Ch-3
Viewers 98

ချန်ချင့် စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ သူ့အမေကို ထောက်ပံ့ရန် အတွေးတစ်ခုသာ ရှိတော့သည်။ သူ့အမေဟာ မျက်နှာကို အလွန်ဂရုစိုက်သူတစ်ဦးဖြစ်၍ သူမ၏ စိတ်ပြိုလဲနေခြင်း၊ ဝုန်းဒိုင်းကြဲနေခြင်းတို့အား တခြားသူများကို မတွေ့စေချင်မှန်း သေချာပါ၏။ 


ချန်ချင့်လည်း သူ့စိတ်သူဖြေလျှော့လိုက်ပြီး စွင်းတာ့ညန်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း 


"အမေ၊ အမေ၊ စိတ်အေးအေးထားပါ... အခြေအနေကို အရင်မေးကြည့်ရအောင်လေ၊ အခြေအနေကို မေးကြည့်ကြမယ်နော်" 


စွင်းတာ့ညန်လည်း ချန်ချင့်၏ လက်ကို တင်းတင်းကျပ်ကျပ် ပြန်လည်ဆုပ်ကိုင်ထားကာ တာဝန်ခံ ဖြစ်ဟန်တူသည့် သတင်းသယ်ဆောင်လာသော လူဆီသို့ နှစ်ယောက်သား လျှောက်သွားလိုက်ကြသည်။ 


ချန်ချင့်သည် ရွာ၌ များသောအားဖြင့် ငြီးငွေ့ဖွယ်ကောင်းသူပင်။ သူက မှုန်ကုပ်ကုပ်နေတတ်ကာ တော်ရုံတန်ရုံ မည်သူနှင့်မျှ စကားမပြောတတ်ပေ။ 


"တစ်ဆိတ်လောက် လော့ဟယ်ရွာက မုန့်ထောင်ရဲ့ အခြေအနေလေး?" 


ချန်ချင့်၏ အသံမှာ အနည်းငယ် တုန်ယင်နေလျက်။ 


"အိုး ငါ မင်းတို့ကို လိုက်ရှာနေတာ" 


တာဝန်ခံက သူ့လက်ထဲရှိ စာအုပ်ထဲမှာ အမှတ်အသားလုပ်လိုက်ပြီးနောက် စတင်ဖတ်ရှုလာ၏။ 


"လော့ဟယ်ရွာမှ မုန့်ထောင်းဟာ ကျုံးဟွာရဲ့ ၁၂နှစ်မြောက် ကူဖင်တိုက်ပွဲမှာ ကျဆုံးခဲ့ပါသည်။ အင်ပါယာတရားရုံးက လျော်ကြေးငွေအဖြစ် ငွေ၁၀ချောင်းကို ပေးအပ်လိုက်သည်။ မင်းတို့ထဲက တစ်ယောက် လက်ဗွေလာနှိပ်လိုက်" 


တာဝန်ခံသည် သူ့အိတ်ထဲမှ ငွေအိတ်ကို ထုတ်ယူထားပြီးဖြစ်၏။ ယင်းကား ငွေ ၁၀ချောင်းအတိအကျပါရှိသည့် ငွေအိတ်ပင်။ သို့သော်ငြား ချန်ချင့်ရော စွင်းတာ့ညန်ကပါ ထိုငွေချောင်းများကို မယူလိုကြ။ 


"မြန်မြန်လုပ်၊ ငါ အလုပ်ရှုပ်နေတယ်" 


သူတို့ မယူတာကို တွေ့လိုက်ရ၍ တာဝန်ခံသည် လက်ဗွေနှိပ်ရန်အတွက် ချန်ချင့်ကို ဆွဲချင်နေလေပြီ။ သူ ချန်ချင့်၏လက်ကို ဆွဲယူတော့မည့်အခိုက် လူတစ်ယောက်က သူ့ကို တားလိုက်၏။ 


"တာဝန်ခံ ငါ လုပ်လိုက်မယ်" 


