Chapter 14
Viewers 801

🧜 အခန်း ၁၄

မင်းသားလေး : ဒါကို မလုပ်နိုင်ဘူး



သူက တောက်ပပြီး ချောမွေ့နေသည့် ရေသူမဥကို သားဖောက်စက်ထဲသို့ ဂရုတစိုက်ဖြင့် ထည့်လိုက်သည်။ သူ့အမူအရာက ခံ့ညားမှုမှသည် ချစ်ခင်မှုဆီသို့ ပြောင်းလဲသွားခဲ့သည်။ ပြီးနောက် သူက သက်ပြင်းချလိုက်သည်၊

“ကောင်လေးရေ ကောင်လေး… မင်းရဲ့ အဖေက မင်းကို ၂၃နှစ်အထိ ထိန်းသိမ်းလာခဲ့ပြီးပြီ… ဘယ်အချိန်မှ မင်းက ဥခွံကို ခွဲဖို့ ဆန္ဒရှိလာမှာလဲ…”


“မင်းရဲ့ အမေ ဒီမှာ မရှိနေလို့လား… ဟင်းးး အဖေလည်း မင်းရဲ့အမေကို လွမ်းနေတာပါ…”


လှပသော ရေသူမမင်းသမီးကို မြင်ယောင်ပြီးနောက် ဧကရာဇ်က အနည်းငယ် စိတ်ဓာတ်ကျသွားပုံ ပေါ်သည်။ သို့ရာတွင် မကြာခင်မှာပင် ရေသူမဥကို ထပ်မံပြီး တတွတ်တွတ် ပြောနေပြန်သည်။


ယခုအချိန်တွင် ဧကရာဇ်က အဖေအိုကြီးတစ်ယောက် ပူညံပူညံ လုပ်နေပုံနှင့် တူညီနေသည်။ ဝန်ကြီးချုပ်ဟားရစ်သာ ယခုမြင်ကွင်းကို မြင်လိုက်မည်ဆိုပါက ထိတ်လန့်သွားပေလိမ့်မည်။


သို့သော်လည်း ဧကရာဇ် မသိခဲ့သည်က သူ၏ ရေသူမဥသည် လဲလှယ်ခံထားရခြင်းပင်။


*


ကြယ်ပြာအခြေစိုက်စခန်းတွင် အစည်းအဝေး ပြီးသွားသည့်နောက် ယီနျိုက ဟူယိချန်းအား ဆက်သွယ်ရန် အခွင့်အရေးကို ရှာနေဆဲဖြစ်ပြီး ပြောလိုက်သည်၊

“ခေါင်းဆောင်ဟူ အခုတလော အလုပ်အခြေအနေ အဆင်ပြေရဲ့လား… အလုပ်များနေလား…”


ဟူယိချန်းက မင်းသားလေးအား မြင်ပြီးနောက် ရှက်သွေးဖြာသွားပြီး ရှက်ရွံ့စွာနှင့် ရှင်းပြလိုက်သည်၊

“အရှင့်သား ကျွန်တော်က အခုထိ ခေါင်းဆောင် အင်ဂျင်နီယာ မဖြစ်သေးပါဘူး…”


ယီနျိုက လက်ခါလိုက်ကာ ပြောလိုက်သည်၊

“ဖြစ်သွားမှာပဲကို စောစောနဲ့ နောက်ကျတာပဲ ရှိတာပါ… ပြီးတော့လည်း မင်းက အတော်လေး ထူးချွန်တာကို…”


ဟူယိချန်းက ယီနျို၏ ချီးကျူးစကားကြောင့် ကြောင်အသွားသည်။ မင်းသားလေးက သူ့အား အလွန်အမင်း အသိအမှတ် ပြုထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ မင်းသားလေးက လက်ရှိ အခွင့်အရေး ပေးနေတာကို တွေးမိပြီးနောက် သူက ကတိစကား ဆိုလိုက်သည်၊

“မင်းသားလေးရဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်… ကျွန်… ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ…”


