Chapter 9
Viewers 800

🧜 အခန်း ၉

ဒါပေါ့... ခင်ဗျား နိုင်ရမယ်...



အခြားဖြေရှင်းရမည့် ကိစ္စများ ရှိနေသေးသောကြောင့် ယွဲ့ကျန့်က ကြာကြာမနေတော့ဘဲ ယီနျိုအား ကောင်းမွန်စွာ အနားယူရန် ပြောပြီးနောက် ထိုနေရာမှ ထွက်လာသည်။


ယီနျို တံခါးပိတ်ပြီးသည်နှင့် အကျင့်အတိုင်း အခန်းအနှံ့ စစ်ဆေးသည်။ ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးမှသာ ရိုးရိုးရှင်းရှင်း ရေချိုးကာ အိပ်စက်လိုက်သည်။


လွန်စွာပင်ပန်းနေသောကြောင့် ယီနျို နောက်တစ်နေ့ မွန်းလွဲမတိုင်မီအထိ အိပ်ပျော်သွားခဲ့ပြီး သတိပေးခေါင်းလောင်းသံကြောင့် နိုးလာသည်။


အလျင်စလို ထထိုင်လိုက်ပြီးးနောက် လုယာအား ဆက်သွယ်ကာ မေးလိုက်သည်။

“စခန်းမှာ ဘာတွေဖြစ်နေတာလဲ...”


“ဖက်ဒရယ်စစ်တပ်က ရှောင်တခင် ဝင်တိုက်တာပါ မင်းသားလေး... ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ... ကျွန်တော်တို့ အမြန်ဆုံး ဘေးကင်းရာ ပြောင်းရပါလိမ့်မယ်...”


လုယာက အလျင်အမြန် ပြန်ဖြေသည်။

“ရှောင်တခင်တိုက်တာ ဟုတ်လား... ဘေးကင်းရာကို ပြောင်းရမှာလား...”


ယီနျို အတော်လေး မယုံကြည်နိုင်အောင် ဖြစ်ရသည်။


အိပ်ရာမှထကာ ကုတင်ပေါ်၌ ဒူးထောက်ရင်းဖြင့် ပြတင်းပေါက်အပြင်သို့ ကျော်ကြည့်ကာပြောသည်။

“တိုက်ပွဲမစခင် ငါက ဘေးကင်းရာ ထွက်ပြေးရမယ်ပေါ့...”


အဲလိုလုပ်ဖို့ သင့်တော်ပါ့မလား…

ထိုသို့ဆိုပါက မြို့တော်သို့ပြန်ရောက်လျှင် သူ့အစ်ကိုတော်များ၏ လှောင်ရယ်ခံရရန်အတွက် စောင့်နေရန်သာ ရှိတော့မည်။


သူက အစ်ကိုတော်များ၏ လှောင်ရယ်ခြင်း မခံလိုပေ။ မင်းသားတစ်ပါးအနေဖြင့် တိုက်ပွဲမစမီမှာပင် ထွက်ပြေးသွားမည်ဆိုပါလျှင် အင်ပါယာရှိ လူတိုင်း၏ တံတွေးခွက်ထဲ မျောပါရန်သာ ရှိတော့သည်။


“ဒါက ဗိုလ်ချုပ်ယွဲ့ရဲ့ ဆန္ဒပါ မင်းသားလေး... အခုအခြေအနေက ကွဲပြားတာကြောင့် မင်းသားရဲ့ လုံခြုံရေးက အရေးကြီးတယ်လို့ ဆိုပါတယ်...”


ယီနျို : “…”


ယီနျို ကိုယ့်နားရွက်ကိုယ် ပြန်ဆွဲမိသည်။ မယုံကြည်နိုင်မှုကြောင့် လုယာအား ပြန်လည်ကာ မေးခွန်းထုတ်မိသည်။

“ဆိုတော့ ဗိုလ်ချုပ်ယွဲ့က ... ကြောက်နေတာလား..”


ဒါက သူနဲ့ကို မတူဘူးနော်... ဒီလိုအခြေအနေမျိုး ဖြစ်မနေသင့်ဘူးလေ...


မက်ခါတွေမှာ ပြဿနာရှိတယ်ဆိုတာ ရှာတွေ့ပြီးပြီ... ဖြေရှင်းဖို့လည်း ကြိုးစားနေကြတာကို... အခြေအနေတွေက စာအုပ်ထဲကထက် ပိုပြီးတော့ ကောင်းနေသင့်တာ မဟုတ်ဘူးလား...


