Chapter 23
Viewers 2k

🧜 အခန်း ၂၃

ယွဲ့ကျန့် : ဒီလိုဆိုရင် အရှင့်သားကို ကိုယ့်ကို လက်ထပ်ဖို့ ပြောရတော့မယ်



သို့သော်လည်း သူ၏ လက်ဖျားများက မတော်တဆဖြင့် လူငယ်လေး၏ သေးသွယ်ဖြူဖွေးနေသော လည်တိုင်အား ထိမိသွားကာ မျက်လုံးများ နက်မှောင်သွားရသည်။ အချိန်တစ်ခုကြာပြီးနောက် သူက ရုတ်ချည်းပင် စိတ်ရင်းဖြင့် ပြောလိုက်သည်။

“အရှင့်သားက ငယ်ပါသေးတယ်… လက်ထပ်ဖို့ကိစ္စ ပူပန်မနေပါနဲ့…”


ယီနျိုက အနည်းငယ် ယားယံသွားကာ ကျုံ့လိုက်မိပြီး ယွဲ့ကျန့်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ ယွဲ့ကျန့်က အဘယ့်ကြောင့် ရုတ်တရက်ကြီး မင်းသားလေး လက်ထပ်သည်၊ လက်မထပ်သည်အား ဂရုစိုက်နေမှန်း နားမလည်နိုင်ခဲ့ပေ။


စိတ်ရှုပ်ထွေးနေသည့် မျက်နှာသေးသေးလေးအား တွေ့လိုက်ရသည့်အခါ ယွဲ့ကျန့်က ရှင်းမပြတတ်အောင် စိတ်တိုသွားရပြီး မင်းသားလေး၏ နူးညံ့သည့် နားရွက်ဖျားလေးအား ဖိညှစ်လိုက်သည်။ သူက အံကြိတ်လျက်သားဖြင့် တွေးလိုက်သည်။

မင်းသားလေးက ပုံမှန်ဆို ငါ့ကို YY(ဖလစ်) နေကျလေ… ဒါပေမဲ့ သူ လက်ထပ်ဖို့ တွေးတဲ့အချိန်ကျ ငါ့ကို လုံးဝ မေ့နေတယ်ပေါ့… ဒီကောင်ငယ်လေးက မျက်နှာသာပေးတာကို မခံယူရဲဘူးပဲ…


သို့သော်လည်း စိတ်ဖိစီးရသည့်အရာက မင်းသားလေး ယခုလေးတင် တွေးလိုက်သည့် အရာဖြစ်ပြီး တကယ်ပင် သူနှင့် မသက်ဆိုင်နေပေ။ မင်းသားလေးက ယခုထက်ထိ စိတ်ကယောင်ချောက်ချားရောဂါသည် ဖြစ်နေသည်အား ထည့်တွက်ရန်ပင် မလိုအပ်သေးပေ။


ထို့သို့ တွေးပြီးနောက် ယွဲ့ကျန့်က ပို၍ပင် စိတ်ဖိစီးသွားရသည်။


မဟုတ်သေးဘူး… ဘာလို့ ငါက ဒီလိုကိစ္စမျိုးကို စိတ်ဖိစီးနေရမှာလဲ… 

သူက အတွေးလွန်နေခဲ့သည်။


ယီနျိုက တစ်ခဏကြာ ငေးမောနေခဲ့သည်။ အသိစိတ် ပြန်ဝင်လာသည့်အချိန်တွင် သူက ရုတ်ချည်းပင် အနည်းငယ်လေး စိတ်တိုလာရသည်။


သူက ယွဲ့ကျန့် ပို၍၊ ပို၍ ရဲတင်းလာခဲ့ကြောင်း ခံစားမိသည်။ သူ့ခေါင်းအား ထုရိုက်ပြီးနောက် အမှန်တကယ်ပင် သူ့နားရွက်အား ဖိညှစ်ခဲ့သည်။ 

သူက တကယ်ကြီး ငါ့ကို နူးညံ့တဲ့ တည်သီးလို့ ထင်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတယ်လို့ ထင်နေတာလား…


မဖြစ်ဘူး… ဒီလိုကိစ္စမျိုးက လျစ်လျူရှုလို့ မရဘူး… ဒီတစ်ကြိမ်တော့ တန်ပြန် တိုက်ခိုက်မှ ရမယ်…