ယီနျို ကြောင်အသွားလေသည်။ 

ဘာလို့ ဟူယိချန်းက စိတ်လှုပ်ရှားနေတယ်လို့ ခံစားနေရပါလိမ့်… ငါလည်း ဘာမှ မပြောရသေးပါဘူး…


လူအုပ်ထဲမှ ယခုမြင်ကွင်းကို ယွဲ့ကျန့်မြင်ပြီးနောက် ရုတ်ချည်း ခေါင်းကိုက်လာရသည်။


မင်းသားလေးက တကယ်ပဲ… မသိလိုက်ဘာသာနဲ့ ဆွဲဆောင်မှု ရှိနေတယ်…


ကံကောင်းစွာနှင့် ယီနျိုက ဟူယိချန်း၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှု ပြဿနာအပေါ် စိတ်ထဲ ထားမနေပေ။ သူ၏ ရည်ရွယ်ချက်ကို သတိရလိုက်ပြီး အဓိကအချက်ကို သွားလိုက်သည်၊

“ယိချန်း နောက်ထပ် လေ့လာစရာတွေ လေ့လာနိုင်ဖို့ အင်ပါယာကောလိပ်ကို ဝင်ချင်လား…”


ခေါင်းဆောင်ဟူ ဟု ခေါ်မရသည့်အတွက် ယီနျိုက သူ့နာမည်ကိုသာ တိုက်ရိုက် ခေါ်လိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ယောက်ကြားထဲမှ အကွာအဝေးကို လျော့ချနိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်။


ဟူယိချန်းမျက်နှာက နောက်တစ်ကြိမ် ရဲတက်လာပြန်သည်။ သူက သဘာဝကျစွာပင် သွားချင်ပါသော်လည်း အရည်အချင်း မပြည့်မှီလောက်ဟု ခံစားခဲ့ရသည်။


“ကိစ္စမရှိပါဘူး… ငါ မင်းကို ထောက်ခံပေးမှာပါ… မင်းက အခြေစိုက်စခန်းမှာ Z စီးရီး မတော်တဆမှုကို ကိုင်တွယ်တဲ့နေရာမှာလည်း အတွေ့အကြုံ ရှိပြီးပြီလေ… ဒါက အပိုဆုပေါ့… မင်း သေချာပေါက် ဝင်ခွင့်ရလိမ့်မယ်…”


ယီနျိုက ဖျောင်းဖျနေရင်းကပင် စိတ်ထဲတွင် တွေးလိုက်သည် : 

မင်း အောင်မြင်သွားရင်တော့ ငါ့ဖက်မှာ နေပေးဖို့ သတိရရမယ်နော်…


ယွဲ့ကျန့် မူလက နှောင့်ယှက်ရန် ရှေ့တိုးသွားချင်ခဲ့သော်လည်း ဤစကားကို ကြားလိုက်ရပြီးနောက် အလျင်စလို ရပ်လိုက်ရသည်။


ဟူယိချန်းကို အင်ပါယာမြို့တော်ဂြိုဟ်ဆီ သွားခိုင်းမှာလား… ဒါက မကောင်းတဲ့ကိစ္စ မဟုတ်နေဘူးပဲ…


ဧကရာဇ်၏ တာဝန်ခန့်အပ်သည့် စာလွှာအကြောင်းကို တွေးပြီးသည့်နောက် ယွဲ့ကျန့်က သူ့ကိုယ်သူ ပြန်တွေးနေလိုက်သည် :

ဒါက အတော်ပဲလေ… မင်းသားလေးကလည်း မြို့တော်ဆီကို အချိန်တစ်ခုအထိ ပြန်နိုင်သေးမှာ မဟုတ်ဘူး… ဟူယိချန်းကလည်း အင်ပါယာကောလိပ်ကို ဝင်မှာဆိုရင် သူတို့နှစ်ယောက်ကို ကွဲသွားစေလိမ့်မယ်… ဒါက မင်းသားလေး ဟူယိချန်းကို မကြာခဏ ဆက်သွယ်နေတာကို တားဆီးနိုင်ပြီး စိတ်ကယောင်ချောက်ချားဖြစ်တာလည်း ပိုဆိုးလာမှာ မဟုတ်တော့ဘူး…


