Chapter 1
Viewers 794

🧜အခန်း ၁ 

စာအုပ်နဲ့ ပစ်ပေါက်ခံလိုက်ရသော မင်းသားလေး



ယီနျို ရေချိုးကန်အတွင်း၌ သူ၏ငါးမြီးအား ရေစိမ်နေချိန်တွင် နားမလည်နိုင်လောက်အောင်ပင် လေထုထဲမှ စာအုပ်တစ်အုပ် ထွက်ပေါ်ပြီး ယင်းနှင့် ဦးခေါင်းသို့ ပစ်ပေါက်ခံလိုက်ရသည်။


အဖြစ်အပျက်မှာ အလွန်ယုတ္တိမဲ့လွန်းသောကြောင့် ကြက်သေသေနေမိသည်။ သူ စာအုပ်အား နှစ်မိနစ်မျှ ဖတ်ကြည့်ပြီးနောက် သတိလစ်သွားမတတ်ပင်။


ဤစာအုပ်၏ ဇာတ်လမ်းမှာ သွေးလွှမ်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဇာတ်ကောင်များမှာ သူနှင့် အင်ပါယာ၏ အငယ်ဆုံးသောဗိုလ်ချုပ်ဖြစ်သူ ယွဲ့ကျန့် ဖြစ်‌သော်လည်း ဇာတ်လမ်းကောင်းတစ်ခု မဟုတ်ပေ။


စာအုပ်ထဲ၌ ‘သူ’ သည် အကြင်နာမဲ့ ရက်စက်ကာ သုန်မှုန်ပြီး အေးစက်သူဖြစ်သည်။ ထီးနန်းသိမ်းပိုက်နိုင်ရေးအတွက် အင်အားကြီးသည့် ယွဲ့ကျန့်အား ဖြားယောင်းရန်ပင် တုံ့ဆိုင်းမနေခဲ့ချေ။ သို့သော်လည်း ထီးနန်းရရှိပြီးနောက် လူအများအား အသိအမှတ်ပြုရန် ငြင်းပယ်သည်။ ယွဲ့ကျန့်အား အပိုင်ကြံခဲ့သော်လည်း အဆုံးတွင် အငြိုးအာဃာတအပြည့်နှင့် ယွဲ့ကျန့်၏ ထီးနန်းမှ ဆွဲချခြင်း ခံလိုက်ရသည့်အပြင် သေးငယ်မဲမှောင်နေသည့် အခန်းထဲ၌ ချုပ်နှောင်ခံရကာ ကစားနည်းအမျိုးမျိုးဖြင့် ဖိအားပေးကစားခြင်းအား ခံရလေသည်။


ဤစာအုပ်မှာ အမှန်တကယ်ကိုပင် အလေးအနက်ထားသင့်သည့် စာအုပ်မဟုတ်ချေ။ ဇာတ်လမ်းအသွားအလာအား စာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်းခန့် ဖတ်ရှုရုံမျှနှင့် သိရှိနိုင်သည်။ ဇာတ်ကြောင်းတစ်ခုလုံးမှာမူ....


ဟမ့်... လိင်အသားပေး... လိင်အသားပေး...

ဤစာအုပ်တစ်ခုလုံး၌ လိင်မှုရေးရာ ဇာတ်ဝင်ခန်းများနှင့်သာ ပြည့်နှက်နေ၏။


ဇာတ်လမ်းအတွင်းရှိ မြောက်များစွာသော “အမ်း... အင်း... အားးး” ဟူသည့် အသံများကို ပေါင်းကြည့်ပြီးနောက် ယီနျိုက စိတ်ဆိုးဒေါသထွက်ရမည့်အစား သူ့ထံ၌ သာမန်ထက် ထူးကဲသော ကြိုးပမ်းအားထုတ်မှုတစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။


