Chapter13
Viewers 841

ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်သည် ကြည်လင်နေပြီး နေရောင်သည် အခန်းစီးစ၏ အဟလေးမှတဆင့် အခန်းအတွင်းသို့ ဝင်ရောက်ကာ တောက်ပသော ရောင်ခြည်များ ဖြာကျစေပြီး ဖုန်မှုန့်များက ထိုအလင်းတန်းများကြားတွင် ဝေ့ဝဲနေကြ၏။

 

ချင်ကျားရှုသည် မျက်လုံးများ ဖွင့်လိုက်ကာ လက်ကို မြှောက်၍ သူ့မျက်ခုံးနှစ်ခုကြားကို ဖိနှိပ်လိုက်ပြီး မျက်နှာချောချောပေါ်၌ ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူသည် ကုတင်ဘေးရှိ လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်ကို စစ်ကြည့်လိုက်သည်။ မနက် ရှစ်နာရီထိုးနေပြီဖြစ်သည်။

 

ချင်ကျားရှု ညဝတ်အင်္ကျီနှင့်ပင် အောက်ထပ်သို့ဆင်းလာခဲ့၏။ သူ၏ သန်မာသော ကြွက်သားများက သက်တောင့်သက်သာရှိသော အဝတ်အစားများအောက်တွင် မမြင်နိုင်ဘဲ ကွယ်ပျောက်နေပုံပေါ်သည်။

 

ချင်ကျားရှု အောက်ထပ်သို့ ဆင်းလာသည်ကို အစေခံများ မြင်သောအခါ ရှေ့သို့ အလျင်အမြန်‌ ပြေးလာပြီး မေးလေသည်။

"သခင်လေး မနက်စာ စားတော့မလား"

 

ချင်ကျားရှု ညင်သာစွာ တုံ့ပြန်လိုက်ကာ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် စံအိမ်ကြီးတစ်ခုလုံး အလွန် တိတ်ဆိတ်နေကြောင်း သူ သတိထားမိလိုက်သည်။

"သူတို့ ဘယ်သွားကြတာလဲ"

 

အစေခံက ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။

"သူဌေးနဲ့ သူဌေးကတော်က မူကြိုကျောင်း အားကစားပြိုင်ပွဲအတွက် ကျောင်းက အစည်းအဝေးခေါ်‌တာကြောင့် သခင်ငယ်လေးနဲ့အတူ ကျောင်းကို လိုက်သွားပါတယ်"

 

ချင်ကျားရှု ဇွန်းကို ကိုင်ထားရင်း ငါးဆန်ပြုတ်ပန်းကန်လုံးအား စိုက်ကြည့်နေပြီး မည်သည့်စကားတစ်ခွန်းမျှ မပြောတော့ပေ။

 

မြို့ထဲရှိ မူကြိုကျောင်းတွင်တော့ ချင်ကျားဟယ်က ရွယ်တူသူငယ်ချင်းတစ်ဖွဲ့နှင့် သူတို့၏ နှလုံးသားထဲမှ လေးစားအားကျရသော စူပါဟီးရိုးများအကြောင်း အပြိုင်ကြွားရင်း လေဖုတ်နေ၏။

 

"ဒိုရေမွန်က အစွမ်းအထက်ဆုံးကွ။ သူက အလိုရှိတဲ့အရာတိုင်းကို သူ့ရဲ့မှော်အိတ်ထဲက ထုတ်နိုင်တဲ့အပြင် ပုံ‌အမျိုးမျိုးလည်း ပြောင်းလို့ရတယ် "

 

"မဟုတ်ဘူး..။ အာထရာမန်း က အစွမ်းအထက်ဆုံးကွ.."

 

"မဟုတ်ပါဘူး။ စေးလားမွန်း[Sailor moon] က ပိုအစွမ်းထက်တာ"

 

ချင်ကျားဟယ် သုန်မုန်နေသည့်မျက်နှာနှင့် ဆောင့်ကြောင့်ထိုင်နားထောင်ရင်း မေးလိုက်သည်။

“ဒါဆို ဘယ်သူက အနှောင့်အယှက်အဖြစ်ဆုံးလဲ”

 

ဘေးက ကောင်မလေးမှ သူ့ဟီးရိုးဘက်ကသာ အခိုင်အမာ ရပ်တည်နေသည်။

“သေချာပေါက် စေးလားမွန်း က အားအကြီးဆုံးပဲပေါ့”

