Chapter 15
Viewers 811

🧜 အခန်း ၁၅



ယီနျိုက သူ အင်တာနက်ပေါ်တွင် မကောင်းပြောခံရရန် ပထမမင်းသားက ရေတပ်ဝယ်ယူခဲ့ကြောင်း ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ၊ သူ၏ အစ်ကိုကြီးက အရံအကောင့်များဖြင့် တော်ဝင်မိသားစုအား အပုပ်ချသော စကားဆိုခြင်းကဲ့သို့သော အရာမျိုး လုပ်ခဲ့လေသည်။ ရလဒ်အနေနှင့် ပြည်သူလူထုက ထိုသူမှာ ပထမမင်းသားပင်ဖြစ်ကြောင်း တွေ့ရှိသွားချိန်တွင် သူ့အကောင့်အား ရေတပ်မှ ခိုးယူခံလိုက်ရကြောင်း ငြင်းဆန်ခဲ့သည်။ 


ပြည်သူလူထုက ဤအဖြစ်အပျက်အား ဤနှစ်၏ အရယ်ရဆုံးသော ဟာသ ၁၀ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှ စ၍ တော်ဝင်မိသားစုအား တစ်စုံတစ်ယောက်မှ မကောင်းပြောတိုင်း အချို့လူများက ဤသို့ မှတ်ချက်ရေး၍ အပျော်ရှာကြသည် : ပထမမင်းသားရဲ့ ရေတပ်ကလား…


ယီနျို၏ အစ်ကိုကြီးက တုံးအသော်လည်း သူ့ကို သတ်ရန်အတွက် လူသတ်သမား ငှားပြီး ရန်သူ့တိုင်းပြည်နှင့် ပူးပေါင်းသည်ဟု သံသယဖြစ်ဖွယ် ကိစ္စအထိ မလုပ်နိုင်ဟု ယီနျိုတွေးမိလေသည်။ တစ်ဖက်လူတွင် ထိုသို့သော သတ္တိမျိုး မရှိချေ။


ဤသည်မှာ တကယ့်ကို ကိစ္စကြီးပင်။ ကိုယ်စားလှယ်အဖွဲ့အား တိုက်ခိုက်မှုကို စုံစမ်းခဲ့သည်မှာ အလန်တစ်ဦးတည်း မဟုတ်ပေ။ ဧကရာဇ်ကလည်း စစ်ဆေးရန် လူလွှတ်ခဲ့ပြီး ပထမမင်းသားအား မေးမြန်းရန်အတွက် ဆင့်ခေါ်ခဲ့သည်။


ပထမမင်းသားက ဧကရာဇ်အရှေ့တွင် တုန်လှုပ်နေခဲ့သည်။ သူ၏ ကိုယ်ပိုင်နန်းတော်သို့ ပြန်ရောက်လာချိန်တွင် ပစ္စည်းများကို ရိုက်ခွဲကာ ကြမ်းတမ်းစွာ ပြောခဲ့သည်၊

“ငါက ယီနျိုကို ထိခိုက်စေခဲ့တယ်လို့ ကောလဟာလ ဖြန့်ရအောင် ဘယ်သူကများ မျက်လုံးကန်းနေရတာလဲ… ငါ သူ့ကို ဘယ်တုန်းက ထိခိုက်အောင် လုပ်လို့လဲ… ငါ သူ့ကို ထိခိုက်စေတယ်ပေါ…”


ဘေးနားတွင် ရှိနေသော ပထမမင်းသား၏ ရံရွေတော်က ရှက်ရွံ့စွာ သတိပေးလိုက်သည်၊

“ပြီးခဲ့တဲ့ ရက်တွေကတောင်မှ အရှင်မင်းသားက အင်တာနက်ပေါ်မှာ မှတ်ချက်တွေ ရေးနေခဲ့တယ်လေ… မင်းသားလေးက လုံးဝကို ကလေးပဲ ရှိသေးပြီး ရှေ့တန်းက အခြေစိုက်စခန်းမှာ အသုံးမကျလို့ဆိုပြီး ပြောနေခဲ့သေးတာပါ…”


လန်ခန်းက ဤစကားများကို ကြားလိုက်ရသော် တောင့်တင်းသွားပြီး စိတ်မလုံစွာဖြင့် ပြန်လည် ချေပလိုက်သည်၊

