Ch-4 Unicode
စွင်းတာ့ညန် သူ့ပုခုံးကိုပုတ်၍ : "ငါ့အတွက် စိတ်ပူမနေနဲ့၊ သွားအိပ်တော့။ မနက်ဖြန် ငါတို့ တစ်ဖက်ရွာကို သွားပြီး ဈာပနအခမ်းအနားပြင်ဆင်ဖို့ တစ်ယောက်ယောက်ကို သွားရှာကြမယ်။ ငါတို့ လုပ်ကိုလုပ်ရမယ်၊ ထောင်းဇီကို တခမ်းတနား သင်္ဂြိုဟ်ပေးရမယ်"
ချန်ချင့် ခေါင်းညိတ်ပြကာ နံရံကိုကိုင်လျက် ခြေလှမ်းလှမ်းတိုင်း နောက်ပြန်ပြန်လှည့်ကြည့်ရင်း သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။
သူ လုံးဝ အိပ်မပျော်နိုင်သဖြင့် အခန်းကို ဝေ့ဝဲကြည့်ရှုနေမိသည်။ ဤအခန်းမှာ ယခင်က မုန့်ထောင်း နေထိုင်လေ့ရှိသော အခန်းပင်။ ချန်ချင့် ရောက်လာသည့်အခါ ပစ္စည်းများစွာ ထပ်ထည့်ခဲ့သည်။
သူကိုယ်တိုင်ရက်လုပ်ထားသော ဝါးကန့်လန့်ကာသည်လည်း မူလ ဝါးစိမ်းစိမ်းစိုစိုလေးမှ ခြောက်သွေ့သော အဝါရောင်သို့ ပြောင်းလဲသွားခဲ့ပြီ။ အိပ်ရာမှာ သန့်ရှင်းသပ်ရပ်နေပြီး အခင်းပေါ်မှာလည်း တွန့်ရာတစ်ခုမှမရှိ။ ၄င်းကို ကြည့်ခြင်းဖြင့် ပိုင်ရှင်ဟာ အလုပ်ကြိုးစားသူဖြစ်ကြောင်း မြင်နိုင်ပေသည်။
အခန်း၏ ညာဘက်ခြမ်းတွင် ပရုတ်သစ်သားဗီရိုကြီးတစ်ခုရှိပြီး အတွင်း၌ နှစ်ကန့် ခွဲထားပါသည်။ အတွင်းကန့်နှင့် အပြင်ကန့်၏ နေရာအမြောက်အမြားတွင် မုန့်ထောင်း၏ အဝတ်အစားများနှင့် ပစ္စည်းတချို့ဖြင့် ပြည့်နေပြီး နေရာလွတ်သေးသေးလေးတွင် ချန်ချင့်၏ အတွင်းအဝတ်အစားများနှင့် ဆောင်းတွင်းအပေါ်ဝတ်အင်္ကျီ အနည်းငယ်သာ ထည့်ထားခဲ့သည်။
ကုတင်ခေါင်းရင်းက ကန့်လန့်ကာပေါ်မှာ သေတ္တာတစ်လုံးရှိပါသည်။ ၄င်းသေတ္တာမှာ သူတို့ မင်္ဂလာဆောင်အတွက် စွင်းတာ့ညန် ပြုလုပ်ပေးထားခြင်းပင်။ အတွင်း၌ ချန်ချင့်၏ ဆောင်းတွင်းဝတ်အင်္ကျီတချို့အပြင် အပ်နှင့် အပ်ချည်များလည်း ရှိသည်။
ဆောင်းရာသီ၌ ချန်ချင့်သည် ကောက်ပဲသီးနှံ စိုက်ပျိုးစရာမလိုသည့်အတွက် ပန်းထိုးလက်ကိုင်ပုဝါများ ပြုလုပ်ကာ မြို့ထဲတွင် မုန့်ဖိုးနည်းနည်း ရှာနိုင်ပေလိမ့်မည်။
ချန်ချင့် ထုံကျင်နေသော ခြေထောက်ကို ပွတ်သပ်နေကာ ဝါးကန့်လန့်ကာကို မ၍ မီးဖိုချောင်ထဲဝင်သွားပြီး သူ့အတွက် ကြက်ဥကြော်ပေးနေသည့် စွင်းတာ့ညန်ကို ကြည့်လိုက်သည်။
ချန်ချင့် ပန်းကန်လုံးထဲက ကြက်ဥကြော်ကို ကြည့်ကာ သူ့မျက်လုံးတွေ ပြူးကျယ်သွားရ၏။
"အမေ ဘာလုပ်နေတာလဲ?"
