Ch-6 Unicode
ရွာသူကြီးအိမ်နှင့် မနီးမဝေးတစ်နေရာမှာ ရှိနေသော ချန်ချင့်က သူတို့၏ စကားဝိုင်းအား ကြားသွားခဲ့ရာ သူ့နှလုံးသားတစ်ခုလုံးတွင် အမျိုးအမည်မသိသော ခံစားချက်တစ်ခု ပြည့်နှက်သွားရပြီး သူ့အား အနည်းငယ် ဆုံးရှုံးသွားသလို ခံစားရစေခဲ့သည်။
...
စွင်းတာ့ညန် အနီးနားရွာကို သွားခဲ့သည်မှာ အကျိုးရှိခဲ့သည်။ ဈာပနအခမ်းအနား လုပ်ချင်ပါက နှစ်ရက်ကြိုပြီးပြောရန် လိုအပ်ကြောင်း သိခဲ့ရသည်။ အသုဘအခမ်းအနားပစ္စည်းရှိသူများအား အကူအညီတောင်းကြည့်ရာ သူတို့ ကူညီပေးမည်ဟု ပြောလာသည်။
ဘာပဲဖြစ်ဖြစ် သူတို့က ဒါမျိုးနဲ့ ဆက်စပ်တဲ့ အလုပ်ကို လုပ်နေတာဆိုတော့ အသိတွေ အဆက်အသွယ်တွေရှိနေတာ ထုံးစံပဲလေ...
သူမအိမ်ပြန်ရောက်ချိန်တွင် ချန်ချင့်က ညစာပြင်ဆင်ပြီးသားပင်။ ပုံမှန်အားဖြင့် သူတို့ တစ်နေ့ နှစ်နပ်စားကြပေမဲ့ မကြာသေးမီက လယ်လုပ်ရသောကြောင့် အလုပ်လုပ်ရန်အတွက် လုံလောက်သော ခွန်အားရရှိရန် ၃နပ်စားခဲ့ကြသည်။
ယနေ့နေ့လည်၌ ချန်ချင့်သည် ဆန်ပြုတ်လုပ်လိုက်သည်။ မနက်က သူနှင့်အတူ ယူသွားခဲ့သော ပန်ကိတ်များကို လုံးဝမထိဘဲ ပြန်ယူလာခဲ့ပြီး ပြန်ပေါင်းထားလိုက်သည်။ ၄င်းတို့မှာ ပို၍နူးညံ့တာကြောင့် စွင်းတာ့ညန်၏ သွားများအတွက် ပိုမိုသင့်တော်သည်။
သူတို့ဟင်းရွက်ခြံထဲတွင် ဟင်းသီးဟင်းရွက်ရိုင်းများ ပေါက်ရောက်နေလေပြီ။ တချို့အပင်များက အဖူးလေးတွေ ထွက်နေပြီဖြစ်ရာ နူးညံ့လှ၏။ ထို့ကြောင့် ချန်ချင့်လည်း အကုန်ခူးပစ်လိုက်သည်။
ဤကဲ့သို့ ဟင်းသီးဟင်းရွက်ရိုင်းများကို ဤရာသီ၌သာ စားနိုင်ပေသည်။ တစ်ရာသီကို နှစ်ကြိမ် သုံးကြိမ်သာ။ ယင်းကား ဘာမှအထူးအဆန်းမဟုတ်သည့်အတွက် ပိုက်ဆံနှင့် ရောင်းရန် စဉ်းစားနေဖို့မလိုဘဲ ကိုယ့်အတွက်ကိုယ် စားနိုင်သည်။
ခူးဆွတ်ထားသော ဟင်းသီးဟင်းရွက်များကို ရေဆေးရန်သာ လိုအပ်ပြီး ရေနွေးပွက်ပွက်ဆူထဲတွင်ပြုတ်၍ ဆားကြမ်းနှင့် ရှာလကာရည် အနည်းငယ် ရောထည့်လိုက်ပါက အလွန်အရသာရှိသွားမည်ပင်။
