Chapter 11
Viewers 350




Second-Hand Love Letter

Chapter 11 – သူတို့၏ပထမဆုံးသွယ်ဝှိုက်အနမ်းမှာကား ဆေးပြင်းလိပ်နံများ ပြည့်နှက်နေခဲ့ပါ၏။






သူပြောပြီးသည်နှင့် မီးနီမှာစိမ်းသွားလေသည်။



ပိတ်ဆို့နေသော ကားတန်းရှည်ကြီးလည်း ဆက်လက်ရှေ့သွားကြ၏။


လုရုံသည် သူဟာ မှားယွင်းပြောမိလိုက်ကြောင်းသိသည်။ သူ့မှာ အမောတကော အသက်ရှု၍ မြန်မြန် ပြန်ပြင်လိုက်ရသည်။


"အထင်မလွဲနဲ့နော်။ ငါက မင်းအပေါ်ပုံချနေတာမဟုတ်ဘူး။ ဒါ ငါ့ရဲ့ဆုံးဖြတ်ချက်ပါ ... "


"ငါပြောချင်တာက မင်းအရင်က ခွေးတစ်ကောင်မွေးဖူးတယ်မလား။ အခုမွေးလိုက်တာက အရင်ကမှတ်ဥာဏ်တွေကို ပြန်စွပေးသလိုဖြစ်မနေဘူးလား။"


"မဟုတ်ဘူး။ ငါက အခုချိန်ခွေးဖို့မသင့်တော်သေးဘူးထင်ရုံပါပဲ။ ငါ အခြားဘာမှရည်ရွယ်တာမဟုတ်ပါဘူး။"


သူ ပို၍ပြောလေလေ၊ စကားများမှာ ပို၍ကယောက်ကယက်ဖြစ်လာပြီး ပို၍ အမှားမှားအယွင်းယွင်းလုပ်မိတော့သည်။


ရှန်ဝမ့်ချိုး ပြောလိုက်၏။


"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းအိမ်မှာ နေဖို့ကအဆင်မပြေမှန်း ငါသိပါတယ်။ ပြောရရင် ခွေးတစ်ကောင်ကို မောင်းထုတ်ရတာလွယ်ပေမဲ့ လူတစ်ယောက်ကို ထွက်သွားဖို့ပြောရတာတော့ မလွယ်ဘူးလေ။"


လုရုံမှာ ပို၍စိတ်လှုပ်ရှားသွားရသည်။


"မင်းပြောသလို မဟုတ်ဘူး။"


"ဟုတ်ပါပြီ။ မင်းကအဲ့လိုပြောတာမဟုတ်ပါဘူး။"


ရှန်ဝမ့်ချိုးက အမှုမထားသလိုသာ ပြန်ဖြေလာသည်။


သူစိတ်ဆိုးသွားတာလား။ ဒါမှမဟုတ် သူ တကယ်ပဲ စိတ်ထဲမထားတာလား။ လုရုံတစ်ယောက် စိတ်အတွင်း၌ သက်ပြင်းချမိတော့သည်။ သူသည် ရှန်ဝမ့်ချိုး၏အရှေ့သိို့ ရောက်သွားသည့်အကြိမ်တိုင်း အမြဲတစေ မထိန်းချုပ်နိုင်စွာဖြင့် ကမောက်ကမဖြစ်သွားရမြဲ။


လုရုံသည် တစ်ခဏမျှ တွေးနေမိ၏။ သူသည် တဖြည်းဖြည်းနှင့် ကျဆင်းလာသော လေထုအခြေအနေကို ကယ်တင်ရန်အတွက် အကြောင်းအရာကိုသာ ပြောင်းရန်တွေးလိုက်၏။ ထို့နောက် သူ မေးလိုက်သည်။


"ငါမှတ်မိပါတယ်၊ မင်း အရင်က Samoyed တစ်ကောင်မွေးဖူးတယ်မလား။"


လုရုံမှတ်မိပေသည်။ ရှန်ဝမ့်ချိုး မွေးခဲ့သော ထို Samoyed ခွေးမှာ အလွန်လှပသည့်သွင်ပြင်ရှိကြောင်း၊ နူးညံ့ကာ ရှည်လျားသော အဖြူရောင်အမွှေးပွများကြီးနှင့် လှပစွာ ပျိုးထောင်ခံထားရကာ လိမ္မာသော အမလေးတစ်ကောင်ဖြစ်ကြောင်းဖြစ်ကြောင်း မှတ်မိပေသည်။



