Chapter20
Viewers 830

ဝမ်ကျစ်ချူး ထိုမိတ်ဆက်စာကြောင့် လက်ကတွန့်ခနဲဖြစ်သွား သည်။ အလိုက်ကမ်းဆိုးမသိစွာပင် သူ့ကို ဒုတိယဘိတ်ချီးက ရှေ့တစ်လှမ်းတိုးရင်းမေးသည်။ “ဘာလို့လက်မခံသေးတာလဲ”

“မင်းမှာ အဲ့လိုမေးရဲတဲ့ သတ္တိရှိသေးတယ်ပေါ့”ဟူသည့် စာတန်းကြီး ဝမ်ကျစ်ချူးမျက်နှာထက် အထင်းသားပေါ်နေလေသည်။

ဒုတိယဘိတ်ချီးမှာတော့ ဝမ်ကျစ်ချူးလည်ပင်းကို လှမ်းဖက်ရင်း သူ့ခံစားချက်အား ထုတ်ပြရှာပါ၏။ “မင်းမျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ။ မိသားစုဆိုတာ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး ဆက်ဆံရေးဆိုတာ ပြောပြချင်လို့ အဲ့လိုပို့လိုက်တာကွ”
ဝမ်ကျစ်ချူး : “……”
သူ့ရှင်းပြချက်က မှန်မှန်မမှန်မှန် ဝမ်ကျစ်ချူးလက်ခံလိုက်ရ၏။

….

ကျောင်းဝတ်စုံကိုကိုင်သွားသည့် ချင်ကျားရှု စာသင်ဆောင်သို့ပြန်လာသည့်တိုင် အခန်းဆီ တည့်တည့်မသွားပဲ အခန်း ၆ ပြတင်းပေါက်ဖက် ဖြတ်လျှောက်လာသဖြင့် သူ့ဝတ်စုံကို ဖျက်ဆီးခဲ့သူမှာ တုန်ခနဲအထိတ်တလန့်ဖြစ်သွား၏။

ပုံမှန် နူးညံ့ညင်သာလေ့ရှိသည့် မျက်လုံးများက ခက်ထန်မာကြောနေပြီး အတန်းဖော်ကို ပုရွက်ဆိတ်တစ်ကောင်လို ကြည့်လိုက်သဖြင့် အတန်းဖော်မှာ ချက်ချင်းခေါင်းငုံ့သွားပြီး နဖူးထက်ဇောချွေးများ ချက်ချင်းပြန်လာသည်။

ချင်ကျားရှု ထိုသူ့ကိုတစ်ချက်ကြည့်ရင်း သူပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးကို မဖမ်းဆုပ်ခဲ့မိမှန်း သိလိုက်ချေပြီ။

ထိုအတန်းဖော်မှာ ခေါင်းကိုသာ တွင်တွင်ငုံ့ထား၏။ သူ့နဖူးထက်တွင် မူလတံခါးနှင့် တိုက်မိသည့်ဒဏ်ရာပေါ်တွင် လမ်း၌အပြေးပြန်လာခဲ့ရသည့် အတွက် အလဲလဲအကွဲကွဲဖြင့် ချော်လဲ၍ ဆောင့်မိခဲ့သည့် ပြာတာတာ ဒဏ်ရာများက ဖုံးထားပြီး လက်ဖျံတွင်လည်းပွန်းရာများက သွေးစို့နေဆဲပင်။

သူအားတင်းကာ ပြတင်းပေါက်ဆီ ပြန်ကြည့်လိုက်ချိန်တွင် ချင်ကျားရှုရှိ မနေတော့သဖြင့် အတန်းဖော် ရင်ဘတ်ထဲ ဒိုင်းခနဲ နှလုံးခုန်နှုန်းများ စောင့်တက်သွားသည်။ တစ်ဖက်သူ သူ့အကြောင်း ရုံးခန်းထဲ သွားတိုင်နေမလားမသိချေ။ ဖြစ်နိုင်ချေများကို စဉ်းစားမိသည်နှင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ချိန်ကိုက်ဗုံးတစ်လုံး ဖင်ခုထိုင်မိသလို ဖြစ်နေချေသည်။

ငါသာကြိုသိခဲ့ရင်…ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင်…အဲ့ကောင်ကို သွားမရှုပ်ခဲ့ပါဘူးကွာ!!!