 

သူမ ပြောပြောဆိုဆိုဖြင့် လက်မောင်းကို ဆွဲဆန့်ကာ သူမ၏နာရီထဲမှ စေးလားမွန်း ပုံကို ထုတ်ပြလာသည်။

 

ချင်ကျားဟယ် မျက်မှောင်ကြုတ်သွားသည်။

“ဒါက စက္ကူဘဲမလေးပဲ”

 

“မိန်းကလေးဖြစ်တော့ဘာဖြစ်လဲ။ စေးလားမွန်းက အာထရာမန်း တွေလိုပဲ ကမ္ဘာကြီးကို ကယ်တင်ပေးတယ်”

ချင်ကျားဟယ် မျက်ခွံပင့်သွားသည်။ “ဒါဆို ဘယ် ဟီးရိုးက အစွမ်းအထက်ဆုံးလဲ”

 

“သေချာပေါက် စေးလားမွန်း ပဲပေါ့။ အာထရာမန်း တွေက အဲ့လောက်မမိုက်ဘူး”

 

မနေ့က သူ့အစ်ကိုအား မကာကွယ်နိုင်ခဲ့သည့် စူပါဟီးရိုးအကြောင်း တွေးမိပြီး အာထရာမန်း ကို မုန်းတဲ့သူမှန်သမျှ သူ့သူငယ်ချင်းကောင်းဖြစ်နိုင်မည်ဟု ကောင်ငယ်လေးက ကြွေးကြော်‌တော့သည်။

 

ချင်ကျားဟယ် သူ့ဝဝတုတ်တုတ်ခန္ဓာကိုယ်ဖြင့် သွက်သွက်လက်လက် ထရပ်လိုက်သည်။ “စေးလားမွန်းက ချစ်ဖို့ အကောင်းဆုံး ဟီးရိုးပဲ”

 

မွန်းလွှဲပိုင်း မိဘနှင့်ကလေး အတူကစားရသည့် အားကစားပွဲအပြီးတွင် ချင်ကျားဟယ်သည် ကလေးထိုင်ခုံ၌ ထိုင်ရင်း သူ့အဖေအား စိတ်အားထက်သန်စွာ ကြည့်နေသည်။

သားဖြစ်သူ၏ အကြည့်ကို သတိထားမိပြီး ဖေဖေချင်က ကလေး၏ ပါးကို လက်ဖြင့် ချစ်စနိုးညှစ်ကာ မေးလိုက်သည်။

 

“ဘာဖြစ်လို့လဲ ရှောင်ဟယ်”

“ပါပါး”

 

“ဟမ်”

 

“ဈေးသွားချင်တယ်”

 

“သား ဘာပဲလုပ်ချင်ချင်၊ ဘာပဲလိုချင်ချင် ဖေဖေ ပို့ပေးမယ်”

မမျှော်လင့်စွာပဲ ကောင်ငယ်လေးက ဈေးဝယ်ဖို့ပဲ ခေါင်းငြိမ့်လိုက်သည်။

ချင်ဖေဖေနှင့် ချင်မေမေတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ ဈေးဝယ်စင်တာသို့သာ လိုက်ပို့လိုက်ကြရသည်။ စင်တာသို့ ရောက်သည်နှင့် ကောင်ငယ်လေးသည် ကလေးအသုံးအဆောင်ဖက်သို့ ပြေးသွားပြီး ထီးရောင်းသည့်နေရာတွင် ရပ်လိုက်၏။

 

ချင်မေမေက နားမလည်နိုင် ဖြစ်သွားလေသည်။

 

“ရှောင်ဟယ်လေးက ထီးလိုချင်တာလား”

 

ကောင်လေးက တက်တက်ကြွကြွ ခေါင်းညိတ်ပြီး ထီးတစ်ချောင်းကို သူ့လက်ချောင်းတုတ်တုတ်ကလေးဖြင့် ထိုးပြလေသည်။

“သား အဲ့တာလိုချင်တယ်”

 

ချင်မေမေက လက်မခံဘဲ “မရဘူး”

 

ချင်ကျားဟယ်၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး မိခင်ဖြစ်သူကို သနားစရာမျက်ဝန်းလေးများဖြင့် ကြည့်လိုက်သည်။

