Chapter 1
Viewers 841

🏝️ Chapter 1

နာမည်မကြီးသူ



မေလ ၁၉၇၆


စွန်းအိုက်ကျွီက ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမမှ ပြန်လာခဲ့သည်။ သူမက ခြေလှမ်းကို အမြန်လျှောက်နေ၍ အပြာရောင်ခြင်းတောင်းဖုံးအဝတ်က ခြေလှမ်းတိုင်း ယိမ်းထိုးသွားသည်။


 "အိုက်ကျွီ ဒါကို ဘယ်ကရလာတာလဲ…" 


ရွာအဝင်ဝက ညောင်ပင်ကြီးအောက်တွင် သက်ကြီးရွယ်အို အမျိုးသမီးနှစ်ယောက် ရပ်နေသည်။ တစ်ဦးမှာ မျက်လုံးက စွေစောင်းနေကာ မျက်ခွံမို့အစ်နေပြီး ကျန်တစ်ဦးမှာ ပါးရိုးမြင့်သူဖြစ်သည်။ 


စွန်းအိုက်ကျွီ တစ်ချက်ကြည့်လိုက်ရာ အတင်းအဖျင်းပြောကာ၊ နာမည်ဆိုးရှိသော ရှန်းကန်ကျေးရွာမှ အမျိုးသမီးနှစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ စွန်းအိုက်ကျွီက ပြုံးပြီး ဆက်သွားသည်။


"ဟိုဟိုဒီဒီ လျှောက်သွားတာပါ…"

ပြောပြီးနောက် သူမ လမ်းပေါ်မှ အမြန်ထွက်သွားသည်။


မျက်လုံးစွေနေသော အမျိုးသမီးက ပြောလာသည်။

 "ဟင်း… သူ ဘာလို့ ဟန်ဆောင်နေတာလဲ… တောင်းကြီးကြီးနဲ့ဆိုတော့ ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမက ပြန်လာတာဖြစ်မယ်…"


ပါးရိုးမြင့်သည့် အမျိုးသမီးက တံတွေးထွေးပစ်လိုက်ရာ ပါးလွှာသော နှုတ်ခမ်းများကြားမှ ဖရဲသီးစေ့များ ထွက်သွားသည်။


 "စွန်းအိုက်ကျွီက ကံကောင်းပါတယ်… ငါတို့ရွာလူကြီးနဲ့ လက်ထပ်ခဲ့တာလေ… ရွာလူကြီးရဲ့ မိသားစုက သိပ်ချမ်းသာတယ်မလား…" 


ထိုစဉ် မီးခိုးရောင်အင်္ကျီဝတ်ထားသော အခြားအမျိုးသမီးတစ်ဦးရောက်လာပြီး စကားစမြည်ဆက်ပြောသည်။

"ဟုတ်တာပေါ့… မဟုတ်ရင် ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမက ပစ္စည်းတွေကို ခုလိုခက်ခဲနေတဲ့အချိန်မှာဘယ်ဝယ်နိုင်မလဲ…" 


မျက်လုံးစောင်းနေသော အမျိုးသမီးက ပြောလာ၏။

“ 'နင်'မိသားစုက သမီးနှစ်ယောက်လုံး လက်မထပ်ရသေးဘူးနော်…"


"နင်ရွှယ်နဲ့ နင်ထန် အကြောင်းပြောနေတာလား…" 


မီးခိုးရောင်ဝတ်အမျိုးသမီးက စိတ်ဝင်စားပြီး စိတ်အားထက်သန်စွာ ဆက်ပြောလာသည်။

 "နင်ရွှယ်က ကွာရှင်းထားတာလေ… နင်ထန်ဆိုရင်လည်း သင့်တော်မယ့် သူမျိုး မတွေ့သေးဘူး…" 

 

မျက်လုံး‌စွေနေသော အမျိုးသမီးက အတင်းအဖျင်း ပြောဖို့ အချက်ပြသလိုမျိုး၊ လေသံကို တိုးတိုးနှင့် သံရှည်ဆွဲ၍ ပြောလိုက်သည်။

“နင် မသိဘူးလား၊ နင်ထန်က မိသားစုကောင်းပြီး ရုပ်ရည်ကောင်းပေမယ့် အားနည်းချက်နှစ်ခုရှိတယ်…"


 "အဲ့ဒီနှစ်ခုက ဘာလဲ…"


