Chapter 84
Viewers 9k

👻Chapter 84



ယဲ့ကျင်းကျီ၏ ဖီးနစ်သဖွယ်ရှည်လျားသောမျက်၀န်းတို့မှာ ကျဥ်းမြောင်းလျက် ထိုသင်္ချိုင်းမြေစာပုံတစ်ခုကိုစိုက်ကြည့်နေခဲ့လေသည်။ ထိုစဥ်သူကရုတ်ချည်း ခြေဆောင့်ချလိုက်လျှင် ထိုမြေစာပုံပေါ်မှ မြေကြီးများဖွာထွက်သွားလျက်မြှုပ်နှံထားသော အနက်ရောင်အခေါင်းတစ်ခုပေါ်ထွက်လာခဲ့လေသည်။


ရှီကျားမှာ ရှုပ်ထွေးနေခဲ့သည်။ သို့သော် ယဲ့ကျင်းကျီမှသူ့အားရှင်းပြလာခဲ့လေသည်။ 


"ဒီမြေစာပုံပေါ်က ပေါင်းပင်တွေပြတ်ထွက်နေတယ်..ဒီမြေစာပုံထဲက အခေါင်းကိုတူးပြီး ဒီရက်တွေကမှ ပြန်မြှုပ်ခံထားရတာ"


ရှီကျားမှာတုန်လှုပ်သွားခဲ့လေသည်။


"ပြောချင်တာက..."


ယဲ့ကျင်းကျီကသူ့အားလှည့်ကြည့်လာခဲ့သည်။


"အခေါင်းကိုတစ်ယောက်ယောက် တူးပြီးပြန်မြှုပ်ထားတာ"


ရှီကျားမှာ ထိုအနက်ရောင်အခေါင်းကိုခေါင်းလှည့်ကာကြည့်လိုက်မိလေသည်။ ရေခဲတမျှအေးစက်သောအခေါင်းမှာ မကောင်းဆိုး၀ါး၀ိညာဥ်တစ်ကောင်နှယ် ရှီကျားနှင့်ယဲ့ကျင်းကျီအား လှောင်ပြုံးနှင့်စိုက်ကြည့်နေခဲ့လေသည်။ အခေါင်းထဲမှပကတိတိတ်ဆိတ်နေသည်မှာ အတွင်း၌ မည်သည့်အရာရှိနေသည်ကို မည်သူမျှမပြောနိုင်ချေ။


ရှီကျားမှာ ယဲ့ကျင်းကျီကိုကြည့်လိုက်ပြီး ယဲ့ကျင်းကျီမှာလည်း ရှီကျားကိုပြန်ကြည့်နေခဲ့လေသည်။


ယဲ့ကျင်းကျီမှာ အခေါင်းအဖုံးအား လက်ဖ၀ါးဖြင့်ရိုက်ချလျက်ဖွင့်လိုက်လေသည်။ အခေါင်းအဖုံးမှာ ဘေးသို့ရွေ့သွားလျက် အတွင်းမှလူကိုဖော်ပြလာခဲ့သည်။


ရှီကျား၏ညာလက်မှာ လက်သီးဆုပ်အဖြစ်တင်းကြပ်စွာဆုပ်သွားလျက် မကောင်းဆိုး၀ါးနှင့် ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့လေသည်။ သို့သော်အခေါင်းအဖုံးပွင့်သွားသည်နှင့်အတွင်း၌ နူးညံ့လှပသော မိန်းမငယ်လေးတစ်ဦးလှဲလျောင်းနေလိမ့်မည်ဟု မည်သူမျှော်လင့်ထားပါမည်နည်း။ ရှီကျားမှာ ရုတ်ချည်းတန့်သွားခဲ့မိလေသည်။ သူကသတိထားနေဆဲပင်။


"ဆရာယဲ့..သူကသေနေတာလား..အသက်ရှိသေးတာလား"


