Chapter 43
Viewers 5k

🏡 Chapter 43

ကြက်ကြော် ရောင်းချခြင်း (၁)



ကျန်းလီယွီက နှစ်သစ်ကူးရောက်ပါက သူမ အင်္ကျီအသစ်များ ရနိုင်မည်ဟု ကြားရသောအခါ သူမ မျက်နှာ၌ ရှက်ပြုံးလေးပေါ်လာပြီး ကျန်းလီယွင်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။


ကျန်းလီယွီက နောက်ကျမှ မွေးဖွားလာသည်။ အိမ်ထောင်စုများက မြေနေရာကို စာချုပ်ဖြင့် ဝယ်ယူခြင်းစနစ်ကို အကောင်အထည်ဖော်ပြီး မိသားစုများ၏ အခြေအနေ တိုးတက်လာသည့် ကာလတွင် မွေးဖွားလာခဲ့သောကြောင့် ဆာလောင်မွတ်သိပ်သောကာလများ မရှိခဲ့သော်လည်း ပစ္စည်းများ ရှားပါးခြင်းကိုမူ မရှောင်တိမ်းနိုင်ခဲ့ပေ။


ကျန်းမိဘများက ငွေစုရန် စိတ်ပိုင်းဖြတ်ထားပြီး မလိုအပ်သော နေရာများ၌ ငွေသုံးရန် ဝန်လေးကြသည်။ သူမတို့ မိသားစုတွင် ပစ္စည်းများ ပြတ်လပ်နေပြီး ကျန်းလီယွီက အဝတ်ဟောင်းများ ဝတ်ရကာ ခဲတံတစ်ချောင်း ဝယ်ရန်ပင် များစွာ ဂရုစိုက်ရသည်။


ကံကောင်းသည်က ကျေးလက်ဒေသ၌ ကျန်းလီယွီကဲ့သို့ တူညီသောအခြေအနေနှင့် မိသားစုများ ဖြစ်သောကြောင့် သူမ မသိမ်ငယ်ရပေ။


ထိုအကြောင်းကို တွေးမိပြီး ကျန်းလီယွင်က ကျန်းလီယွီကို ပွေ့ချီလိုက်သည်။


အသက်၉နှစ်ရှိပြီ ဖြစ်သော်လည်း ကျန်းလီယွီက ပိန်ပါး၍ သေးငယ်ကာ ၄၀ကီလိုဝန်းကျင်သာ အလေးချိန်ရှိသည်။ သူမက လွယ်ကူစွာ ပွေ့ချီပြီး ကျန်းလီယွီ၏ ပါးနှစ်ဖက်သို့ အာဘွားပေးရင်း ပြောလိုက်သည်။

“လာ... ထမင်းသွားစားကြမယ်...”


ကျန်းလီယွီက ကျန်းလီယွင်၏ လည်ပင်းကို ဖက်ထားပြီး အသံလွင်လွင်လေးဖြင့် ရယ်မောနေသည်။


သူမ၏ အဝတ်အစားများမှာ အမှန်ပင် နွမ်းနေပြီး စာရေးကိရိယာဟူ၍ ခဲတံနှစ်ချောင်းနှင့် ခဲဖျက်တစ်ခုသာ ရှိသည်။


ယခင်က သူမထံတွင် ခဲဖျက်ပင် မရှိပေ။ မကြာခင်ကမှ ကျန်းလီယွင်က သူမကို တစ်ယွမ်ပေးသောကြောင့် ခဲတံ၊ ခဲဖျက်နှင့် မှတ်စုစာအုပ် ဝယ်လိုက်နိုင်ခြင်း ဖြစ်သည်။


ကျန်းလီယွင်က ညီမလေးအတွက် ပစ္စည်းမျိုးစုံနှင့် အဝတ်အစားများ ဆင်ပေးချင်သော်လည်း သူမထံတွင် ငွေကြေးများစွာ ရှိမနေပေ။


သူမ ပြန်လည်မွေးဖွားလာသည်က တစ်လကျော်သာရှိသေးပြီး သူမ ရှာဖွေစုဆောင်းထားသော ငွေမှာလည်း ပေါပေါသီသီ မသုံးနိုင်သေးပေ။


ကျန်းလီယွီ၏ အနည်းငယ် မဲညစ်ပြီး ကြမ်းတမ်းနေသော မျက်နှာလေးကို ကိုင်ကြည့်ပြီးနောက် ဤရက်ပိုင်းအတွင်း သူမ အလှဆီများ ဝယ်ရန် ဆုံးဖြတ်လိုက်သည်။


