Chapter14
Viewers 832

“လခွမ်း! မင်း အတည်ကြီး လုပ်နေတာလား”

လူစားထိုးတိုက်ခိုက်မည့်သူက အလန့်တကြားပဲ ဟစ်အော်လာ၏။

ချင်ကျားရှု အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ “မင်းမခံနိုင်တော့ရင် လူပြောင်းလိုက်”

 

“မင်း…” သူ ဒေါသတကြီး ထရပ်လိုက်သော်လည်း ချင်ကျားရှုအကြည့်ကြောင့် လေသံပြန်ပြောင်းလိုက်သည်။ “မင်းကသူဌေးဆိုတော့ လဲခွင့်ရှိတာပေါ့”

 

ထိုသူက ပညာသားပါပါ ထိုးသတ် နိုင်စွမ်းရှိပြီး ထိုးသတ်ဖို့သာ သိသည့် လူရမ်းကားလိုကောင်နှင့် ကြာကြာမထိုးသတ်လို၍ လူစားလဲရန် တောင်းဆိုလိုက်ပြီး နောက်တစ်ပွဲစသည့်အခါ ဝင်လာသည့်လူက အသားကုန်ထိုးမည်၊ ကန်မည်ကိုသာ သိသည့် ဆယ့်ရှစ်၊ဆယ့်ကိုးအရွယ်၊ လက်ဝှေ့ထိုးနည်းမသိသေးသည့် လူတစ်ယောက်ဖြစ်နေသည်။

 

ကျိဖုန်းချန်မှာတော့ တစ်ခြားသူများနှင့်ပင် လေလုံးထွားနေခဲ့ပြီး ထိုနေရာမှ ပြောင်းလဲမှုအချို့ကြောင့် အံ့အားသင့်သွားခဲ့သည်။ ကွင်းထဲရှိ ချင်ကျားရှုဖက်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။ သူ့ပြိုင်ဖက်၏ အကွက်များက သေသပ်လှပြီး ဟာကွက်မရှိတာကြောင့် စိတ်ထဲ ကလိကလိဖြစ်လာသည်။

 

သူ လက်ဝှေ့စင်နားသို့ သွားရပ်ရင်း စိန်ခေါ်လိုက်သည်။

“ဟေး..လောင်ချင်၊ ငါ မင်းနဲ့ပြိုင်မယ်”

 

ချင်ကျားရှု မျက်ခုံးအနည်းငယ် ကြုံ့သွားသည်။

 

ကျိဖုန်းချန် ကိုယ့်အမြီးကိုယ် တက်နင်းလိုက်တာဖြစ်သည်။ “မင်းဘယ်လိုကြီး ကြည့်လာတာလဲ”

 

ချင်ကျားရှု သူ့လက်ဝှေ့ပက်တီးလက်ပတ်များကို ပတ်နေရင်း ပြောလိုက်သည်။

“မင်းဟာမင်းသာ ကြွားလုံးသွားထုတ်နေပါ။ မဟုတ်ရင် အရိုးတွေ ပြာဖြစ်ကုန်မယ်”

 

ကျိဖုန်းချန် ချင်ကျားရှုကို လက်ညိုးထိုးရင်း ကျိန်ဆဲလိုက်သည်။

“ခွေးကောင်၊ မင်းငါ့ကို အထင်သေးတာလား”

“မဟုတ်ပါဘူး”

“ဒါဆို မင်းငါနဲ့လက်ဝှေ့ထိုးရမယ်။ မဟုတ်ရင် ငါတို့ ညီအစ်ကို မဟုတ်တော့ဘူး”

 

ချင်ကျားရှုက ထောင့်တွင် အမောဖြေနေသည့် အစားထိုးလက်ဝှေ့သမားကို ကြည့်ရင်း ကျိဖုန်းချန်ကို ပြန်ကြည့်လိုက်သည်။

“မင်းကို မချတာက ညီအစ်ကိုလို သဘောထားလို့”

“ဟက်..ငါ့ကိုလှောင်လိုက်တာလား”

“မဟုတ်ဘူး အကြံပေးတာ”

“.......”

