Chapter 42
Viewers 5k

🏡Chapter 42

အနံ့အသက်ဆိုးခြင်း



ဖက်ထုပ်များ ရောင်းမကုန်ခြင်းက အဖေကျန်းနှင့် အမေကျန်းတို့ကို စိတ်မသက်မသာဖြစ်စေသည်။


အစောပိုင်းတွင် သူမတို့ မြို့ပေါ်မှာရှိစဉ်က ကျန်းလီယွင်က ဖက်ထုပ်များ ရောင်းချနေရရွေ့ အလုပ်များနေသောကြောင့် မိဘများကို မနှစ်သိမ့်နိုင်ခဲ့ပေ။ ယခု သူမတွင် အချိန်ရှိလာပြီး ပြောခဲ့သည်။

“အဖေနဲ့အမေ ... ဖက်ထုပ်ရောင်းရတာ နည်းသွားပေမယ့်လည်း သမီးတို့ တစ်ရက်ကို ယွမ် ၂၀လောက် ရပါသေးတယ်... စက်ရုံမှာ အလုပ်ဝင်တုန်းကထက်စာရင် အများကြီး ကောင်းပါတယ်... နောက်ပြီးတော့ သမီး မြို့မှာ ကြက်ကြော်ရောင်းဖို့ စီစဉ်နေတယ်... မနက်ပိုင်း ဆိုင်စောစောပိတ်ရင် နေ့လည်မှာ ကြက်ကြော်ရောင်းဖို့ အချိန်ရှိလာပြီလေ... ကြက်ကြော် ရောင်းတာက ဖက်ထုပ်ကြော် ရောင်းရတာထက် ပိုက်ဆံ ပိုရနိုင်လောက်တယ်...”


“သမီးက ကြက်ကြော် ရောင်းချင်တယ်ပေါ့... ဘယ်လို ရောင်းမှာလဲ…”

အမေကျန်းက မေးသည်။


“ကြက်တစ်ကောင်လုံးကို တစ်စစီ ခုတ်ထစ်ပြီး အပိုင်းတွေ ပိုင်းမယ်... ကြက်တောင်ပံ၊ ကြက်ပေါင်၊ ကြက်ကိုယ်ထည် နဲ့ အရိုးလွတ်ကြက်သားပိုင်း ဆိုပြီး ရောင်းမယ်...”

ကျန်းလီယွင်က ရှင်းပြသည်။


သူမ ယခင်က အိမ်တွင်စားရန် ကြက်ကြော်ပြုလုပ်စဉ်ကတည်းက ရောင်းချရန်အတွက် ရည်ရွယ်၍ ခုတ်ထစ်ပြီး လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။


ကြက်ပေါင်နှင့် တောင်ပံကို တိုက်ရိုက်ကြော်၍ ရောင်းချနိုင်သော်လည်း ကြက်အသားပိုင်းများကိုမူ အရိုးလွတ်ဖြစ်အောင် ပြင်ဆင်ရမည်။ ကျန်ကြက်သားကိုယ်ထည်ကိုလည်း ကြော်၍ ရောင်းချနိုင်သည်။


ကြက်ကလီစာများကိုမူ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများကို နေ့လည်စာအဖြစ် ကျွေးမည်ဖြစ်ပြီး သူမတို့ အိမ်အတွက်လည်း သိမ်းဆည်းထားမည် ဖြစ်သည်။ အနာဂတ်တွင် သူမ ကြက်ကြော်လုပ်ငန်းစတင်ပါက ကြက်ကလီစာများစွာ ရှိလာနိုင်ပြီး ထိုအရာများကို အရသာစိမ့်ဝင်အောင်နှပ်၍ ချက်ပြုတ်ပြီး ရောင်းချမည် ဖြစ်သည်။


