စကားပြောပြီး အတန်ကြာသည့်တိုင် တစ်ဖက်သူ၏တုံ့ပြန်မှုကို မရသဖြင့် ဝမ်ကျစ်ချူး သူ့အမွေးစုတ်ဖွာဖွာ ခေါင်းကိုမော့ရင်း တိတ်တဆိတ်ကြည့်လိုက်သည်။
ချင်ကျားရှုမှာ သူ့ကို ရပ်ကြည့်နေပြီး မျက်လုံးထဲ အတော်ပျင်းစရာကောင်းသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ထားတတ်သည့် သူ့မျက်ဝန်းတွေထဲ ယခုတစ်ခါတွင်တော့ အနည်းငယ် ထူးခြားနေသည်။
ဝမ်ကျစ်ချူး သူ့မျက်ဝန်းအကြည့်အား အဓိပ္ပာယ်ဖော်လိုက်သည်။ “သူ ငါပြောတာကို စဉ်းစားနေတာလား”
[စနစ်: သူက သင်စိတ်ရောဂါဖြစ်နေတာလို့ တွေးနေတာလေ]
ထိုမျက်ဝန်းထဲ ဂရုဏာနှင့် နားမလည်နိုင်သည့် ခံစားချက်များရောယှက်နေပြီး သူနှင့်အပြိုင်ငြင်းဖို့လည်း စိတ်မပါပုံပင်။
ဝမ်ကျစ်ချူး ထုံထုံအအ ရပ်နေရင်း အဆီအငေါ် မတည့်သည့်စကားကို ဆုံးအောင်ပြောလိုက်သည်။ “မင်း…မင်းမဝယ်တာပိုကောင်းမယ်”
ချင်ကျားရှု ဝမ်ကျစ်ချူးလက်ထဲမှ ရေဘူးကိုလှမ်းယူလိုက်သည်။ ချင်ကျားရှု၏ လက်ထိပ်ပူပူတို့က ဝမ်ကျစ်ချူးလက်ဝါးကို ထိမိသွားချိန် ဝမ်ကျစ်ချူး တုန်ခနဲဖြစ်သွားပြီး ရေဘူးကိုချက်ချင်းလွှတ်ပေးလိုက်သည်။
ချင်ကျားရှု ရေဘူးကိုကိုင်လျှက် သူ့အားသနားဟန်နှင့် အတူ ပျင်းပျင်းရိရိ ကြည့်လိုက်ပြီး ကြည်လင်ပြတ်သားသည့်အသံနှင့် စကားတစ်ချို့ ထွက်လာ၏။ “ရေသန့်ကို တွင်းထွက်ရေနဲ့ရော ထားတော့ ဘာဖြစ်သွားလဲ?”
[စနစ်: ကောင်လေး၊ သူဒီရေဘူးကို လိုချင်နေတုန်းပဲ]
“သူ့ကို စာနာသနားရမယ်လေ”
[စနစ်: ဘယ်လိုမျိုးလဲ]
ဝမ်ကျစ်ချူး တက်တက်ကြွကြွ ဖော်ညွှန်းပြလိုက်သည်။ “ ‘ပြန်မပြော နားမထောင်’ တာနဲ့လေ”
ဒီစကားက တစ်ဖက်သူကို အရူးလို့ သွယ်ဝိုက်ပြောတဲ့နေရာမှာ သုံးရောသုံးလို့လား!!
