🧜 အခန်း ၂၂
ငါက ကံကြမ္မာရဲ့ သားတော်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ
ရှဲ့ချင်းရန်က လူထုအမြင်အား အသုံးချသည့်နေရာတွင် ထူးချွန်သူပင်။ ထိန်းသိမ်းရေးစင်တာမှ ထွက်ခွာခဲ့ပြီးနောက် သူက စားလည်း မစားသလို၊ အိပ်လည်း မအိပ်ပေ။ သူက ချက်ချင်းပင် ယွဲ့ကျန့်နှင့် ယီနျိုတို့ ပေးအပ်ထားသော လူအင်အားကို စီမံကာ အသေးစိတ် အစီအစဉ် ရေးဆွဲခဲ့သည်။
ထို့ကြောင့် ကျုံးချင်းရှုဘက်မှ မလှုပ်ရှားရသေးခင်တွင် အင်တာနက်ပေါ်၌ ကျုံးမိသားစုအား မေးခွန်းထုတ်ထားသော ဆောင်းပါးတစ်ခု ထွက်ပေါ်လာသည်။
ဆောင်းပါးက ရိုးရှင်းသည့် စွပ်စွဲချက်တစ်ခုမျှသာ မကဘဲ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဇာတ်လမ်းမျိုးနှင့် တူသည်။ ဆောင်းပါးထဲတွင် ကျုံးချင်းရှုက ခွေးသွေးသမိုင်းကြောင်းများနှင့်အတူ မည်သို့ မိသားစုခေါင်းဆောင် ဖြစ်လာပုံဖြင့် စတင်ထားသည်။ ကျုံးမိသားစုခေါင်းဆောင်ဟောင်း၏ တရားမဝင်သားတစ်ယောက်အနေဖြင့် သူ့အမေနှင့် ပူးပေါင်းကာ သူ၏ အစ်ကိုဖြစ်သူအား သတ်ဖြတ်ခဲ့ပြီး သူ့ဇနီးနှင့် သားကို စွန့်ပစ်ကာ အဆင့်အတန်းမြင့်သည့် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့ပြီးနောက် တစ်ဆင့်ချင်းဖြင့် ကျုံးမိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်။
ထို့နောက် ဆောင်းပါးရေးသူက ရုတ်ချည်း ဖောင်တိန်အား ပြောင်းလိုက်ပြန်ကာ* ကျုံးမိသားစု၏ သင်္ဘောကြီး နစ်မြုပ်တော့မည်ဖြစ်သည်ကြောင့် စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်ပြန်သည်။
(T/N : အကြောင်းအရာ ပြောင်းလိုက်တာပါ )
ထို့နောက် ဆောင်းပါးက ကျုံးချင်းရှု၏ ရည်မှန်းချက်များ မည်မျှ မြင့်မားလာကြောင်း ပြောထားပြန်သည်။ သူ၏ လောဘများကို အတောသတ်ရန် ခက်ခဲသောကြောင့် စစ်ပွဲမှတစ်ဆင့် ဝင်ငွေရှာရန် အကြံရခဲ့သည်။ ထို့ကြောင့် သူက ဂလက်ဆီ ၃မှ ဂြိုဟ်စားမင်းနှင့် ဖက်ဒရယ်တို့ဖြင့် ပူးပေါင်းကြံစည်ခဲ့သည်။
Zစီးရီးမက်ခါများတွင် ပြဿနာရှိခဲ့ခြင်းမှာ မတော်တဆ မဟုတ်ပေ။ ကျုံးချင်းရှုက ဤသည်ကို ယခင်ကတည်းက သိထားပါသော်လည်း ပိုက်ဆံရှာရန်နှင့် ဂလက်ဆီ၃နှင့် ဖက်ဒရယ်ဖက်မှ ပေးသော အကျိုးအမြတ်များကို စားသုံးရန်အတွက် အင်ပါယာကို စွန့်ပစ်ခဲ့သည်။ သူက အချက်အလက်များကို ဖုံးကွယ်ခဲ့ရုံသာမက ရှေ့တန်းတွင် ရှုံးနိမ့်ကြစေရန် တမင်ရည်ရွယ်၍ စနစ်ကို အဆင့်မြှင့်တင်ခဲ့သည်။
