Ch-2
Viewers 97


ယခုဆို မုန့်ထောင်း အိမ်ကို နောက်ဆုံး စာပို့ပြီးကတည်းက နှစ်နှစ်ကြာသွားပြီဟု ချန်ချင့် တွေးနေမိလျက်။ သူ့အမေ စျေးသွားတိုင်း စာပို့ရုံးကို သွားမေးသော်လည်း စိတ်ပျက်လက်ပျက်နှင့်သာ အမြဲအိမ်ပြန်လာခဲ့ရသည်။ 


ချန်ချင့်သည် တွေ့သမျှ ထင်းကို စုပုံထားကာ သူ့ခါးတွင် ပတ်ထားသောကြိုးကို ဖြည်လိုက်ပြီး ထင်းများကို ကောက်ယူလိုက်သည်။ ထို့နောက် ကျန်ပစ္စည်းများကို ယူရန် သူ လယ်ကွင်းသို့ သွားလိုက်ပြီး အိမ်ပြန်ခဲ့တော့သည်။ 


ဤရာသီကား ပြောင်းစိုက်ပျိုးချိန်ပင်။ မနှစ်က အခွန်ပေးဆောင်ချိန်တွင် ချန်ချင့်က ပြောင်းဖူးစေ့များကို ကြိုတင်မှာယူထားပြီးဖြစ်သည်။ 


သူသည် အစေ့အဆန်အပြည့်နှင့် မျိုးစေ့များကို ရွေးချယ်ထား၏။ အဆုံးတွင်မူ ရွာသူရွာသားများဟာ သူတို့အသက်ရှင်နေထိုင်ရေးအတွက် ရာသီဥတုအပေါ် မှီခိုကြရသည်ပင်။ 


အိမ်ပြန်ရောက်သည့်အခါ စွင်းတာ့ညန်က အလုပ်ရှုပ်နေပြန်သည်။ သူတို့၌ ကြက်များ၊ ဘဲများ မွေးမြူထား၍ ကြက်စာကျွေးရန် မြက်ရိတ်ဖို့ အပြင်ထွက်ရသည်။ 


သူမသည် အရာရာကို သေသေသပ်သပ်လုပ်ကိုင်သူဖြစ်၏။ ချန်ချင့် ပြန်လာသည်ကို သူမမြင်သောအခါ 


"အားချင့် မီးဖိုချောင်နဲ့ ကြက်လှောင်အိမ်ကို သန့်ရှင်းရေးလုပ်ထားဦး။ စားပွဲပေါ်က ရေကို သောက်ဖို့ မမေ့နဲ့ဦးနော်" 


ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး တောင်းကို ကျောပေါ်တင်၍ ထွက်သွားသော စွန်းတာ့ညန်ကို ကြည့်နေလိုက်သည်။ 


သည့်နောက် သူ စုဆောင်းလာသော ထင်းများကို တူရာတူရာ စုလိုက်ပြီး မီးဖိုချောင်နှင့် ခြံဝင်းကို တံမြက်စည်းလှည်းကျင်းလိုက်သည်။ နောက်ဆုံးတွင် ကြက်ချေးကျုံးရန် ကြက်လှောင်အိမ်သို့ သွားလိုက်၏။ ၄င်းတို့မှာ အကောင်းဆုံးမြေသြဇာဖြစ်၍ မဖြုန်းတီးသင့်ပေ။ 


သန့်ရှင်းရေးလုပ်ပြီးနောက် ချန်ချင့်လည်း ခဏနားရန် စားပွဲသေးသေးလေးမှာ ထိုင်လိုက်သည်။ စားပွဲပေါ်၌ ရေတစ်ပန်းကန်လုံး ချန်ထားတာကို မြင်သောအခါ သူ ကောက်ကိုင်ပြီး သောက်ချလိုက်ရာ ချိုမြိန်မှုမှာ သူ့ပါးစပ်မှတစ်ဆင့် နှလုံးသားလေးဆီသို့ ပျံ့နှံ့သွားလေ၏။ 