သို့သော်လည်း ယွဲ့ကျန့်က သူ၏ ပုံသေနည်းဖြစ်သော သူ့ကိုယ်သူ မင်းသားလေးနှင့် အကွာအဝေး ခြားထားရမည်ဆိုသည်ကို မေ့လျော့နေပုံရသည်။


×××××


ယွဲ့ကျန့်၏ ထောက်ခံမှုနှင့်အတူ ဟူယိချန်း၏ အင်ပါယာကောလိပ်သို့ ဝင်မည့်ကိစ္စက သိပ်မကြာလိုက်ဘဲ သေချာသွားခဲ့သည်။


ယွဲ့ကျန့်က အခြေစိုက်စခန်း ဗိုလ်ချုပ်အမည်ဖြင့် ဟူယိချန်းက ရှားပါးပြီး ထက်မြက်သည့် ပါရမီရှင်ဖြစ်ကြောင်း ထောက်ခံစာ ရေးပေးရုံသာမက နည်းပညာဌာနရှိ ဟူယိချန်း၏ ရာထူးကိုလည်း တည်မြဲနေရန် ကူညီပေးခဲ့သည်။


ယွဲ့ကျန့်က ဟူယိချန်းသာ ဆန္ဒရှိနေပါက စာလေ့လာမှု ပြီးဆုံးသည်နှင့် အခြေစိုက်စခန်းဆီသို့ အချိန်မရွေး ပြန်လာ၍ရကြောင်း ပြောခဲ့သည်။


ဤအတွက် ရည်ရွယ်ချက်သည် မင်းသားလေး အင်ပါယာဂြိုဟ်ဆီသို့ ပြန်သွားသည့်အချိန်တွင် ဟူယိချန်းအား ပြန်လည် တွေ့ရှိပြီး ထင်ယောင်ထင်မှားများ ပြန်လည် ဖြစ်ပေါ်လာမည်စိုးသောကြောင့်ပင်။ ယွဲ့ကျန့်က ဟူယိချန်းကို ‘အထူးခန့်အပ်ခြင်း’ ခေါင်းစဉ်အောက်မှ အခြေစိုက်စခန်းသို့ ပြန်လာရန် ပြောနိုင်ပြီး သူတို့အချင်းချင်း တွေ့ဆုံချိန် မရှိစေရန် သေချာအောင်ပင်။


ယွဲ့ကျန့်၏ ရည်ရွယ်ချက် အစစ်အမှန်အား ဟူယိချန်းက မခန့်မှန်းနိုင်ခဲ့သည့်အပြင် စိတ်ထဲမှ ဗိုလ်ချုပ်ယွဲ့အား ကျေးဇူးတင်နေခဲ့သည်။


ယီနျိုက ဤကိစ္စတွင် ယွဲ့ကျန့် ပါဝင်လာမည်ဟု မထင်ထားခဲ့သည်ကြောင့် မနေနိုင်ဘဲ စိုးရိမ်လာရသည်။

သူ ဘာကို ဆိုလိုတာလဲ… သူလည်း ဟူယိချန်းကို ဦးတည်ပြီး ငါ့ဆီကနေ တစ်ယောက်ယောက်ကို လုယူဖို့ ရည်ရွယ်နေတာလား… ပြီးတော့ ဟူယိချန်းက လူမှားပြီး ကျေးဇူးတွေ တင်နေရင် ဘယ်လိုလုပ်မလဲ…


မဖြစ်ဘူး မဖြစ်ဘူး… ငါ လုပ်ခဲ့ရသမျှအတွက် အလကား မဖြစ်ခံနိုင်ဘူး…


ထို့ကြောင့် ဟူယိချန်း အာရုံမစိုက်နေချိန်တွင် ယီနျိုက ဟူယိချန်းအား တိတ်တဆိတ် ပြောလိုက်သည်၊

“ငါ ပြောပြမယ်… တကယ်တော့… ယွဲ့ကျန့်က လူကောင်းတစ်ယောက် မဟုတ်ဘူး…”


ဟူယိချန်း : “…”