ထို့ကြောင့် ယွဲ့ကျန့်က စိတ်ဖိစီးကာ အာရုံပြန့်လွင့်နေချိန်တွင် ယီနျိုက ခြေဖျားထောက်လိုက်ကာ လက်ဆန့်လိုက်ပြီး ဆွဲဆိတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း စိတ်မလုံမလဲ ဖြစ်နေခြင်းကြောင့် အလျင်အမြန် လုပ်ဆောင်ရသောအခါ သူ့လက်များက အမှန်တကယ်တွင် ယွဲ့ကျန့်၏ နားရွက်ကို ဆွဲမိလျက်သား ဖြစ်နေခဲ့၏။


ယွဲ့ကျန့် : “…”


သူက လက်မြှောက်ကာ သူ့နားရွက်သူ ပြန်ထိလိုက်ပြီး ခေါင်းလှည့်ကာ မလုံမလဲဖြစ်နေသည့် တစ်ယောက်သောသူအား ကြည့်လိုက်သည်။


ယီနျိုက တိတ်တဆိတ်ဖြင့် သူ့လက်များကို နောက်ကျောဖက် ပို့ထားပြီးသော်လည်း နောက်တစ်ဖန် တွေးကြည့်လိုက်သည့်အခါ သူ့ကိုယ်သူ ပြောလိုက်သည်။

ငါက ဘာကို မလုံမလဲ ဖြစ်နေတာလဲ… သူ အရင်စလုပ်ခဲ့တာလေ…


ထို့ကြောင့် ယီနျိုက ရင်ကော့ကာ သူ့လက်များကို ဝှက်ထားသည်အား ရပ်လိုက်သည်။ သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားအရင် ကျွန်တော့်ကို လာညှစ်တာနော်…”


ယွဲ့ကျန့်က မင်းသားလေး၏ ဖြူဖွေးနေသည့် အသားအရေအား ကြည့်လိုက်သည်။ မသိစိတ်ထဲတွင် မင်းသားလေး၏ လက်များမှာ အလွန်ကို နူးညံ့ကြောင်း တွေးနေမိ၏။


ယီနျိုက သတိကြီးကြီးထားပြီး သူ့လက်ကို နောက်ကျောဘက် ပို့လိုက်သည်။


ယွဲ့ကျန့်က ကြည့်နေသည်အား ရပ်တန့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

“အရှင့်သား အနာဂတ်မှာ တခြားသူတွေရဲ့ နားရွက်ကို ဖြစ်သလို မကိုင်ပါနဲ့…”


“အိုး…”

ယီနျိုက မသိစိတ်အရ ခေါင်းညိတ်လိုက်မိပြီး တစ်ဝက်မှာပင် အေးခဲသွားကာ တွေးလိုက်သည်။

ငါက ဘာလို့ သူ့စကားကို နားထောင်ရမှာလဲ…


သူက တမင် မေးလိုက်၏။

“ဘာလို့လဲ…”


[ခင်ဗျား ထိချင်ရင်တော့ ရတယ်… ဒါပေမဲ့ ကျွန်တော်ကျ မရဘူးပေါ့…]


ယွဲ့ကျန့်က ရုတ်ချည်းပင် လှည့်လာကာ မင်းသားလေးအား ခြေလှမ်းအနည်းငယ်ဖြင့်ပင် နံရံဆီသို့ တွန်းပို့လိုက်သည်။ ထို့နောက် သူက မင်းသားလေး၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ နံရံ၌ ဖိကပ်ထားလိုက်သည်။


ယီနျိုက ကြောင်အသွားသည်။ သူ သိလိုက်ရသည့်အချိန်တွင် သူ့ကိုယ်သူ ယွဲ့ကျန့်နှင့် နံရံကြား ပိတ်မိနေကြောင်း တွေ့လိုက်ရကာ တစ်ဖက်လူ၏ အေးမြသော အသက်ရှူငွေ့က သူ့အား လာရောက် ရိုက်ခတ်နေသည်။


“ခင်ဗျား… ဘာလုပ်နေတာလဲ…” 

ယီနျိုက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ‘ယုတ်မာခြင်း’၊ ‘အမှောင်ခန်းထဲ၌ ကစားခြင်း’ နှင့် ‘ငါးအမြီးအား ကစားခြင်း’ ဟူသည့် စကားလုံးများက ချက်ချင်းပင် သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။


