Chapter 18
Viewers 798

🧜 အခန်း ၁၈

ယွဲ့ကျန့် : ငါ ရပ်နေချင်တယ်



ယီနျိုနှင့် သူ့အဖွဲ့တို့ ကျုံးမိသားစု စက်ရုံဆီ ရောက်ရှိသွားသည့်အခါတွင် ယွဲ့ကျန့်က မော်ကွန်းတိုက်ထဲသို့ ဝင်ခွင့် မရှိတော့ချေ။


ကျုံးဝေ၏ အတွင်းရေးမှူးက သတ္တိကောင်းစွာဖြင့် ရှေ့ထွက်လာ၍ ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဗိုလ်ချုပ်ယွဲ့… မော်ကွန်းတိုက်ထဲကို စစ်ဆေးပိုင်ခွင့် ရှိတဲ့ လူတွေကိုပဲ ဝင်ခွင့်ပေးနိုင်မှာပါ… ဒါက အင်ပါယာရဲ့ ဥပဒေတစ်ခုပါ…”


ပါလီမန်အဖွဲ့ကို ဘဏ္ဍာရေးအဖွဲ့ကြီးများနှင့် မျိုးရိုးမြင့်များက ချုပ်ကိုင်ထားသည်ကြောင့် အတွင်းရေးမှူးက ‘အင်ပါယာရဲ့ ဥပဒေ’ဆိုသည့် နေရာတွင် ဖိပြောလိုက်သည်။ ဤသည်က ရေးဖွဲ့ထားသည့် စည်းမျဉ်းစည်းကမ်းများသည် သူတို့အပေါ်တွင်သာ ဘက်လိုက်ထားကြောင်း ဖော်ပြနေသည်။


ယွဲ့ကျန့်က အပြုံးနုနုဖြင့် သူ့အား ခဏလောက် စိုက်ကြည့်လိုက်သည်။ အတွင်းရေးမှူးမှ ဖိအားကို မခံနိုင်တော့သည့် အချိန်မှသာ သူက ပြောလိုက်သည်။

“ရပါတယ်… ငါက ဒီနေ့တော့ အရှင့်သားယီနျိုရဲ့ သက်တော်စောင့်လေ… ငါ တံခါးအပြင်ဘက်မှာပဲ… စောင့်နေလိုက်မယ်…”


အတွင်းရေးမှူက စိတ်ထဲတွင် လှောင်ပြောင်လိုက်ကာ တွေးလိုက်သည် :

သက်တော်စောင့် လုပ်ဖို့ လာတယ်ပေါ့လေ… လှည့်စားဖို့ ကြိုးစားနေတယ်ပေါ့… နောက်ပြီး မင်းသားလေးမှာ ကိုယ်ပိုင် သက်တော်စောင့်တွေ မရှိလို့လား…


ဤသို့ တွေးလိုက်ပြီး အတွင်းရေးမှူးက လုယာနှင့် လော်ယွမ်ကျဲကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။


ယွဲ့ကျန့်က အေးအေးလူလူ ရှင်းပြလိုက်သည်။

“ဒီတစ်ခေါက် တာဝန်က အရမ်းကို ရှုပ်ထွေးပြီး အရမ်းအရမ်း အရေးပါတယ်လေ… ချောင်ပိတ်မိနေတဲ့ ခွေး နံရံကျော်တက်*မှာကို အထူးကြိုတင် ကာကွယ်တဲ့အနေနဲ့ ငါကိုယ်တိုင် အရှင့်သားကို စောင့်ရှောက် ပေးမှ ရမယ်လေ…”

(T/N : ကြံရာမရတော့ဘဲ လုပ်မိလုပ်ရာ လုပ်ပစ်မှာ စိုးလို့ပါတဲ့)


အတွင်းရေးမှူး : “…”

ပြောပါဦး… ဘယ်သူက ခွေးလဲ…


ယီနျိုက ခေါင်းညိတ်ကာ စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် ဗိုလ်ချုပ်ယွဲ့က ငါ့လုံခြုံရေးကို အာမခံပေးဖို့ လိုတယ်…”


