Ch-5 Unicode
ချန်ချင့်ဟာ သေးငယ်သော်လည်း အလွန်မြန်ဆန်လှသည်။ နေထွက်လာသည့်အခါ သူ မြို့ကိုရောက်သွားလေပြီ။
မြို့တွင်းရှိ ဆိုင်များဟာ စောစောစီးစီး မဖွင့်သေး။ မုန့်ဖိုးနည်းနည်းရဖို့အတွက် လဲလှယ်ရန် ကြံရွယ်ထားသော အရင်က ပန်းထိုးထားသည့် လက်ကိုင်ပုဝါတချို့ကိုပါ သူ ယူလာခဲ့သည်။
ဤအလုပ်ကို လော့ဟယ်ရွာရှိ သူ့သူငယ်ချင်း လီရှင်းက သူ့အတွက် ညှိနှိုင်းပေးထားခဲ့သည်ပင်။ လီရှင်းဟာ တက်ကြွသူတစ်ဦးဖြစ်ပြီး ဤကိစ္စများအကြောင်း ပြောသောအခါတွင်လည်း ကြောက်လန့်ရှက်ရွံ့ခြင်းမရှိဘဲ အလုပ်ရှာရန်နှင့် ဈေးနှုန်းသတ်မှတ်ရန် သူ့၏ ထက်ရှသောလျှာကို အလျင်အမြန် သုံးခဲ့လေသည်။
ချန်ချင့် အရင်ဆုံး အထည်ဆိုင်တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။ ဆိုင်ရှင်က တံခါးဖွင့်ထားသည်ကို သူ တွေ့သော်လည်း လက်ကိုင်ပုဝါများ ရောင်းရန် အလျင်စလိုမလုပ်ဆောင်ခဲ့ပေ။ သူသည် စီးပွားရေးလုပ်ရန်အတွက် ဆိုင်ဖွင့်ထားခြင်းဖြစ်သည့်အလျောက် သူ့၏ပထမဆုံးစီးပွားရေးဟာ ငွေထွက်ဖို့မဟုတ်ဘဲ ငွေဝင်ဖို့သာ မျှော်လင့်ပေလိမ့်မည်။
ထို့နောက် ဆိုင်ရှင်က ဧည့်သည်အား အပြုံးလေးနှင့် လိုက်ပို့ပေးသွားပြီးတော့မှ ချန်ချင့်လည်း အထည်ဆိုင်ထဲကို ဝင်လာခဲ့သည်။
"ဆိုင်ရှင်... ကျွန်တော် လက်ကိုင်ပုဝါနည်းနည်း ပန်းထိုးပြီးသွားပြီ"
ချန်ချင့်က သူ့အိတ်ထဲက ချည်ထိုးထားတဲ့ လက်ကိုင်ပုဝါများကို ထုတ်ပြလိုက်သည်။
ဆိုင်ရှင်၏ အပြုံးမှာ အနည်းငယ်မှိန်ဖျော့သွားရလျက်။ ချန်ချင့်၏ ပန်းထိုးလက်ရာဟာ အလွန်ကောင်းမွန်လှသလို ကျေးငှက်များနှင့် မြက်ပင်များ အားလုံး အသက်ဝင်နေသည်။ သူ၏ ပန်းထိုးလက်ရာဟာ အလွန်ကောင်းမွန်သော်လည်း ဆန်းသစ်မှုမရှိပေ။
ဆိုင်ရှင် : "မင်းရဲ့ ပန်းထိုးလက်ရာက စင်းလုံးချောဖြစ်ပေမဲ့ ဒီပုံစံတွေက ရောင်းဖို့ သိပ်မလွယ်ဘူး"
ချန်ချင့် မျက်နှာလေး နီရဲလာကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် : "ဒါဖြင့် အခုက ဘယ်လိုပုံစံတွေ ခေတ်စားနေတာလဲဟင်"
"အိုင်း... ကောင်မလေးတွေ ကောင်လေးတွေပဲလေ... ဘာတွေကြိုက်တတ်လဲဆိုတာ မင်းမသိဘူးလား... မင်းလဲ အိမ်ထောင်သည်တစ်ဦးပဲကွာ... ဒါတွေကို ဘယ်လိုလုပ်ပြီး နားမလည်နိုင်ရတာလဲ"
ချန်ချင့် သူ့အား မည်သို့ပြန်ဖြေရမှန်း မသိသောကြောင့် ပြန်သွားပြီး နောက်မှ လေ့လာပါအုံးမယ်လို့ ပြောရုံသာရှိတော့သည်။
ဆိုင်ရှင်က သူ့လက်ကိုင်ပုဝါကို လက်ခံလိုက်ပြီး ယခင်ဈေးအတိုင်း ပေးမြဲပေးဆဲ။ ချန်ချင့် နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားခဲ့ပြီ။ ဆိုင်ရှင်က သူ့ဈေးနှုန်းကို လျှော့ချင်ပါက သူဘယ်လိုငြင်းခုန်ရမလဲ မသိပေဘူး...
