Chapter 47
Viewers 5k

🏡 Chapter 47



ကျန်းလီဖျင်က စကားပြောရန် အချိန်ကိုက်ဖြစ်သည်ဟု ယူဆကာ ပြောလိုက်သည်။

“အမေ့သားအကြီးလည်း လက်ထပ်ရော အမေက အိမ်ဆောက်ဖို့ ပိုက်ဆံတွေ အများကြီး သုံးတယ်ပေါ့... သမီး လက်ထပ်တုန်းကတော့ အမေက ဘာမှ မထောက်ပံ့ခဲ့ဘူး... တစ်မိသားစုတည်းသားချင်းကို အမေက ဘက်မလိုက်သင့်ပါဘူး...”


“အစ်မ... အိမ်မှာ ပိုက်ဆံမရှိပါဘူး... အိမ်ဆောက်တဲ့ အုတ်တွေအားလုံးက အကြွေးနဲ့ ဝယ်ထားတာ... အိမ်ဆောက်ပြီးတာနဲ့ ယွမ်ထောင်ပေါင်းများစွာ အကြွေးတင်နေခဲ့မှာ... “

ကျန်းလီယွင်က ကျန်းလီဖျင်ကို ကြည့်လိုက်သည်။


“ညီမတို့က တစ်မိသားစုတည်း ဖြစ်တာကြောင့် အစ်မရော နည်းနည်းလောက် ထောက်ပံ့ပါလား... လွန်ခဲ့တဲ့ရက်ကတော့ ညီမက အဖေနဲ့ အမေကို ယွမ်၁၀၀ ပေးခဲ့တယ်...”


“ငါက ဘယ်က ပိုက်ဆံရမှာလဲ... ငါက အခုချိန် မိသားစုထဲမှာ အဆင်းရဲဆုံးပဲ... လွန်ခဲ့တဲ့ရက်က ဆေးရုံသွားခဲ့ပေမယ့် ငွေမတတ်နိုင်ခဲ့ဘူး... ငါ့ယောက္ခမတွေကို ပိုက်ဆံတောင်းတော့လည်း သူတို့က ငြင်းလိုက်တယ်...”

ကျန်းလီဖျင်က ပြောသည်။


ကျန်းလီယွင်က ကျန်းလီဖျင် ချဲ့ကားပြောဆိုနေသည်ဟု တွေးသော်လည်း အမေကျန်းကမူ ကျန်းလီဖျင်၏ စကားကို ယုံကြည်ပြီး စိုးရိမ်စွာ ကြည့်နေသည်။


ကျန်းလီယွင်က ရုတ်တရက် မေးလိုက်သည်။

“အစ်မ ဘာဖြစ်လို့လဲ... လာ အခု ဆေးရုံသွားပြီး စစ်ဆေးကြည့်ရအောင်...”


ကျန်းလီဖျင်က တည်ငြိမ်စွာဖြင့် ငြင်းဆန်လိုက်သည်။

“မလိုပါဘူး...”


ကျန်းလီဖျင် ငြိမ်သက်သွားသည်ကို မြင်သောအခါ ကျန်းလီယွင်က ပြောလာသည်။

“ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ် အစ်မ...”


“ငါလည်း အဲ့အဖွားကြီးကို ကြည့်မရပါဘူး... ဒီနေ့ သူ့ကို ပါးရိုက်လိုက်ရတာ စိတ်ထဲ အတော်လေး ကျေနပ်သွားတယ်...”

ကျန်းလီဖျင်က ပြောသည်။


“ညီမက အခု ဖက်ထုပ်ကြော်ရောင်းပြီးတော့ နေ့လည်ကျရင် ကြက်ကြော်ရောင်းရဦးမှာ... အစ်မ ပြန်ဖို့ အလျင်မလိုဘူးဆိုရင် နေ့လည်ကျရင် ကြက်ကြော် နည်းနည်း ထည့်ပေးလိုက်မယ်...”

ကျန်းလီယွင်က ကမ်းလှမ်းလာသည်။


ကျန်းလီဖျင်၏ စိတ်နေသဘောထားက မည်သို့ပင် ဖြစ်စေကာမူ ယနေ့အတွက် သူမကို ကျေးဇူးတင်ရမည် ဖြစ်သည်။


ကျန်းလီယွင်၏ ပျူငှာသော ပြောပုံဆိုပုံကို တွေ့ရသောအခါ ကျန်းလီဖျင်က မေးလာသည်။

“လီယွင်... နင် အခုတလော ပိုက်ဆံရှာနိုင်တယ်မလား... ငါ့ကို ဖက်ထုပ်လုပ်နည်းသင်ပေးပါလား... ငါလည်း ဆိုင်ဖွင့်ချင်လို့...”