အကြောင်းအရင်းမှာ ဤစာအုပ်အား ဖတ်ပြီးနောက် ယီနျို၏ ရုပ်ရောစိတ်ပါ ထိခိုက်မှု ကြီးမားခဲ့သောကြောင့်ဖြစ်သည်။


မျက်လုံးများမှိတ်ကာ ခေတ္တမျှ မှေးလိုက်ရုံနှင့် ယွဲ့ကျန့်နှင့် ပတ်သက်သည့် အိပ်မက်ဆိုးများစွာ မက်ပေလိမ့်မည်။ အိပ်မက်တိုင်း၌ သေးငယ်မဲမှောင်သော အခန်းကျဉ်းထဲ၌ ချုပ်နှောင်ဖမ်းဆီးခံထားရခြင်း သို့မဟုတ် တစ်ဖက်လူ၏ အဓမ္မပြုကျင့်ခံရခြင်းများသာ ဖြစ်သည်။ အဆိုးဆုံးမှာ သူ၏ ငါးမြီးအား ဖော်ထုတ်မိပြီးနောက် စမ်းသပ်ခန်းသို့ ပို့ဆောင်ခံလိုက်ရခြင်းပင်။


နောက်တစ်နေ့တွင် မင်းသားလေးက လွန်စွာစိတ်ထိခိုက်လျက်ရှိသော စိတ်နှလုံးနှင့်အတူ ဦးခေါင်းထက်၌ အနက်ရောင်တိမ်စုလေးတစ်ခု မျောလျက်ရှိပြီး နာမကျန်းဖြစ်နေဟန်ဖြင့် နန်းတော်၏ စားသောက်ပွဲသို့ ထွက်ခွာလာခဲ့သည်။


လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မင်းသားလေးမှာ အလွန်အံ့ဩဖွယ်ကောင်းလှစွာ ရေသူတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ထိုအနက်ရောင်တိမ်စုလေး ပေါ်လာခြင်းဖြစ်သည်။ ယင်းအား မှုတ်ထုတ်၍ မရသလို ပြိုပျက်သွားစေရန်မှာလည်း မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် ထိုတိမ်တိုက်လေးအား သူတစ်ဦးတည်းသာ မြင်နိုင်ခြင်းဖြစ်ကာ အခြားသက်ရောက်မှုများလည်း မရှိပေ။


သို့သော်လည်း ယမန်နေ့က သူ့ထံသို့ ပစ်ပေါက်ခံလိုက်ရသည့် ထူးဆန်းသည့် စာအုပ်မှာမူ...


ထိုစာအုပ်ပါ အကြောင်းအရာများအား တွေးလိုက်ရုံနှင့်ပင် နှလုံးသားတစ်ခုလုံး လေးလံလာသည်။


စားသောက်ခန်းမအတွင်း၌ ယီနျိုနှင့် မဝေးသည့်နေရာ၌ အရာရှိများက အနည်းငယ်ချဉ်စူးသည့် လေသံဖြင့် တီးတိုးစကားဆိုနေကြသည်။


“ကျုပ်ကြားထားတာတော့ ရှေ့တန်းက နောက်ထပ် တိုက်ပွဲတစ်ခုကို အောင်နိုင်သွားပြန်ပြီတဲ့.. အဲဒါပြီးတာနဲ့ ဗိုလ်ချုပ်က မကြာခင် ပြန်လာမယ်လို့ ခန့်မှန်းရတယ်..”


“ဒီတစ်ခေါက် သူက ရှေ့တန်းရဲ့ ဗျူဟာမှူးလုပ်ခဲ့တာတဲ့.. အဲဒီတော့ ပြန်ရောက်လာရင် ရာထူးတိုးခံရနိုင်လား.. သူ့အသက်က ၂၇ နှစ်ပဲ ရှိသေးတာလေ.. အခုတောင် အင်ပါယာရဲ့ သမိုင်းမှာ အငယ်ဆုံးဗိုလ်ချုပ်ဖြစ်နေပြီ.. နောက်ထပ် ရာထူးတိုးမယ် ဆိုရင်တော့.. ကျွတ်.. အနာဂတ်ကတော့ အဆုံးမရှိတာ သေချာတယ်..”