ယီနျိုက ပထမဆုံးအကြိမ်အဖြစ် တစ်ပါးသူ၏ နောက်ကွယ်၌ မကောင်းပြောရခြင်းကြောင့် အနည်းငယ် စိတ်မလုံဖြစ်နေခဲ့သည်။


သို့သော်လည်း စာအုပ်ထဲမှ သူ၏ကံကြမ္မာကို တွေးကြည့်ပြီးနောက် အံကြိတ်ကာ ဆက်လက် ပြောလိုက်သည်၊

“ဥပမာအနေနဲ့… သူက အပေါ်ယံမှာတော့ လေးနက်ပြီး ပေါ့ပေါ့တန်တန် မလုပ်သလို ထင်ရပေမဲ့ တကယ်တော့ နောက်ကွယ်မှာ သူက တကယ့်ကို သားရဲတစ်ကောင်ပဲ… သူက မျက်နှာနှစ်ဖက်နဲ့ လူလေ… ဒါကြောင့် သူ့ကို အလွယ်တကူ မယုံလိုက်နဲ့…”


ဟူယိချန်း : “…”

ဒါဆို အရှင့်သားက ဗိုလ်ချုပ်ယွဲ့က နောက်ကွယ်မှာတော့ သားရဲတစ်ကောင်ဖြစ်မှန်း ဘယ်လိုလုပ်ပြီး သိနေရတာလဲ… အရှင့်သားနဲ့ ဗိုလ်ချုပ်ယွဲ့တို့…


ဟူယိချန်းက ထိတ်လန့်သွားပြီး ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရသည်။


ယီနျိုက ယွဲ့ကျန့်၏ ‘အရှက်မရှိမှု’ကြောင့် ဟူယိချန်း ထိတ်လန့်သွားရသည်ဟု တွေးမိပြီး သံပူနေချိန်တွင် ထုရန် ကြိုးစားလိုက်သည်၊

“ငါတို့လို လူကောင်းတွေက မကောင်းတဲ့လူတွေနဲ့ ကိုက်ညီဖို့ ကြိုးစားရတာ အရမ်းခက်ခဲတယ်… ဒါကြောင့် အနာဂတ်မှာ ငါ ယွဲ့ကျန့်ကို မကိုင်တွယ်နိုင်ရင် မင်း သူ့ကို မဟုတ်ဘဲ ငါ့ကိုပဲ ကူညီရမယ်နော်…”


ယွဲ့ကျန့်အား အပုပ်ချပြီးနောက် ယီနျိုက သူလည်း အတော်လေး အရှက်မရှိကြောင်း ခံစားလိုက်ရသည်။ သို့သော်လည်း အလျင်အမြန်ပင် အပြစ်ကင်းစွာ တွေးလိုက်သည် :

ငါ မမှားဘူး… စာအုပ်ထဲက ယွဲ့ကျန့်က တကယ်ပဲ ဒီလိုလူပဲလေ… ငါက ကြိုတင်ပြီး သတိထားနေရုံပဲဟာ…


အင်း… ဟုတ်တယ်… ဒါပဲ…


ယွဲ့ကျန့်က စခန်းအပြင်ဖက်တွင် အခြားသော ရာထူးမြင့် အရာရှိများနှင့် စကားပြောနေခဲ့သည်။ ပြီးသွားသည့်အချိန်တွင် ယီနျိုအား နေ့လည်စာစားရန်အတွက် ခေါ်ရန် သွားလိုက်သည်။


ယွဲ့ကျန့်က ခန်းမတံခါးကို ဖွင့်လိုက်ပြီးနောက်တွင် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်၊

“နေ့လည်စာအတွက် ဘာငါးကို သုံးဆောင်ချင်ပါလဲ အရှင့်သား…”


ယီနျိုက ယခုလေးတင် ယွဲ့ကျန့်၏ မကောင်းကြောင်းများ ပြောပြီးသွားခြင်း ဖြစ်သည်။ သူ့ကို မြင်တွေ့လိုက်ရချိန်တွင် ယီနျိုက အနည်းငယ် စိတ်မလုံဖြစ်သွားပြီး ပုန်းကွယ်နေချင်ခဲ့သည်။


