Chapter18
Viewers 835

အေးအေးငြိမ့်ငြိမ့်သွားနေသည့် ဘက်စ်ကားပြတင်းပေါင်မှမြင်ကွင်းများက အဖိုးမဖြတ်နိုင်သည့်ပန်းချီကားပမာ။ လူအားလုံး၏မျက်လုံးများက ပြတင်းပေါက်အပြင်ကိုသာ အာရုံရောက်နေကြသည့်ထိုအချိန်တွင် ဝမ်ကျစ်ချူး တစ်ယောက်တည်း ခေါက်မီးတောက်နေသည်။ ကျောင်းလွယ်အိတ်ကိုလွယ်၊ အပေါ်ထပ်ဝတ်ထားပြီး ခေါင်းက ထိုင်ခံ ဆီငိုက်စိုက်ကျနေသည့် သူ့သဏ္ဍာန်မှာ မသိလျှင် တစ်ပါးသူက သူ့အားပြန်ပေးဆွဲအနိုင်ကျင့်ထားသလိုပင်။

 

[စနစ်: ပြောစမ်း ၊မပြောပဲ ဘယ်လိုသိမှာလဲ]

 

နတ်သူငယ်လေးမှာ ဆွေ့ဆွေ့ခုန်ပေါက်ကွဲနေလေသည်။

 

ဝမ်ကျစ်ချူးကတော့အသေအချာရှင်းပြရှာပါ၏။ “အရမ်းစိုးရိမ်လွန်သွားလို့ လျှာတွေ ခလုတ်တိုက်ကုန်တာပါ”

 

[စနစ်: ဘယ်လိုယုံရမှာလဲ]

 

ကောင်လေးခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။

 

[စနစ်: ဆင်ခြေဆင်လက်တွေ ရှာနေတာမလား]

 

“အကြောင်းပြချက်လေးပဲ ရှာတာပါ”

 

မျက်နှာငယ်လေးနှင့်ပြန်ဖြေနေရင်း ရုတ်တရက်မျက်နှာတည်သွားသည်။ “အတန်းဖော်ရှောင်အိုက်နဲ့ နတ်သူငယ်လေးနဲ့မှာ တရုတ်စာလေးလုံးစီရှိတာပဲ”

 

[စနစ်: ငါက လူမဟုတ်ပေမဲ့ အရူးမဟုတ်ဘူးလေ]

 

“ဟုတ်ပါတယ်၊ ကိုယ့်ဟာကိုယ် လျှာခလုတ်တိုက်ပြီး လျှောက်ယောင်မိတာကို ဗွေမယူပါနဲ့။ တစ်ခြားနာမည်ကို တမင်သက်သက်ခေါ်လိုက်တာမဟုတ်ရပါဘူး”

 

[စနစ်: ဒါဆို ရှောင်အိုက်ကဘယ်သူလဲ]

 

“ဉာဏ်ရည်အတု အေအိုင်ကိုခေါ်တာပါ”

 

[စနစ်: အပြင်မှာ အေအိုင်ဘယ်နှခုတောင်ရှိနေတာလဲ]

 

“မရှိတော့ပါဘူး၊ မရှိတော့ပါဘူး” ဝမ်ကျစ်ချူး ကမန်းကတမ်းပြန်ဖြေရပြန်ပြီ။

 

ထိုစကားကြားမှ သက်မကြီးချပြီး ဝမ်ကျစ်ချူးကိုထပ်မရစ်ဖို့ နတ်သူငယ်လေးဆုံးဖြတ်လိုက်သည်။ သို့သော်…

 

 

“အိမ်မှာတစ်ခုကျန်သေးတယ်”

 

ထို့သို့ရှင်းပြအပြီး သူ့ဖုန်းကိုထုတ်ကာ နာမည်တစ်ခုတီးတိုးခေါ်လိုက်သည်။

 

“ရှောင်ယိ၊ ရှောင်ယိ”

 

ရှောင်ယိ: ရှိပါတယ်!