ချင်ကျားရှု ကျောင်းသားသမဂ္ဂအခန်းဆီသို့သွားလိုက်ပြီး သော့ဖွင့်ကာဝင်သွားလိုက်၏။ ထိုအခန်းသော့က သူ့တစ်ယောက်တည်းတွင်သာရှိသဖြင့် အခန်းထဲမည်သူမှရှိမနေချေ။

ကျောင်းဝတ်စုံကို ဆိုဖာပေါ်ပစ်ရင်း သူ့အကျီအောက်နားစကို မတင်လိုက်ကာ သူ့ဂျာစီကို ချွတ်လိုက်သည်။

နေရောင်အောက်က နို့နစ်ရောင်အသားအရည်ထက်မှ ကြွက်သားများနှင့် ပုခုံးကျယ်ကျယ်၊ ကိုယ်နေဟန်ထား ခပ်ဖြောင့်ဖြောင့်နှင့် အရပ်ရှည်ရှည်တို့က ပြီးပြည့်စုံသည့် ယောက်ျားတစ်ယောက်၏ အင်္ဂါရပ်အားလုံးကို ပေါင်းစပ်ထားသလိုပင်။

ချင်ကျားရှု ကျောင်းဝတ်စုံကို ကောက်ယူရင်း ဝတ်မည်အလုပ် လက်များရပ်တန့်သွားလေသည်။

တောက်တောက်ပြောင်ပြောင်ဝက်ခေါင်းကြီးတစ်ခုက နေရောင်အောက် သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြရင်း ကျီစယ်နေသောကြောင့်ပင်။

သူနှစ်ခါလောက်ပြန်ကြည့်ပြီးမှ ဝတ်စုံပေါ်မှ ဖြဲစုတ်လိုက်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။

ချင်ကျားရှု ဆိုဖာကို မှီပြီးထိုင်လိုက်ရင်း ခေါင်းကို နောက်လှန်ချလိုက်သည်။ တိုက်ရိုက် ကလဲ့စားချေသည်ထက် တစ်ဖက်သူ စိတ်ထောင်းကိုယ်ကြေဖြစ်သည်ကိုကြည့်ရသည်က သူ့အတွက်ပိုအရသာရှိလှသည်။

သူ့တွင် မကောင်းသည့်အခြမ်းရှိသော်လည်း သူလက်သည်းများ ဝှက်ထားသေးသ၍တော့ အကောင်းဆုံး ဟန်ဆောင်ပြနေရဦးပေမည်။

ထို့နောက် ဖုန်းကိုကောက်ယူရင်း ရုံးခန်းဖက်ထွက်လာခဲ့သည်။ လမ်း၌ လူအများ နှုတ်ဆက်ကြသည်ကိုလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်နှုတ်ဆက်ပြရင်း သူအပြင်ကို ချပြထားသည့်ပုံစံအတိုင်း ပုံမှန်သာတုံ့ပြန်လိုက်သည်။

ရုံးခန်းဖက်သွားနေရင်း ခဏရပ်ကာ အသံသွင်းထားသည်ကို ပြန်စစ်ဆေးလိုက်သည်။

ဖုန်းထဲ စိတ်ပျက်စရာအသံတစ်သံက အတားအဆီးမဲ့လျက်။

“မင်းဝတ်စုံကိုဖျက်ဆီး‌နေတာပဲ”
“ဒါပေမဲ့ ဒါကချင်ကျားရှုကျောင်းဝတ်စုံလေ”
နားထောင်နေရင်း နောက်အသံတစ်သံကြောင့် ခဏရပ်လိုက်ရင်း တံခါးဘေးနားရပ်ကာ သူ့ကိုမြင်သည်နှင့် ရေနစ်သူကောက်ရိုးဆွဲမိသလို တအံတသြပျော်သွားသည့် ဝမ်ကျစ်ချူးပုံရိပ်ကို ပြန်မြင်ယောင်မိသွား၏။

