အပိုင်း ၅.၂
Viewers 11k

Chapter 5.2
လေထဲတွင် လွင့်နေသည့်ကျောက်တုံးက နောက်ဆုံးတွင် မြေပြင်ပေါ်ကျလာသည့် ခံစားချက်မျိုးဖြစ်သည်။ ကျိုးကျင်ဟမ့် ခဏတာမှိုင်တွေ ငေးငိုင်သွားမိပြီး တစ်ချိန်တည်းမှာပင် အချိန်အတော်အတန်ကြာမှ ပထမဆုံးအကြိမ်အဖြစ် စိတ်အေးသွားသည်ဟူသော ခံစားချက်မျိုး ရရှိလိုက်သည်။
" ကျေးဇူးတင်ပါတယ်... မင်း တက်ချင်တဲ့ကျောင်းကို တက်ခွင့်ရသွားတယ်လို့ ငါကြားတယ် ဂုဏ်ပြုပါတယ်..."
အချိန်သုံးနှစ်နောက်ကျခဲ့သော ညစာက ဝေးကွာလှသည့် လေထုအခြေအနေကို ထိန်းသိမ်းရန် ဖြစ်သော်လည်း နောက်ဆုံးတွင် ဆက်သွယ်ရန်လိပ်စာအချက်အလက်များ လဲလှယ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ သို့သော်လည်း ထိုဖုန်းနံပါတ်များဖြင့် အချင်းချင်းဆက်သွယ်မိမည်မဟုတ်ပဲ ဖုန်တက်သွားမည်ဖြစ်ကြောင်းကိုလည်း သူတို့သိကြသည်။
ကံဆိုးစွာဖြင့် ထိုသို့မဖြစ်ခဲ့ပေ။ မည်သူက စတင်လိုက်သည်ကို သူ မသိတော့သော်လည်း နောက်ထပ် ဝိုင်တစ်ပုလင်းကို ဖောက်လိုက်ပြီး သူတို့နှစ်ယောက်သား အရက်မူးပြီး စကားစမြည်ပြောဖြစ်ကြသည်။
ဖန်ယွီချင်းက မသောက်နိုင်သော်လည်း ကျိုးကျင့်ဟမ့်က သူ့‌ကို အနည်းငယ်သာ မသောက်စေပေ။ သူတို့၏စကားဝိုင်းက တဖြည်းဖြည်း အရှိန်မြင့်လာပြီး စားပွဲပေါ်ရှိ အစားအသောက်အကြောင်းမှ တစ်ဆငိ့ အလုပ်အကြောင်း၊ ကျောင်းမှ‌အကြောင်းများ ပြန်လည်ရောက်ရှိသွားကာ ပိတ်သိမ်းထားသော မှတ်ဉာဏ်တံခါးများကို ဒီရေများချိုးဖောက်ဝင်ရောက်လာသကဲ့သို့ ဖြစ်သွားသည်။
" မင်း လက်ထပ်သွားပြီပဲ တကယ်ကို လက်ထပ်သွားတာပဲ..."
ဖန်ယွီချင်း၏ပါးပြင်က နီရဲလာပြီး စိုစွတ်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကျိုးကျင်ဟမ့်ကို ကြည့်လိုက်သည်။
" မင်း... မင်း ပျော်နေလား..."
ကျိုးကျင်ဟမ့်က ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
" ခန့်မှန်းကြည့်လေ..."
ဝိုင်အလွန်မူးနေသည့် ဖန်ယွီချင်းက ခေါင်းတွင်တွင်ခါပြီး လျှာသွက်အာသွက်ဖြင့် အခိုင်အမာ ပြောလိုက်သည်။
" မင်း မပျော်ပါဘူး..."