စားပွဲပေါ်တွင် ချန်ချင့် တင်ထားသော နေ့လည်စာကို စွင်းတာ့ညန် မြင်လိုက်သည့်အခါ ချန်ချင့်ဟာ သူယူသွားသော ပန်ကိတ်ကို တစ်ကိုက်ပင်မစားရသေးမှန်း သူမ သိလိုက်လေပြီ။ သူမ ထိုင်လိုက်ပြီး ရေအရင်သောက်လိုက်၏။ ထို့နောက် ယနေ့ ဖြစ်ပျက်သမျှကို ပြောပြလာခဲ့သည်။
ချန်ချင့်လည်း ခေါင်းညိတ်ပြ၍ လက်ကိုင်ပုဝါရောင်းရငွေများကို စွင်းတာ့ညန်အား ပေးလိုက်ပြီး
"ဒါက လက်ကိုင်ပုဝါရောင်းရတဲ့ငွေပါ... ဆိုင်ရှင်က ဈေးလျှော့ချင်နေတယ်လို့ ကျွန်တော်ထင်တယ်"
သူ့ပိုက်ဆံအိတ်ထဲရှိ ကြေးဒင်္ဂါးများကို ကြည့်၍
"ဈေးညှိုနှိုင်းဖို့အတွက် နောက်တစ်ခါ မင်းနဲ့အတူ ငါလိုက်ခဲ့ပေးမယ်... မင်း ဒီငွေတွေကို ကိုယ့်ဘာသာသိမ်းထားလိုက်... မင်းလိုချင်တာ ဝယ်လေကွယ်"
ဇာထိုးပန်းထိုးစသည့် အချုပ်အလုပ်များအတွက် မရှိမဖြစ်ပစ္စည်းများကို ရွာသို့ ရံဖန်ရံခါ လာရောက်ရောင်းချကြသော ဈေးသည်များရှိသည့်အပြင် မိန်းကလေးများနှင့် ကောအာလေးများ ကြိုက်နှစ်သက်သော အဆာပြေမုန့်များလည်း ရှိသည်။ ချန်ချင့်က အစားအသောက်ပေါ်တွင် တစ်ခါမှ ပိုက်ဆံမသုံးဖူးသော်လည်း တန်ဖိုးရှိသော အရာများတွင်သာ အမြဲသုံးလေ့ရှိသည်။
ချန်ချင့်သည် စွင်းတာ့ညန်အား ပြောပြသင့်သည်ဟု တွေးကာ
"ကျွန်တော် ဒီနေ့ နွားလှည်းနဲ့ ပြန်လာလို့ တစ်ပြားပေးလိုက်တယ်"
စွင်းတာ့ညန် ခေါင်းညိတ်၍ "ငါ မင်းကို အမြဲတမ်း နွားလှည်းနဲ့ ပြန်လာခိုင်းတာလေ... ဒီနေ့တော့ မင်းက စကားနားထောင်သားပဲ... ဒါပေမဲ့ နွားလှည်း အပြန်ခက နှစ်ပြားမဟုတ်ဘူးလား"
ချန်ချင့် သူ့ခေါင်းကို ငုံ့လိုက်ကာ "အိမ်နီးချင်းနဲ့ တွေ့ခဲ့လို့ လမ်းတစ်ဝက်မှာ လိုက်စီးခဲ့လို့ပါ"
စွင်းတာ့ညန်က သူနှင့် စကားစမြည်ပြောနေရုံတင်။
"စားကြရအောင်လေ"
နေ့လယ်စာစားပြီးနောက် ချန်ချင့်က ပန်းကန်ဆေးချင်သော်လည်း စွင်းတာ့ညန်က သူ့ကို တားလိုက်ပြီး
"မင်း ခဏလောက် အနားယူလိုက်အုံး... နောက်မှ ရေသွားခပ်လိုက်နော်... ရေလှောင်ကန်က ကုန်ခါနီးပြီထင်တယ်"