 

[စနစ်: ငါကလူမဟုတ်ပေမဲ့ သင်ကခွေးပဲ]

 

ဝမ်ကျစ်ချူး အထိတ်တလန့်ဖြင့် ချော့လိုက်သည်။ “စိုး..စိုးရိမ်စရာမလိုပါဘူး။ ဒါတွေက ဒီအတိုင်း…”

 

[စနစ်: လာရှင်းပြနေစရာမလိုဘူး၊ သူတို့တွေအားလုံး ငါ့အဆင့်နဲ့မတူဘူး]

 

ထို့နောက် အရေးအကြီးဆုံးကိစ္စတစ်ခုကို နတ်သူငယ်လေးထပ်မေးလာသည်။

 

[စနစ်: သူတို့မှာအင်္ဂလိပ်နာမည်တွေရှိကြလား]

 

ဝမ်ကျစ်ချူး ခေါင်းခါပြလာသည်။ နတ်သူငယ်လေးဒေါသအနည်းငယ်ပျော့သွားသဖြင့် ထပ်ချော့လိုက်ပြန်သည်။ “နတ်သူငယ်လေးကပဲ ထူးထူးခြားခြားရှိတာပါ”

 

[စနစ်: စိတ်ဝင်စားစရာပဲ၊ သွားကြမယ်]

 

 

“နတ်သူငယ်လေးက..စိတ်ရဲ့အနက်ရှိုင်းဆုံးမှာ ရှိနေတာပါ”

 

ထိုစကားက ယုတ္တိမဆန်လှသော်ြငား လက်တွေ့ပင် သူ့စိတ်ထဲရောက်နေသည်မဟုတ်ပါလား။

 

ထိုထိုသော စကားတို့က‌ နတ်သူငယ်လေးဒေါသကို ငြိမ်းသတ်လိုက်နိုင်သဖြင့် အတော်ကျေနပ်နေဟန်ပင်။

 

ထိုအခါမှ ဝမ်ကျစ်ချူး သူ့တကယ့်အခြေအနေမှန်ကိစ္စဆီ ဦးတည်လိုက်သည်။

 

“တစ်ယွမ်ပျောက်သွားပြီ”

 

ထိုစကားကြောင့် ကြည်နူးနေသည့် နတ်သူငယ်လေး စိတ်အတော်ချဉ်သွားသည်။ “တစ်ယွမ်လေးကို ဖြစ်ပျက်နေလိုက်တာ။ သန်းနဲ့ချီပြီးပျောက်မှ အဲ့လိုစိတ်သောကရောက်လည်း နောက်ကျဘူး”

 

“တကယ်က တစ်ယွမ်ပဲဖြစ်ဖြစ်၊ တစ်သန်းပဲဖြစ်ဖြစ် အရေးပါတာပဲလေ”

 

“ပျောက်သွားတဲ့ တစ်ယွမ်လည်းမရှိတော့သလို ခုနကပြောနေတဲ့ တစ်သန်းလဲမရှိဘူး”

 

[စနစ်မှာတော့ မျက်စောင်းတခဲခဲနှင့်: ဒီထက်နမိတ်ကောင်းတာလေးရွေးပြောလို့မရဘူးလား]

 

အဆူခံလိုက်ရသဖြင့် ဝမ်ကျစ်ချူး နှုတ်ပိတ်ရင်း ကျန်ရှိနေသည့်ခုနစ်ယွမ်ကိုစိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ထိုခုနစ်ယွမ်ကိုပိုက်ဆံဟုမမှတ်နိုင်ပဲ ပြေးရင်းပျောက်သွားသည့်တစ်ယွမ်ကိုသာစိတ်ထဲစွဲလမ်း‌နေလေသည်။

 

ထိုအ‌ခြေနေကိုမကြည့်ရက်သည့် နတ်သူငယ်လေးက နားချရှာသည်။ “ပိုက်ဆံဆိုတာ အရာဝတ္ထုသက်သက်ပဲ”

 

ဝမ်ကျစ်ချူး တီးတိုးလေးရေရွတ်နေသည်။ “ဒီချိန်ဆို သူများအပိုင်ဖြစ်‌နေလောက်ရောပေါ့”

 

[စနစ်: အပြင်ကလူတွေကို ငါ့ကိုပြောသလိုမျိုး ပြန်ခံပြောကြည့်ပါလား]

 

“မင်းက ငါ့စိတ်ထဲကမလို့သာ ပြောရဲတာလေ”

 

[စနစ်: အဲ့ဒီတော့?]

