Chapter 46
Viewers 5k

🏡 Chapter 46

ကျန်းလီဖျင်



ကျန်းလီဖျင် နောက်ဆုံးအကြိမ် မြို့ပေါ်သို့ လာစဉ်က ကျန်းလီယွင်နှင့် စကားများပြီး အဆုံးသတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူမ အလုပ်ရှာဖွေရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။


လီမိသားစုအိမ်၌ နေစဉ်တွင် သူမကို အစားအသောက်၊ အဝတ်အထည်များနှင့် ဖြည်းဆည်းပေးသော်လည်း လက်ထဲတွင် ငွေမရှိသဖြင့် စိတ်မသက်မသာခံစားရဆဲဖြစ်သည်။


သူမ၏ ယောက္ခမများကို မျက်နှာပြောင်တိုက်ပြီး ပိုက်ဆံတောင်းလိုက်သော်လည်း သူမ၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးနေသောကြောင့် ငွေသားပေးကိုင်ရန် ဆန္ဒမရှိကြပေ။


မြို့ထဲတွင် အလုပ်ရှာပြီးနောက် သေးငယ်သော အလုပ်ရုံတစ်ခုတွင် အလုပ်ရလာခဲ့သည်။ သူမက စက်ချုပ်တတ်သဖြင့် အဝတ်တစ်ထည်ချင်းစီကို လုပ်ခတွက်ချက်၍ ငွေရရှိသည်။


ကျန်းလီဖျင်က ခက်ခဲသော အလုပ်များကို မလုပ်လိုပေ။ သူမက မနက် ၈နာရီတွင် အလုပ်ရုံသို့ ရောက်ရှိပြီး နေ့လည်ထမင်းစားနားချိန်၌ အိမ်တွင် လုပ်စရာကိစ္စများ ရှိသည်ဟု အကြောင်းပြ၍ ၂နာရီကြာ အနားယူပြီး ညနေတွင်လည်း စောစောအိမ်ပြန်လေ့ရှိသည်။


ဤနည်းဖြင့် ရရှိသော ဝင်ငွေက နည်းပါးသော်လည်း သူမ ဘဝက သက်တောင့်သက်သာဖြစ်ပေသည်။ လွန်ခဲ့သောလအတွင်း၌ သူမ ကျန်းလီယွင်ကို သွားမတွေ့ခဲ့ပေ။ 


သို့ရာတွင် သူမ ယောက္ခမများက အကြိမ်ပေါင်းများစွာ ကျန်းလီယွင်နှင့် ဆက်ဆံရေးတိုးတက်အောင် နေရန် တိုက်တွန်းလာကြသည်။


သူမက ဆန္ဒမရှိသော်လည်း ယောက္ခမများထံမှ အကြိမ်များစွာ တိုက်တွန်းခံရသောအခါ သူမ ညီမ ပြောခဲ့သော သူမ ခင်ပွန်းက မျိုးရိုးလိုက်သော စိတ်နှင့်ပတ်သက်သော ဝေဒနာ ရှိကြောင်းကို သတိရလာမိသည်။


ကျန်းလီဖျင်က လီရွှီယန်းနှင့် လက်ထပ်ရန် ဆန္ဒရှိခြင်းမှာ သူမ စိတ်ထဲ၌ သတ်မှတ်ထားသည့် စိတ်ဝေဒနာရှင်ပုံစံနှင့် ကွဲထွက်နေ၍ ဖြစ်သည်။ လီရွှီယန်းက နေ့စဉ်ဘဝတွင် အမှီအခိုကင်း၍ စကားကောင်းစွာ ပြောနိုင်ပြီး အိမ်မှုကိစ္စများကိုလည်း လုပ်ကိုင်နိုင်သည်။


အဓိကကျသောအချက်မှာ လီရွှီယန်းက သူမ ပြောသမျှ စကားတိုင်းကို နာခံသောကြောင့် ဖြစ်သည်။


သူမ ခြေထောက်ရေဆေးရန် ရေယူခိုင်းသောအခါတွင်လည်း လီရွှီယန်းက မတုံ့ဆိုင်းဘဲ လုပ်ဆောင်ပေးသည်။