ရာသီဥတုက အေးလာပြီး သူမအတွက်၊ ကျန်းလီယွီနှင့် ဖုန်းရီအတွက်၊ အားလုံးက အလှဆီသုံးရန် လိုအပ်သည်။


မဟုတ်ပါက ဆောင်းရာသီတွင် အသားအရေ ကွဲအက်၍ အလွန်နာကျင်ပေလိမ့်မည်။


ကျန်းလီယွီက ငယ်စဉ်ကတည်းက အသားအ‌ရေပြဿနာ ရှိသည်။ အမေကျန်း သူမကို မျက်နှာသစ်ပေးသည့်အခါတိုင်း တဘက်ဖြင့် မျက်နှာသုတ်ပေးသောအခါ နာကျင်သဖြင့် အမြဲ ငိုလေ့ရှိသည်။


ကျန်းလီယွင်နှင့် ကျန်းလီယွီတို့ ညီအစ်မနှစ်ယောက် တယုတယ ကြင်နာနေကြသည်ကို မြင်သောအခါ ဖုန်းရီက အားကျလာသည်။


သူ ငယ်စဉ်က အစ်မလီယွင်က သူ့ကို ယခုကဲ့သို့ ပွေ့ချီခြင်း၊ အာဘွားပေးခဲ့ခြင်း မရှိပေ။


ထိုအချိန်က ကျန်းလီယွင် ကိုယ်တိုင်ကလည်း ကလေးဖြစ်သောကြောင့် သူ့ကို မချီနိုင်ပေ။


မကြာမီတွင် အမေကျန်းက ကြက်၃ကောင် မပါဘဲ ပြန်လာခဲ့သည်။ ကြက်မွေးများနှုတ်ခြင်းက အချိန်ပေးရသည်။ အဒေါ်ယွီရှန်းက နေ့လည်ပိုင်း ကြက်ပေါ်ပြီးပါက လာပို့ပေးမည် ဖြစ်သည်။


ကျန်းလီယွင်က စိတ်ကွက်ခြင်းမရှိဘဲ နေ့လည်စာစားပြီးနောက် သူမ အခန်းသို့ပြန်၍ တစ်ရေးအိပ်သည်။


သူမ နာရီဝက်မျှ အိပ်စက်ပြီးနောက် ကြက်၃ကောင်မှာ အိမ်သို ရောက်ရှိနေပြီ ဖြစ်သည်။


ကျန်းလီယွင်က ဓားကိုင်၍ စတင်ခုတ်ထစ်တော့သည်။


ကြက်ရင်အုံ၊ တောင်ပံ၊ ပေါင်နှင့် ကြက်ကိုယ်ထည် စသည်ဖြင့် ခွဲခြားထားသည်။


ကြက်ပေါင်ကိုမူ အပေါ်ပိုင်းနှင့် အောက်ပိုင်း ဟူ၍ ခွဲခြားထားပြီး တောင်ပံများနှင့်အတူ အရသာဝင်အောင် နှပ်ထားလိုက်သည်။


ကြက်ရင်အုံကိုမူ ပါးလွှာသော အသားမြောင်းများ ဖြတ်တောက်ပြီး နှပ်ထားသည်။


ကြက်၃ကောင်ကို သူမက ခွဲခြား၍ နှပ်ရန် အချိန်ယူလိုက်ရသည်။


မူလတွင် သူမ မနက်ဖြန်မှ ရောင်းချရန် စီစဉ်ထားသော်လည်း နေ့လည်ပိုင်း ၃နာရီမတိုင်မီတွင် အရသာ နှပ်ခြင်း ပြီးဆုံးသွားသည်။


ကြက်သားက အကြာကြီး နှပ်ထားစရာ မလိုဘူး... 


ကျန်းလီယွင်က အံကြိတ်၍ ဖုန်းရီကိုခေါ်ပြီး ပစ္စည်းများကို လှည်းပေါ်သို့ တင်သည်။


အိုးနှင့် ကြက်သားကြော်ရန် လိုအပ်သော အရာများကို သူမ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။


ဒီနေ့ မစရင်တောင် မနက်ဖြန် စရမှာပဲ...


ရာသီဥတုကလည်း အတော်ပဲ ... လတ်ဆတ်တဲ့ အသားတွေကို ဘာလို့ မနက်ဖြန်အထိ ထားနေမှာလဲ...


