင်ပေးမည် ဖြစ်သည်။ ကျန်းလီယွင်ထံမှ ပိုက်ဆံအနည်းငယ်ပါ ထပ်ရပါက ၆ထည် ပြင်ပေးနိုင်မည် ဖြစ်သည်။


ကျန်းလီယွင်က သက်ပြင်းချလိုက်သည်။

“အမေ သမီးက အခု လိုတာ... သမီး ဂွမ်းကပ်က မနွေးတော့ဘူး ဖုန်းရီဟာရောပဲ...”


ဖုန်းရီနှင့် သူမ လက်ထပ်ရန် နောက်၃နှစ်ခန့် လိုသေးသည်။ သူမတို့ ယခုအချိန်၌ ပိုင်ဆိုင်မှု မည်သည်မှ မရှိပေ။ ထို့ကြောင့် သူမက လက်ထပ်ရန် မတွေးသေးပေ။


နေရာတိုင်းမှ လူများစွာက နှစ်ချီ၍ ချိန်းတွေ့ကြပြီးနောက်မှ လက်ထပ်ကြသည် ဖြစ်ရာ နှစ်အနည်းငယ် စောင့်ဆိုင်းခြင်းက ဖုန်းရီအတွက်လည်း မနစ်နာနိုင်ပေ။


အမေကျန်းက အံ့အားသင့်သွားသည်။

“အိုး... အမေ သိပြီ... အမေ သမီးရဲ့ ဒုတိယအဒေါ်ကို အကူအညီတောင်းကြည့်မယ်...”


ကျန်းလီယွင်က အကြံပေးလာသည်။

“အမေ ဒုတိယအဒေါ်ကို မဟုတ်ဘဲ အကြီးဆုံးအဒေါ်ကိုပဲ အကူအညီတောင်းလိုက်ပါ...”


သူမ၏ ဒုတိယအဒေါ်က လူဆိုးမဟုတ်သော်လည်း သူမထံ၌ ကိုယ်ပိုင်အတွေးများရှိပြီး သူများကို အကူအညီမပေးလိုပေ။


သူမ အမေသာ ဒုတိယအဒေါ်ကို အကူအညီ တောင်းလိုက်ပါက နောက်ကွယ်တွင် အတင်းပြောလိမ့်မည် ဖြစ်သည်။

( T/N - ကျန်းအာ့ရှု့ရဲ့မိန်းမ ကြက်ရောင်းတဲ့တစ်ယောက်ကို ပြောတာပါ )


သူမ၏ အကြီးဆုံးအဒေါ်ထံမှ အကူအညီတောင်းခြင်းက မတူညီပေ။ သူမ အဒေါ်က သူမ အဖေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး အေးဆေးသော အကျင့်စရိုက်ရှိသည်။ အခြားသူများကို ဂွမ်းကပ်လုပ်ရန် အကူအညီပေးခြင်းက သူမအဒေါ်အတွက် ပြဿနာ မဖြစ်စေပေ။


သူမ အဒေါ်ကို ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်ပါက အဆင်ပြေနိုင်သည်။


“ကောင်းပါပြီ‌...”

အမေကျန်းက နာခံစွာ သဘောတူလိုက်သည်။



🏡🏡🏡