Chapter 17
Viewers 796

🧜 အခန်း ၁၇



ယီနျိုက ယွဲ့ကျန့်အကြည့်များ၏ ဦးတည်ရာက ပုံမှန်မဟုတ်ကြောင်း သတိထားမိလိုက်ပြီး ချက်ချင်း ရှက်ရွံ့ကာ စိတ်ရှုပ်သွားရသည်။ ယီနျိုက စောင်ပါးကို ဆွဲယူလိုက်ကာ သူ့ကိုယ်သူ ပိုးကောင်ပေါက်လေးကဲ့သို့ တစ်ကိုယ်လုံး ခြုံထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်၊

“ဘယ်ကို လာကြည့်နေတာလဲ …”


ယွဲ့ကျန့်လည်း တစ်ခဏခန့် ရှက်သွားပြီး အကြည့်လွှဲလိုက်သော်လည်း မင်းသားလေးက အိပ်ရာအစွန်းဖက်အထိ လှိမ့်သွားသည်ကို မြင်လိုက်ရာတွင် အလျင်အမြန် သတိပေးလိုက်သည်၊

“အရှင့်သား သတိထား-“


“ဘုန်း-“


ယီနျို : “အာ့…”


ယွဲ့ကျန့်က အလိုအလျှောက်ပင် နဖူးကို အုပ်ကိုင်လိုက်မိပြီး မင်းသားလေးအား မကြည့်ရဲခဲ့ပေ။


သေချာပေါက်ပင် မင်းသားလေး ပြုတ်ကျသွားခဲ့သည်။


ဆယ်မိနစ်ခန့် ကြာပြီးနောက်၊ ယွဲ့ကျန့်က တွန့်ဆုတ်စွာဖြင့် မျက်ရည်လေးများ ရစ်ဝဲနေသော မင်းသားလေးအား ပွေ့ချီပြီး သူ့အခန်းဆီသို့ ပြန်လာခဲ့သည်။


ယီနျိုက နှာရှုံ့လိုက်ပြီး မျက်ရည်များ မကျလာစေရန် ထိန်းထားကာ မျက်နှာလေး အနည်းငယ် မော့ကာဖြင့် မေးလိုက်သည်၊ 

“ဘာလို့ ခင်ဗျားအခန်းမှာကျ ဆေးကုသရေးအခန်းငယ်ပါပြီး ကျွန်တော့်အခန်းမှာကျ မပါရတာလဲ…”


အကယ်၍ ယီနျို၏ မျက်ရည်များကသာ ပုလဲလုံးများအဖြစ် ပြောင်းသွားမည်ကို မကြောက်ရပါက သူ ငိုလိုက်မည်မှာ ကြာပြီဖြစ်သည်။


ယွဲ့ကျန့်မှ ပြန်ဖြေသည်။

“အရှင့်သားက ဒီမှာ အကြာကြီး နေဖြစ်မယ်လို့ မထင်ထားတော့ ကိုယ် မပြင်ဆင်ခဲ့မိတာပါ…”


ယီနျိုက ရန်စနေသည့် လေသံဖြင့် ပြန်မေးလိုက်သည်။

“ဟမ့် ခင်ဗျားက ကျွန်တော် ဒီမှာ အကြာကြီး နေနေတယ်လို့ ပြောချင်တာလား…”


သူ ယွဲ့ကျန့်အား သိလာရလေလေ၊ သူ့မျက်လုံးထဲတွင် ပိုပြီး ကြည့်မရ ဖြစ်လာလေလေပင်။


“အခန်းက ဗိုလ်ချုပ်လင်း စီစဉ်တာလေ… အစတုန်းကတော့ အရှင့်သားက ဆေးကုသရေးအခန်းငယ်ကို လိုအပ်လာလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူးလေ…”

ယွဲ့ကျန့်က မင်းသားလေးအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြကာ ကတိပေးလိုက်သည်၊

“နောက်ကျရင် အရှင့်သားအတွက် တစ်ခန်းထည့်ထားပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ့မယ်…”


မည်သို့ပင်ဖြစ်စေ၊ မင်းသားလေးက ရေချိုးရင်း ချော်လဲလိမ့်မည်ဟု မည်သူကမှ တွေးထားလိမ့်မည် မဟုတ်ပေ။


