Chapter 44
Viewers 5k

🏡 Chapter 44

ကြက်ကြော် ရောင်းချခြင်း (၂)



သေချာပေါက်ပင် လူအချို့က အများကြီး ဝယ်ကြသည်။


မနက်ပိုင်းက ယန်မိသားစုထံမှ ဖက်ထုပ်ဝယ်ခဲ့သော အမျိုးသမီးကြီးက သူမ မြေးမှာ ထိုဖက်ထုပ်များကို မကြိုက်သဖြင့် အစီအစဉ်ပြောင်းပြီး ကြက်ကိုယ်ထည်တစ်ခုလုံးကို ဝယ်ယူ၍ ဖုန်းရီကို ခုတ်ထစ်ခိုင်းလိုက်သည်။


သူမက မြေးဖြစ်သူကို ဝယ်ပြီးပြီးချင်း တစ်တုံးပေးလိုက်ပြီး ကျန်သည့်အပိုင်းများကို အိမ်သို့ သယ်ဆောင်သွားသည်။


ကျောင်းသွားမကြိုမီက ထိုအမျိုးသမီးကြီးက ညနေစာ ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် သူမ အိမ်ပြန်ရောက်ချိန်တွင် သူမ သားနှင့် ချွေးမက ထမင်းစားရန် အဆင်သင့် ဖြစ်နေလေသည်။


“အမေ... ဘာတွေ ဝယ်လာတာလဲ... အနံ့လေး ကောင်းလိုက်တာ...”

ချွေးမက မနေနိုင်ဘဲ မေးလိုက်သည်။


“ငါ ကြက်ကြော် ကိုယ်ပိုင်း ဝယ်လာတာ...ငါတို့ အတူစားကြရအောင်...”

အမျိုးသမီးကြီးက ကြက်ကြော်ကို နေရာချ၍ ပြောလိုက်သည်။


“ကြက်ကြော်လား... “

သားဖြစ်သူက စက္ကူအိတ်ကို ဖွင့်၍ ရွှေညိုရောင် အကာများဖြင့် အုပ်နေသော အပိုင်းအစများကို တွေ့လိုက်ရသည်။ 


ကြက်ရိုးတွေလား...


သူတစ်ခုယူ၍ တစ်ကိုက်ကိုက်လိုက်ရာ အနှစ်အကာအောက်တွင် အသားများရှိသည်ကို တွေ့လိုက်ရပြီး အရေးအကြီးဆုံးအချက်မှာ ထိုအကာများက အလွန် အရသာရှိခြင်းဖြစ်သည်။


ကြက်ကြော်က ကြွပ်ရွသဖြင့် အရိုးများပါ ဝါးစားပစ်ချင်စိတ်ပေါ်လာစေသည်။


ကျန်းလီယွင်က ကြက်ကို ခုတ်ထစ်ရာတွင် တမင်သက်သက် အသားများ ကျန်အောင် ခုတ်ထစ်ခဲ့ခြင်း ဖြစ်သည်။ ကြက်ကိုယ်ထည်တွင် ကြက်လည်ပင်းလည်း ပါဝင်သည်။


သူမက ကြက်ကိုယ်ထည်ကို ၁ယွမ်ဖြင့် ရောင်းချပြီး အသားလုံးဝမပါ၍ မဖြစ်ပေ။


ထို့အပြင် ကြက်ကိုယ်ပိုင်းက ကြီးမားပြီး အသားနှင့် အကာက လုံလောက်စွာ ပါဝင်လေသည်။


တိုတိုပြောရလျှင် ကြက်ကြော်ကိုယ်ပိုင်းတစ်ပိုင်း ဝယ်မည်ဆိုပါက မိသားစုအားလုံးအတွက် လောက်ငှသည်။


ပုံမှန်နေ့များတွင် သူမတို့ အသားများစွာ ဝယ်ကြသော်လည်း စိတ်ကျေနပ်ခြင်း မရှိခဲ့ပေ။


“ဒီ ကြက်ကြော်က တကယ် စားကောင်းတာပဲ... အမေ ဘယ်က ဝယ်လာတာလဲ... အဖေ့မွေးနေ့ရောက်ဖို့ သိပ်မလိုတော့ဘူး... အဲ့နေ့ကျရင် သမီး တစ်ခု သွားဝယ်လာခဲ့မယ်...”