ချန်ချင့် ခေါင်းညိတ်လျက် "ကောင်းပါပြီ"
သူတို့အားလုံး အများသုံးရေတွင်းမှ ရေကို သောက်ကြသည်။ သူတို့အိမ်က ရေတွင်းနှင့် အနည်းငယ်လှမ်းသောကြောင့် ရေလုံလုံလောက်လောက်ရရန် အကြိမ်တိုင်း နှစ်ခေါက်ပိုသွားယူရ၏။
အိမ်၌ရှိသော ရေလှောင်ကန်ဟာ မုန့်ထောင်းကလေးအရွယ် မုန့်ထောင်း၏ အဖေ မဆုံးပါးခင်က ပြန်ယူလာခဲ့ပေးတာဖြစ်ကြောင်း စွင်းတာ့ညန်ဆီမှ သူကြားခဲ့ရသည်။
နေ့လယ်ခဏနားပြီးနောက် ချန်ချင့်က အိမ်မှ ရေပုံးများကိုသယ်ကာ ရေတွင်းဆီ ထွက်လာခဲ့လေပြီ။ ရေတွင်းသို့ရောက်ရန် တရားမျှတစေရေးအတွက် ရွာသူကြီးက အထူးစီစဉ်ထားသော ရွာအစည်းအဝေးခန်းမအား ဖြတ်သွားရမည်ဖြစ်သည်။
ယခုအချိန်တွင် ခန်းမထဲ၌ လူတွေ တစ်ခုခုကို ဆွေးနွေးနေကြသည့်အလား လွန်စွာဆူညံနေ၍ ချန်ချင့်လည်း လူအုပ်ကြားထဲမှာ မနေချင်သဖြင့် အမြန်ထွက်လာခဲ့သည်။
ချန်ချင့် ရေပြန်သယ်လာသည့်အခါ ခန်းမရှေ့မှ ခပ်သွက်သွက် ဖြတ်လျှောက်ခဲ့သည်။ သူ့ခန္ဓာကိုယ်သေးသေးလေးဟာ ရေသယ်ထားရင်းနှင့်တောင် မြန်မြန်ပြေးနိုင်နေသေးသည်။
တစ်ဖက်မှ ရွာအစည်းအဝေးခန်းမထဲ ဝင်တော့မည့် ကျိုးယွမ်က သူ့ကို မြင်လိုက်၍ သူလျှောက်ထွက်သွားသည်ကို ကြည့်ပြီးမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
ယနေ့ အစည်းအဝေးတွင် အဓိက ဆွေးနွေးလိုသော အချက်မှာ ကျိုးယွမ်၏ အိမ်ကို ပြင်ဆင်ဆောက်လုပ်ရန်နှင့် ချက်ရေးပြုတ်ရေးအတွက် ဘယ်သူကူညီပေးရမလဲဆိုသည့်အကြောင်းပင်။
ရွာသူကြီးသည် မူလက သူ့မိသားစုအတွက် ဤကောင်းခြင်းအား သိမ်းထားချင်သော်လည်း ကံမကောင်းစွာပင် ကျိုးယွမ်ဆိုသူဟာ လေးနက်သူတစ်ဦး ဖြစ်နေ၏။ သူသည် မည်သည့်မိသားစုကို ရွေးချယ်ရမှန်းမသိ၍ မဲနှိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ရွာသူကြီးက နည်းနည်းမပျော်မရွှင်ဖြစ်သွားသော်ငြား ကျိုးယွမ်ကို ဒေါသမထွက်ရဲတာကြောင့် တစ်ရွာလုံးကို လာခိုင်းလိုက်ရသည်။
ဒီလိုကြီးကျယ်ခမ်းနားတဲ့အလုပ်ကို ရဖို့အတွက် ဘယ်သူကံကောင်းမလဲ ကြည့်လိုက်ကြတာပေါ့လေ...
