Chapter19
Viewers 838

ထိုကျောင်းသား ဝမ်ကျစ်ချူးစကားကြောင့် အတော်အံ့ဩသွားလေသည်။ “သောက်ဆန်းကြီး! မင်းရဲ့ဝါသနာကြီးက ဘယ်လိုကြီးလဲ?”

ဝမ်ကျစ်ချူး ကျောင်းဝတ်စုံကိုတင်းတင်းကိုင်ရင်း တံခါးနားသို့ကပ်နေ၏။

“အေးပါကွာ၊ မင်းပဲယူထားလိုက်တော့” အတန်းဖော်မှာ ရွံရှာသည့်အကြည့်ဖြင့်ကြည့်နေသေးသော်လည်း ထိုအဝတ်ကို ထပ်မလုတော့ချေ။ အမှန်စင်စစ် သူ့စိတ်ထဲ အတော်ကျေနပ်နေပေပြီ။

ဝမ်ကျစ်ချူး၏နဖူးပေါ်က ပေါ်လာသည့် စကားလုံး ကို မြင်လိုက်ရ သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ “အခွင့်ကောင်းယူလိုက်” ဟူသည့်စာတန်းဖြစ်သည်။

ချင်ကျားရှု သူ့ကျောင်းဝတ်စုံအဖြဲခံရသည်ကိုသာသိလျှင် လုပ်သည့်သူကိုအလွတ်ပေးမည်မဟုတ်။ ဘယ်သူမှ အသက်ရှင်ရတာကို ငြီးငွေ့မနေပါ။

ထို့အပြင် သူသည် လတ်တလောတွင် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ပြီးသော်ငြား ချင်ကျားရှုသိသွားမည်ကို စိုးတထိတ်ထိတ်ဖြစ်နေလေသည်။

ထို့ကြောင့် သူတစ်လျှောက်လုံး ဝတ်စုံကိုဖြဲ၍ သူ့ကိုရှာတွေ့သွားလျှင်ဆိုသည့် စိုးထိတ်မှုကြီး ကြီးစိုးနေခဲ့သည်။

ယခုတော့ အချောင်အစားဝင်ခံမည့် သူရသွားပေသည်။

ထို့ကြောင့် ကတ်ကြေးပါလာလိမ့်မည်မဟုတ် ဟူသည့်အထင်ဖြင့် ဝမ်ကျစ်ချူးကို ကတ်ကြေးပါကမ်းပေးလိုက်သည်။ “ရော့ ၊ ယူလိုက်”

ဝမ်ကျစ်ချူး တုန်ရီနေသည့်လက်တို့ဖြင့် လှမ်းယူသဖြင့် အတန်းဖော်မှာ နားမလည်နိုင်ဖြစ်နေတော့သည်။

“ဘာလို့တုန်နေတာလဲ”

“ငါ..ငါ..နည်းနည်း..ကြောက်လို့”

“ဒါဆိုဘာလို့ စကားတွေပါထစ်နေတာလဲ”

“ကြောက်..လို့ပါဆို”

“.....”

တုန်ရီနေပြီး မလှုပ်မယှပ်ရပ်နေသည့် ဝမ်ကျစ်ချူးကို အတန်းဖော်က စိတ်မရှည်လာတော့။ “မင်းဟာက ညှပ်ရောညှပ်ဦး မှာလား? မြန်မြန်လုပ်လေ!”

ဝမ်ကျစ်ချူး ကြောက်ကြောက်လန့်လန့်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်ပြီး သူ့လက်ထဲက ဘာမှမလုပ်ရသေးသည့် ကတ်ကြေးကို ကြည့်လိုက်သည်။

[စနစ်: ကတ်ကြေးကို ဂွပ်ဂွပ်ဆိုပြီး လုပ်လိုက်တော့လေ။ ခဏနေပဲပြီးတော့မှာကို!]

“နတ်သူငယ်လေး”

[စနစ်:ဘာလဲ?]

“သူများကိုပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တာလဲ ပြစ်မှုတစ်မျိုးပဲ”

မင်းကတော့ သေရင် သူများပါ အပါခေါ်မဲ့ကောင်ပဲ!!

