Chapter 45
Viewers 5k

🏡 Chapter 45

ရန်ဖြစ်ကြခြင်း 



လူကြီးမင်းလျိုက ဓာတုချည်မျှင်စက်ရုံမှ လက်ထောက်ဒါရိုက်တာဖြစ်ပြီး ကြွယ်ဝချမ်းသာကာ အစားကောင်းကြိုက်သူဖြစ်သည်။ အတိတ်ကာလများက အစိုးရပိုင် မနက်စာဆိုင်များသို့ မကြာခဏ သွားစားလေ့ရှိသည်မှာ ကျန်းလီယွင်၏ ဖက်ထုပ်အိုးကပ်ကြော်ကို မမြည်းစမ်းဖူးမီအထိသာ ဖြစ်သည်။ တစ်လကျော်ကြာ ကျန်းလီယွင်ဆိုင်၏ ပင်တိုင်ဖောက်သည်တစ်ဦးဖြစ်လာပြီး အခြားသူများ၏ ဖက်ထုပ်ထက် ကျန်းလီယွင်၏ လက်ရာကို ပိုသဘောကျလာသည်။


ယမန်နေ့က ယန်မိသားစုမှ ဆိုင်ဖွင့်သောအခါ ဝယ်ယူအားပေးခဲ့သော်လည်း သူ ခံတွင်းမတွေ့ခဲ့ပေ။ ယနေ့တွင် ကျန်းမိသားစုဆိုင်သို့ လာ၍ မှာယူလိုက်သည်။

“ဖက်ထုပ်အိုးကပ်ကြော် ၁ယွမ်ဖိုး ပေးပါ...”


ကျန်းလီယွင်က ထိုသူမှာ ကြွပ်ရွသော ဖက်ထုပ်များကို ပိုကြိုက်ကြောင်း သတိထားမိသောကြောင့် ဖုန်းရီကို ဂရုတစိုက်လုပ်ရန် ညွှန်ကြားခဲ့သည်။


ကျန်းလီယွင်၏ အသေးစိတ် အာရုံစိုက်မှုကြောင့် လူကြီးမင်းလျိုက ကျေနပ်သွားရပြီး သပ်ရပ်သော ခေါက်စားပွဲတွင် ထိုင်၍ သူ့အမှာကို စောင့်ဆိုင်းနေသည်။ သူက ဆိုင်တွင် ထိုင်စားရသည်ကို နှစ်သက်ပြီး တစ်ခါတစ်ရံ မိသားစုအတွက် အိမ်သို့ ပါဆယ်ထုပ်သွားတတ်သည်။


သူမ၏ ယခင်ဘဝ၌လည်း လူကြီးမင်းလျိုက အလုပ်မှ ပင်စင်ယူပြီးနောက် မနက်စာဆိုင်သို့ မကြာခဏ လာဝယ်စားလေ့ရှိသောကြောင့် သူမ ရင်းနှီးနေပြီးသားဖြစ်သည်။ ထိုသူ၏ ရှန့်ဟိုင်းတက္ကသိုလ်တွင် တက်ရောက်နေသော ထူးချွန်သော သားဖြစ်သူအကြောင်းလည်း သူမတို့ စကားပြောဖြစ်ကြရာမှ သိထားသည်။


ဖက်ထုပ် ပထမတစ်အိုး အဆင်သင့်ဖြစ်သောအခါ ဖုန်းရီက ကျန်းလီယွင်ရှေ့သို့ ချပေးပြီး ဒုတိယ တစ်အိုးအတွက် စတင်တော့သည်။ ကျန်းလီယွင်က သံဒယ်ပြားထဲတွင် ဖက်ထုပ်များကို အနည်းငယ် ထပ်မံပေါင်းရင်း လူကြီးမင်းလျိုနှင့် စကားပြောနေလိုက်သည်။


လူကြီးမင်းလျို သားဖြစ်သူ၏ အောင်မြင်မှုများအကြောင်း ပြောပြီးသောအခါ ဖက်ထုပ်အိုးကို ဖွင့်ဟ၍ ဖက်ထုပ်၁၂ခုကို ရှာလကာရည်စမ်း၍ လူကြီးမင်းလျိုကို ပေးလိုက်သည်။ အခွံပါးပါး၊ အသားအစာသွပ်အပြည့်နှင့် ဖက်ထုပ်များကို အချဉ်ရည် စမ်းလိုက်သည့်အခါ လူကြီးမင်းလျို အကြိုက်တွေ့သွားသည်။


