Chapter 16
Viewers 812

🧜 အခန်း ၁၆

ယွဲ့ကျန့် : မကျေသေးဘူး



ယွဲ့ကျန့်က အမှန်တကယ်ကို မျက်လုံးများ မှိတ်ထားခဲ့သည်။ သို့သော်လည်း စင်ပေါ်၌ ရေချိုးဝတ်ရုံ ရှိနေသည်အား ယခင်က မြင်ဖူးကြောင်း သတိရလိုက်ရာ လျှောက်သွားလိုက်ပြီး စမ်းတဝါးဝါးဖြင့် ရှာဖွေလိုက်သည်။ ရေချိုးဝတ်ရုံအား ရရှိပြီးသော် မင်းသားလေးဆီသို့ လျှောက်သွားလိုက်သည်။


ရေချိုးကန်ထဲမှ ရေသည် အေးစက်နေခဲ့ပြီး ယွဲ့ကျန့် လက်နှင့် ထိလိုက်မိသည့်အခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ မင်းသားလေး၏ အသားအရေနှင့် ထိမိသွားသည့်အခါတွင်မူ အေးစက်ကာ ချောမွတ်နေခဲ့သည်။


ယွဲ့ကျန့်အတွေးထဲတွင် မင်းသားလေးက အားနည်းသူဖြစ်ပြီး ယခုလိုမျိုး ရေအေးများဖြင့် ရေချိုးခြင်းက သေချာပေါက်ကို ဖျားနာစေလိမ့်မည်ပင်။ ထို့ကြောင့် သူက မသိလိုက်မီမှာပင် ဆုံးမစကား ဆိုနေတော့သည်၊

“အရှင့်သား၊ ဘယ်လိုဖြစ်ပြီး ရေအေးတွေနဲ့ ရေချိုးနေရတာလဲ…”


ယီနျိုက ရှက်ရွံ့နေခဲ့ပြီး လက်ရှိအခြေအနေအား ချက်ချင်းပင် ပြီးဆုံးစေချင်ခဲ့သည်။ သူ့တွင် စကားပြောချင်စိတ် လုံးဝ မရှိချေ။ ယွဲ့ကျန့်၏ စကားအား ကြားပြီးနောက်တွင် စိတ်တိုစွာ ပြန်ပြောလိုက်သည်။

“တိတ်တိတ်ကလေးနေပြီး ကျွန်တော့်ကိုပဲ ထိန်းထားပေးပါ…”


တစ်ချိန်တည်းမှာပင် သူက တွေးလိုက်သည်-

[တကယ်လို့ ငါသာ ရေအေးနဲ့ မချိုးဘဲ ရေနွေးနဲ့ ချိုးလိုက်ရင် ငါးပေါင်း ဖြစ်သွားမှာပေါ့… ယွဲ့ကျန့်က ငါးပေါင်းစားချင်နေတာလား…]


ယီနျိုက မတူညီသည့် အခြေအနေမျိုးတွင် အလွန်အမင်း ရိုင်းပြနေခဲ့မည် မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင်း သူက ရှက်ရွံ့နေခဲ့ပြီး ယခုအတွက် အပြစ်တင်နိုင်သည့်သူ မရှိချေ။ သူ့ဒေါသများကို ယွဲ့ကျန့်အပေါ် ပုံချခြင်းသည်လည်း မလွန်ပေ။


ယွဲ့ကျန့်က မင်းသားလေး၏ အတွေးများကို ကြားလိုက်ရပြီးနောက် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး မင်းသားလေး၏ စိတ်ကယောင်ချောက်ချား ရောဂါက ပိုပိုပြီး ပြင်းထန်လာကြောင်း ခံစားမိလိုက်သည်။ ယခုတစ်ကြိမ်တွင် သူက သူ့ကိုယ်သူ ငါးတစ်ကောင်အဖြစ်ပင် စိတ်ကူးယဉ်နေခဲ့သည်။


မဟုတ်သေးပါဘူး… မင်းသားလေးက အရင်ကလည်း ဒီလိုမျိုး စိတ်ကူးယဉ်ဖူးတယ်လေ… သူ့ရဲ့ ငါးအမြီးကို ဖယ်ပစ်မယ်ဆိုပြီးတော့ပေါ့…


ဒါပေမဲ့ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ငါးအမြီး ရှိနိုင်မှာလဲ… သူက ရေသူ မလို့လား…