သိပ်ကောင်းတာပဲ။

***

 

အလှူပေးသည်နှင့်တိုးသည့် ဝမ်ကျစ်ချူးတစ်ယောက် ကြက်ဥအပြည့်နဲ့အိတ်ကို ပိုက်ရင်း အပြုံးများဖြင့် ပြန်ထွက်လာသည်။

ထိုသို့ပြန်အထွက် သူ့ခေါင်းထဲရှိ နတ်သူငယ်လေးကတော့ ကျွတ်တစုပ်စုပ်ဖြစ်နေ၏။

“ဘာဖြစ်လို့လဲ”

[စနစ်:ထူးဆန်းလို့ပါ]

“ဘယ်လိုထူးဆန်းလို့လဲ”

[စနစ်: ဒီလို ကံကောင်းခြင်းမျိုးကလည်း သင့်လိုလူမျိုးဆီမှာ ပေါ်လာတတ်သေးသားပဲ]

“ရိုင်းလိုက်တာ”

အိမ်ပြန်ရောက်ချိန်၌ ဝယ်လာသည့် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများကို ရေခဲသေတ္တာထဲ ထည့်ကာ ဖုန်းထုတ်ရင်း သတင်းထူးမထူးကြည့်လိုက်သည်။

 

Wechatအား စစ်ကြည့်ချိန် စာတစ်စောင်ရောက်နေပြီး ရေးထားသည့်စာမှာ “ရှဲဒိုးစာရေးဆရာအလိုရှိသည်” ဟူ၍။

 

ဝမ်ကျစ်ချူး ချက်ချင်းစာပြန်လိုက်သည်။ သိပ်မကြာသည့် မိနစ်ပိုင်းအတွင်း တစ်ဖက်မှ စာထပ်ရောက်လာ၏။

 

[အပြင်ကြောအမာဆုံး:  ရှဲဒိုးရေးပေးလား]

[မှိုစိမ်းအိမ် : ရေးပေးတယ်။ ဘယ်သူ့ အစား ရေးပေးရမှာလဲ]

[အပြင်ကြောအမာဆုံး:  စိန်ခေါ်စာ!!!]

ဝမ်ကျစ်ချူး !!!

 

စိန်ခေါ်စာ

သူ ထိုအမျိုးအစားမျိုး မလုပ်ခဲ့ဖူးသဖြင့် လက်ခံသင့်မသင့် ချင့်ချိန်နေရသည်။ သူအရေးအများဆုံးမှာ အတင်းအဖျင်းများသာ ဖြစ်သဖြင့် အတော်အကြပ်ရိုက်လှသည်။

 

[စနစ်: ကောင်လေး ၊ စိတ်တွေမပြိုလဲသွားနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်စမ်းပါ]

 

နှစ်သိမ့်ပေးလိုက်သည့် နတ်သူငယ်စကားက သူ့ကို အတော်ကြာ စိတ်မသက်မသာဖြစ်သွားရစေသည်။ သို့သော် နှလုံးသားလေး အနည်းငယ်အားရှိသွားမှုအတွက် ကျေးဇူးတော့တင်လိုက်ပါ၏။

 

[စနစ်: သင်က ဒီနေရာမှာ ပါရမီပါပြီးသားပါ]

[မှိုစိမ်းအိမ်: ရေးပေးလို့ရပါတယ်။ ဒါပေမဲ့ စိန်ခေါ်စာကို ပထမဆုံးရေးမှာဆိုတော့ စာအဆင်မချောတာတွေ ဖြစ်နိုင်တယ်]

 

[အပြင်ကြောအမာဆုံး: မင်း လက်ခံမယ်ဆိုရပြီ။ ငါ့ဟာငါရေးနိုင်ရင် လူရှာနေမှာမဟုတ်ဘူး]

