Chapter 41
Viewers 5k

🏡 Chapter 41



ယမန်‌နေ့တွင် ကျန်းလီဟိုင်က လှေနောက်လိုက်သွားပြီး ပန်းရန်ဆရာကိုလည်း ခွဲဝေပေးရန် မလိုသောကြောင့် ဖုန်းရီက ယခင်ကထက် ပို၍ စားရသည်။


ကျန်းလီယွင်က ကြက်ပေါင်နှစ်ခုကို ဦးလေးကျန်းတို့အိမ်သို့ ပေးခဲ့ပြီး ဖုန်းရီက ကြက်တောင်ပံနှင့် ဒူးဆစ်စားရသည်။ 


အစ်မလီယွင် ပြောတာ မှန်တယ်... ကြက်တောင်ပံနဲ့ ဒူးဆစ်က ပေါင်ထက်တောင် အရသာ ရှိသေးတယ်...


ကျန်းလီယွင် ကြက်ကြော် ရောင်းချမည် ဆိုပါက မနက်ပိုင်းတွင် ဖက်ထုပ်လျှော့၍ ရောင်းချခြင်းက မဆိုးလှပေ။


ဖုန်းရီက စိတ်သက်သာရာရသွားပြီး ဘေးဆိုင်မှ ယန်မိသားစု၏ ဖက်ထုပ်ကြော်နှင့် ပတ်သက်၍ စိုးရိမ်ခြင်း မရှိတော့ပေ။


“စိတ်မပူပါနဲ့... ငါ ငွေတွေ အများကြီး ရှာနိုင်မှာ... ငါတို့ အိမ်ကို မြန်မြန်ဆောက်နိုင်တော့မှာပါ...”

ကျန်းလီယွင်က ဖုန်းရီကို နှစ်သိမ့်ပေးသည်။


ဖုန်းရီက သူ၏ ကျားစွယ်လေးနှစ်ချောင်းကို ဖော်ပြီး မပြုံးဘဲ မနေနိုင်ပေ။


ကျန်းလီယွင်က နောက်တစ်ဖန် ဖြစ်ပေါ်လာသော နမ်းချင်စိတ်ကို ထိန်းချုပ်၍ ဖုန်းရီ၏ ပါးကို ဆွဲညှစ်လိုက်သည်။


...


ကျန်းလီယွင် စာဖတ်ခန်းသို့ သွားသောအခါ ဖက်ထုပ်ရောင်းချခြင်းက ဖုန်းရီ၏ တာဝန်ဖြစ်လာသည်။


ဤကိစ္စကို အမေကျန်းနှင့် ကျန်းလီဟိုင်က မကိုင်တွယ်နိုင်ပေ။


ဖုန်းရီက လူများနှင့် ဆက်ဆံရခြင်းကို မနှစ်သက်သော်လည်း ကျန်းလီယွင်ကို သဘောကျသောကြောင့် သူမထံမှ သင်ယူရန် ဆန္ဒရှိခဲ့သည်။


ဝယ်သူများကို ကျန်းလီယွင် ဆက်ဆံသည့်အတိုင်း အတုခိုး၍ ဖုန်းရီက ဖက်ထုပ်များကို ရောင်းချခဲ့သည်။


အခြားတစ်ဖက်တွင် ယန်ဟိုင်ထောင်က အတော်လေး မသက်မသာ ခံစားနေရသည်။


ဆိုင်မဖွင့်မီတွင် ယန်ဟိုင်ထောင်က သူ၏ ဖက်ထုပ်အိုးကပ်ကြော်သည့် အရည်အချင်းကို လေ့ကျင့်ချင်သော်လည်း သူ့ အမေက ဖက်ထုပ်ကြော်ရန် လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။ သူ ထပ်မံလေ့ကျင့်ခြင်းကို တားမြစ်လိုက်ပြီး ထိုသို့ လေ့ကျင့်ခြင်းက ပိုက်ဆံဖြုန်းတီးခြင်းသာ ဖြစ်သည်ဟု အမေယန်က ယူဆသည်။


သူ့ထံတွင် ယခု အလုပ်မရှိသောကြောင့် ဆိုင်ဖွင့်ရန် အရင်းအနှီးများကို သူ့ မိဘများက ပေးထားခြင်း ဖြစ်သည်။ မိဘများက သူ့ကို လေ့ကျင့်ရန် ဂျုံမှုန့်များ၊ ဝက်သားများအတွက် ပိုက်ဆံသုံးခွင့် မပေးတော့သောအခါ သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။