 

“မေမေ သားကြိုက်တယ်ဆိုတဲ့ ထီးတစ်လက်ဝယ်ခဲ့ပေးပြီးသား၊ ဒါပေမဲ့ သားတန်ဖိုးမထားလို့ ဒီတစ်ခါ ထပ်မဝယ်ပေးနိုင်ဘူး”

 

ချင်ကျားဟယ် သူ့အကျီအနားစကို လက်သေးသေးလေးဖြင့် လိမ်ရင်း နှုတ်ခမ်းလေးကိုလည်း စူထော်လိုက်၏။ “မေမေလို့”

 

ချင်ကတော် လုံးဝ ထိုချွဲနွဲ့မှုကြားထဲ ပြိုလဲမသွားပေ။

“အသုံးမဝင်ဘူး”

 

ထီးတစ်လက်က တန်ဖိုးမရှိသည့်တိုင် သူ့သား၏အကျင့်ဆိုးကိုတော့ မဖျောက်၍မရချေ။

 

သို့သော် မျှော်လင့်မထားစွာပင် သားသားလေးက သီချင်းထဆိုလေ၏။

 

“ကမ္ဘာပေါ်မှာ မေမေများနဲ့ မျောက်လေးများရှိသတဲ့။ မေမေများနဲ့ လွယ်အိတ်လေးများကို ကြိုက်တဲ့ ကလေးလေးများ ရှိကြသတဲ့”

“.......”

လွယ်အိတ်ကြိုက်တာလား!!

ချင်ကတော် ထိုနေရာတွင် အတန်ကြာရပ်တန့်နေမိသည်။ သားဖြစ်သူ၏ သီချင်းသံကြားထဲ စီးမျောသွား၍တော့မဟုတ်။ သားဖြစ်သူ၏ သီချင်းဆိုသံမှာ သူ့အစ်ကိုဖြစ်သူ ငယ်ငယ်က သီချင်းဆိုပြိုင်ပွဲတုန်းက အသံနှင့် တစ်ပုံစံတည်းတူအောင် ဆိုးဝါးလွန်းသောကြောင့်သာ ဖြစ်လေသည်။

 

သားငယ်၏ သီချင်းဆိုသံကို သည်းမခံနိုင်သည့်အဆုံး အပြတ်ငြင်းချက်ထုတ်လိုက်သည်။ “မရဘူး!”

 

သူ့အမေ၏ ဆုံးဖြတ်ချက် မပြောင်းသည်ကို သတိထားမိသဖြင့် ပစ်မှတ်အား အဖေဖြစ်သူထံ ဦးတည်လိုက်သည်။

“မျောက်ဖေဖေ၊ မျောက်ဖေဖေ၊ သားမှာမျောက်ဖေဖေရှိတယ်”

 

“…”

 

ချင်ကျားရှု၏ငယ်ဘဝကို သူတို့အတူ မဖြတ်သန်းကူခဲ့ရသဖြင့် ယခု ချင်ကျားဟယ်၏ ကလေးဆန်လွန်းမှုအပေါ် စိတ်မရှည်နိုင်ကြချေ။

 

သူ့သားငယ်၏ ဟန်ပန်အမူအရာကို သည်းမခံနိုင်သည့်အဆုံး ဖေဖေချင်က ဝယ်ပေးလုနီးပါးအချိန်၌ မေမေချင်၏ အကြည့်တစ်ချက်ကြောင့် ပြန်ရုတ်သိမ်းလိုက်သည်။

 

‘အဖေမကယ်နိုင်ဘူး သားရေ!!!’

 

ဘယ်သူမှ မဝယ်ပေးသည်ကို သိရှိလိုက်ရပြီးချိန် မျှော်လင့်ချက်မဲ့သည့် မျောက်ငယ်လေးက ဝမ်းနည်းလုံးစို့ဟန်ဖြင့် နောက်ဆုံးလက်နက် ငိုကြွေးခြင်းကို ထုတ်သုံးလိုက်သည်။ မိဘနှစ်ပါးသည်းမခံနိုင်သည့် သူ့တေးသွားကို ဆက်ညည်းဖို့လည်း မမေ့ချေ။

 

“ဘယ်သူမှမချစ်ကြတဲ့… ဘယ်သူမှမချစ်ကြတဲ့ မြေပြင်ပေါ်က ဂေါ်ဖီထုတ်လေးပါကွယ်”

မေမေချင် “......”