ကျိုးယွမ်သည် ကြက်သေသေနေဆဲဖြစ်သော လူနှစ်ယောက်အား ကြည့်၍ သက်ပြင်းချမိ၏။ 


ထိုတာဝန်ခံမှာ တစ်စုံတစ်ယောက်က ဤအရှုပ်အထွေးကို လာရောက်တာဝန်ယူမည်ဖြစ်သော​ကြောင့် ပျော်ရွှင်သွားရသည်။ သူသည် စကားလုံးအနည်းငယ် ကျိန်ဆဲပြီးနောက် လက်ဖက်ရည်သောက်ရန် ထွက်သွားတော့သည်။ 


ကျိုးယွမ်က ပေါင်တစ်ထောင်ခန့် အလေးချိန်ရှိသော ငွေ၁၀ချောင်းကို ကမ်းပေးလျက် : "ဆုံးရှုံးမှုအတွက် ထပ်တူဝမ်းနည်းရပါတယ်" 


ချန်ချင့် မယူချင်ပါပေ။ သူ မော့ကြည့်လိုက်တော့ ထိုလူကို မြင်လိုက်ရ၍ ချက်ချင်း ခေါင်းပြန်ငုံ့လိုက်မိသည်။ သူ့ဘေးမှာ ရပ်နေသော စွင်းတာ့ညန်က သူမသား၏ ဘဝနှင့် လဲလှယ်ထားသည့် ငွေအိတ်ကို ကြည့်ကာ ထပ်သည်းမခံနိုင်တော့ဘဲ နေရာမှာတင် မူးလဲသွားတော့သည်။ 


ချန်ချင့်က စွင်းတာ့ညန်ကို လက်တစ်ဖက်ဖြင့် ထိန်းပေးထားပြီး နောက်လက်တစ်ဖက်ဖြင့် ငွေအိတ်ကို တုန်တုန်ယင်ယင် ယူလိုက်ရသည်။ သူ့ကျောမှာ စွင်းတာ့ညန်ကို သယ်ထားရင်း ကျိုးယွမ်၏ လမ်းညွှန်ချက်ကို လိုက်နာကာ စာအုပ်ပေါ်မှာ လက်ဗွေနှိပ်လိုက်၏။ 


အလွန်အမင်း ဝမ်းနည်းပက်လက်ဖြစ်နေသည့် စွင်းတာ့ညန်ဟာ သူ့ကျောပေါ်မှာ ရှိနေသလို သူ့လက်ထဲမှာလည်း ငွေ၁၀ချောင်းရှိနေ၏။ 


သူတို့ပတ်ပတ်လည်တွင် ပြန်လည်တွေ့ဆုံရလို့ ဝမ်းသာမျက်ရည်ကျနေကြသော လူတို့၏ အသံများကို ကြားနေရလျက်။ သူတို့နှစ်ဦးသာ ပျားပန်းခတ်လှုပ်ရှားမှုများနှင့် လိုက်ဖက်မှုရှိမနေခဲ့ချေ။ 


ကျိုးယွမ်သည် သူ့အမေကို ထောက်ပံ့ပေးထားသော ပိန်ပိန်ပါးပါး ကျောပြင်လေးကို ကြည့်ရင်း သူတို့ အနာဂတ်မှာ ဘယ်လောက် ခက်ခဲလိုက်လေမလဲဆိုတာ သူမသိတော့။ 


ထို့နောက် သူတို့နှင့်အတူ ပါလာသော ရုံးတော်ဝန်ထမ်းဆီ သူ လျှောက်သွားခဲ့သည်။ ရုံးတော်ဝန်ထမ်းက သူ့ကိုတွေ့လိုက်သည်နှင့် လော့ဟယ်ရွာ၏ ရွာသူကြီးဆီသို့ သူ့အား အမြန်ခေါ်ဆောင်သွားပါတော့သည်။ 