ထိုနှစ်အချိန်တုန်းက သူသည် ပိတ်ရက်တွင် ရှန်ဝမ့်ချိုးကို ထပ်တွေ့ချင်လာမိသည်။ သို့သော်ငြား သူ့မှာ ဖိတ်ကြားခြင်းမရှိပါပဲ မိမိဘာသာလည်း သွားမလည်ရဲခဲ့။ ထို့ကြောင့် သူဟာ အကြင်သူ၏အိမ်အနီးတဝှိုက်၌သာ လည်ပတ်နေခဲ့၏။ ထို့နောက် သိပ်၍မကြာ၊ သူ ရှန်ဝမ့်ချိုးနှင့် ဆုံခဲ့ရသည်။


ရှန်ဝမ့်ချိုးမှာ နေအလင်းထိုးဖောက်ခံထားရသော သစ်ပင်အရိပ်များအထဲမှ လမ်းလျှောက်လာ၏။ လက်တစ်ဖက်တွင် ခွေလည်ပတ်ကြိုးကို ကိုင်ဆွဲထားပြီး အခြားလက်တစ်ဖက်ဖြင့် ရေခဲချောင်းစားနေခဲ့သည်။ သူ သူ့ကိုမြင်သောအခါ အကြင်သူမှာ ခွေးကို ဆွဲ၍ သူ့ဆီကို လျှောက်လှမ်းလာခဲ့သည်။ 


"တာ့ရုံ၊ မင်း ငါနဲ့ကစားဖို့လာတာလား။"


လုရုံသည် သူဟာ ဤနေရာမှ ဖြတ်သွားရုံသာဟု လိမ်လိုက်ချင်မိသည်၊ သို့သော်ငြား သူဟာ မည်သို့ စကားပြောရမှန်းမသိပေရာ ခေါင်းသာညိတ်လျက် "အမ်း" ဟုသာ ခပ်ပြတ်ပြတ်ပြောမိ၏။




ရှန်ဝမ့်ချိုးက သူ့ကို ပြုံးပြလာ၏။ ထိုတစ်ခဏချင်းတွင် သူ့မှာ ထိုကြည်လင်ကာ လှပသော အပြုံးမျက်ဝန်းများကြောင့် တစ်ကိုယ်လုံးအရည်ပျော်သွားသလိို ခံစားလိုက်ရသည်။

 

ရှန်ဝမ့်ချိုးက နို့်ရေခဲချောင်းကို ရွံရှာခြင်းမရှိပါဘဲ စား၍ ဗလုံးဗထွေးပြောလာသည်။ 


"မင်းချွေးထွက်နေတာပဲ။ မင်း ရေခဲချောင်းစားချင်လား။ မင်း အပူသက်သာအောင် ငါ့ရေခဲချောင်းပေးမယ်လေ။"



လုရုံသည် ရေခဲချောင်း၏နူးညံသော မျက်နှာပြင်ထက်ရှိ သွားရာလေးကိုကြည့်လိုက်သည်၊ ထို့နောက် ရှန်ဝမ့်ချိုး၏စိုစွတ်နေသော နှုတ်ခမ်းသားဆီသို့ အကြည့်ပို့မိပြန်သည်။ သူ၏နှလုံးသားမှာ မြည်ဟီးသွားရပြီး ပါးစပ်မှာလည်း ခြောက်သွေ့လာရ၏။ ထို့အတူ မျက်နှာနှင့်နားများလည်း နီရဲလာတော့သည်။ သူ မနေနိုင်ဘဲတွေးမိနေသည်မှာ၊ အကယ်၍သာ သူ အခုနေ ရှန်ဝမ့်ချိုးကို နမ်းလိုက်ပါက ၎င်းမှာ နို့ရေခဲချောင်း အရသာ ရနေလိမ့်မည် မဟုတ်ပါလား။


ရှန်ဝမ့်ချိုးကလည်း လေထုအခြေအနေမှာ ထူးဆန်းလာကြောင်း ခံစားမိသည်ထင်၊ သူဟာ အနည်းငယ် မသက်မသာဖြစ်သွားပြီး ဆိုလာသည်။ 


"အဲ့ဒီလိုဆို *ညစ်ပတ်သွားမှာပေါ့ ... ငါ မင်းအတွက် အသစ်ဝယ်ပေးမယ်လေ။"


(သူ စားပြီးသားမို့လို့ ညစ်ပတ်မယ်ပြောတာပါနော်။ )



လုရုံ ပြောသည်။


"ငါ့ဘာသာဝယ်စားလိုက်မယ်။"


ရှန်ဝမ့်ချိုးလည်း ခေါင်းညိတ်၏။ 


"အဲ့ဒါဆိုရင် ငါ ဝယ်ဖို့နေရာကို ခေါ်သွားပေးမယ်လေ။"


လုရုံမေးလိုက်သည်။


"ဒါမင်းရဲ့ခွေးလား။"

 

"ဟုတ်တယ်။"