များမကြာမီ ရွာသူကြီးသည် ဤနေရာ၌ လူစုရသည့် အကြောင်းရင်းကို ရှင်းပြပြောဆိုလိုက်၍ လူတိုင်း ဒီလိုကိစ္စကောင်းကို ကြားလိုက်ရသည်ကြောင့် အလွန်ဝမ်းသာနေကြသည်။ သူတို့မိသားစု ကံကောင်းဖို့ရာ စိတ်အားထက်သန်နေကြလေ၏။
ကျိုးယွမ်သည် အောက်ဘက်ရှိ လူများကို ကြည့်ရှုပြီးနောက် ရွာသူကြီးအား မေးလိုက်သည်။
"အသိမပေးရသေးတဲ့ မိသားစုတွေရှိသေးလား"
ရွာသူကြီး ခေါင်းခါပြ၍ "ဒီမှာ အားလုံးစုံပြီ... ဘယ်သူမှမကျန်ဘူး"
ကျိုးယွမ် ခုနက တွေ့လိုက်ရသောလူကို တွေးလျက် "မု့န်ထောင်းမိသားစု မလာဘူးပဲ"
ရွာသူကြီး ခဏမျှ အံ့အားသင့်သွားကာ သူ့အမူအရာပြောင်းသွားပြီးနောက် ပြောလာခဲ့သည်။
"ငါ သူ့ကို ခေါ်ဖို့သွားပေမဲ့ သူ့အိမ်မှာတစ်ယောက်မှမရှိဘူးလေ... မင်းကို မနှောင့်နှေးစေချင်လို့ ငါလဲ သူ့ကို စောင့်မနေတော့တာ"
"ဒါဆို သူ့ဆီ အကြောင်းကြားပေးဖို့ ရွာသူကြီးကို ဒုက္ခပေးရပါအုံးမယ်"
ကျိုးယွမ်သည် သူ့လက်ထဲမှာ ပြင်ဆင်လာသော မဲဘူးကို ကိုင်ထားရင်း ပြောလိုက်ပုံမှာ ရွာသူကြီးက လူသွားမခေါ်မချင်း ဤကိစ္စကို စတင်မှာမဟုတ်သည့်နှယ်။
ရွာသူကြီးက အံကြိတ်လိုက်ပြီး လူခေါ်ရန်အတွက် ချန်ချင့်အိမ်သို့ ကလေးတစ်ယောက်ကို သွားခိုင်းလိုက်၏။
ရွာသူကြီးသည် ကျိုးယွမ်က ဒီနေ့လဲ သူတို့မိသားစုအတွက် ပြောပေးလိုက်ကြောင်း သိရှိသွားပြီးနောက် သူ့မျက်လုံးများ မည်းမှောင်စပြုလာစဥ် ကျိုးယွမ်၏ စကားသံကို သူ ကြားလိုက်ရသည်။
"မုန့်ထောင်းနဲ့ ကျွန်တော်က စစ်တန်းလျားမှာ ရှိတုန်းက စခန်းအတူတူပဲ... သူသေသွားတော့ သူ့အမေကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာ"
"ဒါက ဒီလိုကိုး... ဒါကြောင့်ကိုး..."
ချန်ချင့် ရေထမ်းပြီးပြန်ရောက်ရောက်ချင်း သူ့အိမ်တံခါးမှာ စောင့်နေသည့် ရွာက ကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
"မင်းကို အစည်းအဝေးခန်းမထဲ ခေါ်နေတယ်"
ဟိုတုန်းက ကိစ္စတစ်ခုခုရှိသည့်အခါ စွင်းတာ့ညန်က အစည်းအဝေးခန်းမဆီ သွားခဲ့သော်လည်း ယခု သူ့အမေ ဘယ်သွားနေမှန်း သူမသိပါချေ။ ချန်ချင့်လည်း ခဏလောက် စောင့်နိုင်ဦးမလားဟု ပြောလိုက်သည့်အခါ ထိုကလေးက ပြောလာ၏။
"ရွာလူကြီးက မင်းကို မြန်မြန်လာခေါ်ခိုင်းထားတာ... တစ်ရွာလုံးက စောင့်နေကြပြီ"