ထိုအချိန်တွင် သူသည် လီရှင်း၏ ကြင်နာမှုကို အထူးတလည် လွမ်းဆွတ်နေမိပေမယ့် လီရှင်းက အချိန်တစ်ခုလောက် အဝေးရောက်နေခဲ့သည်။ သူပြောသွားတာတော့ သူနဲ့ သူ့အမေက ဟိုးအဝေးက သူ့အဖိုးအိမ်ကို ပြန်သွားပြီး ခဏလောက်နေဖြစ်ဦးမည်ဟု။
ချန်ချင့်သည် ငွေချောင်းတစ်ရာကို ကိုင်ထားရင်း အထည်ဆိုင်မှ ထွက်လာခဲ့သည်။ သိပ်မစောတော့၍ လက်သမားဆိုင် ဖွင့်သင့်နေပါပြီ။
သို့ငြား ရွာထဲမှာ သူတို့ ကြုံခဲ့ရသည့်အတိုင်း မြို့က ခေါင်းတလားဆိုင်တွင်လည်း stockမရှိတော့။ အနီးနားမြို့တစ်မြို့မှာ မိသားစုတစ်စု အသတ်ခံရသဖြင့် ခေါင်းတလားအားလုံးကို ဝယ်ယူသွားတာဖြစ်ကြောင်း ဆိုင်ရှင်က ပြောပြသည်။ ယခု သူ့တွင် ချန်ချင့်မတတ်နိုင်သော ငွေချောင်း၃၀တန် ရွှေနန်းမူခေါင်းတလားတစ်ခုသာ ကျန်ရှိတော့သည်။
ချန်ချင့် လက်လျှော့ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ချေ။ သူ ပြန်သွားပြီး စွင်းတာ့ညန်ကို ပြောပြရန် စီစဉ်ခဲ့သည်။
အပြန်လမ်း၌ ရွာမှ လူများစွာနဲ့ သူဆုံခဲ့ရ၍ ချန်ချင့်ဟာ သူ့ကို မှတ်မိမည်စိုးသောကြောင့် ခေါင်းအတင်းငုံ့ကာ လျှောက်လာခဲ့သည်။
သူက လူတွေနဲ့ ပြောဆိုဆက်ဆံတာ မကောင်းရုံလေးပါပဲ... ဒါပေမဲ့ မျက်လုံးကောင်းတဲ့သူတွေကတော့ သူ့ကို မှတ်မိနေလေရဲ့။
"ချန်ချင့် စောစောစီးစီးပါလား"
ချန်ချင့် ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ရသည်။
"တစ်ခုခုလုပ်စရာရှိလို့... ကျွန်တော် ပြန်လာတာ"
သူသည် တခြားသူတွေ ပြန်ပြောတာကိုပင် နားမထောင်တော့ဘဲ သူ့အနောက်က တစ်ခုခုလိုက်ဖမ်းခံနေရသည့်နှယ် သူ့ခြေလှမ်းများ မြန်သထက် မြန်လာခဲ့သည်။
နောက်ဆုံးတော့ သူသည် ရွာမှလူများနှင့် ထပ်မဆုံရတော့ပါပေ။ ချန်ချင့် အနည်းငယ် စိတ်သက်သာရာရသွားလျက်။
