Chapter 8
Viewers 822

🧜 အခန်း ၈



များမကြာမီ မက်ခါတိုက်ခိုက်မှု စတင်ပြန်သည်။ သို့သော် ကြည့်ရှုသူများမှာ မက်ခါစစ်သည်များ၏ လှုပ်ရှားမှုများအပေါ် ချီးကျူးလိုစိတ် မရှိတော့ချေ။


ယီနျို၏ တာဝန်ပေးအပ်ခြင်း ခံပြီးနောက် ဟူယိချန်းက တက်ကြွလာသလို အနည်းငယ် စိုးရိမ်စိတ်ဝင်လာသဖြင့် အလုပ်လုပ်ရာ၌ ပို၍ပင် အလေးအနက်ရှိလာသည်။


မင်းသားလေး၏ ယုံကြည်မှုအပေါ် အလဟဿ မဖြစ်စေလိုသည့်အတွက် ပြဿနာအရင်းခံအား တတ်နိုင်သမျှ မြန်ဆန်စွာ ရှာဖွေလိုသည်။


သို့သော် တိုက်ပွဲ သုံးပွဲ ပြီးဆုံးသွားသည့်တိုင်အောင် သဲလွန်စ ရှာမရသေးချေ။


တစ်ခုတည်းသော တိုးတက်မှုဟု ဆိုရန်မှာ ဒေတာအတက်အကျမှာ ပို၍ပင် သိသာထင်ရှားလာခြင်း ဖြစ်သည်။ တစ်ကြိမ်တွင် ဂဏန်းများမှာ လက်ခံနိုင်သည့် ပမာဏကိုပင် ကျော်လွန်သွားလုနီးနီးဖြစ်ပြီး ထိုအခြေအနေမှာ လွန်စွာရှားပါးသည်။ ဂါဗင်ပင်လျှင် ပုံမှန်မဟုတ်ခြင်းအား မြင်တွေ့ရသည်။


“နောက်ထပ် နည်းနည်းလောက် ထပ်တိုက်ကြည့်ရင်‌ရော...”

ဤတစ်ကြိမ်၌ အဆိုတင်သွင်းသူမှာ ဂါဗင်ဖြစ်သည်။


သို့သော် လူတိုင်း နွမ်းလျနေကြလေပြီ။ ထိုသို့ဆက်သွားရန် မဖြစ်နိုင်ပေ။ သို့သော် မက်ခါစစ်သည်များအား ခေါ်ယူမေးမြန်းရာ၌လည်း မောင်းနှင်စဉ် မည်သည့်ပုံမှန်မဟုတ်မှုကိုမျှ မခံစားရဟု ဆိုကြသည်။


ယီနျို အနည်းငယ် ရှက်ရွံ့သွားသည်။ သူ၏ အသိစိတ်မှ ပြောနေသည်မှာ စာအုပ်ထဲ၌ ဖော်ပြထားသည်မှာ မှန်ကန်သည် ဟူ၍ပင်။ မည်သို့ဖြစ်စေ ဟူယိချန်းပင်လျှင် ထွက်ပေါ်လာခဲ့ပေသည်။ သို့သော်...


“ဒီတစ်ကြိမ် ငါမောင်းမယ်...”

ယွဲ့ကျန့်က ရုတ်တရက် ဆိုသည်။


လူတိုင်း ကြောင်အသွားကြသော်လည်း ဂါဗင်မှာ ပျော်ရွှင်နေသည်။


ဗိုလ်ချုပ်ယွဲ့က မက်ခါ ကိုယ်တိုင်မောင်းမယ်တဲ့လား... ဘုရားရေ... ဒါမျိုး မမြင်ရတာ ဘယ်လောက်တောင် ကြာပြီလဲနော်...


သို့သော် နောက်တစ်စက္ကန့်မှာပင် ယွဲ့ကျန့်က ဂါဗင်အား ညွှန်ပြကာ ဆိုလေသည်။

“ငါနဲ့လာတိုက်...”


ဂါဗင်မှာ ရုတ်တရက် ညိုးလျော်သည့် အသီးအရွက်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။ သူက ဗိုလ်ချုပ်ယွဲ့ အခြားသူများအား အနိုင်ကျင့်သည်ကို မြင်တွေ့လိုခြင်းဖြစ်ပြီး အနိုင်ကျင့်ခံမှာ သူဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။


သို့သော် စေ့စေ့စပ်စပ် တွေးတောပြီးနောက် ယွဲ့ကျန့်နှင့် တိုက်ခိုက်ရန်မှာ ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သောကြောင့် ရုတ်တရက် တိုက်ခိုက်လိုစိတ်များ ပြည့်ဝလာသည်။