ရှန်ဝမ့်ချိုးက ရွှင်မြူးစွာဆိုလာသည်။ ခွေးလေးမှာလည်း ရှန်ဝမ့်ချိုးနံဘေးထိိုင်နေပြီး ၎င်းမှာ သူပြောတာနားလည်သကဲ့သို့ ခေါင်းလေးမြှောက်ကာ အသိအမှတ်ပြုသည့်ဟန်ပြလာ၏။


"ဝုတ်။"


"လိမ္မာတယ်။"


ရှန်ဝမ့်ချိုး ခွေး၏ခေါင်းကိုထိလိုက်သည်။ သူက ငုံ့ကိုင်း၍ ဆောင့်ကြောင့်ထိုင်ကာ ခွေးကိုပွတ်ပေးလိုက်သည်။ နှင်းကဲ့သို့စွတ်စွတ်ဖြူနေသော ခွေး၏ခေါင်းကို လက်မောင်းဖြင့်သိုင်းဖက်ပြီး ဆိုသည်။ 


"သူ(မ)က ရေခဲမှုန့်လေး လို့ခေါ်တယ်။ နှစ်နှစ်ပဲရှိသေးတဲ့ ခွေးအမလေးပဲ။ အရမ်းလှတယ်မလား။ မင်း ထိကြည့်ချင်လား။ ငါ သူ(မ)ကို ရေချိုးဖို့ခေါ်သွားတာ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကမှဆိုတော့ သူ(မ)ရဲ့အမွှေးတွေက နူးညံ့ပြီး မွှေးကြိုင်နေတာပဲ။ အရမ်းထိလို့ကောင်းတာ။"

 

ရှန်ဝမ့်ချိုးမှာ ရူးအအပုံစံဖြင့် ပြုံးဖြီးနေသော နှင်းဖြူရောင်Samoyed ခွေးကို ဖက်ထားပါ၏။ လုရုံ၏ခေါင်းမှာကား အကြင်သူ၏ချစ်ဖို့ကောင်းမှုကြောင့် အနည်းငယ်ပင် မူးဝေသွားရသည်။ သူ ရုတ်တရက် ခံစားလိုက်ရသည်မှာ ရှန်ဝမ့်ချိုးလည်း ရယ်မောသည့်အခါ ဤခွေးလေးကဲ့သို့ပင် ချစ်ဖွယ်ကောင်းတတ်ကြောင်း။ ထို့နောက် ချက်ချင်း တဖန် ပြန်တွေးလိုက်မိပါ၏။ မဟုတ်၊ ခွေးသည်မှာ ရှန်ဝမ့်ချိုး၏ချစ်ဖွယ်ကောင်းမှုကို မှီဖို့ရန် အဝေးကြီးလိုသေးသည်ပင်။



ရှန်ဝမ့်ချိုး: "ထိကြည့်လေ၊ မကြောက်ပါနဲ့။ သူ(မ)က အရမ်းလိမ္မာတာ၊ ဘယ်တုန်းကမှ မကိုက်ဖူးဘူး။"


ပြောနေရင်းနှင့်ပင် Samoyedခွေးဖြူမှာ သူ့ကိုကြည့်လာ၏။ ၎င်းမှာ ထပ်မံ၍သည်းမခံနိုင်တော့သည့်ပုံပါပေ၊ ၎င်း၏ပါးစပ်အနီးတွင် ရောက်နေသည့်ရေခဲမှုန့်ကို လှမ်းဆွဲစားတော့သည်။


သူတို့နှစ်ဦးလုံး ကြောင်အသွားရသည်။


ရှန်ဝမ့်ချိုးကတော့ ကျယ်လောင်စွာရယ်မောလာပါ၏။


 



လုရုံမှာ ကို့ရို့ကားယားနိုင်စွာပင် မည်သည့်ကိစ္စမှ ပြောရန်အကြောင်းရှာမတွေ့သည်ကို သိလိုက်ရသည်။ 


"ငါမှတ်တယ်တယ်၊ ခွေးအမလေးမလား။ ရေခဲမှုန့်လို့ခေါ်တာလေ။"


"အမ် .. မင်း သူ(မ)ကို အခြားပေးပစ်လိုက်ပြီလား။"



ရှန်ဝမ့်ချိုးက ရုတ်တရက် ပြောလာသည်။


"သူ(မ)ကသေသွားပြီ။"


"မိသားစုဒေဝါလီခံပြီးတဲ့နောက် ငါ သူ(မ)ကို မွေးဖို့ အခြားသူတွေဆီပေးလိုက်တာ။ အဲ့ပိုင်ရှင်ဆီက ငါကြားတာတော့ သူ(မ)က လွတ်ဖို့အခွင့်အရေးကိုရှာ၊ ထွက်ပြေးသွားပြီး ငါ့အိမ်ဟောင်နီးတဲ့လမ်းမပေါ်မှာပဲ ကားတိုက်ခံပြီး သေသွားခဲ့ရတယ်တဲ့။"


လုရုံ: "...ငါ တောင်းပန်ပါတယ်။"


ရှန်ဝမ့်ချိုးက အသံနိမ့်နိမ့်ဖြင့် ရယ်လိုက်သည်။


"မင်းက သူ(မ)ကို သတ်တဲ့သူမှမဟုတ်တာ။ ဘာလို့တောင်းပန်နေရတာလဲ။"


"ဟမ်?"