အားလုံး သိထားကြသည့်အတိုင်းပင်၊ ရေသူမျိုးနွယ်က လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ခန့်ကပင် ပျက်သုဉ်းခဲ့သည်။


ယွဲ့ကျန့်က တိတ်တိတ်လေး ခေါင်းယမ်းလိုက်ပြီးနောက် စိုစွတ်နေသော မင်းသားလေးကို ရေထဲမှ ပွေ့ချီလိုက်သည်။


ယီနျိုက ရေချိုးဝတ်ရုံဖြင့် ခြုံလွှားထားပြီး ဖြစ်သောကြောင့် ယွဲ့ကျန့်အနေနှင့် မျက်လုံးမှိတ်ထားရန် မလိုအပ်တော့ပေ။ သို့သော် ပြန်မဖွင့်ခင်တွင် မင်းသားလေးအား ဦးစွာမေးမြန်းလိုက်သည်။


“အင်း… ခင်ဗျား ပြန်ဖွင့်လို့ ရပြီ…”

ယီနျိုက ပြန်ဖြေလိုက်ကာ ခွင့်ပြုပေးလိုက်သည်။


ယွဲ့ကျန့် မျက်လုံးဖွင့်လိုက်သည့်အခါ မင်းသားလေးက သူ့ရင်ခွင်ထဲတွင် ကွေးကွေးလေး ရှိနေလျက် နားရွက်များ နီရဲကာ ခေါင်းငုံ့ထားပြီး သူ၏ ရင်ဘတ်ကြားထဲသို့ ဝင်ရောက်သွားလိုက်ချင်သကဲ့သို့ပင်၊ သို့သော်လည်း အလွန်အမင်း နီးကပ်ရဲမှု မရှိခဲ့ပေ။


ကြောက်ရွံ့နေခဲ့သော တိရိစ္ဆာန်ငယ်လေး တစ်ကောင်ကဲ့သို့ပင်၊ လူများအား သူ့ကို ကိုင်တွယ်ပွတ်သပ်ချင်ရန် ပြုလုပ်နေသည်။


ယွဲ့ကျန့်က ခဲရာခဲဆစ်ဖြင့် အကြည့်လွှဲလိုက်ကာ လေးလံမှု မရှိသော မင်းသားလေးကို ပွေ့လျက်သားဖြင့် အိပ်ခန်းဆီသို့ ခြေလှမ်းမှန်မှန်နှင့် လျှောက်သွားလိုက်သည်။


သို့သော်လည်း ယွဲ့ကျန့်က မင်းသားလေးအား အိပ်ရာပေါ်သို့ ချလိုက်ချိန်တွင် သူ၏လက်က တစ်စုံတစ်ခုအား မတော်တဆ ထိမိသွားသည်။ လူများက နူးညံ့အိစက်သည့် တစ်စုံတစ်ခုအား လက်ဖြင့် ထိမိသည့်အခါတွင် အများစုက မသိလိုက်ဘဲ ညှစ်လိုက်မိမည် ဖြစ်သည်။


ယွဲ့ကျန့်၏ တုံ့ပြန်မှုမှာလည်း ထိုကဲ့သို့ပင်၊ သူ အသိပြန်မဝင်လာသေးခင်မှာပင် နူးညံ့သည့် အရာလေးအား ညှစ်လိုက်မိပြီးသား ဖြစ်နေခဲ့၏။


ထို့နောက်၊ နှစ်ဦးလုံး အတူတကွ အေးခဲတောင့်တင်းသွားကြသည်။


နှစ်စက္ကန့်ခန့် ကြာပြီးသည့်နောက်၊ မင်းသားလေး၏ အတော်လေး မသင့်တော်သော ဒေါသတကြီး အော်ဟစ်သံက အခန်းထဲမှ ထွက်လာခဲ့သည်၊

“အရှက်မရှိလိုက်တာ… သားရဲကောင်ကြီး… တကယ်ကြီး ကျွန်တော့်ဖင်ကို ညှစ်ဖို့ အခွင့်ကောင်း ယူရဲတယ်ပေါ့လေ…”


ဆူပူလိုက်ပြီးနောက် ယီနျိုက စိတ်ထဲတွင် တွေးလိုက်သည်-


[အား အား ငါ ဘယ်လိုလုပ် ‘ဖင်’ဆိုပြီး ရိုင်းစိုင်းတဲ့ စကားလုံးကို ပြောနိုင်ရတာလဲ… …]