ထို့သို့ပြောအပြီး ရေဘူးကိုင်ကာ လှည့်ထွက်ရန် ပြင်နေသည့် ချင်ကျားရှု၏အကျီစကို လှမ်းဆွဲလိုက်၏။ တစ်ယာက်ကိုတစ်ယောက် မုန်းနေသည့်တိုင် ဘေးတွင် လူအများရှိနေသဖြင့် ဒေါသထွက်၍လည်းမရသည်နှင့် ချင်ကျားရှု မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။
“ဘာပြောစရာ ကျန်သေးလို့လဲ”
ဝမ်ကျစ်ချူး သူ့ကို မိုးရေထဲ ထီးဆောင်းခဲ့ပေးဖူးသည့် ဂုဏ်ကျေးဇူးကို ထောက်ထားသောအားဖြင့် ပိုက်ဆံ ရိုက်စားခံရခြင်းမှ ကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။
တစ်ဖက်သူမျက်လုံးများထဲ အထိတ်တလန့်ဖြစ်သွားဟန်ပေါ်သဖြင့် ဆွဲထားသည့် အကျီစကို လွှတ်ပေးရင်း ရှင်းပြလိုက်သည်။ သို့သော်ြငားထွက်လာသည့်စကားတို့က လျှာနှင့်အတော်ခလုတ်တိုက်နေပုံပင်။ “မင်း..မင်းအဲ့ဒါကိုဝယ်တာ…မတန်ဘူး”
ပြောရင်း စင်ဖက်ကိုလက်ညိုးထိုးပြလိုက်သည်။ “ရေသန့်ဘူးသေးတောင် ငါးရာမီလီလီတာပဲပါတာကို နှစ်ယွမ်တဲ့။ အကြီးက တစ်ထောင့်သုံးရာမီလီလီတာကို ခြောက်ယွမ်တောင်တဲ့”
ချင်ကျားရှု၏ မျက်ဝန်းနက်များ လုံးဝမဲမှောင်ကုန်လေပြီ။ ပြောစရာစကားလည်းပျောက်ရှလျက်။
ဝမ်ကျစ်ချူး ရင်တုန်တုန်နှင့်ပင် တစ်ဖက်သူကို လှောင်ဖို့ ရည်ရွယ်ချက်မရှိစွာပဲ ထပ်တားရန်ကြိုးပမ်းလိုက်၏။ “မင်း…မင်းမဝယ်တာ..”
“ဝမ်ကျစ်ချူး!!”
သူ့နာမည်အပြည့်အစုံကို ထိုသူ့ဆီမှ ပထမဆုံးအခေါ်ခံလိုက်ရသဖြင့် ဝမ်ကျစ်ချူး မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်လိုက်သည်။ “ဟမ်?”
“မင်းပြောတဲ့ဈေးတွေက သူ့ဘေးက ကော်ဖီအေးဈေးနှုန်းတွေဟ”
ဒီတစ်ခါတော့ ဝမ်ကျစ်ချူးရော နတ်သူငယ်လေးပါ ခွန့်တုံ့ပြန်စရာစကားမရှိတော့ပဲ သူသေချာပြန်စစ်ကြည့်ချိန် ဈေးနှုန်းဘေးတွင် ကော်ဖီအေးဟု မှင်နက်ကြီးဖြင့်ရေးထားမှန်း သတိပြုမိသွားလေသည်။
ရေသန့်ဘူးကြီးမှာ လေးယွမ်သာဖြစ်လေသည်။
ချင်ကျားရှုမှာတော့ စိတ်ပျက်လက်ပျက် ရှင်းပြအပြီး ချာကနဲ လှည့်ထွက်သွားလေတော့သတည်း။