“သူ့ရဲ့ ကံက ကောင်းနေတာလေ.. တတိယတပ်ဖွဲ့ကို အုပ်ချုပ်တဲ့ အဖေတစ်ယောက်လည်း ရှိနေတယ် မလား.. သူ့ရဲ့ စမှတ်ကိုက တခြားသူတွေရဲ့ ဆုံးမှတ် ဖြစ်နေတာ..”


“သူ့ကံကြမ္မာကတော့ တကယ်ပဲ ကောင်းလွန်းတယ်.. ပြီးခဲ့တဲ့ နှစ်တွေမှာ အင်ပါယာကလည်း နယ်ခြားစစ်ပွဲတွေ မကြာခဏဆိုသလို ရှိလာတယ်လေ..”


‘ဗိုလ်ချုပ် ယွဲ့’ ဟူသည့် စကားလုံးအား ကြားသည့်အခါ ယီနျို မသိစိတ်ကြောင့် ရပ်လိုက်မိပြီး ထိုလူအုပ်စုထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။


“ကျုပ်ကြားတာတော့ အရှင်မင်းကြီးက မင်းသားလေးယီနျိုကို ရှေ့တန်းပို့မယ်တဲ့.. ကျုပ်ထင်တာတော့ အရှင်က မိသားစုချင်း ထိမ်းမြားလက်ထပ်ပြီး ဆက်နွယ်စေချင်ပုံရတယ်..”


ထိုလူများ၏ စကားဝိုင်းမှာ ရုတ်တရက်ဆန်စွာ သူ့အကြောင်းသို့ ပြောင်းလဲသွားသဖြင့် ယီနျို တိတ်တဆိတ် အံကြိတ်လိုက်သည်။


“အဲဒါက ကောလာဟလလား.. ခင်ဗျားရဲ့ ခန့်မှန်းချက်လား.. ဆိုတော့ အရှင်မင်းကြီးက ယွဲ့တွေနဲ့ မိသားစုချင်း ပေါင်းစည်းချင်နေတာပေါ့..”


“ဟုတ်ပါ့မလား..”


အခြားတစ်ယောက်မှ သဘောမတူဟန်ဖြင့် ခေါင်းယမ်းပြီးနောက် ပြောသည်။


“ကျုပ်ကြားတာကတော့ မင်းသားလေးက တော်ဝင်မိသားစုကိုယ်စား ဝမ်းနည်းကြောင်း နှစ်သိမ့်စကားပြောဖို့ ရှေ့တန်းကို သွားမှာတဲ့..”


“ဘယ်ပြောနိုင်ပါ့မလဲ..”


ထိုလူမှ ဂရုမထားဘဲ ဆက်ပြောသည်။


“ခင်ဗျား ဒီနေ့ထုတ် အင်ပါယာမနက်ခင်းသတင်းစာကိုကော ဖတ်ပြီးရဲ့လား.. ကျွတ်.. အဲဒီသတင်းစာက ဗိုလ်ချုပ်ယွဲ့ကို ပင့်မြောက်ထားလိုက်တာများ မိုးထိတော့မယ်.. ကျုပ်ပြောမယ်.. တိုက်ပွဲက ပြီးသေးတာလည်း မဟုတ်ဘူး.. ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ ဘယ်သူသိတာမှတ်လို့..”