ယီနျိုက ယွဲ့ကျန့်ရင်ခွင်ထဲတွင် ကွေးနေသော်လည်း ဤစကားများကို ကြားလိုက်ရသည့်အခါ ခေါင်းထောင်လာပြီး ပြောလိုက်သည်၊

“ကျွန်တော် မနက်ဖြန်ကျရင် အခန်းပြောင်းမှာ…”


[ခင်ဗျားရဲ့ အခန်းဘေးမှာ မနေနိုင်ပါဘူးနော်…]


ယွဲ့ကျန့် : “…”


ယွဲ့ကျန့်အနေဖြင့် မင်းသားလေး လိုအပ်သည်များအား အကောင်းဆုံး ဖြည့်ဆည်းပေးရန် ကြိုးစားသင့်ပါသော်လည်း အမည်မသိ အကြောင်းပြချက်များကြောင့် ဤသို့ ပြောလိုက်မိသည်။

“အခန်းပိုတွေက မရှိတော့ပါဘူး… အခြေစိုက်စခန်းရဲ့ အခြေအနေတွေက ဆိုးဝါးနေသေးတယ်လေ… အရှင့်သားကပဲ ကျေးဇူးပြုပြီး ကိုယ့်ကို သည်းခံပေးပါ…”


ယီနျို : “…”

ဘာလို့ ဒီစကားတွေက အရမ်း ရင်းနှီးနေရပါလိမ့်နော်…


အင်း… ပြောင်းလို့ မရဘူးဆိုမှတော့ မပြောင်းရုံပေါ့…


သူက အကြောင်းပြချက် မရှိဘဲ ပြဿနာရှာပြီး အခြားသူများကို ဒုက္ခပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။ အခြေစိုက်စခန်းက အခြေအနေတွေက ကောင်းမနေမှတော့လည်း…


“ဒါဆို ကျွန်တော့်ကို သော့နဲ့ အခန်းကတ် ပြန်ပေးလေ… ရှေ့လျှောက် ခင်ဗျားမှာ ကျွန်တော့်အခန်းထဲကို ဝင်ချင်တိုင်း ဝင်ခွင့် မရှိဘူး…”

ယီနျိုက နောက်ထပ် တောင်းဆိုချက် တစ်ခု ပြုလုပ်လိုက်သည်။


သူက ရူးမိုက်စွာဖြင့် ယွဲ့ကျန့်၏ ပေါက်ကရစကားများကို ယုံစားမိခဲ့ပေသည်။


ယွဲ့ကျန့်၏ နှုတ်ခမ်းထောင့်များက မသိမသာ တွန့်ချိုးသွားပြီး ပြောလိုက်သည်၊

“ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ကိုယ် ပေးခဲ့ပြီးသားလေ… အရှင့်သားပဲ လျှို့ဝှက်နံပါတ်ကို မပြောင်းခဲ့တာပါ…”


ယီနျို : “…”

အဓိပ္ပါယ် မရှိတာ… ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား ဒီအကြောင်း မပြောပြခဲ့ဘူးလေ…


သူက ဒေါသထွက်စွာဖြင့် တွေးလိုက်သည် -


[ငါ ပြန်သွားတဲ့အချိန်ကျရင် လျှို့ဝှက်နံပါတ်ကို ပြောင်းပစ်လိုက်မယ်… မယ်တော်ရဲ့ မွေးနေ့ကို ပြောင်းလိုက်မယ်လေ… 0XXXXXX8… အင်း… မှတ်ရလည်း လွယ်တယ်…]


ယွဲ့ကျန့် : “…”


သူ အမှန်တကယ်ကိုပင် လျှို့ဝှက်နံပါတ် အသစ်အား မမှတ်မိနေချင်ပေ။ သို့သော်လည်း တစ်ခါတစ်ရံတွင် မှတ်ဉာဏ်ကောင်းခြင်းကလည်း ကျိန်စာတစ်ခု ဖြစ်နိုင်သည်ပင်။