သူမ ရည်းစားဟောင်းနှင့် တွဲနေစဉ်က သူမကိုယ်သူမ နှိမ့်ချ၍ ထိုလူနှင့် ထိုတစ်မိသားစုလုံး ကျေနပ်အောင် ပြုလုပ်ပေးခဲ့သည်။ ယခုတွင် လီရွှီယန်းကဲ့သို့လူမျိုးနှင့် ကြုံရသောအခါ သူမက သဘာဝကျကျပင် ချစ်ကျွမ်းဝင်ခဲ့သည်။ အိမ်တွင် သူမ စိတ်ကျေနပ်အောင် လီရွှီယန်းက လိုက်လျောပေးလေ့ရှိသည်။


သို့ရာတွင် သူမ၏ အနာဂတ်တွင် မွေးလာမည့် ကလေးများတွင်ပါ ထိုကဲ့သို့ မျိုးရိုးလိုက်သောရောဂါ စွဲကပ်ပါက ဒုက္ခများပေလိမ့်မည်။


ကျန်းလီဖျင်က သူမ ဘဝက လက်ရှိအခြေအနေတိုင်း ရှိနေသော်ငြား သူမ၏ ကလေးများကို စာကြိုးစား၍ ကောလိပ်သို့ တက်စေချင်သည်။


ကျန်းလီဖျင်က လီရွှီယန်းကို ခေါ်၍ ဆရာဝန်နှင့် ပြသကာ သူ၏ ပေါကြောင်ကြောင်နိုင်မှုက မျိုးရိုးလိုက်နိုင်သလား မေးမြန်းခဲ့သည်။


သူမတို့မြို့ဆေးရုံ၌ ရှိသော ဆရာဝန်က ဆေးပညာအရည်အချင်း သာမန်သာဖြစ်သည့်အပြင် အများစုမှာ အပ်စိုက်ဆရာများ ဖြစ်ကြသည်။ သူမကို တိကျသော အဖြေများ မပေးနိုင်ခဲ့သည်မှာ သဘာဝပင်။ သူမကို ဖြစ်နိုင်ခြေရှိကြောင်းသာ ပြောနိုင်ခဲ့သည်။


ကျန်းလီဖျင်က အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် လီရွှီယန်းကို ခေါ်၍ မြို့တော်ရှိ ဆေးရုံသို့ ပြသ၍ ထပ်မံစစ်ဆေးကြည့်လိုသည်။


သူမ ထိုအကြောင်း လီမိဘများကို ပြောပြသောအခါ မထင်မှတ်ထားဘဲ လီမိဘများက လီရွှီယန်းကို မြို့တော်သို့ ခေါ်မသွားရန် အကြောက်အကန် ငြင်းဆန်လာသည်။


မူလတွင် ကျန်းလီဖျင်က ထိုကိစ္စနှင့် ပတ်သက်၍ များစွာ မတွေးထားခဲ့သော်လည်း လီမိဘများ၏ အပြုအမူက သူမကို မျိုးရိုးလိုက်ခြင်းကိစ္စအပေါ် ဖြစ်နိုင်ခြေများသည်ဟု ခံစားမိလာစေသည်။


ထို့ကြောင့် မနက်စောစောတွင် ချောင်းထိုရွာသို့ ကျန်းလီဖျင် ပြန်လာခဲ့ပြီး သူမ မိဘများနှင့် ညီမဖြစ်သူကို စောင့်ဆိုင်း၍ ယခုအခြေအနေကို ကိုင်တွယ်ရန်နှင့် ပတ်သက်၍ အကြံဉာဏ်တောင်းရန် စီစဉ်ထားခဲ့သည်။ 


မူလက သူမ ညီမ၏ စကားများကို သံသယဝင်နေခဲ့သော်လည်း ယခုတွင် အကူအညီတောင်းရန် ပြန်လာခဲ့သဖြင့် အနည်းငယ် ရှက်ရွံ့မိသည်။ သို့ရာတွင် သူမက မျက်နှာပျက်ရမည်ကို မည်သည်အခါကမှ ပူပန်ခဲ့ခြင်း မရှိပေ။


သူမ ရွာသို့ ပြန်ရောက်သောအခါ သူမ မိသားစုက အိမ်အသစ်ဆောက်လုပ်နေသည်ကို မမျှော်လင့်ထားဘဲ တွေ့လိုက်ရပြီး သူမ အစ်ကိုက လက်တွဲဖော်ရှာတွေ့သွားပြီ ဖြစ်သည်။


အမေတို့က ပိုက်ဆံမရှိဘူးလို့ ပြောပြီး အစ်ကိုကြီးအတွက်ကျ အိမ်ဆောက်ပေးနေတယ်ပေါ့လေ...