ယီနျို သူ့ဒေါသအား ချုပ်ထိန်းလိုက်ပြီးနောက် ထိုလူ၏ လက်ထဲရှိ သတင်းစာအား ကြည့်လိုက်သည်။


သတင်းစာ ရှေ့မျက်နှာ၏ ခေါင်းစီးမှာ အလွန်ကြီးမားလှပြီး စာမျက်နှာတစ်ဝက်နီးနီး နေရာယူထားသည်။


[ အင်ပါယာစစ်တပ်ကြီး အလုံးစုံ အောင်နိုင်ခဲ့ပြီ.. အရှက်မဲ့တဲ့ ဖက်ဒရယ်ဘီလူး (orcs) များအား ဂလက်ဆီ ၈ ရဲ့ ဂြိုဟ်သိမ်ပတ်လမ်းအထိ မောင်းထုတ်လိုက်နိုင်ပြီ ]


ထိုသတင်းခေါင်းစီးအား ဖတ်ပြီးနောက် ယီနျို၏ မျက်လုံးများ အနည်းငယ် မှုန်မှိုင်းသွားကာ ခေတ္တမျှကြာပြီးနောက် ယခင်အမူအရာသို့ ပြန်လည်ရောက်ရှိလာသည်။ လှပသည့် မျက်ဝန်းများထဲ၌ အမည်မသိရသော အလင်းတစ်ချက် လက်သွားပြီး အဆုံးတွင် ကျယ်လောင်စွာ ပြောလေသည်။


“ခင်ဗျားတို့စကားတွေ နားထောင်လိုက်ရတော့ ခင်ဗျားကိုယ်တိုင် ရှေ့တန်းကိုသွားရင် ဗိုလ်ချုပ်ယွဲ့ထက် ပိုပြီးတော့ ကောင်းကောင်းလုပ်နိုင်မယ်လို့ အသေအချာကြီး တွေးနေပုံပဲ..”


ယီနျို၏စကားအား ကြားလိုက်ရသူများမှာ ချက်ချင်းပင် လှည့်ကြည့်လာကြပြီး ခန္ဓာကိုယ်များ တောင့်တင်းကာ အမူအရာများမှာလည်း ကိုးရိုးကားယားနိုင်လှသည်။


နန်းတော်၏ စားသောက်ပွဲသို့ တက်ရောက်နိုင်သည့် အဓိပ္ပါယ်မှာ သူတို့၏ မိသားစုနောက်ခံမှာ မဆိုးလှဟု ဆိုလိုသည်။ ထို့ကြောင့် မည်သူ့ကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။


“ခိုးနားထောင်တာက အကျင့်ပျက်ပြီး စည်းမစောင့်တာပါပဲ လူကြီးမင်း..”


ထိုလူများထဲမှ တစ်ဦးမှဆိုသည်။ သို့သော်လည်း နောက်သို့လှည့်ပြီးနောက်၌ စကားပြော၍ မပြီးသေးခင်မှာပင် သူ၏အသံမှာ ပြတ်တောက်သွားသည်။ ယီနျိုအား မြင်ပြီးနောက် ကျန်လူများသည်လည်း ကြောင်အသွားကြသည်။


သူတို့ရှေ့၌ ရှိနေသည့် လူငယ်လေးမှာ ရင်ဘတ်၌ ရွှေဖွတ်မြီးကြိုးများ ပါဝင်သော ရွှေဖြူရောင် (ပလက်တီနမ်ရောင်)တော်ဝင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏မျက်နှာမှာ နူးညံ့ကာ ဖြူဖွေးဝင်းမွတ်ပြီး ပြောမပြတတ်လောက်အောင် လှပသည်။ သို့သော်လည်း မျက်လုံးများမှာမူ အနည်းငယ် ခန့်မှန်း၍ မရချေ။ ရွှေရောင်ဖျော့ဖျော့ ဆံပင်မှာလည်း ဧကရာဇ်နှင့် အလွန်ဆင်တူလှပြီး သာလွန်မြင့်မြတ်သည့် အဆင့်အတန်းအား ဖော်ပြနေသယောင်ပင်။ ဝတ်စုံ၏ လက်အနားနှင့် အင်္ကျီအနားကွပ်တို့၌ ‌တော်ဝင်မိသားစုအား ကိုယ်စားပြုသည့် တမူထူးခြားသော ရွှေချည်ထိုးပုံစံကို ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ပေ။ 