 

“ဟန်ဆောင်နေစရာမလိုဘူးလေ”

 

ကားမှတ်တိုင်ကအဆင်း မနက်ဖြန်မနက် ပေါက်စီအသားနှင့်နှစ်လုံးသာ မနက်စာဝယ်ပြီး ထိုတစ်ယွမ်ကို သွားပြန်ရှာရန်စသည်စသည် အစီအစဉ်ဆွဲနေလေသည်။

 

 

သို့သော် နောက်နေ့မနက်အရောက်တွင် နိုးနိုးချင်းပင် ဗီလိန်တာဝန်တစ်ခုရလာလေသည်။

 

[စနစ်: ဗီလိန်တာဝန် ဇာတ်လိုက်ပိုင်တဲ့ပစ္စည်းတွေကို ဖျက်စီးပစ်ရမှာပါ။ တာဝန်ပြီးမြောက်ရင် ဗီလိန်တန်ဖိုး လေးရာခိုင်နှုန်းတိုးပြီး ဆုအနေနဲ့ယွမ်တစ်ရာရပါမယ်။ တာဝန်ကျရှုံးရင်လည်း ဒဏ်ကြေးတစ်ရာပါ]

 

အိပ်မှုန်စုံမွှားနှင့် ဝမ်ကျစ်ချူး အိပ်ရာပေါ် ထထိုင်လိုက်သည်နှင့် ထိုသတိပေးချက်ရောက်လာခြင်းဖြစ်သည်။

 

“အမယ်လေး။ ဟိုင်း! စကိုင်းကတ်”

 

[စနစ်: အင်း]

 

“ပြောစရာ တစ်ခြားစကားမရှိဘူးလား”

 

[စနစ်: အော်၊ မောနင်း]

 

ဝမ်ကျစ်ချူး အသက်ပြင်းပြင်းရှူရင်းမေးလိုက်သည်။ “ဘာလို့မနက်အစောကြီး တာဝန်ပေးရတာလဲ”

 

[စနစ်: အစီအစဉ်ဆိုတာက မနက်စောစောမှာ ဆွဲထားရတာလေ]

 

ဝမ်ကျစ်ချူး စောင်ကိုခွာရင်း အိပ်ရာပေါ်က ဖြည်းဖြည်းချင်းထကာ ရေချိုးပြီး ကျောင်းဝတ်စုံများဝတ်ကာ လွယ်အိတ်လွယ်လိုက်သည်။

 

မူလတိုက်ခန်းပိုင်ရှင်က လေးလွှာတွင်နေပြီး သူအောက်ထပ်ဆင်းလာချိန် အခန်းတစ်ခန်းရှေ့၌ အမှိုက်ထုတ်တစ်ထုတ်မှ ချဉ်စော်နံနေသည့်အနံ့များ လှိုင်ထွက်နေသည်ကို သတိထားမိလိုက်သည်။ ထိုတိုက်ခန်းတွင် အဖိုးအိုတစ်ယောက်နေသည်ကို သတိရမိသွားပြီး ထိုအမှိုက်ကိုလည်း လွန်ခဲ့သည့် နှစ်ရက်ကတည်းက တွေ့နေရသဖြင့် ဝမ်ကျစ်ချူး ထိုအမှိုက်ကိုဆွဲကာ အောက်ထပ်မှ အမှိုက်ပုံးထဲသို့ သွားပစ်လိုက်သည်။

 

ကျောင်းခန်းထဲရောက်ချိန် ကျောက်သင်ပုန်းညာဖက်ထောင့်၌ တရုတ်စာဘာသာရပ်ကိုယ်စားလှယ်ရေးထားသည့် စာတစ်ချို့ကိုမြင်လိုက်ရသည်။