ဈေးနှုန်းကဒ်ပြားကို စိုက်ကြည့်နေသည့် ဝမ်ကျစ်ချူးမှာတော့ အတော်ကြာသည်အထိ စိတ်နှင့်လူပြန်မကပ်သေး။
“နတ်သူငယ်လေး....အဲ့တာတကယ်ကြီးလား”
[စနစ်: နတ်သူငယ်လေးမဟုတ်ဘူး။ စကိုင်းကတ်လေ”
“ဟိုင်း၊ စကိုင်းကတ်”
[စနစ်: အဲ့ဒါအမှန်ပဲ]
လေထုတစ်ခုလုံး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားလေသည်။
[စနစ်: သူ့ကို စာနာသနားနေဖို့ လိုသေးလား]
“ငါတို့ကိုယ် ငါတို့ပဲ သနားလိုက် ကြရအောင်”
လူတွေကို တွတ်တတ်ချက်တတ်ဖို့ မသင်ကြားလိုက်နိုင်သော်လည်း မထင်မှတ်ထားစွာပဲ ဗီလိန်တာဝန်ကို ပြီးမြောက်စေသဖြင့် အချစ်ဦးဖြစ်သည့် ပိုက်ဆံများကို ထပ်မံရရှိလိုက်သည်။
ချင်ကျားရှု ရေသန့်ဘူးဖိုး ရှင်းနေချိန် သူ့အဖော်သူ့ဘေးနားပြန်ရောင်လာသည်။ “အစ်ကိုချင်၊ ဘာလို့ ဒါလေးယူတာ ဒီလောက်ကြာနေရတာလဲ”
“လူတန်းရှည်ကြီးကို စောင့်နေရလို့”
“အော်၊ လာ အမြန်ပြန်သွားရအောင်။ ညနေပိုင်း ကိုယ်ပိုင်စာကျက်ချိန် ရောက်တော့မယ်”
ချင်ကျားရှု စကားဆက်မပြောပဲ စာသင်ဆောင်များဖက်သို့ ရေဘူးကိုင်ရင်း လျှောက်သွားလိုက်သည်။ စိတ်ထဲတွင်တော့ တမင်သက်သက်များလား၊ သို့မဟုတ် တိုင်ဆိုင်မှုဖြစ်လေမလား စဉ်းစားမရဖြစ်နေသည်။ ယခုတလော သူ ဝမ်ကျစ်ချူးနှင့်ဆုံနေသည်မှာ တစ်ခါနှစ်ခါ မကတော့ပေ။
ယခင်က ဝမ်ကျစ်ချူးက ပြဿနာ အတော်ရှာတတ်သူဖြစ်သော်လည်း….
ထိုအတွေးတွင် ခဏရပ်လိုက်ရင်း လက်ထဲကရေသန့်ဘူးကို ငုံ့ကြည့်လိုက်သည်။ ဒီလိုပြဿနာအိုးမျိုးကို ရှားရှားပါးပါး တွေ့ရသည်ကလည်း သိပ်အဆိုးကြီးတော့ မဟုတ်ဟု စိတ်ထဲ မတော်တဆ အတွေး ဝင်သွားရပြန်သည်။
ဝမ်ကျစ်ချူးလည်း ရေသန့်ဝယ်အပြီး အတန်းထဲသို့ ပြန်လာခဲ့၏။ ညနေခင်း ကိုယ်ပိုင် စာကြည့်ချိန်ရောက်ရန် ဆယ်မိနစ်ခန့်လိုနေသေး၏။ မွန်းလွှဲပိုင်း အင်္ဂလိပ်စာဆရာနှင့် ဆွေးနွေးခန်းဖွင့်ခဲ့ရသည်ကို ပြန်စဉ်းစားမိသဖြင့် ယနေ့ညနေတွင် အင်္ဂလိပ်စာကို အဓိကလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် တရုတ်စာ အိမ်စာတချိူ့လည်း ကျန်နေသေးသဖြင့် အချိန်ကို နှစ်ပိုင်းခွဲလုပ်ရန် ဆုံးဖြတ် လိုက်တော့သည်။