[ဒါတွေအကုန် ယွဲ့ကျန့်ကြောင့်ပဲ… သားရဲကောင်ကြီးက ဒါကို တမင်လုပ်တာပဲ နေမယ်... ငါ သူ့ကို ဒီရက်ပိုင်း သိပ်ပြီး စကားမပြောလို့ ငါ့အခန်းထဲ ဖောက်ဝင်လာဖို့ အခွင့်အရေး ရတာနဲ့ ငါ့ကို ချော်လဲအောင် လုပ်ပြီး … ဘယ်လိုတောင် အကြံအစည် ကြီးရတာလဲ… …]


[သေလိုက်ပါတော့… ဘာလို့ သူ့မှာ ငါ့အခန်းသော့ ရှိနေရတာလဲ… ငါ အခန်းပြောင်းချင်တယ်လို့… … …]


ပထမဆုံးအကြိမ်အဖြစ် ယွဲ့ကျန့်လည်း အလွန်အမင်း ရှက်ရွံ့နေခဲ့ရသည်။ အလွန်အမင်း ရှက်ရွံ့နေပြီး သူ့ဘဝတစ်လျှောက်လုံး မျက်နှာပြနိုင်တော့မည် မဟုတ်ဟုပင် ခံစားနေရတော့သည်။


ယွဲ့ကျန့်က ပျာယာခတ်နေသော မင်းသားလေးအား ဘေးတွင်ရှိနေသော စောင်ပါးလေးဖြင့် အလျင်အမြန် ဆွဲခြုံပေးလိုက်ကာ တောင်းပန်လိုက်ပြီးနောက် ချော့မော့လိုက်သည်၊

“ကိုယ့်အမှားပါ၊ ဒါပေမဲ့ ကိုယ် တကယ်ကို မရည်ရွယ်ပါဘူး… အရှင့်သား… ဟားး ကျေးဇူးပြုပြီး ရုန်းကန်နေတာ ရပ်ပါတော့… ခါးကို သတိထားဦးလေ…”


ဗိုလ်ချုပ်လင်းနှင့် ဟူယိချန်းတို့ အခန်းတံခါးနား ရောက်ရှိလာချိန်၌ ယွဲ့ကျန့်၏ စကားသံကို ကြားလိုက်ရပြီး ကြောင်အသွားကြတော့သည်။


တစ်ဦးက ယွဲ့ကျန့်အား တင်ပြရန် ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်တစ်ဦးက ယီနျိုအား နှုတ်ဆက်စကားဆိုရန် ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း မည်သူကမှ ယခုကဲ့သို့ အခြေအနေမျိုး ကြုံရမည်ဟု မထင်ထားခဲ့ပေ။


ဗိုလ်ချုပ်လင်းက အဆင်ပြေသေးသည်။ သူ အသိပြန်ဝင်လာချိန်တွင် သက်ပြင်းချလိုက်ကာ ပြောလိုက်သည်၊

“တကယ့်ကို ဗိုလ်ချုပ်ယွဲ့ပါပဲ… လှုပ်ရှားနိုင်တဲ့ စွမ်းရည်ကတော့ မြန်မှမြန်ပဲ…”


ဟူယိချန်းမှာ မတူညီပေ။ အခန်းထဲမှ လှုပ်ရှားမှုများက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ မင်းသားလေးက ဆန္ဒမပါသလိုပင်။


ယွဲ့ကျန့် : “အရှင့်သား လိမ်လိမ်မာမာနေပြီး မလှုပ်နဲ့တော့… မဟုတ်ရင် ကိုယ်…”


ယီနျို : “ခင်ဗျားသာ ကျွန်တော့်ကို မထိရင် ကျွန်တော် လှုပ်မှာ မဟုတ်ဘူး… ကျွန်တော့်ကို လွှတ်ပေး… အာ့ နာလိုက်တာ…”


ဤစကားလုံးများ ဟူယိချန်း၏ နားထဲသို့ ရောက်ရှိလာချိန်တွင် အဓိပ္ပါယ်မှာ ချက်ချင်း ပြောင်းလဲသွားရသည်။