ချန်ချင့်၏ နှလုံးသားလေးမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ စွင်းတာ့ညန်တွင် ဆံပင်မည်းတစ်ဝက် ဖြူတစ်ဝက်ရှိပြီး တိတ်ဆိတ်သော အမျိုးသမီးတစ်ဦးပင်။ သူမသည် မသိမ်မွေ့သော်လည်း သွက်လက်ပေါ့ပါးပြီး အားအင်တက်ကြွသူဖြစ်သလို လမ်းလျှောက်ပုံမှာ လေသဖွယ်။ ထို့ကြောင့် ရွာရှိ ကလေးများက သူမကို ကြောက်ရွံ့ကြ၏။ 


ချန်ချင့်လည်း မိသားစုထဲဝင်ဝင်ချင်းတွင် သူမကို ကြောက်ခဲ့သည်။ သူ့မင်္ဂလာပွဲမှာ ကောင်းကောင်းမွန်မွန် မပြီးစီးသွားခဲ့ဘဲ သတို့သား၏ မျက်နှာကိုပင် မမြင်လိုက်ရသဖြင့် ဤအိမ်ထောင်ရေးမှာ ဖြစ်မြောက်သွားသလား မသွားဘူးလား သူမသိတော့။ 


စွင်းတာ့ညန်က သူ့ကို မုန့်ထောင်း နေလေ့ရှိသော အခန်းမှာ နေဖို့ စီစဉ်ပေးထားပြီး ဒီမှာ ဘာစည်းကမ်းမှ သတ်မှတ်ထားခြင်းမရှိကြောင်း၊ မုန့်ထောင်း ပြန်အလာကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းဖို့ပဲ လိုအပ်ပြီး သူတို့နှစ်ယောက် အတူတူ ကောင်းကောင်းမွန်မွန် နေထိုင်သွားသင့်ကြောင်း ပြောပြထားသည်။ 


ချန်ချင့်ဟာ စွင်းတာ့ညန်နှင့် အတူတူနေထိုင်ပြီး သုံးလမပြည့်ခင်မှာပင် သူမ၏ စိတ်နေစိတ်ထားကို သူသိသွားရသည်။ သူမက လိုချင်သမျှကို ဘာမှဖုံးကွယ်မထားဘဲ သူ့ကို ပြောလိမ့်မည်ဖြစ်သလို သူ့အပေါ်လည်း အမြဲ ကောင်းပေသည်။ ဒီနေ့လို သကြားရည်သောက်ရတာမျိုးလည်း မကြာခဏဆိုသလို ဖြစ်လေ့ရှိသည်ပင်။ 


နွေဦးနေရောင်ခြည်မှာ အရမ်းမပူပြင်းတော့၍ ချန်ချင့် သကြားရည်ကို သောက်ပြီးနောက် အင်အားပြည့်ဝလာလေပြီ။ သူ့အိမ်ရှေ့ရှိ ဟင်းရွက်စိုက်ခင်းမှ ပေါင်းပင်များကို ရှင်းလင်းပြီး လော့ဟယ်မြစ်မှ ရေသွားယူကာ ဟင်းရွက်ခင်းများကို ရေလောင်းလိုက်၏။ အားလုံးပြီးစီးသွားသည့်နောက် အိမ်ထဲမှာ သိုလှောင်ထားသော ပြောင်းစေ့များကို ရွေးနေလေသည်။ 


နွေဦးရာသီအစ၌ လော့ဟယ်မြစ်မှာ အရည်ပျော်လာပြီး နံဘေးရှိ မြက်ပင်များမှာ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေကြလျက်။ နောက်ကျောမှာ ခြင်းတောင်းကို ထမ်းလာသော စွန်းတာ့ညန်ဟာ မြက်ရိတ်ရန် ရောက်လာသော အဒေါ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ 


"ဒီလောက်အစောကြီး?" 


