Chapter 21
Viewers 2k

🧜 အခန်း ၂၁

ယွဲ့ကျန့်က လူကောင်းတစ်ယောက်ပဲ…



သိသာစွာပင် ရှဲ့ချင်းရန်၏ ဒဏ်ရာများက အရေပြား အပေါ်ယံ ဒဏ်ရာများသာ ဖြစ်သည်။ ဒဏ်ရာများက ပြင်းထန်ပုံပေါ်သော်လည်း ဆေးကုသခွင့် ယူရန်အထိ မလုံလောက်နေပေ။


ယီနျိုက ယွဲ့ကျန့်မှာ အခြေစိုက်စခန်းတွင် ဩဇာအာဏာ ကြီးမားကြောင်း သိထားပြီးဖြစ်သည်။ သို့သော်လည်း ယွဲ့ကျန့်က စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာသူဖြစ်ပြီး စည်းကမ်းချိုးဖောက်သည်မှာ ရှားပါးလှကြောင်းလည်း သိထားသည်။


ဥပမာအားဖြင့် ယွဲ့ကျန့်က မစ္စတာဟော်၊ ကျုံးမင်နှင့် အခြားသူများကို မည်မျှပင် မုန်းတီးစက်ဆုပ်နေပါစေ၊ ထိုသူတို့အား ကိုယ်ရေးကိုယ်တာအားဖြင့် ဒုက္ခပေးခြင်းမျိုး မရှိခဲ့ပေ။ ထို့အစား သူက ထိုသူများကို စည်းမျဉ်းစည်းကမ်းအတိုင်း သက်ဆိုင်ရာဌာနများဆီ အပြစ်ခံယူရန် လက်လွှဲပေးခဲ့သည်။


သို့သော်လည်း ယခုတစ်ကြိမ်တွင်…


ယီနျိုက အတွေးမများဘဲ မနေနိုင်တော့ပေ။ 

ယွဲ့ကျန့်က ဘာလို့ ဒီလိုလုပ်ရတာလဲ…


မှန်ပေသည်၊ ယွဲ့ကျန့်သည်လည်း ရှဲ့ချင်းရန်က ထိုမျှအထိ မထိခိုက်ထားကြောင်း သိထား၏။ မင်းသားလေး၏ သံသယများကို မြင်သည့်အခါ သူက ရှဲ့ချင်းရန် မျက်နှာပေါ်မှ ဒဏ်ရာများကို ကြည့်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။

“သူ့အခြေအနေက နည်းနည်းလေးတော့ မပြည့်မီသေးဘူး… ဒါပေမဲ့လည်း သူ နောက်ထပ် အရိုက်ခံလိုက်ရင် အဆင်ပြေသွားပြီမလား…”


ယီနျို : “…”


ရှဲ့ချင်းရန် : “…”


ယခုတွင်မူ ဗိုလ်ချုပ်ယွဲ့က သူ့အပေါ် ရန်လိုနေကြောင်း သေချာသွားပြီပင်။


ယွဲ့ကျန့်က စနောက်နေခြင်းပင်။ သူ့ထံ၌ အခြေစိုက်စခန်းအပြင်ဖက်မှ ကိစ္စများကို အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ သို့သော်လည်း ကျုံးမင်က ရှဲ့ချင်းရန်အား စစ်စခန်းအကျဉ်းထောင်ထဲ ထည့်ထားသည်မှာ ကောင်းသည့်ကိစ္စပင် ဖြစ်တော့သည်။


စစ်စခန်းအကျဉ်းထောင်ထဲမှ တစ်စုံတစ်ယောက်အား ခေါ်ထုတ်သွားရန် ဆိုသည်မှာ ယွဲ့ကျန့်အတွက် လွယ်ကူသည့် ကိစ္စပင်။ ၎င်းက သူ၏ ကိုယ်ပိုင်စံနှုန်းများနှင့် အတော်လေး မကိုက်ညီနေသော်လည်း…


ဟား… ဒါကို ကျုံးမိသားစုကို စစ်ဆေးမဲ့ ကိစ္စနဲ့ သက်ဆိုင်နေလို့ဆိုပြီးပဲ သတ်မှတ်ထားလိုက်တော့မယ်…