ယီနျိုက ထိုနှစ်ဦးအား စူးစမ်းမှုအပြည့်ဖြင့် ကြည့်နေသည်။ ဗိုလ်ချုပ်ဖြစ်လာပြီးနောက် ယွဲ့ကျန့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် မလိုအပ်တော့ကြောင်း သူသိထားသည်။ ထို့ကြောင့် ယွဲ့ကျန့် နောက်ဆုံးအကြိမ် မက်ခါမောင်းနှင်ခဲ့သည်မှာ ကြာမြင့်လှပေပြီ။ သို့သော် သူသိထားသေးသည်မှာ—


['မက်ခါမောင်းနှင်တာ ရှားပေမယ့် ယွဲ့ကျန့်ရဲ့ မက်ခါကျွမ်းကျင်မှုက ကောင်းနေတုန်းပဲ']


ယွဲ့ကျန့် လှေကားမှဆင်းနေရင်းဖြင့် မင်းသားလေး၏ အတွေးများအားကြားသည့်အခါ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။


သို့သော် နောက်တစ်စက္ကန့်မှာပင် စာအုပ်ထဲ၌ အခြားဖော်ပြချက်တစ်ခု ရှိနေသေးကြောင်း ယီနျို အမှတ်ရမိသည်။


[ယွဲ့ကျန့်၏မက်ခါကျွမ်းကျင်မှုမှာ အိပ်ရာပေါ်မှ ကျွမ်းကျင်မှုအတိုင်း ကောင်းမွန်သည်။]


ယွဲ့ကျန့် : “…”

ခြေလှမ်းတွေတောင် မှားတော့မယ်နော်...


သို့သော် ဤတစ်ကြိမ်၌ စကားလုံးများမှာ ထိန်းသိမ်းမရ မဖြစ်ခဲ့ချေ။ ယီနျို၏ အတွေးများမှ ထိန်းချုပ်ခံရသည်လား မသိရသော်လည်း ယွဲ့ကျန့် မောင်းနှင်သော အနီရောင်မက်ခါမှာ တိုက်ခိုက်လိုစိတ်အပြည့်ပင်။ ယွဲ့ကျန့်၏ လှုပ်ရှားမှုများမှာ ကြမ်းတမ်းကာ ချောမွေ့သည်။ ဂါဗင်က ခုခံရုံသာ တတ်နိုင်ပြီး ပြန်လည်တိုက်ခိုက်ချိန် မရဘဲ အစစ်အမှန်တိုက်ပွဲတစ်ခုအတွင်း ရောက်နေသည်ဟုပင် ခံစားမိလေသည်။


ယွဲ့ကျန့် မက်ခါအား သတ်မှတ်ချက်ရောက်သည်အထိ စမ်းသပ်ပြီးနောက် သူတို့ရှာဖွေနေသော ပြဿနာမှာ ထွက်ပေါ်လာပြီဖြစ်သည်။


နောက်ဆုံးတိုက်ခိုက်ချက်၌ မက်ခါမှာ ခေတ္တမျှ ထိန်းချုပ်မှု လွတ်ကင်းသွားသည်ဟု ယွဲ့ကျန့် ရုတ်တရက် ခံစားမိလိုက်သည်။ ထိုကာလမှာ ၀.၁ စက္ကန့်ထက်ပင် လျော့နိုင်သည်။ တိုက်ခိုက်မှုမှာ ဆန္ဒရှိသည့်အတိုင်း သက်ရောက်မှုမရှိသောကြောင့်သာ မဟုတ်ခဲ့လျှင် ထိုအရာမှာ ပုံရိပ်ယောင်ဟုသာ ထင်မြင်မိလိမ့်မည်။


အခြားသူများသာ ဖြစ်မည်ဆိုလျှင် သူတို့၏ ခွန်အားမလုံလောက်မှုကြောင့်ဟုသာ တွေးထင်ကြလိမ့်မည် ဖြစ်သော်လည်း ယွဲ့ကျန့်မှာမူ ထိုသို့မဟုတ်ပေ။ တိုက်ခိုက်လိုစိတ် ပြည့်ဝနေသည့်တိုင်အောင် သူ၏စိတ်အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ပြီး တိကျမှုကို တွက်ချက်နိုင်ဆဲပင်။ သူ၏ ကိုယ်ပိုင်သုံးသပ်နိုင်စွမ်းအား ယုံကြည်မှုရှိသည်။


တစ်ချိန်တည်းမှာပင် ယီနျိုသည်လည်း မူမမှန်မှုအား သတိပြုမိသဖြင့် မတ်တတ်ရပ်ကာ ပြောသည်။

“ဒီမက်ခါက အခုလေးတင် ထိန်းချုပ်မှု လွတ်သွားပုံပဲ...”


