Chapter 10
Viewers 795

🧜 အခန်း ၁၀

သောက်ယွဲ့ကျန့်က တကယ်ကြီး ပုန်ကန်လိုက်ပြီ



ခန်းမအတွင်းရှိ လေထုမှာ တည်ငြိမ်လေးနက်နေသော်လည်း ယွဲ့ကျန့်မှာ ဤနေရာ၌ ရှိမနေဘဲ ရှေ့တန်း၏ အမိန့်ပေးသင်္ဘောပေါ်၌ ဖြစ်သည်။


မြေအောက်စခန်း၌ ရှိနေသူမှာ ဗိုလ်ချုပ်လင်း ဖြစ်သည်။ သူက တည်ငြိမ်စွာဖြင့် ယွဲ့ကျန့်နှင့် ပူးပေါင်းကာ နောက်ကွယ်မှ ကွပ်ကဲနေခြင်း ဖြစ်သည်။


ယီနျို ရောက်ရှိလာသည်အား သတိပြုမိသည့်အခါ နေရာမှထကာ နှုတ်ဆက်ချင်သော်လည်း ယီနျိုမှ တားမြစ်လိုက်သည်။

“ဒီကိုလာပြီးတော့ တစ်ချက်လောက် ကြည့်တာပါ... ကျွန်တော့်ကို စိတ်ထဲမထည့်ပါနဲ့...”


ထိုအခါမှသာ ဗိုလ်ချုပ်လင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။ မင်းသားလေး မည်သည့်အရာ အလိုရှိမည်ကို ယခုလေးတင် စိုးရိမ်ပူပန်ခဲ့ရသည်။ မည်သည်ကိုမျှ တောင်းဆိုခြင်း မပြုသည့်တိုင်အောင် မေးခွန်းတစ်စုံတစ်ရာကပင် လူတိုင်းအား သက်ရောက်မှုရှိပေလိမ့်မည်။


ကံကောင်းစွာဖြင့် မင်းသားလေးမှာ လွန်စွာတိတ်ဆိတ်သည်။ တစ်ချက်ကြည့်ရန်သာ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုပြီးနောက် အမှန်တကယ်ကိုပင် ကြည့်နေခြင်း ဖြစ်သည်။


တကယ်တမ်းတွင် ယီနျိုသည်လည်း ဗျူဟာကျကျ ကွပ်ကဲနည်းအား သင်ယူတတ်မြောက်ထားသည်။


ယွဲ့ကျန့် ခန့်မှန်းထားသကဲ့သို့ပင် ယီနျိုက ကျယ်ပြန့်သော ဗဟုသုတများစွာအား လေ့လာဆည်းပူးခဲ့သည်။ မင်းသားတစ်ပါးဖြစ်ခြင်း၏ အားသာချက်မှာ မည်သည့်အရာကိုမဆို သင်ယူနိုင်ခြင်းဖြစ်‌‌သော်လည်း အားချက်နည်းအချို့လည်း ရှိနေသေးသည်။ အရာအားလုံး သင်ယူထားသော်လည်း အမှန်တကယ် ကျွမ်းကျင်သည့်အရာဟူ၍ မရှိပေ။ 

(T/N - အကုန်သိ တစ်ခုမှမတတ်)


စစ်ဘက်ဆိုင်ရာ၌ ယီနျို၏ ကျွမ်းကျင်မှုမှာ ယွဲ့ကျန့်အောက် နိမ့်ကျပြီး သူ၏ဘဝတစ်သက်တာလုံး၌ လိုက်မီဖို့ရန်ပင် မဖြစ်နိုင်ချေ။


သို့သော် ထိုသည်မှာ အရေးမပါလှပေ။ ယီနျို အဖိုးဖြစ်သူ၏ ပြောထားချက်အရ အရာအားလုံးအား သိရှိထားရန် မလိုအပ်ဘဲ အရေးပါသူများကိုသာ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။


ယီနျို အနောက်ဘက်၌ တိတ်တဆိတ်ထိုင်ကာ မျက်တောင်တစ်ချက် မခတ်ဘဲနှင့် ဖန်သားပြင်အား စိုက်ကြည့်နေပြီး တိုက်ပွဲပြင်မှ လှုပ်ရှားမှုတိုင်းအား အာရုံစိုက်လျက်ရှိသည်။