ယခင်ဘဝတွင် ဆိုင်အချို့က ကြက်ကြော်ကို အပြန်ပြန်အလှန်လှန်ကြော်၍ မကုန်မချင်း ရောင်းချကြသည်။


နံရံဆောက်ခြင်းဖြင့် အလုပ်များနေသော ဖုန်းရီက ကျန်းလီယွင်၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ အံ့ဩသွားသော်လည်း လျင်မြန်စွာ သဘောတူခဲ့သည်။ သူက လျင်မြန်စွာ ရေချိုး၍ အဝတ်အစားများ လဲလှယ်လိုက်သည်။


သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်နေခြင်း ဖြစ်သောကြောင့် ဖုန်များဖြင့် ဖုံးအုပ်နေသဖြင့် ရေမချိုးပါက အစားအသောက်ရောင်းချရန် မသင့်တော်ပေ။


သူ့ဆံပင်က တိုသဖြင့် ရေချိုးရာ၌ အချိန်များစွာ မသုံးရပေ။


အမေကျန်းကမူ စိတ်ပူနေဆဲဖြစ်သည်။

“လီယွင် … ဒီနေ့ တကယ် သွားရောင်းမှာလား...”


“ပြင်ဆင်တာတွေလည်း ပြီးနေပြီပဲ... အခုပဲ သွားရောင်းလိုက်မယ်... အချိန်ဆွဲရမှာ ပျင်းစရာကြီး...”

ကျန်းလီယွင်က ပြောသည်။


တွေဝေခြင်းက အခွင့်အရေးများကို လွဲချော်စေသည်။


သူမတို့ အိမ်ဆောက်လုပ်ခြင်းကို နှောင့်နှေးမည့် အကြောင်းကို တွေးကြည့်ပါက အမေကျန်းက အပြစ်ရှိစိတ် ခံစားရပြန်သည်။


ကြက်ကြော်ရောင်းရန်မှာ လူနှစ်ယောက်ရှိလျှင် လုံလောက်သည်။ ထို့ကြောင့် ကျန်းလီယွင်က ကျန်းမိဘများကို မခေါ်သွားတော့ဘဲ ဖုန်းရီနှင့်သာ ထွက်လာခဲ့သည်။


သူမတို့ ဝေးဝေးမရောက်မီတွင် အဒေါ်ကျန်း(ကျန်းယွီရှန်း)က ကျန်းအာ့ရှုကို စောဒကတက်ပြန်သည်။

“သူတို့က ကျွန်မတို့လှည်းကို သူတို့အပိုင်လို သဘောထားနေကြတာ... အမြဲ ကျွန်မတို့ဆီက အခွင့်အရေးယူနေတာ...”


“ပြောတာ တော်ပါတော့...”

ဦးလေးကျန်းက ကြားဖြတ်ပြောလာသည်။


အဒေါ်ကျန်းကလည်း သည်းမခံနိုင်တော့ပေ။

“မနေ့ညက သူတို့အိမ်မှာ ကြက်သားထပ်ကြော်တယ်... ရှင့်ကို ဘာပေးလဲ... ရှင်ကသာ ရှင့်အစ်ကိုကို ဂရုစိုက်နေတာ... သူကဖြင့် ရှင့်ကို ဂရုမစိုက်ဘူး...”


“ငါ့အစ်ကိုက ငါ့အိမ်ဆောက်တုန်းက လာကူညီတယ်လေ...”

ဦးလေးကျန်းက ခုခံပြောဆိုသည်။


“ထော့ကျိုးဖြစ်နေတဲ့ ခြေထောက်နဲ့ သူက ဘာများ လုပ်နိုင်မှာတုန်း...”


ထိုအကြောင်းကို တွေးကြည့်ပါက ဦးလေးကျန်းသည်လည်း လေးလံသော ပစ္စည်းများကို မ မခဲ့ပေ။ ဦးလေးကျန်းက မျက်နှာထားတင်းတင်းဖြင့် အဒေါ်ကျန်းကို ပြောလာသည်။ 

“ညီအစ်ကို အချင်းချင်း ကူညီတာပဲ... အသေးအဖွဲ့ကိစ္စလေးတွေကို စကားလုပ် ပြောမနေပါနဲ့ကွာ... ငါတို့က လှည်းကို သုံးခဲပါတယ်... သူတို့ကို သုံးခွင့် ပေးလိုက်ပါ... အစ်ကိုကြီးကသာ ဒုတိယအစ်ကိုဆီက လှည်းငှားရင်ရော ... ဒုတိယအစ်ကို ဘယ်လိုခံစားရမလဲ...”