အခေါင်းထဲတွင်လှဲလျောင်းနေသောမိန်းကလေး၏ကိုယ်ပေါ်တွင် ယင်စွမ်းအင်ဖျော့ဖျော့ရစ်၀ဲနေခဲ့သည်။ သို့သော်ထိုယင်စွမ်းအင်မှာ ထိုမိန်းကလေးထံမှလာသည်လား သူမ၏ဘေးမှ အလောင်း၈၈လောင်းထံမှထွက်လာသည်လား ရှီကျားဝေခွဲမရပါချေ။


ယဲ့ကျင်းကျီမှာလက်ဖ၀ါးကိုလှန်လျက် ၀ူရှန်းချင်းလီကိုထုတ်ယူလိုက်ကာ ၀ူရှန်းချင်းလီအား ရှီကျားဘေးသို့ ပျံသန်းသွားစေခဲ့သည်။ ထို့နောက်သူကိုယ်တိုင်ပင် မြေတွင်းထဲသို့ဆင်းလျက်ထိုမိန်းကလေး၏ မျက်ခုံး၂ခုကြားသို့ လက်ချောင်းဖြင့်ဖိလိုက်လေသည်။ ထိုမိန်းကလေး၏နဖူးတွင်ရွှေရောင်အလင်းတစ်ခုတောက်ပလာခဲ့သည်။ မိနစ်ပိုင်းမျှအကြာတွင်မိန်းကလေး၏မျက်လုံးမှာ ဖြတ်ခနဲပွင့်လာခဲ့လေသည်။ လက်တစ်ဖက်ကိုချက်ချင်းလှုပ်ရှားလျက် သူမမှာ မက်မွန်သစ်သားဓါးကိုဆွဲထုတ်လျက် ယဲ့ကျင်းကျီထံလှမ်း၍ထိုးသွင်းလိုက်လေသည်။


ဆရာယဲ့ ဘေးသို့ရှောင်လိုက်လေသည်။ ထို့နောက်ခြေတစ်ချက်ဆောင့်လျက် မြေတွင်းထဲမှ ထွက်သွားခဲ့သည်။


မိန်းကလေး၏မျက်လုံးများမှာ လွန်စွာနီရဲနေခဲ့သည်။ သူမမှာ ဓါးနှင့်ယဲ့ကျင်းကျီထံတဖန်ပြေး၀င်လာပြန်သည်။ ဤတစ်ကြိမ်တွင်ယဲ့ကျင်းကျီမှာ လက်၂ဖက်နှင့်ထိုမက်မွန်သားဓါးကိုဖမ်းဆုပ်လိုက်လေသည်။


တောက်ပသောလရောင်မှာ ထိုမိန်းကလေးမှ ယဲ့ကျင်းကျီ၏မျက်နှာအား အသေအချာမြင်တွေ့ရစေရန် ကူညီပေးနေခဲ့သည်။ ထို့နောက်သူမမှာနောက်ကိုဖြတ်ခနဲလှည့်ကြည့်လိုက်လျှင် ရှီကျားကိုမြင်လျက် ရှော့ခ်ရသွားခဲ့လေသည်။ သူမမျက်လုံးများမှာ ပြူးကျယ်လျက် တုန်လှုပ်စွာအော်လိုက်သည်။


"ရှင်..ရှင်ကသရဲဘုရင်ရှီပဲ..ကျွန်မရှင့်ကို 'ghosts know'တင်တဲ့ပို့စ်မှာတွေ့ဖူးတယ်...


ရှီကျား"...."


အဲနာမည်ကြီးကိုအဲလိုအကျယ်ကြီးမခေါ်လို့ရမလားကွာ..