"ရွာသူကြီး၊ ဒါက ကျိုးယွမ်ပါ။ သူက စစ်မြေပြင်မှာ ဂုဏ်ထူးဆောင်နိုင်ခဲ့တာ။ သူ့မွေးရပ်မြေမှာ တစ်ယောက်မှ မရှိတော့လို့ တရားရုံးက သူ့ကို ဒီရွာမှာပဲ အခြေချဖို့ စီစဉ်ပေးလိုက်တယ်။ သူ့အတွက် နေထိုင်ဖို့ မြေရယ်၊ စိုက်ပျိုးလယ်မြေကောင်း ငါးဧကပေးလိုက်တယ်" 


ရွာသူကြီးသည် ဤအကြောင်းကို သိရှိထားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်၍ အံ့သြမနေပါချေ။ ကျိုးယွမ်၏ နေအိမ်တည်နေရာကို ယခင်ကတည်းက ရွေးချယ်ထားခဲ့ပြီး မြေသြဇာကောင်းသော လယ်မြေကို အလွတ်ထားကာ သူ့အလာကို စောင့်ဆိုင်းနေခဲ့ပေသည်။ 


ကျိုးယွမ်က ရွာသူကြီးကို ကျေးဇူးတင်လိုက်၏။ သူသည် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အကြာကြီးမနေချင်သဖြင့် လက်သမားဆရာကို ရှာရန် မြို့ကို သွားဦးမည်ဟု ပြောလိုက်သည်။ 


ယခုအခါ သူသည် မြို့ထဲက တည်းခိုခန်းမှာ နေထိုင်နေရဆဲဖြစ်၍ အိမ်ကို ပြင်ဖို့ရာ ပထမဦးစားပေးပင်။ 


ရွာရှိ ပျားပန်းခတ်လှုပ်ရှားမှုဟာ ချန်ချင့်၏ မိသားစုနှင့် မသက်ဆိုင်ခဲ့။ လူ၁၀ဦး အတူတူသွားခဲ့ကြပေမယ့် မုန့်ထောင်းတစ်ဦးတည်းသာလျှင် ပြန်မလာနိုင်ခဲ့ပေ။ 


ချန်ချင့်သည် သူ့လက်ထဲမှာ ငွေချောင်း ၁၀ချောင်း ကိုင်ထားလျက် သူ့အမေကို ကုတင်ပေါ် တင်ပေးလိုက်၏။ ဒါတွေဟာ ဒီတိုင်းရိုးရိုးငွေ ၁၀ချောင်း မဟုတ်ဘဲ သူ့အမေရဲ့ ဘဝတစ်သက်တာ မျှော်လင့်ချက်ဖြစ်မှန်း သူ ခံစားမိပါရဲ့။ 


ချန်ချင့်သည် မကြာမီ သူမ နိုးမလာနိုင်သေးကြောင်း တွေ့လိုက်ရသဖြင့် ငွေအိတ်ကို သူမ၏ ခေါင်းအုံးဘေးမှာ ထားခဲ့ကာ အပြင်မှာ အလုပ်သွားလုပ်ပြန်သည်။ အမှန်တကယ်တော့ ခြံထဲက အလုပ်တွေအားလုံး သူ ပြီးစီးသွားပြီဖြစ်၏။ သူ့နှလုံးသားထဲက ကွက်လပ်ကို ဖြည့်ဖို့ရာ အဓိပ္ပါယ်မရှိသော လုပ်ရပ်ကို ပြန်လုပ်နေခြင်းသာ။ 


မုန့်ထောင်းအပေါ် သူ့ထင်မြင်ချက်မှာ အခြားသူများ၏ စကားတွေထဲမှသာ ဖြစ်ခဲ့သည်။ ယနေ့ မုန့်ထောင်းအား လူချင်းတွေ့ရတော့မယ်လို့ ထင်ခဲ့သော်လည်း သူ လူမှားသွားမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။ 


ယနေ့ သူ့လုပ်ရပ်များကို ပြန်တွေးမိရင်း ချန်ချင့် ရှက်လွန်းလို့ သူ့ကိုယ်သူ မြေမြှုပ်ပစ်ချင်သွားရသည်။ သူ့အမေက ဒီလိုမျိုးနာကျင်ခံစားနေရချိန်မှာ သူကတော့ တကယ်... 