“ကိန်းဂဏန်းတွေက လက်ခံနိုင်တဲ့ အမှားအယွင်းပမာဏကို ကျော်လွန်နေပြီ...”

ဟူယိချန်း ပြောသည်။


မောင်းနှင်သူနေရာမှ ဂါဗင်က ခွေးသေတစ်ကောင်ကဲ့သို့ ပြိုလဲကျသွားသည်။ ယီနျိုနှင့် ဟူယိချန်း ပြောသည်အား ကြားသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။


တစ်ခုခု ရှာတွေ့ပြီတဲ့လား... ကောင်းလိုက်တာနော်... ကံကောင်းလိုက်တာ... မဟုတ်ရင် နောက်ထပ် တစ်မိနစ်လောက် ထပ်ပြီး တိုက်ခိုက်ရမယ်ဆိုရင် ငါတော့ သေတော့မှာကွ... မဟုတ်ဘူး... မိနစ်ဝက်ပဲ...


ယီနျို : “ဟုတ်တယ်... ဒါပေမဲ့ ပြဿနာက ဘယ်နေရာမှာလဲဆိုတာ မသေချာသေးဘူး...”


ဟူယိချန်း : “ပင်မစက်မှာများလား..”


ယွဲ့ကျန့် : “မဟုတ်ဘူး... နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်တာပေါ့...”


ဂါဗင် : “…” အမှားရှိရင် ခွင့်လွှတ်ပါ...


*


နာရီဝက်မျှ ကြာပြီးနောက် နှစ်ပွဲဆက်တိုက် တိုက်ခိုက်ထားရသော ဂါဗင်မှာ ယာဉ်မောင်းခန်းမှ တွားသွားထွက်လာလုနီးနီးပင်။


ယွဲ့ကျန့်မှာ ယီနျိုနံဘေး၌ ရပ်ကာ နောက်ဆုံးရရှိသော စမ်းသပ်မှုဒေတာများအား ကြည့်နေသည်။


ယီနျိုက လေးနက်သောအမူအရာဖြင့် ပြောသည်။

“အရေးကြီးတဲ့ အစိတ်အပိုင်းတွေမှာ ပြဿနာဖြစ်နေတာလို့ထင်တယ်... ဒီအခြေအနေက အတော်လေး ပြင်းထန်တယ်.. တိုက်ပွဲအတွင်းမှာသာဆို အကျိုးဆက်က... မတွေးဝံ့စရာပဲ..”


ယွဲ့ကျန့်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြီးနောက် ဟူယိချန်အား အမိန့်ပေးသည်။

“ဒီ Z စီးရီး မက်ခါ ၂ စီးကို တစ်စစီဖြုတ်ပြီး စစ်ဆေးလိုက်... ငါ အမှတ်အသားလုပ်ပေးထားတဲ့ နေရာတွေကို သေချာလေး အာရုံစိုက်လိုက်...”


ဤပြဿနာ၏ လေးနက်မှုအား ဟူယိချန်း သိနားလည်သဖြင့် အလျင်စလိုပင် လုပ်ငန်းစတော့သည်။


တစ်ညလုံး အလုပ်များပြီးနောက် လူတိုင်းပင်ပန်းနေကြပြီ ဖြစ်သော်လည်း အနားယူခြင်း မရှိသေးချေ။ အလျင်စလို စားသောက်ပြီးနောက် စစ်ဆေးမှုရလဒ်အား စိတ်ရှည်စွာ စောင့်မျှော်နေကြသည်။


သုံးနာရီကြာပြီးနောက် ဟူယိချန်းက အလျင်စလို တင်ပြလာသည်။


သူ၏သွင်ပြင်မှာ ဖြူဖျော့ကာ အသံခပ်တိုးတိုးဆိုသည်။

“အမှားအယွင်းက အရေးကြီးအစိတ်အပိုင်းမှာ မဟုတ်ဘဲ စိတ်ဝိညာဉ်ကြေးနန်းကြိုးမှာပါ...”