 

[အပြင်ကြောအမာဆုံး : မင်းလည်း နံပါတ်တစ်အလယ်တန်းကျောင်းကပဲမဟုတ်လား။ ရေးပြီးရင် စာကော သွားပို့ပေးလား။]

 

[မှိုစိမ်းအိမ်: အလကားပို့ပေးပါတယ်]

 

[အပြင်ကြောအမာဆုံး : အင်း အဆင်ပြေတယ်]

 

ဝမ်ကျစ်ချူး  ခဏတဖြုတ်ထပ်စဉ်းစားပြီး စာလုံးများကို ဆက်ရိုက်လိုက်သည်။

 

[မှိုစိမ်းအိမ် : ဒီစိန်ခေါ်စာအတွက် တစ်ခြားလိုအပ်ချက်တွေရှိသေးလား။ လက်မှတ်ပဲဖြစ်ဖြစ်လိုလား]

 

[အပြင်ကြောအမာဆုံး : မလိုဘူး။ ဒီစိန်ခေါ်စာမှာလည်း စာလုံးရေ နှစ်ဆယ်လောက်ဆိုရပြီ။ ဒါပေမဲ့ တရုတ်စာနဲ့ အနောက်တိုင်းစာ ပေါင်းရေးပေးနိုင်မလား]

 

[မှိုစိမ်းအိမ်: ပြိုင်ဖက်က နိုင်ငံခြားသားလား]

 

[အပြင်ကြောအမာဆုံး : မဟုတ်ဘူး။ ဒီအတိုင်း  ရှိန်အောင်လို့]

“……”

[မှိုစိမ်းအိမ်: ကျွန်တော့် အင်္ဂလိပ်စွမ်းရည်က အရမ်းမကောင်းပေမဲ့ လုပ်ပေးလို့ရပါတယ်]

 

[အပြင်ကြောအမာဆုံး : ကောင်းပြီ။ ဒါဆို ရေးပြီးရင် ဒုတိယနှစ်အခန်းနံပါတ်တစ်က ကျန်းယွိရဲ့ဗီဒိုထဲ သွားထည့်ပေးနိုင်မလား]

 

[မှိုစိမ်းအိမ်: ဟုတ်ကဲ့၊ ရပါတယ်။ စာမူခက ငါးယွမ်ပါ။ သွားပို့တဲ့အချိန် ငွေချေရပါမယ်]

 

[အပြင်ကြောအမာဆုံး: ဖာ့ခ် ၊ ဈေးပေါလိုက်တာ။  ငွေရှာ‌နေတာမလား။ ဒီကိစ္စပြီးသွားရင် ငါမင်းကို ငါးဆယ်ပေးမယ်]

 

ဝမ်ကျစ်ချူး ငြင်းဆန်လိုက်ရင်း ငါးယွမ်နှင့်သာ ဈေးတည့်သွားပြီးနောက် စားပွဲရှေ့ထိုင်ရင်း တစ်ဖက်သူ လိုချင်သည့်ပုံစံအတိုင်း  စိန်ခေါ်စာအား လုပ်ဇာတ်ခင်းရေးဖို့ ပြင်လိုက်သည်။

 

ဆယ့်ငါးမိနစ်လောက် စဉ်းစားအပြီး စာမူပြီးသွားသည်။

အကြောင်းအရာ:

ကျန်းယွိ! ဒီည ကျောင်းနောက်က တောအုပ်ကိုလာခဲ့ ! F=°^πk !