ခဏလေး... တကယ့် ပြဿနာအစစ်ကို မဖြေရှင်းရသေးတာများ ဖြစ်နေမလား...


ရုတ်တရက် ယီနျို၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။


‘ကြောက်ရွံ့သည်’ ဟူသော စကားလုံးအား ပြောလိုက်ချိန်မှာပင် ယွဲ့ကျန့်မှ အိပ်ခန်းတံခါးအား ဖွင့်လိုက်သည်။ သူက တံခါးဘောင်အားမှီကာ ယီနျိုအား တိတ်တဆိတ် ကြည့်နေသည်။


ယွဲ့ကျန့်၏ အကြည့်အား အာရုံခံမိသဖြင့် ယီနျို လှည့်ကြည့်လိုက်ချိန်တွင် ယွဲ့ကျန့်အား မြင်တွေ့လိုက်ရသောကြောင့် ချက်ချင်းဆိုသလို မျက်လုံးများ ပြူးကျယ်လာသည်။


“ဒီမှာ ကိစ္စလေးရှိလို့... နောက်မှ ဆက်ပြောကြမယ်...”

ယီနျို ခေါ်ဆိုမှုအား အလျင်စလို ဖြတ်တောက်လိုက်သည်။


ထိုအခြင်းအရာအား မြင်သည့်အခါ ယွဲ့ကျန့် မတ်မတ်ရပ်ကာ အိပ်ရာဆီသို့ လှမ်းလာသည်။


ယခုလေးတင် ယွဲ့ကျန့် ‘ကြောက်နေတာလား’ ဟု ပြောခဲ့မိကြောင်း အမှတ်ရပြီးနောက် ယီနျို တစ်စက္ကန့်မျှ အပြစ်ရှိစိတ် ဝင်မိသော်လည်း အလျင်အမြန်ပင် လက်ဦးမှုယူကာ ပြင်းထန်ကြမ်းတမ်းစွာ ပြောသည်။


“ခင်ဗျားက ဘယ်လိုဝင်လာတာလဲ... ဘာကိစ္စနဲ့ တံခါးမခေါက်တာလဲ... ဒီထဲကို ဝင်လာဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ...” 

ယီနျို သဘာဝကျကျ မေးလိုက်သည်။


တစ်ဖက်လူ၏ အမှားအား ဦးစွာချနင်းလိုက်မည် ဆိုပါက သူ့အပေါ် အပြစ်တင်ရန် မဖြစ်နိုင်တော့ပေ။


“ကိုယ် တံခါးခေါက်ပါသေးတယ်... မင်းသားလေးက ပြန်မဖြေတာပါ... ဒါကြောင့် မင်းသားလေး မနိုးသေးဘူး ထင်လိုက်တာ.. အခြေအနေက အရေးပေါ်ဖြစ်နေလို့ တံခါးဖွင့်ပြီး အရင်ဝင်လာခဲ့လိုက်တာ...”


“အိုး...”


ရုတ်တရက်ဆိုသလို ယီနျို၏ ရန်လိုမှုတို့ လျော့ကျသွားသည်။ ထိုအကြောင်းအား စဉ်းစားပြီးနောက် လက်မလျှော့လိုသေးသဖြင့် ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။

“ဒါဆို ခင်ဗျားက ကျွန်တော့်အခန်းကို ဘယ်လိုဖွင့်နိုင်တာလဲ...”


ယွဲ့ကျန့်၏ မျက်လုံးများမှာ အနည်းငယ်ဟနေသော ယီနျို၏ အင်္ကျီကော်လံသို့ ရောက်သွားပြီး ခေတ္တမျှ မျက်လုံးများ နက်မှောင်လာသည်။ အလျင်အမြန် အကြည့်လွှဲပြီးနောက် ရှင်းပြသည်။

“ဒါ အရင်က ကိုယ့်အခန်း ဖြစ်ခဲ့တာလေ...”


ယီနျို : … ဖြစ်ခဲ့တာ ဟုတ်လား... ဘာကိုဆိုလိုတာလဲ...