ထိုစဉ်တွင် အခြား ဝယ်သူများလည်း ရောက်ရှိလာပြီး ယမန်နေ့က ကျန်းလီယွင်ထံမှ ဖက်ထုပ်အစိမ်း ဝယ်သွားသူများက စွပ်ပြုတ်လုပ်သောက်သည်က အရသာရှိကြောင်း၊ အေးသောရာသီဥတုနှင့် ဝမ်းကို နွေးစေသော ဖက်ထုပ်စွပ်ပြုတ်က လိုက်ဖက်ကြောင်း တုံ့ပြန်ချက်များ ပေးလာကြသည်။


“အဓိကကတော့ လုပ်ရလွယ်တာပါပဲ... တစ်ခါတည်းနဲ့ တစ်မိသားစုလုံး လောက်ငှတဲ့ ဟင်းပွဲဖြစ်တယ်လေ... ကျွန်မ ချက်ပြုတ်ဖို့ ပျင်းတဲ့နေ့တွေဆို စွပ်ပြုတ်ထဲကို တခြားပါဝင်ပစ္စည်းတွေပါ ထည့်ပြီး စွပ်ပြုတ်လုပ်စားလိုက်တာပဲ... တစ်ခါတစ်လေဆို ဖက်ထုပ်အစာတွေကို လိပ်ပြီး အသားလုံးလုပ်ပြီး ဟင်းရည်ထဲ ထည့်လိုက်တယ်...”

ကျန်းလီယွင်က အကြံပေးလာသည်။


သူမ၏ စကားလုံးများကြောင့် လူအားလုံးက ဆွဲဆောင်ခံလိုက်ရပြီး ဖက်ထုပ်အစာများကို ဝယ်ယူလိုသော်လည်း ကျန်းလီယွင်က ခွဲမရောင်းသောကြောင့် ထိုအစား ဖက်ထုပ်အစိမ်းကို ဝယ်လိုက်ရသည်။


သူ့ပန်းကန်ထဲမှ ဖက်ထုပ်များ ကုန်သောအခါ လူကြီးမင်းလျိုက ဖက်ထုပ်ကြော် ၂ယွမ်ဖိုး ဝယ်ခဲ့ရုံသာမက ဖက်ထုပ်အစိမ်းလည်း ၂ယွမ်ဖိုး ဝယ်ယူသွားသည်။


“လူကြီးမင်းလျို... ဘာလို့ ဒီလောက်အများကြီး ဝယ်တာလဲ...”

ကျန်းလီယွင်က အံ့အားသင့်ပြီး မေးလိုက်သည်။


“ငါ ဖက်ထုပ်စွပ်ပြုတ်လုပ်စားမလို့လေ... ငါက စွပ်ပြုတ်ထဲ ထမင်းထည့်ပြီး စားရတာ ကြိုက်တယ်...”

လူကြီးမင်းလျိုက ရှင်းပြလာသည်။


“ရှင် ကြိုက်တယ်ဆိုရင် နံရိုးတချို့လည်း စွပ်ပြုတ်ထဲ ထည့်လို့ရတယ်... နောက်ပြီး ဟင်းနုနွယ်၊ မှိုနဲ့ တို့ဟူးလည်း ထည့်လို့ရတယ်...”

ကျန်းလီယွင်က အကြံပေးသည်။


“ကောင်းပြီ... ငါလုပ်ကြည့်မယ်... ဒီနေ့ ငါ့ မိန်းမကို လုပ်ခိုင်းလိုက်မယ်...”

လူကြီးမင်းလျိုက ဖက်ထုပ်များနှင့် ပျော်ရွှင်စွာ ပြန်သွားသည်။


အချိန်တိုအတွင်း ဖက်ထုပ်များစွာ ရောင်းချလိုက်ရသဖြင့် ကျန်းလီယွင်က အတော်လေး ကျေနပ်သွားသည်။


ဘေးကပ်လျက်တွင် နောက်ဆိုင်တစ်ဆိုင် ထပ်ရောက်လာသောကြောင့် သူမက ဖက်ထုပ်များစွာ ပြင်ဆင်လာခဲ့သော်လည်း မရောင်းရမည်ကို စိုးရိမ်နေခဲ့သည်။ သို့ရာတွင် ယခု သူမ ယုံကြည်ချက်များ ရှိလာပြီ ဖြစ်သည်။