ထိုမိန်းကလေးမှ 'ghosts know'နှင့် ထိုရူးကြောင်ကြောင်အမည်ပြောင်ဖြစ်သည့် 'သရဲဘုရင်'ဆိုသည်ကို ထုတ်အော်လာသည်နှင့် ရှီကျားမှာ ဤမိန်းကလေးမည်သူဖြစ်သည်ကို ချက်ချင်းသိလိုက်တော့သည်။


မှန်၏။


ဤမိန်းကလေးမှာ ဖေးယွီ၏ ဂျူနီယာညီမငယ် ရှောင်းကျိဂိုဏ်း၏ မိန်းကလေးတပည့် ၀မ်ကျင်းရှုပင်ဖြစ်တော့သည်။


ရှီကျားနှင့် ယဲ့ကျင်းကျီမှာ ဤဂျူနီယာညီမငယ်ကိုမမြင်ဖူးသော်လည်း သူမကမူ သူတို့အကြောင်းများကို 'ghosts know'တွင်ဖတ်ဖူးပြီးဖြစ်သည်။ သဘာ၀ကျကျဆိုရသော် ငရဲဘုရင်ယဲ့အကြောင်းကိုမူပြောနေစရာပင်မလိုတော့ချေ။ မျိုးဆက်သစ်ဆရာသခင်ငယ်များမှာ သူ့အားဖိန့်ဖိန့်တုန်အောင်ကြောက်ရွံ့ကြလေသည်။ ၀မ်ကျင်းရှူမှာ သူမတိုက်ခိုက်မိသူသည် ငရဲဘုရင်ယဲ့ဖြစ်မှန်း သိသိနှင့် သူမတစ်ကိုယ်လုံးတုန်တက်သည်အထိ ထိတ်လန့်သွားလျက် တဆက်တည်းမှာပင် ငြိမ်ကျသွားခဲ့လေသည်။


ထိုမိန်းကလေး၏အကြောက်တရားမှာဖေးယွီထက်မနိမ့်ကျချေ။ သူမအသိပြန်၀င်လာသည်နှင့်ထိုလွန်ခဲ့သောရက်များတွင် ဖြစ်ပျက်ခဲ့သည်တို့အားပြောပြလာခဲ့လေသည်။


၀မ်ကျင်းရှု၏အသံမှာတုန်ယင်နေခဲ့သည်။


"တာ..တာအိုရောင်းရင်းယဲ့..တာအ်ိုရောင်းရင်းရှီ...ကျွန်မတကယ်ပဲတောင်းပန်ပါတယ်...ကျွန်မဒီအခေါင်းထဲအပိတ်မခံရခင်အထိမကောင်းဆိုး၀ါးနဲ့တိုက်ခိုက်နေခဲ့တာ...ကျွန်မမျက်လုံးတွေပြန်ပွင့်ပွင့်ချင်းတွေ့လိုက်ရတာက ရှင်တို့ဖြစ်နေတယ်လေ..အဲဒါနဲ့ကျွန်မလည်း မကောင်းဆိုး၀ါးလို့ပဲထင်ပြီး ဓါးကိုဆွဲပြီးတိုက်ခိုက်လိုက်မိတာ"


ရှီကျားမှာ ထိုတုန့်ပြန်မှုကိုကောင်စွာနားလည်လေသည်။ လွန်ခဲ့သော၁စက္ကန့်ကမှ ဤမိန်းမငယ်လေးမှာ မကောင်းဆိုး၀ါး၀ိညာဥ်နှင့်တိုက်ခိုက်နေခဲ့သည်။ စက္ကန့်ပိုင်းအကြာ၌ သူမမျက်လုံးပြန်ဖွင့်မိချိန်တွင် ယဲ့ကျင်းကျီကိုတွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမမှာဓါးကိုဆွဲထုတ်လျက် တုန့်ဆိုင်းခြင်းမရှိတိုက်ခိုက်ခဲ့သည်မှာပုံမှန်ပင်။ 


သူကမေးလိုက်သည်။


"လွန်ခဲ့တဲ့၅ရက်လောက်က ဖေးယွီ စာပို့ထားခဲ့တယ်..သူတစ်ခုခုဖြစ်နေတယ်ဆိုပြီးတော့...အဲဒါ..ဒီကတာအိုမိန်းကလေး၀မ်..မင်းတို့ဘာတွေများဖြစ်ခဲ့ကြတာလဲ"