ထိုစကားအား ကြားပြီးနောက် လူတိုင်းအတွေးနက်သွားသည်။


ပင်မထိန်းချုပ်ခန်းနှင့် စွမ်းအင်အူတိုင်တို့နှင့် မတူညီစွာပင် စိတ်ဝိညာဉ်ကြေးနန်းကြိုးမှာ အရေးကြီးအစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ မက်ခါတစ်ခုတွင် စိတ်ဝိညာဉ်ကြေးနန်းကြိုးပေါင်းများစွာ ပါရှိပြီး ယင်းသည် မောင်းနှင်သူ၏ စိတ်စွမ်းအင်နှင့် မက်ခါအား ချိတ်ဆက်ပေးသည်။


“ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ.. ဒီစိတ်ဝိညာဉ်ကြေးနန်းကြိုးတွေက စက်ရုံက ထွက်လာကတည်းက ပြဿနာရှိနေတာပါ... ထုတ်လုပ်သူတွေက ဒီအကြောင်းကို သိထားသင့်ပေမဲ့လည်း သူတို့က တမင်ဖုံးကွယ်ထားခဲ့တာပါ... တစ်ခုခု မှားယွင်းသွားရင်တောင် အကျိုးသက်ရောက်မှု ကြီးမားမှာ မဟုတ်ပါဘူး... ကွင်းဆက်တုံ့ပြန်မှု ဖြစ်ပွားတဲ့အခါမှသာ မက်ခါကို ထိန်းချုပ်မှု လွတ်သွားစေပါလိမ့်မယ်...”


“ဒါပေမဲ့ ဖြစ်နိုင်ချေက ၀.၁ % ပဲ ရှိပါတယ်... မက်ခါ တစ်သိန်းမှာ ထိန်းချုပ်မှု လွတ်သွားနိုင်ချေက အများဆုံး ၁၀၀ လောက်ပါပဲ... ဝါယာကြိုးတွေ အကုန်လုံးကို လဲလှယ်မယ်ဆိုရင် ကုန်ကျစရိတ်က အရမ်းများပါတယ်... ပြီးတော့ စစ်ပွဲကလည်း...”


ဟူယိချန်း နောက်ဆက်တွဲစကားများအား ပြောကြားခြင်း မရှိသော်လည်း ယီနျိုနှင့် ယွဲ့ကျန့်တို့ ခန့်မှန်းနိုင်သည်။


စစ်ပွဲအတွင်း၌ မက်ခါ ရာထောင်ချီ ပျက်စီးသည်ဆိုခြင်းမှာ သာမာန်သာဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်သူများက ဝါယာကြိုးအား လဲလှယ်ရန် မရွေးချယ်ကြချေ။


သို့သော် ကိစ္စများမှာ ထိုမျှလောက် ရိုးရှင်းမှုမရှိဟု ယီနျို ခံစားမိသည်။ မက်ခါ ရာချီခန့်သာ အမှားအယွင်းဖြစ်နိုင်ပါက အင်ပါယာ၏ ဆုံးရှုံးမှုမှာ ထိုမျှလောက် ဆိုးဝါးလိမ့်မည် မဟုတ်ချေ။


“ထပ်ပြီး စစ်ဆေးကြည့်ပါ... မက်ခါတွေမှာ အဲဒီအခြေအနေ ဖြစ်ပွားအောင် လှုံ့ဆော်ပေးနိုင်တဲ့ အထူးနည်းလမ်းများရှိလား... ပြီးတော့ Z စီးရီး မက်ခါတွေ အားလုံးကို စစ်ဆေးပါ...”

ယီနျို ဟူယိချန်းအားပြောသည်။


ယွဲ့ကျန့်၏ မျက်လုံးများ နက်မှောင်လာပြီး ဂါဗင်ထံသို့လှည့်ကာပြောသည်။

“နည်းပညာဌာနကိုသွားပြီး ကျုံးမင်ကို အကြောင်းကြားလိုက်... သူ့ရဲ့တာဝန်တွေအားလုံးကို ဆိုင်းငံ့ထားပြီး အပြင်ထွက်ခွင့်မရှိဘူး... အလုပ်အားလုံးကိုလည်း တခြားသူတွေဆီ လက်လွှဲရမယ်လို့ပြောလိုက်...”


ဤအခြင်းအရာအား ကျုံးမင် သိထားခြင်း မရှိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူက ကျုံးမိသားစုဝင် ဖြစ်သည့်အပြင် Z စီးရီး မက်ခါများမှာ ကျုံးမိသားစုမှ တီထွင်ထုတ်လုပ်ခြင်းပင်။


ယီနျို သဘောတူပြီးနောက် အကြံပြုသည်။

“ကျွန်တော်ထင်တာကတော့ ကျုံးမင်ရဲ့ ရာထူးကို ဟူယိချန်းဆီ လွှဲပြောင်းပေးသင့်တယ်...”


ထိုစကားများအား ကြားပြီးနောက် ယွဲ့ကျန့်က ယီနျိုအား ထူးဆန်းစွာကြည့်လာပြီး ခေတ္တမျှကြာသည့်တိုင်အောင် မည့်သည့်တုံ့ပြန်မှုမျှ မဆိုချေ။


ယီနျို : “?”