“ငါက… ခွေးကောင်ကျုံးမင်ရဲ့ တစ်ဖက်သတ်စကားတွေကြောင့် လှည့်စားခံလိုက်ရတာ မဟုတ်လို့လား…”


ပြောပြီးသည့်နောက် လက်ယမ်းလိုက်ကာ ပြောလိုက်သည်၊ 

“မေ့လိုက်တော့… ဒီကိစ္စဆိုမှပဲ… ခမည်းတော်က ကျုံးမိသားစုကိစ္စ စစ်ဆေးဖို့အတွက် ယီနျိုကို တာဝန်ပေးလိုက်တာကို သိပြီးပြီလား… ဒါက သူ့ကို ပြန်အသုံးချဖို့ပဲ…”


ရံရွေတော်က ခေါင်းယမ်းလိုက်သည်။

“မဟုတ်ပါဘူး… ဒီကိစ္စက လူထုရဲ့ အမြင်ကို ကိုင်တွယ်ဖို့ဆိုတာ လူတိုင်း မြင်နိုင်ပါတယ်…”


“မဟုတ်ဘူး…”

လန်ခန်းက ခေါင်းခါလိုက်ကာ ပြောလိုက်သည်၊

“မင်း ထင်ထားသလို မဟုတ်ဘူး… ဒီတစ်ကြိမ်တော့ ခမည်းတော်က အလေးအနက်ထားပြီး တကယ့်ကို စစ်ဆေးချင်နေတာ… ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး ယီနျိုကို အာရုံစိုက်သွားရတာလဲ…”


ရံရွေတော်က ပြောလိုက်သည်၊

“ကျွန်တော် ကြားတာတော့… အရှင်မင်းကြီးက မင်းသားလေးကို ယွဲ့ကျန့်နဲ့ လက်ဆက်ပေးဖို့ ရည်ရွယ်နေပါတယ်တဲ့…”


လန်ခန်းက အံ့ဩသွားရသည်၊

“ဘယ်လို… အဲ့ဒီလိုဆိုရင် ယီနျိုကို နောက်ခံအကြီးကြီး ပေးလိုက်တာပဲမလား… ခမည်းတော်က ထီးနန်းကို ယီနျိုဆီ ပေးချင်နေတာလား…”


လန်ခန်းစကားများကို ကြားလိုက်ရပြီးနောက် ရံရွေတော်က ချွေးများ သုတ်ကာ တုန်ယင်စွာဖြင့် ပြောလိုက်သည်၊

“အရှင်မင်းသား အတွေးလွန်နေတာပါ… အရှင်မင်းကြီးက ငယ်ရွယ်နေပါသေးတယ်…”


လန်ခန်းက သူ့စကားများကို ကြားပုံ မရချေ။ သူက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“မဟုတ်သေးဘူး… ငါ ဒီကိစ္စကို နည်းလမ်းရှာပြီး တားမှဖြစ်မယ်… ယွဲ့ကျန့်ကို ငါ့ဖက် ဆွဲထားတာ ပိုကောင်းလိမ့်မယ်…”


ရံရွေတော်က ထိတ်လန့်သွားရပြီး မသိစိတ်အရ တီးတိုး ပြောလိုက်မိသည်။

“အာ… အရှင်မင်းသားကလည်း ယွဲ့ကျန့်ကို လက်ထပ်ချင်နေတာလား…”


“ဘာတွေ တွေးနေတာလဲ…” 

လန်ခန်းက သူ့ရံရွေတော်အား ဆွံ့အစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် တိုက်ရိုက်ပင် ကန်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ငါ့မှာ ညီမလေး မရှိလို့လား… မင်းမှာ ဘယ်လို ဦးနှောက်အတွေးအခေါ်တွေ ရှိနေရတာလဲ… ဘယ်လိုလုပ်ပြီး ငါ့မှာ မင်းလို ငတုံးငအ အစေခံ ရှိနေရတာလဲ…”


ရံရွေတော်က သနားစရာကောင်းစွာဖြင့် ပထမမင်းသားနှင့် အတူရှိလာသည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏ ဦးနှောက်အတွေးအခေါ်များ ပုံမှန်မဟုတ်တော့ခြင်းဖြစ်ကြောင်း တိတ်တဆိတ် တွေးလိုက်သည်။