ယွဲ့ကျန့်က ကူရာကယ်ရာမဲ့စွာဖြင့် ထရပ်လိုက်ကာ ယီနျိုခေါင်းပေါ်မှ တိမ်တိုက်အမည်းလေးအား ထိလိုက်ပြီး ပြောလိုက်သည်။

“အရှင့်သား ခဏလောက် စောင့်ပေးပါ… ကိုယ် လုပ်ဖို့ လိုအပ်တဲ့ ကိစ္စတွေ သွားလုပ်လိုက်ဦးမယ်…”


တိမ်တိုက်အမည်းလေးက ကလေးဆိုးလေးကဲ့သို့ သူ့အား ချွဲနွဲ့စွာဖြင့် ပွတ်သပ်လိုက်ပြီး အိပ်ငိုက်နေသလိုမျိုး ယီနျို၏ ခေါင်းပေါ်တွင် တိတ်တဆိတ် မျောလွင့်နေခဲ့သည်။


ယွဲ့ကျန့်က ဤတိမ်မည်းလေးက မင်းသားလေးထက်ပင် ချစ်စရာကောင်းကြောင်း ခံစားလိုက်ရသည်။ ထိုသို့ တွေးလိုက်ပြီး သူ့ဆံပင်က မည်သည့်နေရာတွင် ကွေးနေကြောင်း မေ့နေခဲ့၏။


ယီနျိုက အကောင်းနှင့်အဆိုးကို မခွဲခြားနိုင်သည့် သူမဟုတ်ပေ။ ယွဲ့ကျန့်က သူ့အား ကူညီနေသည်ကို အမှန်တကယ် မြင်နိုင်ရာ လှည့်ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။


ကျေးဇူးတင်လိုက်ပြီးနောက် သူ့ရင်ထဲတွင် သက်ပြင်းတစ်ခု ချလိုက်ရသည် -


[ယွဲ့ကျန့်က မယုတ်မာသေးတဲ့အချိန်တုန်းက လူကောင်းတစ်ယောက် ဖြစ်ခဲ့တာပဲ… အားယားးး နှမြောစရာကောင်းလိုက်တာနော်… ]


ယွဲ့ကျန့် : “…”


*


မင်းသားလေးက မော်ကွန်းတိုက်ထဲမှ စာရွက်စာတမ်းအချို့ ယူသွားကြောင်းနှင့် ညတွင်းချင်း ကျုံးမင်အား စစ်ဆေးမေးမြန်းကာ ရှဲ့ချင်းရန်အား စစ်စခန်းအကျဉ်းထောင်ထဲမှ ခေါ်ထုတ်သွားကြောင်း ကျုံးဝေ သိလိုက်ရသည့်အချိန်တွင် ကိစ္စများက လေးနက်ကြောင်း သတိထားမိသွားပြီး အဝေးမှ အင်ပါယာမြို့တော်ဂြိုဟ်တွင် ရှိနေသော ကျုံးချင်းရှုအား ဖုန်းခေါ်လိုက်သည်။


ကျုံးဝေက အနည်းငယ် ပျာယာခတ်နေခဲ့သည်။

“အဖေ ကျွန်တော် အခု ဘယ်လိုလုပ်ရမလဲ… ရှဲချင်းရန် ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ သက်သေဆိုတာကိုလည်း ရှာမတွေ့သေးဘူး… သူ ဘယ်မှာ ဖွက်ထားတာလဲဆိုတာ မသိရသေးဘူး… တကယ်လို့ သူသာ သက်သေကို မင်းသားလေးဖြစ်ဖြစ် ဒါမှမဟုတ် ယွဲ့ကျန့်လက်ထဲဖြစ်ဖြစ် အပ်လိုက်မယ်ဆိုရင်…”


ကျုံးချင်းရှုက အသံနက်နက်ဖြင့် သူ့သားအား ဖြတ်မေးလိုက်သည်။

“သူတို့က ဘယ်လိုလုပ်ပြီး ရှဲ့ချင်းရန်ကို ရှာတွေ့သွားရတာလဲ…”