စွင်းတာ့ညန် သူ့နှုတ်ခမ်းကို အတင်းဆွဲကာ ပြုံးလိုက်ပြီး
"ငါတို့က မိဘမဲ့ မုဆိုးဖို/မတွေဆိုတော့ ဒီလောက် ခြိုးခြံချွေတာပြီး ငွေစုနေစရာ မလိုတော့ဘူး။ ကောင်းမွန်တဲ့ ဘဝနေထိုင်မှုက တခြားအရာတွေထက် ပိုအရေးကြီးတယ်လေ"
စွင်းတာ့ညန်၏ ချစ်ခင်မြတ်နိုးသော အကြည့်အောက်မှာပဲ ချန်ချင့် ကြက်ဥကြော်ကို စားလိုက်သည်။ စွင်းတာ့ညန်က ပန်းကန်လုံးကို ယူလိုက်ပြီး မေးလာ၏။
"မင်း မနေ့က မျိုးစေ့တွေ ရွေးပြီးပြီလား"
ချန်ချင့် ခေါင်းညိတ်ပြလိုက်၏။
စွင်းတာ့ညန် ပြောလာသည် : "ငါ ခဏနေရင် တောင်ပေါ်တက်ပြီး လယ်ကွင်းမှာ သွားစိုက်လိုက်မယ်။ မင်းက အိမ်မှာ တစ်ရေးတစ်မောအိပ်လိုက်ဦး၊ နိုးလာမှ လာခဲ့လိုက်"
ချန်ချင့်သည် ခဏတာ တုံ့ပြန်မှု နှေးကွေးသွားရလျက်။
သူ့အမေဟာ သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ဒီလောက်မြန်မြန်ကြီး ကျော်ဖြတ်သွားနိုင်မယ်လို့ သူ မထင်ပါပေ။ ထို့ကြောင့် သူ့အမေကို တစ်ယောက်တည်း အပြင်ကို မလွှတ်ရဲသဖြင့်
"ဒါဆို အခုသွားကြမလား?"
စွင်းတာ့ညန်လည်း သူ့ကို မဖျောင်းဖျနိုင်သောကြောင့် သူနှင့် အတူတူ သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့။ နှစ်ယောက်သား နောက်ကျောပေါ်မှာ ခြင်းတောင်းကိုယ်စီ လွယ်လျက်၊ ပုံးများကို ပုခုံးပေါ် ထမ်းပြီး တောင်ပေါ်သို့ တက်ခဲ့ကြသည်။
ရွာရှိ မိသားစုတော်တော်များများ၏ အိမ်ကို ဖြတ်သွားသောအခါ အိမ်ထဲမှ ဆူညံသံများကို သူတို့ ကြားနေရသေးသည်။ စစ်မြေပြင်မှ ပြန်လာသူများက သူတို့မိသားစုဝင်များအား အန္တရာယ်များနှင့် အခက်အခဲဒုက္ခများအကြောင်း ပြောပြနေကြလေသည်။
ချန်ချင့်သည် ခေါင်းငုံ့ကာ လမ်းမြန်မြန်လျှောက်နေသော စွင်းတာ့ညန်ကို လှည့်ကြည့်လိုက်မိသည်။
သူတို့နှစ်ဦး အလွန်လျင်လျင်မြန်မြန် အလုပ်လုပ်လိုက်ကြ၍ များမကြာမီတွင် လယ်ကွင်း၌ မျိုးစေ့အားလုံး စိုက်ပျိုးပြီးသွားခဲ့သည်။ တောင်ပေါ်ဒေသဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိုးလုံးဝမရွာသောကြောင့် ချန်ချင့် နှင့် စွင်းတာ့ညန်တို့လည်း လော့မြစ်မှာ ရေသွားသယ်ကာ စိုက်ပျိုးထားသမျှကို ရေလောင်းခဲ့သည်။
တောင်ပေါ်ရှိလူများက အလုပ်ကြိုးစားနေကြသော်လည်း တောင်ခြေရှိလူများက ပျော်ရွှင်နေကြလေ၏။