ချွေးမဖြစ်သူက ပြောသည်။


“ငါ ပေါင်ပေ့လေးတို့ မူကြိုရှေ့ ဝင်ပေါက်က ဝယ်လာတာ... ကြက်ကြော်ရောင်းတဲ့ မိန်းကလေးက မနက်ပိုင်း မူလတန်းကျောင်းရှေ့မှာ ဖက်ထုပ်အိုးကပ်ကြော် ရောင်းတဲ့ မိန်းကလေးပဲ...”

အမျိုးသမီးကြီးက ပြောသည်။


“အဲ့တစ်ယောက်က စီးပွားရေးလုပ်တာ တော်တဲ့ပုံပဲ...”

သားဖြစ်သူက မှတ်ချက်ချသည်။


အမျိုးသမီးကြီးက ခေါင်းညိတ်၍ ထောက်ခံသည်။

“သူ ရောင်းသမျှက စားကောင်းတယ်... ကြက်ကြော်အပြင် သူ့ဆိုင်က ဖက်ထုပ်ကြော်ကိုလည်း ပေါင်ပေ့လေးက ကြိုက်တယ်... ဒီနေ့ ယန်မိသားစုက ဖက်ထုပ်ကြော်ဆိုင်ဖွင့်လို့ သူတို့ဆီက ဝယ်လာခဲ့သေးတယ်... ဟိုကောင်မလေးရောင်းသလို အရသာမရှိဘူး...”


“ဒါဆို နောက်ကျရင် သူ့ဆိုင်ကပဲ ဝယ်ကြတာပေါ့... ယန်မိသားစုဆီက မဝယ်နဲ့တော့ အမေ...”

သားဖြစ်သူက ပြောသည်။


“ငါလည်း အဲ့လိုပဲ တွေးထားတယ်...”


ထိုမိသားစုက စကားပြောရင်း ညစာစားနေကြရာ လေထုမှာ အလွန်သာယာနေသည်။


×××××


ကျန်းလီယွင်နှင့် ဖုန်းရီတို့က အတူတကွ အိမ်ပြန်လာကြပြီး သူမတို့ကြား လေထုမှာလည်း ကောင်းမွန်နေသည်။


“ဖုန်းရီ... ငါဒီနေ့ ကြက်ကြော်ရောင်းတာကနေ ၁၀ယွမ်ကျော် ရလာခဲ့တယ်... ဒီနေ့ အနေအထားလေး ကြည့်ရတာ နောက်ကျရင် ကြက်၅ကောင်လောက် ရောင်းရင်လည်း ပြဿနာ မရှိလောက်ဘူး... ငါတို့ ကြက်ကြော် ရောင်းတာကနေ တစ်ရက်ကို ယွမ်၂၀ကျော်ရမှာ... မနက်ပိုင်း ဖက်ထုပ်ရောင်းတာပါ ထည့်ပေါင်းရင် တစ်ရက်ကို ယွမ်၄၀လောက် ရမှာ... တစ်လဆိုရင် ယွမ်၁၂၀၀လောက်ရမယ်... “

ကျန်းလီယွင်က အမြတ်များ တွက်ချက်၍ ဖုန်းရီကို ပျော်ရွှင်စွာ ပြောပြနေသည်။


သူမက ပျော်ရွှင်လာလေလေ ဖုန်းရီနှင့် အနာဂတ်အတွက် သူမ၏ အစီအစဉ်များက ဟိတ်ဟန်များလာလေလေ ဖြစ်သည်။ 