[ဘာတုန်း.. ငါ့အကြံက ဆိုးဝါးတယ်လို့ ထင်နေတာလား.. ဟူယိချန်းက အနာဂတ်ရဲ့ မက်ခါပညာရှင် ဖြစ်လာနိုင်တယ်လေ... မင်းမလိုချင်ရင်လည်း ငါ့ဘာသာ ခေါ်ထားမှာပေါ့...]


ယွဲ့ကျန့် : “…”


ယွဲ့ကျန့်က မင်းသားလေး၏ အတွေးများအား ယုံကြည်ခြင်း မရှိပေ။ တစ်ဖက်လူက သူနှင့် အိပ်ရာပေါ်မှ အခန်းများအား စိတ်ကူးယဉ်နေခဲ့သေးသည်။ ထို့အပြင် ပြောသေးသည်မှာ...


အချုပ်ဆိုရလျှင် မင်းသားလေး၏ ထိုအတွေးများ စတင်ချိန်တိုင်း၌ အချက်အလက်များမှာ ပို၌ ယုတ္တိတန်လာသည်ဟု ခံစားမိသည်။


သို့သော် လက်ရှိ၌ စမ်းသပ်ရန် Z စီးရီး မက်ခါ ၇၀၀၀၀ ရှိနေပြီး အချိန်တိုအတွင်း ဖြေရှင်းရန် လိုအပ်သည်။ အချိန်ကုန်ပြီး စိန်ခေါ်မှုအပြည့်ရှိသော လုပ်ငန်းပင်။


နည်းပညာဌာန၌ ဝန်ထမ်းလုံလောက်မှုမရှိဘဲ တာဝန်ထမ်းဆောင်ရာ၌ ပါဝင်နိုင်သူမှာလည်း တချို့တလေသာ ဖြစ်သည်။ ဟူယိချန်း ယခုပြသသွားသော လုပ်ဆောင်ချက်အရ စွမ်းရည်အချို့ရှိပုံပင်။ ထို့ကြောင့် ပရောဂျက် တစ်ခုတစ်လေအတွက် တာဝန်ပေးအပ်နိုင်ပေလိမ့်မည်။


ယွဲ့ကျန့်က ‘ယုံကြည်လျှင် သံသယမဝင်နှင့်၊ သံသယဝင်လျှင် မယုံကြည့်နှင့်’ ဟူသည့် အဆိုအား အမြဲလက်ကိုင်ထားခဲ့သူ ဖြစ်သည်။ ယခင်က ကျုံးမင်နှင့် ယခု ဟူယိချန်း ပင်။


ဟူယိချန်းထံ၌ စွမ်းရည်ရှိသည်ဟု ခံစားမိသောကြောင့် ခြွင်းချက်ထားကာ ရာထူးတိုးမြင့်ပေးရန် ဆန္ဒရှိသည်။ ယွဲ့ကျန့်က ဟူယိချန်းအား တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။


“နောက်ကျ တခြားသူတွေအတွက် စမ်းသပ်ဖို့တာဝန်တွေ စီစဉ်ပေးရမယ်... နည်းပညာဌာနက ပင်မလူအနည်းစုကို ရွေးထုတ်ပြီး အဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်... ပြီးရင် အမြန်ဆုံး ဖြေရှင်းနည်းပေးဖို့ ကြိုးစားကြ...”


“အာ...”

ဟူယိချန်း၏ တုံ့ပြန်မှုမှာ ကြောင်အသွားခြင်းပင်။


ယွဲ့ကျန့် : “…” 

ဒီကောင်က အရမ်းထုံထိုင်းတာပဲ...


မင်းသားလေးမှာ ဘယ်လိုအကြိုက်မျိုး ရှိနေတာလဲ... ဒီလူငယ်လေးကို သဘောကျတာကိုတော့ ဘာမှ မပြောချင်ပါဘူး... ဒါပေမဲ့ ငါက အဲဒီကောင်ကြောင့် သဝန်တိုရဦးမယ်တဲ့လား... ဟာသပဲ...


ယီနျိုမှ ဦးစွာတုံ့ပြန်လာပြီးနောက် အပြုံးတစ်ခုဖြင့် ဆိုသည်။

“ဂုဏ်ယူပါတယ်.. အင်ဂျင်နီယာချုပ်ဟူ..”