ထို့အပြင် ပထမမင်းသား၏ ညီမလေးမှာ ရုပ်ရည်နှင့် ပတ်သက်လျှင် မျက်မမြင်ဖြစ်ပြီး တဏှာရာဂကြီးသည်။ သူမက တစ်ယောက်ပြီးတစ်ယောက်ကို ချစ်မိသွားပြီး ဆက်တိုက် မေ့လျော့သွားသည်။ ယွဲ့ကျန့်ကသာ ထိုကဲ့သို့ ဦးထုပ်စိမ်းဆောင်းရရန် ဆန္ဒရှိသည် ဆိုပါက သူ၏ ဦးနှောက်တွင် ပြဿနာရှိနေခြင်းဖြစ်မည်။


ယီနျိုက ဤကမ္ဘာပေါ်တွင် အမှောင်ခန်းထဲ ပိတ်လှောင်ခံထားရမည်ကို မကြောက်ရွံ့ဘဲ ယွဲ့ကျန့်အား ရည်မှန်းနေသေးသူ ရှိသေးသည်ဟု မထင်ထားခဲ့ပေ။


ဝမ်းကွဲအစ်ကိုအလန်နှင့် ဖုန်းချပြီးသည့်နောက် ယီနျိုက သဲလွန်စများကို ချရေးလိုက်ပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ကြည့်နေသည်။


အချို့သဲလွန်စများအား စဉ်စားနေချိန်မှာပင် ယီနျိုက စာအုပ်ကို သတိရလိုက်သည်။ ရေးလက်စစာအုပ်ဖြစ်မှန်း သိလိုက်ရပြီးသည့်နောက်တွင် သူက အချိန်တိုင်းလိုလို စာအုပ်ကို ထုတ်ပြီး စာရေးသူက အပိုင်းသစ် ရေးထားသလားဟု စစ်ဆေးကြည့်တတ်သည်။ 


မည်သို့ပင်ဖြစ်စေ၊ ဤစာအုပ်နှင့် ဇာတ်လိုက်ရောင်ဝါက သူ၏ ရွှေလက်ချောင်းများအဖြစ် ယူဆနိုင်သည်။


အထူးသဖြင့် ယခု ကျုံးမိသားစုနှင့် ကိစ္စတွင် ယီနျိုက ဤစာအုပ်အား မကြာခဏ ဖတ်သင့်သည်ဟု တွေးမိခဲ့သည်။ 

တကယ်လို့များ စာရေးသူက နောက်ဆုံးအပိုင်းသစ်တွေမှာ သဲလွန်စတချို့ ပေးထားရင် ဘယ်လိုလုပ်မလဲ…


ယီနျိုက စာအုပ်ဖတ်ခြင်းနှင့် အသားကျသွားပြီး ရေချိုးနေချိန်တွင် သူ၏ ပြဿနာများကို တွေးနေမိတတ်သည်။ ယနေ့တွင်လည်း ထုံးစံအတိုင်း ရေချိုးကန်ထဲသို့ ရေများ ဖြည့်လိုက်ပြီး သက်တောင့်သက်သာဖြင့် လှဲကာ ရေစိမ်လိုက်ပြီး ဇိမ်အပြည့်ဖြင့် စာအုပ်အား ထုတ်လိုက်သည်။


သူ ရေသူ ဖြစ်သွားချိန်တွင် ယီနျိုက သူ့ခန္ဓာကိုယ်နှင့် စိတ်အာရုံထဲတွင် ပေါ့ပါးမှု တစွန်းတစအား ခံစားမိခဲ့သည်။


ရေသူများက နက်ရှိုင်းသော ပင်လယ်ကြီးထဲတွင် နေရခြင်းအား ကြိုက်နှစ်သက်ကြသည်မှာ မထူးဆန်းတော့ပေ၊ သူတို့၏ အဝတ်အစားများမှာ အများအားဖြင့် ပေါ့ပါးသော ဝါဖြင့် ရက်လုပ်ထားကြသည်။ အကန့်အသတ်မရှိသော ပင်လယ်ကြီးထဲတွင် ပေါ့ပါးစွာ ကူးခတ်သွားလာနေကြပြီး လွတ်လပ်ကာ အချုပ်အနှောင် ကင်းမဲ့သည်။