 

“ကျောင်းကိုမနက်စောစောရောက်သည့် ကျောင်းသားများ ကျေးဇူးပြု၍ မနေ့ကပေးထားသည့် တရုတ်စာဉာဏ်စမ်းအဖြေလွှာများကို ဆရာ့စားပွဲတွင် တင်ပေးထားပါ”

 

“ဘိတ်ချီး၊ ဒုတိယဘိတ်ချီးရေ”

 

ခေါ်သံကြောင့် ဒုတိယဘိတ်ချီးလှည့်ကြည့်လာသည်။ “ဘာလို့လဲ ‌ဆယ့်ခြောက်”

 

“မင်း..မင်းအဖြေလွှာ သွားတင်လိုက်ပြီလား”

 

“တင်ပြီးပြီ”

 

အားနည်းနေဟန်ဖြင့်ပြန်ဖြေသဖြင့် မျက်ကွင်းညိုနေသည့်သူ့ကိုသေချာကြည့်ရင်း ဝမ်ကျစ်ချူးမေးလိုက်သည်။

 

“မင်း..မင်းဘာဖြစ်တာလဲ။ နေမကောင်းတဲ့ပုံကြီးနဲ့”

 

“မပြောချင်တော့ပါဘူးကွာ”

 

မနေ့ညက အမေဖြစ်သူက သူညနက်သည်အထိစာကြည့်သဖြင့် သစ်သီးနှင့်လက်ဖက်ရည်များပြင်ပေးနေသဖြင့် အတော်စိတ်ရှုပ်ခဲ့ရပြီး စာပြီး‌ဖို့အတော်ကြန့်ကြားခဲ့သည့်အကြောင်း သေချာရှင်းပြနေသည်။

 

တစ်ဖက်သူ အတော်ပင်ပန်းနေဟန်ပေါက်သဖြင့် ဝမ်ကျစ်ချူး ထပ်မမေးတော့ပဲ အိပ်စေလိုက်ပြီး သူ့ခုံ သူပြန်လာထိုင်ကာ ယနေ့တာဝန်အတွက်မည်သို့လုပ်ရမည်ကို အကြုံထုတ်နေသည်။

 

ဇာတ်လိုက်၏ ပစ္စည်းများကိုဖျက်ဆီးနိုင်သည်ပဲထားဦး။ ဟိုကလုပ်လိုက်ရင် သူကနာဦးမည်။

 

[စနစ်: ကောင်လေး၊ မင်းဖျက်တာကို ဇာတ်လိုက်မသိအောင်လုပ်လို့လည်း ရတယ်လေ]

 

“ဒါပေမဲ့ ဘေးကလူတွေက မျက်ကန်းတွေမှမဟုတ်တာ”

 

နတ်သူငယ်လေး ကိုယ့်ပြဿနာကိုယ်ရှင်းဟုသာ ဝမ်ကျစ်ချူးကိုလွှတ်ထားလိုက်လေသည်။

 

နေ့လယ်စာစားပြီးသည့်တိုင် ချင်ကျားရှုပစ္စည်းများကို မည်သို့ဖျက်ဆီးရမလဲမသိပဲ ဝမ်ကျစ်ချူး အကြံအိုက်လျက်ရှိသည်။

 

 

အဆောင်သို့သွားရာလမ်းတွင် ဘက်စကတ်ဘောကွင်းနားဖြတ်လျှောက်မိသွားချိန် ဘက်စကတ်ဘောဝတ်စုံနှင့် သစ်ပင်ရိပ်‌အောက်က ခုံတန်းတွင်ထိုင်နေသည့် ချင်ကျားရှုကို တွေ့လိုက်ရသည်။

 

အကြောစိမ်းများပေါ်နေသည့် လက်ဖြူဖြူတို့က အခုလေးတင်‌ရေခဲသတ္တာထဲမှ ထုတ်လာဟန်ရသည့် အားဖြည့်ချိုရည်ဘူးကို ကိုင်ထားသည်။ ထိုလက်ကအတော်ကြီးသဖြင့် ဘူးတစ်ခုလုံး ထိုလက်ကြားထဲ မြင်ပင်မမြင်ရတော့။