ပါမောက္ခများ သင်ကြားပို့ချပေးသည့် ဗဟုသုတများနှင့် ယွဲ့ကျန့်၏ ဗျူဟာများအား လေ့လာရာမှ ရရှိထားသော ကိုယ်ပိုင်အတွေ့အကြုံများမှာ တိုက်ပွဲအခြေအနေအား သုံးသပ်ခန့်မှန်းနိုင်ရန် လုံလောက်မှုရှိသည်။


ရှေ့တန်း၏ အခြေအနေမှာ အကောင်းဘက်၌ ရှိမနေပေ။ အင်ပါယာစစ်တပ်က ဂြိုဟ်ပတ်လမ်းအစွန်း၌ ဖက်ဒရယ်နှင့် တိုက်ပွဲစသည်။ သို့သော် ၅ နာရီ ကြာပြီးနောက် အင်ပါယာစစ်တပ်က ကြယ်ပြာသို့ ပြန်လည်ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။


အခြေအနေအား ပို၍ဆိုးဝါးစေသည်မှာ ၆ နာရီအတွင်း ရောက်ရှိလာရမည့် တပ်ကူမှာ အာကာသယာဉ် ချို့ယွင်းမှုကြောင့် ပင်မကြယ်နှင့် ကြယ်ပြာကြား၌ ပိတ်မိနေသည်။ တပ်ကူရောက်လာရန် နောက်ထပ် ၆ နာရီ စောင့်ရဦးမည် ဖြစ်သည်။


ပင်မကြယ်၌ စစ်သင်္ဘောအမြောက်အများ မရှိဘဲနှင့် တိုက်ခိုက်စွမ်းရည် ကောင်းမွန်ခြင်း မရှိသည့်တိုင် တပ်ကူရောက်ရှိလာမည်ဆိုသည့် သတင်းစကားကပင် လူတိုင်းအား စိတ်အေးစေသည်။


ယွဲ့ကျန့်က တိုက်ပွဲစတင်ချိန်မှစကာ ပင်မကြယ်၏ အကူအညီအား မျှော်လင့်မထားခဲ့ချေ။ တိုက်ခိုက်ရန် မလုံလောက်လျှင် ခံစစ်သို့ပြောင်းကာ ဖက်ဒရယ်စစ်တပ် ကြယ်ပြာသို့ ဦးတည်နိုင်ခြင်း မရှိစေရန် ကြိုးစားပိတ်ဆို့မည် ဖြစ်သည်။


ထိုးစစ်နောက်တစ်လှိုင်းအား ကြံ့ကြံ့ခံပြီးနောက် မြေအောက်ကွပ်ကဲခန်းမှလူများမှာ နဖူးပေါ်ရှိ ချွေးများအား သုတ်ဖယ်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်သည်။


ကံကောင်းပြီး အမိန့်ပေးနေတဲ့သူက ဗိုလ်ချုပ်ယွဲ့ ဖြစ်နေလို့ပေ့ါ... မဟုတ်ရင်တော့ ဖရိုဖရဲတွေ ဖြစ်ကုန်တော့မှာ...


ယီနျိုသည်လည်း ယွဲ့ကျန့်အား အလွန်လေးစားမိသည်။ သို့သော် ဖက်ဒရယ်စစ်တပ်မှာ လျင်လျင်မြန်မြန် တိုက်ခိုက်ကာ အနိုင်ရယူလိုနေကြောင်း သတိထားမိသည်။


ထိုဗျူဟာများမှာ ယွဲ့ကျန့်၏ပုံစံဖြစ်သော်လည်း ယခု ရန်သူဘက်မှာ ထိုဗျူဟာအတိုင်း ထိုးစစ်ဆင်နေခြင်းပင်။


ယွဲ့ကျန့်မှာ တိုက်ခိုက်ခြင်းမပြုဘဲ ခုခံနေခြင်းဖြစ်ပြီး စစ်ပွဲအား ဆွဲဆန့်နေခြင်းပင်။ တစ်ဖက်၌မူ ဖက်ဒရယ်စစ်တပ်က အချိန် ၅ နာရီအတွင်း ကြယ်ပြာအား မရရှိနိုင်သည့်အပြင် သူတို့၏ အရှိန်အဟုန်မှာလည်း အတော်လေး အားနည်းလာပုံရသည်။


၅ နာရီဟူသော အချိန်မှာ လက်နက်ကြီးများ သုံးသည့်အခါ မက်ခါတစ်စီး အကြာမြင့်ဆုံး ခံနိုင်ချိန်နှင့် တူညီသည်။ 