ယွဲ့ကျန့် စကားအပိုဆိုရန် အချိန်မရှိချေ။ အိပ်ရာပေါ်ရှိ ယီနျိုအား တိုက်ရိုက်ပင် ကောက်ပွေ့လိုက်ပြီးနောက် အပေါ်ထပ်တစ်ထည်ယူကာ အနည်းငယ် ပေါ်ထွက်လျက်ရှိသည့် နုနုနယ်နယ် ညှပ်ရိုးလေးအား ဖုံးလိုက်သည်။

“မက်ခါပြဿနာက လုံးလုံးလျားလျား မဖြေရှင်းရသေးဘူးဆိုတော့ အခုအခြေအနေက အကောင်းဘက် ရောက်မနေဘူးလေ... လုံခြုံရေးကြောင့် မင်းသားလေးနဲ့ ကိုယ်စားလှယ်အဖွဲ့က အရင်ဆုံး ထွက်ခွာမှရပါမယ်...”


ယွဲ့ကျန့်က ယီနျိုအား သပ်ရပ်အောင် ကူညီပေးနေရင်းဖြင့် အလျင်အမြန် ရှင်းပြသည်။


ယီနျို၏ အတွေးများအား အတည်ပြုလိုက်သလိုပင်။ တစ်ချိန်တည်းမှာပင် နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသည်။


သူက ယွဲ့ကျန့်၏ အပြုအမူများအား ခုခံလိုစိတ် မရှိချေ။ ခြေဗလာဖြင့် မြေပြင်အားနင်းကာ တစ်ဖက်လူ၏ အမြီးလေးသဖွယ် နောက်မှလိုက်ပါသွားသည်။

“အခုထိ မဖြေရှင်းရသေးဘူးလား... လက်ရှိ သုံးနိုင်တဲ့ မက်ခါဘယ်လောက်ရှိတာလဲ... အကူအညီရော တောင်းပြီးပြီလား...”


ယွဲ့ကျန့် နောက်သို့လှည့်လာသဖြင့် ယီနျိုနှင့် ဝင်တိုက်မိသည်။


ယီနျိုက နှာခေါင်းအားထိကာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ယွဲ့ကျန့်အား ကြည့်နေသည်။


မင်းသားလေးမှာ အမှန်တကယ်ကိုပင် အားနည်းသည် — ပိန်ပါး၍ အားနည်းသည်ဟု ယွဲ့ကျန့် ခံစားမိပြန်သည်။


သူနှင့် ရွယ်တူများထက်ပင် ပို၍ သေးညှပ်ကာ ပိန်ပါးနေသည်။ အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည့်တိုင် ကလေးတစ်ဦးနှင့်ပင် တူနေဆဲဖြစ်သည်။


“လက်ရှိ အသုံးပြုနိုင်တဲ့ မက်ခါက အစီးရေ ၅ သောင်းပဲ ရှိပါတယ်... ကျန်တဲ့ Z စီးရီး မက်ခါ ၅ သောင်းက ပြုပြင်ဖို့ စောင့်ဆိုင်းနေဆဲပါ... အားလုံး ပြင်ဆင်ပြီးဖို့ဆိုရင် အနည်းဆုံး ငါးရက်လောက် ကြာနိုင်ပါတယ်...”


ငါးရက်ကြာပြီးမှတော့ အားလုံး အကင်ခံပြီးပြီပေါ့...


“မင်းသားလေးက ကျန်တဲ့သူတွေနဲ့ အရင်ဆုံး ထွက်ခွာနှင့်ပါ...”

ယွဲ့ကျန့် နောက်တစ်ကြိမ် ထပ်ပြောသည်။


ယီနျို စိုးရိမ်နေသည့် အရာအား တွေးမိပြီးနောက် ယွဲ့ကျန့် နှစ်သိမ့်လိုက်သည်။


“မင်းသားလေးက စစ်သား မဟုတ်ဘူးလေ... ပြီးတော့ အရွယ်ရောက်တာလည်း မကြာသေးဘူးဆိုတော့ အခြေအနေပေးတုန်း ဘေးကင်းရာကိုရှောင်တာ ပုံမှန်ပါပဲ... ဘယ်သူကမှ အပြစ်တင်ဝေဖန်မှာ မဟုတ်ပါဘူး... ရှေ့တန်းမှာနေဖို့ တာဝန်မရှိဘူးလေ...”


“ဒါပေမဲ့ ကျွန်တော်က မင်းသားလေ...”