ကျန်းဆိုင်၏ လေထုမှာ ပျော်ရွှင်ဖွယ်အတိ ဖြစ်နေစဉ်တွင် ဘေးကပ်ရပ်မှ ယန်ဆိုင်တွင် အရောင်းအဝယ်ပါးလာသည်။


အချို့သော ဝယ်သူများက ဖက်ထုပ်အရွက်ထူထူနှင့် အသားအပြည့်ကို သဘောကျကြသည်။ ထို့အပြင် ဖက်ထုပ်အိုးကပ်ကြော်ကို မစားဖူးသော သူများက ယန်ဆိုင်ကိုမြင်ပြီး ဝယ်ရန် ရွေးချယ်ကြသည်။


အဓိကကျသောအချက်မှာ ယန်မိသားစုက ဤအနီးနားရှိ လူများနှင့် သိကျွမ်းခင်မင်သောကြောင့် ဖြစ်သည်။ လူကြီးမင်းလျိုက ယန်မိသားစုနှင့် များစွာ ရင်းနှီးခြင်း မရှိသောကြောင့် တွေဝေခြင်းမရှိဘဲ ကျန်းဆိုင်မှ ဝယ်ယူသော်လည်း အခြားသူများက ထိုသို့ မလုပ်နိုင်ပေ။


ဝယ်သူများ များပြားလာသောအခါ ယန်ဟိုင်ထောင်က မမောနိုင် မပန်းနိုင် ကြော်လှော်တော့သည်။ သို့ရာတွင် သူ၏ လုပ်ကိုင်သည့်အမြန်နှုန်းမှာ လိုအပ်ချက်ထက် နှေးနေဆဲ ဖြစ်သည်။


စီးပွားရေး တိုးတက်ကောင်းမွန်နေသော်လည်း ယန်မိဘများက ကျေနပ်ခြင်း မရှိပေ။ သူတို့က မျက်နှာထား စူစူပုပ်ပုပ်ဖြင့် ဖက်ထုပ်များ ရောင်းချနေသော ယန်ရှောင်မိန်(ယန်ဟိုင်ထောင်၏ညီမ) နောက်တွင် ရပ်နေကြသည်။ ထိုသဘောထားက ဝယ်သူများကို သဘောမကျစေပေ။


ကျန်းလီယွင်က အရာရာတိုင်းကို သတိပြုမိသည်။ ယန်မိသားစု၏ သိသာသော ချို့ယွင်းချက်၊ အားနည်းချက်များကို တွေ့မြင်ပြီး ထိုသူတို့ထက် ပိုသာအောင် ပြုလုပ်နိုင်မည်ဟု ခံစားမိသည်။


အစပိုင်းတွင် သူမ ဆိုင်ဘေးတွင် ဆိုင်နေရာချကာ ယန်မိသားစု၏ စိတ်မရှည်မှုများကို ခံစားမိသည်။ စီးပွားရေးတွင် စိတ်ရှည်မှုက နောက်ဆုံးလိုအပ်ချက်ဖြစ်သည်။


ထို့အပြင် ဝယ်သူများကို အပြုံးဖြင့် ကြိုဆိုခြင်းက စီးပွားရေး၏ အခြေခံလိုအပ်ချက်တစ်ခုပင် ဖြစ်သည်။ ထိုအရာလေးကိုပင် ယန်မိသားစုက မထိန်းချုပ်နိုင်သည်ကို သူမ မယုံနိုင်ဖြစ်မိသည်။


ဒါနဲ့ အမေယန်က ထောက်ပံ့ရေးနဲ့ ဈေးကွက်ရှာဖွေရေးမှာ အလုပ်လုပ်တာ မဟုတ်ဘူးလား... ဒါဆို ရှင်းပြစရာ မလိုတော့ဘူးပဲ...