ဆိုင်ထွက်တာပဲ ဖြစ်ဖြစ် အိမ်ဆောက်တာပဲ ဖြစ်ဖြစ် ငါ့ကိုလည်း ဘာမှ အသိမပေးဘူး...


ကျန်းလီဖျင်က စိတ်ရှုပ်ထွေးစွာဖြင့် မိဘများနှင့် ကျန်းလီယွင်ကို တွေ့ရန် မြို့သို့ သွားခဲ့သည်။ 


အိမ်ဆောက်သည့်ကိစ္စကိုလည်း သူမ မေးရမည်ဖြစ်သည်။ သူမ လက်ထပ်သည့်အချိန်က ခန်းဝင်ပစ္စည်းများ မထောက်ပံ့နိုင်သော်လည်း ယခုအခါတွင် သူမ အစ်ကိုအတွက် အိမ်အသစ်တစ်လုံး ဆောက်ပေးနေသည်။ အကြောင်းအရင်းကို သူမ မေးကို မေးရမည် ဖြစ်သည်။


မြို့သို့ရောက်သည်နှင့် သူမကို အံ့ဩသွားစေသည်က ကျန်းလီယွင်ကို ရှာမတွေ့သော်လည်း ကျန်းလီယွင်အကြောင်း ကောလဟာလများကို ဖြန့်ပြီး သူမ မိဘများကို ခြိမ်းခြောက်နေသည့် အမေယန်၏ လုပ်ရပ်များကို မျက်မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။


ကျန်းလီဖျင်နှင့် အမေယန်တို့၏ အငြှိုးတရားတို့က အဆုံးမသတ်တော့ပေ။ 


ကျန်းလီဖျင်၏ ယခင်ရည်းစားက မိသားစုနှင့် အခြားမြို့သို့ ပြောင်းရွှေ့သွားသောအခါ သူမက အကြီးအကျယ် ထိခိုက်ခံစားခဲ့ရသည်။


ပထမအစပိုင်းတွင် ငွေကြေးအခြေအနေကြောင့် ထိုကောင်လေးအနားသို့ ချဉ်းကပ်ခဲ့ခြင်းက မှန်ကန်သော်ငြား ထိုကာလများက ဆယ်ကျော်သက်အရွယ်ဖြစ်သဖြင့် ခံစားချက်များ ဖူးငုံရာ ကာလများ ဖြစ်ခဲ့သည်။ သူမ၏ ရည်းစားဟောင်းက ရုပ်ရည်ကြည့်ကောင်းပြီး ငွေကြေးပြေလည်ကာ သူမအတွက် ငွေသုံးရန်လည်း ဆန္ဒရှိခဲ့သည်။


အချိန်များ ကျော်လွန်လာသောအခါ သူမ ရည်းစားဟောင်းအပေါ် စစ်မှန်သော ခံစားချက်များ ပေါ်ထွန်းလာခဲ့သည်။ အမေယန်က မြို့ထဲ၌ ကောလဟာလများ လျှောက်ဖြန့်ခဲ့ပြီး သူမကို မည်သူမျှ မလိုချင်ကြောင်း၊ သူမက နှစ်လိုဖွယ် မရှိကြောင်း သူမ၏ အပြစ်အနာအဆာများကို စောင်းမြောင်းပြောဆိုခဲ့သည်။


ထိုအချိန်က သူမ အမေယန်ကို စိတ်လိုက်မာန်ပါဖြင့် ရင်ဆိုင်ချင်ခဲ့သော်လည်း ယန်မိသားစု၏ မိသားစု အရေအတွက်က သူမကို တုံ့ဆိုင်းစေခဲ့သည်။


ယနေ့တွင်မူ နာကြည်းချက် အဟောင်းအသစ်များကြားမှ သူမ၏ စိတ်ခံစားချက်များကို မထိန်းထားနိုင်တော့ပေ။ ဓားကို ရွယ်၍ အမေယန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အခြားသူများကို အပုပ်ချခြင်းနှင့် သူမ မိဘများကို စော်ကားခြင်းတို့ကြောင့် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။