ကျိုးကျင်ဟမ့်က ဘာမှထပ်မပြောချင်တော့၍ ခုံတွင် မှီနေပြီး တောက်ပနေသည့်အလင်းတန်းများ ရောင်ပြန်ဟပ်နေသော မျက်နှာကြက်ကို ကြည့်လိုက်သည်။
သူသည်လည်း အလွန်အကျွံသောက်မိ၍ အတွေးများက ဟိုဟိုသည်သည်ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။ ဤနေရာတွင် ကျင်းပခဲ့သော လက်ထပ်ပွဲ အခမ်းအနားအကြောင်းကို မမျှော်လင့်ပဲ တွေးမိသွားခဲ့သည်။
အမှန်တွင် မင်္ဂလာပွဲကို အက်စ်မြို့တွင် ကျင်းပရမည်ဖြစ်သည်။ နောက်ပိုင်းတွင် အရူးလေး၏အစ်ကိုက မင်္ဂလာပွဲကို အက်စ်မြို့မှ မြို့တော်သို့ ရွှေ့လာချင်ခဲ့သည်။ သူက ကြားဝင်ဆောင်ရွက်သကဲ့သို့ဖြစ်သွားသော်လည်း ကျိုးမိသားစုက သူတို့နှင့် သဘောတူညီထားသည့် ရင်းနှီးမြှုပ်နှံမှုများကို ရလိုစိတ်ပြင်းပြနေ၍ သဘောတူခဲ့သည်။
ကျိုးကျင်ဟမ့်က ကိစ္စအတော်များများကို မှတ်မိလေ့မရှိပေ။ အထူးသဖြင့် ထိုအသေးအဖွဲကိစ္စရပ်များကို ဖြစ်သည်။ သူမှတ်မိသည်က အနီးအနားမှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် လက်ထပ်ပွဲကို အကျဉ်းချုံးကျင်းပခဲ့ပြီးသည့်နောက် သူ့ယောက်ဖက သူနှင့်အရူးလေးကို ဤစားသောက်ဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ အရူးလေးက ဤစားသောက်ဆိုင်သို့ရောက်သည်နှင့် တလက်လက်တောက်ပနေသည့် အမိုးခုံးကြီးကိုကြည့်ကာ ကလေးတစ်ယောက်သဖွယ် တအံ့တဩ အော်ဟစ်ခဲ့သည်။
" ဝိုး... အရမ်းလှတာပဲ..."
သူ အဲ့အချိန်တုန်းက ဘယ်လိုတုံ့ပြန်ခဲ့မိပါလိမ့်...
ကျိုးကျင်ဟမ့်က ဂရုတစိုက်ပြန်လည်တွေးတောနေသည်။ သူ ထိုအချိန်က စိတ်မရှည်ခဲ့မိပေ။ ကိစ္စများပြီးသည်နှင့် ပြန်ထွက်သွားချင်စိတ်သာ ရှိခဲ့သည်။ အရူးလေးကို ဆိုင်အတွင်းထဲခေါ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မကြည့်နဲ့တော့... မင်း အေးဆေးကြည့်ချင်ရင် ကိုယ်နောက်တစ်ခါမှ ‌ဒီကိုခေါ်လာမယ်..."
ယခုအချိန်တွင်မှ ဤအမိုးခုံးကြီးကို ပြန်ကြည့်ချိန်ရသွားသောအခါ ၎င်းက အလွန်လှပသည်ကို သူ ဝန်ခံရပေမည်။ အရူးလေးက ပန်းချီပညာကို သင်ယူနေခြင်းဖြစ်ရာ ထိုခေါင်းလောင်းများနှင့် ဝီစီလေးများကို အလွန်သဘောကျပေသည်။
သူ့ကို နောက်ပိုင်းကျ ဘာလို့ ‌မခေါ်လာဖြစ်တော့တာပါလိမ့်...
အရက်ဟူသောအခါက ရံဖန်ရံခါတွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည့် သက်ရောက်မှုရှိသည်။။ အရူးလေးက ဤကိစ္စကို မှတ်ထားခဲ့သည်ကို ကျိုးကျင်ဟမ့်သတိရပေသည်။ ယခုချိန်ထိတိုင်အောင် သူက "ကျွန်တော်ဗိုက်ဆာတယ်" ၊ "နေပူဆာသွားလှုံချင်တယ်" ၊ " အဲ့နေရာကိုသွားရင် ပန်းချီမြန်မြန်ဆွဲနိုင်မယ်ထင်တယ်" ဟူသော ဆင်ခြေမျိုးပေးကာ ဤနေရာသို့လာရန် အကြောင်းဖန်လေ့ရှိသော်လည်း ကျိုးကျင်ဟမ့်က အလုပ်များသည်ဟူသော အကြောင်းပြချက်ဖြင့် သူ တောင်းဆိုသည်များကို ငြင်းခဲ့ပေသည်။
ကျိုးကျင်ဟမ့်က လှောင်ပြောင်သရော်ဟန်ဖြင့် နှာမှုတ်လိုက်သည်။ အမှန်တွင်မူ သူ့ကိုယ်သူ သရော်နေမိခြင်းသာဖြစ်သည်။
ဒီတိုင်းပဲပြောလိုက်တဲ့ စကားတစ်ခွန်းကို အဲ့လောက်အကြာကြီး စိတ်ထဲမှတ်ထားရတဲ့အထိ တုံးရလား...