အမှန်တွင် မြို့ရှိ အစိုးရပိုင် မနက်စာဆိုင်များက ဖောက်သည်များကို ဆိုးရွားစွာ ဆက်ဆံလေ့ရှိသည်။ အတိတ်က အနေအထားမျိုးတွင် ဝယ်သူများက ဝန်ထမ်းများ၏ ဆက်ဆံရေးဆိုးရွားမှုကို သည်းခံ၍ ဝယ်ခဲ့ကြသည်။


ထိုသို့သော အခြေအနေက ကြာရှည်မခံဘဲ အစိုးရပိုင် မနက်စာဆိုင်များ ပိတ်သွားရသည်။ ဆိုင်များ ပိတ်သွားပြီးနောက် မနက်စာဆိုင်၏ စားဖိုမှူးခေါင်းဆောင်က ကိုယ်ပိုင်ဆိုင်ဖွင့်သေးသည်။ သို့ရာတွင် ထိုသူ၏ သဘောထားဆိုးမှုနှင့် ဆက်ဆံရေးမကောင်းသောကြောင့် စီးပွားရေးမှာ မရှင်သန်ခဲ့ပေ။


သူမ၏ ယခင်ဘဝတွင် ကိုယ်ပိုင်ဆိုင်မဖွင့်မီက ထိုစားဖိုမှူး၏ ဆိုင်တွင် ဖက်ထုပ်တစ်ခါ သွားစားခဲ့ဖူးသည်။ ဖက်ထုပ်ထဲသို့ ရှာလကာရည်ထည့်၍ စားရသည်ကို သူမက ပိုအကြိုက်တွေ့ပြီး ထိုနေ့က ရှာလကာရည် ဇွန်းပေါင်းများစွာ ထည့်လိုက်သော်လည်း ချဉ်သောအရသာ ရမလာပေ။ သူမက ထုတ်ပြောလိုက်သောအခါ စားဖိုမှူးက သူမကို စိုက်ကြည့်၍ သူတို့ဆိုင်မှ ရှာလကာရည်က တကယ့်ကို ချဉ်ကြောင်း၊ အရည်အသွေးကောင်းကြောင်း၊ အခြားသူများကဲ့သို့ ပေါပေါရသဖြင့် အမြောက်အမြားဝယ်ထားသည့် ရှာလကာရည်မျိုး မဟုတ်ကြောင်း အလေးပေးပြောလာသည်။


အရပ်မြင့်မြင့် သန်သန်မာမာလူကြီးက သူမရှေ့တွင် ထိုကဲ့သို့ အချိန်ကြာမြင့်စွာ ပြောလာခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက်တွင် ကျန်းလီယွင်က ထိုဆိုင်သို့ ဖက်ထုပ်သွားမစားတော့ပေ။


မြို့ထဲ၌ ဆီ၊ ဆား၊ ပဲပိစပ်အနှစ်နှင့် ရှာလကာရည်များကို ရောင်းချလေ့ရှိပြီး ရှာလကာရည်များကိုမူ ဘူးများဖြင့် ပါကင်လိုက် ရောင်းချလေ့ရှိကာ အမှန်တွင် ထိုအများဈေးဖြင့် ရောင်းသော ရှာလကာရည်များက တစ်ဘူးချင်းရောင်းသော ရှာလကာရည်များထက်ပင် အရသာရှိသေးသည်။


ထိုခေတ်အခါက ဈေးဆိုင်ငယ်များက အစိုးရပိုင်ဆိုင်များ၏ ဆက်ဆံရေးဆိုးဝါးမှုကြောင့် ငွေပိုရှာနိုင်လာသည်။ အံ့ဩစရာကောင်းစွာပင် ယန်မိသားစုက ဈေးဆိုင်ဖွင့်ထားသော်လည်း အစိုးရပိုင်ဆိုင်များ၏ ဇာတ်ညွှန်းကို လိုက်နာနေခြင်း ဖြစ်သည်။


သူတို့၏ စီးပွားရေးက ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။


ထိုနေ့က မနက် ၇နာရီခွဲသောအခါ ကျန်းလီယွင်က ဖက်ထုပ်ကြော်များ ရောင်းကုန်သွားပြီး ဖုန်းရီကို ပြောလိုက်သည်။

“ငါတို့ နားကြရအောင်... ငါ သတင်းစာ သွားဖတ်လိုက်ဦးမယ်...”


“ဟုတ်ကဲ့...”