ယခု ပြန်တွေးဖို့တောင် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူ့ကိုယ်သူ ဆွဲဆိတ်လိုက်ကာ သူ့လက်ထဲမှ တံမြက်စည်းကို လွှတ်ချလိုက်ပြီး တံခါးဝ၌ အားပျော့စွာ ထိုင်လိုက်တော့သည်။ 


နေသည် တဖြည်းဖြည်း အနောက်ဘက်ယွန်းယွန်းသို့ ဝင်သွားချေပြီ။ အခန်းထဲရှိ စွင်းတာ့ညန်က ထလာမည့် အရိပ်အယောင်မပေါ်ပေ။ ချန်ချင့် ချက်ပြုတ်ပြင်ဆင်ထားသော စားစရာတွေဟာလည်း အေးသွားလိုက် အပူပြန်ပေးလိုက်လုပ်နေခဲ့ရသည်။ 


လုံးဝမှောင်ပိန်းသွားသည့်အခါ ချန်ချင့် ဆီမီးအိမ်ကို ကိုင်လျက် စွင်းတာ့ညန်၏ အခန်းထဲသို့ ဝင်လာခဲ့သည်။ 


"အမေ" 


ကုတင်ပေါ်ရှိလူမှာ လုံးဝလှုပ်ရှားမှုမရှိဘဲ နေ့လယ်က အနေအထားအတိုင်းရှိနေဆဲ။ 


"အမေ ထပြီး တစ်ခုခုစားပါဦး" 


ချန်ချင့် ဆီမီးအိမ်ကို ကုတင်ဘေးမှာ ထားလိုက်ပြီး နေ့ခင်းက သူ ချက်ပြုတ်ထားသော ပြောင်းဖူးယာဂုကို ယူလာကာ ကုတင်ပေါ်မှ စွင်းတာ့ညန်ကို ကြည့်နေမိသည်။ 


စွင်းတာ့ညန်ကတော့ မလှုပ်မယှက်ဖြစ်နေဆဲ။ 


"အမေ ဘဝက ရှေ့ဆက်သွားနေရမှာပဲလေ" 


ချန်ချင့် ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး : "အခုကစပြီး ကျွန်တော်တို့ အရင်အတိုင်းပဲ..." 


သူ့စကားမဆုံးခင်မှာပင် စွင်းတာ့ညန် ထထိုင်လာကာ ချန်ချင့် ယူလာသည့် ပန်းကန်လုံးကို ပစ်ထုတ်လိုက်၍ ယာဂုတွေ ကြမ်းပြင်ပေါ်မှာ ပွစာကျဲသွားတော့သည်။ 


သူမ စိတ်ဓာတ်ကျ​နေမှန်း ချန်ချင့် သိပါ၏။ သူမ၏ မျက်လုံးများမှာ မှောင်မိုက်နေကာ တောက်ပခြင်းမရှိတော့။ ချန်ချင့် သူမလက်ကို ဆုပ်ကိုင်ထားလျက် ပြောလိုက်သည်။ 


"အမေ ကျွန်တော်တို့လဲ ကိုယ့်ဘဝကို ဆက်ရှင်သန်ရဦးမယ်လေနော်" 


စွင်းတာ့ညန် သည်းမခံနိုင်တော့ဘဲ မျက်ရည်များကျလာကာ 


"ဘာလို့လဲ? လူတိုင်းပြန်လာနိုင်ကြပေမဲ့ ဘာလို့ ငါ့ထောင်းဇီတစ်ယောက်ထဲကပဲ ပြန်မလာနိုင်ခဲ့တာလဲ?" 


"ဘုရားသခင်က ဘာလို့ ဒီလောက်ရက်စက်ရတာလဲ! ငါ့ရဲ့ လူလတ်ပိုင်းအရွယ်မှာ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတယ်၊ အခုလဲ ဆံဖြူက ဆံမည်းကို ပို့ပေးရဦးမယ်တဲ့!" 