ကြက်ကြော်ရောင်းချရာတွင် အချိန်ကုန်သက်သာသော နည်းလမ်းမှာ အေးခဲထားသော ကြက်ပေါင်များ နှင့် တောင်ပံများကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ကျို့ချွီမြို့၌ ယခုအချိန်တွင် အေးခဲထားသော ကြက်ပေါင်များနှင့် တောင်ပံများကို ဝယ်ယူနိုင်ခြင်း မရှိပေ။ မြို့ကြီးများတွင် ရှိကောင်းရှိနိုင်သော်လည်း သူမ သွား၍ မဝယ်နိုင်ပေ။


သူမ ကိုယ်တိုင် ကြက်ဝယ်၍ တစ်စစီခုတ်ထစ်ရသည်က အနည်းငယ် ပြဿနာများစေသည်။ သူမ အစပိုင်းတွင် များစွာရောင်းချရန် ပြင်ဆင်ထားခြင်း မရှိပေ။ ထို့ကြောင့် တစ်ရက်လျှင် ကြက်၂ကောင်၊ ၃ကောင်ခန့်သာ ရောင်းချပြီး ခြေကုန်လက်ပမ်းကျခြင်းကို ရှောင်ရှားနိုင်ပေမည်။


ထို့အပြင် မြို့ပေါ်တွင် ကြက်ကြော်ဝယ်ရန် ပိုက်ဆံသုံးလိုသောလူ များစွာမရှိပေ။ ကြက်ကြော်ရောင်းချရန် အနာဂတ်အစီအစဉ်များကို ပြောပြပြီးသောအခါ ကျန်းမိဘများက သူမတို့၏စီးပွားရေးကို အခြားသူများက လုယူခြင်းနှင့် ပတ်သက်၍ စိတ်မပူတော့ပေ။


ကျန်းလီယွင်က ထပ်မံ၍ ပြောလာသည်။

“အမေနဲ့ အဖေ... သူများတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူး… သမီးတို့ လုပ်စရာရှိတာလုပ်ရင် ရပြီ...”


အဖေကျန်းနှင့် အမေကျန်းက ခေါင်းညိတ်၍ သဘောတူကြောင်းပြလာသည်။ သူမ မိဘများက ဆုံးဖြတ်ချက်များ ပြုလုပ်လေ့မရှိဘဲ နာခံတတ်သောကြောင့် သူမ စိတ်ကျေနပ်ရသည်။ ဖက်ထုပ် ပြုလုပ်ရာတွင်လည်း သူမ၏ ညွှန်ကြားချက်များကို လိုက်နာကြပြီး ပြဿနာ မဖြစ်စေပေ။


သူမ၏ ယခင်ဘဝတွင် ဖက်ထုပ်ပြုလုပ်ရန် လူများငှားရာ၌ သူမ၏ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် စိတ်ရှုပ်ခဲ့ရသည်။ လူတစ်ယောက်ဆိုလျှင် သူမ တားနေသည့်ကြားမှ ကုန်ကျစရိတ်သက်သာစေရန် ဘန်းမုန့်များတွင် ထည့်ရမည့်အသားများကို ပမာဏလျှော့ထည့်သဖြင့် မဆိုင်းမတွပင် အလုပ်မှ ထုတ်လိုက်ရသည်။ 


ကျန်းမိဘများကမူ ပူးပေါင်းဆောင်ရွက်ပေးသည်။ သူမ သတ်မှတ်ထားသော အသားပမာဏအတိုင်း ထည့်ပေးကြသည်။


အိမ်ပြန်သောလမ်းတွင် အမေဖုန်း(ကျိုးချောင်ရှား)နှင့် ဆုံလေသည်။ အမေဖုန်းက သူမတို့ကို တွေ့သောအခါ ပြုံး၍ ပြောလာသည်။

“တစ်ယောက်ယောက်က နင်ရဲ့ ဖက်ထုပ်ကြော်စီးပွားရေးကို ပုံတူကူးပြီး ဖောက်သည်တွေကို လုယူသွားတယ်လို့ ကြားတယ်...”