*


ယွဲ့ကျန့်၏ အခန်းက အလွန်ကို ရှင်းလင်းနေသည်။ အပြင်အဆင်မှာလည်း ရိုးရှင်းသော အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင် ပေါင်းစပ်မှုပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အေးစက်နေပြီး ပိုင်ရှင်၏ စိတ်ကြိုက် အပြင်အဆင်များ မပါရှိပေ။


သို့သော်လည်း ယီနျို အံ့ဩသွားရသည်က အခန်းထဲတွင် အင်မတန် ကြီးမားသော ငါးကန် ရှိနေခြင်းပင်၊ အရှည်မှာ ၈မီတာခန့်ပင် ရှိပြီး အမြင့်မှာလည်း ၂မီတာခန့် ရှိလောက်သည်။


ငါးကန်ထဲမှ ရှုခင်းကလည်း အလွန် လှပလေသည်။ ရေထဲတွင် အေးမြသော အပြာရောင် အလင်းများ တောက်ပနေပြီး ရောင်စုံငါးငယ်လေးတစ်အုပ်က ရေအောက်အပင်များနှင့် ကျောက်စိုင်ကျောက်ခဲများကြားတွင် ကူးခတ်နေကြသည်။


ယီနျို၏ အကြည့်များက အနည်းငယ် ငေးငိုင်သွားပြီး မသိစိတ်ထဲတွင် တွေးလိုက်မိသည်-


[အရမ်းကြီးတာပဲ…]


ယွဲ့ကျန့် : “… … …”


သူ၏ အတွေးများက အနည်းငယ် ဟိုရောက်သည်ရောက် ဖြစ်နေသည်ကို ယီနျို လက်ခံရပေမည်။


[ငါ တကယ့်ကို အဲဒီထဲဝင်ပြီး ခဏလောက် ရေကူးချင်လိုက်တာနော်…]


ယွဲ့ကျန့် : “…”


ယွဲ့ကျန့်က ရှင်းမပြတတ်အောင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် မင်းသားလေးက ငါးကန်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်အား တွေ့လိုက်ရပြီး တိတ်တဆိတ် တွေးလိုက်သည် : 

မင်းလေး တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် ငါးလို့ ထင်နေတာလား…


“ဘာလို့ ကျွန်တော့်အခန်းမှာကျ ငါးကန်မပါရတာလဲ…”

ယီနျိုက မေးလိုက်ပြန်သည်။


သူ၏ ပုံစံက အရုပ်လေးများ မရှိသော ကလေးကဲ့သို့ပင်။ သူက အခြားကလေးများတွင် အရုပ်များရှိနေသည်ကို အားကျနေသည်။


ယွဲ့ကျန့်လည်း ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

“ကိုယ့်ဘာသာ ဝယ်ထည့်ထားတာလေ…”


“အိုး…”

ယီနျိုလည်း နောက်ထပ်တစ်ဖန် ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အကြည့်လွှဲလိုက်ကာ တွေးလိုက်သည်-


[ငါ ပြန်သွားတဲ့အချိန်ကျရင် ငါလည်း တစ်ကန်လောက် ဝယ်ရမယ်…]


အမှန်တကယ်တွင် ယီနျိုက ပို၍ ကြီးမားပြီး ပိုပြီး လှပသည့် ငါးကန်မျိုး မမြင်ဖူးသည် မဟုတ်ပေ။ သို့သော်လည်း အခြေစိုက်စခန်းကဲ့သို့ နေရာမျိုးတွင် ယွဲ့ကျန့်၏ ငါးကန်က အမှန်တကယ်ကို ရှားပါးပြီး ကြီးမားကာ လှပလေသည်။


ယွဲ့ကျန့်က များများစားစား တွေးမနေတော့ချေ။ သူက ယီနျိုအား ဆေးကုသရေးအခန်းငယ်ဆီ ချီသွားကာ ဦးစွာ စစ်ဆေးလိုက်၏။ ယီနျို၏ အရိုးများ ထိခိုက်မှု မရှိကြောင်း အတည်ပြုပြီးမှသာ သူက ယီနျိုအား ‘၁နာရီကြာ အလင်းဒဏ်ကုသမှု’ စနစ်နှင့် အသားကျအောင် ကူညီပေးလိုက်သည်။