ယွဲ့ကျန့်၏ မျက်နှာက ခဏတာ မည်းမှောင်သွားပြီးနောက် ပုံမှန် ပြန်ဖြစ်သွားသည်။


သူက လက်မြှောက်ကာ မင်းသားလေး၏ နူးညံ့သည့် နားရွက်အား ထိလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ တခြားသူတွေတော့ မသိဘူး… ဒါပေမဲ့ ကိုယ့်အတွက်ကတော့ ကိုယ့်ရဲ့ အနာဂတ် လက်တွဲဖော်ကပဲ ကိုယ့်နားရွက်တွေကို ဆွဲခွင့်ရှိတာ… အရှင့်သား နားလည်ပါရဲ့လား…”


“ကျွန်တော် နားလည်ပြီ… ကျွန်တော် နားလည်ပြီ…”


ယီနျိုက အလျင်အမြန် ခေါင်းညိတ်ကာ တွေးလိုက်သည် -

[ငါ နားမလည်ပေမဲ့လည်း နားလည်တယ်လို့ ပြောမှ ရမယ်… ယွဲ့ကျန့်က အခု အရမ်း ကြောက်စရာ ကောင်းနေတယ်…]


“အင်း ကျွန်တော်တို့တွေ ကျုံးမင်ကို သွားတွေ့သင့်ပြီ…”

ယီနျိုက အသံတိုးတိုးဖြင့် အသိပေးလိုက်ပြီး ဤသို့ ခက်ခဲနေသည့် အခြေအနေအား အတတ်နိုင်ဆုံး အဆုံးသတ်စေချင်နေသည်။


ယွဲ့ကျန့်၏ အမူအရာက အေးခဲသွားကာ ကူကယ်ရာမဲ့မှုအား ခံစားလိုက်ရသည်။


သို့သော်လည်း သူ့ရင်ထဲမှ အသံများအား နားထောင်ပြီး သူ လုပ်ချင်သည်များအား လုပ်ခဲ့ပြီးနောက် သူ ယခုလေးတင် အဘယ်ကြောင့် စိတ်ဖိစီးခဲ့ရသည်အား နားလည်ခဲ့ပုံ ရသည်။


ကံမကောင်းစွာပင်၊ အချိန်မှန် မဟုတ်ခဲ့သလို အနေအထားသည်လည်း သင့်လျော်မှု မရှိနေချေ။ မင်းသားလေးသည်လည်း အသိစိတ် ပုံမှန် မဟုတ်နေသေးချေ။


ယွဲ့ကျန့်က နောက်ဆုတ်လိုက်ကာ လက်လွှတ်ပေးလိုက်ပြီး နောင်တရစွာဖြင့် ပြောလိုက်သည်။

“ဒါဆို ကျုံးမင်ကို အရင် သွားကြည့်ကြတာပေါ့…”


ယီနျိုက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ…”


*


ယာဉ်ပျံအတွင်းသို့ ဝင်ရောက်ပြီးချိန်တွင် ယီနျိုက ယခုလေးတင် ဖြစ်ခဲ့သည်များအား ပြန်တွေးတောလိုက်သည်၊ သူ တွေးကြည့်လေလေ ပဟေဠိ ဖြစ်လာရလေလေပင်။


ထို့ကြောင့် သူ နားရွက်များကို ဆွဲသင့်သည်လား၊ မဆွဲသင့်သည်လား ဆိုသည်ကို တွေးနေလျက် နောက်ခုံတွင် ရှိနေသည့် ယွဲ့ကျန့်အား မေးကြည့်လိုက်သည်။ 


“ဟို ကျွန်တော် သိချင်လို့ပါ… ခင်ဗျားရဲ့ အမေရော ခင်ဗျားနားရွက်ကို မဆွဲဘူးလား…”


ယွဲ့ကျန့်နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။ သူက မျက်လုံးမှိတ်လျက်သားဖြင့် ပြန်ဖြေသည်။

“မဆွဲဘူး…”


“အိုး…”

ယီနျိုက ခေါင်းညိတ်ကာ ခဏလောက် တွေးနေပြီးနောက် မေးလာပြန်သည်။

“ဒါပေမဲ့ ခင်ဗျားငယ်ငယ်တုန်းက ဘာကိုမှ မမှတ်မိသေးတဲ့ အချိန်မှာရော… ခင်ဗျားရဲ့အမေ နားရွက် ဆွဲရင်တောင် ခင်ဗျား သိနိုင်မှာ မဟုတ်ဘူးလေ…”