ရှန်ဝမ့်ချိုး ရုတ်တရက် မတ်မတ်ထိုင်လာပြီး ဆိုသည်။ 


"ငါတို့ရောက်ပြီလေ၊ မင်းဘာဖြစ်တာလဲ။ ကျော်တောင်ကျော်သွားပြီ။"

 

လုရုံမှာ ပြန်ဣန္ဒြေဆည်လိုက်ရပါ၏။


"ငါက ကားပါကင်ထိုးဖို့နေရာရှာနေတာပါ။"

 



သူတို့သည် သာမန်မျက်စိဖြင့်ကြည့်လျှင်တောင် ခွေးလေးမှာ အလွန်လျင်မြန်စွာပြန်ကောင်းလာကြောင်း မြင်နိုင်ပေ၏။ ၎င်းမှာ လုရုံလျှောက်လှမ်းလာသည်ကိုမြင်တော့၊ ချက်ချင်းထရပ်၍ အမြီးရမ်းကာ ပျော်ရွှင်စွာ မြည်သံပြုလာသည်။


"ဝုတ်၊ ဝုတ်။"


ရှန်ဝမ့်ချိုး ပြောလိုက်သည်။


"သူက မင်းကို သဘောကျတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။"


လုရုံမှာ ရှန်ဝမ့်ချိုး၏ပါးစပ်မှ "သဘောကျသည်" ဟူသော စကားလုံးကြောင့် သတိလက်လွတ်ဖြစ်သွားရသည်။ သူ၏နှလုံးခုန်သံများမှာလည်း ကမောက်ကမဖြစ်သွားရပြီး ထို့နောက်တွင်မှ ပြန်တည်ငြိမ်အောင် လုပ်လိုက်ရသည်။


"အာ ဟုတ်လား။"



Pekineseလေး၏ကိုယ်ပေါ်ရှိ ညစ်ပတ်နေသောအမွှေးများမှာ အစကတည်းက ညှပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ၎င်းမှာ အမွှေးအနည်းငယ်သာကျန်ရစ်ပြီး ၎င်း၏အရေပြားရောဂါမှာလည်း ပြောင်ပြောင်လင်းလင်း ပြသထားသလိုပင်ဖြစ်နေတော့သည်။ ၎င်းမှာ ရုပ်ဆိုးနေ၏၊ စပျစ်သီးကဲ့သို့သော မျက်လုံးနက်နက်ကလေး တစ်စုံသည်သာ အနည်းငယ်လှ၍ကျန်ခဲ့ပြီး အနှီမျက်ဝန်းများအထဲတွင်လည်း မနာကျန်းမှုကြောင့် မျက်ရည်စကလေးများ ကျန်ရှိနေလေသည်။

 

ရှန်ဝမ့်ချိုး ၎င်းကို ရယ်မောလိုက်သည်။


"အရမ်းရုပ်ဆိုးတာပဲ။ ဟားဟားဟား။"


Pekinese ငယ်လေးမှာ ဒေါသထွက်သွား၏။


"ဝုတ်။"


သူတို့နှစ်ဦးမှာ ယခင်အကြိမ်တုန်းက သွားခဲ့သည့် ပင်လယ်စာဆိုင်ကိုပဲ ထပ်မံသွားစားခဲ့ကြသည်။


ရှန်ဝမ့်ချိုးက ပုစွန်ထုတ်များကို အခွံခွာရင်း မတော်တဆ ဂဏန်းလက်သည်းများနှင့် ရှမိသွား၏။ လုရုံမှာ မျက်မှောင်ကြုတ်သွားရလျက် ပြောမိသည်။ 


"ငါ ခွာပေးမယ်။ မင်းက စားပဲစား။"



ဤအဖြစ်အပျက်မှာ တိုက်ဆိုင်လွန်းသွားသည်၊ သူတို့စားပွဲဝိုင်း၏ဘေးဝိုင်းတွင်လည်း ကောင်လေးမှာ ကောင်မလေးဖြစ်သူအတွက် ခွာပေးနေသည်မို့။


 

"မဟုတ်တာ မင်းဟာမင်းစား။"