အမေဖုန်း သိနေသည်ကို ကျန်းလီယွင်မှ အံ့ဩခြင်းမရှိပေ။ အဖေဖုန်းက မကြာသေးမီကစ၍ မနက်တိုင်း မြို့သို့သွားပြီး ဟင်းသီးဟင်းရွက်များ ရောင်းချလေ့ရှိသည်။ ထိုဈေးနှင့် သူမ ဖက်ထုပ်ကြော်ရောင်းချသည့် နေရာက မဝေးလှပေ။


အမေဖုန်းက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေရန် စိတ်အားထက်သန်စွာ သရော်လှောင်ပြောင်နေခြင်းက သူမ တီဗီထဲတွင် မြင်ဖူးသော ဦးနှောက်မရှိသည့် အမြောက်စာ ဇာတ်ကောင်နှင့် တူသည်။


“ရှင်လည်း ကြက်စာဖိုး မတတ်နိုင်လို့ ရုန်းကန်နေရတယ်လို့ ကြားတယ်... အဒေါ်ပြောတော့ ဦးလေးဖုန်းက မြို့မှာ ဟင်းသီးဟင်းရွက်ထပ်မရောင်းတော့ဘူးဆို... သိပ်မကြာခင်က နေ့တိုင်း သူ့ကိုတွေ့မိတယ်... အဲ့ဒါ ကြက်စာဖိုး ပိုက်ဆံရှာနေတာလား...”

ကျန်းလီယွင်မှ ပြောသည်။


“နင်... နင်...”

အမေဖုန်းက ဒေါသတကြီးဖြစ်လာသည်။


“အမေ... အမေ့ဆီက နံတယ်... ဘေးနည်းနည်းကပ်ပေးလို့ ရမလား... အစ်မလီယွင်ကို အမေ့ဆီက အနံ့တွေ ကူးကုန်မယ်...”

ဖုန်းရီက ကျန်းလီယွင် အရှေ့၌ရပ်ပြီး ရိုးသားသော အမူအရာလေးဖြင့် ပြောလိုက်သည်။


ရန်ဖြစ်ပါက သူမ ဖုန်းရီကို မနိုင် နိုင်သည်ကို အမေဖုန်း သိသည်။ 


ဖုန်းရီ၏ အနောက်တွင် ရပ်နေသော ကျန်းလီယွင်က အမေဖုန်း၏ ပျက်ယွင်းသွားသော မျက်နှာပေးကြောင့် မရယ်ဘဲ မနေနိုင်ပေ။


ဖုန်းရီ ပြောသည်ကလည်း မှန်ပေသည်။ အမေဖုန်းဆီက အမှန်ပင် အနံ့ထွက်နေသည်။


ကြက်ကောင်ရေ နှစ်ရာကျော်ကို အိမ်တွင် မွေးမြူထားပြီး အစားကျွေးခြင်း၊ ရေတိုက်ခြင်း၊ ကြက်ချေးများ ရှင်းလင်းခြင်းတို့ကို လုပ်ရသောကြောင့် အမေဖုန်းထံမှ အနံ့ထွက်နေခြင်းက အံ့ဩစရာ မရှိပေ။


ကျန်းမိသားစုတွင် ဝက်မမွေးသော်လည်း ကြက်နှင့် သိုးများ မွေးမြူကြသည်။ ကျန်းလီယွင်က သိုးခြံ၏ အနီးနားသို့ သွားခြင်းကို ရှောင်လေ့ရှိသည်။


အနံ့က တကယ်စွဲတာပဲ...


ကံကောင်းစွာဖြင့် သူမတို့အိမ်၌ ကြက်နှင့် ဝက်များကို အဖေကျန်းကသာ ဂရုစိုက်ပေးသောကြောင့် ကျန်းလီယွင်က ကူညီပေးရန် မလိုပေ။


အမေဖုန်းက လေတစ်ဝှေ့အတွင်း ထွက်ခွာသွားသည်။


ကျန်းမိသားစုက ပျော်ရွှင်စွာဖြင့် အိမ်ပြန်ပြီး နေ့လည်စာ ပြင်ဆင်ကြသည်။ အဖေကျန်းက မီးမွှေးပြီး အမေကျန်းက ဟင်းချက်စရာများကို ဆေးကြောသည်။ ကျန်းလီယွင်က ချက်ပြုတ်သည်။ 