ယွဲ့ကျန့်က မင်းသားလေးအား ကြည့်လိုက်သည်။ သူ့လက်ဖဝါးက အနည်းငယ် ယားယံလာပြီး မင်းသားလေး၏ ခေါင်းအား ပွတ်သပ်ချင်နေခဲ့သည်။


အတွင်းရေးမှူး၏ အပြုံးက ရုပ်ဆိုးနေသော်လည်း သူ့မှာ ယွဲ့ကျန့်ကို အဝေးမပို့ရဲပေ။ အဆုံးတွင် သူက တစ်ဆင့်လျှော့ကာ တွေးလိုက်သည်။

မေ့လိုက်တော့… ယွဲ့ကျန့် မော်ကွန်းတိုက်ထဲကို မဝင်သရွေ့ ဖြစ်တယ်… အသုံးမကျတဲ့ မင်းသားလေးကို မှီခိုနေလို့ သူတို့တွေ ဘာလှည့်စားမှုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး…


ထို့ကြောင့် သူက ပြောလိုက်သည်။

“အရှင့်သား ဆန္ဒရှိသလို လုပ်လို့ ရပါတယ်… ဒါပေမဲ့ အရှင့်သားအနေနဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ဗီဒီယို ရိုက်ကူးတဲ့ ကိရိယာတွေ ယူသွားခွင့် မရှိပါဘူး… ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို လုံခြုံအောင် လုပ်ဖို့လိုအပ်တာကြောင့် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို ကျေးဇူးပြုပြီး နားလည်ပေးပါ…”


ယီနျိုက သူ့ကို အသာ ကြည့်လိုက်ပြီး စကားမဆိုခဲ့ပေ။


အခန်းထဲ ဝင်ပြီးနောက် ယီနျိုက ယွဲ့ကျန့်၏ ညွှန်ကြားချက်အတိုင်း သူ့လူများကို အချက်အလက်ဖိုင်များအားလုံး တံခါးနားသို့ ရွှေ့ရန် အမိန့်ပေးလိုက်သည်။ ထို့နောက်-


[ဇန်နဝါရီလ ၃ရက်၊ ၃၀၂၆ခုနှစ်… Z စီးရီးမက်ခါကို စတင် ဖန်တီးနိုင်ခဲ့… စမ်းသပ်ချက်မှာ မတည်ငြိမ်သေး…]


[ဖေဖော်ဝါရီလ ၇ရက်၊ ၃၀၂၇ခုနှစ်… စစ်ဆေးပြီးနောက်…]


[…]


[မတ်လ ၃ရက်၊ ၃၀၂၇ခုနှစ်… ဂလက်ဆီ ၃ မှ လုပ်ငန်းခွဲက အစိတ်အပိုင်းတွေ ပို့ပေးခဲ့…]


အပြင်ဖက်တွင် ယွဲ့ကျန့်က လက်ပိုက်ထားလျက် နံရံကို မှီကာ ရပ်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်တွင်လည်း အပြုံးနုနုလေးတစ်ခု ဖြစ်တည်နေခဲ့၏။


စိတ်ဖတ်နိုင်ခြင်းကို ဤကဲ့သို့ အသုံးပြုနိုင်မည်ဟု မထင်ထားခဲ့ပေ။ စိတ်ချမ်းမြေ့ဖွယ်ကောင်းသော အံ့အားသင့်စရာတစ်ခုပင်။


အတွင်းရေးမှူးမှ ဤသည်အား မြင်လိုက်သော် ရှင်းမပြတတ်စွာ စိုးရိမ်မိသွားသည်။ သူ မနေနိုင်တော့ဘဲ ရှေ့တိုးကာ ပြောလိုက်သည်။

“ဗိုလ်ချုပ်ယွဲ့ အရှင့်သားက အထဲမှာ အချိန် အကြာကြီး နေလောက်ပါတယ်… ဘာလို့များ… ဘေးအခန်းက နားနေခန်းမှာ ခဏလောက် သွားမထိုင်ရတာလဲ…”