 

တနင်္လာနေ့ မနက်စောစောတွင် ကျောင်းသွားသည့်လမ်းတစ်လျှောက်လုံး ဝမ်ကျစ်ချူး မြောက်ကြွမြောက်ကြွဖြင့် ဖြစ်နေခဲ့သည်။ ကားပေါ်က ဆင်းသည်နှင့် ရင်းနှီးနေကျ အငွေ့တထောင်းထောင်းနဲ့ ပေါက်စီများကို တွေ့လိုက်ရသည်။

 

ကျောပိုးအိတ်လွယ်ရင်း ထိုဆိုင်ရှေ့ရပ်ကာ ဆိုင်ရှင်ကို ပြုံးပြလိုက်သည်။

 

“သူဠေးရေ”

 

“အသားပေါက်စီနှစ်လုံးနဲ့ သတ်သတ်လွတ်တစ်လုံးမဟုတ်လား”

 

ဝမ်ကျစ်ချူး ခေါင်းညိတ်ပြလိုက်သည်။

 

“ဝယ်ပြီးတာနဲ့ ကျောင်းတန်းသွားတာပဲ။ စကားစမြည်လေး ပြောဖို့နေပါဦး”

 

တစ်ဖက်လူ ဆိုလိုချင်တာကို နားလည်၍ ခေါင်းငြိမ့်သဘောတူလိုက်ရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော် အလုပ်ကြိုးစားနေလို့ပါ”

 

ဆိုင်ရှင်က ပေါက်စီများကို ကျွမ်းကျင်စွာ ထုတ်ပိုးပေးလိုက်သည်။ ဝမ်ကျစ်ချူး အဖြူရောင်ပေါက်စီများကို တွေတွေကြီး စိုက်ကြည့်ရင်း ဆုံးဖြတ်လိုက်၏။

“သူဌေးရေ၊”

“ဘာဖြစ်လို့လဲ”

“နောင်ထပ် ငါးလုံးလောက် ထပ်ယူမယ်”

ဝမ်ကျစ်ချူးပိုက်ဆံပေးရင်း ပြောလိုက်သည်။

ဆိုင်ရှင်မှာ အံ့ဩတကြီးဖြင့် ဝမ်ကျစ်ချူးကို ကြည့်လာ၏။

“ကုန်လို့လား။ အတော်စားနိုင်တာပဲ”

“ကျွန်တော်စားဖို့မဟုတ်ပါဘူး.. သူများကို ပေးဖို့ပါ”

“ကောင်းပါပြီ၊ နောက်ငါးလုံးထပ်ထုတ်ပေးမယ်”

ပေါက်စီဝယ်ပြီးနောက် ကျောင်းသို့‌ ဆက်လျှောက်လာသည်။

[စနစ်: ဘာလို့ငါးလုံးထပ်ဝယ်တာလဲ]

ဝမ်ကျစ်ချူးအတန်ကြာတိတ်ဆိတ်နေပြီးမှဖြေသည်။

“…ချင်ကျားရှုကို ပေး… ပေးမလို့”

 

[စနစ်: သူ့ကို ပေးမလို့လား]

 

ဝမ်ကျစ်ချူး ခေါင်းညိတ်ပြလိုက်သည်။ လွန်ခဲ့သည့် သောကြာနေ့က သူ့ကြောင့် မိုးရေထဲ အတော်ဗျာများသွားခဲ့ရသည်။ နှုတ်အားဖြင့် ကျေးဇူးစကားဆိုခဲ့သော်လည်း ကျေးဇူးတင်ကြောင်း ပိုဖော်ပြဖို့ လိုသည်ဟု ခံစားရသည်။

နတ်သူငယ်လေးမှာတော့ အနည်းငယ် နေမထိထိုင်မသာဖြစ်နေရသည်။ ဝမ်ကျစ်ချူး စားနေကျတွင် သတ်သတ်လွတ်ပေါက်စီတစ်လုံး ပါသော်လည်း ချင်ကျားရှုအတွက် ဝယ်လာသည့်ပေါက်စီအားလုံးမှာ အသားပေါက်စီချည်းသာ ဖြစ်သည်။

 

[စနစ်: ဘာလို့ သူ့အတွက်ဝယ်တာလဲ”

 