စာကြည့်ချိန်အတွင်း ရှစ်နာရီထိုးခါနီးတွင် ဒုတိယဘိတ်ချီးက သူ့ဆီကစာရွက်လာလုပြန်သည်။ “ဟေး၊ မင်းကိုကြည့်နေတာ တစ်ညနေခင်းလုံး စာချည်းကုန်းလုပ်နေတာ မပင်ပန်းဘူးလား”
ဝမ်ကျစ်ချူး ခေါင်းခါပြလိုက်သည်။
“လေ့လာနေတာ ရပ်လိုက်။ ဂိမ်းကစားဖို့ခေါ်သွားမယ်။ မင်းက ကစားသမားအသစ်ဆိုတော့ ရွှေပြားနှစ်ဆရမှာ”
“ရတယ်။ မလိုဘူး”
“ဘာလို့လဲ”
“စာအုပ်မှာကိုက သူ့ရွှေရောင်နဲ့ သူပါပြီးသား”
“မင်း ဒီမှာပဲရေးနေတာ မပျင်းဘူးလား”
“မင်းရော စာအတူလုပ်ချင်လား”
ထိုသူငြင်းရန်ပါးစပ်အဟ ဝမ်ကျစ်ချူး ဦးအောင်ပြောလိုက်သည်။ “တရုတ်စာက မနက်ဖြန်မနက် ထပ်ရမှာ။ မင်းကူးချိန်မရပဲနေမယ်”
ဒုတိယဘိတ်ချီးမှာလည်း နောက်ဆုံး စာအုပ်ထုတ်ကာ စာလုပ်ရန် ဦးတည်လိုက် ရတော့သည်။
ဝမ်ကျစ်ချူး စေတနာဖြင့် သတိပေးလိုက်သည်။ “မင်းမှာ ရှေးဟောင်းကဗျာတွေကို ကွက်လပ်မဖြည့်တတ်ရင် ဒီစာအုပ်ကို လှန်လိုက်။ အဖြေအကုန်ရှိတယ်”
တစ်ဖက်သူက လက်ဝေ့ရမ်းပြရင်း သူသိကြောင်းအချက်ပြသည်။
နတ်သူငယ်လေး ဝမ်ကျစ်ချူး စားပွဲကို ကြည့်ရင်း စားပွဲပေါ်ပြန့်ကျဲနေသည့် အင်္ဂလိပ်စာစာရွက်များနှင့် တရုတ်စာများကြောင့် မနေနိုင်မထိုင်တိုင်မေးလိုက်သည်။
[စနစ်: ဒီလိုမျိုး အရူးတစ်ယောက်လို လေ့လာနေလို့ ရပါ့မလား”]
“ဟင့်အင်း။ ဒီဘာသာစကားနှစ်ခုက မတူဘူး”
နတ်သူငယ်လေး တိတ်တဆိတ်နေပြီးမှ ရုတ်တရက်ထပြောသည်။ [ခက်ခဲလိုက်တာ]
ဝမ်ကျစ်ချူး သူ့ဟာသူရေရွတ်နေ၏။ “makeရဲ့ နောက်မှာ to မထည့်ရဘူး”
[စနစ်: စာကြောင်းတွေကို ဘယ်လို ဆက်ရမလဲ မသိဘူး]
ဝမ်ကျစ်ချူး တရုတ်စာတစ်ခုကို ကောက်လှန်ရင်း သူ့ဟာသူ တီးတိုးရေရွတ်နေပြန်၏။ “ဒီဟာဖတ်နေတာကြာပြီ။ ဘာကိုဆိုလိုမှန်းမသိဘူး”
[စနစ်: အို ဒါပေါ့ ဒါပေါ့ ဒါပေါ့၊ ဖြစ်တတ်ပါတယ်]