ရှန်ဝမ့်ချိုးမှာ ခေါင်းမော့ကာ လုရုံကို အထိတ်တလန့်ကြည့်လာသည်။ လုရုံကလည်း အကြင်သူ့မျက်ဝန်းများထဲရှိ ငြင်းပယ်မှုအဓိပ္ပါယ်ကိုသိနေသည်မို့ လက်များကို တိတ်တဆိတ်သာရုတ်သိမ်းလိုက်ရ၏။


စားပြီးသည့်နောက် ရှန်ဝမ့်ချိုးက ပါးစပ်သုတ်ပြီး ဆိုသည်။ 


"မင်းပုံမှန်ဆိုရင် အရမ်းခြွေတာတတ်တာကို။ ဘာလို့ ငါ့အတွက် ပိုက်ဆံအရမ်းသုံးပေးနေရတာလဲ။"



လုရုံပြောလိုက်ပါ၏။


"ဒီလောက်ကတော့ တတ်နိုင်တာပဲလေ .. "


ရှန်ဝမ့်ချိုးက တစ်ရှုးကို ယူ၊ စားပွဲပေါ်ရှိ အမှိုက်အစများကို တစ်ရှုးဖြင့် သုတ်၍စားပြီးသားပန်းကန်ထဲသို့ ထည့်လိုက်သည်။ စားပွဲနေရာဟာ သန့်ရှင်းသွားကာမှ ရှန်ဝမ့်ချိုးက တစ်ရှုးကိုလည်း ပန်းကန်ထဲသို့ ထည့်ကာ ပြောသည်။


"သွားကြရအောင်။"


အနီးအနားတွင် မြစ်ငယ်လေးတစ်စင်းရှိ၏။ မြစ်ကမ်းပါးနှစ်ဘက်တွင်လည်း ခပ်ဖျော့ဖျော့ မီးတိုင်များရှိသည်။ သူတို့သည် မြစ်တစ်လျှောက် လမ်းလျှောက်ခဲ့ကြသည်။


ရှန်ဝမ့်ချိုး ပြောလိုက်၏။


"လုရုံ၊ အဲ့ဒီခွေးကို မွေးလိုက်ပါ။,


ကြည့်ရတာ ရှောင်ပါ့အာက အဲ့ခွေးကို ပရမ်းမကြိုက်တာမျိုး မဟုတ်ဘူးပဲ။ 


လုရုံပြောလိုက်သည်။

 

"ဒီကိစ္စကို နောက်မှပြောကြရအောင်။"


လုရုံ သတိကြီးကြီးနှင့် ဆိုလိုက်သည်။


"ငါတို့ သူ့ရောဂါက ကုလို့ရပါ့မလားမသိသေးဘူးလေ။"


ရှန်ဝမ့်ချိုး အိတ်ကပ်ထဲမှ စီးကရက်ဗူးနှင့် မီးခြစ်ကို ထုတ်လိုက်သည်။ သူ ကျွမ်းကျင်စွာနှင့် စီးကရက်တစ်လိပ်ကိုယူကာ ပါးစပ်ထဲတွင် ခဲထားလိုက်သည်။ ထို့နောက် သူ ၎င်းကို လုရုံအရှေ့တွင်ပင် မီးညှိလိုက်ပါ၏။


 

သူ စီးကရက်ကို တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် ပါးစပ်ကို အနည်းငယ်ဖွင့်၍ မှုတ်ထုတ်လိုက်ရာ မီးခိုးနှင့်အဖြူရောင်ရောစပ်နေသောအငွေ့များဟာ ထွက်လာပြီး သူတို့နှစ်ဦးအကြား မြူနှင်းလွှာ ကလန့်ကာခြားလိုက်သည့်အတိုင်း။ ရှန်ဝမ့်ချိုးသည် သူ၏ထူထဲကာ ရှည်လျားသော မျက်တောင်များကို ချထားရာမှ ပင့်တင့်လိုက်သည့်ပုံပါပေ။ သူ၏ပါးပြင်မှာ ဆယ်ကျော်သက်ဘဝတုန်းကကဲ့သို့ ပြည့်မို့ကာ တောက်ပနေခြင်းမရှိတော့။ သူသည်ကား ပိန်ပါးကာ မျက်တွင်းများလည်း ကျနေရှာသည်။ မျက်ဝန်းတစ်စုံကတော့ မှိန်ဖျော့ကာ အုံ့မှိုင်းနေ၏၊ ယင်းတို့မှာ inorganic ကျောက်မျက် ရတနာတစ်မျိုးအလား။ သူ၏ကျောပြင်နှင့်လည်ပင်းကလည်း ညွတ်ကိုင်းနေလျက် လွယ်စွာ ကျိုးကြေလွယ်မည့်ပုံပေါ်နေခဲ့သည်။ အကြင်သူတစ်ယောက်အသေးငယ်ဆုံးသော ထိတွေ့မှုလေးဖြစ်ခဲ့ရင်တောင် ကျိုးကြေသွားမည်ကို သူစိုးမိပါ၏။