ကျန်းလီယွင်က ပြောလိုက်သည်။

“ညီမတို့ မနက်၄နာရီ အိပ်ရာထရတယ်... ဖက်ထုပ်လုပ်ပြီး ကြော်ရတာက တစ်နေ့လုံး... ဖက်ထုပ်ကြော်တဲ့ ဒယ်ပြားက တော်တော်လေးတယ်... အစ်မ မကိုင်နိုင်လောက်ဘူး...”


ကျန်းလီဖျင်က ကျန်းလီယွင်ကဲ့သို့ ဖက်ထုပ်ရောင်းရန် တွေးမိသော်လည်း သူမတစ်ယောက်တည်းနှင့် လေးလံသော ဒယ်ပြားကို မ'ခြင်းကဲ့သို့ အလုပ်များကို မလုပ်နိုင်ပေ။ ဖုန်းရီက ဖက်ထုပ်လုပ်ပေးနိုင်သော်လည်း လီရွှီယန်းက မလုပ်နိုင်ပေ။ သူမ၏ ယောက္ခမများကလည်း သူမကို ကူညီလိမ့်မည် မဟုတ်ပေ။


ကျန်းလီယွင်က ထပ်ဖြည့်၍ ပြောလာသည်။

“အစ်မ ညီမကို ဖက်ထုပ်လုပ်ဖို့ လာကူလုပ်ပေးမယ် ဆိုရင် လစာပေးနိုင်ပါတယ်...”


“နင် ဘယ်လောက်ပေးမှာလဲ...”

ကျန်းလီဖျင်က မေးသည်။


“တစ်လကို ယွမ်၅၀ ပါ...”

ကျန်းလီယွင်က ဖြေသည်။


ထိုပမာဏက နည်းလွန်းသည်ဟု ကျန်းလီဖျင်က ထင်သည်။ 

“ထားလိုက်တော့... ငါ အခု အင်္ကျီချုပ်နေတယ်... တစ်လကို ယွမ် ၇၀ - ၈၀ လောက်ရတယ်... မနက်အစောကို လမ်းဘေးမှာ ထိုင်ပြီး အလုပ်လုပ်ရမှာထက်စာရင် တော်သေးတယ်...”


ယခုကာလက များစွာ မသိသာသော်လည်း ဆောင်းတွင်းရောက်ပါက ရာသီဥတုက ပို၍ အေးလာပေမည်။ လမ်းဘေး၌ ထိုင်၍ ဖက်ထုပ်ထုပ်ခြင်းက ဒုက္ခခံခြင်း တစ်မျိုးပင် ဖြစ်သည်။


ကျန်းလီယွင်က ပြောသည်။

“အထဲမှာ နေပြီး အဝတ်ချုပ်တာက တကယ်တမ်းပြောရရင် ပို သက်သာပါတယ်”


“အင်္ကျီချုပ်ရတာက အဆင်ပြေပါတယ်...”


သူမတို့ စကားပြောနေရင်းဖြင့် အိမ်သို့ ရောက်ရှိလာသည်။


ကျန်းလီယွင်က ယနေ့ ချက်ပြုတ်ရန် ဟင်းပွဲများကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမက ကြက်ကလီစာကို ကြက်သွန်၊ ကြက်သွန်မြိတ်၊ ကြက်ဥနှင့် မွှေကြော်သည်။ အသားလုံးနှင့် ဟင်းရွက်စွပ်ပြုတ်ကို မုန်လာဥအချောင်းလိုက် လှီးထည့်၍ အိုးလုံပိတ်ပြီး နှပ်ထားသည်။


ကျန်းလီဖျင်က ထမင်းစားသောအခါတွင်လည်း အကောင်းဆုံး အပိုင်းများကို ရွေးချယ်ပြီး ပျော်ရွှင်စွာ စားသောက်နေသည်။ 

“အိမ်က အမြဲတမ်း အကောင်းဆုံးပါပဲ... အဖေနဲ့အမေ... အစ်ကိုကြီး အိမ်ဆောက်တဲ့အခါ သမီးလည်း ထောက်ပံ့ပေးရမှာပေါ့... နောက်ပိုင်း အချိန်ရရင် သမီး လာကူညီမယ်...”