“အားရီ... ဒီနေ့က လပြက္ခဒိန်ရဲ့ ၃ရက်မြောက်နေ့နော်... တရုတ်နှစ်ကူးမတိုင်ခင် ၃လလောက် အချိန်ရသေးတယ်... ငါတို့ ဆိုင်ဖွင့်တာကို အာရုံစိုက်ရင် နှစ်မကူးခင် ငွေပမာဏတစ်ခုတော့ ရလာမှာပါ... အဲ့ကျရင် ငါတို့ အဝတ်အစားအသစ် ဝယ်ကြရအောင် ပြီးတော့ နင့်အတွက် ဖိနပ်၂ရံ ဝယ်ပေးမယ်...”


“အင်္ကျီဝယ်ပေးမယ်...”ဟူသော စကားကြောင့် ဖုန်းရီ မျက်နှာက ရဲတက်လာခဲ့သည်။


ကျန်းလီယွင်က ဆက်ပြောလာသည်။

“နေဦး... အဝတ်အစားက စောင့်လို့ရသေးတယ်... ငါတို့ ဂွမ်းကပ်စောင် အမြန်လိုနေတာ... ငါ ချည်အကွက်နဲ့ ပိတ်စဝယ်ပြီး ငါ့မိဘတွေကို နင့်အတွက် ဂွမ်းကပ်လုပ်ခိုင်းလိုက်မယ်... “


သူမတို့ ရွာ၌ ပိုးမွေးမြူကြသောကြောင့် ပိုးချည်များကို တတ်နိုင်ကြသည်။ လူများစွာက ဂွမ်းကပ်များကို ပိုးချည်ဖြင့် ပြုလုပ်ကြသည်။ ပိုးအိမ်လေးများကို စုဆောင်းပြီး ရေတွင် ထည့်ပြုတ်၍ ပိုးချည်များ ထုတ်လုပ်ကြသည်။ နောက်ဆုံးတွင် ဂွမ်းကပ်များကို ပိုးချည်ဖြင့် ရက်လုပ်ကြသည်။


“ကျွန်တော့်မှာ ဂွမ်းကပ် ရှိပါတယ်… အစ်မ ပိုက်ဆံ မသုံးလည်း ရပါတယ်...”


“နင့် ဂွမ်းကပ်က ချည်သားနဲ့ လုပ်ထားပြီးတော့ မနွေးဘဲ မာတောင့်တောင့်ကြီး ... အဲ့ဒါက အိပ်ရာခင်းလုပ်တာနဲ့ ပိုသင့်တော်တယ်... ခြုံအိပ်ဖို့တော့ အဆင်မပြေဘူး...”


“ဒါဆို... အစ်မအတွက်လည်း ဂွမ်းကပ်တစ်ခု လုပ်နော်...”


“သေချာတာပေါ့... ငါ့ဂွမ်းကပ်ကလည်း မနွေးဘူး... မနှစ်ကဆောင်းတုန်းကဆို ရှောင်ယွီနဲ့ အတူအိပ်ပြီး အအေးဒဏ်သက်သာအောင် လုပ်ခဲ့ရတာ...”


သူတို့စကားပြောရင်း အိမ်ပြန်ရောက်လာကြသည်။ နေဝင်ချိန်တွင် ချစ်သူနှစ်ယောက်၏ အရိပ်များက လမ်းမထက်တွင် ထင်ကျန်နေသည်။


မနက်ပိုင်းက ဖုန်းရီနှင့် ကျန်းမိဘများက ယန်မိသားစု၏ စီးပွားရေးလုယူမှုကြောင့် စိတ်ခံစားချက်များ မကောင်းသော်လည်း ယခုတွင် သူမတို့ စိတ်ခံစားချက်များ တိုးတက်လာခဲ့သည်။