သို့သော်လည်း ‘ငါးစားခြင်း’ ဟူသော စကားလုံးများကို ကြားလိုက်ရချိန်တွင် ပုန်းကွယ်ဖို့ရန် ဂရုစိုက်မနေတော့ပေ။ ချက်ချင်းပင် သွားလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်၊ 

“ဒါဆိုလေ… စားဖိုမှူး ချက်တာ တော်တဲ့ ဟင်းလျာတချို့ကို ရွေးပြီး အရင်ဆုံး လုပ်ခိုင်းထားလိုက်မယ်… ငါးသိုင်းခေါင်းပွ စားရရင်တော့ ကောင်းမယ်… ပြီးတော့…”


ယွဲ့ကျန့်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူ့စိတ်ထဲ၌ မသိလိုက်မီမှာပင် မင်းသားလေး၏ အကြိုက်ဆုံး စားစရာများကို ချရေးပြီးသွားလေပြီ။


မင်းသားလေးက ဗိုလ်ချုပ်ယွဲ့နှင့်အတူ ပျော်ရွှင်စွာ ထွက်သွားသည်ကို ကြည့်နေရင်းဖြင့် ဟူယိချန်းက စက္ကန့်အနည်းငယ်ခန့် ရှုပ်ထွေးသွားလေသည်။


မင်းသားလေးက အခုလေးတင် ဗိုလ်ချုပ်ယွဲ့က လူကောင်း မဟုတ်ဘူးလို့ ပြောသွားတာ မဟုတ်ဘူးလား… ဒါပေမဲ့ သူနဲ့အတူ ထွက်သွားလိုက်သေးတယ်…


ဒါက ဒဏ္ဍာရီလာ… အချစ်ဆိုတာများလား… စင်ဂယ်ခွေးတွေကတော့ နားမလည်နိုင်တော့ဘူး…


*


နေ့လည်စာစားချိန်တွင် ယွဲ့ကျန့်က ဧကရာဇ်၏ တာဝန်ခန့်အပ်ခြင်းအကြောင်း ယီနျိုအား ပြောပြလိုက်ပြီးနောက် မေးမြန်းလိုက်သည်၊ 

“အရှင့်သား ဘယ်လို စီစဉ်ထားလဲ…”


ယီနျိုက အချိန်တစ်ခုခန့်အထိ ကြောင်အနေခဲ့သည်။ မထင်မှတ်ထားစွာဖြင့် ဤတစ်ကြိမ်တွင် ဧကရာဇ်မှ သူ့အား အမှန်တကယ် အာဏာပေးခဲ့သည်။ သူက အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပြီး အပေါ်ယံ အယောင်ဆောင်နှင့် ပုံရိပ်သာသာ မဟုတ်တော့ပေ။


ဤသည်က ပထမဆုံး အကြိမ်ပင်။ ယီနျိုက သူ့အဖေ၏ မျက်လုံးများထဲတွင် သူ့အား မရှိသည့်လူကဲ့သို့ ဖြစ်နေကြောင်း တွေးနေခဲ့သည်။


ယီနျို အသိပြန်ဝင်လာပြီးနောက် မေးခွန်းကို မဖြေခဲ့ပေ။

“ခင်ဗျားကရော… ခင်ဗျားလည်း စစ်ဆေးရေးအဖွဲ့မှာ တာဝန်ရှိတဲ့သူပဲ မဟုတ်လား…”


ယွဲ့ကျန့်က ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်၊

“သိပ်မကြာခင်မှာပဲ စစ်ဆေးရေးအဖွဲ့ထဲကနေ ကိုယ့်ရဲ့ တာဝန်ကို ပြန်ရုတ်သိမ်းလိမ့်မယ်လို့ ခန့်မှန်းရတာပဲ…”


ယီနျိုက ကြောင်သွားလေသည်။

“ဘယ်လို…”


ယွဲ့ကျန့်က သူ့အား ပြုံးပြကာ ပြောလိုက်သည်၊

“အရှင်မင်းကြီးအနေနဲ့ သူ ဆန္ဒရှိသလို လုပ်လို့မရတဲ့ အချိန်တွေလည်း ရှိတယ်လေ…”