ဟူယိချန်းက ရုတ်တရက် ယခင်က မင်းသားလေး သူ့ကို ပြောဖူးသည်အား သတိရသွားသည်။ မင်းသားလေးက ‘ယွဲ့ကျန့်က လူကောင်းမဟုတ်ဘူး’ နှင့် ‘နောက်ကွယ်မှာတော့ သားရဲကြီးတစ်ကောင်ပဲ’ ဟု ပြောခဲ့ဖူးသည်။ မင်းသားလေးက အကယ်၍ သူ အနာဂတ်မှာ ယွဲ့ကျန့်အား မကိုင်တွယ်နိုင်တော့လျှင် သူ့အား ကူညီပေးရန် မျှော်လင့်ကြောင်းလည်း ပြောဖူးသည်။


မင်းသားလေးက အနာဂတ်မှာ သူ့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေခဲ့တာလား…


ဟူယိချန်းက ဝေဝေဝါးဝါးနှင့် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ သူက မင်းသားလေးနှင့် ဗိုလ်ချုပ်ယွဲ့တို့က ချစ်နေကြသည်ဟု မှားယွင်းစွာ တွေးမိခဲ့သည်။ သို့သော် ယခု သူ ပြန်တွေးကြည့်လိုက်မည်ဆိုလျှင် ထိုသို့ ဟုတ်ပုံ မရချေ။


မင်းသားလေးက… ဆန္ဒမပါခဲ့ဘူးပဲ…


ယွဲ့မိသားစုအား လက်ထပ်ရန် ဧကရာဇ်က အမိန့်ပေးခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ယွဲ့ကျန့်၏ အာဏာကြောင့် ဖြစ်စေ၊ အတိုပြောရလျှင် မည်သည်ကမှ ဆန္ဒရှိ၍ မဟုတ်ခဲ့ပေ။


ဘာပဲပြောပြော သူက မင်းသားတစ်ပါး ဖြစ်နေပေမဲ့… သူ့မှာ… တကယ့်အာဏာ မရှိနေခဲ့ဘူးပဲ…


ဟူယိချန်း ဤအကြောင်းအား တွေးကြည့်လေလေ၊ သူ့စိတ်ထဲတွင် ပိုပြီး အေးစက်လာလေလေပင်။


ဘေးတွင် ရှိနေသော ဗိုလ်ချုပ်လင်းက ကို့ရို့ကားယား ပြုံးလိုက်ကာ ပြောလိုက်သည်၊

“ဟေး ဗိုလ်ချုပ်ယွဲ့လို လေးနက်တည်ကြည်တဲ့လူကလည်း အချစ်မှာ ဘယ်လိုပျော်မွေ့ရမလဲဆိုတာ သိနေမယ်လို့ မထင်ထားခဲ့ဘူး ဟား ဟား…”


ထိုသို့ ပြောပြီးသည့်နောက် သူက ဟူယိချန်း၏ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်၊

“ရှောင်းဟူ ဒီနေ့ ငါတို့ ဒီကို လာမိတာ မတော်တဆပဲ… မင်းမှာ တင်ပြစရာတွေ ရှိနေတာဆိုရင်တော့ ကျေးဇူးပြုပြီး သူတို့ ပြီးတဲ့အထိ စောင့်လိုက်ပါ…”


မထင်မှတ်ထားစွာဖြင့် ဟူယိချန်းက မော့ကြည့်လာကာ မျက်လုံးများက နီရဲနေခဲ့ပြီး သူ့အသံမှာလည်း တုန်ယင်နေခဲ့သည်၊

“မကြားဘူးလား… ဗိုလ်ချုပ်ယွဲ့က အရှင့်သားကို အတင်းအကြပ် လုပ်နေတာလေ…”


“အာ…”

ဗိုလ်ချုပ်လင်းက ကြောင်အသွားသည်။ ခဏကြာပြီးသည့်နောက် အသိဝင်သွားကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်၊

“ယိချန်း မင်း မချစ်ဖူးဘူးမလား… မင်း နားမလည်ပါဘူးကွာ… မင်းမှာသာ ချွေးမလေးတစ်ယောက် ရလာခဲ့ရင် မင်း နားလည်လာလိမ့်… ဟေး မဝင်သွားနဲ့လေ…”