သို့သော်လည်း ယီနျိုက နေ့စဉ်နေ့တိုင်း ပွဲတက်ဝတ်စုံများနှင့် သာမန်ဝတ်စုံများကို ဝတ်ဆင်ရသည်။ အဝတ်အစားများက လှပသော်လည်း အနည်းငယ် ချုပ်နှောင်မိဆဲ ဖြစ်သည်။ သူက အချိန် ၂နာရီမှ ၃နာရီခန့်အထိသာ ရေစိမ်နိုင်သည့်အပြင် ရေချိုးကန်ထဲတွင် ခွေခွေလေးပင် နေရသေးသည်။


သူ၏ အခြေအနေများမှာ ဒဏ္ဍာရီလာ ရေသူမနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။


စာမျက်နှာများကို လှန်နေရင်းဖြင့်ပင် ယီနျိုက တွေးမိလိုက်သည်၊

ငါ အင်ပါယာမြို့တော်ကို ပြန်ရောက်သွားလို့ကတော့ အခန်းထဲမှာ ငါးကန်အကြီးကြီး ထည့်မှ ဖြစ်မယ်… ဒါဆို ငါးမွေးချင်လို့ဆိုပြီး အကြောင်းပြလို့လည်း ရတယ်… ဒါပေမဲ့… သေချာပေါက်ကို ငါကိုယ်တိုင် သုံးဖို့ပဲပေါ့…


ငါးကန်အပြင် တစ်ယောက်ယောက်ကို ရေကူးကန်ပါ တူးခိုင်းရမယ်…


ယီနျိုက တစ်ခါတစ်ရံ ထိုဒဏ္ဍာရီလာ ရေသူမများအား အားကျမိသည်။ ကံမကောင်းစွာဖြင့် သူ့ထံတွင် အခြား ရေသူမများကို ဆက်သွယ်ရန် နည်းလမ်း မရှိပေ။


လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ အစောပိုင်းတွင် ပင်လယ်နိုင်ငံတော်ကြီး ပျောက်ကွယ်သွားခဲ့ပြီး ရေသူမျိုးနွယ်စုများ လုံးဝ မပေါ်လာတော့ပေ။ ပင်လယ်နိုင်ငံတော်မှ ကျွင်းကျန်ရစ်သူများပင် အင်ပါယာအတွင်း ပြန့်ကျဲနေပြီး ဖက်ဒရယ်မှလည်း သူတို့၏ တော်ဝင်မိသားစုဖြစ်သော ရေသူမိသားစု ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။


ယီနျိုက သူ အဘယ်ကြောင့် ရေသူဖြစ်လာရမှန်း မသိခဲ့ချေ။ တွေးကြည့်လိုက်ပြီးနောက် ‘ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ခန့်က စကော့ထ်တော်ဝင်မိသားစုမှ တစ်စုံတစ်ယောက်က ရေသူမနှင့် လက်ထပ်ခဲ့ခြင်းကြောင့်’ ဟူ၍သာ အဖြေထုတ်နိုင်တော့မည်။


မှန်ပေသည်၊ စာရေးသူက ဤသည်ကို သာမန်ကာလျှံကာ ရေးသားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ 

ဒါမှမဟုတ် ထူးထူးခြားခြား ဖြစ်လာစေဖို့ ရေးခဲ့တာများလား…


ဘာပဲပြောပြော… ငါက အဓိကဇာတ်ကောင်လေ…


ယီနျိုက ဤသို့ တွေးလိုက်ပြီး စာအုပ်အား လှန်နေလိုက်သည်။


ပြီးခဲ့သည့်အပိုင်းမှ ‘ယွဲ့ကျန့်’က ‘သူ့’အား သားပေါက်လေး တစ်အုပ်ကို မွေးပေးရန် ပြောခဲ့သည်မှ စတင်၍ စာရေးသူက ရူးသွပ်သွားပြီး ‘ယွဲ့ကျန့်’အား နေ့စဉ်နေ့တိုင်း အလုပ်ကြိုးစားခိုင်းတော့သည်။