မိန်းမငယ်လေးမှာ ဖြစ်ပျက်ခဲ့သည်တို့ကိုပြန်သတိရသွားခဲ့ကာ သူမ၏ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့လေသည်။ သူမကိုယ်သူမပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ပြောပြလာခဲ့သည်။


"ဒီတော့ ကျွန်မအခေါင်းထဲမှ အပိတ်ခံထားရတာ ၅ရက်လောက်ရှိပြီပေါ့...ဒီလိုပါ...စီနီယာအစ်ကိုဖေးနဲ့ကျွန်မရထားစီးပြီး Gခရိုင်ဘက်ကိုရောက်လာတယ်လေ..သူကဆရာ့ကိုစိတ်တိုအောင်လုပ်ထားမိတော့ ရှောင်ထွက်ဖို့လိုနေတာ..ဖြစ်ချင်တော့ကျွန်မပထမဆုံးအကြိမ် သရဲထွက်ဖမ်းမှာနဲ့ ကြုံနေတယ်လေ..အဲဒါနဲ့ ကျွန်မကိုလည်းလမ်းညွှန်ပေးလို့ရအောင်ဆိုပြီး အတူလိုက်လာခဲ့တယ်..စီနီယာအစ်ကိုနဲ့ ဒီကတာအိုရောင်းရင်းရှီတို့ကြားကဆက်ဆံရေးကကောင်းကြတော့ ကျွန်မတို့ Xစီရင်စုကိုရောက်တဲ့အချိန် စီနီယာအစ်ကို တာအိုရောင်းရင်းရှီကိုတွေ့ချင်လာတယ်..အဲဒါနဲ့ကျွန်မတို့လည်း Gခရ်ိုင်ကိုထွက်လာခဲ့ကြတယ်..ဒါပေမယ့်ကျွန်မတို့ဘူတာကိုရောက်ရောက်ချင်းမှာပဲ ယင်စွမ်းအင်တွေအများကြီးစွဲကပ်နေတဲ့ယောကျာ်းတစ်ယောက်ကို တွေ့ခဲ့ရတယ်..သူကမကောင်းဆိုး၀ါးတစ်ကောင်ဆီကနေကပ်တွယ်ခံထားရတာ"


 á€›á€žá€Žá€€á€ťá€Źá€¸á€”သင်အယဲအကဝင်းကဝဎမသဏ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ 


ထင်တဲ့အတိုင်းပဲ ဖေးယွီကရထားဘူတာမှ စပြီးပြဿနာတက်သွားတာပဲ...


မိန်းမငယ်လေးကဆက်၍ပြောပြလာခဲ့သည်။ 


"စီနီယာအစ်ကိုက တခါတလေကျအားကိုးမရဘူးဆိုပေမယ့် သူကလူတွေကိုဓါးဆွဲပြီးကူညီပေးဖို့၀န်မလေးတတ်ဘူး..အဲဒါနဲ့ကျွန်မတို့လည်း အဲဒီလူကိုတားပြီး သူ့ကိုမကောင်းဆိုး၀ါးကပ်နေတယ်လိုသတိပေးခဲ့ကြတယ်..ဒါပေမယ့်အဲဒီလူကကျွန်မတို့ကိုတွေ့တာနဲ့ ထွက်ပြေးသွားလိမ့်မယ်လို့ ဘယ်ထင်ထားမလဲ.. ကျွန်မတို့သူ့နောက်ကနေ အကြာကြီးလိုက်ခဲ့ရတယ်..ပြီးတော့စီနီယာအစ်ကို မန္တာန်ရွတ်ပြီး သူ့ကိုယ်ပေါ်ကမကောင်းဆိုး၀ါးစွမ်းအင်ကိုဖယ်ပေးခဲ့တယ်လေ...အဲဒါနဲ့ အဲဒီလူလည်းကျွန်မတို့က ဆရာသခင်တွေဆိုတာကို ယုံသွားပြီး ကြောက်စရာကိစ္စတစ်ခုကိုပြောပြလာတယ်"