ကြယ်ကလေးများသဖွယ် တလက်လက်တောက်ပနေသော ယီနျို၏ မျက်လုံးများနှင့် ဆုံသည့်အခါ ဟူယိချန်း ချက်ချင်းပင် ရှက်သွေးဖြာလာပြီး အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ သို့သော် သူ့အား ရာထူးတိုးပေးရန် အဆိုတင်သွင်းသူမှာ မင်းသားလေးဖြစ်ပြီး ဗိုလ်ချုပ်ယွဲ့မှ အတည်ပြုပေးခြင်းဖြစ်သည်ကို အမှတ်ရမိသည်။ ရွေးချယ်ခံရရန် လုံလောက်သော စွမ်းဆောင်ရည်ရှိနှင့်ပြီး ဖြစ်သော်လည်း ရွေးချယ်ခံရသူ ဖြစ်လာခဲ့ခြင်းမှာ မင်းသားလေးကြောင့်ပင်။


ထို့ကြောင့် ကျေးဇူးတင်စွာဖြင့် မော့ကြည့်ပြီးနောက် ရိုးသားစွာ ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် မင်းသားလေး...”


“ကိစ္စမရှိပါဘူး...”


ယွဲ့ကျန့်က ဟူယိချန်းအား တစ်ချက်ကြည့်လိုက်သည်။

ဒီကောင်က တကယ်ကို မယဉ်ကျေးတာပဲ... ငါကမှ သူ့ကို ရာထူးတိုးပေးတာလေ... ဘာကိစ္စနဲ့ မင်းသားလေးကို ကျေးဇူးသွားတင်နေတာတုန်း...


ယီနျို၏ အဆိုတင်သွင်းမှုမှာ အင်ပါယာ၏ အနာဂတ် မက်ခါထုတ်လုပ်မှုပညာရှင်၏ စွမ်းရည်အား ယုံကြည်မှုကြောင့်ဖြစ်သည်။


‘ဟူယိချန်း ထွက်ပေါ်လာခြင်း’ နှင့် ‘မက်ခါများ၌ ပြဿနာရှိနေခြင်း’ ဟူသည့် ဖြစ်ရပ်နှစ်ခုကြောင့် ယီနျိုက စာအုပ်ပါ အကြောင်းအရာများအား ၇၀၊ ၈၀ မှတ်ခန့် ယုံကြည်နေပြီး ဖြစ်သည်။ အင်ပါယာ၏ ဆိုးဝါးသော ရှုံးနိမ့်မှု၊ ယွဲ့ကျန့် ထိခိုက်မှုနှင့် စစ်ရှုံးပြီးနောက် ဖက်ဒရယ်သို့ လက်ထပ်ရန် စေလွှတ်ခံရမည့် အရေးတို့အား ရှောင်လွှဲနိုင်ရန် ဟူယိချန်းတို့အဖွဲ့မှ ဖြေရှင်းနည်းအား တတ်နိုင်သရွေ့ အမြန်ဆုံး ထုတ်ပေးရန်သာ မျှော်လင့်သည်။


ယီနျို၏အမြင်၌ ထိုအရာမှာ သူအပါအဝင် လူတိုင်းအတွက် ကောင်းမွန်သောအရာပင်။


ဟူယိချန်းက ယီနျိုတွေးနေသည့် အရာများအား မသိသော်လည်း တစ်ဖက်လူ၏ အပြုံးကြောင့် မိန်းမောသွားသည်။ မင်းသားလေးမှာ လှပကာ ကြင်နာတတ်သူဟု ခံစားရသည်။


လက်သီးဆုပ်ကာ မင်းသားလေး၏ ကြင်နာမှုအား ပြန်ပေးဆပ်ရမည်ဟု နှလုံးသားထဲ၌ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။ မင်းသားလေးမှာ မက်ခါမောင်းနှင်နိုင်စွမ်းမရှိဟု ကြားဖူးထားသဖြင့် သူ ပိုမို၍ အလုပ်ကြိုးစားမည်။ အနာဂတ်တွင် မင်းသားလေး အသုံးပြုနိုင်မည့် မက်ခါတစ်စီး တည်ဆောက်ပေးမည်။


သူ့ကိုယ်သူ ကတိပေးပြီးနောက် သူ့အား အမှန်တကယ် ရာထူးတိုးမြှင့်ပေးပါသော ယွဲ့ကျန့်အား ကျေးဇူးတင်ရန် အမှတ်ရသွားတော့သည်။


ယွဲ့ကျန့် : “…”


ထိုအချိန်၌ ယွဲ့ကျန့်၏ အမူအရာမှာ ရှုပ်ထွေးလျက်ရှိပြီး ခံစားချက်မှာ ပို၍ပင် ရှုပ်ထွေးနေလေသည်။