အစောကတည်းက သိရင် ဒီသီချင်း စဆိုကတည်းက ကိစ္စဖြတ်လိုက်သင့်သည်။

 

ဖေဖေချင်နှင့် မေမေချင်က သားတော်မောင် မျက်နှာထက်က ရွှေပုလဲလုံးများထွက်လာသည်ကို တွေ့တော့ ကပျာကယာ ကောက်ချီလိုက်ကြသည်။

“ဝယ် ဝယ်၊ သားလိုချင်တာ အကုန်ဝယ်၊ ဟုတ်ပြီလား”

 

ဖေဖေချင် အရောင်းဝန်ထမ်းဆီမှ ထီးကို ယူလိုက်ပြီးတာနဲ့ ချင်ကျားဟယ်က ထီးကို လက်ထဲ ချက်ချင်းထွေးပိုက်လိုက်သည်။ “ရေး:::”

ရှောင်ဟယ်လေး အငိုတိတ်သွားကာ ဖခင်ဖြစ်သူ၏ နားနားသို့ ကျေးဇူးတင်သည့်အနေနှင့် တေးသွားလေး ထပ်သီကျူးပေးလိုက်၏။

“မျောက်ဖေဖေ…ဖေဖေ..သားမှာ မျောက်ဖေဖေရှိတယ်…”

 

ဟူးးးးး!

 

ပန်းရောင်ထီးကို အပျော်လွန်ကိုင်ထားသည့် သားတော်မောင်ကြောင့် ချင်ဖေဖေနဲ့မေမေမှာ အတွေးနက်သွားရသည်။ တစ်လမ်းလုံး ထိုထီးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး အိမ်ထဲ ရောက်သည်နှင့် ဖိနပ်ကို ကန်ချွတ်ကာ အထဲ တန်းဝင်ပြေးသွားရင်း အော်ခေါ်လိုက်သည်။။

“ကိုကိုရေ..ကိုကို…ရှောင်ဟယ်ပြန်လာပြီ!”

ကောင်ငယ်လေးမှာ အော်ခေါ်ပြီး ပတ်ရှာနေသော်လည်း သူ့အစ်ကိုကို မတွေ့ရပေ။

 

ထီးလေးကိုင်ရင်း အစေခံကို‌ လှည့်ကြည့်လိုက်သည်။

 

“သားကိုကိုရော”

 

“သခင်လေး မနက်စာစားပြီး အပြင်ထွက်သွားပါတယ်”

 

ဖေဖေချင်က မျက်မှောင်ကြုတ်သွားသည်။ “ပိတ်ရက်ကို အိမ်မှာ ဘယ်လိုနားရမလဲမသိပဲ လျှောက်သွားဖို့ပဲ တတ်တယ်”

 

ထိုစကားကို မေမေချင်က သဘောမတွေ့လှ။

“ရှင် ဘာတွေပြောနေတာလဲ”

 

“မှားလို့လား” ဖေဖေချင်က သူ့သားငယ်လေး၏ မျက်နှာအမူအရာကို ကြည့်လိုက်ရင်း

“ကလေကချေသူငယ်ချင်းတွေနဲ့ပဲ လျှောက်လည်ပြီး ရှောင်ဟယ်နဲ့ အိမ်မှာကစားပေးဖို့တော့ မသိဘူး”

 

“ဘာလို့ အဲ့လောက်ဆိုးဆိုးဝါးဝါးပြောနေတာလဲ။ ဘာတွေပြောနေတာလဲ။ ကျီမိသားစုက အဲ့ကလေးလေးက အရွယ်ရောက်နေပြီလေ”

 

………

 

ဝမ်ကျစ်ချူး ပါးစပ်က မုန်လာဥနီကို တဂျွတ်ဂျွတ်ဝါးရင်း ကျောင်းသားရေးရာဂရုထဲ စာတစ်ပိုဒ်တင်လိုက်သည်။

 

[ခေါင်းစဉ်: အချစ်စာ၊ မေးခွန်းများစုစည်းပေးခြင်းနှင့် reviewများ ရေးပေးသည်။ ထိုအကြောင်းအရာများကို စိတ်ပါဝင်စားသူများ ဆက်သွယ်စုံစမ်းနိုင်ပါသည်]