ညနေပိုင်းတွင် သူတို့အားလုံး ပျော်ရွှင်နေကြသည်။


မမျှော်လင့်ထားဘဲ ကျန်းလီယွင်က ကြက်ကြော်ရောင်းချရင်း ၁၀ယွမ်ကျော် ဝင်ငွေရခဲ့သည်။


ဤနည်းဖြင့် မနက်ပိုင်းတွင် သူမတို့၏ ဖက်ထုပ်ကြော် စီးပွားရေးကို သူများက လုယူသွားပါကလည်း တစ်နေ့တာ ဝင်ငွေမှာ ပြောင်းလဲမသွားပေ။


နည်းနည်းပို ကြိုးစားလိုက်ရင်...


အဖေကျန်းတို့စုံတွဲ၏ အမြင်တွင် လုပ်အားက တန်ဖိုးမကြီးလှပေ။ နည်းနည်းလောက် ပို၍ အားထုတ်ရခြင်းက ပြဿနာမဟုတ်ပေ။


တစ်ဖက်ခြံမှ ဖုန်းမိသားစုက ဟင်းသီးဟင်းရွက်များ ရောင်းချ၍ ငွေရှာသည်။ အပင်စိုက်ပျိုးရသော ဖြစ်စဉ်တစ်ရပ်လုံးတွင် အားသွန်ခွန်စိုက်လုပ်ကိုင်ရပြီး ပင်ပန်းလှသည်။ သို့ရာတွင် သူတို့က ပင်ပန်းသည်ကို မမှုဘဲ အသီးအရွက်ရောင်းချခြင်းက အရင်းအနှီးမလိုသော စီးပွားရေးဟု မှတ်ယူထားသည်။


ထို့ကဲ့သို့ အမြစ်စွဲနေသော အမြင်များကို ပြုပြင်၍ မရကြောင်း ကျန်းလီယွင်သိသည်။ သူမက ပြောသည်။

“အမေနဲ့ အဖေ... သမီး ငွေရှာနိုင်ပါတယ်... အမေတို့ နားနားနေနေ နေပါ... မနက်ဖြန် မြို့ပေါ်သွားရင်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖက်ထုပ်ရောင်းကြရအောင်နော်...”


သူမတို့ ပျော်ရွှင်နေပါက ဖက်ထုပ်ကြော် လာရောက်ဝယ်ယူသော ဈေးဝယ်များကလည်း ပျော်ရွှင်ပေမည်။ သူမတို့က မျက်နှာထားက စူပုပ်နေပါက ဝယ်သူများက လာရောက်ဝယ်ချင်မည် မဟုတ်ပေ။


ဘယ်သူမှတော့ ခံစားချက်မကောင်းတဲ့ သူတွေကို မြင်ရတာ မကြိုက်ဘူး...


သူမတို့ သမီး ငွေရှာသည်က လျော့နည်းမသွားသဖြင့် ကျန်းစုံတွဲက ထပ်ခါထပ်ခါ ခေါင်းညိတ်၍ သဘောတူကြသည်။


နောက်တစ်နေ့တွင် ကျန်းမိသားစုများက လှည်းကိုဆွဲ၍ မြို့သို့ ဆိုင်ဖွင့်ရန် ထွက်လာကြသည်။


ကျန်းလီယွင်က သူမ အစီအစဉ်များကို ဖုန်းရီကို ပြောပြသည်။

“ဒီနှစ် နှစ်ကုန်ရင် ငါ သုံးဘီးတစ်စီးနဲ့ စက်ဘီးတစ်စီး ဝယ်မယ်... အဲ့ဒါမှ သက်သက်သာသာနဲ့ စီးပွားရေး လုပ်နိုင်မှာ...”


