Ch-1
Viewers 99

Ch-1


တောင်ပေါ်ရွာရှိ ညများဟာ အမြဲလိုလို ဆိတ်ငြိမ်နေလျက်။ ညကောင်းကင်ယံကို ဖြတ်၍ ကြက်ဖတွန်သံ ပေါ်ထွက်လာ၏။ 


ချန်ချင့်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး အဝတ်အစားဝတ်ကာ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သော်လည်း မီးဖိုချောင်ထဲမှာ ထင်းမီးတဖျစ်ဖျစ်မြည်သံကို သူ သတိထားမိလိုက်သည်။ 


"အမေ ဘာလို့ အစောကြီးထတာလဲ?" 


ချန်ချင့်က သူ့မျက်လုံးတွေကို ပွတ်နေရင်း မီးဖိုခန်းတံခါးမှာ ထိုင်နေသော စွင်းတာ့ညန်(အဒေါ်စွင်း)ကို တွေ့လိုက်ရသည်။ 


စွင်းတာ့ညန်သည် မီးဖိုအနားမှ ထလာကာ 


"ငါတို့ ဒီနေ့ ဟိုးကတောင်ကုန်းပေါ်မှာ လယ်ထွန်ရမယ်။ ငါ ရွာသူကြီးဆီက နွားသွားငှားလိုက်မယ်။ မင်း တစ်ခုခုကို မြန်မြန်စားထားလိုက်၊ ဒါမှ ငါတို့ အတူတူသွားနိုင်မှာ" 


ချန်ချင့်က ခြံထဲသွားပြီး သူ့မျက်နှာကို သန့်စင်ရန် ရေလက်တစ်ဆုပ်စာ ခပ်လိုက်ရာ သူ့မျက်နှာလေးဟာ ရေစည်ပိုင်းထဲမှာ အရိပ်ထင်ဟပ်နေလျက်။ 


သူသည် လွန်ခဲ့သော ငါးနှစ်ကထက် အနည်းငယ် ပြည့်လာပေမယ့် ပိန်ပါးနေသေးဆဲ။ သူ ကလေးဘဝကတည်းက ရွယ်တူများထက် အရပ်ပိုပုပြီး ကလေးမျက်နှာလေးရှိသည်။ 


ထိုအချိန်က လူပွဲစားများ၏ လက်ထဲဝယ် သူဟာ တစ်ဦးတည်းသော ကျန်ရစ်နေခဲ့သူပင်။ သူတို့ကို လာကြည့်သမျှ လူတွေက သူသည် အလုပ်ကြမ်းများလုပ်ရန် သေးကွေးလွန်းကြောင်း၊ သူ့တွင် ခါးသေးသေးလေးသာရှိ၍ ကလေးမွေးရန် ခဲယဥ်းလိမ့်မည်ဖြစ်ကြောင်း အမြဲပြောဆို​လေ့ရှိကြသည်။ နောက်ဆုံးတွင်မူ စွင်းတာ့ညန်နှင့် သူ တွေ့ခဲ့ရလေ၏။ 


ချန်ချင့်သည် အိမ်မရှိယာမရှိ ထပ်မဟုတ်တော့၍ မီးဖိုချောင်ထဲရှိ စွန်းတာ့ညန်အား အလွန့် အလွန် ကျေးဇူးတင်မိသည်။ 


စွင်းတာ့ညန် ခင်ပွန်း၏ မျိုးရိုးအမည်မှာ မုန့်ဖြစ်၏။ သူမဟာ သူမ၏ ခင်ပွန်းသည်ကို စောစောစီးစီးဆုံးရှုံးခဲ့ရပြီး မုန့်ထောင်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ခြင်းပင်။ 


ချန်ချင့်က လော့ဟယ်ရွာမှမဟုတ်ပါပေ။ သူ့မိသားစုက ဆင်းရဲသလို သူ့အဖေက စောစောစီးစီး ကွယ်လွန်သွားခဲ့၍ သူ့ဖေဖေ(ကောဖေဖေ)နှင့် သူက အိမ်မှ ကန်ထုတ်ခံလိုက်ရပြီး နှစ်ယောက်သား ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရသည်။ သူနှင့် သူ့ဖေဖေဟာ ပင်ကိုစရိုက်တူလှသည်။ စကားမများသလို ပြောဆိုဆက်ဆံရသည်ကိုလည်း မနှစ်သက်ကြ။ 