ပြည်သူလူထုက ချမ်းသာပြီး အင်အားကြီးသည့် မိသားစုများ၏ ခွေးသွေးဇာတ်လမ်းများကို ကြည့်ရှုရသည်အား ကြိုက်နှစ်သက်ကြပြီး လျှို့ဝှက်အကြံအစည်များကို ပို၍ပင် ကြိုက်နှစ်သက်ကြသေးသည်။ ဤဆောင်းပါးက အစပိုင်းကတည်းကပင် လူတိုင်း၏ စိတ်အား သိမ်းပိုက်ထားနိုင်ခဲ့ပြီး လျှို့ဝှက်အကြံအစည်ကို တစ်လွှာချင်း ခွာချပြခဲ့သည်။ ဇာတ်လမ်းက စိတ်လှုပ်ရှားဖွယ်ကောင်းကာ ဗရုတ်သုတ်ခဆန်ပြီး နောက်ဆုံးရိုက်ချက်က လက်ရှိပြဿနာများကို ဖော်ညွှန်းထားခြင်းပင်။
အစပိုင်းတွင် လူများက စိတ်လှုပ်ရှားစွာဖြင့် ဖတ်ရှုနေခဲ့ကြသော်လည်း ဖတ်ရှုပြီးနောက်တွင်မူ ‘ချီးပဲ ဒါက ဒီလိုကိုး’ ဟူသည့် ခံစားချက်များ ရလာခဲ့ကြသည်။
ဤသို့သောပိုစ့်များက မကြာခဏဆိုသလို ကျွမ်းကျင်သူများ၏ သတင်းနှင့် တင်ပြချက်များထက်ပင် ပို၍ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့်နှင့် ပြန့်နှံ့တတ်ကြသည်။ နောက်ကွယ်တွင် ရှဲ့ချင်းရန် ရှိနေသောအခါ ဆောင်းပါးက အင်တာနက်တခွင် အလျင်အမြန် ပြန့်နှံ့သွားပြီး အဓိကပလက်ဖောင်းများတွင် ပြန်လည် တင်ပြထားတော့သည်။
[သေစမ်း… ဒီပိုစ့်ထဲက အရာအားလုံး အမှန်ပဲလား… ကျုံးချင်းရှုက တကယ်ပဲ သူ့ဇနီးနဲ့ ကလေးတွေကို ပစ်ထားခဲ့တာပေါ့… ရှေ့တန်းကို တမင်သက်သက် ပြဿနာရှိနေတဲ့ မက်ခါတွေကို ရောင်းခဲ့သေးတယ်… ဖက်ဒရယ်နဲ့လည်း ပူးပေါင်းခဲ့တယ်ပေါ့…]
[ဒါက အမှန်တွေ ဖြစ်လိမ့်မယ်… မင်းသားလေးက မက်ခါပြဿနာကို စစ်ဆေးနေတာပဲ မဟုတ်လား…]
[ဒါက ကြယ်တာရာခေတ်ကြီးပါဟ… ဘယ်လိုလုပ်ပြီး ကျုံးချင်းရှုက သူ့မိန်းမနဲ့ ကလေးတွေကို ပစ်ထားခဲ့တဲ့အကြောင်း မသိတဲ့သူတွေ ရှိနေကြသေးတာလဲ… ဒါက အမှန် မဟုတ်ဘူးမလား…]
[သေစမ်း… အဲဒီ ဂြိုဟ်စားမင်းဆိုတာ ဘယ်သူ့ကို ပြောတာလဲ…]
[မေးဖို့တောင် လိုနေသေးလို့လား… ဂလက်ဆီ ၃မှာ ဂြိုဟ်စားမင်း ဘယ်နှယောက် ရှိလို့လဲ…]
[ဒီပိုစ့်က အရမ်းကို ရဲတင်းလွန်းတယ်… ဒါက ကျုံးနဲ့ မိန်အန်း မိသားစုတွေက အင်ပါယာကို သစ္စာဖောက်ထားတယ်ဆိုပြီး တိုက်ရိုက် ပြောလိုက်တာပဲ မဟုတ်လား…]