ဝမ်ကျစ်ချူး စာတစ်ချို့ရေးနေရင်း ပြောလိုက်သည်။ “နတ်သူငယ်လေး၊ မင်းတို့စနစ်တွေအားလုံးက Host တွေကို ဒီလိုပဲ အခွက်ပြောင်ပြတတ်ကြတာလား”
[စနစ်: ကောင်လေး၊ ဘာကိုဆိုလိုချင်တာလဲ]
“စနစ်တွေက မြှောက်ပေးတဲ့နေရာ တကယ်တော်တာတဲ့”
[စနစ်: ဘယ်သူ မင်းကို ပြောပြခဲ့တာလဲ]
“စာအုပ်ထဲမှာလေ၊ မဟုတ်လို့လား အဲ့စကားက”
[စနစ်: နောက်တစ်ခါ အဲ့လိုအရေးမပါတဲ့စာအုပ်တွေ မဖတ်နဲ့]
“အော်၊ သိပြီ။ နတ်သူငယ်လေးကပဲ သီးသန့်ထူးခြားနေတာဖြစ်မယ်”
[စနစ်: ကောင်လေး၊ မင်းကို ချီးကျူးစရာတော့ မတွေ့ဘူး။ အပြင်မှာစကားကထစ်ပြီး အထဲမှာ သတ္တိက ကြောင်သေးတယ်]
သူ့ကို တည့်တည့်ကြီး ထပ်ဖဲ့သွားသည့် စနစ်ကြောင့် ဝမ်ကျစ်ချူး မျက်နှာပျက်သွားသည်။ “မဟုတ်…မဟုတ်ပါဘူး”
မဟုတ်ဘူးဆိုသည်ကိုပင် ငြင်းနေရင်းက စကားထစ်သွားသည့် ဝမ်ကျစ်ချူးပင်တည်း။
နတ်သူငယ်လေးမှာ လူသားအကြောင်း ရှာဖွေရေးစာအုပ်ကို ဖွင့်ရင်း ယုတ္တိကျကျ စကားဆိုလေသည်။ [ငါ့ Host က လက်စားက ချေတတ်သေး၊ အကြင်နာတရားကလည်း တစ်စက်မှမရှိ၊ အဲ့လိုလူသားမျိုး]
စကားပြန်မပက်နိုင်သဖြင့် ကလေးအထာတွေဖြင့် စကားပြန်ချုုပ်လိုက်သည်။ “နတ်သူငယ်လေး အမြှောက်စကားတွေမပြောလည်း သားသားက ကြိုက်ပါတယ်”
နတ်သူငယ်လေး ပြောစရာစကား ပျောက်သွားလေတော့သည်။
“ဒါနဲ့ စီရီကတော့ ပြောတတ်တယ်သိလား”
[စနစ် : ငါလည်းပြောတတ်ပါတယ်!!]
ဝမ်ကျစ်ချူး သဘောတကျ ရယ်လိုက်မိသည်။
အတန်းပြီးခါနီးတွင် ဝမ်ကျစ်ချူးလည်း ဉာဏ်စမ်းစာများ ပြီးသွားပြီဖြစ်သဖြင့် လွယ်အိတ်သိမ်းရန် ပြင်လိုက်သည်။ သို့သော် အိမ်ပြန်ရန် တက်ကြွနေသည့်အတန်းဆင်းချိန်အား အတန်းပိုင်ဆရာက နှောက်ယှက်သွားလေပြီ။
“ကလေးတို့အားလုံး လက်ထဲက ဘောပင်တွေချထားလိုက်။ ဆရာပြောစရာနည်းနည်းရှိတယ်”
ထို့သို့ပြောသည့်တိုင် ကျောင်းသားများ လှုပ်လှုပ်ရှားရှားလုပ်နေသဖြင့် အတန်းပိုင်ဆရာ မျက်မှောင်ကြုတ်သွားပြီး အသံမာမာဖြင့်ထပ်ပြောလိုက်သည်။ “မင်းတို့အားလုံး လွယ်အိတ်တွေချ၊ ဆရာပြောစရာရှိတယ်!”