 

မော့ပြီးသောက်လိုက်ချိန် ပေါ်လာသည့်မေးရိုးများက ပြောင်လက်ချောမွေ့နေပြီး တက်လိုက်ကျလိုက် ဖြစ်သွားသည့် လည်ဇလုတ်ကလည်း ထင်းထင်းကြီး။ ခြေပစ်လက်ပစ်ထိုင်နေသော်လည်း မျက်လုံးတို့က အားကစားကွင်းထဲကို သာကြည့်နေသည်။

 

 

အားကစားခန်းမထဲ အဝတ်လဲခန်းရှိသည်ကို သတိရစွားပြီး ဝမ်ကျစ်ချူး အကြံရသွားသည်။

 

ချင်ကျားရှူ ယခုအားကစားဝတ်စုံကိုဝတ်ထားလျှင် ကျောင်းဝတ်စုံက အဝတ်လဲခန်းကဗီဒိုထဲတွင် ရှိနေပေလိမ့်မည်။

 

ယခုက နေ့လယ်ထမင်းစားချိန်ဖြစ်သဖြင့် လူတော်တော်များများ ကျောင်းပြင်ထွက်သူကထွက်၊ နားနေဆောင်သွားသူကသွားနှင့် ကစားသူအနည်းငယ်နှင့် လမ်းလျှောက်သူ အနည်းငယ်သာရှိသည်။

 

အဝတ်လဲခန်းထဲ လူရှိပင်မရှိလောက်သဖြင့် လှုပ်ရှားဖို့ အဆင်အပြေဆုံးအချိန်ပင်ဖြစ်သည်။

 

ထိုအတွေးကြောင့် ဝမ်ကျစ်ချူး မှုခင်းအတွက် လိုအပ်သည့်ပစ္စည်းများ‌ ဝယ်ရန်စူပါမားကတ်ဆီ အမြန်သွားလိုက်သည်။

 

ဝမ်ကျစ်ချူးလက်ထဲ ကိုင်လာသည့်ပစ္စည်းကိုကြည့်ရင်း နတ်သူငယ်လေး ကျွတ်တစုပ်စုပ်ဖြင့်ပြောလိုက်သည်။ [စနစ်: မင်းကဒါကိုများ မှုခင်းဆိုပြီး ကြီးကြီးကျယ်ကျယ်တင်စားသေးတယ်]

 

“တော်စမ်း” ဝမ်ကျစ်ချူး လက်ထဲက ပစ္စည်းကို အိတ်ကပ်ထဲထိုးထည့်လိုက်သည်။

 

ထို့နောက် လူရိပ်လူကဲကြည့်ရင်း အဝတ်လဲခန်းသို့ခြေလှမ်းအချ အဝတ်လဲခန်းမှ တစ်စုံတစ်ယောက်၏ အထိတ်တလန့်ဆဲသံကို ကြားလိုက်ရသည်။

“ဖာခ့်”

 

ဝမ်ကျစ်ချူး ထိုတစ်စုံတစ်ယောက်ကို အလိုအလျောက် ရှာဖွေတွေ့ရှိသွားသည်။ ထို‌တစ်စုံတစ်ယောက်သည် ရုပ်ချောသည့် ကျောင်းသားတစ်ယောက်ဖြစ်ပြီး အဝတ်ဗီဒိုတစ်ခုရှေ့ရပ်ကာ တစ်ဖက်လက်က ကျောင်းဝတ်စုံတစ်ခုကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ကတ်ကြေးတစ်ခုကိုင်ထားလေသည်။

 

ထိုအဝတ်ဗီဒိုရှေ့က နာမည်ကတ်ထဲကနာမည်မှာ ချင်ကျားရှုဖြစ်လေသည်

……

 

“ညီအစ်ကိုချင်၊ ချဦးမလား ? ငါမင်းနဲ့လူစားလဲမလို့”