ယခင်ကဆိုလျှင် ပြီးခဲ့သည့်အပိုင်းများ၏ ဇာတ်ကြောင်းများ၌ အသုံးဝင်သော အချက်အလက်များ အနည်းဆုံး ၃၀ရာခိုင်နှုန်းခန့် ပါဝင်ခဲ့သေးသည်၊ သို့သော်လည်း ယခုတွင် ၁၀ရာခိုင်နှုန်းပင် မရှိချေ။


သို့သော်လည်း စာအုပ်အား ပထမဆုံးအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဖတ်ရှုပြီးသည့်နောက်တွင် ယီနျိုက စာအုပ်ပါ အကြောင်းအရာများကြောင့် တည်ငြိမ်လာခဲ့သည်။ ယခု ဖတ်နေသည့်အချိန်မှာပင် ရံဖန်ရံခါ အတွေးထဲတွင် မှတ်ချက်အနည်းငယ် ပေးချင်သည့် စိတ်များ ရှိနေသေး၏။


ထို့ကြောင့် နှစ်နာရီခန့် လေ့ကျင့်ပြီး အခန်းထဲ ပြန်လာသော ယွဲ့ကျန့်က ဘေးခန်းမှ မင်းသားလေး တွေးနေသည်အား ကြားလိုက်ရလေသည်-


[ယွဲ့ကျန့်က ဒီနေ့တော့ မကြာဘူးပဲ… နှစ်နာရီတည်းပေါ့… မရပ်မနား လှုပ်ရှားနေတဲ့ စက်ကြီးက ဘာဖြစ်သွားတာလဲ…]


ယွဲ့ကျန့် : “…”


[နှစ်နာရီတည်းနဲ့ ဘယ်လိုလုပ်ပြီး သားပေါက်လေး ရနိုင်မလဲ… ကျစ် ကျစ်…]


ယွဲ့ကျန့် : “…”


[ဟေး တကယ်ပဲ ခုနှစ်ရက်နဲ့ ခုနှစ်ည လုပ်ဖို့ဆိုတာ ဖြစ်နိုင်လို့လား… တကယ်တော့ အဲ့ဒီ့လောက် အကြာကြီး လုပ်ဖို့ဆိုတာ အဓိပ္ပါယ် မရှိဘူးနော်… လုပ်ဆောင်ချက်က သက်ရောက်မှု ရှိသွားပြီး ငါလည်း သားပေါက်တွေ မွေးပေးနိုင်မှာ မဟုတ်ဘူး…]


ယွဲ့ကျန့်က လက်ထဲမှ ရေခွက်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ခဏကြာပြီးနောက် ရုပ်တည်ကြီးဖြင့် နှုတ်ခမ်းနား တေ့လိုက်သည်။


[ဆိုတော့… သူလည်းပဲ လုပ်နေရင်းတန်းလန်းနဲ့ အားပြန်ဖြည့်ဖို့ ရေသောက်ရသေးတာပေါ့…]


“အဟွတ်… အဟွတ်…”

ယွဲ့ကျန့် ရေသီးတော့မလို့ပင်။


[အားလား ယွဲ့ကျန့်က မရပ်မနား လှုပ်ရှားနေတဲ့ စက်ကြီးနဲ့ တူတယ်လို့ ပြောဖို့ရာ အရမ်း ရှက်ဖို့ကောင်းတာပဲ မလား…]


ယွဲ့ကျန့်က မင်းသားလေး၏ အတွေးများကို ဆက်လက် နားထောင်နိုင်စွမ်း မရှိတော့ဘဲ နံရံအနားမှ တိတ်တဆိတ် ဆုတ်ခွာလိုက်သည်။


သူ ရေချိုးပြီးသည့်အချိန်ထိတိုင်အောင် ဘေးအခန်းမှ မင်းသားလေးက စာဖတ်နေဆဲပင်။


ယွဲ့ကျန့်က နှစ်မိနစ်ခန့် နားထောင်ပြီးနောက်တွင် တိတ်တဆိတ် တွေးလိုက်သည် : 