ရှန်ဝမ့်ချိုး ပြောလိုက်သည်။


"ငါ လာမဲ့ရက်တွေထဲ အလုပ်ရှာပြီး ထွက်သွားတော့မယ်။ ငါမင်းနဲ့ပဲ တစ်ချိန်လုံးနေနေတာ မကောင်းဘူးလေ။ မင်းမှာလည်း မင်းဘဝရှိပြီး ငါ့မှာလည်းရှိသေးတာပဲ။"


လုရုံပြောလိုက်သည်။


"မင်းရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အလုပ်ရှာဖို့ဆိုတာမလွယ်ဘူး။ ငါ့အထင် .. မင်းသာ အလုပ်လိုချင်ရင် ငါ ကူရှာပေးမယ်လေ။"


"တော်တော့။ ငါက အလုပ်သွားလုပ်မယ်လို့ပြောနေတာမဟုတ်ဘူး။"


ရှန်ဝမ့်ချိုးက သူ့ကို တစ်ချက်ကြည့်လာသည်။ ထို့နောက် အလေးအနက်မထားဟန် နှာမှုတ်လျက်ဆိုသည်။


"ဥက္ကဋ္ဌလု၊ ငါ့မှာလည်း ငါ့လမ်းရှိတယ်။ ငါတို့က လျှောက်ရမဲ့လမ်းမတူကြရုံပဲ။ မင်းနားမလည်သေးဘူးလား။"


လုရုံဟာ သူ့ကို ထွက်သွားခွင့်မပေးချင်ပါ။ သူ နှုတ်ခမ်းကို ခပ်ဖွဖွ ဖိလိုက်မိသည်။ သူ၏ပါးပြင်ရှိ ကြွက်သားတို့မှာလည်း တင်းကြပ်လာ၏။ အချိန်အရှည်ကြီးကြာရှည်ပြီးမှ ဆိုလိုက်သည်။


"ငါနားမလည်ဘူး။"


ရှန်ဝမ့်ချိုး: "မင်းဆေးလိပ်သောက်တတ်လား။"


လုရုံ: "မသောက်တတ်ဘူး။"

 


ပြောပြီးသည်နှင့် ရှန်ဝမ့်ချိုးဟာ တစ်ဝက်မျှသောက်ထားပြီးပြီဖြစ်သော သူ၏နှုတ်ခမ်းကြားထဲမှ စီးကရက်ကို ယူ၍ သူ့ဘက်လှည့်လာသည်။ ထို့နောက် အကြင်သူမှာ ရုတ်တရက် စီးကရက်အစွန်းကို လုရုံ၏ပါးစပ်ထဲ ထိုးထည့်ပေးလာပါ၏။


လုရုံမှာ အေးခဲသွားရသည်။ သူ့မှာ သူ့ကိုယ်သူ တည်ငြိမ်စေရန် မနည်းထိန်းထားရပြီး နှုတ်ခမ်းကြားတွင်လည်း စီးကရက်ကို ညှုပ်ထားရ၏။ သို့သော် သူသည် ထိုစီးကရက်ကို သောက်သင့်လား၊ မသောက်သင့်လားမသိတော့ပါချေ။


ယင်းမှာ ရှန်ဝမ့်ချိုး သောက်ခဲ့သောစီးကရက်ဖြစ်သည်လေ။ လုရုံတွေးလိုက်ပါ၏။


ရှန်ဝမ့်ချိုးကတော့ စနောက်ခြင်းအောင်မြင်သွား၍ ပြုံးသွားသည်။ သူက သူ့ကို စိတ်ဝင်တစားကြည့်လာသည်။


"ဘယ်လိုနေလဲ။ တစ်ချက်လောက် ရှိုက်ကြည့်ပါလား။"


လုရုံလည်း တစ်ချက်စုပ်ယူလိုက်သည်။

 

စီးကရက်မှာ လောင်ကျွမ်းသွားပြီး သူ၏အာခံတွင်းတစ်ခုလုံးမှာ ဆေးကြီးရွက်၏ခါးသက်သက်အနံ့အရသာပြင်းပြင်းနှင့်သာ ပြည့်နှက်သွားသည်။ သူ့မှာ ထိုအငွေ့များကို လည်ချောင်းထဲထိရောက်အောင် မနည်းမြိုချလိုက်ရပြီး ထို့နောက် ချောင်းဆိုးမိတော့သည်။


"အဟွတ်ဟွတ်။"