ထိုလူအများအပြား၏ ရင်ထဲ၌ တင်းကြပ်လာသည်။ သူတို့အရှေ့တွင်ရှိသည့် ပုဂ္ဂိုလ်အား ယခင်က မြင်တွေ့ဖူးခြင်း မရှိသည့်တိုင်အောင် တုံးအနေသူ မဟုတ်လျှင် အဝတ်အစားနှင့် အသက်အရွယ်အား ကြည့်ရုံမျှနှင့် ထိုလူငယ်၏ အဆင့်အတန်းနှင့် မည်သူဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။ ထိုသူမှာ သူတို့အားလုံး ယခုလေးတင် ပြောနေခဲ့သော မင်းသားလေး ဖြစ်လေသည်။


လခွမ်း... ဒီကောင်လေးက ဘယ်တုန်းကမှ စားသောက်ပွဲတွေကို မတက်ဘူးဆို.. ဘာကိစ္စနဲ့ ဒီနေ့ ရောက်လာတာတုန်း..


မင်းသားလေးထံ၌ စစ်မှန်သော အာဏာမရှိသည့်တိုင် သူတို့ပြောဆိုခဲ့သည်များအား ဧကရာဇ်နှင့် ဗိုလ်ချုပ်ယွဲ့ ထံသို့ တင်ပြလိုက်မည် ဆိုပါလျှင်...


ထိုအကြောင်းအား တွေးကြည့်ရုံမျှနှင့် ထိုလူအုပ်မှာ ရုတ်တရက်ဆိုသလို ချွေးအေးများ စီးကျလာပြီး ထိတ်လန့်စွာဖြင့် ပြောလေသည်။

“မင်းသားလေး..”


ယီနျိုက ထိုသူများအား တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ဖြည်းဖြည်း ပြောသည်။

“ခိုးနား‌ထောင်တာက တကယ်ကိုပဲ စည်းမစောင့်တာပါ.. ဒါပေမဲ့ တခြားသူတွေရဲ့ အကြောင်းကို သူတို့နောက်ကွယ်မှာ ပြောနေတာကလည်း ပိုကောင်းတယ်လို့ မထင်ဘူးနော်.. ပြီးတော့ တော်ဝင်မိသားစုရဲ့ လက်ထပ်ပွဲအကြောင်း ပြောဖို့ ခင်ဗျားမှာ ဘာအခွင့်ရှိလို့လဲ..”


လူအများစုမှာ ကြောက်လန့်ကာဖြင့် အလျင်စလို တောင်းပန်ကြသည်။


သို့သော် ယီနျို ရုတ်တရက် ပြောလာသည်မှာ...

“ဒါပေမဲ့လည်း ခင်ဗျားတို့ပြောတာက တချို့လေတော့ မှန်ပါတယ်.. စစ်ပွဲက အခုထိ မပြီးသေးဘူးလေ.. နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ..”


ထိုသို့ပြောပြီးနောက် ထိုလူများအား ပြုံးပြလိုက်သော်လည်း အပြုံးမှာ အသက်မပါလှချေ။


အနှီလူတစ်စုမှာ အဖြေပေးဖို့ရန် မဝံ့ရဲဘဲနှင့် နေရာတွင်သာ ပြုံးပြလျက် မတ်တတ်ရပ်နေကြသည်။


အဆုံးတွင် သူတို့အားလုံးမှာ မနာလိုဖြစ်ကြသည်သာမကဘဲ မင်းသားလေး ရှေ့တန်းသို့သွားမည့် အကြောင်းကိုပါ ပြောဆိုခဲ့ကြသေးသည်။ မင်းသားလေး၏ စကားများမှာ သူတို့အား ရွဲ့စောင်းသွားခြင်း ဟုတ်မဟုတ် မည်သူမှ မသိပေ။