ရေချိုးခန်း… ထမင်းစားစားပွဲ… ပုလ္လင်ပေါ်… လျှောက်လမ်း… ငါတို့တွေ ဘယ်နှစ်ကြိမ်တောင် လုပ်နေတာလဲ… ဒီနေ့ မင်းသားလေး စိတ်မမှန်တော့ဘူးလား…


၁၀မိနစ်ခန့် ကြာပြီးနောက် ယွဲ့ကျန့်က လိင်ကိစ္စ အပိုင်းဆက်က မြင်းကျောပေါ် ပြောင်းရွှေ့သွားခြင်းကို သိလိုက်ရပြီး အကြောင်းအရာကလည်း အသေးစိတ်ကျလှကာ ပေါက်ကွဲဖွယ် ကောင်းလှသည်။ ယွဲ့ကျန့်က မင်းသားလေး ရူးသွားလား မရူးသွားလား မသိသော်လည်း သူသာ ဆက်နားထောင်နေမည် ဆိုပါက သူ ရူးသွားတော့မည်ဟု ခံစားလိုက်ရသည်။


လိင်ဆက်ဆံခန်းအား ဖော်ညွှန်းထားသည်က နူးညံ့လှပြီး ပေါ်လွင်လှသည်။ အစပိုင်းမှာ ရှက်ဖွယ်ကောင်းလှသော်လည်း တစ်ခဏကြာ နားထောင်ပြီးနောက် မည်သည့် ပုံမှန်ယောကျ်ားများကမှ မတုံ့ပြန်ဘဲ နေမည်မဟုတ်ပေ။


ယွဲ့ကျန့်က မင်းသားလေးအား ယခုကဲ့သို့ လွှတ်ထား၍ မဖြစ်တော့ကြောင်း ခံစားမိလိုက်သည်။ သူ့အကျိုးအတွက် လုံးဝ မဟုတ်ဘဲ မင်းသားလေးအား စိတ်ကူးယဉ်မှုထဲ ပိုပိုပြီး နစ်မြုပ်သွားခြင်းကို ကာကွယ်ရန်ဖြစ်သည်။


ဟုတ်တယ်… အဲ့ဒီလိုပဲ…


တွေးလိုက်ပြီးသည့်နောက် ယွဲ့ကျန့်က ဘေးအခန်း တံခါးကို သွားရောက် ခေါက်လိုက်သည်။


ယီနျိုက ရေချိုးကန်ထဲတွင် ရေစိမ်နေဆဲဖြစ်ပြီး စာဖတ်ခြင်း၌ နစ်မြောနေလေသည်။ အသံကြားလိုက်ရချိန်တွင် လူသားအဖြစ် ပြန်ပြောင်းရန် အလုပ်ရှုပ်ရလေသည်။ တစ်ချိန်တည်းမှာပင် စာအုပ်အား နေရာလွတ်လက်ကောက်ထဲသို့ ပြန်ထည့်လိုက်ပြီး ရေချိုးဝတ်ရုံအား လက်ဆန့်ကာ ဆွဲယူရန် ပြင်လိုက်သည်။


သို့သော်လည်း သူက အလျင်လိုနေခဲ့သည်။ သူ့အမြီးက ခြေထောက်အဖြစ် ပြန်မပြောင်းသေးမီမှာပင် ထရပ်လိုက်မိလေသည်။ ထို့ကြောင့် အမြီးဖျားက ချော်သွားပြီး ယီနျိုက ရေချိုးကန်ထဲသို့ နောက်ပြန်ကျသွားကာ တင်ပါးဆုံရိုးကို ခိုက်မိသွားပြီး နာကျင်မှုကြောင့် အော်ညည်းမိသွားသည်။


တံခါးခေါက်နေသော ယွဲ့ကျန့်၏ လက်က တုန်ယင်သွားပြီး မသိလိုက်ခင်မှာပင် မေးလိုက်ပြီးဖြစ်သည်။

“အရှင့်သား ဘာဖြစ်လို့ပါလဲ…”


သို့သော်လည်း ယီနျိုက နာကျင်မှုကြောင့် ပြန်မဖြေနိုင်ခဲ့ပေ။ ပြန်ဖြေသံ မကြားရသောကြောင့် ယွဲ့ကျန့်မှ စိတ်ပူပန်လာသည်။