“ ပျင်းရိပြီး အစားကြူးတယ်…” 

မြင့်မားသော ပါးရိုးပေါ်က ပေကျံနေသော ဖရဲသီးအစေ့များကို လက်ဖြင့်သုတ်လိုက်ရင်း ထိုအမျိုးသမီးက ဆက်ပြောသည်။  


"သူ့အသက် ၂၄ နှစ်ရှိပြီ… ထမင်းလည်း မချက်တတ်သေး၊ ကိုယ့်အဝတ်ကိုယ်တောင် မလျှော်နိုင်ဘူး… ငါတို့ ရှန်းကန်ရွာက အမျိုးသမီးမှန်သမျှ အကုန်လုပ်တတ်တယ်… သူပဲ နာမည်ပျက်အောင်လုပ်နေတာ…"


“ဟုတ်တယ်…” 

မျက်စိစွေသော အမျိုးသမီးက ပြောသည်။

"ကြည့်ကောင်းတော့ရော ဘာအသုံးကျလို့လဲ… ငါတို့ ရှန်းကန်ရွာက ယောက်ျားတွေအားလုံးက တော်ကြတယ်… နင်ထန်နဲ့ လက်ထပ်ရင် ဘုရားကို အိမ်ကိုပင့်လာသလိုမျိုး မိန်းမပဲ ပြုစုနေရမှာ…"


 "သူ့ဝမ်းကွဲအစ်မ နင်ရွှယ်ကရော ဘယ်လိုလဲ…"  

မီးခိုးရောင်ဝတ်ထားသော မိန်းမကြီး၌ သားလေးတစ်ယောက် ရှိသည်။ နင်မိသားစုမှ ညီအစ်မနှစ်ယောက်နှင့် အသက်အရွယ်တူပင်။ ထို့ကြောင့် သူမက ထပ်မေးလိုက်သည်။


"နင်ရွှယ်က မြေခွေးလို အကျင့်ရှိတာကလွဲရင် ကောင်းပါတယ်… သူက အရာအားလုံးကို ကောင်းကောင်းလုပ်နိုင်တယ်၊ အိမ်မှာရော အပြင်မှာပါ တော်ရှာတယ်… ဟင်းချက်တာလည်း အရမ်းကောင်းတယ်… ကံမကောင်းတာက သူ တစ်ခုလပ်ဖြစ်နေတာပဲ… ဘယ်သူက အိမ်ထောင်ကွဲမိန်းမတစ်ေယာက်ကို ယူမလဲ…"


ဤအတင်းအဖျင်းများက ကြွေကျနေသော သစ်ရွက်ခြောက်များနှင့်တူသည်။ လေတိုက်လျှင် သဲလွန်စ ပျောက်ကွယ်သွား၏။


ယခုအချိန်တွင် စွန်းအိုက်ကျွီ အိမ်ပြန်ရောက်နေပြီဖြစ်သည်။ နင်မိသားစု၏ အိမ်က ကြီးမားသော အဆောက်အဦးများ ပေါင်းဆောက်ထားခြင်းပင်။ ရှေ့တွင် ကွင်းပြင်ရှိသည်။ အလယ်မှာ အိမ်လေးလုံးရှိကာ၊ အပြင်ဘက်တွင် မီးဖိုချောင်နှင့်ရေချိုးခန်းလုပ်ထားသော အိမ်နှစ်လုံးရှိသည်။


စွန်းအိုက်ကျွီက အုတ်များဖြင့် ဆောက်ထားသော ဒုတိယအိမ်ဆီသို့ တည့်တည့်လျှောက်သွားကာ ကန့်လန့်ကာကိုတင်လိုက်သည်။ 

"သမီး ထပြီလား…"


နင်ထန်က ခုတင်ပေါ်မှာ ထထိုင်လိုက်ပြီး ခါးကို ဆန့်ထုတ်ရင်း ပျင်းရိစွာပြောလိုက်သည်။

"ခုမှထတာ အမေပြန်လာပြီလား…"


စွန်းအိုက်ကျွီ ဒေါသလည်းထွက်ကာ ရယ်သံစွက်၍ ပြောလိုက်သည်။

"အရမ်း နောက်ကျနေပြီလေ… နေဖင်ထိုးနေပြီ… အခုမှထရသလား…"