ဖုန်းရီကမူ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားကြည့်ပေးရသည်။


ယခုတွင် အိမ်၏ပထမထပ်က ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး ဒုတိယအထပ်ကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။


ဤခေတ်ကာလများတွင် အိမ်ဆောက်ရာ၌ လူများက အပေါက်၅ပေါက်ပါသော မှန်ကူကွက်များကို သဘောကျကြသည်။ ထိုမှန်ကူကွက်များကို သံ၊ ဘိလပ်မြေ၊ သဲနှင့် ကြိုတင်၍ သွင်းလောင်းထားပြီး အုတ်များကဲ့သို့ ဝယ်ယူနိုင်သည်။


ပထမအထပ်၏ နံရံများ တည်ဆောက်ပြီးစီးသောအခါ မှန်ကူကွက်ကို အပေါ်တွင်တင်၍ ဒုတိယအထပ်ကို ဆက်လက်ဆောက်လုပ်သည်။


ထိုမှန်ကူကွက်များက ကောင်းမွန်သည်ဟု လူများက ယူဆကြသော်လည်း ချွတ်ယွင်းချက် အားနည်းချက်များရှိသည်။


ဥပမာအားဖြင့် ထိုမှန်ကူကွက်ဖြင့် အိမ်ဆောက်မည်ဆိုပါက အကျယ်က မှန်ကူကွက် အကျယ်အတိုင်း ဖြစ်နေရန် လိုအပ်သည်။ ကုန်ကျစရိတ်လျှော့ချနိုင်ရန် ကုန်သည်များက ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိပြီး အရည်အသွေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ် သတင်းများ ရှိသည်။


ဆယ်စုနှစ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် အိမ်ဆောက်ရာတွင် ထိုမှန်ကူကွက်များကို သုံးလေ့မရှိကြတော့ပေ။ သို့ရာတွင် ယခုအချိန်တွင်မူ ဤအရာက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ ရွာမှအိမ်များတွင် ကြမ်းခင်းအဖြစ် သစ်သားကို အသုံးပြုကြပြီး ထိုသစ်သားကြမ်းခင်းများက မှန်ကူကွက်များထက်ပင် အန္တရာယ် ရှိနိုင်သည်။


ကျန်းလီယွင်က လဝက်ခန့် တွေးဆပြီးနောက် အိမ်၏အကြမ်းထည်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။


အုတ်နှင့် ကြွေပြားများဖြင့် အိမ်ဆောက်ရခြင်းက မြန်ဆန်သော်လည်း ပြတင်းတံခါးများ တပ်ဆင်ခြင်း၊ နံရံများ ဆေးသုတ်ခြင်း၊ ကြမ်းပြင်လောင်းခြင်းတို့လုပ်ရန် ကျန်နေသေးသည်။ အိမ်ပြောင်းခြင်းက အမှန်ပင် အချိန်ယူရသည်။ 


ယခုအချိန်တွင် အုတ်နှင့်ကြွေပြားစက်ရုံကဲ့သို့သော အချို့နေရာများတွင် အကြွေးများ တင်ကျန်နေသည်။ သူမထံတွင် ယွမ်ရာဂဏန်းမျှသာ ရှိသေးသောကြောင့် အိမ်ဆောက်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။


အမေကျန်းက ဟင်းရွက်များကို ဆေးကြောပြီးသောအခါ ကျန်းလီယွင်က ပြောသည်။

“အမေ... အဒေါ်ယွီရှန်းတို့အိမ်သွားပြီး သူ့ဆီက ကြက်သုံးကောင်လောက် ဝယ်လာခဲ့ပေးပါဦး... ကြက်ကိုင်ဖို့နဲ့ အမွေးနှုတ်တာလည်း သူ့ကိုပဲ လုပ်ခိုင်းလိုက်ပါ...”