မင်းသားလေးက ခါးနာနေသည်ကို တွေးကြည့်ပြီးနောက် ယွဲ့ကျန့်က မင်းသားလေး၏ အခန်းအား ကူညီကာ သန့်ရှင်းပေးလိုက်သည်။


သို့သော်လည်း ရေချိုးခန်းကို ရှင်းလင်းသည့်အချိန်တွင် ပုံမှန် ပုံစံမဟုတ်ဘဲ ရေစက်များနှင့် တူသော ပုလဲလုံး ၇လုံး၊ ၈လုံးခန့်အား ရေချိုးကန်ထဲတွင် တွေ့လိုက်ရသည်။


ဒါက ဘာတွေလဲ…


ယွဲ့ကျန့်က ဂရုတစိုက်ဖြင့် ပုလဲလုံးများအား သိမ်းယူလိုက်သည်။ မင်းသားလေးက စိတ်လက်ကြည်သာစွာဖြင့် ဆေးကုသရေးအခန်းငယ်ထဲမှ ထွက်လာချိန်တွင် ယွဲ့ကျန့်က ပုလဲလုံးများကို ပေးလိုက်ကာ ပြောလိုက်သည်၊

“အရှင့်သား ဒါတွေကို အရှင့်သားရဲ့ ရေချိုးကန်ထဲမှာ တွေ့လို့ပါ…”


ယီနျိုက ကုသမှု၏ အကျိုးသက်ရောက်မှုကို စစ်ဆေးရန်အတွက် ခါးကို နှိပ်နယ်နေခဲ့သည်။ ယွဲ့ကျန့်၏အသံကို ကြားလိုက်ရသည့်အချိန် လှည့်ကြည့်လိုက်ပြီး နေရာတွင်ပင် အေးခဲသွားတော့သည်။


နောက်တစ်စက္ကန့်တွင် သူက ပုလဲလုံးများကို ဆွဲယူလိုက်ပြီး စကားထစ်နေခဲ့၏။

“ဒါ… ဒါတွေက လက်ကောက် ပြတ်သွားလို့…”


ပြောပြီးသည့်နောက် သူက ကြမ်းတမ်းစွာဖြင့် ပွင့်ပွင့်လင်းလင်း ထပ်ပြောလိုက်သည်။

“ဘယ်… ဘယ်သူက ကျွန်တော့်အခန်းထဲကို ထပ်ဝင်ခိုင်းလို့လဲ…”


ယွဲ့ကျန့်က တွေးမနေဘဲ ရှင်းပြလိုက်သည်။

“ကိုယ်က အရှင့်သား ငုံ့ပြီး သန့်ရှင်းရေး မလုပ်နိုင်လောက်ဘူးလို့ ထင်လို့ အရှင့်သားအတွက် အခန်းကူရှင်းပေးတာပါ…”


“အင်း အဲ့ဒါက သန့်ရှင်းရေးစက်ရုပ်လုပ်လည်း ရတဲ့ကိစ္စလေ…”

ယီနျိုက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ ယွဲ့ကျန့်ကို ခိုးကြည့်လိုက်သည်။ သူ ဘာကိုမှ ရှာမတွေ့ထားမှန်း အတည်ပြုပြီးမှသာ ခက်ထန်စွာ ပြောလိုက်သည်။

“ရှေ့လျှောက် ကျွန်တော့်ခွင့်ပြုချက် မရဘဲ အခန်းထဲလည်း မဝင်ရသလို ပစ္စည်းတွေလည်း မကိုင်ရဘူး…”


“ဟုတ်ပါပြီ…”

ယွဲ့ကျန့်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင် တွေးလိုက်သည် :

မင်းလေးက အရမ်းကို မွှေလွန်းလို့ နောက်တစ်ခေါက် မင်း ကိုယ့်ကို ခေါ်ရင်တောင် ကိုယ် မလာဘူး…


ယီနျိုက ပုလဲလုံးများကို ဂရုတစိုက် ထားလိုက်ပြီး ခါးကို ပွတ်သပ်ကာ အနည်းငယ် လှည့်ကြည့်လိုက်သည်။ အလွန်အမင်း မနာကျင်တော့ကြောင်း အတည်ပြုပြီးသည့်အခါတွင် လေလုံးကြီးတော့သည်။