[မဟုတ်ဘူး… ပိုစ့်ထဲမှာ သူတို့တွေက သံသယ ရှိတယ်လို့ ပြောတယ်… သံသယ…]
[‘သံသယ’ဆိုတဲ့ စကားလုံးက တာဝန်ယူရမဲ့ အရေးကို ရှောင်ဖို့ သုံးထားမှန်း အသိအသာကြီးလေ… စာရေးတဲ့သူက အတွင်းလူပဲ ဖြစ်ရမယ်…]
ကျုံးချင်းရှုက ဆောင်းပါးအကြောင်း သိသွားသည့်အချိန်တွင် အင်ပါယာ တစ်ခုလုံးအတွင်းမှ လူတိုင်းနီးပါး သိပြီးကြလေပြီ။
သူက အလွန်ကို ဒေါသဖြစ်သွားကာ ဆောင်းပါးကို ချက်ချင်းဖျက်ရန် အမိန့်ပေးခဲ့သော်လည်း လုံးဝကို မဖယ်ရှားနိုင်ခဲ့ပေ။ အဆုံးတွင် သူက မင်းသားလေးမှာ အရည်အချင်း မရှိဘဲ မည်သည်ကိုမှ ရှာမတွေ့နိုင်ခဲ့သောကြောင့် ဇာတ်လမ်းများ ဖန်တီးကာ သူ့အား အကွက်ချခြင်းဖြစ်ကြောင်း စာတင်ခဲ့သည်။
ရလဒ်အနေဖြင့် ထိုစာထွက်ပေါ်လာသည်နှင့် ရှဲ့ချင်းရန်က တစ်စုံတစ်ယောက်အား ကျုံးချင်းရှုမှ ကျုံးမင်အား နှုတ်ပိတ်ရန် ကျုံးဝေကို ညွှန်ကြားနေသည့် အသံဖိုင်အား ထုတ်လွှင့်ခိုင်းလိုက်သည်။
ပြည်သူလူထုများ : အိုးးးး… … …
[ဇာတ်လမ်းတွေ ဖန်တီးတယ်တဲ့လား… ဖန်တီးထားတယ်ဆိုရင် ဘာလို့ လူသတ်နေရတာတုန်း…]
[သူ အလျင်လိုနေရှာပြီ… သူ အလျင်လိုနေရှာပြီ…]
[တစ်ယောက်ယောက်ကို သတ်ပြီး မင်းသားလေးအပေါ် အပြစ်ပုံချဖို့ လုပ်တာက အရမ်းကို အရှက်မရှိတာပဲ...]
[သူက မင်းသားလေးကို စစ်ဆေးရေးအဖွဲ့ထဲကနေ ရပ်ဆိုင်းဖို့ ပါလီမန်အဖွဲ့ကို တွန်းအားပေးချင်လိုက်သေးတယ်… မင်းသားလေးရဲ့ ရုပ်ရည်သီးသန့် ပရိသတ်အနေနဲ့ ငါ လက်မခံနိုင်ဘူး…]
[သူက ဘာထင်နေတာလဲ… ပါလီမန်အဖွဲ့ကို သူ့မိသားစုဝင်တွေ လည်ပတ်ပေးနေတာ မလို့လား…]
[ကျုံးချင်းရှုက တကယ့်ကို ဥပဒေမရှိတဲ့သူပဲ… သူ့ကို ချက်ချင်းဖမ်းဆီးဖို့ ပြင်းပြင်းထန်ထန် ဆန္ဒပြုပါတယ်…]
ယွဲ့ကျန့်နှင့် ရှဲ့ချင်းရန် ထင်ထားသည့်အတိုင်းပင်၊ ကျုံးချင်းရှုက အရင်ဆုံး လူထုထံမှ ‘ပြစ်တင်ရှုံ့ချ’ခံလိုက်ရပြီး နောက်ပိုင်း သူမည်သည်ကို ပြောနေပါစေ အလွယ်တကူ ယုံကြည်ကြတော့မည် မဟုတ်ပေ။
အရေးအကြီးဆုံးအရာမှာ လူထု၏ ကျုံးမိသားစုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းတွင် ပါဝင်မိသွားမည်ကို ရှောင်ကြဉ်ရန် ကျုံးမိသားစုနှင့် လက်တွဲထားသော မျိုးရိုးမြင့်များနှင့် ဘဏ္ဍာရေးလုပ်ငန်းကြီးများက သူတို့နှင့် ဆက်ဆံရေးအား ဖျက်သိမ်းကြလိမ့်မည်။