ယီနျိုက ရာထူးမြင့်သူများထဲမှ တစ်စုံတစ်ယောက်က ယွဲ့ကျန့် စုံစမ်းစစ်ဆေးမည့်အပေါ် ခွင့်ပြုမည် မဟုတ်ဘဲ တားဆီးရန် ကြိုးစားမည်ဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။


သူ့အတွက်မူ သူက လုပ်နိုင်စွမ်း နည်းပါးသော အလှဆင်ပစ္စည်းတစ်ခုသာ ဖြစ်ပုံရသည်၊ အမှားအယွင်းလုပ်ထားသည့် ထိုလူများက သူ့ကို စိတ်ပူပန်ရန် မလိုအပ်ပေ။


ယွဲ့ကျန့်၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။ ဧကရာဇ်၏ တာဝန်ခန့်အပ်ခြင်းစာလွှာ ထွက်ပေါ်လာသည်နှင့် ကျုံးမိသားစုနောက်ကွယ်မှ အင်အားစုများက အလျင်အမြန် ပါဝင်လာခဲ့သည်။ ပါလီမန်အဖွဲ့များက ဧကရာဇ်အမိန့်အား တရားဝင်ထုတ်ပြန်ရန် တိုက်ရိုက်ပင် ငြင်းဆန်ခဲ့ကာ ‘ယွဲ့ကျန့်သည်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် စစ်ဆေးရေးအဖွဲ့ထဲသို့ မပါဝင်သင့်ကြောင်း’ ပြောကြားခဲ့သည်။


ပြောရလျှင် ဧကရာဇ်က အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း အဆုံးတွင် ရွေးချယ်စရာ မရှိတော့ဘဲ ယွဲ့ကျန့်၏ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ရာထူးကို ပြန်ရုတ်သိမ်းခဲ့ရကာ ယီနျိုအား အာဏာအပြည့်ပေးခဲ့ရလေသည်။


ထင်မှတ်ထားသလိုပင် သတင်းထွက်ပေါ်လာသည်နှင့် ဝန်ကြီးများမှ စ၍ သာမန်လူများအထိ အနည်းငယ် အံ့အားသင့်သွားကြသည်။


[ဗိုလ်ချုပ်ယွဲ့ရဲ့ အာဏာကို ပြန်ရုတ်သိမ်းလိုက်ရတယ်တဲ့… ကြည့်ရတာ ဒီကစားပွဲ အစပိုင်းမှာ ဧကရာဇ်က နူးညံ့သွားပုံ ရတယ်…]


[ဘယ်တုန်းကများ အရှင်မင်းကြီးစကော့ထ်က ကြမ်းတမ်းခဲ့ဖူးလို့လဲ…]


[ကျေးဇူးပြုပြီး နောက်ထပ် အပေးအယူပဲလား… ဘာလို့ ဧကရာဇ်က အမြဲတမ်း ဒီမျိုးရိုးမြင့်မိသားစုတွေနဲ့ ဘဏ္ဍာရေးအဖွဲ့တွေနဲ့ အပေးအယူ လုပ်နေရတာလဲ… ဒီတစ်ကြိမ်မှာ ကျုံးမိသားစုက ကပ်ဘေးဖြစ်အောင် လုပ်လုနီးပါးလေ… ဗိုလ်ချုပ်ယွဲ့ကသာ ရလဒ်ကို ပြောင်းပြန်လှန်အောင် မလုပ်နိုင်ခဲ့ရင် ငါတို့တွေ အခုလောက်ဆိုရင် လက်အောက်ခံ ဖြစ်နေလောက်ပြီ…]


[အင်ပါယာက လက်အောက်ခံ ဖြစ်သွားနိုင်ချေ မရှိပေမဲ့ ဂလက်ဆီ ၈ တစ်ခုလုံး သိမ်းပိုက်ခံရမှာကတော့ သေချာပေါက်ပဲ…]


[ငါ့ကို ဝင်ပြောစေချင်ရင်တော့ ဒီလိုကိစ္စမျိုးအတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ မလိုဘူးလို့တောင် ပြောရမယ်… ကျုံးချင်းရှုကိုပဲ တိုက်ရိုက် ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးလိုက်တာ ပိုမကောင်းဘူးလား…]