"အခု ဘာမျှော်လင့်ချက်မှမရှိတော့ဘူး၊ ဘာမှမကျန်တော့ဘူး!" 


သူမ အရင်လို တည်ငြိမ်နေခြင်း အလျဥ်းမရှိတော့။ ဒေါသူပုန်ထနေကာ အိမ်တွင်းရှိ အရာအားလုံးကို ဖျက်စီးပစ်နေသော်ငြား သူမ၏ ဒေါသကို မဖွင့်ထုတ်နိုင်သေး။ အိမ်ကို ရှုပ်ပွနေအောင် လုပ်ပြီးသည့်နောက် စတင်ငိုပြန်သည်။ 


ချန်ချင့် အခန်းထဲမှာ ရပ်နေကာ သူမကို တိတ်တဆိတ် အဖော်ပြုပေးနေခဲ့သည်။ 


ခဏအကြာတွင် စွင်းတာ့ညန် မတ်တပ်ထရပ်ကာ သူမ၏ ဆံပင်များကို သပ်လိုက်သည်။ ကုတင်ပေါ်မှ ငွေအိတ်ကို တွေ့လိုက်၍ ဖွင့်ကြည့်လိုက်ပြီး ချန်ချင့်၏လက်ကို ဆွဲကာ 


"မင်းက ငါတို့မိသားစုထဲ လက်ထပ်ပြီးကတည်းက ထောင်းဇီနဲ့ တစ်ခါမှမဆုံရသေးဘူး။ ဒီ၅နှစ်အတွင်းမှာ မင်း အများကြီးခံစားခဲ့ရတာပဲ" 


သူမ ငွေအိတ်ထဲက ငွေချောင်းအားလုံးကို ထုတ်ယူကာ 


"မင်းက ကလေးကောင်းပဲ။ ပြီးတော့ ငယ်လဲငယ်သေးတယ်" 


ချန်ချင့် ဒီကိုရောက်လာတုန်းက အသက် ၁၆နှစ်သာရှိသေးသည်။ ယခု ၅နှစ်ကုန်လွန်သွားသည့်အခါ သူ့အသက် ၂၁နှစ်သာ ရှိပါသေးသည်။ 


"ငါ မင်းကို ငါးနှစ်လောက် နှောင့်နှေးစေခဲ့မိပြီ။ ငါ့မှာ ပိုက်ဆံသိပ်မရှိဘူး၊ ဒါပေမဲ့ ဒီငွေ၁၀ချောင်းနဲ့ဆို မင်း နေရာကောင်းကောင်းတစ်ခုမှာ အခြေချလို့ရလိမ့်မယ်။ မင်း နောက်အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု စဖို့ပဲဖြစ်ဖြစ် တစ်နေရာရာကို ရှာနိုင်မှာပါ..." 


ချန်ချင့် ငွေတွေကို သူမလက်ထဲ ပြန်ထည့်ပေးလိုက်ရင်း 


"အမေ ဘာတွေပြောနေတာလဲ? ကျွန်တော်က မုန့်မိသားစုထဲ လက်ထပ်ဝင်ပြီးသွားပြီ။ အခု အမေက ကျွန်တော့်ကို အိမ်ကနေ နှင်ထုတ်တော့မလို့လား?" 


စွင်းတာ့ညန် တစ်ညတည်း အသက်၁၀နှစ်လောက် အိုစာသွားပုံပေါ်သည်။ 


"မင်းနဲ့ ထောင်းဇီက တစ်ခါမှမဆုံဖူးဘူး။ ဒါကြောင့် ဒီအိမ်ထောင်ရေးကို ထည့်တွက်ဖို့မလိုဘူး" 


ချန်ချင့် ခေါင်းခါကာ : "မဟုတ်ဘူးလေ အမေ၊ ကျွန်တော်တို့ လက်ထပ်ပြီးသွားပြီ၊ ကျွန်တော်တို့မှာ လက်ထပ်လက်မှတ်ရှိတယ်" 


သူ့စကားလုံးများဟာ စွင်းတာ့ညန်ကို သတိပေးလိုက်သလိုပင်။ 


"ဟုတ်သားပဲ၊ လက်ထပ်လက်မှတ်ရှိနေသေးတာပဲ။ ငါ မင်းအတွက် လက်ထပ်လက်မှတ်ကို ပယ်ဖျက်ပေးဖို့ ရွာသူကြီးဆီ သွားပြောရမယ်..." 