 

 

ချင်ကျားရှု လက်ခါပြလိုက်ပြီး သစ်ပင်သစ်ရိပ်များကိုတစ်ချက်ဆက်ကြည့်ကာ သူ့ဘေးက ရေဘူးကို ကောက်ယူရင်း ထရပ်လိုက်သည်။

 

“သွားတော့မယ်”

 

“မ‌ဆော့တော့တာလား”

 

“တစ်ခြားလုပ်စရာရှိသေးလို့”

 

ပြောရင်းထွက်သွားလေသည်။

 

တစ်ဖက်တွင်လည်း သူ့ရှေ့ ကပ်ကြေးကိုင်ကာ အတောင့်လိုက်ရပ်နေဆဲထိုသူ့ကို ဝမ်ကျစ်ချူးကလည်း မလှုပ်မယှက်ဖြင့်ကြည့်နေမိလေသည်။

သို့သော် ထင်မှတ်မထားစွာပဲ ထိုသူက စိတ်သက်သာရာရသွားဟန်ဖြင့်သက်မချရင်း ဝမ်ကျစ်ချူးကိုပြော၏။

 

“မင်းကို၊ မင်းကတော့ငါ့ကို လန့်သေအောင်လုပ်နေတာပဲ”

 

ဘာလို့ငါ့ကျမလန့်တာလဲ!!

 

[စနစ်: ကြည့်ရတာ အလိုတူအလိုပါကိုမြင်လိုက်ရလို့နေမှာပေါ့]

 

“ငါ..ငါတို့ တစ်ယောက်ကိုတစ်ယောက် သိကြလို့လား”

 

သူ့အမေးကို ထိုအတန်းဖော်ကပြန်ဖြေသည်။ “မသိပါဘူး”

 

ထိုစကားကြားမှ ဝမ်ကျစ်ချူး စိတ်ပူပန်မှုအနည်းငယ်လျော့သွားသည်။

 

“ဒါပေမဲ့ ကျောင်းမှာ မင်းကိုမသိတဲ့သူရှိသေးလို့လား”

 

အမ်!!

ထိုသူကတော့ အကြောက်အလန့်မရှိတော့ဟန်ဖြင့် ထပ်ပြောလာသည်။ “မင်းကွာ၊ ငါ့ကိုလန့်သေအောင်လုပ်နေတာပဲ။ ငါက ဘယ်သူများလဲလို့”

 

ဝမ်ကျစ်ချူး ထိုသူ့လက်ထဲက ကတ်ကြေးကိုကြည့်ကာ တံတွေးမြိုချလိုက်သည်။ “မင်း..မင်းဘာလုပ်နေတာလဲ”

 

“ကျောင်းဝတ်စုံကိုညှပ်နေတာလေ”

 

“ဒါ…ဒါပေမဲ့ ဒါက ချင်ကျားရှုဟာလေ၊ ဘာလို့ သူ့ဝတ်စုံကိုဖြဲနေရတာလဲ”

 

“အဲ့ကြောင်သူတော်ကြွက်သူခိုးကောင်ကိုကြည့်မရတာကြာပြီ။ ဘာလို့ကောင်မလေးတွေ သူ့ကိုကြိုက်ကြတာလဲမသိဘူး”

 

မနေ့က အငြင်းခံလိုက်ရသည့်ကောင်မလေးက သူ[မ] ချင်ကျားရှုကိုသာကြိုက်ကြောင်း ပြတ်ပြတ်သားသား ပြောလာသည့်အခါ သူချင်ကျားရှုကို ရိုးတွင်းခြင်ဆီထဲကပါ မုန်းသွားသည်။

 

အဲ့ကောင်မှာ ဘာကြိုက်စရာများရှိနေလို့လဲ။

အဲ့ကောင်က ဘယ်နေရာမှာ ငါ့ထက်သာနေလို့လဲ။

ထိုအမေးကို‌တော့ သူ[မ] ပြန်ဖြေသွားပါသည်။ “ ရှင်နဲ့အဆပေါင်းများစွာကွာတာကို လာမနှိုင်းပါနဲ့” ဟူ၏။