ယီနျို လေးလေးနက်နက်ပြောသည်။


ဤအချိန်တွင် ယီနျို၏ အမူအရာမှာ တည်ကြည်လေးနက်လျက်ရှိသည်။

“ပြီးတော့ ကျွန်တော် အခုထွက်သွားမယ် ဆိုရင်လည်း အရင်ကလို ပစ်မှတ်ထားမခံရဘူးလို့ မပြောနိုင်ဘူးလေ...”


ယွဲ့ကျန့် ခေါင်းယမ်းကာ ဆိုသည်။

“မဖြစ်ပါဘူး... ကိုယ်က မင်းသားလေးကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက် ထည့်ပေးလိုက်မှာပါ...”


“ဒါပေမဲ့ ရှေ့တန်းရဲ့ အခြေအနေက အရေးကြီးနေတာလေ... ကျွန်‌တော့်ကို စောင့်ရှောက်ဖို့အတွက်နဲ့ စစ်အင်အားကို ဖြုန်းတီးမလို့လား...”


ယီနျို မျက်မှောင်ကြုတ်ကာ ယွဲ့ကျန့်အား သင်ကြားပို့ချလေသည်။

“ကျွန်တော့်အတွက် စီစဉ်ပေးမဲ့အစား ရှေ့တန်းကိုသွားပြီး ပြင်ဆင်သင့်တယ်... မက်ခါ ၅ သောင်းတောင် ရှိနေသေးတာပဲ မလား...”


[လက်ရှိအခြေအနေက Z စီးရီး မက်ခါ ၇ သောင်းလုံး တိုက်ခိုက်နေရင်း မတော်တဆဖြစ်တာထက် ပိုကောင်းပါတယ်လေ...]


“ခင်ဗျား နိုင်နေသရွေ့ ကျွန်တော် လုံခြုံမှာပေါ့... မဟုတ်ဘူးလား... မကြောက်ပါနဲ့.. ခင်ဗျားက ယွဲ့ကျန့်လေ... ဆုံးရှုံးမှုအနည်းဆုံးနဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်တဲ့သူပဲလေ... သေချာပေါက် နိုင်မှာပေါ့... အရင်ကလည်း ဖက်ဒရယ်စစ်တပ်ကို မရေမတွက်နိုင်အောင် အနိုင်ယူခဲ့ပြီးပြီလေ... လုပ်ပါ... ကျွန်တော် ခင်ဗျားကို ယုံတယ်နော်...”


ယီနျိုက လက်သီးလေးဆုပ်ကာ ယွဲ့ကျန့်အား အားပေးလျက်ရှိသည်။


ယွဲ့ကျန့် ကြောင်အနေမိသည်။ သူက မင်းသားလေးထံမှ ‘သင်ကြားပေးခြင်း’ ခံရလိမ့်မည်ဟု ‌မမျှော်လင့်ထားပေ။


ယခင်က တိုက်ပွဲမစမီ ကိုယ်စားလှယ်အဖွဲ့၏ လုံခြုံရေးအတွက် စိုးရိမ်ရန် အပိုစွမ်းအင် မရှိခဲ့ချေ။ သို့သော် ယနေ့တွင်မူ ဤတိုက်ပွဲ၌ ရှုံးနိမ့်သွားမည်ကို တွေးရုံမျှနှင့်ပင် မင်းသားလေး...


ထိုအတွေးအား ဝင်လာခွင့်ပင် မပြုနိုင်ချေ။


မင်းသားလေးမှာ အားနည်းဟန်ရှိသော်လည်း အမှန်တကယ်၌ ယွဲ့ကျန့် တွေးထင်သည်ထက် ပိုမိုသန်မာသည်။ တကယ်တမ်းတွင် ယွဲ့ကျန့်က ယီနျိုအား ပျက်စီးနေသော စစ်သင်္ဘောအတွင်း၌ မြင်တွေ့ခဲ့ရစဉ်မှစကာ ထိုအကြောင်းအား သိထားသင့်သည်။


မင်းသားလေးမှာ ထွက်ခွာလိုစိတ် မရှိသည့်အပြင် သူ့အပေါ် အလွန်အမင်း ယုံကြည်ထားသောကြောင့် ငြင်းဆိုနေမည်ဆိုလျှင် အမှန်တကယ် ကြောက်ရွံ့နေသည်ဟု ထင်မြင်သွားနိုင်သည်။


ယွဲ့ကျန့်ထံ၌ အချိန်များစွာမရှိသဖြင့် တိုက်ရိုက်သာဆိုသည်။

“ဒါဆိုလည်း မင်းသားလေးက တခြားသူတွေနဲ့အတူ မြေအောက်စခန်းကို သွားလိုက်ပါ... မတော်တဆ တစ်ခုခု ဖြစ်တာနဲ့ အချိန်မီ နောက်ဆုတ်ဖို့ သတိရနော်...”