ဟူယိချန်း၌ ပါရမီအချို့ရှိသည်ဟု မြင်မိသဖြင့် ရာထူးတိုးပေးလိုက်ခြင်းဖြစ်ကြောင်း သိသာသော်လည်း ထိုလူနှစ်ဦးမှာမူ သူ့အား လျစ်လျူရှုကာ မည်သည်ကြောင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်နေကြသည်ကို မ‌တွေးတတ်တော့ပေ။ ဟူယိချန်းနှင့် ယီနျိုတို့က ‘လက်ချင်းတွဲက မျက်ရည်များဝဲလျက်ဖြင့် တစ်ဦးနှင့်တစ်ဦးကြည့်နေကြ’ လုနီးနီးပင်။ သို့သော် သူ့အားကျေးဇူးတင်စကား ဆိုချိန်တွင်မူ ဟူယိချန်းမှာ ပြောစကားစကား မရှိဟန်ပင်။ 


ယွဲ့ကျန့်မှာ ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ယီနျိုနှင့် ဟူယိချန်းတို့အား ဖူးစာကြိုးနီ သွယ်တန်းပေးပါသော အောင်သွယ်တော်တစ်ဦးသဖွယ် မြင်ယောင်လာပြီး သူ၏နှလုံးသားတစ်ခုလုံး ရှင်းပြ၍မရနိုင်လောက်အောင်ပင် ကသိကအောက် ဖြစ်နေသည်။


ယွဲ့ကျန့် နဖူး‌အားလက်ဖြင့်ပွတ်ကာ တွေးမိသည်။

မင်းသားလေးရဲ့ အဝါရောင်အတွေးတွေ ငါ့ဆီကို ကူးစက်ကုန်ပြီနဲ့ တူတယ်...


ထို့နောက် လက်ယမ်းကာ ဟူယိချန်းအား ပြောသည်။

“အချိန်ဆွဲမနေနဲ့... စလုပ်ကြတော့...”


ဟူယိချန်းအား အဝေးသို့ ပို့ပြီးနောက် ယွဲ့ကျန့် ယီနျိုအား ကြည့်လိုက်ရာ မင်းသားလေး၏ မျက်လုံးများမှာ ပင်ပန်းနေပုံပေါ်ပြီး ဦးခေါင်းထက်ရှိ တိမ်တိုက်လေးပင်လျှင် နွမ်းလျနေလေသည်။


ရန်သူများနှင့် အပြန်အလှန်တိုက်ခိုက်ကာ ကယ်ဆယ်‌‌ခံရပြီး‌နောက် မက်ခါများအား စမ်းသပ်ရာ၌ ပါဝင်သေးသည်။ ထို့ကြောင့် မင်းသားလေး တစ်နေ့လုံးနီးပါး အနားမယူရသေးကြောင်း သိလိုက်ရသည်။


ဤသည်ကြောင့် နူးညံ့ကာ အားနည်းပြီး အကြိုက်ဆောင်ရန် ခက်ခဲသည်ဟူသော မင်းသားလေးအပေါ် ဆိုးဝါးသည့် ထင်မြင်ချက်များအား လုံးလုံးလျားလျား ချိုးဖျက်လိုက်နိုင်သည်။


ယွဲ့ကျန့်က သူ၏ မလိုမုန်းထားစိတ်ကြောင့် အပြစ်ရှိသလို ခံစားနေရသည်။ ထို့ကြောင့် စကားပြောချိန်တွင် သူကိုယ်တိုင်ပင် သတိမမူမိဘဲ လေသံမှာ နူးညံ့သိမ်မွေ့နေသည်။

“အရေးကြီးကိစ္စ မရှိတော့ဘူးဆိုတော့ အနားယူချင်ပါသလား မင်းသားလေး...”


ယီနျို အဆင်ပြေသည်ဟု ခံစားမိသော်လည်း ယွဲ့ကျန့်၏ အမေးအားကြားလိုက်ရချိန်တွင် ချက်ချင်းဆိုသလို ပင်ပန်းနွမ်းလျလာသည်။


မတိုင်မီက စိုးရိမ်ပူပန်မှုများကြောင့် စိတ်ဖိစီးခဲ့ရသည်။ စိတ်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် ပင်ပန်းမှုကို ခံစားရသည်။ သူ သမ်းဝေကာ ခေါင်းညိတ်ပြီးနောက် မျက်ရည်စိုနေသော မျက်လုံးများဖြင့် ပြောသည်။


“ကောင်းပါပြီ... ဒါဆိုလည်း ဗိုလ်ချုပ်ကိုပဲ ဒုက္ခပေးရတော့မယ်... ကျွန်တော့်လူတွေလည်း အရမ်းပင်ပန်းနေလောက်ပြီ... သူတို့အနားယူဖို့လည်း စီစဉ်ပေးပါဦးနော်...”