“သူ သောကြာနေ့က ကူညီပေးခဲ့လို့ ကျေးဇူးတင်လို့ ပေးတာ”

 

[စနစ်:ပြဿနာပဲ]

 

“အများကြီးမှ မဟုတ်တာ” ဝမ်ကျစ်ချူးတစ်ခုခုကို စဉ်းစားမိသဖြင့် မျက်နှာထက် ပြုံးသွားသည်။

“အမေက သူများကူညီထားရင် ကျေးဇူးပြန်ဆပ်ဖို့ သင်ပေးထားတယ်”

 

ဝမ်ကျစ်ချူး ကျောင်းသို့ ရောက်သောအခါ အတန်းဆီတည့်တည့်မသွားပဲ ပေါက်စီကိုင်လျက်နှင့် တစ်ခြားလက်တစ်ဖက်တွင် စာအိတ်တစ်အိတ်ကိုင်ကာ တစ်နေရာသို့ ဦးတည်သွားလိုက်သည်။ သူ စောစောလာရခြင်း အကြောင်းရင်းကလည်း ထိုကိစ္စကြောင့်သာဖြစ်သည်။

 

အချိန်က စောနေသည့်တိုင် အခန်းတစ်ထဲ ကျောင်းသားတစ်ချို့ ရောက်နေပြီဖြစ်သဖြင့် ဝမ်ကျစ်ချူး ကိုယ်ဖော့သိုင်းနင်းကာ ဝင်လာလိုက်သည်။

[စနစ်:စနေပြီလား]

??

ဘာစတာလဲ။

[စနစ်: မှောင်ခိုအရောင်းအဝယ်]

“….”

 

သို့သော် ထင်မှတ်မထားသည့် ရယ်သံက သူ့နှလုံး ပြုတ်ကျမတတ်ဖြစ်သွားရသည်။

“ဒီနေ့ဉာဏ်စမ်းအတွက် ငါ အစောကြီး ခိုးလာခဲ့တာ။ ကျန်တဲ့လူအားလုံးကို အနိုင်ပိုင်းပြမယ်”

ဝမ်ကျစ်ချူး ကိုယ့်ရင်ဘတ်ကိုယ် ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး ကျန်းယွိ၏ဗီဒိုဆီ စာအိတ် အရောက်သွားပို့လိုက်သည်။

 

အောင်မြင်စွာ ပို့အပြီးပြန်အလှည့် အကြည့်တစ်စုံနှင့် ပက်ပင်းတိုးသွားသည်။

 

ဝမ်ကျစ်ချူး: …

 

ကျိုးချင်:…

 

မျက်နှာချက်ချင်းပျက်သွားသည့် ဝမ်ကျစ်ချူးကို နံရံဆီ တွန်းကပ်လိုက်ရင်း ကျိုးချင်က မေးလိုက်သည်။

“မင်း ခုနက ဘာမြင်လိုက်သေးလဲ”

“ငါ…ငါ”

“ဘာမှမမြင်လိုက်ဘူးမဟုတ်လား”

“အားလုံးမြင်လိုက်တယ်”

“.......”

“မင်းဘာလို့ ဒီကိုရောက်နေတာလဲ”

ဝမ်ကျစ်ချူး နှုတ်ခမ်းတင်းတင်း‌စေ့ရင်း ပြန်မဖြေသည်ကို တစ်ဖက်သူက ကြည့်ရင်း ဝန်ခံလာသည်။

“ငါဘာမှမမြင်လိုက်ဘူး”

ဝမ်ကျစ်ချူးလည်း လည်ပင်းကုတ်ရင်း ပြန်ပြောလိုက်သည်။

“ငါ..ငါလည်း ဘာမှမတွေ့လိုက်ဘူး”

 

[စနစ်: သင်တို့လူသားတွေက ကလိမ်ကကျစ်တွေချည်းပဲ]