ယီနျို ခေါင်းညိတ်ပြီးနောက် အလျင်စလိုပြောသည်။

“ကျွန်တော် သိပါတယ်... မြန်မြန်လေး သွားတော့...”


ယွဲ့ကျန့် ယီနျိုအား နက်နက်ရှိုင်းရှိုင်း ကြည့်ပြီးနောက် အလျင်စလို လှည့်ထွက်သွားသည်။


ပစ္စည်းများ ထုပ်ပိုးနေရင်းဖြင့် ယီနျို အားငယ်စွာ တွေးမိသည်။


[ယွဲ့ကျန့် နိုင်မယ်ဆိုတာ ပြောနေစရာတောင် မလိုဘူး... ဒါပေမဲ့... သူ မနိုင်ခဲ့ရင်ရော...]


စာအုပ်ထဲမှ ဇာတ်ကွက်အား တွေးမိသည့်အခါ—

[ဒါဆို ငါလည်း ဒီမှာပဲ သေရတော့မှာပေါ့...]


ယီနျိုနှင့် ၁၀ မီတာ အကွာအဝေးသို့ ရောက်လုနီးနီး ယွဲ့ကျန့် : “…”


သူသာ ကျရှုံးခဲ့မည်ဆိုလျှင်...


ထိုသို့ဖြစ်ခွင့် မပေးနိုင်ချေ။


ယီနျို မြေအောက်စခန်းသို့ ရောက်ရှိပြီးနောက် လွန်ခဲ့သော ရက်များမှ ကျုံးမင်ဦးဆောင်ကာ စစ်ဆေးထားသော စခန်းရှိ Z စီးရီး မက်ခါများ၏ စနစ်အဆင့်မြှင့်တင်နေမှုအား ဟူယိချန်းထံမှတစ်ဆင့် လေ့လာသည်။


စနစ်အဆင့်မြှင့်တင်မှုက စိတ်ဝိညာဉ်ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာစေခြင်း ဖြစ်သည်။ မောင်းနှင်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မက်ခါနှင့် ပေါင်းစည်းပြီးနောက် ပို၍ အဆင့်မြင့်တက်သွားစေပြီး ကိုယ်ပိုင်ခန္ဓာကိုယ်အား ထိန်းချုပ်ရသကဲ့သို့ လုပ်ဆောင်ချက်အား ပိုမိုချောမွေ့သွားစေသည်။


သို့သော် စနစ်အသစ်မှာ စိတ်ဝိညာဉ်ကြေးနန်းကြိုး လိုအပ်မှု မြင့်မားသည်။


“ပြဿနာရှိနေတဲ့ ဝါယာကြိုးတွေက စနစ်အသစ်ကို မထောက်ပံ့ပေးနိုင်ဘူး... ဖျက်ဆီးရေးဗုံးနဲ့ တခြားလက်နက်တွေကို အသုံးမပြုဘူး ဆိုရင်တော့ မက်ခါက ပုံမှန်အတိုင်း အလုပ်လုပ်ပါလိမ့်မယ်... ဒါပေမဲ့ ကြီးမားပြင်းထန်တဲ့ လက်နက်တွေကို တစ်ကြိမ်လောက်ပဲ အသုံးပြုလိုက်မယ် ဆိုတာနဲ့ စိတ်ဝိညာဉ်ကြေးနန်းကြိုးတွေက ဝန်အားမခံနိုင်တာကြောင့် ပြတ်ထွက်တာမျိုး ဖြစ်လာနိုင်ပြီး ကွင်းဆက်တုံ့ပြန်မှုတွေကြောင့် မက်ခါက ထိန်းချုပ်မှု လွတ်ကင်းသွားနိုင်ပါတယ်...”