“ကောင်းပြီ...”

အမေကျန်းတို့ လင်မယားက သဘောတူကြသည်။


ကျန်းလီဟိုင်က ကျန်းလီဖျင်က အိမ်မှအပြန်တွင် မိဘများထံမှ ပိုက်ဆံမတောင်းသည့်အတွက် သူမ စကားလုံးများကြောင့် ရင်ထဲ ထိရှသွားသည်။


ကျန်းလီဖျင်က အစားကောင်းစားချင်၍ အိမ်သို့ လာမည်ပြောသည်ဟု ကျန်းလီယွင်က တိတ်ဆိတ်စွာဖြင့် တွေးနေလိုက်သည်။


လီအိမ်က အစားအသောက်များက ကောင်းမွန်သော်လည်း ယခုအခြေအနေ၌ ကျန်းအိမ်၏ စားဖွယ်များကို မမီနိုင်ပေ။


ထိုအချိန်တွင် ဦးလေးကျန်းက ပြောလာသည်။

“လီဖျင်... နင့်အစ်ကိုကို ထောက်ပံ့ရကောင်းမှန်း သိလာတာ ကောင်းတယ်... နင်က အမြဲတမ်း မဆီမလျော်တွေ ပြုမူနေတာ... မိဘတွေနဲ့ ငြင်းခုံနေတာချည်းပဲ... ဘယ်လိုသမီးမျိုးက အဲ့လို ပြုမူလို့လဲ... လီယွင်ဆီက သင်ယူဦး...”


ဦးလေးကျန်းက စကားပြောသည်နှင့် တော်ရုံနှင့် မရပ်တန့်တော့ပေ။ ကျန်းလီဖျင်၏ ရှေးရှေးကာလမှ အကြောင်းအရာများအထိ ပြောနေခြင်းဖြစ်သည်။


နောက်ဆို အိမ်ပြန်မလာတာက ပိုကောင်းဦးမယ် ထင်တယ်...

ကျန်းလီဖျင်က သူမဘာသာ တွေးနေမိသည်။


ဦးလေးကျန်းက လီရွှီယန်းကိုပါ ဝေဖန်လာသည်။

“လီဖျင် နင်လက်ထပ်ထားတဲ့သူက... လူကို ပြောစရာ စကားပျောက်ဆုံးအောင် လုပ်နေတာပဲ... သူ့အရပ်ကိုရော ထည့်မတွေးခဲ့ဘူးလား... သူ့ကို အသက် ၃နှစ်ခွဲလို့တောင် ငါထင်မိတယ်...”


ဦးလေးကျန်း၏ စကားများကြောင့် ဒေါသထွက်လာသော်လည်း သူမ လျစ်လျူရှုလိုက်သည်။


ဦးလေးကျန်းကလည်း ပိုကောင်းမနေပေ။ အတိတ်ကို ပြန်ပြောရလျှင် အဖိုးနှင့် အဖွားက သူ့ကို မျက်နှာသာပေးပြီး သူက အကျိုးအမြတ် အတော်များများ ရရှိခဲ့သည်။


ကျေးလက်ဒေသများတွင် မိသားစုများအတွက် အဖိုးတန်သောအရာများမှာ “အိမ်သုံးကိရိယာများ” ဖြစ်သည်။


အိုးခွက်၊ ဒယ်အိုး၊ ဒယ်ပြား၊ ပရိဘောဂမျိုးစုံ၊ သစ်သားစည်ပိုင်းနှင့် လယ်ယာသုံး ကိရိယာများ...