တစ်ဖက်တွင် အတန်းဖော်က သူ့ကိုအတော်လောနေ၏။ ထို့မှသာ ကိစ္စအမှန်ပြတ်ပြီး သူလည်းစိတ်ကျေနပ်၊ အမှုကနေလွတ်ဖြစ်မည့် တစ်ချက်ခုတ် နှတ်ချက်ပြတ်ကို အမြန်လိုချင်လှပေပြီ။

“မြန်မြန်၊ ငါကစားကွင်းပြန်သွားရဦးမှာ”

တစ်ဖက်သူ၏ခက်ထန်သောမျက်နှာကိုကြည့်ရင်း ဝမ်ကျစ်ချူး အသက်ဝဝတစ်ချက်ရှိုက်လိုက်ကာ ကတ်ကြေးကိုဟရင်း ဝတ်စုံဆီဦးတည်လိုက်သည်။

 

“ဂွပ်!!”

“ဂွပ်၊ ဂွပ်၊ဂွပါ”

သေးငယ်သည့်အပိုင်းလေးများ လေထဲလွင့်သွားပြီး အတန်းဖော်မှာ မျက်လုံးများပြူးလျက် ကုန်းအော်လေသည်။

“မင်းဘာလို့ ချည်တွေကိုညှပ်နေတာလဲ”

ဝမ်ကျစ်ချူး အလန့်တကြားတွန့်ခနဲဖြစ်သွား၏။

“မင်း ပြတင်းပေါက်လိုက်ကာတွေကို ဘယ်လိုဖြတ်ရမလဲ‌ တောင်  သိရဲ့လား?!”

“ငါ..ငါမှ မလုပ်ဖူးတာ” သူ့အူတူတူစကားများကြား ဒေါသငယ်ထိပ်ရောက်သွားသည့် အတန်းဖော်ကြောင့် ကပျာကယာထပ် ပြောလေသည်။

“ဒါပေမဲ့ ငါ့မှာ ဖျက်ဆီးဖို့ နောက်နည်းလမ်းရှိပါသေးတယ်”

“ဘာနည်းလဲ” အတန်းဖော် သူ့ကိုသံသယမျက်လုံးများဖြင့် မေးလိုက်သည်။

ဝမ်ကျစ်ချူး ကတ်ကြေးကို သူတို့နှင့် ခပ်ဝေးဝေးတွင်ထား လိုက်ပြီး သူ့အိတ်ထဲမှ မှုခင်းအတွက်သုံးဖို့ဝယ်လာခဲ့သောပစ္စည်းကို ထုတ်ပြီး၊ ထိုပစ္စည်းမှ ကပ်ခွာကို ခွာလိုက်ပြီး အင်္ကျီမှာ ကပ်လိုက်သည်။

ဝက်‌ခေါင်းရုပ်စတစ်ကာတစ်ခု ချင်ကျားရှုဝတ်စုံပေါ်ကိုရောက်သွားလေပြီ။ ထို့နောက် ဝမ်ကျစ်ချူးက ဂုဏ်ယူဟန်ဆို၏။ “သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးနည်းပေါ့”

အတန်းဖော်၏ သည်းခံနိုင်စွမ်းက အဆုံးစွန်သို့ရောက်သွားချေပြီ။ “ခွေးကောင်၊ မင်းငါ့ကို ပြောင်နေတာလား”

“မဟုတ်..မဟုတ်ပါဘူး”

 

တစ်ဖက်သူ၏အရူးလုပ်ခံလိုက်ရသဖြင့် အတန်းဖော်မှာ သည်းခံနိုင်စွမ်းမရှိတော့ပဲ အမြန်ပင် ဗီဒိုပေါ်တင်ထားသည့် ကတ်ကြေးကို သွားဆွဲပြီး ဝမ်ကျစ်ချူးကို မီးတောက်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ “မင်းမလုပ်ရင်လည်း ငါ့ကိုပြန်ပေးတော့”

[စနစ်: ဘုရားရေ၊ သူကကြောက်ဖို့ကောင်းလိုက်တာ၊ ကယ်ကြပါဦး!]