သူမ၏စကားသံမှာရပ်တန့်သွားပြီး ၀မ်ကျင်းရှု၏ အမူအယာမှာ လေးလံလာခဲ့လေသည်။ 


"သူပြောတာက သူတို့ရွာကလူတွေအကုန် အစုလိုက်အပြုံလိုက်အသတ်ခံလိုက်ရတယ်တဲ့"


ယဲ့ကျင်းကျီက လေသံနိမ့်နိမ့်ဖြင့်မေးလိုက်လေသည်။


"အဲဒီလူကလီကျားရွာကလား"


မိန်းကလေးမှာကြောင်အသွားခဲ့လေသည်။


"လီကျားရွာ ဟုတ်လား"


ရှီကျားရှင်းပြလိုက်သည်။


"အခုရောက်နေတဲ့ရွာက လီကျားရွာပဲ"


မိန်းကလေးမှာခေါင်းညိတ်လိုက်လေသည်။


"ဟုတ်သားပဲ လီကျားရွာပဲဖြစ်မှာပေါ့ အဲဒီလူကလီကျားရွာမှာမွေးတာပဲ..နောက်မှသူကအပြင်မှာအလုပ်သွားလုပ်ကပြီး သူ့ရွာကိုရှေ့အပတ်ကမှပြန်လာတာ..တစ်ရွာလုံးသေနေတာကိုတွေ့လိုက်ရတယ်လေ..သူလည်းကြောက်ကြောက်နဲ့ပြန်ပြေးလာတာ..ကျွန်မတို့နဲ့တိုက်ဆိုင်လို့ဆုံတာပဲ"


သူတို့၃ယောက်သားမှာ မိန်းကလေး၀မ်ပြောပြနေသည်ကိုနားထောင်ရင်း ယွမ်ကျားရွာသို့အတူလျှောက်လာခဲ့ကြ၏။


"အကြောင်းစုံကိုသိရတာနဲ့ စီနီယာအစ်ကိုကလည်း ရွာကလူတွေက သာမာန်သေတာမျိုးမဟုတ်ပဲ မကောင်းဆိုး၀ါးဆီကအသတ်ခံလိုက်ရတာမှန်းသိသွားတယ်လေ..သူကအဲဒီလူကို မကောင်းဆိုး၀ါးမကပ်နိုင်အောင် အကာအကွယ်မန္တာန်နည်းနည်းရွတ်ပေးခဲ့တယ်..အဲဒီလူကိုနှုတ်ဆက်ပြီးတာနဲ့ စီနီယာအစ်ကိုလည်း ကျွန်မကိုခေါ်ပြီး ဒီရွာကိုရောက်လာတာပဲ"


ချောမော၍ဖြောင့်တန်းသောမျက်ခုံးအစုံကိုကျုံ့လျက် ယဲ့ကျင်းကျီကဆိုလိုက်သည်။ 


"လူပေါင်း၁၀၀လောက်ကိုသတ်ပြီး ၀ိညာဥ်ကို၀ါးမြိုထားတာဆိုတော့ အဲဒီမကောင်းဆိုး၀ါးရဲ့၀ိညာဥ်ကအရမ်းသန်မာနေတော့မှာ..တာအိုရောင်းရင်းဖေးက တစ်ယောက်တည်းလာမယ့်အစား သတင်းအရင်ပို့သင့်တယ်"


ဆရာယဲ့မှာ ဖေးယွီအားမျက်နှာမပျက်ရအောင် မယုတ်မလွန်ဆိုပါသော်လည်း ရှီကျားမှာနားလည်နိုင်သေးသည်။ ဖေးယွီ၏ခွန်အားဖြင့် လူ၁၀၀ကျော်ကိုသတ်ဖြတ်ထားသောမကောင်းဆိုး၀ါး ၀ိညာဥ်အားမည်သို့ရင်ဆိုင်နိုင်မည်နည်း။ သူကကိုယ့်ကိုယ်ကိုယ်အလွန် အထင်မကြီးသင့်ချေ။