ဟူယိချန်းက ဗိုလ်ချုပ်လင်း၏ ရှင်းပြချက်ကို မကြားနိုင်တော့ပေ။ သူက မင်းသားလေးအား မိစ္ဆာဘုရင်လက်မှ ကယ်တင်ရန် ချက်ချင်းပင် ပြေးဝင်သွားချင်စိတ်သာ ရှိနေခဲ့သည်။


ဟူယိချန်းက ထိုသို့ တွေးပြီးသည်နှင့် ပြုလုပ်လိုက်ပြီး သိပ်ပြီး ဂရုစိုက်မနေချေ။


အခန်းထဲ ပြေးဝင်သွားလိုက်ပြီးနောက် ဟူယိချန်းက ယွဲ့ကျန့်၏ ပုခုံးကို တိုက်ရိုက်ဆုပ်ကိုင်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်၊ 

“အရှင့်သားကို လွှတ်လိုက်…”


သို့သော်လည်း သူက နည်းပညာဌာနမှ ဖြစ်ပြီး ခွန်အား အများကြီး မရှိခဲ့ပေ။ သူ အားဖြင့် ဆွဲလိုက်သော်လည်း ယွဲ့ကျန့်အား ရွေ့အောင် မလုပ်နိုင်ခဲ့ပေ။


ယွဲ့ကျန့်က ပါးပေါ်တွင် ခြစ်ရာနှစ်ခုနှင့်အတူ ခေါင်းလှည့်ကာ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။


အိပ်ရာပေါ်တွင် ယီနျိုက ကြောင်အနေခဲ့သည်။


နောက်တစ်ကြိမ် ဤမြင်ကွင်းသည်လည်း ရှက်စရာ ကောင်းနေခဲ့ပြန်သည်။


ဗိုလ်ချုပ်လင်းကလည်း ဟူယိချန်းနောက် လိုက်ဝင်လာကာ အခန်းထဲမှ ရှက်ရွံ့ဖွယ် အခြေအနေကို ဖြိုခွဲလိုက်သည်။ သူက စိတ်ပူစွာဖြင့်ပင် ပြောလိုက်သည်၊

“ဟေး ရှောင်းဟူ မင်း ဘယ်လိုလုပ်ပြီး ဒီအတိုင်း ဝင်သွားရတာလဲကွာ…”


ဟူယိချန်းက ယွဲ့ကျန့်အား ရွေ့အောင် မလုပ်နိုင်သော်လည်း လက်မလျှော့ခဲ့ပေ။ နီရဲနေသော မျက်လုံးများဖြင့် သူက စွပ်စွဲလိုက်သည်၊ 

“ဗိုလ်ချုပ်ယွဲ့ ကျွန်တော် အရင်က ခင်ဗျားကို အမြဲတမ်း လေးစားခဲ့ရတာပါ… ဒါပေမဲ့ ခင်ဗျားက နောက်ကွယ်မှာ ဒီလိုလူ ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး… ခင်ဗျား အရှင့်သားကို သဘောကျတယ်ဆိုရင်တောင် အတင်းအကြပ် လုပ်လို့ မရဘူးလေ… အရင်က အရှင့်သားက ခင်ဗျားကို လူကောင်းမဟုတ်ဘူးလို့ ပြောခဲ့တဲ့အပေါ် ကျွန်တော် မအံ့ဩတော့ဘူး…” 


ဗိုလ်ချုပ်လင်းကလည်း အခန်းထဲမှ အခြေအနေကို မြင်ပြီးနောက် ကြောင်အသွားရသည်။ သူက မင်းသားလေး၏ ခါးမှ အနီရောင်အကွက်များနှင့် ယွဲ့ကျန့်၏ မျက်နှာမှ ခြစ်ရာများ၊ ထို့နောက် အခန်းထဲမှ ရှုပ်ပွနေမှုများကို ကြည့်လိုက်ပြီးနောက် ချက်ချင်း နားလည်သွားခဲ့သည်။


“ဒါက… ရှောင်းယွဲ့ မင်း ဘယ်လိုလုပ်ပြီး… အရှင့်သားကို ဒီလို ဆက်ဆံရက်ရတာလဲ…”

သူက လက်ထောက်ဗိုလ်ချုပ်ဖြစ်သော်လည်း ယွဲ့ကျန့်နှင့် ရာထူးအဆင့်ချင်း အတူတူပင် ဖြစ်သည်၊ ပြီးနောက် သူက အသက်ပင် ပိုကြီးသေးသည်။ ထို့ကြောင့် ရံဖန်ရံခါ ယွဲ့ကျန့်အား လူငယ်မျိုးဆက်သစ်အား ပြောနေသကဲ့သို့ ပြောဆိုတတ်သည်။