ယီနျို မည်သည့်စကားမျှ ထပ်မပြောတော့ချေ။ ထိုလူများ၏ သွင်ပြင်အား မှတ်မိစေရန် နက်နက်နဲနဲ စိုက်ကြည့်ပြီးနောက် လှည့်ထွက်လာလိုက်သည်။


အခြားသူများအဖို့ စစ်ပွဲ၏ နောက်ဆုံးရလဒ်အား သိရှိရန် မဖြစ်နိုင်သော်လည်း ယီနျိုအတွက်မူ ထိုသို့မဟုတ်ပေ။


ယမန်နေ့က သူ၏ဦးခေါင်းသို့ ထိမှန်လာသော ထူးဆန်းသည့် စာအုပ်အတွင်း၌ အနာဂတ်နှင့် ပတ်သက်သည့် အကြောင်းအရာ အများအပြားအား တွေ့မြင်ထားရသည်။ သို့သော်လည်း ထို ‘ဟောကိန်း’ အများစုမှာ အလွန်အမင်း ယုတ္တိတန်လှသည်။


ဥပမာအားဖြင့် တိုင်းပြည်တစ်ခုလုံးနှင့် ပတ်သက်ဆက်နွယ်နေပါသော ယခုစစ်ပွဲ၌ ကနဦးအစတွင် အင်ပါယာ၏ အခြေအနေ မကောင်းသော်လည်း ယွဲ့ကျန့်အား ရှေ့တန်းဗျူဟာမှူးအဖြစ် တာဝန်ပေးပြီးနောက် အခြေအနေတစ်ခုလုံး ရုတ်ခြည်းပြောင်းလဲသွားသည်။


စာအုပ်၏ ဖော်ပြချက်အရ နောက်ဆုံးတိုက်ပွဲ၌ အင်ပါယာစစ်တပ်က ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ ယွဲ့ကျန့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မက်ခါ တစ်သိန်းနီးပါး ပျက်စီးသွားခဲ့သည်။ အင်ပါယာ၏ မက်ခါစစ်သည်ထောင်သောင်းချီကာ ဆုံးရှုံးခဲ့ရပြီး ဖက်ဒရယ်နှင့် ညှိနှိုင်းခဲ့ရသည်။


သေချာပေါက်ပင် ယီနျိုက ကနဦး၌ ထိုစာအုပ်ပါ အကြောင်းအရာများအား ယုံကြည်မှု မရှိသော်လည်း အင်ပါယာမနက်ခင်းသတင်းစာ၏ ခေါင်းစီးအား မြင်တွေ့ပြီးနောက်တွင်မူ ရှုပ်ထွေးလာလေသည်။


အဆိုပါ ခေါင်းစီးအား ယမန်နေ့က စာအုပ်ထဲ၌ ၏၊ သည် မ‌ရွေး ပြောင်းလဲခြင်းမရှိ မြင်တွေ့ခဲ့ရသည်။


ယနေ့နံနက် အစောပိုင်း၌ ဖက်ဒရယ်စစ်တပ်မှာ ဂြိုဟ်သိမ်ပတ်လမ်းထိတိုင်အောင် တိုက်ထုတ်နိုင်ခဲ့သည်။


မနေ့ကမှ ထွက်ပေါ်လာခဲ့တဲ့ စာအုပ်တစ်အုပ်က ဒီနေ့ ဘယ်လိုအကြောင်းအရာတွေဖြစ်မယ်ဆိုတာကို ဘယ်လိုလုပ် ခန့်မှန်းနေနိုင်တာလဲ… 


ထပ်ပေါင်းပြောရလျှင် စာရေးသူက ယီနျို အလွန်ထူးဆန်းစွာ ရေသူတစ်ကောင်ဖြစ်လာသည်ကိုပင် သိရှိထားလေသည်။