“ငါလည်း…ဖျက်ဆီးချင်လို့”
“ချင်ကျားရှုကျောင်းဝတ်စုံကို…ငါ့ဘာသာဖြဲမယ်”
“မဟုတ်..မဟုတ်”
အသံသွင်းထားသည့်အထဲ မကောင်းသည့်ရည်ရွယ်ချက်များရှိနေသည့် ဝမ်ကျစ်ချူးကိုပါ စီရင်ရင်း သူ့အ‌ပေါ်မကောင်းသည့်ရည်ရွယ်ချက်ရှိသူကို အပြစ်ခံယူစေရမည်ဟု စိတ်ထဲတေးမှတ်လိုက်သည်။

ချင်ကျားရှု မျက်နှာထက်တွင် နားမလည်နိုင်သည့် ရှုပ်ထွေးသည့်ခံစားချက်များဖြင့် အသံသွင်းထားသည့်ဖုန်းကို ငုံ့ကြည့်နေမိ၏။

ထိုအချိန်အနောက်မှ သူ့နာမည်ခေါ်သံကြားလိုက်ရသည်။

“ကျားရှုလား”
ချင်ကျားရှု နောက်လှည့်ကြည့်လိုက်ချိန် အပြုံးမျက်နှာနှင့် ဌာနမှူးကိုတွေ့လိုက်ရလေသည်။

“မင်းပဲ ဖြစ်ရမယ်လို့ ထင်နေတာ။ သိပ်ဟုတ်တာပေါ့။ မင်းလို ကိုယ်နေဟန်ထားမျိုး ဒီကျောင်းမှာ မင်းတစ်ယောက်တည်းရှိတာကိုးကွ”

ချင်ကျားရှု ယဉ်ကျေးစွာပြုံးပြလိုက်သည်။
“ရုံးခန်းနား ဘာလုပ်နေတာလဲ။ ဘာကူညီပေးရမလဲ”
ချင်ကျားရှု သွက်သွက်လက်လက်ပင်ပြန်ဖြေ၏။

“ဘာမှမလုပ်ပါဘူးဗျ။ ဒီဖက် ဖြတ်သွားရုံပါ”
သူ့စကားကြောင့် ဌာနမှူး သူ့ရုံးခန်းသူပြန်ကြည့်လိုက်မိသည်။ သူ့ရုံးခန်းက နောက်ဆုံးခန်းဖြစ်ပြီး ဘေးတွင်နံရံသာရှိတော့သည်။ ဘယ်လိုဖြတ်သွားတာမျိုးပါလိမ့်!!
“ဌာနမှူး၊ ကျွန်တော့်မှာ ကိစ္စလေးတွေရှိသေးလို့ သွားခွင့်ပြုပါ”

ဌာနမှူး တစ်ခုခုသတိရသွားသဖြင့် လှမ်းမေးလိုက်သည်။ “ကျားရှု၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှာ ပြိုင်မှာမဟုတ်လား။ အထက်တန်းတတိယနှစ်အတွက် အသုံးဝင်တယ်နော်”

“စာရင်းသွင်းပြီးပါပြီခင်ဗျ”
“မင်းလိုကလေးမျိုးက ဒီလိုပြိုင်ပွဲမျိုးငြင်းမှာ မဟုတ်မှန်း ဆရာသိနေတယ်၊ မင်းပထမဆုရမယ်လို့ပါ ဆရာမှန်းထားတယ်”