ထိုအသံအပြီး ဆူညံနေသည့် တစ်တန်းလုံး ရေနှင့်ငြှိမ်းချခံလိုက်ရသည့် မီးပမာ ငြိမ်သက်သွားသည်။
“ပြီးတော့ ဆယ်မိနစ် နောက်ကျ ပြီးမှ ပြန်ရမယ်။ ငါစကားပြောမပြီးမချင်း ပေးမပြန်ဘူး။ ကြားလား”
ဖင်တကြွကြွဖြင့် ပြန်ရန်ပြင်နေသည့် ကလေးများကို ကြည့်ရင်း စားပွဲကိုပုတ်ကာ ထပ်လောင်းပြော၏။
ထိုစကားကြားသည်နှင့် မည်သူမှ တုတ်တုတ်မလှုပ်ကြတော့ချေ။ ထိုအခါမှ အတန်းပိုင်က ချောင်းတစ်ချက် ဟန့်ရင်း စကားစလိုက်သည်။
“မကြာသေးခင်ကပဲ အင်္ဂလိပ်စာစွမ်းရည် ပြည်နယ်နဲ့တိုင်းပြိုင်ပွဲ ရှိတာမလို့ စိတ်ဝင်စားတဲ့လူတွေ ဝင်ပြိုင်လို့ရတယ်။ ပြည်နယ်လိုက် ရွေးမှာမလို့ ကျောင်းပြိုင်ပွဲတွေ၊ မြို့အလိုက်ပြိုင်ပွဲတွေ နဲ့မတူဘူး။ ဒီပြိုင်ပွဲက နိုင်ရင် အထက်တန်းတတိယနှစ်အတွက် လိုချင်တဲ့နေရာရဖို့ ပိုလွယ်သွားလိမ့်မယ်၊ နားလည်ကြလား”
“နားလည်ပါတယ်ဆရာ”
“ဆရာတို့ကျောင်းမှာ လျှောက်လွှာတွေအများကြီး ရထားတာမလို့ ကျောင်းသားအများကြီး လျှောက်နိုင်တယ်။ ပြိုင်ပွဲမှာ ပါချင်ရင် ဆရာဆီစာရင်းလာသွင်းလို့ရတယ်။ နောက်ရက် ဝင်ခွင့်လျှောက်လွှာ တင်လို့ရပြီ။ ကျောင်းမှာ မင်းတို့ကို ပြိုင်ပွဲဆီ ဆရာတစ်ယောက်က ခေါ်သွားပေးလိမ့်မယ်”
ပြည့်စုံစွာ ရှင်းပြအပြီး ဆရာက လက်ခုပ်တစ်ချက်တီးလိုက်သည်။ “ကဲ စာရင်းသွင်းချင်တဲ့သူရှိရင် လက်ထောင်လိုက်။ ဆရာနာမည်ရေးပေးမယ်”
ဘာသံမှ မလာသဖြင့် ဆရာထပ်မေးလာသည်။ “ပြိုင်ပွဲဝင်ချင်တဲ့သူမရှိကြဘူးလား။ ဆုက ပြည်နယ်အဆင့်နော်”
[စနစ်: ကောင်လေး၊ စာရင်းသွင်းလိုက်လေ။ ထောက်ခံချက်ရတဲ့ ပြိုင်ပွဲလို့ ဆရာပြောတယ်မလား]
“ဘာထောက်ခံချက်ပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးထင်တယ်”
[စနစ်: ဘာလို့လဲ]
“ကံကြမ္မာက မျက်နှာသာပေးမဲ့ပုံမပေါ်ဘူး”
[စနစ်: ပါဝင်ယှဉ်ပြိုင်ခြင်းက အရာအားလုံးဖြစ်လာနိုင်တဲ့လမ်းစပဲ]
“ဒါက ပြည်နယ်အဆင့်ကြီးလေ”
[စနစ်: အဲ့ဒီတော့ဘာဖြစ်လဲ]
“ငါ့အင်္ဂလိပ်စာက ငါးဆယ့်ငါးမှတ်လေ”