"အရမ်းပူတာနဲ့ ဒီနေ့ သိပ်ကြာကြာတောင် မအိပ်နိုင်တော့ဘူး…"


စွန်းအိုက်ကျွီက နင်ထန်၏ နူးညံ့သော မျက်နှာကို ကြည့်ပြီး နှလုံးသားထဲတွင် နက်နဲသော ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရသည်။ ဤပတ်ဝန်းကျင်မှာ သူမ၏ သမီးလို လှပသော မိန်းကလေးမရှိဟုဆိုခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။


နင်ထန်တွင် လှပသော ဘဲဥပုံ မျက်နှာ ရှိကာ၊ ကြွေလို ဖြူဖွေးသော အသားအရေ၊ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးနှင့် မက်မွန်သီးလို နူးအိအိပါးမို့မို့လေး ရှိသည်။ အထူးသဖြင့် ပါးပေါ်ရှိ မှဲ့နီလေးပင်။


တစ်ခါတစ်လေ စွန်းအိုက်ကျွီက နင်ထန်၏မျက်နှာကို ကြာကြာ စိုက်ကြည့်နေမိသည်။


ခဏစိုက်ကြည့်ပြီးနောက် စွန်းအိုက်ကျွီက နင်ထန်ကို ပြောရမည်ကိစ္စအား သတိရလာသည်။

“နင့်အစ်ကို‌ပြောထားတဲ့ ကြင်ဖက်ကောင်လေးနှစ်ယောက် ရောက်လာမယ်နော်… မနက်ဖြန်ပဲ… အမေ တစ်ချက်လောက်ကြည့်ပေးမယ်… သမီး ပညာရှိရှိ ရွေးချယ်နိုင်တယ် အရင်ကလို ဝုန်းဒိုင်းကြဲပြီး မောင်းမထုတ်ပစ်ပါနဲ့…"


"ကြင်ဖက်လား..."  

နင်ထန်၏ပါးစပ်က ကြက်ဥတစ်လုံး ဝင်လောက်သည်အထိ ဟ,သွားရလေသည်။ စွန်းအိုက်ကျွီက သူမလက်ကို ရိုက်လိုက်သည်။


 "အရင်က နင့်ကိုအမေ မပြောဖူးဘူးလား၊ ဟိုင်လန်ကျွန်းမှာ တပ်စွဲထားတဲ့ နင့်အစ်ကိုရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်လေ… နင့်အဖေ အရင်က စာတစ်စောင်ရေးထားတယ်… နှစ်သစ်ကျရင် နင့် အစ်ကို့ကို မိတ်ဆက်ပေးဖို့ ပြောထားတာ… သူတို့က နင်နဲ့ နင့်ဝမ်းကွဲအစ်မအတွက် လျာထားတာ… နင့် အစ်ကိုက သဘောတူပေမယ့် အဲဒီ စစ်သားနှစ်ယောက်က အလုပ်ရှုပ်နေကြလို့တဲ့… သူတို့ အနားယူချိန်မှ နင်တို့ကို တွေ့ဖို့ ရွာကို လာကြလိမ့်မယ်…"


နင်ထန် ခဏစဉ်းစားပြီး သဘောပေါက်သွားသည်။ စွန်းအိုက်ကျွီ ယခင်က ပြောခဲ့ဖူးသည်။ သို့သော် ထိုအချိန်တွင် သူမက မြို့ထဲမှ သူမ၏ လုပ်ငန်းသေးသေးလေးကိုသာ အာရုံစိုက်နေခဲ့သည်။ စွန်းအိုက်ကျွီ၏ စကားလုံးများ နားထဲသို့ ဝင်သွားသော်လည်း စိတ်ထဲမထည့်ခဲ့ပေ။ 


အမှန်တွင် ယခု နင်ထန်က ဤခေတ်က မဟုတ်ပေ။ သူမက ၂၀၂၄ ခုနှစ်မှ ကူးပြောင်းလာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် သူမက သာမန်ရုံးဝန်ထမ်းပင်။ အလုပ်ကို တစ်နေ့လျှင် ၁၂ နာရီလုပ်ရကာ၊ တစ်ပတ်လျှင် ၆ ရက်စောစောထရသည်။ ခွေးများ၊ကြက်များထက်ပင် နောက်ကျပြီး အိပ်ရသည်။