သူ ဤနေရာသို့အလာတွင် ကိုယ်တိုင်ကားမောင်းခဲ့သော်လည်း အပြန်တွင်မူ ဒရိုင်ဘာတစ်ယောက်က ပြန်ပို့ပေးသည်။
အပြန်လမ်းတွင် ကျိုးကျင်ဟမ့်က ‌အနောက်ခုံတွင်လှဲလျောင်းနေလျက် သူ၏ အချစ်ဦးအကြောင်းနှင့် ယနေ့တွင် မပြောပြခဲ့မိသော ကတိအကြောင်းကို အိမ်မက်မက်ခဲ့သည်။
ယခင်က သူနှင့် ဖန်ယွီချင်းက အခြားသော တက္ကသိုလ်ကျောင်းမှ စုံတွဲများကဲ့သို့ ကလေးဆန်သည့် တစ်ဘဝစာကတိတစ်ခု ပြုလုပ်ခဲ့မိသည်။ သူတို့၏ကတိက နှလုံးသားတွင် လောင်ကျွမ်းသွားသည့် ဒဏ်ရာတစ်ခုနှင့်တူပြီး အမှတ်တရတစ်ခုစီတိုင်းက ကျက်ခါနီးဒဏ်ရာကို အသစ်တစ်ခုဖြစ်လာအောင် ဆွဲဖြဲနေသည်နှင့် တူပေသည်။ ထိုအကြောင်းကိုတွေးမိသောအခါ ဤနှစ်များအတွင်း ပြန်လည်မကုသနိုင်ခဲ့သော နာကျင်မှုအကြောင်းကို စိတ်ရောက်သွားသည်။ သို့ရာတွင် သူကိုယ်တိုင်၏ အရေးပါမှုကိုပါ ဝိုးတဝါးဖြစ်သွားခဲ့ပေသည်။
အဲဒါဆိုရင် သူ အဲ့အရူးလေးကို ဘာလို့လက်ထပ်ချင်ခဲ့ပါလိမ့်...
သံသယတစ်ခုက စိတ်တွင်းတွင် နေရာယူထားပြီး မရေမတွက်နိုင်သော မှန်းဆမှုများစွာ ဖြစ်လာစေသည်။ ဤနယ်ပယ်ထဲရောက်ရှ်ိလာအောင် အလဲအလှယ်တစ်ခုပြုလုပ်လိုက်သည်ထက် ဤလက်ထပ်ထိမ်းမြားမှုက သူ့ကိုဆွဲဆောင်နေသည့်အရာပေါင်းများစွာ ရှိနေသေးသည်။
အစောပိုင်းက ညစာမစားခဲ့မီအချိန်ထိ ယီဟွေ့က ဖန်ယွီချင်းနှင့်တူသည်ဟု ကျိုးကျင်ဟမ့်တွေးခဲ့မိသည်။
သူတို့နှစ်ယောက်တွင် ဖြူဖွေးသောအသားအရည်၊ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများရှိပြီး သိမ်မွေ့နူးညံ့ကာ တုံးအသည်လည်း တူညီကြသည်။ အနေတော်ဖြစ်သည့်ကိုယ်လုံးကိုယ်ပေါက်၊ မရှည်လွန်းမပုလွန်းသည့်အရပ်၊ ‌အနောက်‌မှ ပွေ့ဖက်လိုက်မည်ဆိုပါကလည်း သက်တောင့်သက်သာဖြစ်မှုနှင့်အတူ စာရွက်တစ်ရွက်နှင့် စုတ်တံ‌တစ်ချောင်း ပေးထားမည်ဆိုပါက တစ်နေ့တာလုံးငြိမ်နေမည့်လူမျိုးများဖြစ်သည်။
‌ဒါပေမဲ့ လူတော်တော်များများမှာ ဒီလိုမျိုး အမူအကျင့်တွေ ရှိကြတာပဲမလား... ဒါတွေအပြင်ဘာများရှိသေးလဲ...