 

ထိုကောင်ကချမ်းသာပြီး ရုပ်ချောသည်။ ထို့ကြောင့်သာကောင်မလေးများများက မက်မောကြသည်။ ထိုကောင်မလေးကလည်း ထိုနည်းလည်းကောင်းပင်။ ချင်ကျားရှု၏ ရုပ်ချောမှုနှင့် ပိုက်ဆံထောမှုကိုကြိုက်ခြင်းဖြစ်သည်။ သူ[မ] ဝန်တော့ဝန်မခံသွားပါ။  သို့သော်လေသံက အသိသာကြီးဖြစ်သဖြင့် မှန်းကြည့်စရာပင်မလို။

 

ထို့ကြောင့် ယနေ့ လက်စားချေရန် ထိုသို့လုပ်ခြင်းဖြစ်သည်။

 

သူဝမ်ကျစ်ချူးကိုလည်း မကြိုက်ချေ။ သို့သော် ရန်သူ၏ရန်သူကမိတ်ဆွေဖြစ်သဖြင့် ထိုကိစ္စအား ချင်ကျားရှုဆီ စကားပြန်မဖွလောက်ဟု မှန်းမိသည်။

 

ထို့နောက် တစ်ခုခုကို တွေးမိပြီး ဝမ်ကျစ်ချူးကို မေးလိုက်သည်။ “မင်းဒီကို ဘာလာလုပ်တာလဲ”

 

“ဒီ..ဒီအတိုင်း ဖြတ်လာမိတာ”

 

“ဟက်” တစ်ဖက်သူ သူ့အဖြေကိုဟက်ဟက်ပက်ပက်ရယ်ရင်း ခေါင်းတခါခါဖြင့် ဝတ်စုံကို ဆက်ညှပ်နေလေသည်။

 

ဝမ်ကျစ်ချူး မျက်မှောင်ကြုတ်သွားပြီး ဝတ်စုံကိုလှမ်းဆွဲလိုက်သဖြင့် ထိုကျောင်းသား သူ့လက်ကို သူညှပ်မိမတတ် ဖြစ်သွားလေဟည်။ “ သေစမ်း! မင်းဘာလုပ်တာလဲ”

 

ဝမ်ကျစ်ချူး ထိုဝတ်စုံကို တင်းတင်းကိုင်ကာ တစ်ဖက်သူလက်ထဲက ကတ်ကြေးကို ကြည့်ရင်း အတန်ကြာ နှုတ်ခမ်းများတုန်ရီနေရင်း အသံမထွက်လာသဖြင့် တစ်ဖက်သူ စိတ်မရှည်စွာထပ်မေးသည်။

 

“မင်းဘာလုပ်နေတာလဲ”

 

တစ်ဖက်သူ ကိုင်ထားသည့်ကတ်ကြေးက အတော်ထက်သဖြင့် ကလန်ကဆန် စကားမပြောရဲ။ “ငါ..ငါလည်းညှပ်ချင်လို့”

 

တစ်ဖက်သူ သူ့အဖြေကြောင့် ထပ်ရယ်သွားသည်။ “ကောင်းတယ်။ အ‌တူလုပ်ကြတာပေါ့”

 

ပြောရင်း ဝတ်စံကို ပြန်လှမ်းယူမည်အလုပ် ဝမ်ကျစ်ချူး ကိုင်ထားရာမှ နောက်သို့ဖွက်လိုက်သဖြင့် ထိုအတန်းဖော် မျက်မှောင်ကြုတ်သွားပြန်သည်။

 

ဝမ်ကျစ်ချူး တုန်ရီနေသည့် နှုတ်ခမ်းထဲမှ စကားတို့ အထစ်ထစ်အငေါ့ငေါ့ ထပ်ထွက်သွားလေသည်။ “ချင်…ချင်ကျားရှုရဲ့အဝတ်‌…အဝတ်တွေကို ငါတစ်ယောက်တည်းပဲ ဖျက်ဆီးမယ်”