ဦးလေးကျန်းက ပြောဆိုပြီးနောက် အဒေါ်ကျန်းက မျက်နှာရှစ်ခေါက်ချိုးဖြင့် သူမ၏ မြေးမလေးကို ချီ၍ အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။

“ကျွန်မ လယ်ကွင်းမှာ ဟင်းရွက်သွားခူးဦးမယ်...”


အောင်နိုင်သူသဖွယ် ခံစားရသော ဦးလေးကျန်းက သူ့အစ်ကိုကို သင်ပေးရန်နှင့် ကျန်းလီယွင် ဘာလုပ်နေသည်ကို မေးမြန်းရန် တစ်ဖက်ခြံသို့ လမ်းလျှောက်သွားခဲ့သည်။


ကျန်းလီယွင် ပြန်လည်မမွေးဖွားမီက မူကြိုကျောင်းများက စောစီးစွာ ကျောင်းဆင်းသောကြောင့် အချို့ မိဘများက အလုပ်မှ ကလေးကျောင်းသွားကြိုရန် အလျင်မမီပေ။


ယခုမူ မြို့ထဲမှ အစိုးရ မူကြိုကျောင်းများက ၄နာရီ ၄၀မိနစ်မတိုင်မီ ကျောင်းမဆင်းသေးသောကြောင့် ၄နာရီခွဲမှ အလုပ်ဆင်းမည့် မိဘများအတွက် အချိန်မီ ကျောင်းကြိုနိုင်သည်။


အများစုက အဖိုးအဖွားများက လာကြိုကြခြင်း ဖြစ်သည်။ အလုပ်မရှိ၍ အချိန်ဖြုန်းနိုင်သော အဖိုးအဖွားများက စောစီးစွာ ရောက်နှင့်ပြီး မူကြိုကျောင်း ဂိတ်ဝ၌ တန်းစီ၍ လာကြိုကြသည်။


ကျန်းလီယွင်က မူကြိုကျောင်းနားတွင် လှည်းကို ရပ်လိုက်ပြီး မီးသွေးမီဖိုနှင့် အိုးကို နေရာချပြီး အိုးထဲသို့ ပဲပိစပ်ဆီများ လောင်းထည့်လိုက်သည်။


လူအချို့က စပ်စုလိုစိတ်ဖြင့် စောင်ကြည့်နေကြသော်လည်း တစ်ယောက်မှ ချဉ်းကပ်မလာပေ။ ကျန်းလီယွင်ကို သူမနှုန်းအတိုင်း လုပ်ကိုင်ရန် အချိန်ပေးထားသည်။


ဆီပူလာသောအခါ သူမက အိုးထဲသို့ တစ်စစီခုတ်ထစ်ထားသော ကြက်သားအပိုင်းများကို ထည့်လိုက်သည်။


ဆီတရှဲရှဲမြည်လာသောအခါ ကြက်ကြော်၏ မွှေးပျံ့သောရနံ့များက အလျင်အမြန် ထွက်ပေါ်လာသည်။


မြေးများကို ကျောင်းလာကြိုကြသော အမျိုးသမီးကြီးများက မနေနိုင်တော့ဘဲ ကျန်းလီယွင် အနားသို့ လာ၍ မေးသည်။

“အဲ့ဒါက ဘာလဲ...”


“ကျွန်မက နိုင်ငံခြားကြက်ကြော်ကို ရောင်းနေတာပါ... နိုင်ငံခြားသားတွေက ကြက်သားကို ဒီလို ကြော်စားရတာ ကြိုက်ကြတယ်... ပေကျင်းမှာ ဆိုင်ဖွင့်ပြီးတော့ စီးပွားရေးက တဟုန်ထိုး တိုးတက်လာတာ... ကျွန်မက သူတို့နည်းလမ်းအတိုင်း လုပ်ထားတာပါ...”

ကျန်းလီယွင်က လှည်းဘေးတွင် ကပ်ထားသော သစ်သားဆိုင်းဘုတ်ကို လက်ညိုးညွှန်ပြရင်း ရှင်းပြလိုက်သည်။


ထိုဘုတ်ပြားပေါ်တွင် အနီရောင် စက္ကူကပ်ထားပြီး ထိုအပေါ်၌ စာလုံး၅လုံးရေးသားထားသည်။

“နိုင်ငံခြားကြက်ကြော်...”