[ကျုံးချင်းရှုက မနေ့ကတောင် ပရဟိတ ညစာစားပွဲတစ်ခုကို တက်ခဲ့သေးတယ်… သူ့ကြည့်ရတာ နည်းနည်းလေးမှ ထိရောက်မှု မခံရသလိုပါပဲဆို…]


[အိုးမိုင်ဂေါ့ ကျုံးမိသားစုခေါင်းဆောင်က အခုထိ အဖမ်းမခံရသေးဘူးပေါ့…]


[ဧကရာဇ်က အရမ်းကို အသုံးမကျတာ မဟုတ်ဘူးလား… အရိုးနုလေးပဲ…]


[မဟုတ်ဘူးလေ ဘာလို့ မင်းတို့အကုန်လုံးက သူ အပေးအယူ လုပ်ထားတယ်လို့ ထင်နေရတာလဲ… မင်းသားလေးကို စစ်ဆေးဖို့အတွက် စေလွှတ်လိုက်သေးတာပဲလေ…]


ဆွေးနွေးမှုက စက္ကန့်ပိုင်းလောက် ရပ်တန့်သွားပုံ ရသည်၊ ပြီးသည့်နောက်တွင်မူ - 


[ငါတို့ သိထားကြတဲ့အတိုင်း တော်ဝင်မိသားစုထဲက မိသားစုဝင်တွေ အကုန်လုံး အရိုးနုလေးတွေချည်းပဲ…]


[ငါတို့ သိထားကြတဲ့အတိုင်း မင်းသားလေးက အစားထိုးတစ်ယောက်သာသာပဲ…]


[ငါတို့ သိထားကြတဲ့အတိုင်း မင်းသားလေးက စစ်ဆေးရေးအဖွဲ့ရဲ့ ပုံရိပ်သက်သက်ပဲလေ…]


[ငါတို့ သိထားကြတဲ့အတိုင်း မင်းသားလေး လုပ်နိုင်မှာ မဟုတ်ဘူးလို့…]


[လုပ်နိုင်မှာ မဟုတ်ဘူး +၁]


[…]


[မင်းသားလေးက အတော်လေး အပြောခံရပြန်ပြီ… ဒါက ပထမမင်းသားရဲ့ ရေတပ်ပဲ ဖြစ်နေပြန်ပြီလား…]


[တကယ်ပဲ ရေတပ် မဟုတ်ရပါဘူး… ငါလည်း မင်းသားလေးရဲ့ ပရိသတ်ပါပဲ… ဒါပေမဲ့ ငါတို့ သိထားကြတဲ့အတိုင်းပဲ မင်းသားလေးက အခုမှ ၁၈နှစ်ပဲ ရှိသေးတာ… သာမန်လူတွေဆို ဒီအရွယ်မှာ ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်လေ… သူ ဘာကို ရှာတွေ့နိုင်မှာလဲ… သူက လူကြီးတွေကို အတုခိုးမလို့လား…]


[ဟုတ်တယ် မင်းသားလေးက ဒီနေရာမှာ အတွေ့အကြုံရော အရည်အချင်းရော မရှိဘူးလေ… တကယ်လို့ ယွဲ့ကျန့်သာ စစ်ဆေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဆို ကျုံးမိသားစုကို ဆွဲချနိုင်မှာပဲ… ဒါပေမဲ့ မင်းသားလေးသာဆိုရင်တော့ … ငါတော့ မထင်ဘူး…]


[တကယ်တော့ မင်းသားလေးလည်း အတော်လေး ကံမကောင်းတာပါ… သူ့ခမျာ အပြစ်ခံရဖို့ တွန်းအားပေးခံရတယ်… ဧကရာဇ်က သူ့ကို ရှေ့ထွက်ခိုင်းပြီး အမည်ခံအရ လူထုကို ဖြေရှင်းချက်ပေးခိုင်းပြီး ဒီကိစ္စကို တကယ် စစ်ဆေးထားကြောင်း သက်သေပြခိုင်းတယ်… တကယ်လို့ စစ်ဆေးရေးသာ မအောင်မြင်ခဲ့ရင် မင်းသားလေးပဲ အပြောခံရတော့မှာ…]