ကြက်သွေးက စားရန် သင့်တော်ပြီး ကြက်မွေးများက ရောင်းချ၍ရသည်။ သူမတို့ ကွန်မြူနတီတွင် ကြက်များရောင်းချသည့်သူက ကြက်ပေါ်ပေးရန် ဆန္ဒရှိကြသည်။


သို့ရာတွင် အိမ်အများစုက မလုပ်ခိုင်းကြပေ။


သူတို့ကိုယ်တိုင် ကြက်ပေါ်၍ ကြက်သွေးကို သိမ်းကြသည်။


ယမန်နေ့က ကြက်ကြော်ရာတွင် ဖုန်းရီက ကြက်ပေါ်သောကြောင့် ကြက်သွေးများ စုဆောင်းခဲ့ပြီး ယနေ့ နေ့လည်စာအတွက် ကျန်းလီယွင်က ထိုကြက်သွေးကို စွပ်ပြုတ်လုပ်လိုက်သည်။


သူမ ကြက်ကြော်ရောင်းရန် စီစဉ်ကတည်းက ကြက်ကို သူမ ကိုယ်တိုင်ကိုင်ပြီး ကြက်သွေးများ စုဆောင်းပါကလည်း သူမ ကုန်အောင်မသုံးနိုင်ပေ။ ထို့ကြောင့် သူများကို ကြက်ပေါ်ခိုင်းလိုက်သည်က ပိုအဆင်ပြေနိုင်သည်။


“ဘာလို့ သူများကို ပေါ်ခိုင်းနေမှာလဲ... သမီး အဖေကိုပဲ လုပ်ခိုင်းလိုက်ပါလား...”


“အဖေက အရမ်းအလုပ်များနေပြီ... အမေ... သမီး ပြောတဲ့အတိုင်း လုပ်ပေးပါ...”

ကျန်းလီယွင်မှ ပြောသည်။


“ကောင်းပြီလေ...”

အမေကျန်းက ကြက်ဝယ်ရန် ထွက်သွားသည်။


မမျှော်လင့်ထားစွာ အချိန်တိုအတွင်းတွင် အမေကျန်းက အဒေါ်ယွီရှန်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။


အဒေါ်ယွီရှန်းကမေးသည်။

“လီယွင်... နင် ကြက်ထပ်ဝယ်ဦးမလို့ဆို... ဒီတစ်ခါ ၃ကောင်တောင်လေ...”


“ဟုတ်ပါတယ် အဒေါ်ယွီရှန်း…”

ကျန်းလီယွင်က ပြုံးပြီး ပြောလိုက်သည်။


“ငါက နင့်အမေ နားကြားမှားတယ် ထင်နေတာ... နင်ပြောတာကြားရတော့ စိတ်ချပါပြီ...”

ကျန်းလီယွင်ထံမှ အတည်ပြုပေးသည်ကို ကြားမှ အဒေါ်ယွီရှန်းက အမေကျန်းကို ကြက်များ ရွေးချယ်ရန် ခေါ်သွားခဲ့သည်။


ထိုအရာကို ကြည့်ပြီး ကျန်းလီယွင်က ပြောစရာစကားများ ပျောက်ဆုံးနေခဲ့သည်။ သူမတို့ရွာတွင် ကလေးများက ပစ္စည်းများ ရောင်းကြဝယ်ကြရာတွင် အထင်လွဲမှားမှုများ မဖြစ်စေရန် ဈေးသည်များက ကလေးများနှင့်အတူ အိမ်သို့လိုက်ပြီး မိဘများထံသွား၍ အတည်ပြုချက်တောင်းလေ့ရှိသည်။


သူမ အဖြစ်တွင်မူ သူမ အမေဈေးဝယ်သည်ကို သူမထံမှ အတည်ပြုချက် လာတောင်းနေခြင်း ဖြစ်သည်။


အမေကျန်းနှင့် အဒေါ်ယွီရှန်းတို့ ထွက်သွားပြီးနောက် ကျန်းအာ့ရှုနှင့် ဖုန်းရီတို့ ပြန်ရောက်လာကြသည်။


ကျန်းလီယွင်က ဖုန်းရီကို ကျန်းအာ့ရှုအတွက် ရေနွေးကြမ်းပြင်ခိုင်းထားပြီး ပြောလိုက်သည်။

“ဟင်းပွဲတွေ အဆင်သင့်မဖြစ်သေးဘူး... ရေနွေးကြမ်း အရင်သောက်ထားနှင့်နော်...”