ထိုစာလုံး၅လုံး၏ အောက်မှ စာအချို့ ရေးသားထားသေးသည်။

“ကြက်ပေါင်၊ ကြက်ကိုယ်... တစ်ယွမ်”


“ကြက်ကြော်၊ ကြက်တောင်ပံ၊ တောင်ပံထိပ်... ငါးဆယ်ဆင့်”


“အရိုးလွတ် ကြက်သားကြော် .... ငါးဆယ်ဆင့်”


ယခုကဲ့သို့ လုပ်ခလစာ နည်းပါးသော ခေတ်ကာလတွင် ထိုဈေးနှုန်းများက မသက်သာပေ။ သို့ရာတွင် မြို့ထဲ၌ ချမ်းသာသော လူတစ်စု ရှိဆဲဖြစ်ပြီး ကြက်သားကြော်ရန် ကုန်ကျစရိတ်က များပြားကာ ကျန်းလီယွင်က မြို့ထဲတွင် ကြက်ကြော်ရောင်းချသော တစ်ခုတည်းသော ဆိုင်ဖြစ်၍ ထိုဈေးနှုန်းက သင့်တော်သည်။


“ဒါက နည်းနည်း ဈေးကြီးတယ်...”

စာရေးတတ် ဖတ်တတ်သော အဖွားအိုတစ်ယောက်မှ ပြောလာသည်။


“ဒေါ်ဒေါ်... ကြက်ကြော်ရတာက ဆီအများကြီး သုံးရပါတယ်... လျှို့ဝှက်ဟင်းချက်နည်းအတွက်လည်း ကျွန်မ ပိုက်ဆံသုံးထားရသေးတယ်... ကုန်ကျစရိတ်က မနည်းပါဘူး...”

ကျန်းလီယွင်က ရှင်းပြသည်။


သူမတို့ စကားပြောနေစဉ်တွင် ကြက်ကြော်အနံ့က ပို၍ မွှေးပျံ့လာသည်။


အနီရောင် ပျိုနီပန်း ပုံစံဖော်ထားသော ကုတ်အင်္ကျီကို ကောင်းမွန်စတိုင်ကျစွာ ဝတ်စားထားသည့် အမျိုးသမီးကြီးက ဦးစွာ ပြောလာသည်။

“အရိုးလွတ် ကြက်ကြော် တစ်ပွဲပေးပါ...”


“ရှင့်မှာ အမြင်ကောင်းရှိတာပဲ... ဒီအရိုးလွတ် ကြက်ကြော်က အသားတွေချည်းပဲ... အရမ်းတန်တာ...”

ကျန်းလီယွင်က ပြုံး၍ ပြောလိုက်သည်။


ကျန်းလီယွင်က လွန်ခဲ့သောအပတ်မှစတင်၍ ကြက်ကြော်ရောင်းရန် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ဤအတောအတွင်း အမျိုးမျိုးသော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ကြက်ကြော်ရန် လိုအပ်သောပစ္စည်းများကိုလည်း ဝယ်ယူခဲ့သည်။


ယခုတွင် သူမက အရိုးလွတ်ကြက်ကြော်ကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပြီး ကြက်ကြော်အတွင်းသို့ ဆီများ စိမ့်ဝင်စေသည်။ သန့်ရှင်းသောစက္ကူစကို ကန်တော့ပုံစံလိပ်၍ အတွင်း၌ ကြက်ကြော်ကို ထည့်ပြီး ဝါးတံစို့လေးကို ထည့်သွင်းပြီးနောက် ထိုအမျိုးသမီးကြီးထံသို့ ပေးလိုက်သည်။


နောက်၁၀နှစ်အကြာတွင် လူများက ကြက်ကြော်ထည့်ရန် သီးသန့်ပြုလုပ်ထားသော စက္ကူအိတ်များကို အသုံးပြုလာကြမည် ဖြစ်သော်လည်း ယခုတွင်မူ ထိုသို့သောအိတ်များ မရနိုင်သေးပေ။ ရိုးရှင်းသော ထုတ်ပိုးမှုက လုံလောက်သည်။


ထိုအရိုးလွတ်ကြက်ကြော်များက ငါးဆယ်ဆင့်သာ ဖြစ်သော်လည်း လွန်စွာ အရသာရှိပေသည်။ ထိုအမျိုးသမီးကြီးက ကြိုက်နှစ်သက်သဖြင့် ကျန်းလီယွင်ကို အခြားအရာများကို အရသာရှိမရှိ မေးမြန်းသည်။


“အားလုံး အရသာရှိပါတယ်... ကြက်ပေါင်ကို ရှင့်ကလေးတွေအတွက် ဝယ်သွားချင်သေးလား...”