“ခင်ဗျားရဲ့ ဆေးကုသရေးအခန်းငယ်က အရမ်းကောင်းတာပဲ… ကျွန်တော့်အတွက်လည်း တစ်ခု ထည့်ပေးလို့ ရပြီ…”


ယွဲ့ကျန့်က ခေါင်းယမ်းလိုက်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ကိုယ် မလုပ်ပေးနိုင်လောက်ဘူး… ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ လိုက်ပြီး အထူးပြုလုပ်ထားတာလေ…”


“ခင်ဗျားခန္ဓာကိုယ်… ဘာများဖြစ်လို့လဲ…”

ယီနျိုက စပ်စုချင်သည်အား ထိန်းမရတော့ပေ။


ယွဲ့ကျန့်က ယီနျို၏ ခေါင်းလေးအား ပွတ်ပေးလိုက်ကာ ပြောလိုက်သည်။

“ကလေးလေး မေးခွန်းတွေ အများကြီး မမေးပါနဲ့လား…”


ယီနျို၏ ခေါင်းလေးအား ထိလိုက်သည်နှင့် ယွဲ့ကျန့်လက်ဖမိုးသည်လည်း တိမ်တိုက်အမည်းလေးနှင့် ထိစပ်လျက်သားပင်။ ပြီးခဲ့သည့်အကြိမ်ကအတိုင်းပင်၊ တိမ်တိုက်အမည်းလေးက ကပ်ချွဲနေသော ကြောင်လေးကဲ့သို့ သူ့လက်အား ပွတ်သပ်လာခဲ့သည်။ ယီနျိုသည်လည်း ချောမွေ့နေသော သားမွေးများ ရှိသည့် ကြောင်လေးတစ်ကောင် ကဲ့သို့ပင် သက်တောင့်သက်သာဖြစ်စွာဖြင့် မျက်လုံးများ မှေးသွားသည်။


ယွဲ့ကျန့်က ရုတ်တရက် မင်းသားလေးနှင့် တိမ်တိုက်အမည်းလေးတို့က တစ်ဦးတည်းပင် ဖြစ်သည်ဟု ထင်ယောင်မိသွားသည်။


သို့သော်လည်း ကံမကောင်းစွာဖြင့် မကြာလိုက်ပါဘဲ ယီနျိုက အသိဝင်လာခဲ့သည်။ သူ့ကိုယ်သူ ယွဲ့ကျန့်၏ ထိတွေ့မှုအား နှစ်သက်နေကြောင်း တွေ့ရှိလိုက်ရချိန်တွင် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ အချိန်တစ်ခုကြာ ရှက်ရွံ့နေပြီးနောက် ယွဲ့ကျန့်က ပိုပိုပြီး ရဲတင်းလာကာ သူ့အား ယခင်ကလောက် လေးစားမှု မရှိတော့ကြောင်း ခံစားလိုက်ရသည်။


ယွဲ့ကျန့်သည်လည်း မင်းသားလေးက ပထမဆုံးအကြိမ် ရောက်ရှိလာသည်နှင့် ယှဉ်လျှင် ပိုပြီး တက်ကြွလာကြောင်း ခံစားမိလိုက်သည်။ အထူးသဖြင့် ယနေ့ပင်၊ မင်းသားလေးက သူ၏ ပင်ကိုယ်စရိုက်အား ဖော်ပြလာပုံ ရသည်။


*


နောက်တစ်နေ့တွင် ဟူယိချန်းက စီစဉ်ထားသည့်အတိုင်းပင် အင်ပါယာမြို့တော်ဂြိုဟ်ဆီ သွားခဲ့သည်။


ထွက်မသွားခင် အချိန်တွင် သူက ယီနျိုနှင့် ထပ်မံ တွေ့ဆုံခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် အငွေ့အသက်က အနည်းငယ် ကိုးရိုးကားယား ဖြစ်နေခဲ့သည်။


ယွဲ့ကျန့်က အမြဲတမ်း ယီနျို၏ ဘေးနားတွင် ရှိနေသည်ကြောင့် သူတို့နှစ်ဦးတည်း သီးသန့် စကားပြောရန် အခွင့်အရေး မရခဲ့ပေ။