အမေယန်က အောက်တန်းကျသော စကားလုံးများကို ဖုန်းရီနှင့် ကျန်းလီယွင် ရှိစဉ်တွင် မပြောရဲဘဲ သူတို့ ထွက်သွားပြီးနောက် အားနည်းပုံရသော အဖေကျန်းနှင့် အမေကျန်းတို့ကို ခြိမ်းခြောက်၍ စော်ကားရဲခြင်း ဖြစ်သည်။


ယခု သူမ လက်ထဲတွင် ဓားရှိနေပြီ ဖြစ်သောကြောင့် အမေယန်က တစ်လုံးမှ မဟရဲတော့ပေ။


ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်ပွားမှုက လူအုပ်ကြီးကို ဝိုင်းအုံလာစေသည်။ ကျန်းလီဖျင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်ရည်များ ဝဲလာသောမျက်လုံးများဖြင့် အသနားခံ ပြောဆိုလာသည်။

“အားလုံးပဲ...ကျွန်မ မိသားစုက ဒီနေရာမှာ အေးအေးချမ်းချမ်း ဆိုင်ဖွင့်နေတာပါ... သူက တစ်ပုံစံတည်းတူတဲ့ ဆိုင်လိုက်ဖွင့်တာက ကိစ္စမရှိပါဘူး... အခုက ကျွန်မ မိဘတွေကိုပါ စော်ကားနေတာပါ...”


“သူ ဘာလို့များ ဒီလို လုပ်နိုင်ရတာလဲ... ကျွန်မ ညီမနဲ့ သူ့ယောက်ျားက ဆိုင်အတူတူ ဖွင့်ကြတာပါ... သူတို့ ဆက်ဆံရေးက ကောင်းပါတယ်... ဒါကို သူ(အမေယန်)က ကျွန်မ ညီမက တခြားသူတွေကို မြှူဆွယ်ဖို့ ဖက်ထုပ်ရောင်းနေတယ်လို့ အခိုင်အမာပြောနေတာ...”


“ကျွန်မတို့က ရိုးရိုးသားသား စီးပွားရှာနေတာပါ... သူက ဒီလို ကောလဟာလတွေ လိုက်ဖြန့်နေတာပါ... သူက ကျွန်မ ညီမဆိုင်ကို ပျောက်သွားစေချင်နေတာ...”


“သူ ကျွန်မကို အရင်ကလည်း ကောလဟာလတွေ ဖြန့်ခဲ့သေးတယ်... သူ့သားနဲ့ ကျွန်မက အတန်းတူဖော်တွေပါ... သူ့သားကို ကျွန်မက မြှူဆွယ်နေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်...”


“သူ ဘာလို့ ကျွန်မကို အငြှိုးထားနေလဲ မသိတော့ပါဘူး... သူ့ကိုယ်သူနဲ့ ယှဉ်ပြီး လူတိုင်းကို သူ့လို မြှူဆွယ်နေတယ်လို့ ထင်နေတာပါ...”


...


ကျန်းလီဖျင်က အသည်းအသန် ငိုကြွေးလာပြီး သူမ မျက်နှာမှ မျက်ရည်များက စီးကျလာသည်။


ကျန်းလီဖျင်က ဆွဲဆောင်မှု မရှိဘဲ မနေပေ။ သူမ၏ သေးသွယ်သွယ် ပုံရိပ်က အမေကျန်းဆီမှ အမွေဆက်ခံထားပြီး သူမက ကျိုးပဲ့လွယ်သော ကြွေရုပ်လေးကဲ့သို့ပင် ဖြစ်နေသည်။


ငိုနေသော ကျန်းလီဖျင်နှင့် မျက်နှာထား ခက်ထန်နေသော အမေယန်ကို ကြည့်ရင်း လူတိုင်းနီးပါးက ကျန်းလီဖျင်၏ ဘက်တော်သားများ ဖြစ်လာကြသည်။


သူ့ ညီမ၏ အခြေအနေကို ကောင်းစွာ သိသော ကျန်းလီဟိုင်ပင်လျှင် သူ့ ညီမ အနိုင်ကျင့်ခံနေရသည်ဟု ခံစားမိပြီး ခြေလှမ်းကျဲများဖြင့် အမေယန်ရှေ့သို့ လျှောက်လာပြီး စိုက်ကြည့်လိုက်သည်။