ကျိုးယွမ်သည် အိမ်အတွက် အစီအစဥ်ရေးဆွဲရန် လက်သမားဆရာတစ်ဦးကိုတွေ့ရှိသွားပြီဖြစ်ရာ များမကြာမီတွင် အိမ်ကို ပြုပြင်ရန် စတင်စီစဉ်ပါတော့သည်။
ရွာသူကြီးက သူ့အရှေ့မှာ ချီတုံချတုံဟန်ဖြစ်နေ၍ ကျိုးယွမ်လည်း သူဘာကိုဆိုလိုမှန်း သဘာဝကျကျပင် သိပေသည်။ ထို့ကြောင့် သူ့ကို လာရောက်ကူညီမည့် ရွာသားများကို ရှာခိုင်းလိုက်ပြီး ထမင်းတစ်နပ်နှင့် တစ်ရက်ကို ဆင့် ၂၀ ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ကိစ္စအဝဝကို ဆွေးနွေးပြီးနောက် ကျိုးယွမ်လည်း ရွာမှ မြို့သို့ပြန်တော့မည်အချိန်တွင် သူ မနေ့ကမှ ဆုံခဲ့ရသည့် ယောက္ခမနှင့် သားမက်လေးတို့ဟာ တောင်ပေါ်မှာ ရေသွားသယ်နေကြသည်ကို အဝေးကနေ တွေ့လိုက်ရလေ၏။
သေးသွယ်လွန်းသော ခင်ပွန်းငယ်လေးဟာ ရေသယ်ထားရင်း အကွေ့အကောက်များသည့် လမ်းကျဥ်းလေးပေါ်မှာ ခပ်မှန်မှန် လမ်းလျှောက်နေပေသည်။
သူသည် ထိုပုံရိပ်လေးကို လုံးဝမမြင်နိုင်တော့သည်အထိ ခဏလောက် စောင့်ကြည့်ပြီးနောက်မှ နောက်ပြန်မကြည့်တော့ဘဲ ရွာထဲမှ ထွက်လာခဲ့သည်။
စိုက်ပျိုးပြီးနောက် တောင်ပေါ်က ဆင်းလာသည့်အခါ ချန်ချင့်မှာ စကားပင်မပြောနိုင်လောက်အောင်ပင် မောပန်းနေလေပြီ။ သူသည် တံခါးကို မှီကာ ပင့်သက်ရှိုက်နေမိလျက်။
စွန်းတာ့ညန်က လွန်ခဲ့သည့်ငါးနှစ်က သူ့ကို ကျန်းမာရေး ကောင်းမွန်စေအောင် ပြုစုစောင့်ရှောက်ခဲ့သောကြောင့် လယ်အလုပ်များဟာ သူ့အတွက် ပြဿနာမရှိပါပေ။ သို့သော် မနေ့ညက သူ ကောင်းကောင်းမအိပ်စက်ခဲ့ရသလို ရေသယ်ကာ တောင်ပေါ်တက်ခဲ့ရ၍ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် မောပန်းနွမ်းနယ်နေလေ၏။
"မနက်ဖြန်တစ်ရက်နားပြီး တစ်ဖက်ရွာကို သွားကြတာပေါ့" စွင်းတာ့ညန်လည်း အနားယူနေသည်။
ချန်ချင့် ခေါင်းညိတ်လိုက်ပြီး : "ကောင်းပါပြီ"
ချန်ချင့် စားစရာများကို အလျင်စလို ချက်ပြုတ်လိုက်ကာ စွင်းတာ့ညန်နှင့်အတူတူ စားသောက်ပြီးနောက် အနားယူရန် အခန်းထဲသို့ အသီးသီး ပြန်သွားခဲ့ကြသည်။
သူနိုးလာသောအခါတွင် စွင်းတာ့ညန်က ခြံကို လှည်းကျင်းခြင်း၊ ကြက်ဘဲများကို အစာကျွေးခြင်းတို့ဖြင့် အလုပ်များနေပြန်သည်။ ချန်ချင့် နိုးလာမှန်း သူမ မြင်လိုက်သည့်အခါ လက်ဝှေ့ယမ်းပြရင်း
"အားချင့် လက်သမားနေရာကို သွားကြရအောင်"
လက်သမားဆရာထံ သွားတာက... ဒါပေါ့... ခေါင်းတလားဝယ်ဖို့ပဲလေ...