ယွဲ့ကျန့် : “…”

ဒီအရူးတွေက ဘယ်ကနေ ရောက်လာတာလဲ…


ယွဲ့ကျန့်က မှားယွင်းစွပ်စွဲ ခံလိုက်ရသည်။ အစောပိုင်းမှ ဖြစ်ရပ်သည် သူ့တစ်ဘဝလုံးတွင် သိက္ခာအကျဆုံး အခိုက်အတန့် မဟုတ်ခဲ့ချေ၊ သို့သော်လည်း ယခုအချိန်က သိက္ခာအကျဆုံးအချိန်ပင်။


“မင်းတို့ အထင်လွဲနေပြီ…”

ယွဲ့ကျန့်က ခေါင်းကိုက်လာခြင်းကြောင့် မျက်ခုံးတန်းအလယ်ကို နှိပ်လိုက်သည်။ ယီနျိုကလည်း မရုန်းကန်တော့သည်ကြောင့် နောက်ဆုံးတွင် သူ့လက်များကို လွှတ်ပေးရဲတော့သည်။


ယွဲ့ကျန့်က ခက်ခက်ခဲခဲဖြင့် ရှင်းပြနေရသည်၊

“ငါက ဒီတိုင်း… အရှင့်သားက ရေချိုးရင်း ချော်လဲသွားတယ်လေ… ငါက ဒီအတိုင်းလေး အရှင့်သားကို အခန်းထဲ ပွေ့ချီလာရုံပဲ… ဘာစည်းမျဉ်းမှ မချိုးဖောက်ထားဘူး…”


[ပေါက်ကရတွေ… ငါ့… တင်ပါးကို ညှစ်လိုက်သေးတဲ့ဟာ…]


ယွဲ့ကျန့်က စက္ကန့်ပိုင်းလောက် တောင့်တင်းသွားပြီး ပင်ပန်းစွာ သက်ပြင်းချလိုက်သည်၊

“အရှင့်သားကို ပွေ့ချီထားတုန်းက … အရှင့်သားကပါ အထင်လွဲသွားရတဲ့အထိ … မတော်တဆ ထိမိသွားတာတွေတော့ ရှိမှာပေါ့…” 


[ဘာကို မတော်တဆ ထိမိတာလဲ… ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဖြူစင်အောင် ဆေးကြောနေတာပဲ… ခင်ဗျား တမင်လုပ်တာလေ… ခင်ဗျားက တစ်ယောက်ယောက်ကို မတော်တဆ ညှစ်မိမှာတဲ့လား…]


ယွဲ့ကျန့် : “…”

 

ဤကိစ္စက လုံးဝ ရှင်းပြ၍ မရတော့သလို သူလည်း မည်သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။


ဟားးး အမှားလုပ်မိပြီးပြီဆိုတော့ အမှန်ပြန်ဖြစ်ရအောင် ငါ အကောင်းဆုံး လုပ်ဖို့ပဲ တတ်နိုင်တော့မယ်….


ယွဲ့ကျန့် ခေါင်းကိုက်လာရသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်လင်းနှင့် ဟူယိချန်းအား အပြင်သို့ ကန်ထုတ်ကာ သူ့နောက်တွင် ရှိနေသော အမျိုးသားလေးနှင့် စကားကောင်းကောင်း ပြောချင်စိတ်သာ ရှိသည်။ 

အရှင့်သားလေးက ငါ့ကို အတော်လေး အရှက်ရစေတဲ့ ဒီ… မတော်တဆမှုအကြောင်း ဂရုမစိုက်တော့အောင် ဘာလုပ်စေချင်နေမလဲ…


ပြီးတော့ ဘာလို့ ကိစ္စတွေက ဒီလို ဖြစ်လာရတာလဲ… ဘာလို့ ငါ ဒီလို အခြေအနေမျိုးထဲ ရောက်သွားရတာလဲ… ငါက တကယ့် လူယုတ်မာ မဟုတ်ပါဘဲနဲ့ ဘာလို့ ဒီနေရာမှာ ရပ်နေရပြီး ငါ့ရဲဘော်နှစ်ယောက်ကို ရှင်းပြနေရတာလဲ…