ယီနျို အလွန်သိချင်နေမိသည်။ ရေသူတစ်ကောင် ဖြစ်လာပြီးနောက် ထိုအရာအား အလွန်ကောင်းမွန်စွာ လျှို့ဝှက်ထားသောကြောင့် မည်သူမျှ မသိနိုင်ပေ။ သို့သော် ထိုစာအုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားကာ သူနှင့် ယွဲ့ကျန့်၏ ငါးမြီးကစားနည်းကိုပင် ရေးသားထားသေးသည်။


ဟ ဟ... အတော်လေး မဆီလျော်တာပဲ...


ထိုအရာအား တွေးမိရုံနှင့် ယီနျို အလွန်ဒေါသကြီးလာကာ နားများပင် ပူကျစ်လာသည်။ ဦးခေါင်းထက်ရှိ တိမ်တိုက်လေးသည်လည်း ပို၍ ညို့မှိုင်းလာသည်။


ထိုအကြောင်းနှင့် ဆက်စပ်၍ သေသေချာချာ တွေးတောဆင်ခြင်ပြီးနောက် ယွဲ့ကျန့်ကဲ့သို့သော တည်ငြိမ်ကာ လုပ်ဆောင်နိုင်စွမ်းနှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးမှာ အိပ်ရာပေါ်တွင် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟု စာအုပ်ထဲ၌ ဖော်ပြထားသည်။


သူတွေးကြည့်၍ပင် မရနိုင်သည်မှာ ယွဲ့ကျန့်အား သူက အစွမ်းကုန် ဖြားယောင်သွေး‌‌ဆောင်ခြင်းကိုပင်။


သို့သော် စာအုပ်ထဲတွင် ဖော်ပြထားသည့် အချက်အလက်အချို့မှာ လက်တွေ့၌ အမှန်တကယ် ဖြစ်ပျက်နေခြင်းကို မည်သူမှ မရှင်းပြနိုင်ပေ။


ထိုဇာတ်ကွက်များအား တွေးကြည့်ပြီးနောက် ယီနျို ခိုက်ခိုက်တုန်လျက်နှင့် ခန်းမအပြင်သို့ လျှောက်လှမ်းသွားသည်။


ထိုလူများ ယခုလေးတင် ပြောဆိုခဲ့ကြသည့် အကြောင်းအရာများအား တွေးမိပြီးနောက် ယီနျိုက ရှေ့တန်းသို့ ပို့လွှတ်ခံရမည်ကို ကြောက်ရွံ့ရမည့်အစား အစောတလျှင်ပင် သွားလိုမိသည်။


အကြောင်းမှာ ကိစ္စတစ်ခုအား အတည်ပြုရန် မစောင့်နိုင်သောကြောင့်ပင်။ စာအုပ်ထဲ၌ ရေးသားထားသည်များမှာ မှန်ကန်နေမည် ဆိုပါလျှင် အင်ပါယာစစ်တပ် မရှုမလှ ရှုံးနိမ့်ရန်မှာ မလိုတော့ပေ။ ထို့အတူ ယွဲ့ကျန့်သည်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားပေမည်။ ထို့နောက်၌...


ယီနျို အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး ဆက်တွေးဖို့ရန် မဝံ့တော့ချေ။


ခန်းမမှ ထွက်ခွာပြီးနောက် လူအုပ်အား လှည့်ကြည့်မိလိုက်သည်။


ယီနျိုမှာ စာအုပ်ထဲ၌ ပါဝင်သော အကြောင်းအရာများ၏ သက်ရောက်မှု ခံနေရသည်။ ထို့အပြင် ယခုကဲ့သို့သော အလွန်အမင်း ငြိမ်းချမ်းနေသည့် ပတ်ဝန်းကျင်၌လည်း အနည်းငယ် သက်သောင့်သက်သာမရှိဟု ခံစားနေမိသည်။


ထို့နောက် သူ၏နောက်တွင် အမိန့်ပေးစေခိုင်းမည်ကို အရံသင့်စောင့်နေပါသော ကိုယ်ရံတော်အား တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ငါ့ကို ကူညီပြီး ရှေ့တန်းရဲ့ ဌာနချုပ်ကို ဆက်သွယ်လိုက်...”