ချန်ချင့်လည်း သွားရုံမှတပါး ရွေးချယ်စရာမရှိတော့။ သူ အစည်းအဝေးခန်းမထဲသို့ လျှောက်ဝင်လာသည့်အခါ လူတိုင်းအကြည့်က သူ့ဆီ ကျရောက်လို့လာလေပြီ။ ချန်ချင့်လည်း သူ့ကို မည်သူမျှ မမြင်နိုင်လောက်အောင် မြေကြီးထဲတိုးဝင်သွားချင်သည်အထိ အလွန်စိုးရိမ်ထိတ်လန့်နေရသည်။
"ကဲ အားလုံးရောက်ပြီ... စလိုက်ကြရအောင်"
သို့မှသာ ယနေ့ လူစုရသည့်အကြောင်းရင်းအား ချန်ချင့် သိသွားခဲ့သည်။ ကျိုးယွမ်က သူ့ကို ကူညီပြီး ထမင်းဟင်းချက်ပေးမည့် မိသားစုကို ရွေးချယ်လိုပြီး မိသားစုတစ်စုကို ဒီအတိုင်းရွေးချယ်လိုက်သည်က မသင့်လျော်သည်မို့ မဲနှိုက်ခိုင်းခဲ့သည်။
ချန်ချင့်သည် မူလက သူ့မိသားစု မပါဝင်တော့ပါဘူးလို့ ပြောချင်ပေမဲ့ ဒါဟာ ငွေရှာနိုင်သော နည်းလမ်းကောင်းတစ်ခုဖြစ်သလို သူရော သူ့အမေပါ ကိုင်တွယ်နိုင်ကြောင်း တွေးလိုက်မိသည်။
သို့သော် ကျိုးယွမ်အတွက် အလုပ်လုပ်ပေးရမည့်အကြောင်း သူတွေးလိုက်သည့်အခါ အနည်းငယ် ကိုးရိုးကားယားနိုင်သလို ခံစားနေမိလျက်။ သူ တွန့်ဆုတ်နေစဥ် လူတွေက စတင်မဲနှိုက်နေကြလေပြီ။
ရွာ၌ အိမ်ထောင်စု ၉၆စုရှိပြီး မပါဝင်သော အိမ်ထောင်စု အနည်းငယ်မှလွဲ၍ အိမ်ထောင်စု ၈၅စုမှ မိသားစုတစ်စုကို ရွေးချယ်မည်ဖြစ်သည်။ မဲဘူးထဲတွင် အနီရောင်တုတ်ချောင်းမှာ တစ်ခုတည်းသာရှိ၏။
ရှေ့ကလူများ တစ်ယောက်ပြီးတစ်ယောက် စတင်မဲနှိုက်လာခဲ့ကြပေမဲ့ ချန်ချင့်ဟာ သက်ပြင်းချသံတွေကိုသာ ကြားနေရသည်။ နောက်ဆုံးတွင် ချန်ချင့်ရှေ့သို့ မဲဘူးရောက်လာလေပြီ။
သူသည် လူတိုင်း၏ အကြည့်အောက်တွင် လက်ဆန့်ထုတ်ပြီး ကျပန်းရွေးလိုက်ရာ အနီရောင်တုတ်ချောင်းကို နှိုက်မိသွားခဲ့သည်။
ချန်ချင့်၏ ဦးရေပြားပင် ရုတ်တရက် ထုံကျင်သွားရလျက်။
တရားမျှတမှုကို ပြသရန်အတွက် ကျိုးယွမ်က ကျန်တုတ်ချောင်းများအားလုံးကို ထုတ်ပြလိုက်သည်။ အမှန်ပင် ကျန်တုတ်ချောင်းများပေါ်တွင် မည်သည့်အရောင်မှရှိမနေချေ။
ယင်းမှာ ချန်ချင့်ဟာ ကံကောင်းလွန်းသည်ဟုသာ ပြောနိုင်ပေသည်။
ထိုအချိန်တွင် သူ့ ဘေးနားရှိ လူများက တီးတိုးပြောဆိုလာကြ၏။ ချန်ချင့်က လူအုပ်အလယ်တွင် ရပ်နေသည်ဖြစ်ရာ သူတို့ပြောနေတာတွေကို ကြားနေရသည်မှာ သဘာဝပင်။
"အိုး... ဘာလို့ သူ့မိသားစုလဲ"
"ကံဆိုးတာလား မဆိုးတာလားဟေ... မုဆိုးမအမေနဲ့ မုဆိုးဖိုဆိုရင် တခြားသူတွေရဲ့ အိမ်ရဲ့ ဖုန်းရွှေကို ပျက်စီးစေမယ်လို့ နင်တို့မထင်ကြဘူးလား"
"ပညာမဲ့လိုက်တာဟယ်... ဒီလိုကိစ္စမျိုးတွေကို ရှောင်ရှားဖို့ အစပြုသင့်တယ်မလား"
xxx