မိန်းကလေးမှာ ကြောင်အသွားခဲ့သည်။


"ကျွန်မနဲ့ စီနီယာအစ်ကိုက ဒီကိုမလာခင် ဆရာ့ကို wechatကနေစာပို့ထားခဲ့သေးတယ်..ကျွန်မတို့အရင်အခြေအနေသွားကြည့်မှာမို့ အမြန်လိုက်လာပါလို့လေ"


ရှီကျားနဲ့ ယဲ့ကျင်းကျီလည်း အံ့အားသင့်သွားမိကြလေသည်။


ထျန်းစစ်တောက်ရန်မှာ လောလောဆယ်တွင် သီခြားကျင့်ကြံခြင်းတွင်ရှိနေလျှင် ထိုစာကိုမြင်လိမ့်မည်မဟုတ်ချေ။


ဖေးယွီမှာ သူထွက်သွားပြီးချိန်မှာပင် ထျန်းစစ်တောက်ရန်မှာ ဒေါသထွက်လွန်း၍ ချက်ချင်းပင် သီးခြားကျင့်ကြံရန်၀င်သွားမှန်း မသိခဲ့ပါချေ။ သူကwechatမှစာကိုလုံး၀မမြင်ခဲ့ပါချေ။ ထျန်းစစ်တောက်ရန်မှာ ရွှမ်းရွှယ်လောကမှ အသန်မာဆုံးဆရာသခင်ကြီးများထဲမှတစ်ဦးဖြစ်ကာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးကြီးကိုလည်း နှစ်စဥ်တက်လေ့ရှိသူဖြစ်သည်။ ဆရာဖြစ်သူလာလိမ့်မည်ဟူသောယုံကြည်မှုနှင့် ဖေးယွီမှာ သူ၏ဂျူနီယာညီမငယ်ကိုခေါ်လျက် ဤရွာသို့အရင်ထွက်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်။


သူအတွေးမှာ ဤသို့ဖြစ်လိမ့်မည်။


'ဆရာဒီကိုအမြန်ပျံပြီးလာရင် နေ့တစ်၀က််ထက်တော့ပိုမကြာလောက်ဘူး..ငါဒီကိုရောက်တာနဲ့ ဆရာလည်းရောက်လာလောက်ပြီ'


ထျန်းစစ်တောက်ရန်မှာ သီးခြားကျင့်ကြံခြင်းသို့၀င်သွားသည်ဟုသိရသော် မိန်းမငယ်လေးမှာလည်း အံ့အားသင့်သွားခဲ့လေသည်။ သူမကဆိုလာသည်။


"ဆရာစာမပြန်တာမထူးဆန်းတော့ပါဘူး..စီနီယာအစ်ကိုကတောင် သူကညီမကိုခေါ်ပြီးရှောင်ပြေးသွားလို့ ဆရာကစိတ်ကောက်နေတာလို့တောင်ပြောနေသေးတယ်..ဒါပေမယ့်ဆရာကပါးစပ်ကသာဓါးလိုထက်တာ နှလုံးသားကတို့ဖူးလိုပဲ..သူစာကိုဖတ်ပြီးတာနဲ့ အခြေအနေကဘယ်လောက်အရေးကြီးလဲသိပြီး ချက်ချင်းလိုက်လာမှာပဲ"


ကမ္ဘာပေါ်တွင် တိုက်ဆိုင်မှုများစွာရှိလေသည်။ ထျန်းစစ်တောက်ရန်သာဤနေရာတွင်ရှိနေခဲ့လျှင် ဖေးယွီပျောက်ကွယ်မသွားခဲ့လောက်ချေ။ သို့သော်ထျန်းစစ်တောက်ရန်မှာ ဤကိစ္စကိုလုံးလုံးမသိခဲ့။