လှည်းကို ဆွဲရခြင်းက နှေးကွေးပြီး သုံးဘီးက ပို၍ လွယ်ကူသည်။


သူမက အနည်းငယ် ပို၍ ကြီးသော ယွမ်၂၀၀ -၃၀၀ ဝန်းကျင် ကုန်ကျနိုင်သော သုံးဘီးတစ်စီးကို လိုချင်သည်။ ကျန်းမိဘများကို လုပ်အားခ ယွမ်၁၀၀ ပေးမည် ဆိုပါက သူမထံတွင် လုံလောက်သော ငွေကြေးမရှိပေ။


ကောင်းပြီလေ... ဖြည်းဖြည်းချင်း ငွေရှာကြတာပေါ့...


ယမန်နေ့က ယန်မိသားစုက ကျန်းလီယွင်၏ ဆိုင်ဘေးတွင် နေရာချခဲ့သော်လည်း ယနေ့တွင် ယန်မိသားစုက စောစီးစွာ နိုးလာခဲ့ပြီး ကျန်းမိသားစုထက်အလျင် ဆိုင်နေရာချခဲ့သည်။


တွေဝေခြင်းမရှိဘဲ အဖေယန်နှင့် အမေယန်က ကျန်းလီယွင် ဆိုင်ဖွင့်နေကျနေရာကို နေရာဦးလိုက်သည်။


ယမန်နေ့ညက ဝင်ငွေကို တွက်ကြည့်ပြီးနောက် တစ်ရက်ကို ယွမ်၂၀ကျော် ရကြောင်း သူမ သိလိုက်ရသည်။


တစ်ရက်ကို ယွမ် ၂၀ဆိုရင်... တစ်လကို ယွမ် ၆၀၀...


သူမတို့ မိသားစုတွင် လူ၄ယောက်ရှိသဖြင့် တစ်ယောက်ကို တစ်လလျှင် ယွမ် ၁၅၀ ဝန်းကျင် ရရှိမည်။ 


ယန်မိသားစု၏ သားအကြီးနှစ်ယောက်က လစာမြင့်၍ တစ်ယောက်ကို တစ်လလျှင် ယွမ်၁၅၀ကျော်ရရှိပြီး ချွေးမများက လစာနည်းသော်လည်း တစ်လလျှင် ယွမ်၁၀၀ ဝန်းကျင် ရရှိသည်။


အနားယူထားကြသော ယန်မိဘများက ဤငွေပမာဏကို ရှာနိုင်သဖြင့် ဝင်ငွေမှာ မဆိုးလှပေ။


“မနေ့က ဘေးကမိသားစုက ဖက်ထုပ်တော်တော်လေး ရောင်းရတယ်... အဲ့ဒါက ငါတို့ စီးပွားရေးကို အများကြီး လုယူသွားတာပဲ... ငါတို့သာ သူတို့ကို မောင်းထုတ်နိုင်ရင် တစ်ရက်ကို ယွမ်၄၀ကျော် ရမှာ ...”

အမေယန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။


“အဲ့လူတွေက တောက လူတွေ... အရမ်း ညစ်ပတ်တာ... ဈေးဝယ်တွေက သူတို့ဆီက ဘာလို့ ဝယ်ကြလဲ စဉ်းစားလို့ကို မရဘူး...”


“အမေ... အဲ့လိုတော့ မပြောပါနဲ့...”

ယန်ဟိုင်ထောင်က ပြောသည်။


“ငါက အမှန်တရားကို ဘာလို့ မပြောရမှာလဲ...”

အမေယန်က သားဖြစ်သူကို စိုက်ကြည့်လာသည်။


ယန်ဟိုင်ထောင်က ခေါင်းငုံ့၍ မည်သည်မှ ဆက်မပြောတော့ပေ။


အမေယန်က သူမယောက်ျားကို ပြောသည်။

“ကျွန်မတို့ သူတို့ စီးပွားရေးကို လုယူလိုက်လို့ အဲ့တောသားတစ်စု စိတ်ဆင်းရဲနေလောက်ပြီ...”