နှစ်ကြိမ် မေးမြန်းပြီးသော်လည်း တုံ့ပြန်သံ မရရှိသေးသည့်အတွက် ယွဲ့ကျန့်က နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက်တွင် သူ ဤအခန်းအား အသုံးပြုစဉ်က အခန်းလျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်လေသည်။


ထို့နောက်တွင် တံခါးက ပွင့်သွားတော့သည်။


ယွဲ့ကျန့်က ခဏတာလောက် တုံ့ဆိုင်းသွားသည်။ 

မင်းသားလေးက လျှို့ဝှက်နံပါတ်ကို ပြန်မပြောင်းဘူးလား…


သူ မတွေးတောနိုင်သေးခင်မှာပင် တံခါးအား အလျင်အမြန် တွန်းဖွင့်လိုက်လေသည်။


ရေချိုးခန်းထဲတွင် ယီနျို၏ မျက်လုံးများက နာကျင်မှုကြောင့် ပြာဝေနေသည်။ သူ၏ခါးနှင့် တင်ပါးဆုံရိုးက ကျိုးလုနီးပါးပင်။


သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။ ယီနျိုက ယွဲ့ကျန့် တံခါးဖွင့်ပြီး ဝင်မလာခင်တွင် သူ၏ ငါးအမြီးနှင့် နားရွက်ချွန်များကို လူသားတို့၏ လက္ခဏာအတိုင်း ပြန်ပြောင်းချိန်သာ ရှိတော့သည်။ 

(T/N - အဝတ်မပါဘဲ ကိုယ်လုံးတီးလေးဖြစ်နေတာကို ပြောချင်တာပါ🥹)


သို့ရာတွင် သူ စိတ်ငြိမ်သွားသည်နှင့် ရေချိုးခန်းတံခါး အပြင်ဖက်မှ ခြေသံများကို ကြားလိုက်ရပြီး ကပျာကယာ လှမ်းအော်လိုက်ရသည်၊

“ဝင်မလာနဲ့…”


“အရှင့်သား ဘယ်လိုနေ-“


ယွဲ့ကျန့်၏အသံက ပုံမှန်ကဲ့သို့ တည်ငြိမ်နေခြင်း မရှိခဲ့ပေ၊ ရေချိုးခန်းထဲမှ အခြေအနေအား မြင်လိုက်ရပြီးသည့်နောက်တွင် သူ့အသံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။


သူ၏ရှေ့မှ မြင်ကွင်းက အလွန်အမင်း ထိချက်ပြင်းလှသည်။ လူငယ်လေး၏ ခန္ဓာကိုယ်က သေးသွယ်ပြီး သူ၏ အရိုးနှင့် ကြွက်သားများက အချိုးအစား ညီလျက်ရှိသည်၊ အသားအရေမှာလည်း ဖြူဖွေးကာ ကြည်လင်နေခဲ့၏။ ရေစက်အနည်းငယ် စွဲကျန်ရစ်နေသောကြောင့် သလင်းကျောက်နှင့် ဆင်တူလှသည်။


ယွဲ့ကျန့်က မသိစိတ်အရ ယခုလေးတင် ယီနျို ပုံဖော်ခဲ့သော ‘သရုပ်ဖော်မြင်ကွင်း’များကို တွေးမိသွားသည်၊ သို့သော်လည်း အမှန်အတိုင်းဆိုလျှင် သူ့ရှေ့မှ မြင်ကွင်းသည် ထိုသရုပ်ဖော်မြင်ကွင်းများထက် ပို၍ လှပလေသည်။ အလွန်ကို လှပလွန်းသဖြင့် အနည်းငယ် ပြစ်မှားမိသွားသည့်အထိပင်။


ယွဲ့ကျန့်က သူ့စိတ်ထဲမှ ထိုအသံများကို ဆက်ပြီး မတွေးတောရဲတော့ပေ။ သူက အလျင်အမြန် မျက်လွှာချလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်၊

“တောင်းပန်ပါတယ်… ကိုယ် အလျင်လိုသွားလို့ပါ…”


ထိုသို့ပြောပြီးနောက် နောက်ဆုတ်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။


ယွဲ့ကျန့် ဝင်လာခဲ့သည့် အချိန်တွင် ယီနျိုက ကြောင်အသွားပြီး အသိစိတ်များက ဗလာဟင်းလင်း ဖြစ်သွားသည်။