“စနစ်ကို အဆင့်မြှင့်တင်ပြီးတော့ မတော်တဆမှု ဖြစ်နိုင်ချေက အရင်က ၀.၁ % ပဲ ရှိပေမဲ့ အခုတော့ ၉၇.၇ % အထိ မြင့်တက်သွားပါတယ်...”

ဟူယိချန်း တီးတိုးပြောသည်။


အခြားမက်ခါများအား ပြန်လည်ပြုပြင်ရန်နှင့် အပြစ်အနာအဆာများအား ဖယ်ရှားရန် လိုအပ်နေဆဲဖြစ်သည်။ ယီနျိုအား ထိုအရာများ ပြောပြပြီးနောက် ဟူယိချန်းက တောင်းပန်စကားဆိုကာ အလျင်စလို ထွက်ခွာသွားသည်။


ယွဲ့ကျန့် မည်သည်ကြောင့် မက်ခါ အစီးရေ ၅ သောင်းသာလျှင် တိုက်ပွဲဝင်နိုင်မည်ဟု ပြောခဲ့ကြောင်း ယီနျို ယခု နားလည်သွားပြီဖြစ်သည်။ သူမျှော်လင့်ထားသည့်အတိုင်း မက်ခါများ ထိန်းချုပ်မှုကင်းလွတ်ရန် အထူးအခြေအနေများ လိုအပ်သည်။


ယွဲ့ကျန့် ယခုရင်ဆိုင်နေရသော အခြေအနေမှာ မကြုံစဖူး အလွန်စိုးရိမ်ဖွယ်ဖြစ်သည်။ ဤအခြေအနေမျိုး၌ ယီနျို ကူညီနိုင်မည့်အရာ မရှိလှပေ။ တစ်ဖက်လူအား ဒီရေကို ပြောင်းပြန်လှန်နိုင်ရန်သာ ဆုတောင်းပေးနိုင်သည်။


ကျုံးမင်... 

စနစ်အဆင့်မြှင့်တင်မှုမှာ ကျုံးမိသားစုမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ကျုံးမင်အနေဖြင့် မည်သည်ကိုမျှ သိထားခြင်းမရှိ ဆိုသည်မှာ မဖြစ်နိုင်ပေ။


ယီနျို မျက်မှောင်ကြုတ်ကာ သူ၏ဆက်သွယ်ရေးစက်အား ဖွင့်လိုက်သည်။ လုယာအား ဆက်သွယ်ချင်သော်လည်း ဝမ်းကွဲဖြစ်သူ အလန်ဒဲလန်ထံမှ လွဲချော်သွားသော ခေါ်ဆိုမှု အများအပြားအား တွေ့လိုက်ရသည်။


ဝမ်းကွဲအား စစ်ဆေးကြည့်ရန် ပြောထားဖူးကြောင့် အမှတ်ရမိသဖြင့် ချက်ချင်းပြန်လည်ခေါ်ဆိုမှုပြုလိုက်သည်။

“ရှေ့တန်းကို လက်နက်တွေ တင်သွင်းတဲ့သူကို စစ်ဆေးနေစရာ မလိုတော့ဘူး... ကျွန်တော်သိပြီးပြီ...”


အလန် : “…”


“မင်း တကယ်ကြီး ရှေ့တန်းကို သွားတယ်လား...”

အလန်၏ လေသံမှာ မယုံကြည်နိုင်ဟန်ပင်။


“ပြီးခဲ့တဲ့ ရက်တုန်းက ကျွန်တော် မပြောခဲ့ဘူးလား...”

ယီနျို အံ့အားသင့်စွာ ပြန်မေးလိုက်သည်။


“ဘုရားရေ... မင်းသားလေး... ဒီကိစ္စကို ဘာအကြောင်းနဲ့များ ငါရယ် အဖိုးရယ်နဲ့ မတိုင်ပင်ခဲ့တာတုန်း...”


အလန် သက်ပြင်းချလိုက်သည်။

“အနည်းဆုံးတော့ ငါတို့မိသားစုမှာ ‌ကြေးစားတပ်တွေ အများကြီး ရှိတယ်လေကွာ... မင်း ရှေ့တန်းကို သွားမယ်ဆိုတာ ငါတို့သိရင် ကာကွယ်ဖို့ လူနည်းနည်း ပို့လိုက်မှာပေါ့...”