စာအိတ်ကိုအောင်မြင်စွာပို့ပြီးသည့်တိုင် ပေါက်စီကို မပေးရသေးချေ။ သို့သော် ပေးလည်းမပေးရဲသဖြင့် သူ့အခန်းဆီ ပြန်ရန်သာ ခြေလှမ်းပြင်လိုက်သည်။

 

[စနစ်: ဗီလိန်တာဝန်စပါပြီ။ ဇာတ်လိုက်ကို အယုံသွင်းပါ။ ဗီလိန်တန်ဖိုး နှစ်ရာခိုင်နှုန်းတက်လာပါမည်။ တာဝန်ပြီးမြောက်လျှင် ယွမ်ငါးဆယ်ဆုကြေးရပါမည်။ တာဝန်ကျဆုံးလျှင် ယွမ်ငါးဆယ်နှုတ်ပါမည်]

 

ဝမ်ကျစ်ချူးမှာ ပိုက်ဆံနှုတ်မည် ဆိုသည့်စကားလုံးနှင့်ပင် ခေါင်းအတော်ကြီးသွားသည်။ သို့သော် လှေကားစွန်းရောက်ချိန်တွင် သူ ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ပေါ်လာ၏။

 

ဝမ်ကျစ်ချူး မျက်ခုံးပင့်သွားလေပြီး အံ့ဩခြင်း၊ ဝမ်းသာခြင်းများက မျက်နှာပေါ်တွင် ဖုံးမနိုင်ဖိမရတော့ပေ။

 

တစ်ဖက်သူကို ကြောက်သည့်တိုင် ယခုလုပ်ရမည့်တာဝန်က ပေါက်စီ ပေးရန်ပင်။

ချင်ကျားရှု လှေကားအပေါ် တက်ရင်း မော့ကြည့်လိုက်မိချိန် အရင်ကလောက် ကောက်ကျစ်စဉ်းလဲဟန် မပေါ်တော့သော ရွှမ်းတောက်နေသည့် မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။

 

ငါးတွေ့သွားသည့် ကြောင်မျက်ဝန်းများ နှင့်ပိုတူသည့် ထိုအကြည့်။

 

ချင်ကျားရှူ မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်သူ၏ အကြံက ဘာကြီးဖြစ်နေဖြစ်နေ သူစိတ်မဝင်စားပဲ ကျော်တက်သွားရန်သာ ပြင်လိုက်သော်လည်း တစ်ဖက်သူက သူ့ကို လှမ်းဆွဲထား၏။

 

“ဒါ…ဒါက မင်းအတွက်”

 

ချင်ကျားရှုမကြည့်ပဲ တန်းငြင်းလိုက်သည်။

“မလိုဘူး”

 

ဝမ်ကျစ်ချူးမျက်နှာထက် အလိုမကျမှုများ ပြည့်သွားသည်။ ချင်ကျားရှုက အေးစက်စက် ကြည့်နေသည့်တိုင် တစ်ဖက်သူက လက်လျော့မည့်ဟန်မပေါ်သေး။

 

“သော..သောကြာနေ့ကအတွက်…ကျေး..ကျေးဇူးပါ။ မင်းအတွက် ပေါက်စီပေးချင်လို့”

 

“ငါပြောပြီးပြီ မလိုဘူးလို့!!”

 

တစ်ဖက်သူ၏အကြည့်နှင့်ပင် ဝမ်ကျစ်ချူး ရေခဲဖြစ်တော့မည့်အနေအထားပင်။

“ယူ..ယူလိုက်ပါ။ မယူရင် မင်းအတွက်မ ကောင်းဘူး”

ချင်ကျားရှု : ?

ဝမ်ကျစ်ချူးထံမှ စကားတစ်ခုသာ ထွက်လာသည်။

“ခွေးတွေက …ပေါက်စီ ဘယ်ကြိုက်မလဲ”

"..."