ကြားပေါက် ပိုက်ဆံရနိုင်မည်၊ မရနိုင်မည် မသိသော်လည်း ထိုအရာမျိုးကို စီးပွားရေးအဖြစ် မှတ်ယူနိုင်သည်။

နတ်သူငယ်လေးဆို သူက ထိုစာကို ကြည့်ရင်း မေးခွန်းထုတ်လာသည်။

[စနစ်: တစ်ခါရေး ဘယ်လောက်ရလဲ]

 

ဝမ်ကျစ်ချူး ပလုတ်ပလောင်းဝါးနေရင်း ပြန်ဖြေသည်။

“စာလုံးအရေအတွက်ပေါ် မူတည်တယ်။ ဒါပေမဲ့ စာလုံးရေ ရှစ်ရာကျော်က အများဆုံးပဲ”

 

[စနစ်: ဒါဆို တစ်ယောက်ယောက်က စာလုံးရေငါးသောင်း ရေးခိုင်းရင်ရော ရှစ်ရာပဲ ရေးမှာလား]

 

ဝမ်ကျစ်ချူး ခေါင်းညိတ်ပြလိုက်၏။

 

[စနစ်: ဘာလို့လဲ]

 

ဝမ်ကျစ်ချူး သူ့ရင်ဘတ်အား ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပုတ်ပြ၏။ “စာမူရေးခက ရှစ်ရာ့တစ်ဆယ်လေ၊ ငါက အခွန်ဆောင်ရသေးတယ်။ အလွတ်တန်းလုပ်လည်း အခွန်ရှောင်လို့မှမရတာ”

အဖွဲ့အစည်းနဲ့ လူများက ကြည့်နေကြခြင်းဖြစ်သည်။

 

[စနစ် - …….]

 

နတ်သူငယ်လေး အသံတိတ်သွားသဖြင့် ဝမ်ကျစ်ချူး သူ့ပါးစောင်းထဲက မုန်လာဥဝါးသံကိုသာ အတိုင်းသားကြားနေရ၏။

 

သူပို့စ်တင်ပြီး ဆယ်မိနစ်လောက်အထိ မည်သည့်သတင်းမှ မထူးသဖြင့် ဖုန်းကို ပျင်းပျင်းရိရိ ပွတ်နေမိသည်။

[စနစ်: ဒါချည်း တစ်ရက်လုံး စားနေတော့မှာလား]

ဝမ်ကျစ်ချူး ခေါင်းခါပြ၏။

“နောက်မှ ဈေးသွားလိုက်မယ်”

 

ပြောရင်း wechat ထဲမှ ပိုက်ဆံစစ်လိုက်သည်။ စုစုပေါင်းပိုက်ဆံသုံးရာအတိသာ ကျန်တော့ပြီး စားစရာများလည်း ကုန်တော့မည်။ ထို့ကြောင့် ပိုက်ဆံများကို စားစရာအတွက် ဝယ်ခြမ်းပြီးမှ ကျန်တာဆက်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျန်သည့် အကြီးမားဆုံးသုံးစရာမှာလည်း ကျောင်းကန်တင်းသာရှိသည်။

 

ဝမ်ကျစ်ချူး ပိုက်ဆံများကို စီမံနေရင်း စိုးရိမ်တကြီးမေးလိုက်သည်။

 

“ဒီနေ့ လုပ်ရမဲ့တာဝန်တွေ ရှိသေးလား”

 

[စနစ်: ဒီနေ့ မရှိပါဘူး၊ တာဝန်တွေက ပိတ်ရက်တွေမှ ရတာပါ]

“တကယ်လား”

 

ဝမ်ကျစ်ချူးအတော်ပျော်မိသွားသည်။

 

[စနစ်:တကယ်လို့ သင်လိုချင်ခဲ့ရင် ထုတ်ပေးလို့ရပါတယ်]

 

ဝမ်ကျစ်ချူး ခေါင်းကို အခိုင်အမာ ရမ်းလိုက်သည်။

“မလိုချင်ဘူး။ မရလေလေ ကောင်းလေလေပဲ”

 

မုန်လာဥစားပြီးနောက် ဝမ်ကျစ်ချူး အဝတ်အစားလဲလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။ အပြင်ထွက်‌ ဈေးဝယ်မှာဖြစ်သဖြင့် အိတ်တစ်လုံးလည်း ယူသွားလိုက်သည်။