ဤသို့ဖြင့် ယနေ့ ဖက်ထုပ်ရောင်းချရာ၌ လုပ်ကိုင်သည့်အခါ နှေးကွေးနေသည်။


အစပိုင်းတွင် ဖုန်းရီလည်း ဖက်ထုပ်ကြော်ရာ၌ နှေးကွေးခဲ့သည်။ သို့ရာတွင် ကျန်းလီယွင်က မည့်သည့်အခါမှ တွန်းအားမပေးဘဲ သူမ၏ ယခင်ဘဝမှ အတွေ့အကြုံများကို မျှဝေပေးခဲ့သည်။


တဖြည်းဖြည်းဖြင့် ဖုန်းရီက တိုးတက်လာခဲ့သည်။


ယန်ဟိုင်ထောင် အတွက်မူ လမ်းညွှန်ပြသမည့်သူ တစ်ဦးမှ မရှိသည့်အပြင် သူ့အမေက ဝယ်သူများ ထွက်ခွာသွားမည် စိုးသဖြင့် တစ်ချိန်လုံး မြန်မြန်လုပ်ရန် တိုက်တွန်းနေခဲ့သည်။


ယန်မိဘများက သူတို့ ဘဝတစ်လျှောက်လုံး ဤမြို့၌ နေခဲ့ပြီး ယန်ဟိုင်ထောင်ကလည်း ဤနေရာတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် မြို့ထဲ၌ အသိအကျွမ်းများစွာ ရှိပြီး အိမ်နားနီချင်းများကလည်း သူတို့ကို မှတ်မိကြသည်။


ယန်မိသားစုမှ ဖက်ထုပ်များ ရောင်းချသည်ကို မြင်သောအခါ အုပ်စုလိုက် လာရောက်ဝယ်ယူကြသည်။


လူအချို့က ဆိုင်အသစ်ကို စပ်စုလိုကြပြီး အချို့က မူလဆိုင်နှင့် အရသာချင်း နှိုင်းယှဉ်လို၍ ယန်မိသားစုဆိုင်သို့ လာရောက်ကြသည်။


ယန်မိသားစု၏ စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး အမေယန်က ယန်ဟိုင်ထောင်ကို နှေးကွေးသဖြင့် အဆက်မပြတ် နားပူနားဆာလုပ်နေသည်။


ထိုဖိအားများအောက်တွင် ယန်ဟိုင်ထောင်မှာ ပျာယာခတ်ပြီး ရလဒ်အနေဖြင့် ဖက်ထုပ်အချို့မှာ မကျက်တကျက်ဖြစ်ပြီး အချို့မှာ အကျက်လွန်သွားသည်။


ဖုန်းရီသာ ထိုအရာကို မြင်ပါက ယနေ့ ယန်ဟိုင်ထောင် ပြုလုပ်သော ဖက်ထုပ်များက သူ အုတ်စက်ရုံတွင် အလုပ်ဝင်ကာစ နေ့ရက်များကို သတိရစေလိမ့်မည်။


ယခုအချိန်တွင် လူများက အလုပ်သို့၊ ကျောင်းသို့ သွားချိန် ဖြစ်သောကြောင့် ဖက်ထုပ်အိုးကပ်ကြော် ဝယ်သူများက နည်းပါးသွားပြီး ယန်ဟိုင်ထောင်ကို အသက်ရှုချိန် ရစေသည်။

 

“အမေ... ဘာလို့ ကျွန်တော့်ကို တွန်းအားပေးနေတာလဲ... ကျွန်တော် အမြန်လုပ်လိုက်ရင် ဖက်ထုပ်က သေချာမကျက်တော့ဘူး…”

သူ့အမေကို စောဒကတက်လိုက်သည်။


“နင်လုပ်တာ ဘေးဆိုင်ကထက်တောင် ပိုကြာသေးတယ်... ဘာလို့ ဖက်ထုပ်က မကျက်ရမှာလဲ...”

အမေယန်က ခွန်းတုံ့ပြန်လိုက်သည်။


ယန်ဟိုင်ထောင်က တစ်ဖက်ဆိုင်မှ သူများ ဖက်ထုပ်ကြော်သည့် အချိန်ကို မှတ်ထားရာ သူ ယနေ့ ကြော်သည့် အချိန်က ပိုကြာနေသည်။


ယန်ဟိုင်ထောင်က ဆက်ပြောသည်။

“အမေ... ဘာလို့ ဆိုင်ကို ဒီနား လာဖွင့်ရတာလဲ… တခြားနေရာမှာ ဖွင့်တာ ပိုမကောင်းဘူးလား...”