သူတို့နှစ်ယောက်လုံးက ကွဲပြားခြားနားသည်မှာ သိသာလှပေသည်။
ထိုညက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခဲ့၍ ရှောက်ကွမ်းလမ်းမှစ၍ မီးပွိုင့်များတွင် ကားပိတ်နေသည်က ယခင်ထက် ပိုကြာမြင့်ခဲ့သည်။
ကျိုးကျင်ဟမ့်က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ညဘက်တွင်လည်း လင်းထိန်နေသော်လည်း ၎င်း၏ထည်ဝါမှုက မပြောင်းလဲပေ။
ထိုနေ့က ခေါင်းလောင်းသံများ မြည်နေခဲ့ပြီး ယီဟွေ့က အဖြူရောင်သတို့သားဝတ်စုံကို ဝတ်ထားခဲ့ကာ သူ့အပြုံးများကို ဖုံးကွယ်ထားရန် အကောင်းဆုံးကြိုးပမ်းခဲ့သည်။ သူ့အနားမှလူများ၏ စနောက်ကျီစယ်ခြင်းခံရမည်စိုး၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လေးနက်တည်ကြည်သည့်အမူအရာဖြင့် နေခဲ့သည်။ ကွေးညွတ်‌ကာ ပြုံးယောင်သန်းနေသည့် မျက်လုံးများကြောင့် သူ၏ပျော်ရွှင်နေသောအမူအရာက သူ့နှလုံးသားကို သစ္စာဖောက်သွားပြီဖြစ်သည်။
သူက ကောဇောနီရှေ့ဆုံးတွင် ရပ်နေပြီး လက်တစ်ဖက်ကိုကမ်းကာ ခေါင်းလောင်းသံများအောက်၌ နီရဲနေသည့်မျက်နှာဖြင့် ပြောလိုက်သည်။
" ဟို ကျွန်တော့်ကို ‌ဦးဆောင်ခေါ်သွားပေးပါ..."
ထိုပုံရိပ်က သူ့စိတ်ထဲတွင် ရှင်းလင်းထင်ရှားစွာ ပြန်လည်ရောက်ရှိလာမှသာ ကျိုးကျင်ဟမ့်က သူယခင်က သတိမပြုခဲ့မိသည့်အရာများကို နောက်ဆုံးတွင် သိမြင်လာခဲ့သည်။
သူက ဖြစ်ကတတ်ဆန်းသာ ပြုမူခဲ့သော်လည်း ယီဟွေ့ကမူ အလွန် အလေးအနက်ထားခဲ့ခြင်းဖြစ်သည်။
ယီဟွေ့၏လက်ကို ဆုပ်ကိုင်လိုက်ချိန်တွင် ချစ်ခင်မြတ်နိုးမှုများဖြင့်ပြည့်နေသည့် မျက်ဝန်းတစ်စုံက သူ့အပေါ်ကျရောက်လာခဲ့ပြီး ‌ဖယ်ခွာသွားခဲ့ခြင်း မရှိတော့ပေ။
ညက ပိုမိုမှောင်မိုက်လာသည်။ သူ့အနောက်တွင် ကျန်ရစ်နေခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေးနှင့် အလွန်ဝေးကွာသွားပြီဖြစ်၍ မြင်ကွင်းမှ ပျောက်သွားသော်လည်း ကျိုးကျင်ဟမ့်က တွန့်ဆုတ်နေဆဲဖြစ်သည်။
ယီဟွေ့၏ဖုန်းနံပါတ်က ဖုန်းမျက်နှာပြင်ပေါ်တွင်ရှိနေပြီး ‘dial’ကို နှိပ်လိုက်သည်နှင့် သူ့ကို ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်သည်။
ဖုန်းခေါ်ပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ... မနေ့က သူ ဒိုရေမွန်ရုပ်ကို ကြမ်းပေါ်ပစ်ပေါက်ခဲ့မိလို့ ‌ဗိုက်နားမှာ နည်းနည်းညစ်ပတ်သွားပြီ... သူ အိမ်ပြန်ရောက်နေရင်တော့ သတိထားမိသွားမယ်ထင်တယ်...