သူတို့၏ပထမဆုံးသွယ်ဝှိုက်အနမ်းမှာ ဆေးပြင်းလိပ်၏အနံများ ပြည့်နှက်နေခဲ့ပါ၏။




ရှန်ဝမ့်ချိုးမှာ စူးစိုက်နေရင်း သူ့ကို ရယ်မောလာတော့သည်။


"ဟားဟားဟား။ ဘယ်လိုဖြစ်လို့ မင်းမှာ ဆေးလိပ်တောင်မသောက်တတ်ရတာလဲ။ မင်း ပုံမှန်ဆိုရင်ရော လူမှုရေးပွဲတွေမှာ မသောက်ရဖူးလား။"

 

လုရုံသည် စီးကရက်ကို ညှစ်လိုက်ပြီး လက်ချောင်းများအကြားဆုပ်ကိုင်ထားလိုက်သည်။ 


"ဆေးလိပ်ကမဖြစ်မနေသောက်ရတာမျိုးမှမဟုတ်တာ။ လူတွေငါနဲ့စီးပွားတွေလုပ်တယ်ဆိုတာ ငါ့မိဘတွေကြောင့်နဲ့ နည်းပညာကြောင့်ပဲလေ၊ ငါ ဆေးလိပ်သောက်နိုင်လား၊ မသောက်နိုင်လားအပေါ်မူတည်တာမှမဟုတ်တာ။ ပုံမှန်တွင် ကုမ္ပဏီမှာဆိုရင်လည်း ရုံးတွင်းပတ်ဝန်းကျင်သန့်စင်ရေးအတွက် ငါတို့က ဆေးလိပ်သောက်တာတားမြစ်ထားတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်ဖို့ area တစ်ခုတော့ထားပေးထားပါတယ်။ ဆေးလိပ်သောက်ချင်ရင် အဲ့ဒီကိုသွားသောက်ကြရတယ်။"

 

သူ့မှာ စိတ်တွင်း ကသောင်းကပြောင်းဖြစ်နေသည့်အတွက် ၎င်းကို ဖုံးကွယ်နိုင်ရန် စကားအများကြီးပြောနေမိသည်။


စကားပြောပြီးသည့်နောက် သူ မူလခေါင်းစဥ်ဆီသို့ ပြန်ရောက်သွားသည်။


 

ရှန်ဝမ့်ချိုးက ရယ်မောလို့ဝသွားပြီးသည့်နောက်တွင်လည်း အပြုံးရေးရေးလေးရှိနေဆဲ။ အကြင်သူက ဆိုလာသည်။ 


"တာ့ရုံ မင်းကတကယ်ကို ငါ့ရဲ့လက်ရှိအခြေအနေကို မသိသေးတာ။ပြောရရင် ငါတို့ အချင်းချင်း မတွေ့ရတာ ဆယ်နှစ်တောင်ရှိပြီလေ။ နောက်ပြီး ငါတို့ရဲ့ဆက်ဆံရေးက အခုဆိုရင် သူငယ်ချင်းလို့တောင်ပြောမရတော့ဘူး။... ငါကအခုဆိုရင် တော်တော်လေးအရှက်မရှိဖြစ်နေပြီ။ ငါက မင်း သည်းခံနိုင်စွမ်းမြင့်တာနဲ့ စိတ်ထားကောင်းတာကို အခွင့်ကောင်းယူပြီး သောက်စား လူပါးဝနေတာလေ။"


"အရင်တုန်းက ငါ ငါ့ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေဆီက မိသားစုစီးပွားရေးဆက်လုပ်ဖို့ဆိုပြီး ပိုက်ဆံတွေအများကြီး ချေးယူခဲ့ဖူးတယ်။ ပြောရရင် ငါက အခု အမျိုးတွေဆီကလည်း ရှောင်ဖယ်ခံနေရပြီး ဆုံးဆုံးပြောရ အကုန်လုံးဆီက အကျဥ်ခံရပြီး မုန်းတီးခံနေရတဲ့လူပဲ။ ငါ ပိုက်ဆံတွေကို

ပြန်လည်းမပေးနိုင်ဘူး၊ အခုလက်ရှိအခြေအနေဘယ်လောက်ဆိုးနေလဲဆိုတာပဲကြည့်။"


"မင်းငါ့ကိုပိုက်ဆံပေးတယ်ဆိုတာလည်း ခွေးကို အသားကျွေးရသလိုပဲ။ ဘာမှပြန်ရမှာမဟုတ်ဘူး။"


လုရုံသည် နှာခေါင်းမှ တဆင့် အသက်ပြင်းပြင်းမှုတ်ထုတ်လိုက်မိသည်။ သူ မျက်မှောင်ကြုတ်ကာ အလေးအနက်ပြောလိုက်ပါ၏။