ထမင်းစားရန်လည်း စောနေသေး၍ ကျန်းအာ့ရှုက အခြားသူများနှင့် စကားပြောရင်း ရေနွေးကြမ်းသောက်နေလိုက်သည်။ စကားစမြည်ပြောရင်း အကြောင်းအရာက ကြက်မွေးမြူခြင်းထံသို့ ရောက်သွားသည်။

“ကြက်စာဈေးက တက်လာပြီ... အခုဆို ၁၀၀ကီလိုကို နှစ်ယွမ်ဖြစ်နေပြီ... အရင်ထက် ဈေးတက်လာတယ်...”


“ကြက်ဈေးက အခုထိ တက်မလာသေးဘူး... ဒါဆို အမြတ်တော့ နည်းမှာ...”


“ကြက်မွေးရတာ အမြတ်သိပ်မကျန်ဘူး... ကံကောင်းလို့ ငါ့အိမ်က ကြက်မမွေးလို့...”


...


ကျန်းအာ့ရှုက သူတို့အိမ်တွင် ကြက် မမွေးခြင်းက ကံကောင်းသည်ဟု ခံစားရသည်။ အခြားတစ်ဖက်တွင် အမေဖုန်းက ကြက်များကို ကြည့်ရှုစောင့်ရှောက်ရင်း အနာဂတ်တွင် ကြက်များ ရောင်းချခြင်းနှင့် ပတ်သက်၍ စိတ်ကူးယဉ်နေသည်။


“အရင်ကတော့ အိမ်တိုင်းက နှစ်သစ်ကူးကာလဆို ကြက်တစ်ကောင်လောက် ပေါ်ကြတာလေ... ပွဲတော်အတွင်းမှာ ဧည့်သည်တွေကို ကြက်သားနဲ့ဧည့်ခံတာက အကန့်အသတ်နဲ့ ... ဧည့်သည်တွေကလည်း မလောက်ငှမှာစိုးရိမ်လို့ မစားရဲကြဘူး... အခုတော့ မတူတော့ဘူး... လူတိုင်းက ကြက်သားစားချင်ကြတယ်... နှစ်သစ်ကူးမှာ ငါတို့လည်း ကြက်သားပေါ်ပြီး စားလို့ရတယ် ... နောက်ပိုင်း ဝယ်သူတွေရှိရင်လည်း ရောင်းလို့ရတယ်... ကြက်တွေက ဈေးကောင်းရလိမ့်မယ်လို့ ကျွန်မထင်တယ်...”

အမေဖုန်းက အဖေဖုန်းကို စားမြုံ့ပြန်ရင်း သူမ၏ အစီအစဉ်များကို ပြောပြနေသည်။


“ဟုတ်တယ်... မနှစ်က နှစ်ကူးကာလမှာ ကြက်ဈေးက နှစ်ဆတက်သွားတာ...”

အဖေဖုန်းက ပြောလာသည်။


သူမတို့လင်မယားနှစ်ယောက်တိုင်ပင်နေစဉ်တွင် ဖုန်းရှောက်ရှောက်က ကျောင်းမှ ပြန်ရောက်လာသည်။


အဖေဖုန်းနှင့် အမေဖုန်းတို့က သားများကို တန်ဖိုးထားကြသော်လည်း ဖုန်းရှောက်ရှောက်ကို မွေးလာသောအခါ သားများအကြားမှ တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် တုန်နေအောင် ချစ်ကြသည်။


အမေဖုန်းက နှုတ်ဆက်လိုက်သည်။

“ရှောက်ရှောက် ပြန်လာပြီလား... မြန်မြန် စားရအောင်...”