ကျန်းလီယွင်က အပြုံးလေးဖြင့် မေးလိုက်သည်။


“ကြက်တောင်ပံကြော် ပေးပါ...”

အမျိုးသမီးကြီးက ပြောလာသည်။


ကြက်တောင်ပံကြော်တွင် တောင်ပံနှင့် တောင်ပံထိပ်ပိုင်း ပါဝင်ပြီး ငါးဆယ်ဆင့်နှင့် ရောင်းချသည်က သင့်တော်သော နှုန်းထားဖြစ်သည်။ ကြက်တောင်ပံ အရင်းအပိုင်းများကို ငါးဆယ်ဆင့်ဖြင့် ရောင်းချပြီး ကျန်းလီယွင်က တမင်သက်သက်ပင် အသားများ ကျန်နေစေရန် သတိပြု၍ ခုတ်ထစ်ထားခြင်း ဖြစ်သည်။ 


ဈေးအတန်ဆုံးက ကြက်ပေါင်များ ဖြစ်ပြီး ၁ယွမ်သာ ကျသင့်သည်။ ထိုခေတ်ကာလက လူများအတွက်မူ ကြက်ပေါင်များက နှစ်လိုဖွယ်ဖြစ်ပြီး ဇိမ်ခံစားစရာဟု သတ်မှတ်ကြသည်။


ကျန်းလီယွင်က ကြက်၃ကောင်ကို ၃ယွမ်ဖြင့် ဝယ်ယူခဲ့ရပြီး ပြန်ရောင်းသောအခါ ၁၀ယွမ်ရရှိခဲ့သည်။ ကြက်ကြော်အနှစ်အတွက် အသုံးပြုရသော ကြက်ဥ၊ ဆီများကလည်း ဈေးမသက်သာပေ။ အထွေထွေ ကုန်ကျစရိတ်များမှာ ၃ယွမ်ခန့် ရှိမည်။


သူမ နောက်ဆုံး တွက်ချက်လိုက်သောအခါ ကြက်တစ်ကောင်ကို အမြတ်ငွေ ၄ယွမ်ကျန်သည်။ ယနေ့တွင် ကြက်၃ကောင် ဝယ်လာသဖြင့် အားလုံးကို ရောင်းချပြီးပါက ၁၂ယွမ်လောက် ရမည်။


အိမ်တွင် ကြက်ကလီစာများ ကျန်နေသေးရာ မိသားစုများနှင့် ပျော်ရွှင်စွာ စားနိုင်သေးသည်။


ကြက်ကြော်ရောင်းချရသည့် အမြတ်ငွေမှာ ဖက်ထုပ်ရောင်းချရသည်ထက် ပို၍ များသည်။


သို့ရာတွင် လက်ရှိအနေအထားအရ တစ်ရက်လျှင် ကြက်ကြော်များစွာ သူမ မရောင်းချနိုင်ပေ။ မြို့လေးက သေးပြီး မြို့တော်မဟုတ်ပေ။


ကျန်းလီယွင်က ကြက်တောင်ပံများကို စတင်ကြော်နေချိန်တွင် မူကြိုကျောင်း ဆင်းလာသည်။


အမျိုးသမီးကြီးများက ကလေးကြိုရန် လောနေပြီး တစ်ဦးက ပွစိပွစိလုပ်လာသည်။

“ငါ့မြေးကို ငါ အရင်ဆုံး လာကြိုမယ်လို့ ကတိပေးထားတာ...”


ထိုအချင်းအရာများကို ပြုံး၍ကြည့်ပြီးနောက် ကျန်းလီယွင်က ကြော်ထားပြီးသော ကြက်ကိုယ်ထည်ကို ဖယ်၍ အိုးထဲသို့ ဆီဖြည့်သည်။


ဤသို့ဖြင့် ကြက်ကြော်က ပို၍ အရသာ ရှိလာပေမည်။


ဆွဲဆောင်အားကောင်းသော ကြက်ကြော်အနံ့က ကျောင်းမှထွက်လာသော ကလေးများကို ဆွဲဆောင်နေသည်။


ကြော်လှော်ထားသော ပစ္စည်းများကို ဆီပါဝင်မှုများ၍ အစာအိမ်ကို လေးလံစေသည်ဟု နောက်ပိုင်းနှစ်မှလူများက သတ်မှတ်ကြသော်လည်း ယခုကာလများတွင်မူ ဤအရာက အရေးမကြီးပေ။


ခေါင်းတွင် ကျစ်ဆံမြီးလေးနှစ်ခုဖြင့် ကောင်မလေးက ကျောင်းပေါက်ဝသို့ ရောက်သောအခါ သူမ အမေကို မေးသည်။

“မေမေ... ဒါဘာအနံ့လေးလဲ ... မွှေးနေတာပဲ...”