ထိုကဲ့သို့သော အခြေအနေတွင် ဟူယိချန်းက ယီနျိုအား ပြောစရာရှိလားဟူ၍ မမေးရက်ပေ။ အချိန်အတော်ကြာ အချိန်ဆွဲနေခဲ့ပြီးနောက် သူက ထပ်ခါထပ်ခါ ကတိပေးလိုက်သည်။

“အရှင့်သား ကျွန်တော့်ကို စောင့်နေပေးပါ… ကျွန်တော် ကျိန်းသေပေါက် ပိုပြီး သန်မာလာပါ့မယ်…”


“အင်း… လုပ်ထား ငါမင်းကို ယုံကြည်တယ်…”

ယီနျိုကလည်း တူညီသည့် အားပေးစကားများအား ထပ်ပြောလိုက်သည်။


ဟူယိချန်းက ယီနျိုအား ခဏလောက် ကြည့်နေပြီးနောက် စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်သည်။ 

တကယ်လို့ ငါသာ အသုံးကျပြီး အရှင့်သားကို အင်အားကြီး စစ်တပ်တစ်ခု ကူညီဖွဲ့စည်းပေးနိုင်ရင် အရှင့်သားက… ဟားးး…


အဆုံးတွင် ဟူယိချန်းက စစ်သင်္ဘောပေါ် ခြေချလိုက်ကာ အင်ပါယာမြို့တော်ဂြိုဟ်ဆီသို့ စိတ်နှလုံး လေးလံစွာဖြင့် ထွက်သွားတော့သည်။


သို့သော်လည်း သူ မသိခဲ့သည်မှာ သူ့ကို အဝေးပို့လိုက်ပြီးသည်နှင့် ယီနျိုနှင့် ယွဲ့ကျန့်တို့ နှစ်ဦးလုံး စိတ်သက်သာရာ ရသွားသည်ကိုပင်။


ယွဲ့ကျန့် : နောက်ဆုံးတော့ သူထွက်သွားပြီ… သူ့ကို မတွေ့ရတော့ မင်းသားလေးရဲ့ စိတ်ကယောင်ချောက်ချားရောဂါ ပိုပြီး ဆိုးမလာနိုင်တော့ဘူး…


ယီနျို : ငါ နောက်ဆုံးတော့ သူ့ကို ပိုပြီး လေ့လာနိုင်ဖို့ အဝေးကို ပို့လိုက်ပြီ… နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့ကြတဲ့အခါ သူက ဆရာကြီး ဖြစ်နေမှာပဲ…


နေပါဦး… ဘာလို့ ရုတ်တရက်ကြီး အဖေအိုကြီးက သားကို ကျောင်းလိုက်ပို့ရသလိုမျိုး ခံစားနေရတာလဲ…


သက်ပြင်းချလိုက်ပြီးနောက် ယီနျိုက အလုပ်လုပ်ရန် ပြန်သွားလိုက်တော့သည်။


ယီနျိုက ကျုံးမိသားစု၏ ပြဿနာကို စစ်ဆေးနေခြင်းအား သိထားသည်ကြောင့် ယွဲ့ကျန့်က စကားအချို့ကို မပြောဘဲ မနေနိုင်ပေ။


ယီနျိုကလည်း သူ့အား ဖုံးကွယ်မနေဘဲ ပြောလိုက်သည်။

“သိပ်မကြာခင်က ကျွန်တော် သဲလွန်စတွေကို ချိတ်ဆက်မိထားတယ်… ကျုံးမိသားစု မူမမှန် စဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၆လလောက်ကပဲ… အဲ့ဒီအချိန်တုန်းက အခြေစိုက်စခန်း နည်းပညာဌာနရဲ့ ခေါင်းဆောင်အင်ဂျင်နီယာဟောင်းက မထင်မှတ်ထားပဲ သေဆုံးသွားတယ်… ဒါကို ကျွန်တော်ကတော့ တိုက်ဆိုက်တာလို့ မထင်ဘူး…”


“အရှင့်သားက ခေါင်းဆောင်အင်ဂျင်နီယာဟောင်းနဲ့ ရင်းနှီးတဲ့ အဆက်အသွယ်တွေကို စစ်ဆေးကြည့်လို့ ရတယ်… ကိုယ်လည်း တစ်ယောက်ယောက်ကို သူ့ရုံးခန်းကို စစ်ဆေးဖို့ လွှတ်ထားလိုက်မယ်…”