ယီနျို၏ မျက်လုံးထဲ၌ အလင်းတစ်ချက်ပေါ်လာသည်။ လက်သီးတင်းတင်းဆုပ်ထားပြီးနောက် တွေးမိသည်မှာ - ဖက်ဒရယ်စစ်တပ်က မက်ခါတွေမှာ ပြဿနာရှိနေတာကိုသိထားတာများလား…


ယွဲ့ကျန့်သည်လည်း ထိုသို့တွေးမိသည်။ ဖက်ဒရယ်စစ်တပ်၏ တိုက်ခိုက်မှုမှာ မျှော်လင့်ထားသလောက် ပြင်းထန်မှုမရှိသည်ကို သတိပြုမိပြီးနောက် ခေတ္တမျှတွေးတောကာ အလျင်အမြန် ဗျူဟာပြောင်းသည်။


ထို့နောက်တွင် ယခင်ဆိုခဲ့သည့်အတိုင်း ယွဲ့ကျန့်မှာ လှလှပပ တိုက်ခိုက်ကာ အရေအတွက်အား အရည်အသွေးဖြင့် အနိုင်ယူခဲ့လေသည်။


မြေအောက်ကွပ်ကဲခန်းအတွင်း ဩဘာသံများညံသွားသည်။ ယီနျိုသည်လည်း ထိုင်ခုံမှထကာ အသာပြုံးလိုက်နိုင်သည်။


သူပြောခဲ့သလို ယွဲ့ကျန့် သေချာပေါက် နိုင်ရလိမ့်မည်။


ပေးဆပ်ရသည့်တန်ကြေး မြင့်မားပြီး အင်ပါယာစစ်တပ်၏ ပျက်စီးမှု များပြားသော်လည်း နိုင်ပွဲရရှိခဲ့သည်။ စာအုပ်ထဲရှိ ဖော်ပြချက်နှင့် နှိုင်းစာလျှင် အပျက်အစီးမှာ ထိုမျှလောက် ပြင်းထန်ခြင်းမရှိပေ။


အဆုံး၌ ယီနျို စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။ ဖက်ဒရယ်စစ်တပ်မှ အကြွင်းအကျန်များအား ယွဲ့ကျန့် ရှင်းလင်းနေသည်ကို မြင်ပြီးနောက် ထပ်မံအာရုံစိုက်ရန် မလိုတော့ချေ။ ထို့အစား နေရာလွတ်လက်ကောက်အတွင်းမှ ထူးဆန်းသည့်စာအုပ်အား ထုတ်ယူကာ ထောင့်တစ်နေရာတွင် ထိုင်ကာဖြင့် စတင်ဖတ်ရှုလေသည်။


ထိုစဉ် အံ့အားသင့်ဖွယ်ရာ တစ်ခုခုအား တွေ့ရှိလိုက်ရသည် — စာအုပ်ထဲ၌ အခန်းသစ်များ ရှိနေသည်။


ယီနျို သူ့မျက်လုံးကိုပင် မယုံကြည်နိုင်တော့ချေ။ ယခင်က စာအုပ်ထဲ၌ အခန်းပေါင်း ၅၀ သာလျှင် ရှိခဲ့သည်။ ပထမတစ်ဝက်မှာ စကားလုံးများဖြင့် ပြည့်နေပြီး ကျန်တစ်ဝက်မှာ ဗလာသက်သက် ဖြစ်သည်။ သို့သော် ယခုတွင်မူ...


စာအုပ်က အခန်း ၅၃ ခန်း ရှိတာလား...


ဆိုတော့ ဒီစာအုပ်က ဆက်သွားနေတုန်းပေါ့...


ထိုစာအုပ်မှာ သူ၏ နေရာလွတ်လက်ကောက်အတွင်း၌သာ ရှိနေခဲ့ခြင်းဖြစ်သောကြောင့် စကားလုံးအသစ်များ မည်သို့ ပေါ်ထွက်လာသည်ကို သူ မသိပေ။


ယီနျိုမှာ အကြောင်းအရင်းအား တွေးနေချိန်မရှိဘဲ အလျင်အမြန်ပင် အခန်းအသစ်များအား ဖတ်လေသည်။