ကောင်မလေး၏ အမေက ဆံပင်အကောက် သားရေဖိနပ်ဖြင့် ကောင်းမွန်စွာ ဝတ်ဆင်ထားပြီး ပိုက်ဆံသုံးနိုင်ပုံရသည်။ သူမက ကြက်ကြော်အနံ့ကိုရသောအခါ ကျန်းလီယွင်၏ ဆိုင်ဘက်သို့ လှည့်ကြည့်လာသည်။


တစ်ဖက်မှ ကောင်လေးတစ်ယောက်ကလည်း ကျောင်းပေါက်ဝမှ ထွက်လာပြီးနောက် ကျန်းလီယွင်၏ဆိုင်ကို မြင်သောအခါ အော်ဟစ်လာသည်။

“သား အဲ့ဒါ စားချင်တယ်... သား အဲ့ဒါ စားချင်တယ်...”


ကောင်လေး၏ အဖွားက ငွေသုံးရန် ဝန်လေးပြီး ပြောလိုက်သည်။

“အဖွားမှာ ပိုက်ဆံ မရှိဘူး...”


သို့ရာတွင် ကောင်လေးမှာ ထိုသို့သော အတွေ့အကြုံများစွာ ရှိခဲ့ဟန်တူသည်။ မဆိုင်းမတွပင် မြေကြီးပေါ်သို့ ထိုင်ချ၍ ဝုန်းဒိုင်းကြဲတော့သည်။ 

“သား စားမှာ.... သား စားချင်တယ်လို့...”


အဖွားဖြစ်သူက ကလေးကို ထူ၍ မတတ်နိုင်ဘဲ လိုက်လျောလိုက်ရသည်။

“အဖွား ဝယ်ကျွေးမယ်နော် ... ဒီလို ထပ်မလုပ်နဲ့တော့...”


ကောင်လေးက သူ့အဖွား ပြောသည်ကို အာရုံမရှိပေ။


အရသာရှိသည်ကို စားရန် မြေကြီးပေါ် ထိုင်ရမည်ဆိုပါက နောက်အကြိမ်များတွင်လည်း ထပ်လုပ်ဦးမည် ဖြစ်သည်။ ယခုတွင်မူ အဖွားလုပ်သူမှ ကောင်လေးကို ခေါ်၍ ကျန်းလီယွင်၏ ဆိုင်သို့ ရောက်လာသည်။


“ဒါ ဘယ်လောက်လဲ...”


“ငါ အရိုးလွတ် ကြက်ကြော် ဆင့်ငါးဆယ်ဖိုး ရချင်တယ်...”


“ငါက ကြက်တောင်ပံ အရင်း ယူမယ်...”


“ငါ့ကို ကြက်ပေါင် ပေးပါ...”


...


လူတိုင်းက ကြက်ကြော်ကို ဝယ်ယူရန် ဆန္ဒရှိကြခြင်းမဟုတ်ပေ။ လူအများစုက ဆင့်ငါးဆယ်နှင့် ၁ယွမ်ဟူသော ဈေးနှုန်းများကို မြင်သည်နှင့် ကလေးများကို ဆွဲ၍ ထွက်သွားကြသည်။


အချို့ကမူ မွှေးပျံ့သော အနံ့ရသောကြောင့် ဈေးသက်သာမည် မဟုတ်ကြောင်း သိ၍ ဈေးနှုန်းကိုပင် မကြည့်ဘဲ ကပျာကယာဖြင့် ကလေးများကို ခေါ်၍ ထွက်သွားကြသည်။


သို့ရာတွင် လူ၁၂ယောက်ဝန်းကျင်ခန့်က ကျန်းလီယွင်ဘေး၌ ဝိုင်းနေကြပြီး ဝယ်ယူကြသည်။ ထိုလူအုပ်ထဲမှ တစ်ယောက်က သူမကို မှတ်မိသွားသည်။

“မင်းက မနက်ပိုင်း မူလတန်းကျောင်းရှေ့မှာ အရှေ့မြောက်ပိုင်း ဖက်ထုပ်ရောင်းတဲ့ သူမဟုတ်လား...”