ရည်ရွယ်ချက်များကြောင့် လက်တွဲထားကြသော မဟာမိတ်များက သဘောထားကွဲလွဲမှုများဖြင့် တဖြည်းဖြည်း ပြိုကွဲလာကြလိမ့်မည်။ မပြိုကွဲမီတွင်ပင် ပြိုလဲသွားသည့် လူများ၏ အရိုးများကို ချနင်းကာ သူတို့၏ ပိုင်ဆိုင်မှုများကို ခွဲဝေကြလိမ့်မည်။
ကျုံးမိသားစုက ထိုအဆင့်အထိ မရောက်ရှိသေးသော်လည်း သူတို့နှင့် လက်တွဲထားသည့် အချို့သော မိသားစုများက စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ယီနျိုက နှစ်ရက်နှင့် တစ်ညကြာသည့်တိုင်အောင် အလုပ်များနေခဲ့ပြီး မအိပ်ခဲ့ပေ။ ကြီးမားသည့် တာဝန်များအား ရှဲ့ချင်းရန်ဆီသို့ ပေးပြီးသည့်နောက် သူ့အခန်းဆီ ပြန်သွားကာ မအိပ်ခင်တွင် အမြီးအား ရေထဲ၌ စိမ်ချင်ခဲ့လိုက်သေးသည်။ သို့သော်လည်း မထင်မှတ်ထားစွာပင် သူက ရေချိုးကန်ထဲတွင်ပင် အိပ်ပျော်သွားတော့သည်။
သူ နိုးလာချိန်တွင် သူ့ခန္ဓာကိုယ်က အနည်းငယ် ကိုက်ခဲနေခဲ့သည်။ သူ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဖွင့်ကြည့်လိုက်ချိန်တွင် သူ၏ ဝမ်းကွဲအစ်ကိုထံမှ ဖုန်းခေါ်ဆိုမှုများစွာကို တွေ့လိုက်ရသည်။
ယီနျိုက ပြန်လည် ခေါ်ဆိုလိုက်ပြီး သူ မည်သည်ကိုမှ မပြောရသေးခင်တွင် သူ့ဝမ်းကွဲအစ်ကို ညည်းညူလာသည်အား ကြားလိုက်ရသည်။
“ငါ့ရဲ့ ဘိုးဘေးလေး… ဘာလို့များ အသံဖိုင်ကို လိုင်းပေါ်ကို တိုက်ရိုက်ကြီး တင်လိုက်ရတာလဲကွာ… မင်းကို ဒီအသံဖိုင် ရအောင် ယူပေးဖို့အတွက်နဲ့ ငါ့ကို ကျုံးမိသားစုက ဘိုးတော်ကြီး ရှာတွေ့တော့မလို ဖြစ်ခဲ့တာ သိရဲ့လား… ဖမ်းမိသွားလို့ကတော့ မင်းရဲ့ဝမ်းကွဲအစ်ကိုက အမှုန့်ဖြစ်တဲ့အထိ အရိုက်ခံရတော့မှာ…”
“အစ်ကို ဘယ်လိုသိတာလဲ…”
ယီနျိုက အလွန် အံ့ဩသွားသည်။ ရှဲ့ချင်းရန်အား ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယီနျိုမှာ သူ့ဝမ်းကွဲအစ်ကိုနှင့် စကားပြောရန် စိတ်အခြေအနေ မရှိသေးချေ။ သူက တိုက်ရိုက်ပင် ဖုန်းချလိုက်ကာ အဝတ်အစားအချို့ ဝတ်ဆင်ပြီး ရှဲ့ချင်းရန်နှင့် တွေ့ရန် သွားလိုက်သည်။