 

နောက်ငါးမိနစ်အကြာတွင်တော့ ဝမ်ကျစ်ချူး လက်ထဲ‌ ပေါက်စီရှစ်လုံးဆွဲလျက် စာသင်ခန်းထဲသို့ ပြန်သွားလေတော့သည်။

 

[စနစ်: တစ်ခြားသူကိုမပေးလိုက်ပဲ ညစာချန်ထားလို့ရတယ်]

 

ဝမ်ကျစ်ချူးခေါင်းညိတ်ထောက်ခံရင်း ဖုန်းထုတ်ကာ အလုပ်ရှင်အား စာပြန်လိုက်သည်။

 

[မှိုစိမ်းအိမ်: စိန်ခေါ်စာကပို့ပြီးသွားပါပြီ]

 

တစ်ဖက်သူက ဘာစကားမှမဆိုပဲ ငါးယွမ်လွှဲပေးလာသည်။ ပိုက်ဆံလက်ခံရရှိပြီးချိန်တွင်တော့ အပိုငွေသားငါးဆယ်ပါနေသည်ကို တွေ့လိုက်ရသဖြင့် တအံ့တဩဖြစ်သွားရသည်။

[စနစ်: သင်တာဝန်ပြီးမြောက်လို့ရတဲ့အခကြေးပါ]

ယွမ်ငါးဆယ်ကို ကြည့်ရင်း တစ်ဖက်သူက သူ့‌ပေါက်စီအား ဘာကြောင့်မလိုချင်မှန်း နားလည်သွားဟန်ပင်။

 

အပိုရလိုက်သည့် ပေါက်စီငါးခုက သူ့အတွက် ညစာဖြစ်လာပေည်။

***

 

မနေ့ညက ထို‌ပေါက်စီကြောင့် နောက်နေ့မနက်ထိ မဆာလောင်နေကြောင်း ရှာဖွေတွေ့ရှိသွားသည်။ ကားပေါ်ကဆင်းသည်နှင့် အတန်းရှိရာသို့သာ တည့်တည့်မတ်မတ်သွားလိုက်သည်။

 

သို့သော် အတန်းရှိရာ အထပ်သို့ ရောက်ရောက်ချင်း အခန်းဆယ့်တစ်တံခါးရှေ့ လူတစ်ယောက် ရပ်နေသည်ကိုတွေ့လိုက်ရသည်။

 

ထိုသူက အရပ်ရှည်ပြီး မျက်ဝန်းတောက်တောက်နီင့် အတော်ကြည့်ကောင်းသည့် ခန္ဓာအချိုးအစားရှိဘေပြီး တစ်ယောက်ယောက်အားစောင့်နေဟန်ပင်။

 

ဝမ်ကျစ်ချူး သူနှင့်မဆိုင်သဖြင့် သိပ်အာရုံမထားပဲ အတန်းထဲဝင်ရန်ပြင်လိုက်သည်။

 

“မင်းက ဝမ်ကျစ်ချူးလား”

 

ဝမ်ကျစ်ချူး မျက်လုံးအနည်းငယ်ပြူးသွားရ၏။ သူ့ရှေ့က လူကို သူမသိတာ သေချာသည်။

“မနေ့ကစိန်ခေါ်စာ မင်းပို့လိုက်တာလား”

 

ဝမ်ကျစ်ချူး လျှာခလုတ်တိုက်ကုန်လေပြီ။ သို့သော် မညာတတ်သည့်ပါးစပ်ကတော့ ကိုယ်သေတွင်းကိုယ်တူးမြဲ။ “ဟုတ်…ဟုတ်ပါတယ်”

 

ထိုဝန်ခံစကားအပြီး ကျန်းယွိ သူ့အိတ်ကပ်ထဲမှ ယွမ်နှစ်ရာ ထုတ်လိုက်သည်။

 

“ဒီပိုက်ဆံယူပြီး မင်္ဂလာသကြားလုံး သွားဝယ်လိုက်”

 

အမ်???