ကံကောင်းစွာဖြင့် ယွဲ့ကျန့်က ပြန်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် ယီနျို အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် ပျော်ရွှင်သွားရတော့သည်။


သို့သော်လည်း ယီနျို ပျော်ရွှင်သွားရသည့်အချိန်မှာ ၂ စက္ကန့်ပင် မပြည့်လိုက်ဘဲ တံခါးက ပြန်ပွင့်သွားပြီး မျက်လွှာချလျက်သားနှင့် ယွဲ့ကျန့်က မေးလိုက်သည်။

“အရှင့်သား အဆင်ပြေရဲ့လား… အကူအညီလိုလား…”


ယီနျိုက လက်ရှိ အခြေအနေအား စဉ်းစားကြည့်လိုက်ပြီးနောက် ရှက်ရွံ့သွားပြီး ခေါင်းစခြေဆုံး ချက်ထားသော ပုစွန်ကဲ့သို့ ရဲတက်သွားလေသည်၊ ထို့ကြောင့် ဘာကိုမှ မတွေးတော့ဘဲ ပြန်ဖြေလိုက်တော့သည်။

“မလိုဘူး… ဝေးဝေးကိုသာ သွား…”


“တောင်းပန်ပါတယ်…”

ယွဲ့ကျန့်မှာ အလျင်စလို ထွက်ခွာသွားခဲ့သည်။


သို့သော်လည်း ၂မိနစ်ခန့် ကြာပြီးသည့်နောက်တွင် မင်းသားလေး၏ တောင့်တင်းနေသော အသံက ရေချိုးခန်းအတွင်းမှ ပြန့်နှံ့လာခဲ့သည်၊

“ဟို… ကျွန်တော်… နောက်ကျောက နာနေတာ… ပြီးတော့ လှုပ်လို့လည်း မရဘူး… ခင်ဗျား… အထဲဝင်လာပြီး ထိန်းပေးလို့ ရမလား…”


ယွဲ့ကျန့်က ခဏလောက် ထိုမြင်ကွင်းအား ပြန်မြင်ယောင်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ခဲရာခဲဆစ် ပြောလိုက်ရသည်။

“ဒါဆို ကိုယ်… ဝင်လာရတော့မလား…”


“…ရပြီ…”

ယီနျို၏အသံက မသိမသာလေး နှာသံပြောင်းနေခဲ့ပြီး အနည်းငယ် နူးညံ့ကာ ပျော့ပြောင်းနေခဲ့သည်။ ယခုလေးတင် ပြောခဲ့သလိုမျိုး ခက်ထန်နေသည့်အသံများ လုံးဝကို မပါဝင်ခဲ့ပေ။


ယီနျိုက ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းအောက်စိုက်လျက်သားနှင့် ရေထဲတွင် ကွေးကွေးလေး ဖြစ်နေခဲ့သည်။ သူ့နားများကလည်း သွေးများ ယိုစီးကျလာတော့မလိုမျိုး နီရဲနေခဲ့သည်။ တွေးကြည့်လိုက်ပြီးနောက် မင်းသားလေးက သတ္တိများကို စုစည်းကာ ပြောလိုက်သည်။

“ခင်ဗျား ဝင်လာပြီး ကျွန်တော့်ကို ထိန်းထားပေး…”


သို့သော်လည်း သူ စိတ်ပိုင်းဖြတ်လိုက်လျှင်ပင် ရှက်ဖွယ်ကောင်းသည်ဟု ခံစားနေရဆဲပင်။ ယွဲ့ကျန့် တံခါးဖွင့်ကာ ဝင်လာတော့မည့်အချိန်တွင် ယီနျိုက ဒေါသထွက်စွာဖြင့် အော်လိုက်သေးသည်။

“မျက်လုံးမှိတ်ထားပြီး ဘယ်ကိုမှ မကြည့်ရဘူးနော်…”


“ဟုတ်ပြီ…”

ယွဲ့ကျန့်က အသက်ဝဝ ရှူလိုက်ကာ နောက်ဆုံးတွင် ပြန်ဝင်သွားခဲ့သည်။



🧜🧜🧜