ချန်ချင့်က သူ့ပါပါးအတွက် ခေါင်းတလားဖိုး မတတ်နိုင်သောကြောင့် သူ့ကိုယ်သူရောင်းစားခဲ့ရသည်ပင်။
လမ်းခရီး၌ စွင်းတာ့ညန်က သူမ၏ အစီအစဥ်ကို သူ့အား ပြောပြခဲ့သည်။
"ထောင်းဇီအတွက် ပိုကောင်းတဲ့ ခေါင်းတလားတလုံးဝယ်မယ်... ဟိုဘက်ရွာမှာ ဈာပနအခမ်းအနားလုပ်တာတော်တဲ့ မိသားစုရှိတယ်... အဲဒီမှာ ဈာပနအခမ်းအနားအတွက် ကူညီပေးတဲ့သူတွေ ရှိရမယ်"
သူမသည် ဤလုပ်ငန်းစဥ်အား အလွန် အကျွမ်းတဝင်ရှိနေပါ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီလိုနည်းနဲ့ပဲ သူမ၏ ခင်ပွန်းသည်ကို ပို့ပေးခဲ့ရသည်လေ။
ချန်ချင့် တိတ်တဆိတ် နားထောင်နေခဲ့သည်။ များမကြာမီ လက်သမားအိမ်သို့ ရောက်သွားခဲ့ကြသည်။
စွင်းတာ့ညန်က သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြပြောဆိုပြီးနောက် လက်သမားက "မင်းရောက်လာတဲ့အချိန်က ကံဆိုးတာပဲ... မူလကတော့ ၂ဆက်စာရှိသေးတာ... ဒါပေမဲ့ မိသားစုနှစ်စုက ရုတ်တရက် ဝယ်လိုက်ကြတယ်လေ... အခု ငါ့မှာလဲ မရှိတော့ဘူး... အနည်းဆုံး တစ်လလောက်တော့ ကြာမယ်"
စွင်းတာ့ညန် ကြားလိုက်ရသည့်အခါ ကြောင်အသွားရလျက် : "တစ်လလောက်ကြာမှာလား"
လက်သမားဆရာက ခေါင်းတညိတ်ညိတ်ဖြင့် : "မင်း အလျင်လိုရင်တော့ မြို့မှာ တစ်ချက်သွားကြည့်ကြည့်လေ... ဒါပေမဲ့ အဲ့မှာက ပိုဈေးကြီးတယ်"
ထို့နောက် ဆိုင်ရှင်က သူတို့၏ လိပ်စာကို ချန်ထားခဲ့ရန် ပြောပြီး အပြောင်းအလဲ တစ်ခုခုရှိလာပါက အကြောင်းကြားပေးမည်ဟု ပြောခဲ့သည်။
ဆိုင်ရှင်အား ကျေးဇူးတင်စကားဆိုပြီးနောက် ချန်ချင့်က စွင်းတာ့ညန်နှင့်အတူ အိမ်ပြန်လာခဲ့သည်။ စွင်းတာ့ညန်၏ မျက်လုံးများ နီရဲလာကာ
"ငါ သူ့အတွက် တစ်ခုခု လုပ်ပေးချင်ရုံလေးပါ... ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ"
ချန်ချင့်လည်း သူမအား မည်သို့နှစ်သိမ့်ရမှန်း မသိတော့။ သူ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်ဝယ် နေသာနေသော်ငြား လူတို့၏ စိတ်ကို မသက်မသာဖြစ်စေသည်။
အိမ်ပြန်ရောက်သည့်နောက် နှစ်ယောက်လုံး အလုပ်လုပ်ရန် စိတ်မပါကြတော့၍ ခြံထဲမှာ ထိုင်လျက် မျှော်လင့်ချက်မဲ့သော မျက်ဝန်းတို့ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့ကြသည်။
"အားချင့်"
ချန်ချင့် ခေါင်းလှည့်ကာ စွင်းတာ့ညန်အား ကြည့်လိုက်သည်။
"ငါတို့လက်ကျန်ဘဝကို နေချင်တဲ့အတိုင်း ဖြတ်သန်းကြရအောင်"
စွင်းတာ့ညန် မျက်လွှာချရင်း သက်ပြင်းချလိုက်၏။