ဒါကတော့ ဌာနမှုး ကြွားနေခြင်းမဟုတ်။ ဘယ်ပြိုင်ပွဲမဆို ပထမဆုနေရာပဲနေတတ်သည့် ချင်ကျားရှု၏ စွမ်းရည်ကြောင့် ရဲရဲပြောလိုက်ခြင်းဖြစ်သည်။ ယခင်က အမှားပေါင်းများစွာလုပ်ခဲ့သည့်တိုင် အောင်မြင်မှုနှင့်ယှဉ်လျှင်အသေးအမွှားဖြစ်သွားခဲ့သည်ပင်။

ဌာနမှူး သူ့ပုခုံးကိုပုတ်လိုက်သည်။ “ကိစ္စမရှိတော့ဘူးဆိုရင် သွားလို့ရပြီ”

ရုံးခန်းရှေ့မှ ထွက်လာရင်း ကော်ရစ်တာတွင် အတန်ကြာအောင်ရပ်ကာ နောက်ဆုံးတွင် အသံမှတ်တမ်းကို ဖျက်လိုက်လေတော့သည်။

ညနေခင်းတွင် သူ့လေးလေးလံလံခန္ဓာကိုယ်ကြီးကို ဘက်စ်ကားဖြင့် အိမ်သယ်ပြန်ရင်း ရေမိုးအမြန်ချိုးကာ အိပ်ရာ‌ပေါ်ကို တုံးလုံးလှဲလိုက်သည်။ ဟိုဖက်ဒီဖက်တောင် မလှည့်နိုင်တော့ချေ။

[စနစ်: ရွှံ့တုံးကြီးလို လှဲနေတော့မှာလား]

“ဒါကို အပန်းဖြေတယ်လို့ ခေါ်တယ်”

[စနစ်: သင်အခုဘာပုံစံပေါက်နေလဲသိလား?]

“ဘယ်လိုပုံလဲ”

[စနစ်: လူပုံမပေါက် တော့တာတော့ သေချာတယ်]

ဒီအတိုင်း အိပ်ဖို့ ရည်ရွယ်နေတုန်း ဖုန်းထဲမှ သတိပေးသံတက်လာသဖြင့် ဖုန်းယူကြည့်တော့ wechatတွင် စာရောက်နေခြင်းဖြစ်နေ၏။

[စနစ်: ဘာလို့ ထလာတာလဲ]

“ပိုက်ဆံရဖို့ဆို ဘေးက သရဲတောင် ပတ်မွေ့လိုက်မယ်”

ပြောနေရင်းဖုန်းစခရင်ဖွင့်ကာ စာဖတ်လိုက်သည်။
စာထဲ “ရှဲဒိုးစာရေးဆရာလား၊ အငှားရေးဖို့ အကူအညီလိုနေပါတယ်”

ဝမ်ကျစ်ချူးဘာမှစဉ်းစားမနေပဲ ပိုက်ဆံရမည့်ကိစ္စမို့ မနှေးမကွေးလာအပ်သည်ကို လက်ခံလိုက်သည်။

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: ဟဲလို၊ ရှဲဒိုးစာရေးစရာလား]

[မှိုစိမ်းအိမ်: ဟုတ်ပါတယ်ဗျ]

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: စာတစ်စောင်လောက်ရေးချင်လို့၊ ဘယ်လိုယူလဲ]

[မှိုစိမ်းအိမ်: စာလုံး အရေအတွက်ပေါ်မူတည်ပါတယ်]

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: စာလုံးရေ နှစ်ရာလောက်ရှိတဲ့ ရည်းစားစာလိုချင်ပါတယ်]

ဝမ်ကျစ်ချူး နည်းနည်းအံ့ဩသွားရသည်။

[မှိုစိမ်းအိမ်: အချစ်စာမရေးဖူးတော့ လျှော့ယူပါ့မယ်]

သို့သော်တစ်ဖက်က ဈေးညှိသည့်မေးခွန်းမမေးပဲ မဆီမဆိုင်ကိုတည့်မေးလာ၏။
[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: အရင်လတရုတ်စာ ရမှတ်ဘယ်လောက်လဲ]