ယွဲ့ကျန့် : “…”


သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ကိုယ် ကလေးအရွယ်တုန်းက ကိစ္စကို ထည့်မတွက်ဘူး…”


“အိုး…”

ယီနျိုက ထပ်မံ ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်နှာအမူအရာမှာ ပိုပိုပြီး စိုးရိမ်လာပုံ ရသည်။


ယွဲ့ကျန့်သည်လည်း ဤသည်ကို သတိပြုမိပုံ ရသည်။ သူက မျက်လုံးများ ဖွင့်လိုက်ရကာ ပြောလိုက်သည်။

“အရှင့်သား တခြား ဘာကို သိချင်သေးလဲ… ကိုယ့်ကို မေးလို့ ရပါတယ်…”


“အိုး…”

ယီနျိုက ခေါင်းညိတ်ကာ ခဏမျှ တုန့်ဆိုင်းနေပြီးနောက် အဆုံးတွင် မေးလိုက်သည်။

“အစောက ကျွန်တော် ခင်ဗျားနားရွက်ကို ဆွဲလိုက်မိတာလေ… ဘာဖြစ်လာမှာလဲ…”


“အဲဒါက အတော်လေး ဒုက္ခများတယ်…”

ဤသို့ ပြောပြီးနောက် ယွဲ့ကျန့်က ပြုံးကာ ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ကိုယ်က အရှင့်သားကို ကိုယ့်ကို လက်ထပ်ဖို့ပဲ ပြောနိုင်တော့မယ်…”


ယီနျို  : “…”


“ကျွန်တော် မမေးခဲ့ဘူးလို့ပဲ ထား… ထားလိုက်ပါ…”

ယီနျိုက အလျင်အမြန် လှည့်လိုက်ကာ သူ့နားရွက်များမှာ နီရဲနေခဲ့သည်။


ယာဉ်ပျံက ထိန်းသိမ်းရေးစင်တာသို့ မရောက်ရှိမချင်း ယီနျိုက ဘာကိုမှ မပြောရဲတော့ပေ။


ကျုံးမင်နှင့် တွေ့ဆုံသည့်အချိန်မှာပင် သူ စကားသိပ်မပြောတော့ဘဲ မေးခွန်းမေးသည့် လုပ်ငန်းစဉ်အား ယွဲ့ကျန့်နှင့် လွှဲထားလိုက်သည်။


ကျုံးချင်းရှု၏ လုပ်ကြံခိုင်းသည့် အသံဖိုင်နှင့် ယွဲ့ကျန့်က သူ၏ အမေနှင့် ညီမလေးဖြင့် စကားပြောခွင့် ပေးလိုက်သည့်အခါ ကျုံးမင် ဝန်ခံလာစေရန် မခက်ခဲတော့ပေ။


ရှဲ့ချင်းရန် ပေးထားသည့် သက်သေက ကျုံးနှင့် မိန်အန်း မိသားစုတို့ ဖက်ဒရယ်ဖြင့် ပူးပေါင်းထားခြင်း ဟုတ်မဟုတ်ကို သက်သေပြနိုင်သည်။ သို့သော်လည်း သူတို့မှ တမင် ဒီဇိုင်းဆွဲထားသော ရှေ့တန်းမှ မက်ခါများ၏ ပြဿနာအတွက် သက်သေပြရန် မလုံလောက်ခဲ့ပေ။


ကျုံးမင်၏ ဝန်ခံခြင်းက လိုအပ်နေသည့် သက်သေအတွက် လုံလောက်သွားခဲ့သည်။


ကျုံးမင်၏ လက်ရေးစာမူ ဝန်ခံချက်အား ဖတ်ရှုပြီးနောက် ယီနျိုနှင့် ယွဲ့ကျန့်တို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဒေါသထွက်ခဲ့ရသည်။


အထူးသဖြင့် ယွဲ့ကျန့်ပင်၊ မင်းသားလေးကသာ သူ့အား အချိန်မှီ သတိမပေးခဲ့ပါက မက်ခါစစ်သည် ၁၀၀,၀၀၀ နီးပါးက စစ်မြေပြင်တွင် မြုပ်နှံခံလိုက်ရမည် ဖြစ်သည်။ သူ စိတ်မထိန်းချုပ်နိုင်စွာဖြင့် ကျုံးချင်းရှုအား မီးပန်းများကဲ့သို့ ဖောက်ခွဲပစ်ချင်ခဲ့သည်။