တစ်နေ့တွင် သူ့ဖေဖေက သူ့အတွက် အသားဟင်းချက်ပြုတ်ပြင်ဆင်ပေးပြီး ချန်ချင့်ကို အဝကျွေးခဲ့သည်။ နောက်တစ်နေ့တွင်မူ သူ့ဖေဖေဟာ မြစ်ထဲသို့ ခုန်ချသွားခဲ့လေသည်။ (😢) 


ရှက်ကြောက်တတ်သူ ချန်ချင့်လေးဟာ သူ့ဖေဖေအတွက် ဈာပနပွဲကျင်းပနိုင်မည်ဟု မျှော်လင့်လျက် သူ့အဖွားအိမ်သို့ သွားခဲ့သည်။ သူ့အဖွားက ချန်ချင့်ကိုကြည့်ပြီး သူသာ မုဆိုးဖိုအိုကြီး၏ ကိုယ်လုပ်တော်ဖြစ်လိုသရွေ့ သူ့ဖေဖေအတွက် ကောက်ရိုးဖျာနှင့် ချန်မိသားစုဝင်အဖြစ် မြေမြှုပ်ပေးနိုင်​ကြောင်း ပြောလာခဲ့သည်။ 


မုဆိုးဖိုအိုကြီးဟာ ရက်စက်ကြမ်းကြုတ်တတ်ကြောင်း သတင်းပျံ့နေသည်မှာ အချိန်အတော်ကြာလှပြီဖြစ်သည်။ ချန်ချင့်လည်း သူသာ အဲဒီကိုသွားပါက သေသွားလိမ့်မည်ဖြစ်ကြောင်းသိနေ၏။ 


သူ့ဖေဖေ၏ ခန္ဓာကိုယ်ကို ထိုနေရာတွင် နှစ်ရက်ခန့်ထားခဲ့သဖြင့် ချန်ချင့်က သဘောတူတော့မည်ဟု သူ့အဖွားက ထင်လိုက်သည့်အချိန်မှာပင် ချန်ချင့်က သူ့ကိုယ်သူ လူပွဲစားထံ ရောင်းပစ်လိုက်ပြီး သူ့ဖေဖေကို ဂုဏ်သိက္ခာရှိရှိ ထွက်သွားစေဖို့အတွက် ငွေနှစ်လျန် ပြန်ယူလာခဲ့သည်။ 


သို့ငြား လူပွဲစားဟာ သူ့ကို ဝယ်ခဲ့ပေမယ့် မရောင်းနိုင်ခဲ့ချေ။ လွန်ခဲ့သော ၅ နှစ်ခန့်က သူသည် လော့ဟယ်ရွာသို့ ပါလာခဲ့ပြီး စွင်းတာ့ညန်မှ သူမ၏ သားဖြစ်သူ မုန့်ထောင်း၏ ဖူလန်အဖြစ် သူ့ကို ငွေသုံးလျန်ဖြင့် ဝယ်ယူခဲ့လေသည်။ 


လော့ဟယ်ရွာရှိ ဓလေ့ထုံးစံမှာ အိမ်ထောင်မပြုမီတွင် အကြင်လင်မယား အချင်းချင်း မတွေ့ဆုံနိုင်ကြပေ။ 


ချန်ချင့်က ရွာသူကြီးအိမ်တွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ မင်္ဂလာပွဲကို စောင့်ဆိုင်းနေခဲ့သော်လည်း မထင်မှတ်စရာအဖြစ်အပျက် ဖြစ်ပေါ်လာခဲ့လေသည်။ အင်ပါယာတရားရုံးမှ စစ်သားများကို စုဆောင်းလာသဖြင့် မုန့်ထောင်းလည်း ပါသွားခဲ့၏။ ချန်ချင့်လေးဟာ သူ့ခင်ပွန်းဖြစ်သူကို တွေ့ပင်မတွေ့လိုက်ရချေ။ 


စွင်းတာ့ညန်က လက်မထပ်ခင် မုန့်ထောင်းပြန်အလာကို စောင့်ဆိုင်းလိုကြောင်း မူလက ပြောခဲ့ပေမယ့် ပွဲကို ပြင်ဆင်ပြီးသွားပြီဖြစ်၍ ပိုက်ဆံတွေ အချည်းနှီးကုန်သွားမည်ဟု ရွာသားများက ဝိုင်းပြောကြလေသည်။ 


ထို့ကြောင့် ချန်ချင့်လည်း ရိုးရိုးရှင်းရှင်း မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ ကြက်တစ်ကောင်ကို ကိုင်ထားရင်း မင်္ဂလာပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး မုန့်မိသားစုထဲသို့ လက်ထပ်ဝင်ခဲ့သည်။ 