ယွဲ့ကျန့်က ခေါင်းခါလိုက်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်၊ 

“မဟုတ်တာ… ငါ ရပ်နေချင်လို့လေ…”


×××××


ယီနျိုက မော်ကွန်းတိုက်ထဲတွင် ပိုက်စိပ်တိုက် မွှေနှောက်နေခဲ့ကာ ယွဲ့ကျန့်က တံခါးအပြင်ဖက်မှ ‘နားထောင်’နေခဲ့ပြီး အရေးကြီးအချက်အလက် တော်တော်များများကို ကြားစေခဲ့သည်။


အချိန်ကုန်သွားနှင့်အမျှ အတွင်းရေးမှူး၏ နဖူးတွင် ချွေးများ စီးကျလာခဲ့သည်။


မင်းသားလေးက အယောင်ပြ သွားလာလှုပ်ရှားပြီး အချောင်ခိုနေရန် ရောက်လာခြင်းဟု ထင်ထားခဲ့သည်။ မည်သည်ကိုမှ သိပုံ မရသော ဤ၁၈နှစ်အရွယ် ကောင်လေးက အမှန်တကယ်တွင် တစ်ရက်နှင့် တစ်ညလုံးနီးပါး မော်ကွန်းတိုက်ထဲတွင်သာ နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲ ကြားထဲ၌ ငါးစည်သွပ်ဘူး အနည်းငယ်သာ လာရောက်ပို့ဆောင်ခိုင်းခဲ့သည်။


အစပိုင်းတွင် အတွင်းရေးမှူးက အလေးအနက် မထားခဲ့ပေ၊ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စိတ်မငြိမ်နိုင်တော့ချေ။


မင်းသားလေး… မဟုတ်သေးပါဘူး… သူ တကယ်ပဲ ဘာကိုမှ ရှာမတွေ့သွားလောက်ပါဘူးနော်…


အတွင်းရေးမှူးက တိတ်တဆိတ်ဖြင့် အပြင်ထွက်သွားလိုက်ကာ ကျုံးဝေကို ဖုန်းခေါ်လိုက်သည်။


ကျုံးဝေက မနက်မိုးလင်းချိန်ထိပင် မအိပ်စက်ရသေးပေ။ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည့်အချိန်တွင် သူ့အသံက အလွန်ကို ဆိုးရွားနေခဲ့သည်။


“မန်နေဂျာကြီး… မင်းသားလေးက အခုထိ စစ်ဆေးနေတုန်းပဲ… ကျွန်တော်တို့ ဘာလုပ်ကြမလဲ…”


ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျုံးဝေက မျက်မှောင်ကြုတ်လိုက်သည်။

“သူ ရှိနေသေးတာလား… ငါ့ကို သေချာပြောပြစမ်း… ဘာတွေ ဖြစ်နေတာလဲ…”


အတွင်းရေးမှူးက မော်ကွန်းတိုက်ရှေ့တွင် ရပ်နေသော စစ်တပ်ဝတ်စုံဖြင့် လူတစ်အုပ်အား လှည့်ကြည့်လိုက်ကာ တီးတိုးပြောလိုက်သည်။

“မင်းသားလေးက မနေ့က ဝင်သွားကတည်းကနေ အခုထိ စစ်ဆေးနေတုန်းပဲ… သူက သိပ်ပြီးလည်း မစားသလို အိပ်လည်း မအိပ်ဘူး… ဗိုလ်ချုပ်ယွဲ့ကလည်း တံခါးနားမှာ တစ်ချိန်လုံး ရပ်စောင့်နေပြီး တစ်ခါတစ်လေ မင်းသားလေးကို ထွက်လာခိုင်းပြီး စကားပြောနေတတ်တယ်…”


ကျုံးဝေက ဆက်မအိပ်နိုင်တော့ဘဲ ချက်ချင်း မေးလိုက်သည်။

“အမြန် သူတို့ ထွက်သွားအောင် နည်းလမ်းရှာလိုက်…”