၁၉၇၆ ခုနှစ်တွင် ပစ္စည်းများ ပြတ်လပ်နေသည်။အစားအသောက်နှင့် အဝတ်အစားများ လုံးဝမရှိပေ။ ဂျုံယာဂု၊ မုန့်ပေါင်း၊ ဆီမပါသည့် စားစရာများကို သူမ မြိုပင်မကျပေ။ 


ထို့ကြောင့် နင်ထန်က ဤနေရာသို့ ရောက်လာပြီးနောက် လုပ်ငန်းစရန် စိတ်ကူးထားသည်။ သူမ၏ မိသားစုဘဝကို တိုးတက်စေချင်သည်။ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များလည်း အနာဂတ်တွင် ချမ်းသာသူအဖြစ်သို့ မရောက်မီ ယခုလို ကြိုးစားခဲ့ရပေမည်။ သို့သော် နင်ထန်က အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။


ပစ္စည်းများကို ဖောက်သည်ယူကာ ပြန်ရောင်းချင်သော်လည်း ဤတောင်‌ပေါ်ရွာက ကြက်၊ ဘဲနှင့် ငန်းများ မွေးမြူသလို၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ထို့အပြင် ဘာကြောင့်မှန်းမသိ နင်ထန် ဆိုင်ခန်းတည်ထောင်ရန် စဉ်းစားတိုင်း တစ်ယောက်ယောက်ကလာပြီး လမ်းများကိုရှင်းပစ်သည်။


သူမက အိမ်လုပ်မုန့်များကို ရောင်းရန် စိတ်ကူးခဲ့ဖူးသည်။တစ်နေ့ကို သုံးကြိမ်လောက် စမ်းချက်ကြည့်သော်လည်း ခေါက်ဆွဲခြောက်သာ ပြုတ်တတ်သော သူမအဖို့ အပေါက်အလမ်းမတည့်ခဲ့ပေ။

 

အကြိမ်အနည်းငယ်ကြိုးစားပြီးနောက် နင်ထန် အရှုံးပေးခဲ့သည်။ သူမ ၂၀၂၄ခုနှစ်တွင် အဝတ်လဲလိုက်သောအခါ နင်ထန်က ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာကြောင်း တွေ့ရှိခဲ့သည်။

 

၎င်းက သူမ ယခင်က ဖတ်ဖူးသည့်ဝတ္ထုပင်။ ဝတ္ထုနာမည်ကို မမှတ်မိသော်လည်း အချိန်အပိုင်းအခြားကိုသာ မှတ်မိသည်။ အမျိုးသမီးဇာတ်လိုက်မှာ သူမ၏ ဝမ်းကွဲ နင်ရွှယ်မှလွဲ၍ အခြားမဟုတ်ပေ။


နင်ရွှယ်က သာမန်အမျိုးသမီးဇာတ်လိုက်များလိုပင် လှသည်၊ ချက်ပြုတ်တတ်သည်၊ အပ်ချုပ်ကျွမ်းကျင်သည်။ အထက်တန်းကျောင်းပြီးထားသည်။ အထက်တန်းအောင်သူကို အတော်လေ ပညာတတ်သည်ဟု ရှေးခေတ်က ယူဆကြသည်။


တစ်ခုတည်းသော ပြစ်ချက်မှာ သူမ လူရွေးမှားပြီး လက်ထပ်လိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမက အိမ်ထောင်ကွဲထားသူဖြစ်၏။ သို့သော် မကြာမီ လူတော်တစ်ယောက် ပေါ်လာပြီး နင်ရွှယ်ကို ဘဝကောင်းတစ်ခုတွင် ထား‌ပေးမည်ဖြစ်သည်။


ဝတ္ထုအရ ထိုလူ၏အမည်က စုနှင့်စ,ပေမည်။ ထိုသူက ဤတစ်ခေါက် ကြင်ဖက် ပါတနာပင်။ ဝတ္ထုထဲမှာ ထိုလူက အလွန်တော်သည်။ ချောမောပြီး နင်ရွှယ်ကို ကောင်းကောင်းဆက်ဆံပေးသည်။ ကွာရှင်းထားပြီး ကလေးနှစ်ယောက်ဖခင်ဆိုသည်က လွဲ၍ အခြားအပြစ်အနာအဆာမရှိပေ။ 