အလန်က ယီနျို့ဦးလေး၏ သားဖြစ်ပြီး ယီနျိုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။


ယီနျို အဆင်ပြေကြောင်း အတည်ပြုပြီးနောက် အလေးအနက်ထား မေးမြန်းနေခြင်းအား ရပ်ကာ အပြောင်အပျက် ဆိုလေသည်။

“ဆိုတော့ မင်း တကယ်ကြီး တိုက်ခိုက်ခံရတာလား... ပြီးတော့ ရှေ့တန်းခံတပ်က မင်းကို လာကယ်တာလား... ပြီးတော့ ရှေ့တန်းစခန်းကိုရောက်တော့ မင်းက နည်းပညာဌာနကို အကြီးကြီးမွှေနှောက်လိုက်သေးတာဆို... အင်ဂျင်နီယာချုပ်ကို တာဝန်ဆိုင်းငံ့ပြီး မက်ခါစစ်သည်တွေကို ပြပွဲလုပ်ခိုင်းလိုက်သေးတာတဲ့...”


ယီနျို ကြောင်အကာ မေးလိုက်သည်။

“ဘယ်ကနေ အဲလိုတွေ ကြားခဲ့တာတုန်း... ကျွန်တော်က အဲလိုမျိုးလူလား...”


“တခြားသူတွေ ပြောတာကို ငါက နားထောင်နေဖို့ လိုလို့လား...”


အလန်၏ လေသံမှာ ရှုပ်ထွေးကာ ခပ်တိုးတိုးပြောသည်။

“မင်းသားလေးသာ လွန်ခဲ့တဲ့ နှစ်ရက်က အွန်လိုင်းပေါ် ရှိနေမယ်ဆိုရင် နောက်ဆုံးရသတင်းတွေအကြောင်း သိမှာပါ...”


“ပထမဆုံးအနေနဲ့ စာစောင်တစ်ခုက တော်ဝင်ကိုယ်စားလှယ်အဖွဲ့က ရှေ့တန်းကို ပြဿနာရှာဖို့ ထွက်သွားပြန်ပြီလို့ ရေးတယ်လေ... ဒါက အဆင်ပြေပါသေးတယ်... မင်းကို ဦးတည်တာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက မင်းကို စေလွှတ်တာလေ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျုံးမိသားစုရဲ့ လူတစ်ယောက်က ငါထင်တာကတော့ ကျုံးမင်လို့ ခေါ်သလားပဲ... ကောင်းပြီ... သူက စစ်ပွဲသတင်းထောက် တစ်ယောက်နဲ့ အင်တာဗျူးလုပ်တယ်လေ... အဲဒီမှာ ပြောသွားတာ မင်းက စခန်းမှာ အရှုပ်တွေလုပ်နေပြီး သူ့ရဲ့ ရာထူးကို ဆိုင်းငံ့ဖို့ ဗိုလ်ချုပ်ယွဲ့ကို အားပေးအားမြှောက် ပြုပါတယ်တဲ့...”


ယီနျို : “…”

ဆိုတော့ ကျုံးမင်က အဲဒီနေ့ ထွက်သွားတာနဲ့ စစ်ပွဲသတင်းထောက်နဲ့ ချက်ချင်းကို အင်တာဗျူးဖြေပစ်တယ်ပေါ့လေ...


အဲဒီသတင်းထောက်ကလည်း အတော်လေး အားနေပုံပဲ...


“တကယ်တော့ မင်း အဲလို့အရာတွေ လုပ်မယ်လို့ ငါမယုံပါဘူး... ပြီးတော့ ယွဲ့ကျန့်ကလည်း အဲလိုလူစားမျိုး မဟုတ်ဘူးလေ.. ဒါပေမဲ့ အဖိုးနဲ့ ငါက စိုးရိမ်နေခဲ့တာ... ယွဲ့ကျန့်က မင်းကို အရှက်ခွဲသေးလား...”


ယီနျို ခေါင်းယမ်းပြီးနောက် ပြောသည်။

“ကျုံးမင် အဖမ်းခံထားရတာရော အဲဒီသတင်းထောက်က ပြောသေးလား...”