ဟူယိချန်းက ယွဲ့ကျန့်၏ စကားကို မယုံကြည်ဘဲ အတည်ပြုလိုသည့် သဘောနှင့် ယီနျိုအား လှည့်ကြည့်လိုက်သည်။


ယီနျိုလည်း ရှက်ရွံမှုကြောင့် သူ့ကိုယ်သူ စောင်အောက်မှာသာ ပုန်းလိုက်ချင်နေသည်။ သူ့အတွက် ဒေါသထွက်ပြီး အခြားသူများကို စွပ်စွဲခြင်းက ကိစ္စတစ်ခု ဖြစ်ပြီး အခြားသူများထံ ဖမ်းမိသွားခြင်းက ကိစ္စတစ်ခုပင်။


“ငါ အဆင်ပြေပါတယ်… ဟူယိချန်း မင်း အရင်ဆုံး ပြန်လိုက်ပါ…”

သူက တီးတိုးပြောလိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး အလွန်ရှက်ဖွယ်ကောင်းသည့် မြင်ကွင်းကို အဆုံးသတ်ရန် ကြိုးစားလိုက်သည်။


သို့သော်လည်း ဟူယိချန်းက ယီနျိုဟာ အတင်း လုပ်ပြုံးနေရသည်ဟု ခံစားလိုက်ရသည်။ သူက နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ကာ ယွဲ့ကျန့်အား အပြစ်တင်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။


ယွဲ့ကျန့်၏ ရင်ထဲတွင် ပို၍ နာကျင်သွားရသည်။ ယခုအချိန်တွင် သူ မက်ခါတစ်စီးကို မောင်းနှင်ကာ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ပြီး ဖြေလျှော့ချင်နေခဲ့သည်။


ကံကောင်းစွာဖြင့် ဗိုလ်ချုပ်လင်းက ကိစ္စများ အဆင်ပြေစေရန် ရှေ့ထွက်လာခဲ့ကာ အပြုံးလေးဖြင့် ပြောလိုက်သည်၊

“အထင်လွဲတာဆိုမှတော့ ငါတို့တွေ မင်းကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး…”


ပြောပြီးသည့်နောက် သူက ဟူယိချန်းအား အားဖြင့် ဆွဲခေါ်သွားတော့သည်။


ဟူယိချန်းက လမ်းလျှောက်နေရင်းဖြင့် နောက်လှည့်လာခဲ့သည်။ တစ်ဝက်လောက်တွင် သူက ရုတ်တရက် ပြောလိုက်သည်၊

“အရှင့်သား ကျွန်တော့်ကို စောင့်နေပါ… ကျွန်တော် သေချာပေါက် ပိုပြီး သန်မာလာပါ့မယ်…”


“အာ…”

ယီနျိုက ခဏလောက် ကြောင်အသွားလေသည်။ အဘယ်ကြောင့် ဟူယိချန်းက ရုတ်တရက်ကြီး ဤသို့ ပြောသည်ကို နားမလည်သော်လည်း…


[စိတ်အားထက်သန်တာ ကောင်းတယ်… ဟူယိချန်းက သိပ်မကြာခင် မက်ခါဆရာတစ်ယောက် ဖြစ်လာမှာလေ… သူက အနာဂတ်ကျရင် ငါ ယွဲ့ကျန့်နဲ့ ရင်ဆိုင်နိုင်ဖို့ လက်နက်တွေ လုပ်တဲ့အခါ ကူညီပေးနိုင်လောက်တယ်…]


ထို့ကြောင့် ယီနျိုက လက်သီးဆုပ်လိုက်ကာ အားနှင့် ယမ်းပြလိုက်ပြီး အားပေးလိုက်သည်၊

“လုပ်ထား ငါမင်းကို ယုံကြည်တယ်…”


ယွဲ့ကျန့်၏ နှုတ်ခမ်းထောင့်များက မသိမသာ တွန့်ချိုးသွားပြီး တွေးလိုက်သည် :

မင်းသားလေးက ဟူယိချန်းကို ကူညီဖို့ ဆက်တိုက်ကြိုးစားနေတာ မအံ့ဩတော့ပါဘူး… ဆိုတော့ ဒါက သူ့ရဲ့ အကြံပေါ့လေ…