ယွဲ့ကျန့်က အလျင်အမြန် ထပ်ပြောလိုက်သည်။

“ဒါပေမဲ့လည်း ကျုံးမင်က နောက်တက်လာတဲ့ ခေါင်းဆောင်အင်ဂျင်နီယာ ဖြစ်ခဲ့တာ… တကယ်လို့ သူသာ အကုန်လုံးကို သိထားရင် ရုံးခန်းကို သူရှင်းလင်းထားမှာပဲ… ဘာမှတောင် ရှာမတွေ့နိုင်လောက်ဘူး…”


“အင်း…”

ယီနျိုက ခေါင်းညိတ်လိုက်ကာ လေးနက်သည့် အမူအရာနှင့် ထပ်ပြောလိုက်သည်။

“ကျွန်တော့်အထင်တော့ ကျုံးမင် တစ်ခုခုကို သိထားနိုင်ချေ ရှိတယ်… သူ ဒီရက်တွေအတွင်း လှုပ်ရှားမှု ရှိသေးလား…”


ယွဲ့ကျန့်က ခေါင်းယမ်းလိုက်သည်။

“မရှိဘူး…”


ယီနျိုက သက်ပြင်းချလိုက်ပြီး လူအိုလေးတစ်ယောက်လိုမျိုး ပြောလိုက်သည်။

“ဟင်းးး… နောက်မှပဲ သူ့ကို လူချင်းတွေ့ပြီး မေးကြတာပေါ့… ပြီးတော့လည်း မက်ခါစက်ရုံကိစ္စကိုလည်း စစ်ဆေးကြည့်သင့်တယ်… ကျွန်တော် အရင်ဆုံး ကြယ်ပြာမှာ ရှိတဲ့ ကျုံးမိသားစုအခွဲဆီ သွားလိုက်မယ်…”


ယွဲ့ကျန့်က မင်းသားလေး၏ လေးနက်သည့်အမူအရာက အလွန်ကို ချစ်စရာကောင်းကြောင်း ခံစားလိုက်ရပြီး နွေးထွေးသော လေသံနှင့် ပြောလိုက်သည်။

“ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်…”


ယီနျိုက အံ့အားသင့်သွားကာ တုံ့ဆိုင်းသွားရသည်။

“ခင်ဗျားကလား… ဒါပေမဲ့ ခင်ဗျားက စစ်ဆေးရေးအဖွဲ့ဝင် မဟုတ်တော့ဘူးလေ… ကျုံးမိသားစုက ခင်ဗျားကို အချက်အလက်တွေ စစ်ဆေးခွင့် ပေးမှာ မဟုတ်ဘူး…”


ယွဲ့ကျန့်က ပြောလိုက်သည်။

“ကိစ္စမရှိဘူး… ကိုယ် မင်းရဲ့ သက်တော်စောင့် အနေနဲ့ လိုက်ခဲ့မယ်… ပြီးရင် အပြင်မှာပဲ နေလိုက်မယ်…”


ယီနျိုက စက်ရုံတစ်ခုလုံးကို ခြုံငုံပြီး မြင်နိုင်သည့် ယာဉ်ပျံပေါ်တွင် ထိုင်နေခဲ့ပြီး ထိုစက်ရုံက အလွန်ကြီးမားရုံသာ မဟုတ်ဘဲ စက်မှုလက်မှု အခြေစိုက် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း တွေးနေခဲ့သည်။


စက်ရုံတစ်ရုံလုံး၏ ဧရိယာက စစ်တပ်အခြေစိုက်စခန်းတစ်ခုလုံးနီးပါး ကြီးမားနေသည်။ ဧရိယာတစ်ခုလုံးက - မြို့တော်ဗဟိုနှင့် စစ်တပ်အခြေစိုက်စခန်းကို ဖယ်လိုက်မည်ဆိုလျှင် - ကျုံးမိသားစု၏ ပိုင်နက်ပင်။