ယခုထိတိုင် အတည်ပြုခြင်း မရှိသေးသော်လည်း ကျုံးမိသားစု၏ မက်ခါများ၌ ပြဿနာကြီးကြီးမားမား ရှိနေပြီး ကျုံးမင်က စနစ်အဆင့်မြှင့်တင်ခြင်းအား ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖမ်းဆီးခံရခြင်းမှာ ထူးဆန်းသည့်အရာ မဟုတ်ပေ။


ယွဲ့ကျန့်က ထိုလူအား စခန်း၌ပင် သတ်ပစ်မည့်သူ မဟုတ်ကြောင်း ယီနျို ယုံကြည်သည်။ အကြောင်းမှာ ထိုလူက ဥပဒေအား လိုက်နာကာ ကျုံးမင်အား စစ်ခုံရုံးသို့ တိုက်ရိုက်ပို့မည့်သူ ဖြစ်သည်။


Z စီးရီး မက်ခါများ၏ ထိန်းချုပ်မှုလွတ်သွားနိုင်ချေမှာ ၀.၁ % ဖြစ်သည်။ ပြီးခဲ့သော တိုက်ပွဲများ၌ ထိုအမှားအယွင်းကြောင့် ဆုံးရှုံးလိုက်ရသော မက်ခါစစ်သည်များ ရှိ၊ မရှိအား မည်သူမှ မသိနိုင်ပေ။


ယင်းမှာ လူ့အသက်အား လောင်းကြေးထပ်ခြင်းပင်။


ကျုံးမိသားစုက ကြေးနန်းကြိုးတွေ ပြန်အစားထိုးဖို့ ကုန်ကျစရိတ်က အရမ်မြင့်နေတာကြောင့် အဲ့အချက်ကို ဖုံးကွယ်ထားတာ ဖြစ်မလား…


ထို့အပြင် တိုက်ပွဲတိုင်း၌ အကျအဆုံးရှိတတ်စမြဲ ဖြစ်သောကြောင့် ပြဿနာအား ရှာတွေ့နိုင်ခြင်း မရှိလောက်ဟု ထင်ထားကြခြင်းများလား ဟု သူ တွေးနေမိသည်။


ထို့အပြင် ရှေ့တန်းရှိ Z စီးရီး မက်ခါများ၌ ပြဿနာရှိကြောင်း သိရှိထားသည့်တိုင်အောင် ရုတ်တရက် စနစ်အဆင့်မြှင့်တင်ခြင်း ပြုလုပ်ခဲ့သေးသည်။


ဤကိစ္စ၌ လျှို့ဝှက်အကြံအစည်တစ်ခုခု ရှိလိမ့်မည်ဟု ယီနျို ခံစားမိသည်။

“ကျွန်တော့်ကို ကူညီပြီးတော့ ကျုံးမိသားစုရဲ့ လက်တလော လှုပ်ရှားမှုတွေကို စစ်ဆေးပေးနော်... သူတို့ ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်လဲဆိုတာ အဓိကထားပေး...”


အလန် : “…” 

ငါက မင်းအလိုရှိတိုင်း အချက်အလက် စစ်ဆေးပေးရတဲ့ ရှာဖွေရေးစက်လားကွ...


“နေပါဦး... ကျုံးမင်က ဘာကိစ္စနဲ့ အဖမ်းခံထားရတာတုန်း...”

သူ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“ပြီးတော့ ကျုံးမိသားစုကိုလည်း...”


ယီနျို များများစားစား ထုတ်မပြောလိုချေ။

“ကျွန်တော်တို့ အခု စစ်ပွဲထဲရောက်နေတာ... စကားအများကြီး ပြောလို့မရဘူး... ချလိုက်တော့မယ်...”


အလန် : “…”


“စကားမစပ် ကျွန်တော့်ကိုကူပြီး စစ်ပေးထားဦးနော်...”


အလန် : “နေပါဦးဟ... ရှေ့တန်းမှာ တိုက်ခိုက်နေကြပြန်ပြီလား... မင်း ဘေးကင်းရဲ့လား... ငါ ဘာကြောင့်...”


ယီနျို အလန်၏ တကျည်ကျည်အသံအား နားမထောင်လိုတော့သဖြင့် တိုက်ရိုက်ပင် အဆက်အသွယ် ဖြတ်ချလိုက်သည်။ ထို့နောက် လုယာအားခေါ်ဆိုကာ မြေအောက်စခန်း၏ ကွပ်ကဲခန်းသို့ သွားကြသည်။



🧜🧜🧜