သူမတို့ စကားပြောနေစဉ်တွင် ဝယ်သူတစ်ယောက် ရောက်လာသည်။

“ဒီနေ့ ဆိုင်စောစော ဖွင့်တာလား... အိုး... ဆိုင်က လူပြောင်း သွားတာလား…”


ထိုဝယ်သူက ယမန်နေ့က ဖက်ထုပ်မဝယ်ဖြစ်ရာ ယနေ့တွင် ဝယ်နေကျဆိုင်နေရာ၌ အခြားသူများ ရောင်းချနေသဖြင့် အံ့ဩသွားသည်။


အမေယန်က ပြောသည်။

“ဟုတ်တယ်...ကျွန်မတို့ လူပြောင်းသွားပြီ ... အရင်လူတွေက မရောင်းတော့ဘူးလေ... ရှင် ဖက်ထုပ်ဘယ်နှခု ယူမလဲ...”


ထိုဝယ်သူက အဘယ်ကြောင့် ကျန်းလီယွင်က ရုတ်တရက် ဆိုင်ပိတ်သွားသည်ကို နားမလည်နိုင်အောင်ဖြစ်နေပြီး ဖက်ထုပ်မှာယူလိုက်သည်။

“ကျွန်တော် ဖက်ထုပ် ၆ခု ၅၀ဆင့်ဖိုး ယူမယ်...”


သူတို့အိမ်၌ လူ၆ယောက်ရှိသဖြင့် ဖက်ထုပ် ၅၀ဆင့်ဖိုး ဝယ်ယူပါက အိမ်ရှိ လူတိုင်း တစ်ယောက်တစ်ခု စားနိုင်သည်။ 


“၅၀ဆင့်ဖိုးပဲလား ... မနည်းလွန်းဘူးလား... ထပ်ယူပါဦးလား...”

အမေယန်က မေးသည်။


“ကျွန်တော် ဖက်ထုပ် ၆ခု ၅၀ဆင့်ဖိုးပဲ ယူမယ်...”


ထိုသူက ထပ်မယူကြောင်း ကြားသောအခါ အမေယန်က “အတော် ကပ်စေနည်းတဲ့လူ” ဟု ရေရွတ်နေသည်။


ထိုဝယ်သူက သူမ ပြောသည်ကို ရှင်းလင်းစွာ မကြားရသော်လည်း သူမထံမှ ရုတ်တရုက် အေးစက်သွားမှုကြောင့် မသက်မသာ ခံစားလိုက်ရသည်။


အရင်က ဖက်ထုပ်ရောင်းတဲ့ ကောင်မလေးက ပိုကောင်းတယ်... ဒီအဒေါ်ကြီးက စကား တအား များတယ်... 


ထိုသူက ဖက်ထုပ်ဝယ်ပြီးလျှင်ပြီးချင်း ကျန်းလီယွင်နှင့် ဖုန်းရီတို့ လှည်းဆွဲ၍ လာကြသည်ကို မြင်လိုက်ရသည်။


သူက ချက်ချင်း မေးလိုက်သည်။

“မင်းတို့ ဖက်ထုပ်ရောင်းတုန်းလား...မင်းတို့ ဆိုင်က ဆက်မရောင်းတော့ဘူးလို့ သူတို့က ပြောလို့...”


ထိုအကြောင်းကြားရသောအခါ ကျန်းလီယွင်က ယန်မိသားစုနှင့် ပတ်သက်၍ ပို၍ပင် ပြောစရာ စကားများ ပျောက်ရှသွားရသည်။


သို့ရာတွင် သူမက ပြုံး၍ ဝယ်သူကို ပြန်ဖြေလိုက်သည်။

“ကျွန်မတို့ ဖက်ထုပ်ရောင်းတုန်းပါပဲ... နောက်တစ်ခေါက်ကျ လာဝယ်ပါဦး...”


“သေချာတာပေါ့...”