နေ့ခင်းဘက် အလုပ်မလုပ်ဖြစ်သောကြောင့် ညနေစာလည်း မချက်ဖြစ်တော့ပေ။ စွင်းတာ့ညန်က သူမအခန်းထဲသို့ အလျင်စလို မပြန်သွားခဲ့ဘဲ ဆီမီးထွန်းလိုက်ကာ ချန်ချင့်၏ အခန်းသို့ ဝင်လာပြီး ချန်ချင့်နှင့်အတူ မုန့်ထောင်း၏ အဝတ်အစားများကို ရှင်းလင်းနေခဲ့သည်။
စွင်းတာ့ညန် အ၀တ်တစ်ထည်ကို ရှာတွေ့သည့်နှင့် နောက်ကွယ်ဇာတ်လမ်းကို ချန်ချင့်အား ပြောပြနေ၏။
"ဒါက သူ့မွေးနေ့မှာ ငါလုပ်ပေးထားတဲ့ အင်္ကျီပဲ... အဲဒီတုန်းက ငါ ရှင်းရှင်းလင်းလင်း မြင်နေရတုန်းဆိုတော့ အဝတ်တွေ မြန်မြန်နဲ့ ကောင်းကောင်းလေး ချုပ်နိုင်ခဲ့တာလေ"
ချန်ချင့် ပြုံးလျက် : "ချုပ်ရိုးတွေက ကောင်းတယ်နော်... ကျွန်တော့်ဟာတွေထက် အများကြီး ပိုကောင်းတယ်"
"ဒါက သူ့အဖေရဲ့ အဝတ်ဟောင်းနဲ့ လုပ်ထားတာတွေ... အဲဒီတုန်းက မိသားစုက ဆင်းရဲတော့ သူ့အတွက် သူ့အဖေရဲ့ အဝတ်အစားတွေကိုပဲ သုံးနိုင်ခဲ့တာ"
သူတို့စကားပြောနေရင်း မုန့်ထောင်း၏ အဝတ်အစားများစွာကို ရှင်းလင်းပြီးသွားခဲ့ပြီ။ တချို့ဝတ်စုံများဟာ အသစ်ဖြစ်နေဆဲဖြစ်၍ စွင်းတာ့ညန်က အားလုံးကို သင်္ဂြိုဟ်ပစ်လိုက်ရန် အစီအစဉ်မရှိပေ။ တချို့ကို ချန်ချင့်ဝတ်ဖို့အတွက် ပြင်လို့ရသည်လေ။
သူတို့အားလုံးဟာ ဆင်းရဲနွမ်းပါးသော မိသားစုများ ဖြစ်ကြ၍ ဤအရာများနှင့် ပတ်သက်ပြီး ကြောက်ရွံ့သူမရှိကြ။
သူတို့နှင့်အတူ သင်္ဂြိုဟ်ရမည့် အဝတ်အစားများကို ထုပ်ပိုးခဲ့ပြီးနောက် စွင်းတာ့ညန် သူမအခန်းဆီ ပြန်သွားခဲ့သည်။ တောင်ရွာ၌ ညအချိန်ဟာ တိတ်ဆိတ်နေခြင်းမရှိဘဲ အင်းဆက်ပိုးမွှားသံများ အဆုံးမရှိ ကြားနေရပေသည်။
အိပ်ရာမဝင်ခင် စွင်းတာ့ညန်က မနက်ဖြန်အတွက် အစီအစဉ်ဆွဲခဲ့သည်။
သူမက မြို့ထဲ၌ ဈာပနအတွက် ပစ္စည်းများ အသင့်ရှိမရှိ မေးမြန်းရန် ချန်ချင့်အား လက်သမားဆရာဆီ သွားခိုင်းထားသည်။ သူမကတော့ ဈာပနစီစဥ်ပေးမည့်သူတွေ ဘယ်အချိန်အားလိမ့်မလဲဆိုတာ သိရန် ဟိုဘက်ရွာသို့ သွားခဲ့သည်။
လော့ဟယ်ရွာနှင့် မြို့အကြား အကွာအဝေးဟာ သိပ်မနီးသောကြောင့် ချန်ချင့် စောစောစီးစီး ထွက်ရမည်ဖြစ်၍ သူ လမ်းမှာစားဖို့အတွက် စွင်းတာ့ညန်က ဘီစကစ်ခြောက်တချို့ ဖုတ်ပေးခဲ့သည်။
နောက်တစ်နေ့ အာရုံတက်ချိန်တွင် ချန်ချင့် အိပ်ရာထပြီး အပြင်ထွက်လာခဲ့သည်။ သူ အပြင်မထွက်ခင်မှာ စွင်းတာ့ညန်အတွက် ရေနွေးပူပူ ကြိုပေးထားခဲ့သည်။ သူက ငယ်ရွယ်၍ အဆင်ပြေသော်လည်း စွင်းတာ့ညန်ကတော့ အသက်ကြီးနေပြီဖြစ်တာကြောင့် တတ်နိုင်သမျှ ရေအေးအေးကို ရှောင်ကြဥ်သင့်ပါ၏။
ချန်ချင့်ဟာ သေးငယ်သော်လည်း အလွန်မြန်ဆန်လှသည်။ နေထွက်လာသည့်အခါ သူ မြို့ကိုရောက်သွားလေပြီ။
xxx
ဘာသာပြန်ထားတာလေး အဆင်ပြေရဲ့လားမသိဘူး ဖတ်ရတာထောက်နေတာမျိုးရှိရင်ပြောပေးကြနော်...