တစ်ဖက်တွင်၊ ရှဲ့ချင်းရန်သည်လည်း ကျုံးချင်းရှုအား တိုက်ခိုက်နေမှုကို မရပ်တန့်ခဲ့ပေ။ သူက ရေနစ်နေသည့် ခွေးအား ရိုက်နှက်ရသည်ကို ကောင်းစွာ နားလည်ထားသည်။ အသံဖိုင်အား ထုတ်လွှင့်ချိန်မှပင် သူက ကျုံးမိသားစု၏ အခွန်ရှောင်ခြင်းနှင့် ကျုံးမိသားစု၏ စက်ရုံအခွဲများတွင် အလုပ်သမားများကို ဖိနှိပ်ကာ လူများအား သတ်ခဲ့သည့်သက်သေများကို ဆက်တိုက် ထုတ်ဖော်ခဲ့သည်။


ရှဲ့ချင်းရန်က သူ့မိခင်ကိစ္စအား မထုတ်ဖော်ခဲ့ချေ။ သူထုတ်ဖော်ခဲ့သည်က ယခင်က စုဆောင်းထားခဲ့သည့် နစ်နာသူအချက်အလက်များသာ ဖြစ်သည်။ ပထမက ထိုသူများကို တရားမျှတမှု ရရှိရန် ကူညီပေးချင်ခဲ့သော်လည်း နောက်ပိုင်းတွင်...


ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ အသုံးပြုနိုင်ခဲ့သည်။


ဤသို့သော ကိစ္စများက ကျုံးမိသားစု စက်ရုံခွဲများစွာတွင် ဖြစ်ပျက်ခဲ့ပြီး ယခင်က ဖုံးဖိထားခြင်း ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင် စက်ရုံခွဲတစ်ခုစီတိုင်း၏ ပြဿနာများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ နစ်နာသူမိသားစု များစွာကလည်း အင်တာဗျူးများကို စတင်လက်ခံလာကြပြီး တစ်ဦးပြီးတစ်ဦး ဝေဖန်လာကြကာ ပြည်သူလူထု၏ ဒေါသကို အပြည့်အဝ လှုံ့ဆော်နိုင်ခဲ့သည်။


ဤသို့သော အချိန်မျိုးတွင် ကျုံးမင်၏ ဝန်ခံလာမှုက ကျုံးမိသားစုအား ဖြိုခွဲရန် နောက်ဆုံးသော ရိုက်ချက် ဖြစ်လာခဲ့သည်။


သက်သေရရှိပြီးနောက် ဧကရာဇ်မှ ဖမ်းဆီးမိန့် မချမှတ်ရသေးမီမှာပင် ယွဲ့ကျန့်က ကြယ်ပြာတွင် ရှိနေသေးသော ကျုံးဝေအား ဖမ်းဆီးခဲ့သည်။


ထို့နောက် သူတို့က အင်ပါယာမြို့တော်တွင် ဧကရာဇ်မှ ကျုံးချင်းရှုအား ဖမ်းဆီးမည်ကိုသာ စောင့်ဆိုင်းနေရန် လိုအပ်တော့သည်။


မထင်မှတ်ထားစွာဖြင့် နောက်နေ့တွင် အင်ပါယာမြို့တော်မှ ကျုံးချင်းရှု ထွက်ပြေးသွားကြောင်း သတင်းရရှိခဲ့သည်။


“ဘယ်လိုလုပ်ပြီး ထွက်ပြေးသွားရတာလဲ… အစ်ကို မစောင့်ကြည့်ထားဘူးလား…”

ယီနျိုက ဖုန်းထဲမှတစ်ဆင့် အလန်ကို ပဟေဠိဖြစ်စွာ မေးလိုက်သည်။


မင်းသားလေး၏ စကားများကို နားထောင်ပြီး ရှဲ့ချင်းရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ ဤရလဒ်အပေါ် စိတ်ပျက်သွားကြောင်း သိသာနေခဲ့သည်။