ထုံးစံအတိုင်းပင် အပိုင်းသစ်၏ ၇၀% မှာ အဝါရောင်အခန်းများဖြစ်သည်။ စာရေးသူက ‘အတွေးသစ်မပေါ်ချိန်တိုင်း အဝါရောင်အခန်းများဖြင့် ဖြည့်စွက်သည်’ ဟူ၍ပင် ယီနျို သံသယဝင်လာတော့သည်။


ကံကောင်းထောက်မစွာဖြင့် ၃၀ % မှာ ဇာတ်ကြောင်း ဖြစ်နေခြင်းပင်။ အခန်း ၅၁ အား ဖတ်ပြီးနောက် ‘သူ’ နှင့် ‘ယွဲ့ကျန့်’ တို့ ဆက်နွယ်နေစဉ်အတွင်း ‘ဂမ်မာရောင်ခြည်ပေါက်ကွဲမှု’ ဟူသော အရေးကြီးသည့်အရာအား အမှတ်ရမိလိုက်ကြောင်း ယီနျို သတိပြုမိသည်။


စာအုပ်ထဲ၌ ဂမ်မာရောင်ခြည်ပေါက်ကွဲမှုမှာ ဂြိုဟ်ပတ်လမ်းအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အင်ပါယာစစ်တပ် ရှုံးနိမ့်ပြီးနောက် အင်ပါယာစစ်တပ်၏ အကြွင်းအကျန်များအား လိုက်ဖမ်းကာ တိုက်ပွဲပြင်အား ရှင်းလင်းနေသော ဖက်ဒရယ်စစ်သားများအား အလောင်းများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။


ဂမ်မာရောင်ခြည်ပေါက်ကွဲမှုမှာ ယေဘုယျအားဖြင့် ကြိုတင်ခန့်မှန်းနိုင်သော သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် အင်ပါယာ၊ ဖက်ဒရယ်၊ ကြယ်ဓားပြများနှင့် နိုင်ငံငယ်လေးများမှာ ထိုသို့ခန့်မှန်းရန် ကျရှုံးခဲ့သည်။


ထိုအကြောင်းအား ဖတ်ပြီးနောက် ယီနျို မှင်သက်နေမိသည်။ စစ်ပွဲနိုင်ပြီးသည့်တိုင်အောင် ဖက်ဒရယ်စစ်တပ်မှာ ဆက်လက်ကျူးကျော်ရမည့်အစား ငြိမ်းချမ်းရေးဆွေးနွေးရန်သာ ရွေးချယ်ခဲ့ခြင်းအကြောင်းအား အံ့အားသင့်နေရန်ပင် မလိုအပ်တော့ချေ။ သူတို့သည်လည်း ဆုံးရှုံးမှု ကြီးမားခဲ့သောကြောင့်ပင်။


စာအုပ်ထဲ၌ ဖက်ဒရယ်စစ်တပ်က အင်ပါယာစစ်တပ်၏ အကြွင်းအကျန်များအား လိုက်လံဖမ်းဆီးနေစဉ် ထိုသို့ဖြစ်ပွားခဲ့သော်လည်း လက်တွေ့၌မူ အခြေအနေမှာ ဆန့်ကျင်ဘက်ပင်။ ထို့အပြင် အင်ပါယာစစ်တပ်မှာ ဂြိုဟ်ပတ်လမ်း၌ ရှိနေဆဲပင်။


ယီနျို ဆက်မဖတ်နိုင်တော့‌ပေ။ စာအုပ်အားပိတ်ကာ နေရာလွတ်လက်ကောက်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် ခန်းမအလယ်သို့ အလျင်စလို လျှောက်လှမ်းသွားသည်။


“ဗိုလ်ချုပ်လင်း... ကျွန်တော် ဗိုလ်ချုပ်ယွဲ့နဲ့ ပြောချင်လို့ပါ...”

ယီနျိုက တိုက်ရိုက်ပင် တောင်းဆိုမှုပြုလိုက်သည်။


ဗိုလ်ချုပ်လင်း ကြောင်အသွားသည်။ မတိုင်မီကဆိုလျှင် ယီနျို၏ တောင်းဆိုမှုအား ဂရုပင်စိုက်လိမ့်မည် မဟုတ်သော်လည်း ယခုတွင်မူ...


တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ကာ မက်ခါများ၌ ပြဿနာရှိနေကြောင်း စောစီးစွာ ရှာဖွေတွေ့ရှိခဲ့သော မင်းသားလေးအား အနိုင်ရရှိမှုအတွက် ကျေးဇူးတင်ရမည်။


ထို့ကြောင့် ဗိုလ်ချုပ်လင်းက မင်းသားလေးအပေါ်၌ အမြင်ကောင်းရှိသည်။ သေသေချာချာ တွေးပြီးနောက် ယီနျိုထံသို့ မိုက်ကမ်းပေးလိုက်သည်။


ယီနျို ကိုယ်ကိုကိုင်းကာ ခလုတ််နှိပ်ပြီးနောက် ယွဲ့ကျန့်နှင့် ဆက်သွယ်လိုက်သည်။

“ဗိုလ်ချုပ်ယွဲ့... ဂြိုဟ်ပတ်လမ်း အနီးတစ်ဝိုက်မှာ ဂမ်မာရောင်ခြည်ပေါက်ကွဲမှု ဖြစ်နိုင်တယ်... တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းရာကို ရှောင်ပါ...”


ယွဲ့ကျန့် ခေတ္တမျှ ကြောင်အသွားသော်လည်း သူ့အားပြောနေသူမှာ မင်းသားလေးဖြစ်ကြောင်း သိပြီးနောက် အလျင်အမြန်ပင် ပြန်ပြောသည်။

“ကောင်းပြီ...”


ယီနျို : “…”

ယွဲ့ကျန့်က သံသယတောင် မဝင်ဘူးလားဟ...


ယွဲ့ကျန့် သံသယမဝင်ရန်မှာ ရှားလှသည်။ သို့သော် ဤကဲ့သို့သော အရာမျိုးအား အပြောင်အပျက်လုပ်မည့်သူဟူ၍ မရှိပေ။ နက္ခတ်တာရာ လေ့လာရေးဌာနမှ ရုတ်တရက် သတင်းရရှိသဖြင့် သူ့အား အကြောင်းကြားခြင်း ဖြစ်မည်ဟုသာ တွေးလိုက်သည်။


ထို့အပြင် ရှောင်တိမ်းပြီးနောက် ၂ နာရီ မပြည့်မီမှာပင် ဂမ်မာရောင်ခြည်ပေါက်ကွဲမှုက ဂြိုဟ်ပတ်လမ်းရှိ ဖက်ဒရယ်စစ်တပ်မှ အကြွင်းအကျန်များအား ကူညီ၍ ရှင်းလင်းပေးခဲ့လေသည်။


ထို့ကြောင့် ယွဲ့ကျန့်၏ သံသယမှာ ပို၍ပင် နည်းပါးလာသည်။


တိုက်ပွဲမှ ပြန်လည်ရောက်ရှိလာကြသော စစ်သားများမှာ ခံစားချက်များ ရောထွေးနေကြသည်။ သူတို့အားလုံး သေမင်း၏ ခံတွင်းဝသို့ ရောက်လုနီးနီးပင်။ ကံကောင်းစွာဖြင့် အလျင်စလို ပြန်ဆုတ်ခဲ့မိကြသည်။ သို့မဟုတ်လျှင် သူတို့သည်လည်း ပေါက်ကွဲမှုအတွင်း ပါသွားနိုင်သည်။


ကွပ်ကဲခန်းသို့ ယွဲ့ကျန့် ရောက်လာချိန်တွင် ဂုဏ်ပြုစကားများစွာ လက်ခံရရှိလေသည်။


သူတို့တိုက်ခိုက်ခဲ့ပုံမှာ လှပသေသပ်ပြီး သင်ရိုးစာအုပ်များ၌ ဥပမာအဖြစ် ထည့်သွင်းရန်ပင် လုံလောက်သည်ဟု လူတိုင်းသိရှိထားကြသည်။


ထိုအထဲတွင် ယွဲ့ကျန့်မှာ အများဆုံး ချီးကျူးခံထိုက်သူပင်။


သို့သော် ယွဲ့ကျန့်က ဂုဏ်ပြုမှုများအား လျစ်လျူရှုကာ လူအုပ်ကြားထဲ၌ ရင်းနှီးနေသော ပုံရိပ်လေးအား မသိစိတ်အရ ရှာနေမိသည်။


တိုက်ပွဲအတွင်း မည်သည့်အနှောင့်အယှက်မျှ မရှိခဲ့သော်ငြား ပြီးဆုံးသွားပြီးနောက် မင်းသားလေး၏ အားပေးစကားများနှင့် စိတ်ထဲမှ အသံတို့အား အမှတ်ရမိသည်။