သို့ရာတွင် ဖုန်းရှောက်ရှောက်က အမေဖုန်းကို ရှောင်ဖယ်၍ ပြောလိုက်သည်။

“အမေ... အမေ့ဆီက နံတယ်... သမီးကို မဖက်နဲ့...”


အမေဖုန်း “...”


×××××


အခြားတစ်ဖက်တွင်လည်း ကျန်းလီယွီက အိမ်ပြန်ရောက်လာပြီး ကျန်းလီယွင်ဘေးတွင် ထိုင်ပြီး ကျောင်းမှကိစ္စများအကြောင်း ပြန်ပြောပြနေသည်။ ဥပမာအားဖြင့် သူမ၏ ကာတွန်းစာအုပ်ကို အတန်းဖော်တစ်ယောက်မှ ငှားသွားပြီး ရိုရိုသေသေ မကိုင်ကြောင်း၊ ဖုန်းရှောက်ရှောက်က ယနေ့ အခြားအတန်းဖော်တစ်ယောက်နှင့် ရန်ဖြစ်ခဲ့ကြောင်း၊ ထိုအတန်းဖော်က ဖုန်းရှောက်ရှောက်ကို နံစော်နေကြောင်းပြော၍ ဖုန်းရှောက်ရှောက်က သူ့မျက်နှာကို ကုတ်ခြစ်ခဲ့ကြောင်း စသည်ဖြင့် ပြောပြနေသည်။


ကျန်းလီယွင်က ဖုန်းရှောက်ရှောက် အကြောင်းကို သိထားသည်။


ဖုန်းရီ၏ ညီမလေးက အလိုလိုက်ခံထားရသောကြောင့် ဒေါသကြီးပြီး စိတ်သဘောထားဆိုးသည်။


ငယ်စဉ်ကတည်းက ထိုသို့ ဖြစ်သဖြင့် ကျန်းလီယွင်က သူမကို အလေးအနက်မထားပေ။


သူမမှတ်ဉာဏ်ထဲတွင် ဖုန်းရှောက်ရှောက်က ဖုန်းရီကို “ညစ်ပတ်နံစော်နေတဲ့သူ”ဟု ပြောဖူးပြီး သူမနှင့် ဖုန်းရီတို့ လက်ထပ်ပြီးနောက်တွင် ဖုန်းရီထံ ပိုက်ဆံလာချေးငှားဖူးပြီး သူမကိုလည်း “မသန်စွမ်း” ဟူ၍ လှောင်ပြောင်သရော်ခဲ့ဖူးသည်။


မမျှော်လင့်ထားစွာပင် ယခု၌ ဖုန်းရှောက်ရှောက်က အများ၏ ရှောင်ဖယ်ခြင်းကို ခံနေရသည်။


“လီယွီ... ညီမလေးက သူ့ကို မလှောင်နဲ့နော်...”

ကျန်းလီယွင်က ကျန်းလီယွီကို သင်ကြားပေးသည်။


ကျန်းလီယွင်က ဖုန်းရှောက်ရှောက်ကို သဘောမကျသော်ငြား သူမက ငယ်ရွယ်လွန်းနေသဖြင့် ဟာသလုပ်ခြင်းက မမှန်ကန်ပေ။


“မမ... သမီးက သူ့ကို မလှောင်ပါဘူး... သူက သမီးကို ရိုက်မှာပေါ့... ဒါပေမယ့် သူက သမီးကို အင်္ကျီအပြဲတွေ ဝတ်တယ်လို့ အမြဲပြောပြောနေတာ...”

ကျန်းလီယွီက မဝံ့မရဲလေသံလေးဖြင့် ပြောလာသည်။


ကျန်းလီယွင်က စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး ကျန်းလီယွီကိုဖက်ထားလိုက်သည်။

“လီယွီ... နှစ်သစ်ကူးကျရင် အစ်မ အင်္ကျီအသစ်တွေ ဝယ်ပေးမယ်နော်...”



🏡🏡🏡