စွင်းတာ့ညန်က မြက်ရိတ်နေခြင်းကြောင့် အလုပ်များနေပြီး ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။ 


အဒေါ်လျိုက စွင်းတာ့ညန်ထံ ချဉ်းကပ်လာကာ 


"နင့်ရဲ့ ထောင်းဇီဆီက ခုထိ ဘာစာမှမရသေးဘူးလား? တည်းခိုခန်းကို နောက်ထပ် စာတွေ အများကြီး လာပို့သွားပြီလို့ ငါကြားမိတယ်" 


စွင်းတာ့ညန်က မြက်ခင်းပြင်မှ ခေါင်းမော့လာကာ ပြောလိုက်၏။ 


"ကျေးဇူးအများကြီးတင်ပါတယ်။ ငါ မနက်ဖြန် စစ်ကြည့်ဖို့ မြို့ကိုသွားလိုက်မယ်" 


အဒေါ်လျိုက သူမကို ထိုးနှက်ချင်သော်ငြား စွင်းတာ့ညန်၏ ငြိမ်သက်နေသော မျက်လုံးတွေကို မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်သလို ခံစားလိုက်ရသည်။ 


"ကောင်းတာပေါ့၊ စာပို့သမားက နောက်ကျနေတာလဲ ဖြစ်နိုင်ပါတယ်" 


စွင်းတာ့ညန်က 'ဟမ်'လို့ အသံပြုလိုက်ရင်း သူမနှင့် စကားထပ်မပြောချင်တော့သည့်နှယ် ဘေးဘက်သို့ ရွှေ့လိုက်သည်။ 


သူမက ကြက်များအတွက် မြက်ပင်ရိတ်ပြီး အိမ်အပြန်လမ်းမှာ ရွာအဝင်ဝ၌ ကလေးများစွာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသံကို ကြားလိုက်ရလေ၏။ 


"သူ ပြန်လာပြီ၊ သူ ပြန်လာပြီ၊ ဦးလေး ရွှမ်းဇီ ပြန်လာပြီ!" 


ရွှမ်းဇီကား မုန့်ထောင်းနှင့်အတူတူ စစ်မှုထမ်းသွားရသော ရွာသားပင်။ 


စွင်းတာ့ညန်၏ နောက်ကျောမှ ခြင်းတောင်းမှာ ဒုန်းကနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားရလျက်။ သူမ၏ ယခင်တည်ငြိမ်မှုမှာ ပျောက်ကွယ်သွားလေပြီ။ 


ရွာအဝင်ဝသို့ သူမ အမြန်ပြေးသွားကာ လူအုပ်ကြီး လာနေသည်ကို တွေ့လိုက်ရသည်။ လူအုပ်ထဲတွင် သူမ နေ့နေ့ညည သတိရနေသော ပုံရိပ်ကို ရှာမတွေ့ခဲ့။ 


ထိုအချိန်တွင် ရွာသူကြီးသည်လည်း လက်ထဲ၌ မီးရှူးမီးပန်းနှစ်ချောင်းကို ကိုင်ကာ အမြန်ထွက်လာပြီး ထွန်းညှိလိုက်ရာ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာချေပြီ။ 


အိမ်မှာ ရှိနေသော ချန်ချင့်က သဘာဝအတိုင်း ဆူညံသံကြားလိုက်၍ မတ်တတ်ထရပ်ပြီး ကြည့်လိုက်ရာ အဒေါ်လျိုက သူတို့အိမ်တံခါးဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရလေ၏။ 


"ချန်ချင့် မင်း အိမ်မှာရှိနေတုန်းလား? ရွာအဝင်ဝက ဆူညံသံတွေကို မင်း မကြားဘူးလား? မင်းရဲ့ ခင်ပွန်း ပြန်လာပြီ" 


ချန်ချင့် အံ့အားသင့်သွားရကာ သူ့ရှေ့က ပြောင်းစေ့တောင်းကို မတော်တဆ တိုက်မိသွားလေသည် : "ဘာ?" 