နတ်သူငယ်လေး ပါးစပ်ပိတ်သွားချေပြီ။ ဝမ်ကျစ်ချူးလည်း တိတ်ဆိတ်ထိုင်နေရင်းမှ မွန်းလွှဲက အင်္ဂလိပ်စာအဖွဲ့ထဲ ချင်ကျားရှု စာရင်းသွင်းသည်ကိုပြန်သတိရသွားသည်။
သူ့စိတ်ထဲ ချင်ကျားရှုကို မုန်းသည်က တစ်ပိုင်းသက်သက်ပင်။ တစ်ဖက်သူ အပေါ် လေးစား အားကျစိတ်များကလည်း အပြည့်ပင်။ ချင်ကျားရှု ယခုပြိုင်ပွဲတွင် ပထမရလိမ့်မည်ဟုလည်း စိတ်လည်း တစ်ထစ်ချယုံကြည်နေပြန်သည်။
ချင်ကျားရှုတွင် မျက်နှာနှစ်ဖက်ရှိနေသည့်တိုင် သူ့အားထုတ်မှုကတော့ သံသယဖြစ်စရာမရှိပေ။ မိသားစုနောက်ခံက တောင့်တင်းသည့်တိုင် အရာအားလုံးကို မိသားစုနောက်ခံနှင့်မရှင်းပဲ ကိုယ်တိုင်ကိုယ်ကျသာ တာဝန်ယူလေ့ရှိသူဖြစ်သည်။
အတန်းပိုင်ဆရာ၏ တသွင်သွင်စည်းရုံးမှုများအောင် ကျောင်းသားအများစု စာရင်းသွင်းကြလေသည်။ ဆရာက ဆယ်မိနစ်ဆိုသည့်တိုင် ဆယ်မိနစ်ကိုအတော်ကျော်နေချေပြီ။
ဝမ်ကျစ်ချူး နာရီကိုကြည့်ရင်း ညဘက်ခြင်စာ မဖြစ်ချင်သဖြင့် ဆရာကပြန်လို့ရပြီဆိုသည်နှင့် လွယ်အိတ်အသင့်လွယ်ကာ မှတ်တိုင်ဆီ ခပ်သုတ်သုတ် ပြေးသွားလိုက်သည်။
ဝမ်ကျစ်ချူး အပြေးသွားပြီး ကျောင်းရှေ့ဂိတ်ကျော်သည်နှင့် သူ့မျက်စိရှေ့ဖြတ်သွားသည့် ဘက်စ်ကားလာနေပြီကို တွေ့လိုက်ရသဖြင့် ခြေကုန်သုတ် ပြေးလိုက်ရတော့သည်။
ကံကောင်းထောက်မစွာ ကားမီလေပြီး အကြွေစေ့တစ်စေ့ပစ်ထည့်ကာ ထိုင်ခုံတစ်နေရာတွင် ထိုင်ရင်း သူ့အိတ်ကပ်ကို ထိလိုက်ချိန် တစ်ခုခုလွဲနေသည်ကိုခံစားလိုက်ရသည်။
နှစ်၊ လေး၊ ခြောက်..ခုနစ်!
သူအမြန်ပြေးလာရသဖြင့် တစ်ယွမ်ပျောက်နေသည်။
ထို့ကြောင့် ဝမ်ကျစ်ချူး ထိတ်ထိတ်ပျာပျာဖြစ်သွားလေပြီ။ “ဟိုင်း၊ အတန်းဖော်ရှောင်အိုက်၊ ငါ တစ်ယွမ်ပျောက်သွားပြီ”
စနစ်ဆီက ဘာတုံ့ပြန်မှုမှမလာသဖြင့် ဝမ်ကျစ်ချူး မေးလိုက်သည်။ “ဘာလို့ဘာမှပြန်မပြောတာလဲ”
[စနစ်က တိတ်တဆိတ်ပြန်မေးလာသည်: ငါ့ကို ခေါ်နေတာလား]
ဝမ်ကျစ်ချူး သတိပြန်ကပ်လိုက်ရင်း သူ နတ်သူငယ်လေးကို နာမည်မှားခေါ်မှန်း သတိပြုလိုက်မိလေသည်။
[စနစ်: ရှောင်အိုက်ဆိုတာ ဘယ်သူလဲ]
ဝမ်ကျစ်ချူး နားပင်းသွားသလို ဟန်ဆောင်လိုက်သည်။
[စနစ်: ငါ့ကို တည့်တည့်ကြည့်ပြီး ဖြေစမ်း၊ ပေါက်စလေး]