ငါးနှစ်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေပြီ။ 


ချန်ချင့်ဟာ လုံ့လဝီရိယရှိသူဖြစ်ပြီး စွင်းတာ့ညန်လည်း ထို့အတူပင်။ သူတို့နှစ်ယောက်က အိမ်ရှိ ခြံဝင်းငယ်လေးကို အလွန်သန့်ရှင်းသပ်ရပ်စွာ ထားရှိကြသည်။ မိသားစုမှာ အပြာရောင်အုတ်အိမ်ဆောက်ရန် အခြေအနေမရှိသဖြင့် အဝါရောင်ရွံ့အုတ်များကို သုံး၍ အိမ်ဆောက်ထားရသည်။ 


သူတို့အိမ်အပြင်ဘက်တွင် ဝါးခြံစည်းရိုးတစ်ခုရှိ၏။ ၄င်းမှာ ချန်ချင့် အားလပ်ချိန်ရတိုင်း ပြုလုပ်ထားခြင်းပင်။ သူဟာ လုံ့လဝီရီယရှိပြီး ကျွမ်းကျင်လိမ္မာမှုရှိသည်။ 


သူက အိမ်အပြင်ဘက်ရှိ မြေကွက်လပ်တွင် လူနှစ်ယောက်စာအတွက် နေ့တိုင်း စားသောက်ရန် လုံလောက်သည့် ဟင်းသီးဟင်းရွက်တချို့ကို စိုက်ပျိုးထားခဲ့သည်။ 


လော့ဟယ်ရွာသည် တောင်များနှင့် မြစ်များဖြင့် ဝန်းရံထားသော်လည်း စိုက်ပျိုးရေးလယ်မြေကောင်း များစွာမရှိသောကြောင့် အနည်းငယ် ပြန့်ပြူးသော တောင်ကုန်းများအား ကောက်ပဲသီးနှံ စိုက်ပျိုးရန်အတွက် ရွာသားများကို ခွဲဝေပေးခဲ့သည်။ မုန့်မိသားစုလည်း အနှီမြေကွက်ကို ခွဲဝေပေးခြင်း ခံခဲ့ရသည်ပင်။ 


စွင်းတာ့ညန်က အိုးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲ၌ ပြောင်းဖူးဘန်းမုန့်ပေါင်းနှစ်ခုကို တွေ့လိုက်ရပြီး အောက်ဘက်တွင် ကြက်ဥနှစ်လုံးကို ပြုတ်ထားသော ရေနွေးအိုးတစ်လုံးရှိနေသည်။ 


ချန်ချင့်က သဘာဝကျကျပင် နံဘေးရှိ ဟင်းရွက်ချဥ်အိုးထဲမှ ဂေါ်ဖီချဥ်နည်းနည်း ခပ်လိုက်ပြီး အမြှောင်းပါးပါးလေး လှီးဖြတ်ကာ ခြံထဲရှိ စားပွဲလေးဆီသို့ ယူလာခဲ့သည်။ 


နှစ်ယောက်သား ရိုးရိုးရှင်းရှင်း မနက်စာကို တိတ်တဆိတ် အပြီးသတ်လိုက်ကြ၏။ 


ထို့နောက် ချန်ချင့်က ခြင်းတောင်းကို ကျောပေါ်တင်ကာ ပေါက်ပြားနှစ်ချောင်းကိုယူ၍ ခြံစည်းရိုးတံခါးကို ပိတ်လိုက်ပြီး စွင်းတာ့ညန်နှင့်အတူတူ ထွက်လာကြသည်။ အပြင်မထွက်ခင်တွင် စွင်းတာ့ညန်က အိုးထဲမှ ကြက်ဥများကို ယူလာခဲ့သည်။ 


ရွာသူကြီး၏ အိမ်တံခါးဝကို ရောက်သည့်အခါ စွင်းတာ့ညန်က ချန်ချင့်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာ၏။ 


"ငါ တောင်ပေါ်အရင်တက်နှင့်မယ်၊ မင်းက နွားတစ်ကောင်ငှားဖို့ ရွာသူကြီးအိမ်ကို သွားလိုက်" 


ချန်ချင့် 'အာ'လို့ ညည်းညူလိုက်ကာ စိတ်ရှုပ်ထွေးနေမိလျက်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် 


"အမေ ဘာလို့မသွားတာလဲဟင်?" 