သူ အမြန်လမ်းလျှောက်နေသော်ငြား များမကြာမီ သူ့နောက်မှ နွားလှည်းသံကို ကြားလိုက်ရလေ၏။ လမ်းဟာ သိပ်မကျယ်၍ ချန်ချင့်လည်း နွားလှည်းသွားရလွယ်ကူစေရန် လမ်းဘေးသို့ ဆင်းပေးလိုက်သည်။
သို့သော် သူ့အား ဖြတ်သွားသောအခါ နွားလှည်းဟာ အရှိန်လျှော့သွားခဲ့သည်။ ချန်ချင့်က သူ့ကိုယ်သူ တောင်နံဘေးသို့ အတတ်နိုင်ဆုံး ကပ်ထားပေမဲ့ နွားလှည်းမောင်းသူ စကားပြောလာတာကို ကြားလိုက်ရလေ၏။
"အိမ်ပြန်မလို့လား"
ချန်ချင့် ခေါင်းမော့လိုက်သော်လည်း ကျိုးယွမ်၏ အကြည့်နှင့် ဆုံလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းကို ငုံ့ကာ ညင်သာစွာ ခေါင်းညိတ်ပြခဲ့သည်။
"တက်လေ... ကိုယ် မင်းကို ပေးစီးမယ်"
ချန်ချင့် ချက်ချင်း ခေါင်းခါလိုက်ပြီး "ဟင့်အင်း ရပါတယ်"
"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ တစ်လမ်းတည်း သွားနေတာပဲလေ"
ချန်ချင့်ဟာ သားရဲကြီးတစ်ကောင်ကို တွေ့ရသလိုမျိုး သူ့ဆီမှ ပုန်းနေတာကို ကျိုးယွမ် မြင်လိုက်ရ၍ မျက်မှောင်ကြုတ်မိသွားရလျက်။
ချန်ချင့် ခေါင်းခါနေဆဲ : "မဟုတ်ဘူး၊ အဆင်မပြေဘူး"
မည်သို့ပင်ဆိုစေ သူသည် အိမ်ထောင်သည်တစ်ဦးပင်။ သူ့ခင်ပွန်းသည်က ကွယ်လွန်သွားပြီဖြစ်သော်လည်း ဒီလိုမျိုး အမျိုးသားတစ်ဦးနှင့်အတူ ထိုင်လို့မရပါပေ။
ချန်ချင့်က ခေါင်းငုံ့ထားပြီး ကျိုးယွမ်အား လက်ဝှေ့ယမ်းပြလိုက်သည်။ ဆိုလိုသည်ကား သူ မြန်မြန်သွားသင့်ပြီဟု။
ကျိုးယွမ်လည်း ချန်ချင့်က သူ့ကို ကြည့်ပင်မကြည့်မှန်း တွေ့လိုက်ရ၍ နွားလှည်းကို မောင်းထွက်သွားတော့သည်။
ထိုအခါမှ ချန်ချင့် သက်ပြင်းရှည်ကြီးချလိုက်မိ၏။ သူသည် အရှေ့က နွားလှည်း ပိုဝေးဝေးရောက်သွားအောင်လို့ စောင့်ဆိုင်းရင်း သူ့ခြေလှမ်းကို အရှိန်လျှော့လိုက်သည်။
သို့သော် သူ့နှလုံးသားလေး စိတ်သက်သာရာလိုက်သည်မှာ သိပ်မကြာလိုက်ချေ။ သူ လျှောက်လာသည့်အချိန် လမ်းဘေးမှာ နွားလှည်းရပ်ထားသည်ကို တွေ့လိုက်ရလေ၏။
ချန်ချင့် : ......