ယွဲ့ကျန့်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး သူစေလွှတ်ခဲ့သည့် လူများက ရှဲ့ချင်းရန် ဖွက်ထားသော သက်သေကို ရရှိပြီး ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့်၊ ကျုံးမင် ဝန်ခံလာပါက ကျုံးချင်းရှုအား အင်ပါယာမြို့တော်ဂြိုဟ်တွင် တရားဝင် ဖမ်းဆီးနိုင်ပြီ ဖြစ်သည်။
ကျုံးမင်၏ အမေနှင့် ညီမလေးအတွက်က ယီနျိုမှ သူ၏ ဝမ်းကွဲအစ်ကို အလန်အား ရှဲ့ချင်းရန် ပြောသည့်နေရာတွင် ကြေးစားများ လွှတ်ထားပေးရန် ပြောလိုက်သည်။ ထိုလူနှစ်ယောက်အား ကျုံးချင်းရှုလက်မှ ကယ်တင်လိုက်နိုင်သရွေ့ ကျုံးမင် ထုတ်မပြောမည်ကို မကြောက်တော့ပေ။
ထိုသို့ တွေးပြီးနောက် ယီနျိုမှာ အံ့အားသင့်သွားရလေသည်။ သူက အိပ်နေရုံဖြင့် ကိစ္စအများစုအား ဖြေရှင်းပြီးသွားပြီပင်။
ဒါက ဇာတ်လိုက်ရောင်ဝါကြောင့်များ ဖြစ်နေမလား…
သူ မနေနိုင်ဘဲ သက်ပြင်းချမိတော့သည် -
[ငါ အပြင်ထွက်လိုက်တာနဲ့ ဂုဏ်သရေကြီး ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရတယ်… ဘော့စ်အကြီးစားတွေကလည်း ငါ့ကို ကူညီနေကြတယ်… ဒီကိစ္စက ခက်ခဲတယ် ထင်ရပေမဲ့ သုံးရက်တည်းနဲ့ ဖြေရှင်းလို့ ပြီးသွားတယ်… ဇာတ်လိုက်ရောင်ဝါကြောင့်သာ မဟုတ်ရင် ဘာကြောင့် ဒီလောက် ထိရောက်မှု ရှိနေမှာလဲ…]
[အားယား… ငါလေးက ကံကြမ္မာရဲ့ သားတော်ဖြစ်ဖို့ တကယ့်ကို ထိုက်တန်တာပဲ…]
ယွဲ့ကျန့် : “…”
စိတ်ကယောင်ချောက်ချားရောဂါက ပိုပိုပြီး ဆိုးလာနေတော့တာပဲ…
×××××
ရှဲ့ချင်းရန် ပေးသည့် သတင်းများက အလွန်ကို တိကျသည်။ အလန် စေလွှတ်ခဲ့သော ကြေးစားများက သူ ကျုံးမင်၏ အမေနှင့် ညီမလေး ရှိနေလိမ့်မည်ဟု ပြောသော နေရာတွင် အလျင်အမြန် ရှာတွေ့ခဲ့သည်။ ကျုံးချင်းရှု၏ ကျုံးမင်ကို သတ်ရန် ခိုင်းစေနေသည့် အသံဖိုင်က အမေနှင့် ညီမကို သူတို့နှင့် လိုက်ခဲ့ပါရန် ဖျောင်းဖျနိုင်ခဲ့သည်။
အလန်က ကျုံးမင်၏ အမေနှင့် ညီမလေးအား လျင်မြန်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ယီနျို သိလိုက်ရချိန်တွင် သူက ဖုန်းခေါ်ကာ ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို ဒီတစ်ခေါက် တကယ့်ကို ကြီးကြီးမားမား အကျိုးပြုခဲ့တာပဲ…”
အလန်က အနည်းငယ် ရှက်ရွံ့နေခဲ့ကာ တီးတိုးပြောလိုက်သည်။
“တကယ်တော့ ငါတစ်ယောက်ပဲ နာမည်ကောင်း ရသင့်တာ မဟုတ်ဘူး… အဘိုးက ငါ မင်းကို ကူညီနေမှန်း သိလို့ ငါ့ကို လူတွေ ငှားပေးလိုက်တာ…”