စွင်းတာ့ညန်က သူ့ကို အလိုမလိုက်ပါချေ။ သူမလက်ထဲက ကြက်ဥနှစ်လုံးကို ချန်ချင့်လက်ထဲ ထည့်ပေးလိုက်ပြီး တောင်ပေါ်ကို အရင်တက်သွားခဲ့သည်။ 


ချန်ချင့်လည်း ရွာသူကြီး၏ အိမ်တံခါးဝတွင် ရပ်ကာ အခေါက်ခေါက်အခါခါ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားနေမိလျက်။ ထို့နောက် သူ့ကိုယ်သူ အားပေးလိုက်ရင်း အသက်ပြင်းပြင်းရှုကာ အပြုံးလေးနှင့် တံခါးခေါက်လိုက်သည်။ 


"ဒေါ်ဒေါ်ရေ ကျွန်တော့်အမေကလေ လယ်ထွန်ဖို့အတွက် နွားခဏငှားဖို့ ရွာလူကြီးနဲ့ မနေ့က ပြောထားလို့ပါ" 


ရွာသူကြီး၏ ဇနီး အဒေါ်ဝမ်က အံ့အားသင့်စွာဖြင့် "ဒီလောက်အစောကြီး!" 


ချန်ချင့် မျက်နှာမှာ နီမြန်းနေလျက်၊ စွင်းတာ့ညန် ပေးခဲ့သော ကြက်ဥများကို တွေးလိုက်မိပြီး အဒေါ်ဝမ်ကို ကြက်ဥတွေ ကမ်းပေးလိုက်ရင်း 


"ရှောင်ပေါင်က အခု ထွားနေချိန်ဆိုတော့လေ၊ မကြိုက်မဖြစ်ပါနဲ့ဗျ" 


အဒေါ်ဝမ်၏ မျက်နှာမှာ ယခုမှ ပိုကောင်းလာပြီး သူမလက်ထဲက ကြက်ဥကို ချိန်ကြည့်လိုက်သေးသည်။ 


"*ချန်အချိန်မှာ လာပြန်ပေးရမယ်" 


(*ချန်အချိန် = မနက် ၇နာရီ-၉နာရီ) 


ချန်ချင့် ခေါင်းညိတ်လိုက်ပြီး အလျင်စလိုပြောလိုက်သည်။ 


"ကျွန်တော် အချိန်မီ ပြန်လာပေးပါ့မယ်။ အဒေါ်တို့မိသားစုရဲ့ အလုပ်ကို မနှောင့်နှေးစေရပါဘူး" 


အဒေါ်ဝမ် မျက်နှာမှာ သိပ်မကောင်းသေးပေ။ သူမက ကြိုးကိုယူကာ ချန်ချင့်အား ပေးလိုက်ပြီးနောက် ထယ်ကို ရွှေ့လာခဲ့သည်။ ချန်ချင့်လည်း ထယ်ကို သူ့ပုခုံးပေါ်တင်ပြီး သူ့လက်ထဲတွင် နွားထိန်းကြိုးကို ကိုင်၍ နွားကို ဦးဆောင်ကာ တောင်ပေါ်တက်သွားခဲ့သည်။ 


ချန်ချင့်ဟာ လူကောင်သေးညက်ပြီး အရမ်းအားစိုက်နေရပုံပေါ်သော်လည်း ခပ်မှန်မှန် လမ်းလျှောက်နေဆဲပင်။ 


တောင်ပေါ်ရောက်သောအခါ စွင်းတာ့ညန်က လယ်ကွင်းများကို ပေါက်ပြားဖြင့် မြေဆွထားပြီးဖြစ်ရာ ချန်ချင့်လည်း နွားပေါ်မှာ ထယ်ကို နေရာချလိုက်ပြီး လယ်ထွန်ရန် နွားမောင်းလိုက်တော့သည်။ နွားအကူအညီနှင့် သူတို့လယ်ကွင်းများကို ခပ်မြန်မြန် ထွန်ယက်ပြီးသွားချိန် နေသည်လည်း သူတို့အပေါ် ကျရောက်နေချေပြီ။ 


"အမေ၊ နွားကို ရွာသူကြီးအိမ် ပြန်ပို့ပေးလိုက်ပါဦး။ ကျွန်တော် တောင်ပေါ်မှာ ထင်းနည်းနည်း သွားကောက်လိုက်ဦးမယ်နော်" 


သူသည် အဒေါ်ဝမ်နှင့် ထပ်ပြီးပြောဆိုမဆက်ဆံချင်တော့။ ဖြစ်နိုင်ပါက ချန်ချင့်က မည်သူတစ်ဦးတစ်ယောက်နှင့်မှ စကားမပြောချင်ပေ။ 