ဝမ်ကျစ်ချူး၏ အလန့်တကြား အော်တော့မည့်ပါးစပ်က နတ်သူငယ်လေးစကားကြောင့် တိခနဲပိတ်သွား၏။

တစ်ဖက်သူ ဘာမှမတုံ့ပြန်လာသဖြင့် အတန်းဖော်ထပ်ပြောလာ၏။ “ငါ့ကိုပေး”

“ဟင့်အင်း” ခေါင်းသာခါနေရသည်။ ဝတ်စုံ ကိုင်ထားသည့်လက်က တဆတ်ဆတ် ခါနေချေပြီ။

“ပေးစမ်း!”

“ဒါက ငါ့..ငါ့”စကားကိုဆုံးအောင်ပြောဖို့ပင်မစွမ်းနိုင်တော့။

“‌ခွေးကောင်၊ မင်းက ကူလီကူမာကောင်ပဲ”

အတန်းဖော်သည် စကားနှင့် အချိန်ဖြုန်းမနေတော့ပဲ ဝမ်ကျစ်ချူးလက်ထဲက ဆွဲလုရန် လုပ်လာသဖြင့် တံခါးနားရပ်နေသည့် ဝမ်ကျစ်ချူးက တံခါးဆွဲဖွင့်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း မမှီသည်မှာ အထင်အရှားပင်။

ထို့ကြောင့် တံခါးဘေးသို့သာ ရှောင်ပုန်းလိုက်၏။

“ဘုန်း!”

“သေစမ်း!”

ဝမ်ကျစ်ချူး တံခါးဘေးသို့ရွှေ့အပြီး ပိတ်နေသည့်တံခါးက ရုတ်တရက်ပွင့်လာသဖြင့် ဝတ်စုံကိုင်လျက်နှင့် အကြောင်သား မော့ကြည့်မိလိုက်သည်။

 

ထင်းထင်းကြီးရပ်နေသည့် ပုံရိပ်တစ်ခု။

“ချင်..ချင်ကျားရှု!”

ချင်ကျားရှု ဝမ်ကျစ်ချူးကိုတစ်ချက်ကြည့်ပြီး ဘေးကို အကြည့်ရွေ့သွားသည်။ ကြမ်းပေါ် ကတ်ကြေးကိုင်ရင်းလဲနေကာ အာလူးဘူးသီးထသွားသည့်နဖူးကို အုပ်ကိုင်ထားရင်း အတန်းဖော်က ကျိန်ဆဲလိုက်၏။

“ဘယ်ခွေးသူတောင်းစား တံခါးဖွင့်လိုက်တာလဲ”

“ငါလေ”

အလွန်နာကျင်နေပြီး ချားရဟတ်စီးသလိုချာချာလည်မူးသွားသည့် ‌အတန်းဖော်မှာ ထိုအသံကြောင့် မော့ကြည့်ရင်း သူ့ကိုစိုက်ကြည့်နေသည့် ချင်ကျားရှုကြောင့် ကျောက်ရုပ်ပမာ တဒင်္ဂ ငြိမ်သက်သွားလေသည်။

“ချင်..ချင်ကျားရှု။ မင်းအချိန်ကိုက်ရောက်လာတာပဲ။ ဝမ်ကျစ်ချူး မင်းရဲ့ကျောင်းဝတ်စုံကို ဘာလုပ်ချင်နေတာလဲမသိဘူး”

သူခိုးက လူဟစ်သည့်အဖြစ်!!

“ငါ ..ငါမလုပ်ပါဘူး”

ချင်ကျားရှု သူ့ကို လည်ပြန်ကြည့်လာသဖြင့် ဝမ်ကျစ်ရှု ပါးစပ်ပိတ်သွားသည်။

“မလုပ်ဘူးဆို မင်းလက်ထဲကိုင်ထားတာ ဘယ်သူ့ဝတ်စုံလဲ”

ပြောရင်း အတန်းဖော်က အားယူထရပ်လိုက်ကာ ချင်ကျားရှု ပုခုံးကိုကိုင်ရင်း ပြော၏။ “အတန်းဖော်ချင်၊ သူက မင်းဝတ်စုံကို ညှပ်မလို့လုပ်နေတာ၊ အဲ့ဒါကြောင့် ငါဆွဲလု…”