ထိုအရာအားလုံးကို အိမ်သုံးကိရိယာဟု ခေါ်သည်။


သို့ရာတွင် ဦးလေးကျန်းကို မနှစ်သက်သော်လည်း မုန်းတီးခြင်း မဟုတ်ပေ။


သူမတို့ ပြဿနာတစ်ခုခုကြုံလာပါက ဦးလေးကျန်းက အစဉ်အမြဲ ငွေချေးပေးခဲ့သည်။ သူမ ယခင်ဘဝတွင် ကိုယ်တစ်ပိုင်းအကြောသေသွားစဉ်ကလည်း ဦးလေးကျန်းက ယွမ်၂၀၀၀ ပေးခဲ့ပြီး ပြန်မဆပ်ရန် ပြောခဲ့သည်။ ကျန်းလီယွီ ပျောက်ဆုံးသွားသောအခါတွင်လည်း နေရာတိုင်း၌ ရှာဖွေရန် သားနှစ်ယောက်ကို ခိုင်းစေခဲ့သည်။


နေ့လည်စာစားပြီးနောက် ကျန်းလီယွင်က သူမ အခန်းသို့ နားရန် ပြန်လာခဲ့သည်။


မကြာမီပင် ကျန်းလီဖျင်က ဝင်လာပြီး ပြောသည်။

“လီယွင်... ငါနင့်ကို မေးစရာရှိတယ်...”


“အစ်မ ဘာမေးမလို့လဲ...”

ကျန်းလီယွင်က အပေါ်ထပ်အင်္ကျီကို ချွတ်၍ အိပ်ရာပေါ် လှဲလိုက်သည်။


“တကယ်လို့ ငါ့မှာ နင့်ခဲအိုနဲ့ ကလေးတွေ ရလာရင် ကလေးတွေက နင့်ခဲအိုနဲ့ တူမှာလား...”

ကျန်းလီဖျင်က မေးလာသည်။


“အစ်မ... နောက်ဆုံးကျရင် ကလေးတွေ ဘယ်လိုဖြစ်မလဲတော့ ညီမလည်း မသိဘူး... ဒါပေမယ့် စဉ်းစားကြည့်ကြည့်... အစ်မ ကလေးတွေသာ လီရွှီယန်းနဲ့ တူရင် အစ်မ အနာဂတ်မှာ ဘာဆက်လုပ်မလဲ... ကလေးရဲ့ ပညာရေးက သာမန်ညောင်ညပဲ ဖြစ်မှာ... အစ်မက လှောင်ပြောင်မှုတွေ ခံရနိုင်တယ်... ဘဝတစ်လျှောက်လုံး သူ့အတွက်ပဲ စိတ်ပူပြီးနေရမှာ... တခြားသူတွေက သူတို့ကလေးရဲ့ အောင်မြင်မှုကို ဂုဏ်ယူနေချိန်မှာ အစ်မက အစ်မကလေးအတွက် စိုးရိမ်နေရမှာ...”


ကျန်းလီယွင်က များစွာ ပြောပြီးနောက် မေးလိုက်သည်။

“အစ်မ... သင်းယန်ဖန်းကို မှတ်မိသေးလား...”


ကျန်းလီဖျင်က အံကြိတ်လျက် ပြောလာသည်။

“မှတ်မိတာပေါ့...”


သင်းယန်ဖန်းဆိုသူက ကျန်းလီဖျင်၏ ရည်စားဟောင်းဖြစ်ပြီး သူ့အပေါ် မကျေမချမ်းမှုများ အပြည့်ရှိဆဲ ဖြစ်သည်။


“အစ်မ... သင်းယန်ဖန်း မိဘတွေက အတော်လေး ငွေကြေး တတ်နိုင်တယ်... အနာဂတ်မှာ သူက အောင်မြင်မှု ရလာနိုင်တယ်... လှတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းမှာ... အဲ့လိုဆိုရင် အစ်မက ရူးသွပ်မိုက်မဲတဲ့ ယောက်ျားနဲ့ လက်ထပ်ပြီး ကျပ်မပြည့်တဲ့ ကလေးကို ပြုစုပျိုးထောင်နေရမှာ... သူက ထင်လိမ့်မယ်... အဲ့တုန်းက ကံကောင်းလို့ အစ်မနဲ့ လက်မထပ်ဖြစ်တာဆိုပြီး...”