ဂျူနီယာမိန်းကလေး၀မ်မှာ ဖေးယွီပျောက်ကွယ်သွားသည်ကို သိရသော် အလွန်ရှော့ခ်ရသွားခဲ့လေသည်။


"စီနီယာအစ်ကိုရဲ့ မှော်အစွမ်းကကျွန်မထက်သန်မာတယ်လေ..ကျွန်မအခေါင်းထဲအပိတ်ခံလိုက်ရတုန်းက စီနီယာအစ်ကိုကဒဏ်ရာရထားတာတောင် တိုက်ခိုက်နိုင်နေတုန်းပဲ..သူကဘယ်လိုပျောက်သွားရတာလဲ"


ရှီကျားမှာ အဓိကအချက်ကိုဖမ်းဆုပ်လိုက်လေသည်။


"ဖေးယွီကဒဏ်ရာရထားတာလား"


မိန်းကလေးကခေါင်းညိတ်လိုက်သည်။


"စီနီယာအစ်ကိုက မကောင်းဆိုး၀ါးဆီကနေအရိုက်ခံရပြီး ဒဏ်ရာရသွားတယ်"


ရှီကျားရှော့ခ်ရစွာမေးလိုက်သည်။


"ဒါဆို မင်းကကျဘာလို့ဘာမှမဖြစ်တဲ့ပုံပေါ်နေတာလဲ"


ထိုသို့မေးခွန်းမျိုးရုတ်တရက်အမေးခံလိုက်ရသော် မိန်းမငယ်လေးမှာ ကြောင်အသွားခဲ့လေသည်။ ခတ္တမျှအကြာတွင် သူမကရှင်းပြလာခဲ့သည်။


"ကျွန်မကအားနည်းတယ်လေ..မကောင်းဆိုး၀ါးနဲ့တိုးရုံပဲရှိသေး အခေါင်းထဲတန်းပိတ်ခံလိုက်ရတာပဲ"


ရှီကျားနားလည်သည့်အလားခေါင်းညိတ်လိုက်လေသည်။


သူမမှာ မကောင်းဆိုး၀ါးထံမှ လျင်မြန်စွာအနိုင်ယူခံရပြီး အခေါင်းထဲတွင်ပိတ်ခံလိုက်ရလေရာ သူမသိသည်တို့ကသိပ်မများဘဲ ဖေးယွီမည်သည့်နေရာတွင်ရှိနေသည်ကိုလည်း မသိချေ။ သို့သော်သူမစကားများကိုပြန်လည်စဥ်းစားပြီးနောက်ရှီကျားလျင်မြန်စွာ နားလည်သွားခဲ့သည်။


"ယွမ်ကျားရွာမှာလည်း လူတွေအများကြီးသေသွားတယ်ဆိုတော့ ဒီမကောင်းဆိုး၀ါးဆီကပဲ အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်..အဲဒီမကောင်းဆိုး၀ါးက လီကျားရွာအပေါ်အတော်နက်နက်ရှိုင်းရှိုင်းအမုန်းတရားမျိုးရှိနေရမယ်...ယွမ်ကျားရွာကလည်း လီကျားရွာနဲ့အမျိုးအဆွေဖြစ်နေတယ်"


သူ၏လေသံမှာတဖြည်းဖြည်းတိုး၀င်သွားလျက် ရှီကျားမှာ မျက်လုံးအစုံ၀ိုင်းစက်သွားခဲ့လေသည်။ သူကချက်ချင်း ယဲ့ကျင်းကျီကိုလှည့်ကြည့်လိုက်သည်။


"ဆရာယဲ့ တာအိုမိန်းကလေး၀မ်က အခေါင်းထဲမှာ အပိတ်ခံထားရတယ်ဆိုရင် ဖေးယွီကရော..ဖေးယွီကလွယ်လွယ်နဲ့သေသွားမယ်လို့ကျွန်တော်မထင်ဘူး..သူလည်းအခေါင်းထဲမှာ အပိတ်ခံထားရပြီး ထွက်မလာနိုင်တာဆိုရင်ရော..