ဖုန်းရီက ပြန်ဖြေသည်။ သူက အေပရွန်ကို ချွတ်ပြီး အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် လုပ်၍ သန့်စင်ခန်းသို့ သွားလေသည်။


ယခု ဆိုင်တွင် ကျန်းမိဘများသာ ကျန်ခဲ့ပြီး ပစ္စည်းများကို ဖြည်းညင်းစွာ သိမ်းဆည်းနေသည်။


ယန်မိသားစုက ဖက်ထုပ်အရွက်နှင့် အစာသွပ်များကို များပြားစွာ ပြင်ဆင်လာသည့်အပြင် ယန်ဟိုင်ထောင်၏ နှေးကွေးသောအရှိန်ကြောင့် ဖက်ထုပ်များစွာ ကျန်နေသေးပြီး ရောင်းနေရဆဲ ဖြစ်သည်။


ကျန်းမိသားစုမှ ရောင်းကုန်သွားသည်ကို မြင်သောအခါ အမေယန်က ပို၍ပင် ဒေါသတကြီးဖြစ်လာသည်။ သူက အမေကျန်းကို ပြောလိုက်သည်။

“ရှင့်သမီးက လူတိုင်းကို ပြုံးပြနေတာ... သူက ဖက်ထုပ်ရောင်းတာလား အပြုံးရောင်းတာလား... ဒီလောက်အသက်ငယ်ငယ်နဲ့ ဘယ်လိုမြှူဆွယ်ရမလဲ သိနေပြီပဲ…”


အမေကျန်း၏ မျက်နှာက ဒေါသကြောင့် ရဲတက်လာသည်။

“နင်... နင်...” 


ထိုသို့ ပြောပြီးနောက် သူမ ဘာပြောရမည် မသိ ဖြစ်လာသည်။


ယန်ဟိုင်ထောင်က မနေနိုင်တော့ဘဲ ဝင်ပြောသည်။

“အမေ တော်ပါတော့...”


“ဘာလို့ ငါက တော်ရမှာလဲ... နင်က သူ့ကို ကာကွယ်နေတာလား... နင်သူ့ကို စိတ်ဝင်စားနေတာလား... ငါပြောမယ်... ငါနင့်ကို ညစ်ပတ်ပြီး ကိုယ်ကျင့်တရားမကောင်းတဲ့ ကျေးလက်က တောသူမနဲ့ လုံးဝ သဘောမတူနိုင်ဘူး... “


အမေယန်က ထပ်မံ၍ ပြောချင်သေးသော်လည်း သူမ မပြောနိုင်လိုက်ပေ။ ရုတ်တရက် ကောင်းမွန်စွာ ဝတ်စားထားသော မိန်းမပျိုလေးက အလောတကြီး ရောက်လာပြီး သူမကို ပါးရိုက်သွားသည်။ 

“ရှင့်ပါးစပ်က အများသုံး သန့်စင်ခန်းထက်တောင် ပိုညစ်ပတ်သေးတယ်... ကျေးလက်ကလူတွေက ရှင့်ထက်အများကြီး သာတယ်…”


[T/N - တကယ် ပါးရိုက်သွားတာပါ၊ မျက်နှာဖြတ်ရိုက်တာနဲ့ မှားနေမှာစိုးလို့😆]


အမေယန်က ရုတ်တရက် ကြက်သေသေသွားသည်။ သူမ၏ စကားကြမ်းကြမ်းများက လူသိများလှသည်။ သူမနှင့် အငြင်းအခုံဖြစ်ကြသူ များစွာရှိသော်လည်း ယခုကဲ့သို့ သူမအပေါ် လက်ထိလက်ရောက်ကျူးလွန်ခြင်း မရှိဖူးပေ။ အငြင်းအခုံဖြစ်ပါက ပါးစပ်ဖြင့်သာ ပြောဆိုလေ့ရှိပြီး ထိုသူများက စကားအရာတွင် သူမကို မယှဉ်နိုင်ပေ။


ထို့နောက် အမေယန်က သူမကို ရိုက်သောလူကို မှတ်မိသွားသည်။

“ကျန်းလီဖျင်... နင်ကိုး... မိန်းမယုတ် နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ...”


အမေယန်က ကျန်းလီဖျင်၏ ဆံပင်ကို ဆွဲရန် ပြင်လိုက်သော်လည်း ကျန်းလီဖျင်က မလောက်လေးမလောက်စား မဟုတ်ပေ။ 


ကျန်းဆိုင်တွင် ကျန်းလီယွင် ဂျုံတုံးလေးများကို လှီးဖြတ်သော ဓားရှိသည်။ သူမက ဂျုံတုံးအကြီးကို အပိုင်းအသေးလေးများ ဖြတ်တောက်၍ ဖက်ထုပ်အခွံရအောင် လှိမ့်လေ့ရှိသည်။


ကျန်းလီဖျင်က ထိုဓားကို ယူ၍ အမေယန်ကို ချိန်ရွယ်လိုက်သည်။

“ရှင့်မှာ သတ္တိရှိရင် ကျွန်မကို လာရိုက်လေ...”