သူ၏ အရည်အချင်းများက ကိုယ့်ဘာသာ သင်ယူထားခြင်း ဖြစ်ပြီး အခြားသူများနှင့် ယှဉ်ပြိုင်ရသောအခါ မျက်နှာပူမိသည်။ သူ အခြားနေရာ၌ ရောင်းချ၍ ယှဉ်ပြိုင်ရခြင်းနှင့် ဝေးဝေးနေလိုသည်။


သို့ရာတွင် အမေယန်က ဤနေရာ၌ ဆိုင်ဖွင့်ရန် မရမက ပြောသည်။


“ငါတို့က ဒီနားမှာ နေတာ ... ဒီနားက လူတိုင်းက ငါတို့ကို သိတယ်... စီးပွားရေးက ဒီနားမှာ လုပ်တာ ကောင်းတယ်... ဘာလို့ အးတခြားနေရာ သွားနေမှာလဲ...”

အမေယန်က ရှင်းပြလာသည်။


ဤနေရာက မူလတန်းကျောင်း ရှိရုံသာမက မနက်ဈေးပါ ရှိသောကြောင့် လူများစွာတို့ကို ဆွဲဆောင်ပြီးသား ဖြစ်စေ၍ ကောင်းမွန်သော နေရာ တစ်ခုဖြစ်သည်။


ဖက်ထုပ်ကြော် ရောင်းချရန်က ယန်ဟိုင်ထောင်၏ အကြံဉာဏ်ဖြစ်ပြီး သူ စီးပွားရေး စလုပ်ကြည့်ချင်သည်။ သို့ရာတွင် စတင်လိုက်သည်နှင့် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။


ငွေအရင်းအနှီးများက မိဘများထံမှ ဖြစ်သောကြောင့် သူ နားထောင်ရပေသည်။


ယန်ဟိုင်ထောင်က တိတ်ဆိတ်စွာဖြင့် မီးဖိုပေါ်မှ အိုးကိုဖယ်၍ မီးသွေးခဲ လဲလှယ်သည်။


“နင်ဘာလို့ မီးသွေးခဲ လဲနေတာလဲ...”

အမေယန်က မျက်မှောင်ကြုတ်၍ ပြောသည်။


“မီးသွေးခဲက အားလုံးနီးပါး လောင်နေပြီလေ...”

ယန်ဟိုင်ထောင်က ပြန်ဖြေသည်။


“အဲ့မှာ တချို့ ကျန်နေသေးတာရော... ဖက်ထုပ်တွေက အများကြီး မကျန်တော့ဘူး... အခု မီးသွေးထပ်ထည့်လိုက်ရင် အချိန်မီ မကုန်ဘဲနေမယ်...”

အမေယန်က ညည်းညူပြီး ယန်ဟိုင်ထောင် မီးသွေးသုံးခြင်းကို ခွင့်ပြုရန် ဝန်လေးနေခဲ့သည်။


မီးရှိန်က အားနည်းနေရင် ဖက်ထုပ်က ကောင်းကောင်း မကျက်လောက်ဘူး... 


ယန်ဟိုင်ထောင်က သူစိုးရိမ်သည်ကို အမေယန်ကို ရှင်းပြလိုက်သည်။ အခြေအနေများကို စဉ်းစားပြီးနောက် အမေယန်က သူ့ကို မီးသွေးသုံးရန် ခွင့်ပြုလိုက်သည်။


သို့ရာတွင် သူမက မီသွေးသုံးခဲထဲမှ တစ်ခဲကိုသာ လဲလှယ်စေသည်။


ထိုအချိန်တွင် ယန်မိသားစုဆိုင်မှ ဖက်ထုပ်ကြော် ဝယ်လာသူများက စတင်၍ စားသောက်ကြသည်။


×××××


အသက်ကြီးသော အမျိုးသမီးကြီးက ကျန်းလီယွင် ဆိုင်မှ ဖက်ထုပ်များကို သူမ မြေးအတွက် မကြာခဏ ဝယ်ကျွေးလေ့ရှိပြီး သူမက အမေယန်နှင့် သိကျွမ်းသောကြောင့် ယနေ့ ယန်မိသားစုဆိုင်မှ ဝယ်ယူခဲ့သည်။


ဖက်ထုပ်များဖြင့် အိမ်ပြန်ရောက်သောအခါ သူမ မြေးက အလောတကြီးဖြင့် သူမကို ခေါ်၍ ဖက်ထုပ်များ စားရန် မစောင့်နိုင်တော့ပေ။ 


ထိုကလေးက ဖက်ထုပ်အိုးကပ်ကြော်ကို ကြိုက်သော်လည်း ယနေ့တွင် တစ်ကိုက်ကိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးတွင် အထဲ၌ ဖြည့်ထားသောအစာနှင့် အောက်ခြေမှ ဖက်ထုပ်အရွက်ကိုသာ စားပြီး ကျန်ဖက်ထုပ်အခွံကို မထိဘဲ ချန်ထားခဲ့သည်။


“ပေါင်ပေ့လေးရေ... ဘာဖြစ်လို့ မစားတာလဲ...”