ယွဲ့ကျန့်က တည်ငြိမ်ကာ အေးဆေးနေလျက် မည်သို့မျှ အံ့အားသင့်သွားပုံ မပေါ်ချေ။


ဖုန်း၏ အခြားတစ်ဖက်တွင် အလန်က ရှက်ရွံ့စွာ ပြောလိုက်သည်။

“ဟို အရှင့်သားက အရှင်မင်းကြီးရဲ့အကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့… သူက ကျုံးမိသားစုရဲ့ ကိတ်မုန့်တုံးကြီးကို တခြားမျိုးရိုးမြင့်တွေနဲ့ ပြိုင်လုနေရတော့ မအားဘူးလေ… အဲဒီလိုနဲ့ လူအိုကြီး ထွက်ပြေးသွားတော့တာပဲ…”


ယီနျို  : “…”

အင်း… ငါ တကယ်ကို ငါ့အဖေအပေါ် မျှော်လင့်ချက် မထားခဲ့သင့်ဘူး…


“အဟမ်း… ဒါပေမဲ့ စိတ်မပူပါနဲ့ အရှင့်သား… ငါတို့ လုပ်ခဲ့သမျှက အလကား မဖြစ်ပါဘူး… မင်းကြောင့် အဘိုးနဲ့ ငါက ကံကောင်းပြီး အရှင်မင်းကြီးက ကျုံးကုမ္ပဏီကို ကိုင်တွယ်ခိုင်းတဲ့ အဖွဲ့ထဲ ရောက်သွားခဲ့တယ်လေ…”


“အဲဒါက အဓိကလားလို့…”

ယီနျိုက အနည်းငယ် ဒေါသထွက်နေကာ ပြောလိုက်သည် :

“ဒီအတွက် ကျွန်တော်တို့တွေထဲမှာ သုံးရက်သုံးညတောင် မအိပ်ရသေးတဲ့ လူတွေ အများကြီးပဲ… ရလဒ်ကကျ ကျုံးချင်းရှုက ဧကရာဇ် နှာခေါင်းအောက်ကနေ ထွက်ပြေးသွားတယ်တဲ့… သူက လူတွေ အများကြီး သတ်ထားတာ… ကျွန်တော်တို့တွေ ဘယ်လိုလုပ်ပြီး သူ့ကို ထွက်ပြေးခွင့်ပေးလို့ ရမလဲ…”


“ဒါပေမဲ့ ငါ့ကိုလည်း အပြစ်တင်လို့ မရဘူးနော်… တကယ်လို့ အရှင်မင်းကြီးသာ သူ့ကို ဖမ်းဖို့ ငါ့ကို အမိန့်ပေးထားရင် သေချာပေါက် သူ့ကို ထွက်ပြေးခွင့် ပေးမှာ မဟုတ်ဘူးလေ…”

အလန်က စိတ်ဖိစီးလျက် ပြောလိုက်သည်။


ယီနျို  : “…”

ငါ့အဖေကိုပဲ အပြစ်တင်ရမယ်…


ယွဲ့ကျန့်က ရုတ်တရက် ထလာကာ ယီနျိုဆီ လျှောက်သွားလိုက်ပြီး ဖုန်းချလိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်အေးအေးထားပါ… ကျုံးချင်းရှု ထွက်မပြေးနိုင်ပါဘူး…”


ယီနျို  : “…”


ယွဲ့ကျန့်က ပြုံးကာ ပြောလိုက်သည်။

“ကိုယ် အင်ပါယာမြို့တော်ဂြိုဟ်နဲ့ ဂလက်ဆီ ၃ အနီးနားမှာ လူတွေ ချထားတယ်… ကိုယ့်အထင်တော့ အခုလောက်ဆိုရင် သူ့ကို ဖမ်းမိလောက်ပြီ…”


ယီနျို  : “…”

[ဘောစ့်အကြီးစား တစ်ယောက်ဆိုတဲ့အတိုင်းပဲ… သူက တကယ်ကို တွေးခေါ်တတ်တယ်…]


ယွဲ့ကျန့်က မင်းသားလေး၏ ခေါင်းကို ပွတ်ပေးလိုက်ကာ တိမ်အမည်းလေးကိုလည်း ထိလိုက်သည်။


ယီနျို  : “…” 

[ဘာလို့ အမြဲတမ်း ယွဲ့ကျန့် ငါ့ခေါင်းကို ပွတ်ပေးတိုင်း အရမ်း သက်တောင့်သက်သာ ရှိရတာလဲ…]


ယွဲ့ကျန့်  : “…” 