“အဘိုးကလား…”
ယီနျို အံ့ဩသွားသည်။
ယီနျို မှတ်မိသည်က သူ၏မယ်တော်နှင့် ဦးရီးတော်တို့ သေဆုံးသွားပြီးကတည်းက သူ့အဘိုးဖြစ်သူ ဒဲလန်နယ်စားမင်းက ပြင်ပကိစ္စများကို သိပ်ပြီး ဝင်မစွက်ဖက်တော့ပေ။
“အဘိုးက အရမ်း ပျော်နေတာ… သူက ပြောတယ် အရှင့်သားက… နောက်ဆုံးတော့ ကြီးပြင်းလာပြီတဲ့…”
အလန်က ဆက်ပြီး တီးတိုးပြောလိုက်သည်။
ယီနျို : “…”
ငါက အစကတည်းက ကြီးနေပြီလေ… ငါ အရွယ်ရောက်လာတာဖြင့် လပိုင်းလောက်တောင် ကြာပေါ့…
“အဘိုးက အရမ်း ကျေနပ်ပြီး စိတ်သက်သာရာ ရနေတာ… သူက ပြောတယ်… အရှင့်သားက နောက်ဆုံးတော့ ရည်မှန်းချက်တွေ ရှိလာပြီး ကိစ္စတွေကို ဆောင်ရွက်နေပြီတဲ့… အရှင့်သားသာ ဒီလို စိတ်ဓာတ်မျိုး ရှိနေသရွေ့ ဒဲလန်မိသားစုက မီးကုန်ယမ်းကုန် ကူညီပေးနေမှာတဲ့…”
အလန်က အတတ်နိုင်ဆုံး အသံကို လျှော့ထားသော်လည်း သူ၏ စိတ်လှုပ်ရှားနေမှုအား မဖုံးကွယ်နိုင်ခဲ့ပေ။
အလန်၏ အဒေါ်(ယီနျို့အမေ) ဘုရင်မ ဒဲလန် သေဆုံးသွားပြီးကတည်းက ဒဲလန်မိသားစုက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး အတော်လေး ကျဆင်းသွားခဲ့ရသည်။ အကယ်၍ သူ၏ ဝမ်းကွဲလေးသာ ထိုနေရာကို ရခဲ့ပါက… ဒဲလန်မိသားစုက သေချာပေါက် သူ့ဝမ်းကွဲလက်ထဲ၌ ပြန်လည် မြင့်တက်လာလိမ့်မည်။
ယီနျို : “အာ…”
ဒါက ဇာတ်လိုက်ရောင်ဝါကြောင့် ရရှိလာတဲ့ ယုံကြည်မှုတွေလို့ ပြောလို့ရပါ့မလား…
“စကားမစပ် အရှင့်သား… ငါ ကြားတာတော့ အခု မင်းနဲ့ ယွဲ့ကျန့်တို့ ဆက်ဆံရေး ကောင်းနေကြတယ်ဆို… သူ့ကို ကိုယ့်ဘက် ဆွဲထားနိုင်တာက ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့ ဒီကိစ္စအတွက် မင်းကိုယ်တိုင်တော့ မပါသင့်ဘူးလေ… အရှင့်သား မှတ်ထားရမှာက တကယ်လို့ မင်းတို့သာ အတူတူ နေကြမယ်ဆိုရင် သူ့ကိုပဲ မင်းရဲ့ မိသားစုထဲကို ဝင်ခိုင်းရမယ်နော်… အရှင့်သားက သူ့မိသားစုထဲ ဝင်ရမှာ မဟုတ်ဘူး… မင်းသားတစ်ပါးက အဝေးကို လက်ထပ်သွားပြီဆိုရင် ထီးနန်းကို ဆက်ခံဖို့ အတော်လေး ခက်ခဲသွားပြီ…”
အလန်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“အာ…”
ယီနျိုက ခဏလောက် ဆွံ့အသွားပြီး သူ့မျက်နှာတွင် အနက်ရောင် လိုင်းများပေါ်လာသည်။