အဖွားအိုက ဖက်ထုပ်များ ကျန်နေသည်ကို သတိပြုမိပြီး မေးလိုက်သည်။ 


“အဖွား... ဖက်ထုပ်အခွံက စားမကောင်းဘူး...”

ကောင်လေးက ပြောသည်။


“အရင်က စားနေကျပါ... ဒီတစ်ခါ ဘာလို့ မစားတာလဲ...”

ထိုအမျိုးသမီးကြီးက လွှင့်ပစ်ရန် ဝန်လေးသောကြောင့် ထိုဖက်ထုပ်အခွံကို တူဖြင့် ယူ၍ မြည်းကြည့်လိုက်သည်။


စားကြည့်လိုက်သောအခါ သူမ၏ စားချင်စိတ်ပင် ပျောက်ဆုံးသွားရသည်။ ဖက်ထုပ်များကို ပြုလုပ်ရာတွင် နှစ်ဖက်စလုံး၌ အတွန့်လေးများဖြင့် အခွံကို ဖန်တီးထားသည်။ သူမမြေးက ဖက်ထုပ်၏ အပြင်ဖက် တွန့်နေသော အခွံများကို ချန်ထားခဲ့ပြီး ထိုအခွံက ထူထဲ ခြောက်သွေ့၍ မာနေကြောင်း သူမ သိလိုက်ရသည်။


ဖက်ထုပ်များကို ပြုတ်မည်ဆိုပါက ထိုအခွံမှ အတွန့်များက ပြုတ်လိုက်သောကြောင့် နူးညံ့သွားကာ ပြဿနာမရှိသော်လည်း ယခုကဲ့သို့ ကြော်မည် ဆိုပါက မတူတော့ပေ။ အပြင်ခွံက ထူလေလေ ခြောက်သွေ့မာကျောပြီး အရသာမရှိလေလေဖြစ်သည်။


ကျန်းလီယွင်က ထိုအရာကို ယခင်ဘဝ၌ သတိထားမိသောကြောင့် ဖက်ထုပ်အရွက်များကို ပါးနိုင်သမျှ ပါးအောင် လှိမ့်လေ့ရှိသည်။ ယန်မိသားစုကို ဖက်ထုပ်အရွက် အတွန့်နေရာက ထူလျှင် စားမကောင်းကြောင်း ထူထူမလုပ်ရန် သတိပေးဖူးသည်။


သူမ ဆိုင်တွင်မူ ဖက်ထုပ်အရွက် ထူခြင်းနှင့် ပတ်သက်၍ မည်သူမျှ စောဒကတက်ခြင်း မရှိသောကြောင့် ယန်မိသားစုက ထိုအသေးစိတ်အချက်များကို အပေါ်ယံသာ ကြည့်၍ သင်ယူသွားပုံပေါ်သည်။


ဖက်ထုပ်အခွံကို စားပြီးသောအခါ ထိုအမျိုးသမီးကြီးက ချင့်ချိန်တွေးဆပြီးနောက် နောက်တစ်ခါ ဝယ်ယူပါက သူမ ကျန်းလီယွင်၏ ဆိုင်၌သာ ဝယ်ယူတော့မည်ဟု ဆုံးဖြတ်လိုက်သည်။


ယန်မိသားစုက လုပ်တဲ့ အရှေ့မြောက်ပိုင်းဖက်ထုပ်က လက်ရာ အစစ်မဟုတ်ဘူး...