သူက အတွေးများဖြင့် သူ့အား ကပ်ချွဲကာ ပွတ်သပ်နေသည့် တိမ်အမည်းလေးအား ကြည့်လိုက်သည်။


*


ကျုံးချင်းရှုက အလျင်အမြန် ထွက်ပြေးလာခဲ့ကာ သူ့သားနှင့် ချစ်သူတို့ အကြောင်းကို တွေးမနေချေ။


သူက ကျုံးမိသားစု၏ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်လာသည့် အုတ်မြစ်ကို ဖျက်ဆီးမိလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့မိပေ။


လွန်ခဲ့သော သုံးရက်ကမှ သူက လူတိုင်း လေးစားရသည့် ကျုံးမိသားစု ခေါင်းဆောင် ဖြစ်နေခဲ့သေးသည်။ သို့သော် သုံးရက်ကြာပြီးသည့်နောက် သူက လမ်းဖြတ်ကူးနေသည့် ကြွက်တစ်ကောင်နှင့်ပင် တူနေသေး၏။ လူတိုင်းက သူ့အား ကပ်ရောဂါကဲ့သို့ပင် ရှောင်ကြဉ်နေကြကာ ယခင်က မဟာမိတ်များကလည်း သူ့မိသားစု၏ အမွေအနှစ်များကို ခွဲဝေရင်းဖြင့် အလုပ်များနေကြသည်။


ဤအရာများအားလုံး သုံးရက်သာ ကြာမြင့်ခဲ့သည်။


မဟုတ်သေးပေ၊ အတိအကျ ဆိုရပါက လွန်ခဲ့သော တစ်ရက်ခန့်ကပင် ဤအရေးအား သူ အလေးမထားမိသေးပေ။ သို့သော်လည်း ၂၄နာရီအတွင်းမှာပင် သူ့ဘဝကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရသည်။


မင်းသားလေးယီနျို… သူ့နောက်မှာ ဘယ်သူ ရှိနေတာလဲ… မက်ခါမှာ ပြဿနာရှိနေတာကို သူက ဘယ်လိုလုပ်ပြီး သိနေတာလဲ… ပြီးတော့ သူက ဘယ်လိုလုပ်ပြီး ရှဲ့ချင်းရန်ကို တိတိကျကျ ရှာနိုင်ရတာလဲ… ဘာလို့လဲ…


ကျုံးချင်းရှုက ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။


အကယ်၍ ယီနျိုသာ သူ မည်သည်ကို တွေးနေသည်အား သိခဲ့ပါက ‌ရိုးသားစွာဖြင့် ဤသို့ပြောပြလိမ့်မည် ။

အရာအားလုံးက ဇာတ်လိုက်ရောင်ဝါရဲ့ လမ်းပြမှုကြောင့်ပါ…


သို့သော် ကျုံးချင်းရှုက ဤအကြောင်းအား သိဖို့ရန် ကံမပါလာပေ။ ယခုအချိန်တွင် သူက ဂလက်ဆီ ၃ ကို သွားမည့် သင်္ဘောပေါ်၌ ထိုင်နေကာ မိန်အန်းမိသားစုခေါင်းဆောင်အား ဖုန်းခေါ်လိုက်သည်။


“မစ္စတာမိန်အန်း ကျွန်တော် ခင်ဗျားရဲ့ ခြိမ်းခြောက်မှုကြောင့် ကျုံးမင်ကို စနစ်ကို အဆင့်မြှင့်ခိုင်းလိုက်ရတာနော်… ကျွန်တော်တို့တွေက ကြိုးတန်းပေါ်က ဓားခုတ်ကောင်တွေပဲဟာ… ခင်ဗျား ကျွန်တော့်ကို လျစ်လျူရှုလို့ မရဘူးနော်…”

ကျုံးချင်းရှုက ခြိမ်းခြောက်လိုက်သည်။


လက်ထဲတွင် ဝိုင်နီတစ်ခွက်ကိုင်ထားသည့် ဂြိုဟ်စားမင်းက သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး ခင်ဗျား မှားနေပြီ… အင်ပါယာနဲ့ မိသားစုကို သစ္စာဖောက်တာက ခင်ဗျားလေ… ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး… ခင်ဗျားက ကျွန်တော် ခြိမ်းခြောက်ခဲ့တယ်လို့ ပြောတယ်နော်… ဒါပေမဲ့ ခင်ဗျားမှာ သက်သေရှိလို့လား…”



🧜🧜🧜