ယဲ့ကျင်းကျီမှာ ၄င်းကိုကြားသော အနည်းငယ်မျှတုန်လှုပ်သွားခဲ့လေသည်။ သူကရှီကျားအား လေးစား အံအားသင့်မှုတို့နှင့်ကြည့်လာခဲ့သည်။


"အဲဒီလိုဖြစ်နိုင်ချေများတယ်"


ရှီကျားကဆိုသည်။


"ဖေးယွီကလည်း လီကျားရွာက အခေါင်းတစ်ခုထဲမှာ အပိတ်ခံထားရတာဖြစ်နိုင်လား ဒီမှာ အခေါင်း၈၈ခုတောင်ရှိနေသေးတော့လေ.. "


ယဲ့ကျင်းကျီခေါင်းခါလိုက်လေသည်။


"ဒီ ၈၈ခုကတော့ဒီတိုင်းရှိနေတာ နှစ်၀က်လောက်ကြာပြီ..တာအိုရောင်းရင်းဖေးကဒီထဲမှာ မရှိနိုင်ဘူး"


ဖေးယွီမှာ လီကျားရွာတွင်မရှိပါက မည်သည့်နေရာတွင်ရှိလိမ့်မည်နည်း...


ဖေးယွီအပိတ်ခံထားရတဲ့ အခေါင်းကအခြားဘယ်နေရာမှာဖြစ်နိုင်သေးလဲ...


ရှီကျားတွေးနေစဥ်မှာပင် ယဲ့ကျင်းကျီ၏အမူအယာမှာ လေးလံလာလျက် စကားလုံး၂လုံးကိုဆိုလာခဲ့သည်။


"ယွမ်ကျား ရွာ"


ဟုတ်သားပဲ..ဒီလိုတောင်တွေရဲ့ကြားမှာ တခြားဘယ်နေရာမှာများရှိနိုင်ဦးမှာတဲ့လဲ..


ယွမ်ကျားရွာမှာပဲရှိရမှာပေါ့...


ရှီကျားနှင့်ယဲ့ကျင်းကျီမှာ ယခုလေးတင်ပင် ယွမ်ကျားရွာမှအခေါင်းတစ်ခုကိုတူးကြည့်ခဲ့သော်လည်း ၄င်းဘေးတွင် အခေါင်း၂၂ခုကျန်ရှိနေသေးလေသည်။ သူတို့ထိုအခေါင်းများကိုမထိခဲ့ချေ။ 


ယွမ်ကျားရွာမှမဟုတ်ရင် တခြားဘယ်မှာများရှိနိုင်ဦးမှာလဲ...


ဖြစ်ရပ်ကိုသေချာနားလည်ပြီးနောက် ၃ယောက်သားမှာ သူတို့ခြေလှမ်းများကိုအရှိန်မြှင့်လျက် ယွမ်ကျားရွာသို့ဦးတည်လိုက်ကြတော့သည်။ ယွမ်ကျားရွာသို့ရောက်သည်နှင့် ရှီကျားမှာ ထိုအရိုင်းအစိုင်းရွာသားများ၏နာနာကျင်ကျင်အော်မြည်သံများကိုပြန်ကြားလိုက်ရလေသည်။ ယဲ့ကျင်းကျီ၏ စိတ်လောင်ကျွမ်းမီးတောက်မန္တာန်မှာ သက်ရောက်မှုနာရီ၀က်ခန့်ကျန်ရှိနေဆဲပင်။ ထိုရွာသားများမှာ နာကျင်မှုကြောင့် လူးလိမ့်နေရလေရာ သူတို့၃ယောက်ရွာထဲ၀င်လာသော်လည်း တားမြစ်မည့်သူမရှိခဲ့ချေ။


သူတို့၃ယောက်မှာ ရွာထဲသို့ရောက်ရောက်ချင်းပင် မြေပုံ ၂၃ပုံကိုစတင်တူးလေတော့သည်။




👻