သူမပြောသည့်အတိုင်း ​အပြင်ထွက်ချင်ခဲ့ပေမယ့် ချန်ချင့်က စွင်းတာ့ညန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ စွင်းတာ့ညန်သည် ယခု ပုံမှန်စိတ်အခြေအနေရှိဟန်မတူ။ 


သူမပြောနေသမျှ၊ လုပ်နေသမျှဟာ သူမ၏ နာရေးအတွက် စီမံနေသလိုပင်။ သူမက ချန်ချင့် အခြေချနေထိုင်ဖို့အကြောင်းပါ တွေးနေခဲ့သေးသည်။ 


ရုန်းကန်ပြီးနောက် စွင်းတာ့ညန် ခွန်အားမကျန်တော့ပေ။ သူမ ငိုပြန်သည်၊ ချန်ချင့် လည်း ငိုခဲ့သည်။ 


သူတို့၏ ဝမ်းနည်းစရာအတိတ်အတွက်၊ မမြင်ရသော အနာဂတ်အတွက် ငိုကြွေးမိကြခြင်းပင်။ 


စွင်းတာ့ညန် စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်လာသည်ကို မြင်လိုက်သည်နှင့် ချန်ချင့်လည်း အိမ်ထဲရှိ အရှုပ်အထွေးများကို သန့်ရှင်းရေးလုပ်လိုက်၏။ ထို့နောက် ရိုးရိုးရှင်းရှင်း ခေါက်ဆွဲပြုတ်လုပ်ခဲ့ပြီး ကြက်ဥတစ်လုံးယူကာ စွင်းတာ့ညန်အတွက် ကြက်ဥပေါင်း လုပ်လိုက်သည်။ 


ဆီမီးမှိန်မှိန်အောက်၌ ချန်ချင့်လည်း စွင်းတာ့ညန်ကို အာရုံစိုက်ကြည့်နေရသည်။ သူမ ခေါက်ဆွဲနှင့် ကြက်ဥပေါင်း စားလိုက်တာကို သူ ကြည့်နေပြီးနောက် စိတ်သက်သာရာရသွားလေပြီ။ 


ချန်ချင့် ညဘက်တွင် သူ့အခန်းထဲ ပြန်မအိပ်ဝံ့ချေ။ စွင်းတာ့ညန်၏ တံခါးဝတွင် စောင့်ကာ မှိန်းနေလျက်။ သူအိပ်ပျော်နေချိန်တွင် စွင်းတာ့ညန် မိုက်မဲသည့်တစ်ခုခုကို လုပ်လိုက်မှာကို စိုးရိမ်နေမိသည်။ 


နောက်နေ့မနက်စောစောတွင် စွင်းတာ့ညန် အိပ်ရာမှထကာ တံခါးကို ဖွင့်လိုက်သည်နှင့် တံခါးဝမှာ ကွေးကွေးလေး အိပ်ပျော်နေသော ချန်ချင့်ကို တွေ့လိုက်ရ၏။ 


သူမ နှလုံးသား ချဉ်သွားသလို ခံစားလိုက်ရပြီး ချန်ချင့်၏ ကလေးဆန်နေသေးသော မျက်နှာလေးကို ကြည့်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ 


မြို့ထဲ၌ သူမ လူပွဲစားနှင့် တွေ့သည့်အချိန် ပထမအကြည့်မှာပင် လူတွေဝန်းရံနေ၍ မြေကြီးထဲ ခေါင်းဝင်လုနီးနီး ငုံ့ထားသော နူးနူးညံ့ညံ့ မျက်နှာသေးသေးလေးနှင့် ချန်ချင့်ကို တွေ့လိုက်ရသည့် ထိုနေ့ကို သူမ မှတ်မိနေပါသေးသည်။ 