ယီနျို၏ အနီးကပ်ကိုယ်ရံတော်ဖြစ်သော လုယာက ထိုအမိန့်အား ကြားသည့်အခါ အနည်းငယ် ရှက်ရွံ့သွားပြီး ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ပြောလာသည်။

“မင်းသားလေးမှာ ရှေ့တန်းနဲ့ဆက်သွယ်ဖို့ ခွင့်ပြုချက် မရှိပါဘူး...”


ယီနျို ကြောင်အသွားပြီးနောက် ပြောသည်။

“အဲဒါဆို ခမည်းတော်ကို ခေါ်...”


လုယာ အလျင်စလိုပင် အင်တာနက်လိုင်းမှ ခေါ်ဆိုလိုက်ပြီး တစ်ဖက်မှလည်း အလျင်စလို ပြန်လည်ဖြေကြားလာသည်။ သို့သော် ဖြေကြားသူမှာ ဧကရာဇ်မဟုတ်ဘဲ ဧကရာဇ်၏ နံဘေးရှိ အတွင်းရေးမှူးသာ ဖြစ်သည်။


“အရှင်မင်းကြီးက အစည်းအဝေးခန်းမှာပါ မင်းသားလေး...”

ထိုသူ၏ လေသံမှာ အလွန်ရိုကျိုးလှသည်။


ယီနျိုက လှပသည့် မျက်တောင်များအား တွန့်ချိုးကာဖြင့် ပြောလိုက်သည်။

“ဒါဆိုလည်း ကျေးဇူးပြုပြီး ခမည်းတော်ကို ပြောပေးပါဦး... ရှေ့တန်းကိုသွားဖို့ ငါဆန္ဒရှိတယ်လို့...”


အတွင်းရေးမှူးက အနည်းငယ် အံ့အားသင့်သွားပုံရပြီး “ခဏလောက်စောင့်ပါ” ဟု ပြောကာ ခေတ္တမျှကြာပြီးနောက်၌ ပြန်ရောက်လာသည်။

“အရှင်မင်းကြီးက သိတယ်လို့ ပြောပါတယ်... မင်းသားလေး မကြာခင် ထွက်ခွာဖို့အတွက်လည်း စစ်သင်္ဘောက အဆင်သင့်ဖြစ်နေပါပြီတဲ့...”


ယီနျို : “...” 


ဟိုးအရင်ကတည်းက အသင့်ပြင်ထားတာလို့ ငါ့ကို လာမပြောနဲ့နော်...


သူ ဖုန်းချပြီးနောက် လုယာအားပြောလိုက်သည်။

“ကြယ်ပြာကိုသွားဖို့ အသင့်ပြင်တော့...”


ရှေ့တန်းသို့ သွားလိုရခြင်းမှာ ယွဲ့ကျန့်အား လူကိုယ်တိုင် ဆုံတွေ့လိုပြီးနောက် ဇာတ်လမ်းအား အတည်ပြုရန် ဖြစ်သည်။


စာအုပ်အတွက်မူ လုံခြုံစိတ်ချစွာ ဖုံးဝှက်ထားရန်လိုအပ်သည်။ ထိုစာအုပ်ထဲရှိ အကြောင်းအရာများအား အခြားသူများ လုံးဝ မြင်တွေ့သွား၍ မရပေ။ အထူးသဖြင့် အဆိုပါ လိင်အသားပေး ဇာတ်ဝင်ခန်းများကို ဖြစ်သည်။



🧜🧜🧜