ဓားကိုမြင်သောအခါ အမေယန်က တုံ့ဆိုင်းသွားသည်။


ကျန်းလီဖျင်က ပြောသည်။

“မိန်းမယုတ်အဖွားကြီး... လူတိုင်းကို ရှင့်လို ရွံစရာကောင်းတယ် ထင်နေလား... လူတိုင်းကို တစ်ချိန်လုံး မကောင်းလိုက်ပြောနေတာ... ရှင်သေရင် ငရဲမှာ လျှာတွဲလောင်းဖြစ်နေမှာ...”


ကျန်းလီဖျင်နှင့် အမေယန်တို့တွင် အငြိုးအတေးများ ရှိနေခဲ့သည်။


သူမတို့ မြို့ငယ်လေးတွင် ယန်ဟိုင်ထောင်က ကျန်းလီဖျင်နှင့် အသက်ရွယ်တူဖြစ်ပြီး ဂျူနီယာအထက်ကျောင်းတွင်တက်ခဲ့ပြီး အခန်းမတူကြသော်လည်း သူတို့အချင်းချင်းသိကြသည်။


ကျန်းလီဖျင်က ယန်မိသားစုအိမ်နှင့် မဝေးသောနေရာတွင် နေထိုင်သောတစ်ယောက်နှင့် ချိန်းတွေ့ခဲ့ပြီး ထိုလူက ယန်ဟိုင်ထောင်၏ သူငယ်ချင်းဖြစ်သည်။ ကျန်းလီဖျင်နှင့် ထိုကောင်လေး၏ ဆက်ဆံရေးကို သိသောအခါ အမေယန်က ကျန်းလီဖျင်နှင့် ပတ်သက်၍ မကောင်းသတင်းများကို မနှစ်မြို့ဖွယ် ကောလဟာလများ ဖြန့်ထားခဲ့သည်။ သူမက ကျေးတောသူက ကောင်လေးကို မြှူဆွယ်သည်ဟု စွပ်စွဲပြီး ယန်ဟိုင်ထောင်နှင့် ရင်းနှီးအောင် ကြိုးစားနေသည်ဟုလည်း စောင်းမြောင်းပြောဆိုသည်။


ကျန်းလီဖျင်နှင့် ယန်ဟိုင်ထောင်က ထိုအချိန်က ခင်မင်ခြင်းလည်း မရှိသည့်အပြင် ယန်ဟိုင်ထောင်က သူမအပေါ် စိတ်ဝင်စားခြင်းလည်း မရှိပေ။ အမေယန်က အခြေအမြစ်မရှိသော ကောလဟာလများကို ဖြန့်ခဲ့ပြီး အချို့သောလူများကလည်း ယုံကြည်ကြသည်။


အမေယန်အပေါ် ကျန်းလီဖျင်၏ မကျေမချမ်းမှုများနှင့် အငြှိုးအတေးများက လွန်ခဲ့သောအချိန်များက စတင်ခဲ့ခြင်းဖြစ်သည်။


အတိတ်တွင် ကျန်းလီဖျင်က သူမ နောက်ကွယ်တွင်သာ မုန်းတီးနေခဲ့သော်လည်း ယနေ့တွင် မူလကတည်းက ဒေါသအခြေခံရှိထားသဖြင့် အမေယန်၏ အဓိပ္ပါယ်မရှိသော စွပ်စွဲချက်များကို ကြားသောအခါ အမေယန်နှင့် သူမ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။


ထိုသို့ ရန်ဖြစ်ပြီးနောက် သူမ အတော်လေး စိတ်သက်သာရာ ရလာသည်။



🏡🏡🏡


ကျန်းလီဖျင်ကို အစက သိပ်သဘောမကျပေမယ့် ဒီတစ်ပိုင်းမှာ ကြိုက်သွားပြီ😆 စကားတွေအများကြီးပြောမနေဘူး ပါးပဲပိတ်ရိုက်ပစ်လိုက်တာ မိုက်တယ်😆