“ဟုတ်ပါတယ် ကျွန်မပါ အဒေါ်... ကျွန်မ အရင်က လူတစ်ယောက်ဆီက ဖက်ထုပ်ကြော်နည်းကို သင်ခဲ့ပြီးတော့ မကြာသေးခင်က ကြက်ကြော်လုပ်နည်းကို သင်ယူခဲ့တာပါ... အဲ့ဒါကြောင့် ဒီမှာ လာရောင်းတာ...”

ကျန်းလီယွင်က ရှင်းပြသည်။


သူမ၏ ကြက်ကြော်က တစ်မူထူးခြားကြောင်း ပြသရန် ကျန်းလီယွင်က သူမ ယခင်ရက်များက ဝယ်ယူခဲ့သော KFC ကြက်ကြော်ဆိုင် ဖွင့်ပွဲသတင်းများကို ထုတ်ပြလိုက်သည်။


ပေကျင်းကဲ့သို့ မြို့ကြီးများတွင် ကြက်ကြော်ဝယ်ယူရန် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးပင် ရှိသည်။


ကျန်းလီယွင်၏ ဆိုင်၌ တန်းစီနေကြသော ဝယ်သူများက အံ့ဩသွားကြပြီး သူမ ရောင်းချသော ကြက်ကြော်ကို မျှော်လင့်စောင့်စားမှုများက ပို၍ အားကောင်းလာသည်။


ကျန်းလီယွင်က ကြက်ကိုယ်ထည်၃ခုကို ကြော်ထားပြီးပြီ ဖြစ်ပြီး ကြက်ပေါင်နှင့် တောင်ပံများက အရွယ်အစားမကြီးသောကြောင့် မြန်ဆန်စေရန် တစ်ခါတည်း ထည့်‌‌ကြော်လိုက်သည်။ 


ကျန်းလီယွင်က ကြော်နေစဉ်တွင် ဖုန်းရီက ငွေသိမ်းခြင်း၊ ပါဆယ်ထုတ်ပိုးပေးခြင်းများ ပြုလုပ်ပေးသည်။ ဖုန်းရီက ကြက်ကိုယ်ထည်မှာ အတော်လေး ကြီးသဖြင့် ဝယ်သူများကို ခုတ်ထစ်ပေးရန် လိုမလို မေးမြန်းသည်။


ကြက်၃ကောင်ကို လူ၂ယောက်က အတူရောင်းချသဖြင့် နာရီဝက်အတွင်း ရောင်းကုန်သွားသည်။


မစားလိုက်ရသော လူတစ်ယောက်က ပြောလာသည်။

“မင်းတို့ မနက်ဖြန်ရော ရောင်းကြမှာလား...”


“ဟုတ်ပါတယ်... မနက်ဖြန်လည်း ရောင်းမှာပါ...”

ကျန်းလီယွင်က အပြုံးဖြင့် ပြန်ဖြေသည်။


“ဒါဆို... ငါ မနက်ဖြန် လာဝယ်မယ်... နောက်နေ့ များများ လုပ်ခဲ့နော်...”

ထိုလူက လျှာသပ်ရင်း မှာနေသည်။


ကြက်ကြော်မှ ထွက်လာသော အနံ့လေးက လွန်စွာ ဆွဲဆောင်နေသဖြင့် လူတိုင်းက မြည်းကြည့်ရန် မစောင့်နိုင်တော့ပေ။


ကြက်ကြော်ကို ဝယ်လိုက်နိုင်သော သူများက စတင်၍ စားသောက်နေကြသည်။ အများစုမှာ ကလေးများဖြစ်ပြီး စားသောက်ရန် စိတ်အားထက်သန်ကြသည်။


မိဘများက ကလေးများ ကြိုက်ကြသည်ကို မြင်သောအခါ တစ်တုံးလောက်ယူ၍ အရသာ မြည်းစမ်းကြည့်ရာ လွန်စွာ နှစ်သက်သွားကြသည်။


ကြွပ်ရွနေသောအကာနှင့် အရသာပြည့်ဝနေပြီး ဆီများကြွယ်ဝသော ကြက်ကြော်က အမှန်တကယ်ပင် အရသာ ရှိသည်။


သို့ရာတွင် ပမာဏက အလွန် နည်းလှသည် ဖြစ်ရာ လျင်မြန်စွာ အငမ်းမရ စားလိုက်မိကြသည်။



🏡🏡🏡