ဘစ်စကားစီးသွားပြီး ဈေးဝယ်စင်တာတွင် အသီးအရွက်များကို အရင်ဝယ်လိုက်ပြီးမှ တစ်ခြားနေရာများသို့ ဆက်ပတ်လိုက်သည်။

 

ပစ္စည်းများ ဟိုကြည့်ဒီကြည့်ဖြင့် တစ်နေရာအရောက်တွင် ခြင်ပြေးဆေးကို တွေ့မိသဖြင့် ဈေးအပေါဆုံး တစ်ဗူးရွေးဝယ်လိုက်သည်။

 

နတ်သူငယ်က အတော် စိတ်ဝင်စားသွားသည်။

 

[စနစ်: ဒါဘာကြီးလဲ]

 

ဝမ်ကျစ်ချူး : “အကောင်ငယ်လေးတွေ မူးတဲ့ဆေး”

 

[စနစ်: အဲ့တာ ဘာလုပ်ဖို့ဝယ်တာလဲ]

 

ဝမ်ကျစ်ချူး နားကမားမျက်နှာလေးနှင့် ပြန်ဖြေသည်။

“အကောင်ငယ်လေးတွေကို မူးအောင်လို့ပေါ့”

 

အဓိပ္ပာယ်တော့ ပေါက်သွားချေပြီ။

 

[စနစ်: ဘာလို့အဲ့လောက်ရက်စက်တာလဲ]

 

ပြောနေရင်း လူသားအကြောင်း ရှာဖွေရေးမှတ်တမ်းကိုထပ်ဖွင့်‌ရင်း ဝမ်ကျစ်ချူး၏ ရက်စက်ကြမ်းကြုတ်မှုကို စာလုံးအနက်ဖြင့် မှတ်တမ်းတင်လိုက်သည်။

 

[စနစ်: ဒီလောက်ချစ်စရာကောင်းတဲ့ အကောင်ငယ်လေးတွေက သင့်ကို ဘာများလုပ်လို့ ဒီလိုလုပ်ရက်ရတာလဲ]

 

“သူတို့ ငါ့အစာတွေ လာလုလို့လေ”

 

ခြင်အကြောင်း စဉ်းစားမိပြန်ရင်း ဆက်ပြောသည်။

“ငါ့သွေးပါသောက်ကြတာ”

ဝမ်ကျစ်ချူးအခန်းထဲ ပိုးဟပ်များကြောင့် အမြဲသောကရော က်ရသော်လည်း ပိုးဟပ်သိုက်ရှာမတွေ့၍ ယခုအခါတွင် ခြင်နှင့်ပိုးဟပ်အဝေးပြေးစေဖို့ ခြင်ဖျန်းဆေး ဝယ်လိုက်ခြင်းဖြစ်သည်။

 

ထိုဆေးတစ်ဗူးဝယ်အပြီး ဈေးဝယ်စင်တာထဲမှ အဝတ်အိတ်တစ်ခု လက်ဆွဲရင်း ပြန်ထွက်လာခဲ့သည်။ မြိုလယ်ထဲ ကားများစွာ ယောက်ယက်ခတ် လှုပ်ရှားနေပြီး မတော်တဆမှု တစ်ခုခုဖြစ်ထားတာကြောင့် တစ်နေရာကို ပိတ်ထားပုံရသည်။ အသံကျယ်တစ်ခုကလည်း ရုတ်တရက်ထွက်လာ၏။

 

[စနစ်: ဟိုမှာလူတွေအများကြီး ဘာလို့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာလဲ]

 

ထိုသတိပေးချက်ကြောင့် ဝမ်ကျစ်ချူး ခြေလှမ်းကို ရပ်လိုက်ရင်း လူအုပ်ရှိရာဖက်ကြည့်လိုက်သည်။

 

…..