[မှိုစိမ်းအိမ်: တစ်ရာ့နှစ်ဆယ့်ခြောက်]

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: အင်း၊မဆိုးဘူး။ ဒါဆို ငါ အခန်းကိုးကမုံ့ယန်အတွက် စာတစ်စောင်လိုချင်တယ်]

ထင်မှတ်မထားသည့်လူနာမည်ကြောင့် ဝမ်ကျစ်ချူးအနည်းငယ်တွန့်သွားသည်။

[မှိုစိမ်းအိမ်: ဘယ်လိုအချစ်စာပုံစုံမျိုးလိုချင်တာလဲ]
စက္ကန့်အနည်းငယ်မျှ ပြန်စာမရတော့ချေ။ ထို့နောက်မှ…

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: တည်ငြိမ်တဲ့စာသားမျိုးကိုမှ သူ့ကိုဆွဲဆောင်ပြီးတော့ နည်းနည်း အထူးအဆန်း စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုး ဖြစ်နေရမယ်။ သူ့ကို တိတ်တိတ်ကလေးစောင့်ကြည့်ပြီး မနှောင့်ယှက်ပဲ ချစ်နေတဲ့အကြောင်းလေးပေါ်လွင်ရမယ်]

ဝမ်ကျစ်ချူး တစ်ကြောင်းပြီးတစ်ကြောင်းရေးနေ၏။

[မှိုစိမ်းအိမ်: ဟုတ်ကဲ့၊ ‌သတ်မှတ်ဈေးက နှစ်ဆယ့်ငါးယွမ်ပါ]

[ကမ္ဘာပေါ်ကအခန့်ဆုံးလူသား: အပေးအယူတည့်တယ်၊ ပို့ခကလည်းဖရီးဆိုတော့ အဆင်ပြေတယ်။ ပို့ပြီးရင်ပြောလိုက်၊ ငွေလွှဲလိုက်မယ်]

စာရိုက်ပြီးသည်နှင့် ဝမ်ကျစ်ချူးအိပ်ရာမှထကာ စာကြည့်စားပွဲတွင်ထိုင်လိုက်ပြီး သူ့ရှေ့က အဖြူရောင်စာရွက်ကိုကြည့်လိုက်သည်။ ရေးရမည့်စာတော့ ခေါင်းထဲပေါ်မလာသေးချေ။

သူမှအချစ်စာ မရေးတတ်ပေပဲ။ ထို့ကြောင့် အင်တာနက်ပေါ် ရည်းစားစာရေးနည်း ရှာဖတ်လိုက်သည်။ သို့ပါသော်လည်း တကယ်ရေးရမည့်အချိန်တွင် ဘယ်ကစရမလဲ မဖွဲ့နွဲ့တတ်။ FAတစ်ယောက်၏ အားနည်းချက်ဟုဆိုရပေလိမ့်မည်။

[စနစ် :  မြန်မြန်ရေးစမ်းပါ၊ အိပ်ငိုက်နေတာလား]
“ခဏ၊ မလောနဲ့”
[စနစ်:မင်း ခဏက မနက်ဖြန်ရောက်ပါတော့မယ်။ အမြန်လုပ်ပါ။]
“အရမ်းလာမလောနဲ့”


[စနစ်: မလောရင် ဘယ်တော့မှရေးတာပြီးမှာလဲ”
“လူတွေကိုတွန်းအားမပေးနဲ့။ သူတို့က အားလုံးလုပ်နိုင်ပြီးသား”

[စနစ်: အော်! တကယ်လား]
ဝမ်ကျစ်ချူး ယုံကြည်ချက်ရှိရှိခေါင်းညိတ်ပြလိုက်သည်။

[စနစ် : ဒါဆိုအင်္ဂလိပ်စာနဲ့ရေးပြ]
ဖွီး!!!