ကျန်းလီယွင်၏ စကားများက မှန်ကန်ပြီး ကျန်းလီဖျင်၏ နှလုံးသားထဲသို့ ဖောက်ဝင်ထိရှသွားသည်။


သင်းယန်ဖန်းက မိဘများနှင့် အတူ နယ်မြို့တစ်မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ထိုမြို့က နောင်တွင် တိုးတက်လာပြီး ခရိုင်စီရင်စုအဆင့် မြို့တစ်မြို့ ဖြစ်လာခဲ့သည်။


သူ၏ မိဘများက အဆက်အသွယ်ရှိသဖြင့် လျှပ်စစ်စွမ်းအင်နှင့်ဆိုင်သော အစိုးရဌာနသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူက စာဆက်လက်လေ့လာပြီး ဒီဂရီတစ်ခု ရယူနိုင်ခဲ့သည်။ နောင်တွင် ထို လျှပ်စစ်ဌာန၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။


ထိုနှစ်ကာလများတွင် ကျေးလက်ဒေသများက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံရလေ့ရှိပြီး လျှပ်စစ်ဌာနက ကုမ္ပဏီများစွာ၏ မျက်နှာသာပေးခြင်း ခံရသော ပစ်မှတ် ဖြစ်လာခဲ့သည်။ သူဌေးပေါင်း မြောက်များစွာက သူတို့အဖွဲ့ကို ဖိတ်ကြား၍ ညစာကျွေးခြင်း၊ လက်ဆောင်များ ပေးခြင်းပြုလုပ်ပြီး သူတို့စက်ရုံကို ဓာတ်အားပြတ်တောက်မှု မကြုံရစေရန် မျှော်လင့်ကြသည်။


နှစ်များစွာ ကြာလာသောအခါ သင်းယန်ဖန်းက မြို့လယ်၌ ပိုင်ဆိုင်မှုများစွာ ရှိလာခဲ့သည်။ ပျော်ရွှင်စွာ လက်ထပ်ခဲ့ပြီး ပညာရေးအခြေအနေများ မကောင်းမွန်သော သူ့သမီးကိုပင် လျှပ်စစ်ဌာနသို့ အလုပ်သွင်းပေးခဲ့သည်။


သူ့ဘဝက ကျန်းလီဖျင်နှင့် ယှဉ်လျှင် လုံးဝကို ကွာခြားနေခဲ့သည်။


သူမ၏ ယခင်ဘဝတွင် ကျန်းလီဖျင်က အမုန်းတရား၊ မကျေမချမ်းနိုင်မှုများ ခံစားရသောကြောင့် သင်းယန်ဖန်းကို တိုင်ကြားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။


ကျန်းလီဖျင်က ကျန်းလီယွင်၏ စကားများကို ကြားရပြီးနောက် ဒေါသထွက်ပြီး အံကို တင်းတင်းကြိတ်လိုက်သည်။


ကျန်းလီယွင်က သူမ အစ်မကို နည်းနည်းပိုဆွပေးလိုက်ပါက သူမ စီးပွားရေးလုပ်ငန်းတစ်ခု စတင်လောက်မည် ဟု မျှော်လင့်ခဲ့သည်။ သူမ အစ်မကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် မျှော်လင့်မိသည်။


ကျန်းလီဖျင်သာ ကိုယ်တိုင် ပိုက်ဆံရှာနိုင်ပါက အိမ်ပိုင်နိုင်သည်။

ဘယ်ယောက်ျားကို လိုဦးမလဲ...


တကယ့်လက်တွေ့တွင်မူ...


ကျန်းလီဖျင်က တစ်ခဏမျှ မျက်မှောင်ကြုတ်၍ ရုတ်တရက်မေးလာသည်။

“လီယွင် အစ်ကိုကြီးနဲ့ အတူပါလာတဲ့ ပန်းပွင့်ပုံစံဘောင်းဘီကို ဝတ်လာပြီး ဆံပင်ကို ဂျယ်လိမ်းလာတဲ့ လူက ဘယ်သူလဲ... သူက လက်ထပ်ပြီးပြီလား...” 


ကျန်းလီဖျင်၏ စိတ်က လျင်မြန်စွာ အလုပ်လုပ်သွားသဖြင့် ကျန်းလီယွင်က တစ်ခဏမျှ လိုက်မမီ ဖြစ်သွားသည်။


ကျန်းလီဖျင်က ဆက်ပြောသည်။

“သူ့ကို ကြည့်ရတာ အတော်လေး ပိုက်ဆံရှိမယ့် ပုံပဲ...”


ကျန်းလီယွင်က သက်ပြင်းချလျက် ဆိုသည်။

“ညီမလည်း သူ့ကို သေချာမသိဘူး… အစ်ကိုကြီးကို မေးလိုက်နော်... ညီမ တစ်ရေးအိပ်လိုက်ဦးမယ်...”


ကျန်းလီဖျင်က စွင်းကျင်ရှန်းကို သဘောကျသွားတာလား... သိချင်ရုံပဲလား...