နင်ထန်သည်လည်း ကြင်ဖက်တွေ့ခဲ့သည်။ သို့သော် သူမ၏ ကြင်ဖက် အမျိုးသားအရံဇာတ်ကောင်က ကလေးသုံးယောက်အဖေဖြစ်ပြီး ထိုလူတော်နှင့် ကျွန်းတစ်ကျွန်းပေါ်တွင် တပ်စွဲထားသူဖြစ်၏။


သူမက အလွန်ဆိုးရွားသော မိထွေးဖြစ်လာခဲ့သည်။ နင်ရွှယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် သူမက ထိုအကြောင်းကို အကြမ်းဖျင်းမျှသာ သိသည်။ ဝတ္ထု၏ ဇာတ်ကွက်ကို တိတိကျကျ မမှတ်မိတော့ပေ။


သူမ မှတ်မိသမျှမှာ နင်ရွှယ်က သူမ၏ လင်ပါသားနှစ်ယောက်ကို မည်မျှကောင်းကောင်း ဆက်ဆံပြီး၊ သူမကမူ လင်ပါကလေး သုံးယောက်ကို ဆိုးဆိုးဝါးဝါးဆက်ဆံသည်ကိုပင်။


နင်ထန် နိုးလာသောအခါ ဝတ္ထုထဲတွင် ရှိနေကြောင်း သိလိုက်ရသည်။ သူမ မည်သည့်ကိစ္စလုပ်လုပ် ရှေ့တွင် အတားအဆီးများ ရှိနေသည်မှာ အံ့သြစရာ မရှိပေ။


ငါက တကယ်ဆိုးသွမ်းတဲ့ ဗီလိန်မ ဖြစ်လာမှာပဲ မလား…


နင်ထန် ခေါင်းငုံ့ကာ အတွေးများကို ငြင်းဆိုလိုက်ပြီး စွန်းအိုက်ကျွီအား ပြောလိုက်သည်။

"အမေ မနက်အစောကြီး ထွက်သွားပြီး ပစ္စည်းအများကြီးပါတဲ့ တောင်းကြီးတစ်လုံးနဲ့ ပြန်လာခဲ့တယ်မလား… အထဲမှာ စားစရာပါလား…"


နင်ထန်က သူ့စကားအဆုံးသတ်လိုက်ပြီး ခြင်းတောင်းအား အုပ်ထားသော အပြာရောင် ချည်ထည်ကို ရုတ်သိမ်းလိုက်သည်။


စွန်းအိုက်ကျွီက သူမလက်ကို အသာပုတ်လိုက်ပြီး ပြောသည် ။

“အဲဒါတွေက ဧည့်သည်တွေကို ကျွေးဖို့… စီးကရက်နဲ့ အရက်ပဲရှိတာ အမေနောက်မှ ၂ယွမ်ပေးလိုက်မယ်… သွားပြီး ကိတ်မုန့်သွားဝယ်စား…"


နင်ထန်က စွန်းအိုက်ကျွီ၏ လက်မောင်းကို ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်သည်။

“ကောင်းပြီ အဆင်ပြေသွားပြီ…” 


သားအမိနှစ်ယောက် စကားပြောနေကြစဉ် အပြင်မှ နူးညံ့သောအသံကို ရုတ်တရက် ကြားလိုက်ရသည်။


 “အဒေါ်နဲ့ ဝမ်းကွဲညီမ… စားစရာ အဆင်သင့်ဖြစ်ပြီ… ထွက်လာပြီးစားလို့ရပြီနော်…"


နင်ရွှယ်၏ အသံပင်။

 

"လာမယ် လာမယ်…"


စွန်းအိုက်ကျွီက ခြင်းတောင်းကို အခန်းထဲထည့်ကာ ထွက်သွားသောအခါ နင်ထန်က ရေမိုးချိုးပြီးနောက် ဆေးကြောသန့်စင်သည်။


ထမင်းစားခန်းနှင့် စားပွဲကို လှမ်းကြည့်လိုက်သည်။ နင်မိသားစုတွင် သူမမှလွဲ၍ ရောက်‌နေပြီဖြစ်သည်။


 "နင်ထန်တို့က အချိန်မှန်တယ်နော်… အစားအသောက်က အခုပဲ စားပွဲပေါ်ရောက်တာ…” 