အလားတူဖြစ်ရပ်များက အခြားနေရာတွင်လည်း ဖြစ်ပေါ်ခဲ့သည်။


×××××


အမျိုးသမီးတစ်ယောက်က သူမ ယောက်ျားအတွက် ယန်မိသားစုဆိုင်မှ ဖက်ထုပ်များကို ဝယ်ယူခဲ့သည်။ အနည်းငယ် စားပြီးနောက် သူမ ယောက်ျားက မပျော်မရွှင်ဖြစ်ပြီး မေးလိုက်သည်။ 

“ဖက်ထုပ်ကို ဆိုင်ပြောင်းဝယ်ခဲ့တာလား... ဖက်ထုပ်တွေက အရင်လို စားမကောင်းတော့ဘူး... ဖက်ထုပ်အောက်ခြေက ကြွပ်ရွရွလေးဖြစ်မနေဘူး... အပေါ်အခွံကလည်း ထူသေးတယ်... ဖက်ထုပ်ကြော်တဲ့သူများ လူပြောင်းသွားတာလား...”


“ကြော်တဲ့ လူပြောင်းသွားတာ မဟုတ်ဘူး... ကျွန်မ ဆိုင်ပြောင်းဝယ်လာခဲ့တာ...”

အမျိုးသမီးက ပြန်ဖြေသည်။


“အရင်ဆိုင်ကလည်း ကောင်းရဲ့သားနဲ့ ဘာလို့ ဆိုင်ပြောင်းဝယ်တာလဲ...”


“ဒီဖက်ထုပ်တွေက ရှင့်ဝမ်းကွဲ လုပ်တာလေ... သူတို့က အဲ့ဒီမှာ ရောင်းနေကြတာ... ကျွန်မက အခြားသူဆီက ဝယ်ရမှာလား...”


ထိုအခါမှ အမျိုးသားမှာ တိတ်ဆိတ်သွားသည်။


×××××


လက်တွေ့တွင် ထိုမိသားစုနှစ်စုမှာ ကံကောင်းကြသေးသည်။ ထိုနေ့က ဝယ်ယူကြသော အခြားသူများမှာမူ မကျက်သေးသော ဖက်ထုပ်များ ရလာကြသည်။ တစ်ကိုက်ကိုက်ပြီးနောက် မကျေမနပ်ဖြစ်ကြသော်လည်း ဆိုင်ရှင်ကို သွားပြောရန်ကလည်း မသင့်တော်ပေ။ နောက်ဆုံးတွင် ထိုဖက်ထုပ်များကို ပြုတ်၍ နေ့လည်စာအဖြစ် စားလိုက်ရပြီး လွန်စွာ မသက်မသာ ခံစားလိုက်ရသည်။


အနာဂတ်တွင် သူတို့ မူရင်းဆိုင်မှ ဖက်ထုပ်များကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။


ကျန်းလီယွင်က ယန်မိသားစုအခြေအနေများကို သိထားခြင်းမရှိပေ။ သတင်းစာ ဖတ်ပြီးနောက် ဆိုင်သို့ ပြန်လာရာ ဖက်ထုပ် အခု၂၀ခန့်သာ ကျန်တော့သည်။


တစ်ဖက်ဆိုင်တွင်မူ ဖက်ထုပ်များ အများအပြား ကျန်နေသေးပြီး ဆက်လက်ရောင်းချဆဲ ဖြစ်သည်။ သူမ ကမူ ဆိုင်သိမ်း၍ အိမ်ပြန်ခဲ့သည်။ သူမတို့အိမ်၌ ဆောက်လုပ်ရေး အလုပ်သမားများရှိသောကြောင့် ထိုသူများအတွက် နေ့လည်စာအဖြစ် ပြင်ပေးနိုင်သည်။ 


ဖက်ထုပ်အနည်းငယ် ကျန်သေးသောကြောင့် သူတို့အတွက် နေ့လည်စာအဖြစ် စားလိုက်နိုင်သည်။ နေ့လည်တွင် ကျန်းလီယွင်က ကျန်းယွီရှန်း (အဒေါ်ကျန်း)ထံမှ ကြက်သားအချို့ ဝယ်ယူရန် ရည်ရွယ်ထားသည်။


မနက်ဖြန်တွင် သူမ ကြက်ကြော်ရောင်းရန် စီစဉ်ထားပြီး မူကြိုကျောင်း ရှေ့ဝင်ပေါက်မှာ ကောင်းမွန်သော နေရာ ဖြစ်သည်။


ယနေ့ခေတ်၏ မူကြိုကျောင်းနှင့် မူလတန်းကျောင်းမှ ကလေးများအားလုံးက တစ်ဦးတည်းသော ကလေးများ မဟုတ်နိုင်သော်လည်း သံသယမရှိ ချစ်မြတ်နိုးခံရပြီး အချို့မှာ မိသားစု၌ တစ်ဦးတည်းသောကလေးများ ဖြစ်ကြသည်။



🏡🏡🏡