သူက တုံးအသူ မဟုတ်ပေ။ ယွဲ့ကျန့် မည်သည်ကို တွေးနေသည်အား မသိသော်လည်း တစ်နေ့နှင့် တစ်ညလုံး မထွက်သွားခဲ့ချေ။ ကိစ္စများက သေချာပေါက်ပင် ရိုးရှင်းမည် မဟုတ်ချေ။


မင်းသားလေးအတွက်ကတော့…


 á€€á€ťá€Żá€śá€¸á€á€ąá€€ ယခုအချိန်အထိ မင်းသားလေးအား အာရုံမစိုက်မိသေးချေ။


အတွင်းရေးမှူးက လူများကို မောင်းထုတ်ရန် သတ္တိမရှိနေပေ။ သူ အကြပ်ရိုက်နေပြီး ဘာလုပ်ရမည်မှန်း မသိသည့်အချိန်တွင် ယီနျိုက ရုတ်တရက် လူတစ်စုဖြင့် ထွက်လာကာ ပြောလိုက်သည်။

“တချို့စာရွက်စာတမ်းတွေကို သက်သေအနေနဲ့ ယူသွားမှ ရမယ်… ငြင်းဆန်ချင်သေးလား…”


အတွင်းရေးမှူးမှ ပြန်လည် ဖြေကြားသည်အား မစောင့်တော့ဘဲ မင်းသားလေးက ဖိအားပေးလိုက်သည်။

“ဒီလိုယူသွားတာက အင်ပါယာရဲ့ ဥပဒေအတွင်းမှာပဲ ရှိတယ်လေ…”


အင်ပါယာ၏ ဥပဒေများအရ၊ အမှန်တကယ်ပင် စစ်ဆေးရေး အဖွဲ့များက မော်ကွန်းတိုက်ထဲသို့ အသံနှင့် ဗီဒီယိုဖမ်းစက်များ ယူသွားပိုင်ခွင့် မရှိချေ။ သို့သော်လည်း ဤကိစ္စက ကုမ္ပဏီတွင် ပြဿနာများ ရှိကြောင်း သက်သေပြစရာ မရှိသည့်အချိန်မျိုးတွင်သာ အကျုံးဝင်သည်။ အကယ်၍ စစ်ဆေးရေးအဖွဲ့ကသာ အချို့သော အချက်အလက်များက စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ယုံကြည်လျှင် ရုပ်ဝတ္ထုသက်သေအဖြစ် ယူဆောင်သွားနိုင်သည်။


အတွင်းရေးမှူးက ခြောက်ကပ်စွာ ပြုံးလိုက်သည်။

“တကယ်လို့ ထိပ်တန်းလျှို့ဝှက်ချက်မျိုး မဟုတ်ရင်တော့…”


“စိတ်မပူပါနဲ့ ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်ပါဘူး…”

ယီနျိုက သူ့လက်ထဲမှ အချက်အလက်ဖိုင်များကို မြှောက်လိုက်ကာ ခါပြလိုက်ပြီးနောက် လုယာဆီ ကမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒါတွေကို ယူသွားလိုက်…”


ယွဲ့ကျန့်က မင်းသားလေး၏ ယုံကြည်မှုအပြည့် ရှိနေသော ဟန်ပန်လေးက အင်မတန် ကြည့်ကောင်းကြောင်း တွေးမိကာ မရယ်ဘဲ မနေနိုင်တော့ပေ။


ကျုံးဝေက ထိုနေရာတွင် မရှိခဲ့ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အတွင်းရေးမှူးကလည်း ခေါင်းဆောင် မဟုတ်သဖြင့် သူ့အား မတားဆီးရဲခဲ့ပေ။ အဆုံးတွင် သူက ယီနျိုအား စာရွက်စာတမ်းများကို ယူသွားခွင့် ပြုလိုက်ရသည်။