ထိုသူက အပြုံးဖြင့် ထွက်ခွာသွားသည်။


သူမ ဆိုင်နေရာတွင် အခြားသူများက နေရာယူထားသည်ကို တွေ့သောအခါ ကျန်းလီယွင်က အနှောင့်အယှက်ဖြစ်မနေပေ။ သူမက အခြားနေရာတွင် ဆိုင်နေရာချလိုက်သည်။ ဖုန်းရီကို ဂရုစိုက်၍ မေးလိုက်သည်။

“ငါတို့ ဒီနေ့ လမ်းလျှောက်တာ မြန်သွားတယ်... ဖုန်းရီ ချွေးတွေ ထွက်နေပြီလား... ချွေးထွက်နေရင် အပေါ် ကုတ်အင်္ကျီ ချွတ်ထားလိုက်နော်...”


ယန်ဟိုင်ထောင်က ဖုန်းရီကို အားကျသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ သူလည်း သူ့ကို ဂရုစိုက်ပေးမည့်လူတစ်ယောက်လောက် လိုချင်ပါ၏။


သို့ရာတွင် အမေယန်က အနည်းငယ် ဒေါပွလာသည်။


သူမက ကျန်းလီယွင်၏ နေရာကို လုယူပြီး ကျန်းလီယွင် ဒေါသထွက်သည်ကို မြင်လိုခြင်းဖြစ်သည်။


ကျန်းလီယွင်တို့အဖွဲ့ ရောက်မလာမီတွင် သူမက ရန်တွေ့ရန် စကားလုံးများပင် ကြို၍ စီထားပြီးဖြစ်သည်။


သူမက ရန်ဖြစ်ရာတွင် အရည်အချင်းရှိပြီး ကျန်းလီယွင်ကို တစ်ခွန်းမှ မပြောနိုင်ဘဲ ထွက်သွားစေရန် လုပ်နိုင်သည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။


သို့ရာတွင် ကျန်းလီယွင်က သူမ စိတ်ကူးထားသကဲ့သို့ မပြုမူဘဲ ထိုအစား ရောက်သည်နှင့် ပျော်ရွှင်စွာ ဆိုင်ဖွင့်ကြသည်။


အမေယန်က ထိုအခိုက်တွင် မသက်မသာ ခံစားလိုက်ရသည်။


ကျန်းလီယွင်နှင့် ဖုန်းရီတို့က ဆိုင်နေရာချပြီးနောက် ဖက်ထုပ်များ စတင် ကြော်ကြသည်။


ဖုန်းရီက အရည်အချင်းများ တိုးတက်လာပြီး သံဒယ်ပြားဖြင့် ဖက်ထုပ်ကြော်ခြင်းတွင် ကျွမ်းကျင်လာသည်။ ဖက်ထုပ်ကြော်ရခြင်းက သူ့အတွက် ကိတ်မုန့်စားရသကဲ့သို့ အလွန်လွယ်ကူလာသည်။


သူ ချက်ပြုတ်နေစဉ် ဈေးဝယ်များ ရောက်ရှိလာသည်။


ယန်မိသားစုက ဖက်ထုပ်ကြော်တစ်အိုး အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ပြီး ထိုဝယ်သူကို အမေယန်က မှတ်မိလိုက်သည်။ သူမက ချက်ချင်းနှုတ်ဆက်လိုက်သည်။

“မန်နေဂျာလျို... ဖက်ထုပ်လာဝယ်တာလား... ဘယ်နှခု ယူမလဲ...”


မန်နေဂျာလျိုက အမေယန်ကို ပြုံးပြီး ပြန်ဖြေသည်။

“ဟုတ်ပါတယ်... ကျွန်တော် ဖက်ထုပ်လာဝယ်တာပါ...”


ထိုသို့ပြောပြီးနောက် သူက ကျန်းလီယွင်၏ ဆိုင်သို့ သွားပြီး စောင့်ဆိုင်းလိုက်သည်။



🏡🏡🏡