"မြန်မြန်သွားလိုက်၊ မင်းအမေတောင် သွားပြီ" 


အဒေါ်လျိုက လမ်းတစ်ဝက်မှာ သယ်လာခဲ့သော တောင်းကို ပြန်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အပျော်ကြည့်ဖို့ရာ အလုပ်ရှုပ်နေတော့သည်။ 


ချန်ချင့်လည်း တံခါးဆီသို့ ပြေးသွားပြီး သူ့အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါလိုက်ရင်း သူ့ကိုယ်သူ အနံ့ခံကြည့်ရန် လက်ကိုမြှောက်လိုက်၏။ 


သူသည် ယခုလေးတင် ကြက်လှောင်အိမ်ကို သန့်ရှင်းရေးလုပ်ထားသည်ဖြစ်ရာ သူ့ကိုယ်ပေါ်မှာ အနံ့စွဲကျန်နေမလား မသိတော့ချေ။ 


သူ့နှလုံးသားလေးမှာ ဗုံလို ခုန်နေလျက်။ စိတ်ထွေပြားနေသောအမူအရာလေးနှင့် သူ့ဆံပင်တွေကို စည်းနှောင်နေမိသည်။ ထို့နောက် ရွာအဝင်ဝသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။ 


ချန်ချင့် ကြည့်လိုက်သည်နှင့် လူစုလူဝေးထဲရှိ အရပ်အရှည်ဆုံးလူကို မြင်လိုက်ရလေပြီ။ သူ့အနားတစ်ဝိုက်တွင် မည်သူမျှ သူ့ထက်အရပ်မရှည်ကြ။ 


သူ့ခင်ပွန်းက အရမ်းအရပ်ရှည်တယ်လို့ သူ့အမေပြောခဲ့တာကို မှတ်မိသွားသည်... 


ချန်ချင့် ခေါင်းအတန်ငယ်ငုံ့လိုက်ပေမယ့် သူ့မျက်လုံးတွေကိုတော့ တစ်စုံတစ်ခုက ဆွဲငင်ထားပုံရကာ ထိုနေရာသို့ မသိစိတ်က ကြည့်မိပြန်သည်။ အဆုံးတွင်မူ သူ့လက်တစ်ခြမ်းက ထုံကျင်လာပြီး နားရွက်ဖျားလေးတွေက သွေးထွက်နေသလို နီရဲလာချေပြီ။ 


နေရာတိုင်း၌ အော်ဟစ်ငိုယိုသံများကို ကြားနေရသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က စစ်တပ်မှ စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သောအခါ လော့ဟယ်ရွာမှ လူဆယ်ဦးမက ရွေးချယ်ခံလိုက်ရသည်။ ယခုအခါ အဆိုပါမိသားစုဝင်များက ရွာအဝင်ဝ၌ စုရုံးနေလေ၏။ 


ချန်ချင့်လည်း လူအုပ်ကြီးထဲမှာ သူ့အမေကို ရှာရန် သွားလိုက်သည်။ 


သူ အနည်းငယ် စိတ်ရှုပ်ထွေးနေမိလျက်။ သူ့အမေက မုန့်ထောင်းဆီကို ဘာလို့မသွားတာလဲ? 


ထို့နောက် ချန်ချင့်လည်း လူအုပ်ကို တွန်းဖယ်လိုက်ရာ လမ်းလယ်ခေါင်မှာ ငိုနေသော စွင်းတာ့ညန်ကို တွေ့လိုက်ရလေသည်။ 


သူ အမြန်ပြေးလာကာ စွင်းတာ့ညန်ကို ဖေးမလိုက်ရ၏။ 


"အမေ ဘာဖြစ်လို့လဲ?" 


နောက်ဆုံးတွင် စွင်းတာ့ညန်သည် ဖေးမမှုကို ရလိုက်သည်နှင့် မတ်တပ်ပြန်ရပ်လိုက်ပြီး သန်မာပြီး အရပ်မြင့်မြင့်လူဆီသို့ လျှောက်သွား၍ 


"နင်တို့ အမှတ်များမှားနေတာလား? ငါ့သားလေးက... ဘယ်လိုလုပ်ပြီး သေသွားရမှာလဲ" 


ချန်ချင့်၏ မျက်နှာမှာ ဖြူဖျော့သွားရလျက်၊ ထိုအချိန်တွင် စွန်းတာ့ညန်ကပဲ သူ့ကို ဖေးမထားရသည်လား၊ သူကပဲ စွင်းတာ့ညန်ကို ဖေးမထားရသည်လား သူ မသိတော့ချေ။ 


သူ့ခင်ပွန်း သေပြီလား? 


xxx