ယာဉ်ပျံထဲသို့ ရောက်ရှိသွားသည့်အခါ ယီနျိုက စည်းမျဉ်းများကို ဂရုစိုက်မနေဘဲ စာရွက်စာတမ်းများကို ယူကာ ယွဲ့ကျန့်အား မေးလိုက်သည်။

“တစ်ချက်လောက် ကြည့်ချင်လား…”


စာအုပ်အား ဖတ်ပြီးသည့်နောက် ယွဲ့ကျန့်က အတိုက်အခိုက်တွင်သာ ထူးချွန်ခြင်း မဟုတ်ဘဲ အချို့သော ကဏ္ဍများတွင်လည်း ထူးချွန်ကြောင်း ယီနျို သိထားသည်။ 

အင်း… ဒါပေါ့… ဟိုဒင်းဟိုဟာကို ပြောတာ မဟုတ်ဘူး…


ထို့အပြင် ယွဲ့ကျန့်သည်လည်း ကျုံးမိသားစုအား ဆွဲချချင်လိမ့်မည်ဟု သူ ယုံကြည်သည်။


ယီနျိုက သူ့ကိုယ်သူ လှပပြီး ဉာဏ်ကောင်းကြောင်း လက်ခံသော်လည်း ယွဲ့ကျန့်ကဲ့သို့ မြေခွေးအိုကြီးဖြင့် ယှဉ်လိုက်လျှင် သူက အမှန်တကယ်ကို အတွေ့အကြုံပိုင်း၌ အနည်းငယ် လှစ်ဟင်းနေသေးသည်။


အတိုပြောရလျှင် အသင့်ရှိနေသည့် ကူညီပေးမည့်လူကို မဖြုန်းတီးသင့်ပေ။


ယွဲ့ကျန့်က မင်းသားလေးအား သူ ကြားခဲ့သည်များကို ပြောရန် မည်သို့ ဆင်ခြေပေးရမလဲဆိုသည်ကို စဉ်းစားနေခဲ့သည်။ မထင်မှတ်ထားစွာဖြင့် တစ်ဖက်လူက သူ့အား အကြောင်းပြချက်တစ်ခု ပေးလာခဲ့သည့်အတွက် သူလည်း ယဉ်ကျေးမနေတော့ပေ။ သူက စာရွက်စာတမ်းများအား တိုက်ရိုက်ပင် လက်ခံယူလိုက်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်…”


စာရွက်စာတမ်းများထဲတွင် ယွဲ့ကျန့်မှ ယီနျိုအား ယူဆောင်လာရန် သတိပေးခဲ့သော အချက်အလက် များစွာ ပါဝင်ခဲ့သည်။


ယီနျိုက သိလိုစွာဖြင့် မေးလိုက်၏။

“မော်ကွန်းတိုက်ထဲမှာ ဒီလို အချက်အလက်တွေ ရှိမှန်း ခင်ဗျား ဘယ်လို သိနေရတာလဲ…”


မှန်ပေသည်၊ ယွဲ့ကျန့်မှ အမှန်အတိုင်း မပြောနိုင်သောကြောင့် ဝေဝေဝါးဝါးဖြင့် ပြောလိုက်သည်။

“ကိုယ့်ရဲ့ အတွေ့အကြုံတွေအရ ခန့်မှန်းလိုက်တာလေ…”


ယီနျို : “…”


[ငါ အရမ်း စိတ်တိုတာပဲ… ယွဲ့ကျန့်က တကယ်ကြီး ငါ့ထက် ၉နှစ် ကြီးတာနဲ့ပဲ ငါ့ထက် တော်နေရလား… ဘယ်လိုလုပ်ပြီး အတွေ့အကြုံ ရှိတာနဲ့ပဲ မော်ကွန်းတိုက်ထဲ ဝင်စရာတောင် မလိုဘဲ သက်ဆိုင်ရာ အချက်အလက်တွေ ရှိကြောင်း ခန့်မှန်းနိုင်ရတာလဲ… ]


ယွဲ့ကျန့် : “…”