ယခင်နှင့် ကွဲပြားနေတာကတော့ နွားလှည်းပေါ်မှာ အဒေါ်ဟွား ထိုင်နေခြင်းပင်။
အဒေါ်ဟွားဟာ အောင်သွယ်တော်တစ်ဦးဖြစ်ပြီး ရွာနှင့် မြို့တွင်းရှိ အတွဲပေါင်းများစွာအတွက် အောင်သွယ်လုပ်ပေးခဲ့ပါသည်။
သူမက ကျိုးယွမ်အား ဆွဲထားခဲ့သည်။ သူမဟာ အရသာရှိသော တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ရယ်ရယ်မောမော ဖြစ်နေပေမယ့် ကျိုးယွမ်ကတော့ အလွန် အေးစက်နေပြီး ရံဖန်ရံခါ သူမအား စကားတစ်ခွန်းနှစ်ခွန်းသာ ပြန်ဖြေလေသည်။
ချန်ချင့် ကျည်ဆန်ကို ကိုက်ကာ ရှေ့ဆက်ရုံသာရှိတော့သည်။ သူ နွားလှည်းဘေးရောက်သည့်အခါ အဒေါ်ဟွားက ချန်ချင့်ကို တွေ့သွားပြီး အမြန်နှုတ်ဆက်လာ၏။
"ချန်ချင့် မင်း ဒီလောက်အစောကြီးပြန်တော့မလို့လား"
ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး နွားလှည်းကို မြန်မြန်ဖြတ်သွားချင်ပေမယ့် အဒေါ်ဟွားက သူ့ကို သွားခွင့်မပြုခဲ့ပါပေ။
"ရှောင်ကျိုးရဲ့ နွားလှည်းလည်း ရွာကို ပြန်မှာလေ... ရှောင်ကျိုးရေ ချန်ချင့်ကို မင်းနဲ့အတူ ခေါ်သွားဖို့ စိတ်မရှိဘူးမလား"
ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီး : "စိတ်မရှိပါဘူး"
ချန်ချင့် ဆက်လက်ငြင်းဆိုနေသေးဆဲ။
"ဟင့်အင်း... ကျွန်တော် တကယ်မလိုပါဘူးဗျ... ရောက်ခါနီးနေပါပြီ"
ကျိုးယွမ် လေးနက်သောအသံဖြင့် : "ဒါဆို တစ်ဆင့်လောက်ပေးလေ"
ချန်ချင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့၏ ချည်ထိုးပိုက်ဆံအိတ်ထဲမှ တစ်ပြားကို ထုတ်လိုက်သည်။ မြို့မှ ရွာသို့ ပြန်လာသည့် နွားလှည်းကြေးမှာ နှစ်ဆင့်ဖြစ်ကြောင်း သူ မှတ်မိပါ၏။ အခု သူ လမ်းတစ်ဝက်နီးပါး လျှောက်လာပြီးပြီဖြစ်၍ တစ်ဆင့်ပေးသည်မှာ အကျိုးအကြောင်းသင့်ပေသည်။
ချန်ချင့်က သူ့လက်ကို အရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ကျိုးယွမ်ကလည်း ယူရန် လက်လှမ်းလိုက်သော်ငြား ချန်ချင့်က ချက်ချင်းဆိုသလို သူ့လက်ကို နောက်ပြန်ရို့သွားရာ လက်နှစ်ဖက်မှာ အရမ်းကွာဝေးသွားပြီး ချန်ချင့် လက်ထဲမှ ကြေးပြားက ကျိုးယွမ်လက်ထဲ ကျလာခဲ့သည်။ အချိန်တစ်ခုလောက် လေထဲရောက်နေသဖြင့် ကြေးပြားပေါ်ရှိ ချန်ချင့်၏ နွေးထွေးမှုလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
အဒေါ်ဟွားက ရှူးရှူးရှဲရှဲဖြစ်ကာ ချန်ချင့်အား မပျော်မရွှင်ကြည့်၍
"ဒါဆို ငါလည်း မင်းကို ပေးသင့်တာပေါ့"
တခြားသူတွေက ကောင်းတာလုပ်မှန်း သိသာနေပေမဲ့ ချန်ချင့်ကတော့ လူတိုင်းကို အရှက်ရစေခဲ့တယ်...