ကျန်းလီဟိုင်နှင့် သင်္ဘောအဖွဲ့သားများက တစ်ညလုံး သင်္ဘောပေါ်တွင် နေထိုင်ခဲ့ရပြီး အုတ်စက်ရုံသို့ ယနေ့ မနက်အစောပိုင်းက ပြန်ရောက်လာခဲ့သည်။


ဤအကြိမ်၌ ကျန်းလီဟိုင်က ဂျုံနှင့် ဆန် ပေါင်၂၀၀ကျော် ပြန်သယ်လာခဲ့သည်။


သူက မူလတွင် ကုန်ပစ္စည်းများကို အိမ်သို့ ဦးစွာ ပြန်ပို့ရင်း သူ့အိမ်အသစ်ဆောက်နေသည်ကို စစ်ဆေးကြည့်ချင်သော်လည်း စွင်းကျင်ရှန်းနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့မှ အခြားသူများက မြို့ပေါ်သို့ သွား၍ ဖက်ထုပ်အိုးကပ်ကြော် သွားစားချင်ကြပြီး ကျန်းလီဟိုင်ကို လိုက်ခဲ့မလားဟု မေးလာသည်။


သူတို့၏ ကုန်းပတ်ပေါ်မှ အလုပ်များက ပင်ပန်းလှသည်။ ထို့ကြောင့် အပြင်သို့ ပြန်ရောက်လာပါက သူတို့ကိုယ်သူတို့ ကောင်းမွန်စွာ ပြုစုချင်ကြသည်။


ဖက်ထုပ်အိုးကပ်ကြော်ဆိုသည်မှာ ကျန်းလီယွင်နှင့် ဖုန်းရီတို့ ရောင်းချခြင်း ဖြစ်ပြီး သူတို့ဆီ ဦးတည်၍ သွားကြမည် ဖြစ်သည်။


ကျန်းလီဟိုင်ပါ အတူ လိုက်ပါလာခဲ့သည်။


သူတို့ ဖက်ထုပ်ဆိုင်သို့ ရောက်သောအခါ ကျန်းလီဖျင်က တစ်စုံတစ်ယောက်ကို ပါးရိုက်လိုက်သည်ကို မျက်မြင်တွေ့လိုက်ရသည်။


ပထမတွင် စွင်းကျင်ရှန်းနှင့် အဖွဲ့သားများက ကျန်းလီဖျင်ကို ရက်စက်သည့်သူဟု တွေးလိုက်ကြသော်လည်း သူမ ငိုနေသည်ကို မြင်သောအခါ သူတို့၏ သဘောထားက ချက်ချင်း ပြောင်းလဲသွားသည်။ သူမ အပေါ် စစ်မှန်သော ကိုယ်ချင်းစာမှုများ ခံစားလိုက်ရသည်။


သယ်ယူပို့ဆောင်ရေးအဖွဲ့မှ လူများက ယခင်က ကျန်းလီဖျင်၏ သတင်းများကို ကြားဖူးထားကြသည်။ သူမက လက်ထပ်ပြီးနောက် မြို့ပေါ်တွင် နေထိုင်ချင်သည့်အတွက် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ ငွေကြေးလုပ်အားခ မရသော အခမဲ့ အိမ်အကူအဖြစ်ပင် အလုပ်လုပ်ခဲ့ရပြီး နောက်ဆုံးတွင် အသိဉာဏ် အကန့်အသတ်နှင့် လူတစ်ယောက်ကို လက်ထပ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားသည်။


ယခုတွင် ကျန်းလီဖျင်က စိတ်နှလုံးကြေကွဲဖွယ် ငိုယိုနေသောအခါ စွင်းကျင်ရှန်းနှင့် အဖွဲ့သားများက သူမအတွက် စိတ်မကောင်းဖြစ်မိကြသည်။


ယခင်က ဆန်ကုန်မြေလေးကောင်ထံမှ လှည့်စားခံခဲ့ရသည်။ ထိုသူနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့ပြီး အိမ်မှုကိစ္စများကိုပါ ကူညီခဲ့သော်လည်း နောက်ဆုံးတွင် စွန့်ပစ်ခံခဲ့ရသည်။