သူက အသာအယာ ချောင်းဟန့်လိုက်ကာ မင်းသားလေး၏ ‘ချီးကျူးမှု’ကို စိတ်မလုံမလဲဖြင့် လက်ခံလိုက်သည်။


ယွဲ့ကျန့်က ဤစာရွက်စာတမ်းများ၏ အကြောင်းအရာများကို သိထားသောကြောင့် အကြမ်းဖျင်း ကြည့်လိုက်ကာ သူ့အတွေးများကို ပြောပြနေခဲ့သည်။

“ကျုံးမိသားစုက အစကတည်းက ထုတ်လုပ်တဲ့နေရာမှာ အမှားလုပ်ခဲ့မိလို့ Z စီးရီးမက်ခါရဲ့ စိတ်ဝိညာဉ် ကြေးနန်းကြိုး ပြဿနာဖြစ်သွားတာ သေချာတယ်…”


“သူတို့တွေရဲ့ အစဦးပိုင်း အကြံဉာဏ်က ကောင်းပါတယ်… ကြေးနန်းကြိုးတွေကို အစားပြန်ထိုးဖို့ဆိုတာက ကုန်ကျစရိတ် အရမ်းမြင့်ပြီးတော့ စစ်တပ်က သက်မှတ်ထားတဲ့ ပေးချေမှုထက် များနေတယ်လေ… ပိုက်ဆံပိုဝင်ပြီး အရှုံးနည်းဖို့ဆိုရင် သူတို့တွေက ဒီပြဿနာကို ဖုံးကွယ်ထားပြီး အရည်အသွေး မပြည့်မှီတဲ့ မက်ခါတွေကို ရောင်းမှပဲ ရမှာ… စီးပွားရေးသမားတွေက အကျိုးအမြတ်ပဲ ကြည့်တယ်လေ… မတော်တဆ ဖြစ်နိုင်ချေ ၀.၅ ရာခိုင်နှုန်းလောက်ကို မတွေ့နိုင်လောက်ဘူးလို့ လောင်းကြေးထပ်ခဲ့ကြတာနေမယ်…”


“အစတုန်းကတော့ သူတို့ လောင်းကြေးထပ်တာ နိုင်ခဲ့တယ်လေ… ဒါပေမဲ့ လွန်ခဲ့တဲ့ ခြောက်လတုန်းက ဒီကိစ္စ ပေါ်သွားပြီး နည်းပညာဌာန အင်ဂျင်နီယာခေါင်းဆောင်ဟောင်းလည်း သေဆုံးသွားရတယ်… အဲ့ဒီ့နောက် ကျုံးမင်က ခေါင်းဆောင်အင်ဂျင်နီယာ ရာထူးကို ယူလိုက်တာပဲ…”


ယီနျို : “…”


[ငါ အရမ်းကိုမှ စိတ်တိုတာပဲနော်… ငါတို့အတွေးတွေက တစ်ထေရာတည်းပဲ… ဘာလို့ ယွဲ့ကျန့်က ငါ့လို ဉာဏ်ကောင်းနေရတာလဲ…]


ယွဲ့ကျန့် : “…”


ယီနျို : “ဆက်ပြောပါ…”


ယွဲ့ကျန့်က ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။

“နည်းပညာဌာန အင်ဂျင်နီယာခေါင်းဆောင်ဟောင်းအပြင် တစ်ယောက်ယောက်ကလည်း ဒီကိစ္စကို သိထားလိမ့်မယ်… တစ်ဖက်လူက ကျုံးမိသားစုကို ခြိမ်းခြောက်ပြီး သူတို့ကို တစ်ခုခု လုပ်ပေးခိုင်းနေလောက်တယ်… ဒါကြောင့် ကျုံးမိသားစုက စနစ်ကို အဆင့်မြှင့်လိုက်တာနဲ့ ဘယ်လို ဆိုးရွားတဲ့ အကျိုးရလဒ်တွေ ထွက်လာမလဲဆိုတာ သိနေပေမဲ့လည်း လုပ်ခဲ့တာ ဖြစ်မယ်…”