သို့သော်သူ့ စကားမဆုံးခင်တွင် သူ့လက်တစ်ဖက် ကျွတ်ခနဲ ဖြစ်သွားလေသည်။ ချင်ကျားရှု မျက်နှာထက်တွင် အပြုံးရှိမနေသကဲ့သို့ ဒေါသထွက်ဟန်လည်း ပေါ်မနေချေ။ သူ့ပုခုံးပေါ် လက်တင်ခဲ့သည့်နေရာကို အညစ်ကြေးပေသွားသကဲ့သို့ ပြန်ပုတ်ထုတ်နေသည်။

 

“မင်း…”

ချင်ကျားရှု ပါးစပ်ဟလာသည့် ထို‌အတန်းဖော်ကိုကြည့်လိုက်ချိန် တစ်ဖက်သူ ဘာစကားမှမပြောနိုင်တော့ချေ။

နဖူးထက်က နာကျင်မှုကလည်း ဇောချွေးပြန်သည်အထိ နာနာကျင်ကျင်ပင်။ “အတန်းဖော်ချ င်အဆင်ပြေရင် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး”

ပြောရင်း အပြင်ထွက်ရန် ပြင်လိုက်ချိန် ဩဇာညောင်းသည့်အသံတစ်သံထွက်လာ၏။

“မင်းကို သွားတော့လို့ ပြောလိုက်မိလား”

အတန်းဖော်မှာ ဦးရေပြားတစ်ခုလုံး အေးခဲသွားလေသည်။ “ငါ..ငါက မင်းကိုကူညီနေတာလေ။ မင်းမြင်လား? ငါဒီကတ်ကြေးကို လုထားပေးတာ”

ချင်ကျားရှု ပြလာသည့်ကတ်ကြေးကို တစ်ချက်ကြည့်ရင်း လှမ်းယူလိုက်သည်။

ထိုခဏ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းခိုးချရန် ကြံနေသည့် အတန်းဖော်ဆီ ကတ်ကြေးထိပ်ဖျားက တိုးဝင်လာလေသည်။

“အ..အ..အားးးး”

နားထဲသို့တိုးဝင်လာသည့် စူးစူးရှရှနာနာကျင်ကျင်အော်သံအပြီး အတန်းဖော် မြေပေါ်သို့ လဲကျသွားသည်။

ဝမ်ကျစ်ချူးမှာလည်းအ‌ခြေအနေကိုမကြည့်ရဲစွာ သူ့ခေါင်းကိုလွှဲထားလိုက်ချိန် ခြေထောက်များကလည်း ပျော့ခွေသွားပြီး မြေပေါ်ဘုန်းခနဲကျသွားသဖြင့် သူ့ကို သူအတင်းထူ၍ တစ်ဖက်သို့ လှိမ့်လိုက်သည်။

နှလုံးခုန်သံကတော့ မြင်းခွာသံနှင့် နင်လားငါလားပင်။

လူတော့ မသတ်လောက်ဘူး မဟုတ်လား!!!

 

မြေပေါ်က လူးလိမ့်အော်ဟစ်နေသည့် အတန်းဖော်ကို သူမကြည့်ရဲ။ မျက်လုံးကို စုံမှိတ်ထားရင်း လက်ထဲတွင် ကျောင်းဝတ်စုံကိုလည်း တင်းတင်းကြပ်ကြပ်ကိုင်ထားဆဲ။

ချင်ကျားရှုက မြေပေါ်လိမ့်နေသည့်အတန်းဖော်ကိုကြည့်ရင်း တစ်ချက်ရယ်လိုက်သည်။

“ကြမ်းပြင်ကအေးတယ်။ ထတော့”

သူ့ပေါ်မိုးထားသည့်လူရှေ့က ကတ်ကြေးက သူ့မျက်လုံးကို ဖောက်ထွက်မတတ် နီးနေသဖြင့် အတန်းဖော် အတုန်တုန်အရီရီဖြင့် ထရပ်လိုက်သည်။