ကျန်းလီယွင်၏ နေ့ခင်း တစ်ရေးအိပ်ချိန်က တိုတောင်းလှသည်။ သူမက နှိုးစက်ပေးထားပြီး မိနစ်၄၀မျှသာ အိပ်လေ့ရှိသည်။


သူမ ၁၂နာရီ ဝန်းကျင်၌ နိုးလာပြီး အဒေါ်ကျန်းက ကြက်၅ကောင်ကို ပေါ်၍ လာပေးပြီးပြီ ဖြစ်သည်။


ယမန်နေ့တွင် အဒေါ်ကျန်းက ကြက်ကိုင်ရာတွင် နှေးကွေးခဲ့သော်လည်း ယနေ့ ပို၍ မြန်ဆန်လာပြီဖြစ်သည်။ ကျန်းလီယွင်က ကြက်၅ကောင်ကို ခုတ်ထစ်ပြီး အရသာဝင်အောင် နှပ်သည်။ ထို့နောက် ကြက်သားကြော်ရန် မုန့်နှစ်များကို ပြင်ဆင်သည်။


ကြက်တောင်ပံ၊ ဒူးဆစ်ကဲ့သို့ အစိတ်အပိုင်းများကို မုန့်နှစ်နှင့် ကပ်၍ ကြော်ပြီး အရိုးလွတ် ကြက်သားအပိုင်းများကို ဂျုံမှုန့်ဖြင့် အုပ်၍ ကြော်သည်။


ပေါင်မုန့်အစအနများကို သုံးနိုင်သော်လည်း သူမ ကုန်ကြမ်း ရှာမရခဲ့ပေ။ ထိုကြောင့် သူမက ဂျုံမှုန့်နှင့် အခြား ပါဝင်ပစ္စည်းများကို သုံး၍ သူမကိုယ်ပိုင်နည်းလမ်းဖြင့် ကြက်သားကြော်ခြင်း ဖြစ်သည်။


ထိုအချိန်က လူများက မူလကြက်ကြော်ကို မမြည်းစမ်းဖူးသောကြောင့် သူမ၏ အရိုးလွတ် ကြက်ကြော်ကို အရသာရှိစွာ စားသောက်ရသည်ကို နှစ်သက်ကြသည်။


အရာအားလုံး အဆင်သင့်ဖြစ်သောအခါ နေ့လည် ၃နာရီရှိပြီ ဖြစ်သည်။ ကျန်းလီယွင်က ဖုန်းရီနှင့် ကျန်းလီဖျင်ကို ခေါ်၍ မြို့သို့ ကြက်ကြော်ရောင်းရန် ထွက်လာခဲ့သည်။


မြို့က များစွာ မကျယ်ဝန်းပေ။ ထို့ကြောင့် သတင်းများက ပျံ့နှံ့သွားသည်။ ကျန်းလီယွင်တို့အဖွဲ့ ဆိုင်ခင်းသောအခါ လူများက ချဉ်းကပ်လာပြီး မနက်ပိုင်းက ဖြစ်ပွားခဲ့သည်များကို မေးမြန်းကြသည်။


ကျန်းလီယွင်က ရှင်းပြရန် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း ကျန်းလီဖျင်က အမေယန်အကြောင်း အတင်းအဖျင်းများ စတင်ပြောတော့သည်။


မည်သို့ပင်ဆိုစေကာမူ အမေယန်၏ အကြောင်းကို သူမ စိတ်ဝင်စားခြင်း မရှိဘဲ အိုးထဲသို့ ကြက်တောင်ပံများ ထည့်၍ စတင်ကြော်လှော်သည်။


ကြက်ကြော်၏ မွှေးပျံ့သော အနံ့လေး ထွက်ပေါ်လာသောအခါ ကျန်းလီဖျင်၏ ကိုယ်က တဆတ်ဆတ် တုန်ယင်လာသည်။


သူမက ဆီပူအိုးကို စိုက်ကြည့်၍ သွားရည်ယိုလာသည်။


ငါ ဒီလောက် အရသာရှိတာ မမြည်းဖူးဘူး...


ကျန်းလီယွင်က သူမကို ကြက်တောင်ပံပေးမည်ဟု ကတိပေးထားသည်။

ဘာလို့ အခုထိ မရသေးတာလဲ...



🏡🏡🏡