ဒါမှမဟုတ် အပြန်လမ်းမှာ အရုပ်သစ်တစ်ရုပ် ထပ်ဝယ်သွားရမလား... အဲဒါဆိုရင်တော့ အရူးလေးက ညစ်ပတ်နေတာတွေကို သတိထားမိမှာ မဟုတ်တော့ဘူး...
ပြီးတော့ ဟိုအဖိုးကြီးကိုလည်း သူ့ကို တနင်္ဂနွေနေ့မှာ ကျိုးအိမ်ကိုခေါ်သွားမယ်ပြောထားတာဆိုတော့ ဖုန်းကတော့ ခေါ်ကိုခေါ်ရမှာပဲ...
နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သို့ရာတွင် သူ့လက်ချောင်းက ဖုန်းခေါ်ဆိုရန် နှိပ်လိုက်ချိန်တွင် အဝင်ဖုန်းတစ်ခုကြောင့် ဖုန်းမျက်နှာပြင်က တုန်ခါသွားသည်။
၎င်းက အမည်မသိ ဖုန်းတစ်လုံးဖြစ်သည်။ ကျိုးကျင်ဟမ့်က ထိုဖုန်းနံပါတ်ကို contactထဲ မမှတ်ထားသော်လည်း ထိုနံပါတ်အတွဲလိုက်ကို ရင်းနှီးနေ၍ မျက်နှာကြီး မည်းမှောင်သွားရသည်။
ဖုန်းကိုင်ပြီး "ဟဲလို" ဟု ပြောပြီးသည်နှင့် "ဘာကိစ္စဖုန်းနံပါတ်ပြောင်းသွားရတာလဲ" ဟူသည့်မေးခွန်းကို လက်ခံရန် ပြင်ဆင်ထားသော်လည်း တစ်ဖက်မှ အမျိုးသား၏ အသံတိုးတိုးကိုသာ ကြားလိုက်ရသည်။
" ငါဘာလို့ ယီဟွေ့ဖုန်းကို ဆက်လို့မရတာလဲ..."
လူအများက အကြီးအကဲတစ်ယောက်နေရာမှ သူ့ကိုနိမ့်ချဆက်ဆံသည်ကို မုန်းတီးသူဖြစ်၍ သူ၏ ပုန်ကန်ချင်စိတ်က ထကြွလာသည်။
" သူ့ဖုန်းလေ ကျွန်တော်ဘယ်လိုသိမှာလဲ..."
ဖုန်းတစ်ဖက်မှလူက သူနှင့်အတူ အဓိပ္ပါယ်မရှိသည်များ ပြောချင်ပုံမရပေ။
" မင်း သူနဲ့တူတူမရှိဘူးလား..."
ကျိုးကျင်ဟမ့် : " ကျွန်တော်က မြို့တော်မှာ..."
" သူ အက်စ်မြို့က အိမ်မှာရောရှိလား..."
" သူနဲ့ တူတူရှိနေတာ မဟုတ်ဘူးလား..."
အသံနှစ်သံက ထပ်တူကျလုနီးပါးဖြစ်သွားသည်။ သို့ရာတွင် တစ်ဖက်လူက သူ့ယောက်ဖဖြစ်နေသောကြောင့် ကျိုးကျင်ဟမ့်အလျော့ပေးလိုက်သည်။
" ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်က အိမ်ပြန်လာတော့ သူ မရှိဘူး... အစ်ကိုတို့ကို လာမရှာဘူးလား..."
တစ်ဖက်မှလူက တွေးတောနေဟန်ဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။
" ငါ လွန်ခဲ့တဲ့ လဝက်လုံးလုံး အလုပ်ကိစ္စနဲ့ နိုင်ငံခြားရောက်နေတာ သူနဲ့ အဆက်အသွယ်တောင်မရဘူး..."
Xxxxxxx