ငါ ရှုံးနိမ့်ခဲ့ရင် ဒီနေရာမှာပဲ အတူတူ သေဆုံးကြမှာလား…


ယွဲ့ကျန့် ခပ်ရေးရေး မပြုံးဘဲ မနေနိုင်ပေ။ မင်းသားလေး၏ စကားများမှာ ကလေးဆန်သော်ငြား တစ်ဖက်လူ၏ရှေ့၌ မတ်မတ်ရပ်ကာ ‘ကိုယ်နိုင်ခဲ့ပြီ... မစိုးရိမ်နဲ့နော်’ ဟု ပြောကာ နှစ်သိမ့်ပေးချင်မိသည်။


ထိုအချိန်တွင် ယီနျိုမှာ နောက်ဆုံးအပိုင်း၌ မည်သို့ဆက်ဖြစ်သည်အား သိလိုစိတ်ကို အောင့်မထားနိုင်‌တော့သဖြင့် ထောင့်တစ်နေရာ၌ ပုန်းအောင်းကာ စာအုပ်ဖတ်နေသည်။


ယွဲ့ကျန့် ယီနျိုအား ရှာတွေ့သည့်အခါ အပြုံးခပ်ပါးပါးဖြင့် ချဉ်းကပ်သွားကာ ရည်ရွယ်ထားသော စကားများအား ပြောဖို့ ကြံရွယ်နေစဉ်မှာပင် မင်းသားလေး၏ စိတ်ထဲမှ ကြိမ်းမောင်းသံတို့အား ကြားလိုက်ရသည် —


[သောက်ယွဲ့ကျန့်က တကယ်ကြီး ပုန်ကန်လိုက်တာပဲ... ဂါးးး]


ယွဲ့ကျန့် :?


သူ့ နှုတ်ခမ်းထက်ရှိ အပြုံးမှာ ခေတ္တမျှ တောင့်ခဲသွားသည်။


[ဒင်းက ငါ့ကိုတွန်းလှဲပြီး အမြီးကို ဆွဲသေးတာလား...]


ယွဲ့ကျန့် : ???


မင်းသားလေးမှာ ရူးနှမ်းသွားပြီဟု သံသယရှိလာသည်။


ယီနျို ထိုစာအုပ်အား ဖတ်သည့်အချိန်တိုင်း၌ ‘ယွဲ့ကျန့်’ အား မကြိမ်းမောင်းဘဲ မနေနိုင်ချေ။ 


သို့သော် ထိုသို့ ကြိမ်းမောင်းခြင်းမှာ စာအုပ်ထဲရှိ ‘ယွဲ့ကျန့်’ ကိုသာ ဖြစ်သည်။


ယီနျို ယခင်က စာအုပ်ပါ အကြောင်းအရာများအား အလေးအနက် မထားခဲ့ဘဲ ဖတ်ရှုပြီးနောက် စိတ်တိုဒေါသထွက်ခြင်းသာ ရှိခဲ့သည်။ သို့သော် မက်ခါပြဿနာနှင့် ဂမ်မာရောင်ခြည်ပေါက်ကြွမှု ဖြစ်စစဉ်များကြောင့် စာအုပ်ထဲ၌ ရေးသားထားသော အရာများမှာ အစစ်အမှန်ဖြစ်သည်ဟု သက်သေပြနေလေသည်။


‘ယွဲ့ကျန့်’ မှာ တိုင်းပြည်သစ္စာဖောက်တစ်ဦး ဖြစ်သော်လည်း ယီနျိုအား စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ‘ယွဲ့ကျန့်’ မှ ‘သူ့’ အား နန်းချခဲ့ခြင်းပင်။


စာအုပ်၏ ဇာတ်ကြောင်းမှာ ထိုနေရာမှစသည်။ ထို့နောက် ‘ယွဲ့ကျန့်’ မှ သူ့အား ဖြားယောင်းနေစဉ် သို့မဟုတ် ‘သူ’ နှင့် လိင်ဆက်ဆံနေစဉ် တို့တွင် အတိတ်မှ မှတ်ဉာဏ်များနှင့် ဖြစ်ပွားခဲ့သော အကြောင်းအရာများအပြင် ‘ယွဲ့ကျန့်’ မှ ‘သူ့’ အား အတင်းအကြပ် ထောင်သွင်းအကျဉ်းချခြင်း စသည်တို့အား ထပ်ပေါင်းထည့်ထားသည်။ 