သူတို့က ကျန်းလီဟိုင်အနောက်မှ လိုက်၍ ကျန်းလီဖျင်ကို ကာကွယ်ပေးလိုက်ကြသည်။


ယန်ဟိုင်ထောင်ပင်လျှင် ကျန်းလီဖျင်ကို သနားမိပြီး သူ့ကို ဝိုင်းကြည့်နေကြသော အကြည့်များကြောင့် ရှက်ရွံ့လာမိသည်။


ယန်ဟိုင်ထောင်မှာ ယခင်က ကျန်းလီဖျင်နှင့် အဆက်အဆံ မလုပ်ဖူးသော်လည်း သူမ ရည်းစားဟောင်းဖြစ်သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။


ထိုအချိန်က ကျန်းလီဖျင်က ရည်းစားဟောင်း၏ စကားကို နာခံခဲ့ပြီး သူမက လှပသည်။


ကျန်းလီဖျင်၏ ရည်းစားဟောင်းမိသားစု မြို့မှ ပြောင်းပြေးကြသောအခါ သူမနှင့် နီးကပ်ရန် အခွင့်အရေးရလာပြီဟု ယန်ဟိုင်ထောင်က ထင်မိသည်။


သို့ရာတွင် သူ့အမေက ကျန်းလီဖျင်အကြောင်း ကောလဟာလများကို နေရာတိုင်းတွင် ဖြန့်လိုက်သည်။


ငါ ကျန်းလီဖျင်ကို ဘယ်လို ချစ်ခွင့်ပန်ရပါတော့မလဲ...


ဘယ်သူက သူ့လို လက်တွဲဖော်ကို မလိုချင်မှာလဲ... 


ယန်ဟိုင်ထောင်က ကျန်းလီဖျင်ကို သဘောကျသည်။

 

ယနေ့တွင် သူ့အမေက ကျန်းလီဖျင်၏ မိသားစုကို မကောင်းပြောခဲ့ပြီး ကျန်းလီဖျင်က တွေ့သွားခဲ့သည်။ ယန်ဟိုင်ထောင်က ထိုနေရာ၌ပင် အငွေ့ဖြစ်၍ ပျောက်သွားချင်မိသည်။


ဖက်ထုပ်ရောင်းသည့် မိသားစုကသာ ကျန်းလီဖျင်နှင့် ပတ်သက်နေမှန်း သိပါက သူ ဖက်ထုပ်ကို ရောင်းရန် ကြံရွယ်ခဲ့မည် မဟုတ်ပေ။


အခြားသူများ၏ အတွေးများကို သတိမမူမိဘဲ ကျန်းလီဖျင်က သူမ အစ်ကိုနှင့် အရပ်ရှည်ရှည် လူအုပ်ကြီး ချဉ်းကပ်လာသည်ကို မြင်မှ သူမ စိတ်သက်သာရာ ရမိသည်။


သူမက ဓားကို ပစ်ချ၍ အမေယန်၏ မဆီလျော်သော လုပ်ရပ်များအကြောင်း ငို၍ ရှင်းပြနေသည်။ 


ကျန်းလီယွင်က ထိုမြင်ကွင်းကြောင့် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။


ကျန်းလီဖျင် ရောက်လာပြီး ယန်မိသားစု၏ တွန်းလှည်းကို မြင်သောအခါ သူတို့ စီးပွားရေး ပြိုင်လုပ်နေကြသည်ဟုသာ တွေးခဲ့သည်။


ယခု ကျန်းလီယွင် ရောက်ရှိလာပြီ ဖြစ်ပြီး သူမက ဖြစ်ရပ်ကို မြန်ဆန်စွာ နားလည်သွားသည်။


သူမ၏ ယခင်ဘဝတွင် အမေယန်က အိမ်အကူများစွာကို နှင်ထုတ်ပစ်ခဲ့ခြင်း နှင့် စိတ်မချမ်းမြေ့ဖွယ် အခြေအနေတွင် ကျန်နေခဲ့ခြင်း ကဲ့သို့သော အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။ ထိုအရာအားလုံးက ကျန်းလီဖျင်က သူမကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ကျန်းလီဖျင်က အမေယန်အပေါ် အာဃာတများ ရှိလိမ့်မည်ဟု သံသယရှိခဲ့ပြီး ယခုတွင် အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။


ငယ်ရွယ်သော ကျန်းလီဖျင်က အသက်ကြီးသော ပုံစံထက် အမှန်ပင် ပို၍ အထင်ကြီးစရာ ဖြုံလောက်ဖွယ်ရာ ဖြစ်နေသည်။ 


“ကျုပ် ညီမကို အနိုင်ကျင့်လို့ကတော့ ခင်များကို ရိုက်ပစ်ဦးမှာ...”