အိုး… စိတ်ကယောင်ချောက်ချားဖြစ်တာက ပိုပိုပြီး ဆိုးသထက် ဆိုးလာတာပဲ…


ပြီးတော့ ဒီ အားပေးစကားသံကို ဘာလို့ ရင်းနှီးနေရတာလဲ… ကြည့်ရတာ ငါ စစ်မြေပြင်ဆီ သွားတုန်းကလည်း မင်းသားလေးက ဒီလိုမျိုး ပြောဖူးသလားလို့ပါ…


အိုး… ကြည့်ရတာ အားပေးစကားဆိုတာကလည်း ယေဘုယျ အသုံးမျိုး ဖြစ်နေတာပဲ…


ယွဲ့ကျန့်က မင်းသားလေး၏ ခေါင်းအား လက်ညှိုးဖြင့် တိုက်ရိုက် ထိလိုက်ကာ လူအား အိပ်ရာပေါ် တွန်းချလိုက်ပြီး ဖျော့တော့စွာ ပြောလိုက်သည်၊ 

“ဘာကို ကြည့်နေသေးတာလဲ… လူကဖြင့် သွားပြီလေ…”


ယီနျိုက သူ့ကို ကြည့်လိုက်ကာ ခပ်ဖွဖွလေး နှာမှုတ်လိုက်ပြီး အချိန်တစ်ခုအထိ စကားမပြောချင်တော့သည်ကြောင့် သူ့အား လျစ်လျူရှုလိုက်သည်။


သို့သော်လည်း ယွဲ့ကျန့်က ရုတ်ချည်း ငုံ့လာကာ အံကြိတ်လျက်သားဖြင့် မင်းသားလေး၏ နားထဲသို့ ပြောလိုက်သည်၊

“အရှင့်သားက ဟူယိချန်းကို ကိုယ်က လူကောင်းမဟုတ်ဘူးလို့ ပြောထားတယ်ပေါ့လေ…”


ယီနျို၏ စောင်အောက်တွင် ပုန်းနေမည့် လုပ်ရပ်က ချက်ချင်းပင် အေးခဲသွားသည်။ ထို့နောက် သူက ဆက်လက် ပုန်းအောင်းလိုက်ပြီး သူ့ခေါင်းကိုပါ ဝှက်ထားရန်လည်း မမေ့ခဲ့ပေ။


မှောင်မည်းနေသည့် မျက်နှာနှင့် ယွဲ့ကျန့်က စောင်ကို ဆွဲဖယ်လိုက်သည်။


ယီနျိုမှ သူ့အား အပြစ်ကင်းစင်စွာ ကြည့်လာသည်။ အဘယ်ကြောင့်ဆိုသော်…


ခါးနာနေသဖြင့် သူ မလှုပ်နိုင်သလို ထွက်ပြေး၍လည်း မရပေ။ ထို့ကြောင့် သူက ရှုပ်ထွေးလှသော ခံစားချက်များကြောင့် မှောင်မိုက်နေသည့် ယွဲ့ကျန့်၏ မျက်လုံးများကို ကြည့်လိုက်သည်။ အရိုက်ခံရမည်ကို ကြောက်ရွံ့သည်ကြောင့် ယီနျိုတွင် ရွေးချယ်စရာ မရှိတော့ဘဲ ပြောလိုက်ရတော့သည်၊

“ကျွန်တော် မှားသွားပါတယ်…”


ယွဲ့ကျန့် : “…”

ဒီလောက်အထိ ချစ်ဖို့ကောင်းနေတာက ညစ်တာပဲနော်…


ယီနျိုက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ခင်ဗျားလည်း ကျွန်တော့်ကို ချော်လဲအောင် လုပ်ပြီး ညှစ်ခဲ့သေးတယ်လေ… ကျွန်တော်တို့ ကျေသွားပြီ…”


ယွဲ့ကျန့်က ဤစကားများကို ကြားသည့်အခါ မျက်လွှာချလိုက်ပြီး ထိုအချိန်က အထိအတွေ့ကို ပြန်အမှတ်ရသွားခဲ့သည်။ ထို့နောက် မသိစိတ်ထဲတွင် တွေးလိုက်သည်မှာ : 

မကျေသေးဘူး…



🧜🧜🧜


မက်မွန်သီးတွေပါ ညှစ်ကုန်ပြီ လက်မြန်ချက်ကတော့🥲