ထိုသို့ ပြောပြီးနောက် ယွဲ့ကျန့်၏အသံက အနည်းငယ် အေးစက်လာလေသည်။


“ဒါပေမဲ့ ဘယ်သူဖြစ်နိုင်မလဲ…”

ယီနျိုလည်း ထိုသို့ တွေးမိသော်လည်း ဤကိစ္စက ဖက်ဒရယ်နှင့် သက်ဆိုင်နေမည်ဟုသာ ခန့်မှန်းမိပြီး မည်သူ ဖြစ်နေနိုင်မည်မှန်း မသိပေ။


ယွဲ့ကျန့်က မဲ့ပြုံးပြုံးလိုက်ပြီး သူ့လက်ညှိုးဖြင့် အချက်အလက်အချို့ကို ထောက်ပြလိုက်ကာ ပြောလိုက်သည်။

“ဂလက်ဆီ ၃ နဲ့ … ဖက်ဒရယ်…”


ယီနျိုက တစ်ချက်ကြည့်ရုံဖြင့် နားလည်သွားပြီး မသိလိုက်ဘဲ မေးလိုက်၏။

“ဂလက်ဆီ ၃ က ဗဟိုဂြိုဟ်ရဲ့ အရှင်… မိန်အန်းမိသားစုကို ပြောတာလား…”


အင်ပါယာတွင် ဂြိုဟ်အများစုက ပုဂ္ဂလိကပိုင်များ ဖြစ်ကြသည်။ ထိုဂြိုဟ်များကို အင်ပါယာမှ တိုက်ရိုက် အုပ်ချုပ်ခြင်း မရှိသော်လည်း ဂြိုဟ်စားမင်းများက အုပ်ချုပ်ကြသည်။


ဤဂြိုဟ်စားမင်းများက ရှေးယခင်က နယ်မြေများကို အပိုင်စားရပြီး ကြီးမားသည့် အကျိုးခံစားခွင့်များ ရရှိကြသည့် ရှေးခေတ်ဘုရင်ခံများနှင့် တူညီသည်။ သူတို့၏ အပိုင်စားရသော ဂြိုဟ်ပေါ်တွင် ဥပဒေများ ပြဌာန်းပြီး အရာရှိအရာခံများ ခန့်အပ်ကာ ကိုယ်ပိုင်စစ်တပ် တည်ထောင်နိုင်ကြသည်။ သူတို့က နှစ်စဉ်နှစ်တိုင်း အင်ပါယာ၏ ဗဟိုအစိုးရကို အခွန်အခ ပေးဆောင်ရန် လိုအပ်သည်။


မှန်ပေသည်၊ တော်ဝင်ဥပဒေများအရ ဂြိုဟ်စားမင်းများ၏ ဥပဒေပြဌာန်းချက်များသည် အင်ပါယာ၏ ဥပဒေများထက် ဘောင်ကျော်ခွင့် မရှိချေ။ စစ်တပ်ဖွဲ့စည်းရာတွင်လည်း ထို့အတူပင်။


သို့သော်လည်း နှစ်သန်းပေါင်းများစွာ ကျော်လွန်လာခဲ့ပြီးနောက် ဂြိုဟ်စားမင်းများက အင်အားကြီးမားလာခဲ့သည်။ ထိုသူများထဲတွင် လူမည်မျှက တော်ဝင်ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်း မသိနိုင်သလို ဧကရာဇ်ကလည်း ထိုသူများအပေါ် မည်သည်ကိုမှ မပြုလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူများက အင်ပါယာမြို့တော်ရှိ မျိုးရိုးမြင့်များနှင့် ဘဏ္ဍာရေးလုပ်ငန်းကြီးများထက်ပင် ရင်ဆိုင်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။ သူတို့ကသာ သေချာ ဂရုတစိုက် မဆောင်ရွက်ပါက နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားသည်အထိ ဖြစ်လာနိုင်သောကြောင့်ပင်။



🧜🧜🧜