စွင်းကျင်ရှန်းနှင့် လူတစ်စုကလည်း ကြားဖြတ် ပြောလာသည်။

“ဟုတ်တယ်... ခင်များသာ ကျွန်တော်တို့ ညီမကို အနိုင်ကျင့်ရဲ ကျင့်ကြည့် ... နောင်တရစေရမယ်...”


“ကျုပ်တို့က အုတ်စက်ရုံက .... လာရှုပ်လို့ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူးနော်...”


“ကျန်းလီယွင်... သူတို့ နင့်ကို ထပ်နှောင့်ယှက်ရင် ငါ့တို့ကို ပြော...”


“ဖုန်းရီ... ငါတို့က ညီအစ်ကိုတွေပဲဟာ... တစ်ခုခု ဖြစ်ခဲ့ရင် အော်ခေါ်လိုက်... ငါတို့ မင်းနောက်မှာ အမြဲ ရှိနေမယ်...”


...


ဖုန်းရီနှင့် ကျန်းလီဟိုင်က သူတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသည်။ ကျန်းလီယွင်က ယခင်က သူတို့ကို ဖက်ထုပ်ကြော်များ ကျွေးမွေးဧည့်ခံဖူးပြီး ယခု အမေယန်က သူမကို စော်ကားခဲ့ပြီး သနားကောင်းသော အခြေအနေဖြစ်သည်။


ဒါ ငါတို့ကို စော်ကားလိုက်တာပဲ...


အုတ်စက်ရုံမှ လူအုပ်က တောင့်လှသည်။


ကျန်းလီယွင်က ပြောသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးတို့... ကျွန်မ အစ်ကို အိမ်ဆောက်ပြီးရင် ပွဲကျင်းပမှာ အောင်ပွဲခံဖို့ လာခဲ့ကြပါနော်...”


“သေချာပေါက် လာခဲ့မှာပေါ့...”

လူအုပ်ကြီးက ထောက်ခံလာသည်။


ထို့နောက် ကျန်းလီယွင်က အမေယန်ဘက်ကို လှည့်၍ ပြောလိုက်သည်။

“ယန်မိသားစုက အဒေါ်... ကျွန်မနဲ့ စီးပွားရေးချင်း တူအောင် လိုက်ဖွင့်တာကို ကျွန်မ စိတ်ထဲ မထားပါဘူး... ကျွန်မ မိဘတွေကို စော်ကားတာကိုတော့ ကျွန်မ သည်းမခံနိုင်ဘူး... အခုချက်ချင်း ကျွန်မ မိဘတွေကို တောင်းပန်လိုက်ပါ... မဟုတ်ရင် မနက်ဖြန် ကျွန်မ ရှင့်ရဲ့ အကြီးဆုံးသားနဲ့ ဒုတိယသားရဲ့ အကြီးအကဲဆီသွားရှာမယ်... ရှင့် မြေးမလေးနဲ့ မြေးလေးရဲ့ ဆရာမကို သွားရှာမယ်... ဒီ မတရားမှုကို ဘာပြောကြမလဲ နားထောင်ကြည့်ရအောင်...”


အမေယန်၏ အကြီးဆုံးသားနှင့် ဒုတိယသားက အစိုးရဌာန၌ အလုပ်ရှိကြသည်ကို သူမ မှတ်မိသည်။ ယနေ့ခေတ် လူများက သူတို့အကြီးအကဲထံ တစ်ယောက်ယောက်မှ စောဒကတက်ကြမည်ကို ကြောက်ကြသည်။


နောက်ဆုံးတွင် အမေယန်က သူမ မိဘများကို ဝန်လေးစွာဖြင့် တောင်းပန်လိုက်ပြီး ယန်မိသားစုနှင့် အတူ နေရာမှ ထွက်ခွာသွားကြသည်။