ကျိုးယွမ် ခေါင်းခါလိုက်ပြီး : "မဟုတ်ဘူး... ကျွန်တော်က ရွာနဲ့ မရင်းနှီးဘူးလေ... ဒီတော့ အနာဂတ်မှာ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ အဒေါ့်ကို အားကိုးရဦးမယ်"
ထိုအခါမှ အဒေါ်ဟွားက ပြန်လည်ပြုံးလာပေမဲ့ ချန်ချင့်အပေါ် သူမ၏ အမူအရာမှာ အနည်းငယ် လျော့ရဲသွားချေပြီ။ ချန်ချင့်သည်လည်း ဂရုမစိုက်ပါချေ။
သူသည် သူ့တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချကာ နွားလှည်းပေါ်မှာ တိတ်တဆိတ် ထိုင်နေခဲ့ပြီး ရွာထဲဝင်လာသည်နှင့် ချက်ချင်း နွားလှည်းပေါ်မှ ခုန်ဆင်းသွားခဲ့သည်။
"ကျွန်တော် အရင်သွားနှင့်တော့မယ်နော်... အမေက ကျွန်တော့်ကို စောင့်နေတုန်းမို့ပါ... ကျေးဇူးတင်ပါတယ်"
ကျိုးယွမ်က ထိတ်လန့်တကြား ပြေးသွားသော ချန်ချင့်အား ကြည့်၍ သူ့လက်ထဲရှိ ကြာပွတ်အား တင်းတင်းဆုပ်ကိုင်လိုက်သည်။
အဒေါ်ဟွားက သူ အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်ဟု ခံစားမိ၍ အလျင်အမြန် ပြောလာခဲ့သည်။
"ချန်ချင့်က ဒီလိုမျိုးပဲ... သူက ထင်ရသလောက် မကောင်းပါဘူး... တစ်ခါတလေ တစ်ခုခုလုပ်တဲ့အချိန် သူက အပျော်တွေကို အမြဲဖျက်စီးတတ်တယ်လေ... စိတ်ထဲမထားနဲ့ ရှောင်ကျိုးရေ"
ကျိုးယွမ် ခေါင်းညိတ်ပြီး : "ရပါတယ် အဒေါ်"
အဒေါ်ဟွားကို လိုက်ပို့ပေးပြီးနောက် ကျိုးယွမ် ရွာသူကြီးအိမ်ဆီ နွားလှည်းကို မောင်းလာခဲ့သည်။ ကျေးရွာက သူ့အား အိမ်ယာခြံမြေနေရာများစွာ ပေးထား၍ ကျိုးယွမ် ၄င်းတို့အနက် တစ်ခုကို ရွေးချယ်ခဲ့သည်။ ကျိုးယွမ် ရွေးချယ်ထားသော နေရာကို ရွာသူကြီး မြင်တော့ မျက်မှောင်ကြုတ်လိုက်၏။
"မင်း ဒီနေရာကို ရွေးချင်တာလား"
"ပြဿနာတစ်ခုခုရှိလို့လား"
ရွာသူကြီး : "နေရာက ကောင်းပါတယ်၊ ဒါပေမဲ့ အိမ်နီးနားချင်းတွေက သိပ်မကောင်းဘူး"
ကျိုးယွမ် သူ့ကိုကြည့်လိုက်သည်။
"ဘေးအိမ်မှာ နေတဲ့လူတွေက စွင်းချွေ့နဲ့ သူ့ချွေးမ မုဆိုးဖိုလေးလေ။
ကျိုးယွမ် မသိမှာစိုး၍ ရွာသူကြီးက ထပ်ပေါင်းပြောလိုက်သည်။
"အဲဒီနေ့က ရွာအဝင်ဝမှာ အသေအလဲ ငိုခဲ့တဲ့ အဘွားကြီးအိမ်လေ"
"အဲဒီတော့"
ရွာသူကြီးက သူ့ရှင်းပြချက်ကို သူ နားထောင်နေမှန်း မြင်၍ ယဉ်ကျေးမနေတော့ဘဲ
"အဲဒီစွင်းချွေ့က သူ အိမ်ထဲဝင်လာတာနဲ့ သူ့ယောက္ခမကို သတ်တယ်... လူလတ်ပိုင်းအရွယ်မှာ သူ့ယောက်ျားကို သတ်တယ်... အသက်ကြီးတဲ့အချိန်မှာကျ သူ့သားကို သတ်ခဲ့တာပဲ... ဒါကြောင့် မုဆိုးမအိမ်လို့ သမုတ်ကြတာလေ... မင်းသိပါတယ်... သူတို့ရဲ့ မကောင်းတဲ့ကံက မင်းကို ထိခိုက်လာမှာ ငါစိုးရိမ်လို့ပဲ"