ယီနျိုလည်း အင်တာနက်ပေါ်မှ ဆွေးနွေးမှုများကို မြင်သော်လည်း ဖတ်ကြည့်ပြီးနောက်တွင် အတော်လေး လက်မခံနိုင်ခဲ့ပေ။


ငါ မလုပ်နိုင်ဘူး… အသုံးမကျဘူး… ပုံရိပ်သက်သက်ပဲ… ပြီးတော့ အပြောခံရဖို့ ကံပါတယ်ဆိုတာ ဘာကို ဆိုလိုကြတာလဲ…


ယီနျိုက ဤလူတစ်စုအား 'ကျားကို စားဖို့ ဝက်ယောင်ဆောင်ခြင်းနှင့် တိတ်တဆိတ် အကျိုးအမြတ်ရှာခြင်း' ဆိုသည်မှာ မည်သို့ပင်ဖြစ်ကြောင်း ပြလိုက်ချင်၏။ တစ်ချက်ရွှေ့လိုက်ရုံဖြင့် ကမ္ဘာကြီးအား အံ့ဩသွားစေခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း သိစေချင်သည်။


ဟမ့်…


သိပ်မကြာလိုက်ဘဲ အလန်က ယီနျိုအား ဆက်သွယ်လာကာ ပြောလိုက်သည်၊ 

“ကံကောင်းလို့ မင်း အရင်က ငါ့ကို ကျုံးမိသားစုကို စောင့်ကြည့်ဖို့ ပြောထားမိလို့ပေါ့… တကယ်ပဲ မင်း ကြိုတင်ပြင်ဆင်ထားတာပဲ…”


ယီနျိုက ချက်ချင်းပင် မေးလိုက်သည်၊

“တစ်ခုခု ရှာတွေ့လို့လား…”


အလန်က ပြောလိုက်သည်၊

“ငါ သဲလွန်စတချို့ တွေ့တယ်… ကျုံးမိသားစုက မကြာသေးခင်ကပဲ ပုံမှန်ထက်ကို သူစိမ်းတွေနဲ့ အဆက်အဆံ ပိုရှိလာတယ်… အထူးသဖြင့် ကျုံးမင် အဖမ်းခံရပြီး နောက်ပိုင်းပေါ့… ဒါပေမဲ့ ငါ စစ်ဆေးကြည့်တော့ ဒီဖြစ်ရပ်က မကြာသေးခင်ကမှ စဖြစ်ခဲ့တာ မဟုတ်ဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းကပဲ…”


ယီနျိုက အလျင်အမြန်ပင် သော့ချက်စကားလုံးများကို ဖမ်းဆုပ်မိသွားသည်။

“လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက…”


“ဟုတ်တယ်၊ ပုံမှန်အားဖြင့်တော့ စီးပွားရေး အဆက်အသွယ်တွေက ဒီလောက် မကြာခဏ ဖြစ်လေ့မရှိဘူး…”

အလန်က အတည်ပြုလိုက်ပြီး ဆက်ပြောလိုက်သည်၊

“စကားမစပ် မင်း နောက်ဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ငါ သဲလွန်စတွေ့ခဲ့သေးတယ်… အဲ့ဒါက ပထမမင်းသားနဲ့ သက်ဆိုင်နေတယ်…”


“အစ်ကိုကြီးလား…”

ယီနျိုက အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်၊ 

“မဖြစ်နိုင်ပါဘူး…”


ဤသည်မှာ သူက ကြင်နာတတ်လွန်းပြီး လူများအား မကောင်းကြောင်း မတွေးခြင်းမျိုး မဟုတ်ပေ၊ သို့သော်လည်း ယီနျို၏ အစ်ကိုကြီးက အမှန်တကယ်တွင် အလွန်တုံးအပြီး သတ္တိလည်း မရှိပေ။ သူက ဤကိစ္စမျိုး လုပ်ရန်အတွက် သတ္တိမရှိပေ။



🧜🧜🧜