ထိုအချိန်တွင် ယန်ဟိုင်ထောင်၏ ဖက်ထုပ်အိုးသည်လည်း တူးသွားပြီး ဖြစ်ပြီး တူးနံ့ ညှော်နံ့များ ထွက်ပေါ်လာသည်။


ထိုသူများက မနက်ဖြန် ဆိုင်လာဖွင့်ရဲမည် မဟုတ်ဟု တွေးမိသည်။


ယနေ့ သူမတို့ စောစီးစွာ ဆိုင်ပိတ်လိုက်ပြီး အိမ်သို့ ပြန်လာလိုက်ကြသည်။


မြို့ပြင် လမ်းမထက်တွင် လူများ အသွားအလာ ရှင်းလင်းနေသည်။ ဖုန်းရီနှင့် ကျန်းလီဟိုင်တို့က လှည်းကို ဆွဲလာပြီး ကျန်းလီဖျင်က ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ ထုတ်မေးလာသည်။

“အမေ... အစ်ကို့အိမ်ဆောက်ဖို့ ပိုက်ဆံကို ဘယ်က ရတာလဲ... အိမ်မှာ ပိုက်ဆံမရှိဘူးလို့ ပြောခဲ့တယ်မလား.... အခု သမီး အိမ်က ထွက်သွားမှ ရုတ်တရက် အစ်ကိုကြီးအတွက် အိမ်ဆောက်ဖို့ ပိုက်ဆံရှိလာတာလား... သမီးတို့အားလုံးက အမေ့ ကလေးတွေပဲလေ... ဘာလို့ အမေက မျက်နှာလိုက်ရတာလဲ... သမီး အပြင်မှာ ဘယ်လောက်ဒုက္ခများခဲ့လဲ အမေ သိလား...”


ကျန်းလီယွင်က တိတ်ဆိတ်ဆဲ ဖြစ်ပြီး သူမ အစ်မကတော့ တကယ့်ကို သူမ အစ်မပီသပါပေသည်ဟု တွေးမိသည်။


“အစတုန်းက ဟိုလူက သမီးတို့အိမ်က ဆင်းရဲလို့ သမီးကို ထားသွားတာ... အမေသာ အိမ်စောစောဆောက်လိုက်ရင် သမီး ဒီလို အထင်သေးခံရမှာ မဟုတ်ဘူး... အမေသာ သမီးကို အထက်တန်းကျောင်း ထားပေးနိုင်ခဲ့ရင် သမီး အခုဆို ကောလိပ်ကျောင်းသူကြီး ဖြစ်နေလောက်ပြီ...“

ကျန်းလီဖျင်က မကျေနပ်သော အမူအရာများဖြင့် အဖေကျန်းနှင့် အမေကျန်းတို့ကို ပြောနေလေသည်။ သူမ မိဘများသာ ချမ်းသာပါက သူမ၏ အနာဂတ်သည်လည်း တောက်ပပေလိမ့်မည်။


ကျန်းလီယွင်က ထိုအဖြစ်အပျက်ထဲမှ သင်ယူမိသည်။ 


“အမေတို့က သမီးကို မိသားစုလိုကို မဆက်ဆံတာ... အိမ်ဆောက်တာလို ကိစ္စအကြီးကြီးကိုတောင် သမီးကို မပြောကြဘူး...”


ကျန်းမိဘများက အပြစ်ရှိသကဲ့သို့ ခံစားရသည်။ အမေကျန်းက ပြောလာသည်။

“အမေတို့ ဒီရက်ပိုင်း အလုပ်များနေလို့ပါ... “


ဤရက်များတွင် သူတို့က မနက်ပိုင်း ဆိုင်ဖွင့်၍ နေ့လယ်ပိုင်းတွင်လည်း အမျိုးမျိုးသော အိမ်တွင်း အိမ်ပြင်ကိစ္စများကို ကိုင်တွယ်နေရသည်။ ထို့ကြောင့် သူတို့က အိမ်ဆောက်ခြင်းနှင့် ပတ်သက်၍ ကျန်းလီဖျင်ကို အကြောင်းမကြားမိကြပေ။


အဓိကကျသောအချက်မှာ သူမတို့က လီမိသားစုထံ သွားရန် ဝန်လေးမိခြင်း ဖြစ်သည်။



🏡🏡🏡