"ကျွန်တော် မကြောက်ဘူး"
ကျိုးယွမ် : "အဲဒီနေရာက တိတ်ဆိတ်တယ်... ကျွန်တော်က တိတ်ဆိတ်တဲ့ နေရာတစ်ခုပဲ လိုတာ"
ကျိုးယွမ်၏ အမူအရာမှာ အရင်ကလို မကောင်းတော့ဘဲ : "ဘန်ဘက်ခါက နေ့ကောင်းရက်သာဆိုတော့ အဲဒီနေ့မှာ ဆောက်လုပ်ရေးစဖို့ ရည်ရွယ်ထားတယ်"
ရွာသူကြီးက ခေါင်းညိတ်ပြကာ : "ဖြစ်သင့်တာပေါ့... ထမင်းကျွေးမယ်လို့ မင်းပြောထားတာမလား... မင်းကိုယ်တိုင် ချက်မှာလား"
ကျိုးယွမ် ခေါင်းခါလိုက်ပြီး : "မချက်တတ်ဘူး... ကျွန်တော် တစ်ယောက်ယောက်ရှာလိုက်မယ်"
ရွာလူကြီး သူ့ပေါင်သူ ပုတ်ကာ : "ဘာလို့တခြားသူကို ရှာနေမှာတုန်းကွ... မင်းအဒေါ်က ဟင်းချက်ကောင်းတယ်လေ... အဆင်မပြေရင် ငါ့မိသားစုထဲမှာ လူတွေအများကြီးရှိတာပဲ"
ကျိုးယွမ်သည် ရွာသူကြီးမိသားစု မစားရသေးသော စားပွဲပေါ်က မည်းတူးနေသည့် ဟင်းပန်းကန်များကို တစ်ချက်ကြည့်လိုက်ပြီး
"တစ်ယောက်ယောက်ကို ဒီတိုင်း သာမန်ကာလျှံကာ ရွေးလိုက်တာ သိပ်မကောင်းဘူးလို့ ကျွန်တော်ထင်တယ်... မဲနှိုက်ကြတာပေါ့... အဲဒါက အမျှတဆုံးပဲ"
ရွာသူကြီးက သူ့ကို အိမ်ပေါက်ဝကို လိုက်ပို့ပေးခဲ့သည်။ ထွက်မသွားခင် ကျိုးယွမ် ပြောလိုက်၏။
"ရွာသူကြီးရဲ့ ခုနက စကားတွေက ဘက်လိုက်လွန်းတယ်... စွင်းတာ့ညန်ရဲ့ သားက မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ တိုက်ပွဲဝင်ရင်း သေသွားခဲ့တာ... ဒါပေမဲ့ ခင်ဗျားက သူ အသတ်ခံရတယ်လို့ ပြောခဲ့တယ်... ကျွန်တော် ဒါကို သဘောမတူဘူး... စစ်မြေပြင်ဆိုတာက အန္တရာယ်များလွန်းတဲ့ နေရာပဲလေ... စစ်သားတိုင်းကို လေးစားသင့်တယ်"
သူ ဤသို့ ပြောလိုက်သည့်အခါ သူ့မျက်နှာတွင် အပိုအလိုအမူအရာမရှိမှန်း ထင်ရှားနေပေမယ့် ရွာသူကြီးကတော့ သူ့နောက်ကျောတွင် နားမလည်နိုင်သော အေးစက်မှုကို ခံစားလိုက်ရကာ ချက်ချင်းဆိုသလို ပြောလာလေ၏။
"ဟုတ်တာပေါ့... ဟုတ်တာပေါ့... အမှန်ပါပဲ"
ထို့နောက် ကျိုးယွမ် ထွက်သွားခဲ့သည်။ ရွာသူကြီးအိမ်နှင့် မနီးမဝေးတစ်နေရာမှာ ရှိနေသော ချန်ချင့်က သူတို့၏ စကားဝိုင်းအား ကြားသွားခဲ့ရာ သူ့နှလုံးသားတစ်ခုလုံးတွင် အမျိုးအမည်မသိသော ခံစားချက်တစ်ခု ပြည့်နှက်သွားရပြီး သူ့အား အနည်းငယ် ဆုံးရှုံးသွားသလို ခံစားရစေခဲ့သည်။
xxx