စွင်းတာ့ညန် ခေါင်းအသာညိတ်ပြလျက် "တောင်နက်ထဲထိ မသွားနဲ့နော်" လို့ မှာလိုက်၏။ သူမက နွားကို ကျောင်းသွားပြီး ချန်ချင့်လည်း ပေါက်ပြားကို ထုပ်ပိုး၍ ဘေးဖယ်ထားပြီး တောင်ထဲသို့ ဝင်သွားလိုက်သည်။ 


သူ လော့ဟယ်ရွာမှာ နေရသော နေ့ရက်များဟာ သာယာပြီး အေးချမ်းလွန်းလှသဖြင့် ချန်ချင့်လေးက ​​ဤနေရာသို့ မရောက်လာခင်မှာ ဘယ်လိုဘဝမျိုး နေထိုင်ခဲ့ရသလဲဆိုတာကို မေ့သွားပုံရသည်။ ထို့ပြင် သူ့ကို လော့ဟယ်ရွာသို့ ခေါ်လာပေးသော စွင်းတာ့ညန်ကိုလည်း အလွန်အမင်း ကျေးဇူးတင်မိသည်။ 


သို့ငြား လွန်ခဲ့တဲ့ငါးနှစ်အတွင်း သူ့ခင်ပွန်းဖြစ်သူ မုန့်ထောင်းဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ခဏခဏ စဉ်းစားမိပြီး သိချင်မိခဲ့သည်။ ပထမတော့ စွင်းတာ့ညန်ကို သူ မေးခဲ့သည်။ စွင်းတာ့ညန်ကတော့ သူမ၏ သားကို အမြဲလိုလို ချီးကျူးတတ်သူပင်။ 


သူမပြောသည်က - သူမရဲ့ သားကို အရပ်ရှည်တယ်၊ သန်မာတယ်၊ ကောင်မလေးတွေ ကောင်လေးတွေနဲ့ စကားပြောတဲ့အချိန်တွေဆို ရှက်တတ်တယ်၊ မိဘအပေါ်လည်း အရမ်းကျေးဇူးသိတတ်တယ်တဲ့။ 


အတိုချုပ်ပြောရပါလျှင် စွင်းတာ့ညန်က သူ့အား ချီးကျူးရန်အတွက် သိသမျှစကားလုံးအားလုံးကို သုံးလေ့ရှိသည်။ 


ချန်ချင့်သည် ရွာသားများထံမှ မုန့်ထောင်းအကြောင်းကို ရံဖန်ရံခါ ကြားရပါသေးသည်။ သူ့မှာ ဆိုးရွားသောပင်ကိုစရိုက်ရှိသည်ဟု တစ်ရွာလုံး မည်သူမှမပြောကြသဖြင့် လူကောင်းတစ်ယောက်ဖြစ်မှာ သေချာလေ၏။ 


တိတ်ဆိတ်​ခြောက်ကပ်နေသော တောင်ပေါ်တွင် ချန်ချင့်၏ မျက်နှာလေး နီရဲလာသည်။ 


ငါးနှစ် ကုန်ဆုံးသွားလေပြီ... 


ပထမနှစ်နှစ်မှာ မုန့်ထောင်းက အိမ်သို့ စာပြန်ပို့ပေးခဲ့သည်။ သူသည် စာမတတ်သဖြင့် အခေါက်တိုင်း ရွာသူကြီးအိမ်သို့ သူ့အမေကို အဖော်ပြုလျက် သွားခဲ့သည်။ ရွာသူကြီး၏ သားဖြစ်သူ မုန့်ရှင်းက ကျောင်းတက်နေပြီဖြစ်ရာ မိသားစုရှိ စာများကို ကူညီဖတ်ရှုပေးတတ်သည်။ 


မုန့်ထောင်း စာတစ်စောင်ရေးလာတိုင်း သူ့ဆီ သီးခြားပို့ပေးသော စာမရှိသည်က ဝမ်းနည်းစရာပင်။ 


ယခုဆို မုန့်ထောင်း အိမ်ကို နောက်ဆုံး စာပို့ပြီးကတည်းက နှစ်နှစ်ကြာသွားပြီဟု ချန်ချင့် တွေးနေမိလျက်။ သူ့အမေ စျေးသွားတိုင်း စာပို့ရုံးကို သွားမေးသော်လည်း စိတ်ပျက်လက်ပျက်နှင့် အမြဲ အိမ်ပြန်လာခဲ့ရလေသည်။ 


xxx