ထို့အပြင် ဤသည်မှာ ကျုံးမိသားစု၏ အခွဲတစ်ခုသာ ရှိသေးသည်။


ကျုံးမင်က အခြေစိုက်စခန်းတွင် အလွန်အမင်း မောက်မာရဲခဲ့သည်မှာ မထူးဆန်းတော့ပေ။ ကြည့်ရသည်မှာ သူ့အား ကျုံးမိသားစုက ထောက်ပံ့ပေးထားပုံ ရသည်။


ထိုအချိန်တွင်၊ မြို့တော်ဗဟိုရှိ အဆင့်အတန်းမြင့် ဟိုတယ်တစ်ခုတွင် ကျုံးဝေက ဝိုင်ခွက်ကို ကိုင်ထားပြီး ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်များနှင့် စကားပြောနေခဲ့သည်။


ကျုံးဝေက ကျုံးချင်းရှု၏ အကြီးဆုံးသားဖြစ်ပြီး ကျုံးမင်၏ တစ်ဝမ်းကွဲ အစ်ကိုဖြစ်သည်။ သူက ကြယ်ပြာတွင်ရှိသော ကျုံးမိသားစုအခွဲ၏ ခေါင်းဆောင်ဖြစ်သည်ပင်။


မင်းသားလေးက စက်ရုံအား စစ်ဆေးတော့မည်ဆိုသည့်အကြောင်းကို အတွင်းရေးမှူးထံမှ ကြားလိုက်ရပြီးနောက် ကျုံးဝေက မသိမသာ ပြုံးလိုက်ကာ ပြောလိုက်သည်၊

“စိတ်မပူနဲ့… စစ်ဆေးပါစေ…”


သူ့ဘေးတွင် ရှိနေသော လူတစ်ယောက်မှ သိလိုစိတ်ဖြင့် မေးလိုက်၏၊

“ခေါင်းဆောင်လည်း ရှိနေဖို့ မလိုအပ်ဘူးလား… ဘာပဲပြောပြော…” 

သူက မင်းသားတစ်ပါးလေ…


ကျုံးဝေက ပြုံးလိုက်ကာ ပြောလိုက်သည်။

“အဲ့ဒီကလေးက ဒီအတိုင်း လူကြီးယောင် ဆောင်နေတာပါ… သူ ဘာကိုများ ရှာတွေ့နိုင်မှာလဲ…”


“ဒါပေမဲ့ မင်းသားလေးကို ဗိုလ်ချုပ်ယွဲ့က အဖော်ပြုပြီး လိုက်လာတယ်လို့ ကြားတယ်နော်…”


ကျုံးဝေက စိတ်ထဲမထားပေ။

“အဲဒီတော့ ဘာဖြစ်လဲ… ယွဲ့ကျန့်က စစ်ဆေးရေး အဖွဲ့ဝင် တစ်ယောက် မဟုတ်ဘူး… သူ့မှာ ငါ့မိသားစုရဲ့ အချက်အလက်တွေကို စစ်ဆေးပိုင်ခွင့် မရှိဘူး… သူက မင်းသားလေးကို ကူညီချင်ရင်တောင် အပြင်ကနေပဲ ကူညီနိုင်မှာ… သူက ငါ့မိသားစုကို ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုလို့ ရတာလည်း မဟုတ်ဘူးလေ… ကျန်တာ မပြောနဲ့တော့…”


ထိုသို့ ပြောပြီးနောက် သူက စကားလုံးများကို ပြောင်းလဲကာ ပြောလိုက်သည်။

“ငါတို့မိသားစုက ဖြောင့်မတ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ... ဒီစစ်ဆေးရေးကို ငါတို့က ဘာလို့ ကြောက်နေရမှာလဲ… အင်တာနက်ပေါ်က ကောလဟာလတွေကို မယုံကြည်နဲ့… အကုန်လုံးက ငါတို့ကို ရေဆိုးရေညစ်တွေနဲ့ ပက်ချင်နေကြတာ…”


လူအုပ်ကြီးက ထောက်ခံလိုက်သည်။

“ဟုတ်တယ်… ဟုတ်တယ်…”


ကျုံးဝေက ထပ်ပြောလိုက်သည်။

“ဘာလုပ်နေကြတာလဲ… ဝိုင်လေးသောက်ရင်း ကကြစို့လေ…”



🧜🧜🧜