ချင်ကျားရှုက သာမန်လေသံဖြင့်ပင်ပြောလိုက်သည်။ “မင်းအပြစ်ကို ဆရာ့ဆီ အမှန်အတိုင်း ဝန်ခံဖို့မမေ့နဲ့”

ထို့နောက် အိတ်ကပ်ထဲမှ ဖုန်းထုတ်ကာ အသံသွင်းထားသည့် မှတ်တမ်းတစ်ခုကိုဖွင့်ပြလိုက်ရင်း အသံတိုးတိုးဖြင့်ပင် ဆက်ပြောသည်။ “ငါမင်းကိုအခွင့်အရေးပေးမယ်”

အတန်းဖော် တုန်ရီစွာပင် ကတိပေးရင်း အဝတ်လဲခန်းထဲမှ အလျင်အမြန်ထွက်ပြေးသွားလေသည်။

တစ်ယောက်ယောက်ထွက်သွားသံကြားမှ ဝမ်ကျစ်ချူး မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ရင်း သူခိုးချောင်းချောင်းလိုက်၏။

[စနစ်: မင်းအခု လူသားတစ်ယောက်နဲ့တူနေပြီ]

“ဘယ်သူနဲ့တူတာလဲ”

[စနစ်:နားရွက်တစ်ဖက်နဲ့လူလေ]

[စနစ်:မှားလို့၊ မျက်လုံးတစ်ဖက်နဲ့လူ]

ဝမ်ကျစ်ချူး သက်ပြင်းခိုးချရန်ကြံတုန်း သူ့ရှေ့ လူရိပ်တစ်ခု ရောက်လာပြီး ချင်ကျားရှု ဘွားခနဲပေါ်လာ၏။

ငါ့ကို ထရိုက်မလို့တော့ မဟုတ်လောက်ပါဘူးနော်!

ထိုအတွေးဖြင့် ခေါင်းကိုလက်ဖြင့်ကာဖို့အလုပ် တစ်ဖက်သူ၏လက်တစ်ဖက် သူ့ဆီရောက်လာ၏။

ဝမ်ကျစ်ချူး ထိုခဏ လှုပ်ရှားမှုအားလုံးရပ်တန့်သွားလေသည်။

ထို့နောက် သူ့ကိုမော့ကြည့်ပြီး ခဏချီတုံချတုံဖြစ်နေပြီးမှ သူလည်း လက်ပြန်ကမ်းလိုက်သည်။

ချင်ကျားရှု လက်ကို တင်းတင်းအားပြုခံလိုက်ရသဖြင့် အနည်းငယ်မျက်မှောင်ကျုံ့ သွားသည်။ ထို့နောက် ဘာမျက်နှာအမူအရာမှမပါပဲ ယခင်တစ်ခေါက်က မှိုဆွဲသည့်အကွက်နှင့်ပင် ဆွဲထူပေးလိုက်သည်။

[T/N : မှတ်မိကြလား။ ကျောင်းအုပ်တံတိုင်းပေါ်က ခုန်ချတုန်းကလေ။]

ဝမ်ကျစ်ချူး သူ့ပေါ် ထိုမျှကောင်းနေမည်ဟု ယောင်လို့ပင်မတွေးခဲ့မိ။

[စနစ်: ယခုသူက ခုနက ကတ်ကြေးဆွဲယူနေတဲ့သူ မဟုတ်တော့သလိုပဲ”

သို့သော် တစ်ဖက်သူက သူ့လက်ကိုဆွဲထူပြီးသည့်တိုင် ပြန်မလွှတ်သဖြင့်ဝမ်ကျစ်ချူး မျက်တောင်တခတ်ခတ်ဖြစ်သွားရလေသည်။

“ယူလာခဲ့”

ဝမ်ကျစ်ချူး ထိုစကားအပြီး အပြစ်လုပ်ထားသည့် ကလေးလေးလို ကပျာကယာဖြင့် သူ့လက်ထဲကပစ္စည်းကို တစ်ဖက်သူဆီကမ်းပေးလိုက်သည်။