"အဲ့ဒီလို မပြောစမ်းနဲ့။"


 

"ငါ အမှန်တရားကိုပြောနေတာ။"


ရှန်ဝမ့်ချိုးက အရှက်မဲ့စွာပင်ဆိုသည်။


"ငါတော့ မင်းကအရမ်းတုံးပြီး မင်းဘယ်လိုလူမျိုးကိုတောင် အိမ်ထဲခေါ်သွင်းခဲ့မိမှန်း မသိတာကို မြင်နေရတယ်။"


“မင်း ငါ ဘယ်ပိုက်ဆံဘယ်လောက်တောင် အကြွေးတင်နေလဲသိလား။"


လုရုံ အလွန်တည်ကြည်စွာမေးလိုက်ပါသည်။


"ဘယ်လောက်တင်နေတာလဲ။"




ရှန်ဝမ့်ချိုး ပြောလာသည်။


"အစွန်းအထွက်တွေမပါရင် မီလီယမ်၁၁၀နီးပါးပဲ။"


ရှန်ဝမ့်ချိုး လုရုံ၏မျက်နှာကို အနီးကပ်စိုက်ကြည့်နေမိသည်။ သူ နောက်ဆုံးတော့ လုရုံ၏တည်ငြိမ်နေသောအမူအရာ ပြောင်းလဲသွားသည်ကိုမြင်လိုက်ရပါသည်၊ အနှီသူမှာ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့နှင့် အသက်ရှုပါ ရပ်တန့်သွားရခြင်း။


နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ပျော်ရွှင်ဖွယ် စိတ်ကူးယဥ်ကမ္ဘာထဲမှ ထွက်၍အရွယ်ရောက်သူများ၏ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။


 ရှန်ဝမ့်ချိုး နားအလည်ခဲ့ရဆုံးအမှန်တရားသည်ကား ငွေ၏အရှေ့တွင် ခံစားချက်များဟူသည် ထည့်ပြောရန်ပင် မထိုက်တန်။ အကယ်၍ ခြွင်းချက်များရှိလာပါလျှင် ယင်းမှာ ပိုက်ဆံပမာဏကမလုံလောက်သောကြောင့်ပင်။


လူတိုင်းမှာ သူတို့၏အဆင့်အတန်းကို ပိုကောင်းမွန်အောင် လုပ်ပေးချင်သောသူများနှင့်သာ မိတ်ဖွဲ့ရန် မျှော်လင့်ကြသည်။ သူတို့ကို ရွံ့ဗွက်အိုင်တွင်းသို့ ဆွဲချသွားမည့်သူမျိုးနှင့်မဟုတ်ကြ။


"လက်လွတ်စပယ် ကြင်နာမပေးနဲ့ လုရုံ။ ငါက မကောင်းတဲ့ကောင်ဖြစ်နေရုံတင်မဟုတ်ဘူး။ အရိုးထဲထိပါ ပုပ်သွေးဆွေးမြေ့ပြီး ကယ်တင်လို့မရတော့တာ။ ငါ့ကို လွှတ်ထားလိုက်ပါတော့။"

 

"ဒါက မင်းတတ်နိုင်တဲ့အရာမဟုတ်ဘူးလေ။"


လုရုံ၏မျက်မှောင်မှာ ပြေလျော့မသွားသေး။ သူသည် သူ၏လက်ချောင်းများမှာ အပူလောင်သွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့၍ကြည့်လိုက်ပါသော် စီးကရက်ဟာ မီးကျွမ်းလို့ သူ၏လက်ဖျားထိပ်ထိပင်ရောက်နေကြောင်းတွေ့လိုက်ရသည်။ သို့သော် ယခုနေရာတွင် စီးကရက်ကို မီးငြိမ်း၍ရမည့်နေရာမဟုတ်ပါပေ။ ထို့အတွက် သူက စီးကရက်ဖင်ကို လက်ချောင်းများဖြင့် ဖိ၍ ငြိမ်းသတ်ရုံသာ တတ်နိုင်ပါ၏။ သူ၏လက်ချောင်းအကြားရှိ စီးကရက်မီးဟာဖြင့် တဖြည်းဖြည်း ငြိမ်းသတ်သွားရင်း ပြာမှုန့်များကလည်း အောက်သို့ လွှင့်ကျဲသွားကြလေသည်။


အလွန်သေးငယ်လှသော မီးငြိမ်းသတ်သွားသည့်အသံမှာ မကြားရလို့နီးနီးပင်။


လုရုံပြောလိုက်သည်။ 


"အမှန်ပဲ၊ ငါ့မှာ အဲ့ဒီလောက်ပိုက်ဆံမရှိဘူး။"





******


Thanks for reading💞