 

“မင်းကိုအပြင်ထွက်ဖို့ခေါ်ရတာလဲ တစ်ကယ်မလွယ်ပါလား”

ကျီဖုန်းချန် ချင်ကျားရှုဘေးနား ထိုင်ချလိုက်သည်။

“အခြေနေဘယ်လိုလဲ.. ဒီနေ့ ကလပ်သွားမှာလား၊ ဒါမှမဟုတ် လက်ဝှေ့သွားထိုးမှာလား”

“ထိုးမှာ”

ကျီဖုန်းရဲ့ မျက်ခုံးများက ရုတ်တရက်တွန့်ချိုးသွားပြီး

“ကလပ်သွားရအောင်။ လက်ဝှေ့က ကြာကြာစိတ်ဝင်စားဖို့မကောင်းဘူး။ ကလပ်မှာ ကစားနည်းအများကြီးပဲ။ ငါ ဝိုင်တောင် မှာထားပြီးပြီ”

အစီစဉ်ချပြီးပြီပြောသည့်တိုင် မမျှော်လင့်စွာပဲ တစ်ဖက်သူ၏ အငြင်းခံလိုက်ရသည်။

“လက်ဝှေ့အရင်ထိုးမယ်”

“အေးပါကွာ လက်ဝှေ့ထိုးဆို‌တော့လည်း ထိုးကြတာပေါ့”

ပြောပြောဆိုဆိုဖြင့် ချင်ကျားရှုလက်မောင်းကို တစ်ချက်ရိုက်လိုက်သည်။ 

“ဒီတစ်ခါ အပေးအယူလုပ်မှ ရမယ်။ လက်ဝှေ့အရင်သွားထိုးမယ်။ ပြီးရင် ကလပ်ထဲလိုက်ခဲ့ရမယ်၊ ဟုတ်ပြီလား”

 

ထို့ပြင် အရေးကြီးစကားကို ပြောရန်လည်း သူမမေ့ချေ။

“ပြီးတော့ ဒီတစ်ခါ ငါမင်းနဲ့ မလေ့ကျင့်ဘူးနော်။ မင်းဟာမင်း လေ့ကျင့်ဖို့ လူရှာ”

အရင်တစ်ခေါက်က အထိုးခံလိုက်ရသည့် တစ်ချက်နှင့်ပင် ပြန်တွေးတိုင်း ကျောထဲစိမ့်စိမ့်သွားသော စိတ်ဒဏ်ရာကလည်း မသေးလှချေ။

လမ်းအချက်ပြမီးက ပြောင်းသွားသည်နှင့် ယာဉ်များက ဖြည်းဖြည်းချင်း ရပ်တန့်သွားကြလေသည်။

ချင်ကျီဖုန်း ကူးလူးနေကြသော ယာဉ်များဖက် အမှတ်တမဲ့ငေးမိရင်း မျက်လုံးများပြူးကျယ်သွားသာ်။

 

“ချီးပဲ၊ ဒါ ဟိုအနှောင့်အယှက်ကောင် မဟုတ်လား”

 

သူပြောသည့် ထိုလူက သာမန်အကျီဖြူလက်တိုကို ဝတ်ထားပြီး နေပူပူကြား အသားများ နီမြန်းလျက်ရှိကာ ခေါင်းကို ဟိုလှည့်ဒီလှည့်နဲ့ ဟိုဟိုဒီဒီ ကြည့်နေ၏။

 

ချင်ကျားရှု သူပြောသည့် ဖက်ကို မျက်စိတစ်ချက် လှန်ကြည့်လိုက်တာနဲ့ ဝမ်ကျစ်ချူးကို တန်းမြင်လိုက်လေသည်။

 

ထိုသို့မြင်ရခြင်းကလည်း လူတွေကြား ထူးထူးခြားခြား ထင်းထွက်နေခြင်းကြောင့် မဟုတ်ပဲ လူအုပ်၏ အပြင်ဖက်တွင် ရပ်နေခြင်းကြောင့်သာဖြစ်သည်။

ထို့နောက်တွင် ဝမ်ကျစ်ချူး အဖိုးအဖွားတစ်ဖွဲ့နောက်တွင် ရပ်နေပြီးနောက် ထိုရပ်နေသည့် အုပ်စုရှေ့ ကျော်တက်သွားသည်ကို မြင်လိုက်ရသည်။

 

ထိုလူတန်းရပ်နေသည့် ရှေ့ဆုံးနေရာတွင် ရွှေရောင်စာလုံများနှင့် ရေးထားသည့် ဆိုင်းဘုတ်နီတစ်ခုရှိ၏။

 

“ကြက်ဥများ ရယူရန် QR ကုဒ်ကို စကန်ဖတ်လိုက်ပါ”