ညိုတိုတိုအသားအရေ၊ မျက်လုံးပြူးပြူးနှင့် ပန်းပွင့်ဝတ်စုံဝတ်ထားသော အမျိုးသမီးကပြောသည်။ သူမက နင်ထန်၏ ဒုတိယအဒေါ် ကျိုးယင်ပင်။ သူမဖခင်၏ ညီဖြစ်သူ နင်ဝေ့တန်၏ ဇနီးဖြစ်သည်။


နင်ရွှယ်၏ဖခင် နင်ဝေ့တန့်က ကျိုးယင်၏ ပန်းကန်ကို သူ့တူနှင့် ခေါက်ကာ ပြောလိုက်သည်။

 "ဘာတွေ ပြောနေတာလဲ…"


နင်မိသားစုက ရိုးရှင်းသောမိသားစုဖြစ်ပြီး စုစုပေါင်း လူရှစ်ယောက်ရှိသည်။ နင်မိသားစုတွင် ညီအစ်ကိုနှစ်ယောက်ရှိသည်။ အကြီးဆုံးက နင်ဝေ့ကော ၊ ဒုတိယသားက နင်ဝေ့တန့်ဖြစ်သည်။


နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီတွင် သားသမီးနှစ်ယောက်ရှိသည်။ သူတို့မှာ နင်ထန်နှင့် နင်ကျွင်းပင်ဖြစ်၏။ နင်ဝေ့တန့်နှင့် ကျိုးယင်တွင်လည်း သားသမီး နှစ်ယောက်ရှိသည်။ နင်ရွှယ်နှင့် နင်သဲ ဖြစ်သည်။


နင်ကျွင်းက စစ်တပ်ထဲ၌နေ၍ အိမ်တွင် လူခုနစ်ယောက်သာ နေထိုင်သည်။ နင်ထန်က ကျိုးယင်၏စကားကို လျစ်လျူရှုလိုက်သည်။ ဒုတိယအဒေါ်က သူမကို အပြစ်မပြောသည့်နေ့ဆိုသည်မှာ နေ အနောက်အရပ်မှ ထွက်လာသည့်‌နေ့ပင်။


“ရပါတယ် ဦးလေး… အဒေါ်က ရာသီလာနေလို့ စိတ်ကသိကအောက်ဖြစ်နေတာနေမယ်… ဦးလေး နောက်မှ နှစ်သိမ့်ပေးလိုက်ပါ…"


ကျိုးယင် : “ဟင်း ငါက ဒီအရွယ်တောင်ရောက်နေပြီ… ဘယ်က ရာသီလာမလဲ…”


နင်ရွှယ်က ကျိုးယင်၏လက်ကို သွားကိုင်လိုက်သည်။

 "အမေ..."


နင်ရွှယ်နှင့် နင်ထန်တို့နှစ်ယောက်က နင်မိသားစုမှ အဖိုးတန်သမီးများဖြစ်၏။


နင်ရွှယ် လာပြောနေသောကြောင့် ကျိုးယင် စိတ်လျှော့သွားခဲ့သည်။ နောက်ဆုံးတွင် သူမ ငြိမ်သက်သွားသည်


နင်ထန်က အမှန်တကယ်ဗိုက်ဆာနေ၍ နင်ရွှယ်နှင့် ကျိုးယင်တို့၏ စကားကိုလျစ်လျူရှုကာ ထမင်းကို စစားတော့သည်။



🏝️🏝️🏝️


နင်ထန်နဲ့ နင်ရွှယ်က သက်တူရွယ်တူလို့ထင်ပါတယ် ရက်ပိုင်းလပိုင်းလောက်ပဲ ကွာတဲ့ပုံပါပဲ၊ E tranမှာကိုက ဘယ်သူက အသက်ကြီးတယ်ဆိုပြီး အတိအကျမရေးထားဘဲ တစ်ခါတလေကျ နင်ထန်ကို အစ်မလို့သုံးပြီး တစ်ခါတလေကျ နင်ရွှယ်ကို အစ်မလို့ သုံးထားပါတယ်၊ ဒါပေမဲ့ အမျိုးမျိုးဖြစ်နေရင် ဖတ်ရအဆင်မပြေမှာစိုးလို့ နင်ရွှယ်ကို အစ်မ၊ နင်ထန်ကို ညီမ လို့ပဲ ထားလိုက်ပါမယ်နော်၊ အတိအကျပါလာခဲ့ရင် ပြန်ပြောပေးပါ့မယ်💙