ထိုကဲ့သို့သော အရာများအား ယီနျို စိုးရိမ်နေဖို့ရန်ပင် မလိုအပ်ချေ။ စခန်း၏ လက်ထောက်တပ်မှူးဖြစ်သူ ဗိုလ်ချုပ် လင်းမှ စီစဉ်ထားပြီးဖြစ်သည်။


ယွဲ့ကျန့်က မတ်မတ်ပင် မရပ်နိုင်တော့ဘဲ မျက်တောင်တွင် မျက်ရည်စလေးများ စိုစွတ်ကာ မျက်လုံးများပင် ဖွင့်နိုင်တော့ပုံမရဘဲ သမ်းဝေနေသော မင်းသားလေးအား မြင်တွေ့သည့်အခါ ပြောမပြတတ်လောက်အောင် ချစ်စရာကောင်းသည်ဟု ခံစားရသည်။


ထိုမျက်ရည်စလေးများ ယီနျို၏ မျက်တောင်ဖျား၌ ရှိနေသည်မှာ အနည်းငယ် ကြာမြင့်နေပေပြီ။


ရုတ်တရက်ဆိုသလို ယွဲ့ကျန့်၏ လက်ချောင်ထိပ်များ ယားယံလာကာ ထိုမျက်ရည်စလေးများအား သုတ်ဖယ်ပေးချင်စိတ် ပေါ်လာသည်။


သို့သော် ယွဲ့ကျန့်၏ အကြည့်အား သတိပြုမိလိုက်သဖြင့် ယီနျို တုန်ယင်ကာ ကြေက်ရွံ့လာသည်။ မင်းသားလေးက အလျင်စလိုပင် တစ်ဖက်သို့လှည့်ကာ မျက်လုံးများအား လက်ဖြင့်အုပ်လိုက်သည်။


ယီနျို : ပြီးသွားပြီ... ရေသူဖြစ်လာပြီး‌တော့ ငါ့မျက်ရည်တွေက ပုလဲလုံးတွေ ဖြစ်လာတယ်ဆိုတာကို မေ့တော့မလို့... တော်ပါသေးရဲ့ ဖမ်းမိတော့မလို့...


အလျင်အမြန် ခဲလာသော မျက်ရည်များအား အလျင်စလို သုတ်ဖယ်လိုက်ပြီးနောက် တိတ်တဆိတ် ညည်းညူလိုက်သည်။


ငါ့မျက်ရည်တွေက ဘာကိစ္စနဲ့ ပုလဲလုံးတွေ ဖြစ်သွားရတတုန်း... လုံးဝကို သိပ္ပံနည်းမကျတဲ့ ဇာတ်ကွက်ကြီးနော်... ဆိုတော့ ငါ့မျက်ရည်တွေက ရေ မဟုတ်ဘဲ ကယ်လ်စီယမ်ကာဗွန်နိတ် (ထုံးကျောက်) တွေပေါ့လေ...


ယွဲ့ကျန့်ရှိရာသို့ ပြန်လှည့်ချိန်တွင် ယီနျို၏ မျက်တောင်များမှာ ရှင်းသန့်နေပြီးဖြစ်ကာ ရွှေရောင်မျက်ဆံများသည်လည်း အရည်လဲ့ကာ တောက်ပနေသည်။ လက်ထဲ၌မူ ပုလဲလုံးလေးနှစ်လုံး ရှိနေသည်။


ထိုပုလဲလုံးများအား ယွဲ့ကျန့် မသိလိုက်သော်လည်း သူ၏ နှလုံးသားထဲ၌ ဆုံးရှုံးမှုကိုသာ ခံစားနေရသည်။ မင်းသားလေး၏ မျက်ရည်စများအား သုတ်ဖယ်ပေးနိုင်ခြင်း မရှိခဲ့သောကြောင့် နောင်တရနေဟန်ပင်။


သို့သော် ထိုခံစားချက်မှာ တဒင်္ဂမျှသာ ဖြစ်သောကြောင့် ယွဲ့ကျန့်ကိုယ်တိုင်ပင်လျှင် သတိပြုမိခြင်း မရှိလိုက်ချေ။


အကြောင်းပြချက်အချို့ကြောင့် ယွဲ့ကျန့်က ယီနျို အနားယူမည့်နေရာသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်သည်။ ဗိုလ်ချုပ်လင်းက ယီနျိုအား ယွဲ့ကျန့်၏ အခန်းဘေး၌ အနားယူရန် စီစဉ်ထားသည်ကို သိပြီးနောက် ယွဲ့ကျန့်က စိတ်ဆိုးခြင်း မရှိသည့်အပြင် နှုတ်ခမ်းထောင့်လေးများပါ မသိမသာ မြင့်တက်လာသည်။



🧜🧜🧜