“ဘာတွေတွေးနေတာလဲ… ကျွန်တော် သေသွားရင်တောင်မှ သူ့ကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူးနော် ဟုတ်ပြီလား…”
သူ ပြောပြီးပြီးချင်းမှာပင် သူ့နောက်မှ ယွဲ့ကျန့်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“အရှင့်သား ဘယ်သူ့ကို လက်ထပ်လို့ မဖြစ်တာလဲ…”
ယီနျို : “…”
[ချီးပဲ… သူက ကြောင်လားဟ… ဘာလို့ သူလမ်းလျှောက်ရင် အသံမထွက်ရတာလဲ…]
လက်ရှိ ယီနျိုသာ ရေသူဖြစ်နေပါက သူ့အမြီးဖျားလေးက ထိတ်လန့်မှုကြောင့် ဖြောင့်တန်းနေပေလိမ့်မည်။
ယွဲ့ကျန့်က အနည်းငယ် စိတ်ရွှင်နေပြီး တွေးလိုက်သည်။
မင်းသားလေးကသာ ကြောင်နဲ့ ပိုတူတာ… ကြောင်တွေက ငါးကို ကြိုက်တယ်လေ… တရုတ်ရာသီခွင်ထဲမှာ ကြောင်မပါတာ နှမြောစရာပဲ…
“အဟမ်း…”
ယီနျိုက အလျင်အမြန် အသိဝင်လာသည်။ ရှက်ရွံ့မနေစေရန်အတွက် သူက ရိုးရှင်းစွာပင် ယွဲ့ကျန့် ပြောသည်အား မကြားသလို ဟန်ဆောင်ကာ ပြောလိုက်သည်။
“အင်း… ကျုံးမင် အမေနဲ့ ညီမလေးကို ကယ်တင်ပြီးသွားပြီ… ကျုံးမင်ကို ထပ်ပြီး သွားမေးကြည့်ကြတော့မလား…”
ယွဲ့ကျန့်မှာ မပြုံးဘဲ မနေနိုင်စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ…”
ယီနျိုက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ တွေးလိုက်သည် :
ငါ သူ့ကို အရူးလုပ်လိုက်ပြီ…
သို့သော်လည်း သူ တွေးပြီးပြီးချင်းမှာပင် ယွဲ့ကျန့်က ရုတ်ချည်း အနားကပ်လာခဲ့သည်။
ယီနျိုက လန့်သွားပြီး လှောင်အိမ်ထဲမှ ကြောက်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် သတိကြီးကြီး ထားလိုက်သည်။
ယီနျို၏ ပုံရိပ်လေးက ယွဲ့ကျန့်၏ မှင်ရည်ရောင် မျက်ဆံများထဲတွင် အလင်းပြန်နေပြီး ယွဲ့ကျန့်က မသဲမကွဲအသံဖြင့် သူ့နားနားကပ်ကာ ပြောလိုက်သည်။
“အရှင့်သားက လက်ထပ်ချင်နေပြီလား…”
ယီနျို : “…”
[ငါ ရူးနေတာလား ဒါမှမဟုတ် သူပဲ ရူးနေတာလား… ငါက ဘယ်သူ့ကို လက်ထပ်ရမှာလဲ… မဟုတ်သေးပါဘူး ဘာလို့ ငါက လက်ထပ်ရမှာလဲ… ငါက တစ်ယောက်ယောက်ကို လက်ထပ်လို့ မရနိုင်လို့လား… မဟုတ်သေးပါဘူး ပြောချင်တာက ဒါက သူနဲ့ ဘာဆိုင်လို့လဲ…]
ယွဲ့ကျန့်က စကားမပြောသော်လည်း လက်မြှောက်ကာ ယီနျို၏ ကော်လံအား ဆန့်ပေးလိုက်သည်။
🧜🧜🧜