အစပိုင်း၌ စာအုပ်က ‘ယွဲ့ကျန့်’ ဤအရာများအား မည်သို့ ရရှိထားကြောင်း ရှင်းပြမှု မပြုထားပေ။ သို့သော် ယီနျို နားလည်ထားမှုအရ အင်ပါယာအား သစ္စာဖောက်ရန် ပြင်ပစွမ်းအားစုများဖြစ်သော ဖက်ဒရယ် သို့မဟုတ် ကြယ်ဓားပြများနှင့် ပူးပေါင်းမှု မပြုခဲ့ပါလျှင် တစ်ဖက်လူ၏ အပြုအမူများမှာ စစ်တပ်ပုန်ကန်မှုပြုကာ တိုင်းပြည်မငြိမ်မသက် ဖြစ်စေခြင်းဟု ပြောရပေမည်။


ခပ်တိုတိုပြောရမည်ဆိုလျှင် ယွဲ့ကျန့် ပြင်ပစွမ်းအားစုများနှင့် ပူးပေါင်းမှုမပြုခဲ့ပါက သူ၏ အပြုအမူများမှာ နိုင်ငံတော်ပုန်ကန်မှုအထိ ရောက်ရှိသည်ဟုဆိုရန် မဖြစ်နိုင်ဘဲ ဧကရာဇ်အား နန်းချခြင်းဟူ၍သာ သတ်မှတ်ရပေမည်။


သို့သော် အခန်းအသစ်များ၌ ‘ယွဲ့ကျန့်’ သည် ပြင်ပစွမ်းအားစုများနှင့် ပူးပေါင်းကာ အင်ပါယာမြို့တော်ကြယ်အား ပြန်လည်တိုက်ခိုက်ပြီး ‘သူ့’ ကို ပုလ္လင်ပေါ်မှ ဆွဲချလိမ့်မည်ဟု ယီနျို မျှော်လင့်မထားချေ။


ဒါက လုံးဝကို နိုင်ငံတော်သစ္စာဖောက်မှု စစ်စစ်ကြီးပဲ မလား...


ဒီခွေးယွဲ့ကို အရင်က ဆူပူနေခဲ့တာ လုံးဝ မမှားဘူးနော်...


ထိုမျှမကဘဲ နောက်ဆုံးအခန်း၌ ‘ယွဲ့ကျန့်’ သည် ‘သူ’ ၏ ငါးမြီးအားဆွဲကာ ယီနျို့ အား သူ၏အောက်သို့ ပို့ပြီးနောက် ထွက်ပြေးသည့်အခါတိုင်း အနိုင်ကျင့်နှိပ်စက်လေသည်။ ‘သူ’ မည်မျှ ငိုကြွေးစေကာမူ ‘ယွဲ့ကျန့်’ က သူ၏ နားရွက်အားခပ်သာသာကိုက်ကာ ခြိမ်းခြောက်မှုပြုသည်။


“ကိုယ့်ကို ငါးပေါင်ပေါင်းလေးတွေ မွေးပေးလေ... နော်... ကိုယ့်ဧကရာဇ်လေး...”


ဂါးးး ဒီကောင့် ခေါင်းထဲ အဓိပ္ပါယ်မရှိတာတွေ ပြည့်နေတာပဲ...


ငါးပေါက်လေးတွေ မွေးပေးရမယ် ဟုတ်လား... ဘာကိစ္စနဲ့များ ကောင်းကင်ဘုံကို မသွားလိုက်တာတုန်း...


အရေးအကြီးဆုံးအရာမှာ ယီနျိုက ယောက်ျားတစ်ယောက် ဖြစ်သည်။ 

ငါက ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ… စာအုပ်ထဲက ယွဲ့ကျန့်က စိတ်ရောဂါရှင်ဖြစ်နေတာလား…


ယီနျိုမှာ ထိုအခန်းအားဖတ်လေလေ ပို၍ ဒေါသထွက်လာလေပင်။ ထို့ကြောင့် ယွဲ့ကျန့်အား စိတ်ထဲမှ ဆဲရေးမိတော့သည်။ စိတ်တိုင်းကျ ဆူပူကြိမ်းမောင်းပြီးနောက် ဦးခေါင်းထက်၌ အရိပ်တစ်ခုရှိနေသည်ဟု ခံစားမိသဖြင့် သံသယများနှင့် မော့ကြည့်လိုက်မိသည်။



🧜🧜🧜