ပတ်ဝန်းကျင်ရှိ လူများဟာ ချန်ချင့်ဟာ ငွေသုံးချောင်းနှင့် မထိုက်တန်ကြောင်း ပြောနေကြသော်လည်း သူမကတော့ ချန်ချင့်လေးကို အိမ်ပြန်ခေါ်သွားဆဲပင်။ 


လွန်ခဲ့သည့်ငါးနှစ်အတွင်း သူတို့နှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး မှီခိုလာခဲ့ကြသလို ချန်ချင့်လေးကိုလည်း သူမ၏ကိုယ်ပိုင်ကလေးအဖြစ် မှတ်ယူထားပြီးသည်မှာ အတော်ကြာလေပြီ။ 


သူက သူမကို စောင့်ကြည့်ဖို့ ဒီမှာလာအိပ်နေတာလား? ညဘက်မှာ သူမ မိုက်မဲတဲ့ တစ်ခုခု လုပ်လိုက်မှာကို သူ ကြောက်နေတာလား? 


ဘယ်လိုတောင် ရူးနှမ်းတဲ့ကလေးလဲကွယ်... သူမသာ တကယ်သေသွားရင် ချန်ချင့်က ဘယ်လိုလုပ်မှာလဲ? သူက ဒီရွာသားမဟုတ်ဘူးလေ၊ နောက်ပြီးတော့ အခုဆို သူက မုဆိုးဖိုလေးဖြစ်သွားပြီ။ သူမသာ မရှိတော့ရင် သူ ဘယ်လိုများရှင်သန်မှာလဲ? 


စွင်းတာ့ညန်သည် ချန်ချင့်၏ ခေါင်းလေးကို ညင်သာစွာ ထိကိုင်လိုက်သည့်အခါ ချန်ချင့် ရုတ်တရက် လန့်နိုးလာ၏။ သူ ထိတ်လန့်နေရာမှ သတိပြန်ဝင်မလာသေးခင် သူ့ဘေးမှာ ဆောင့်ကြောင့်ထိုင်နေသော စွင်းတာ့ညန်ကို တွေ့လိုက်ရသည်။ 


ချန်ချင့် ချက်ခြင်းထလိုက်ပေမယ့် သူ့ခြေထောက်တွေက တစ်ညလုံးကွေးထား၍ အခု ဘာမှမခံစားရတော့ဘဲ ထုံကျင်နေလေပြီ။ 


စွင်းတာ့ညန်က သူ့ကို ကူပေးလိုက်ရင်း : "အနားသွားယူလိုက်ဦး၊ ငါ မနက်စာပြင်လိုက်မယ်" 


"အမေ..." 


ချန်ချင့် သူမအား ကြည့်လိုက်၏။ သူ့မျက်စိအောက်မှ ပျောက်ကွယ်သွားချိန် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေသည့်နှယ်။ 


စွင်းတာ့ညန် သူ့ပုခုံးကိုပုတ်၍ : "ငါ့အတွက် စိတ်ပူမနေနဲ့၊ သွားအိပ်တော့။ မနက်ဖြန် ငါတို့ တစ်ဖက်ရွာကို သွားပြီး ဈာပနအခမ်းအနားပြင်ဆင်ဖို့ တစ်ယောက်ယောက်ကို သွားရှာကြမယ်။ ငါတို့ လုပ်ကိုလုပ်ရမယ်၊ ထောင်းဇီကို တခမ်းတနား သင်္ဂြိုဟ်ပေးရမယ်" 


ချန်ချင့် ခေါင်းညိတ်ပြကာ နံရံကိုကိုင်လျက် ခြေလှမ်းလှမ်းတိုင်း နောက်ပြန်ပြန်လှည့်ကြည့်ရင်း သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။ 


xxx