ပေးလာသည့် ဝက်ခေါင်းစတစ်ကာကို ကြည့်ရင်း ချင်ကျားရှု အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ အံကြိတ်သည့်လေသံဖြင့်သာ ထပ်ပြောလိုက်သည်။ “ကျောင်းဝတ်စုံ”

“အို..အော်..အင့်”

ဝမ်ကျစ်ချူး ကမန်းကတန်းပင် ကျောင်းဝတ်စုံကိုပေးလိုက်သည်။ တကယ်က သူ့ကို ဆွဲထူသည်မဟုတ်ပဲ ကျောင်းဝတ်စုံ တောင်းနေခဲ့ခြင်းသာဖြစ်ကြောင်း လုံးစေ့ပတ်စေ့ နားလည်သယောင်ယောင်ရှိသွားချေပြီ။

တစ်ဖက်သူက ဘာစကားမှဆက်မပြောတော့ပဲ ကျောင်းဝတ်စုံကိုယူကာ အဝတ်ဗီဒိုထဲမှ ပစ္စည်းများသိမ်းပြီး အခန်းပြင်သို့ ထွက်သွားလေသည်။

ထိုအခါမှသာ ဝမ်ကျစ်ချူးအသက်ဝဝရှူရဲလေတော့သည်။

[စနစ်: အသက်ချမ်းသာရာရသွားလို့တော်ပါသေးရဲ့]

“အချောင်အစားထိုးခံလူဖြစ်ပြီး ရှောတော့မလို့”

ထို့နောက်မိနစ်အနည်းငယ်အကြာတွင် စနစ်မှ အချက်ပြလာသည်။ [တာဝန်ပြီးမြောက်ပါပြီ။ ဗီလိန်တန်ဖိုးဆယ့်ရှစ်ရာခိုင်နှုန်းတိုးလာပါပြီ။ ဆုလာဘ်မှာ ယွမ်တစ်ရာပါ]

ဝမ်ကျစ်ချူး သံသယများသွားချေပြီ။”နတ်သူငယ်လေး”

“ပြောပါ”

“ဘယ်တုန်းကတာဝန်ပြီးသွားတာလဲ”

[စနစ်:ချည်တွေညှပ်တုန်းက]

“အဲ့ကတည်းက ဘာလို့မပြောတာလဲ”

နတ်သူငယ်လေး အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရှက်ရှက်နှင့် ဝန်ခံလေသည်။

 [စနစ်:ကြောက်နေလို့ပါ]

တာဝန်လည်း ပြီးလေပြီ။ နေ့လယ်ထမင်းစားနားချိန်လည်း ကုန်တော့မည်ဖြစ်သဖြင့် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ဝမ်ကျစ်ချူးကျောင်းခန်းဆီပြန်လာခဲ့၏။

 

သူ့စားပွဲဆီ ထိုင်လိုက်ချိန် စားပွဲ လာခေါက်ခံလိုက်ရ၏။ “မင်းဘာဖြစ်နေတာလဲ”

 

သူ ဒုတိယဘိတ်ချီးကို မော့ကြည့်ရင်း ဘာမှပြန်မပြောနိုင်ခင် တစ်ဖက်သူကဆက်ပြောလာ၏။ “ငါသုံးရက်လောက် သေမလိုဖြစ်တာတောင် မင်းလောက် ဖြူဖျော့မနေဘူး”

“နေ့လယ်က ကောင်းကောင်းမနားခဲ့ဘူးလား”

“ထား..ထားလိုက်တော့”

“အေးပါ..ဒါနဲ့မနက်က wechatမှာ ဖရန့်အပ်ထားတယ်။ ဘာလို့လက်မခံသေးတာလဲ”

“ဖုန်းမကြည့်ရသေးလို့” ဝမ်ကျစ်ချူးပြောရင်း ဖုန်းထုတ်ကာ wechatထဲဝင်ရင်း လက်ခံမည်အလုပ် တစ်ဖက်သူ၏ ရေးသားထားသည့် အရေးအသားကိုဖတ်လိုက်မိသည်။

“ဟေ့ကောင်၊ မင်းအဖေအကောင့်ကို လက်ခံလိုက်”