“ဒါ ဒါ… ကျွန်တော်လည်း မသိပါဘူး…”

ကျုံးဝေ၏ မျက်နှာပေါ်တွင် ခါးသက်သည့် အမူအရာ ရှိနေခဲ့သည်။ 


ရှဲ့ချင်းရန်ကိစ္စနှင့် ပတ်သက်ပြီး သူ အမှန်တကယ်ကို နားမလည်နိုင်ပေ။ ထိုအချိန်တွင် ကျုံးမိသားစုက အတော်လေး လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။ 

ဘယ်နေရာမှာ အချိတ်အဆက် မှားသွားရတာလဲ… မင်းသားလေးက ဘယ်လိုလုပ်ပြီး တိတိကျကျ တစ်ချက်တည်းနဲ့ ရှဲ့ချင်းရန်ကို ရှာတွေ့သွားနိုင်ရတာလဲ… 


“မင်းသားလေးက ဘယ်စာရွက်စာတမ်းတွေ ယူသွားတာလဲ…”

ကျုံးချင်းရှုက မေးလိုက်သည်။


ကျုံးဝေက ရှက်ရွံ့စွာနှင့် တီးတိုးပြောလိုက်သည်။

“ဒါက… အတွင်းရေးမှူးချန်းက အခုထိ ဘယ်စာရွက်စာတမ်းတွေ ပျောက်နေလဲဆိုတာ တိုက်စစ်နေတုန်းပါ…”


သူ အမှန်တကယ်ကို မသိပေ။ ထိုအချိန်က သူ ၎င်းနေရာတွင် မရှိခဲ့သည့်အပြင် မော်ကွန်းတိုက်ထဲတွင် စာရွက်စာတမ်းများစွာ ရှိလေသည်။ မင်းသားလေးကလည်း သူ ယူသွားသည့် စာရွက်စာတမ်းအကြောင်း မှတ်တမ်းမတင်ထားခဲ့ချေ။ မည်သည့်စာရွက်စာတမ်းများ ပျောက်ဆုံးနေသည်အား သူ မည်သို့မျှ မသိနိုင်ပေ။


ကျုံးချင်းရှုက သိသိသာသာပင် ဒေါသထွက်သွားခဲ့သည်။ ဤသည်ကို မြင်သော် ကျုံးဝေက အလျင်အမြန် သတိပေးလိုက်သည်။

“အဖေ မင်းသားလေးရဲ့ နောက်ကွယ်မှာ ကျွမ်းကျင်သူ ရှိကို ရှိရမယ်… ယွဲ့ကျန့်က သူ့ကို ကူညီနေတာ ဖြစ်ရမယ်…”


“အဓိပ္ပါယ် မရှိတာ မင်း ငါ့ကို ဒီကိစ္စ ပြောပြနေစရာတောင် မလိုဘူး… ဦးနှောက်ပါသူတိုင်း ယွဲ့ကျန့်က မင်းသားကို သေချာပေါက် ကူညီလိမ့်မယ်ဆိုတာ သိကြတယ်…”

ကျုံးချင်းရှုက အဆုံးတွင် မထိန်းထားနိုင်တော့ဘဲ သူ၏ အသုံးမကျသည့်သားကို အော်ဟစ်လိုက်သည်။


အော်ဟစ်လိုက်ပြီးနောက် သူက ခဏတာ စိတ်ငြိမ်သွားပြီး ပြောလိုက်သည်။

“ကျုံးမင်ကို ကိုင်တွယ်လိုက်တော့…”


ဤသည်ကို ကြားသော် ကျုံးဝေက ကြောင်အသွားသော်လည်း မငြင်းဆန်ဝံ့ပေ။ သူက တီးတိုးပြောလိုက်သည်။

“ရှဲ့ချင်းရန် ကိစ္စကို ကျွန်တော့်ဝမ်းကွဲ ထုတ်ပြောလိုက်တယ်လို့ သံသယဖြစ်နေတာလား… ဒါပေမဲ့ သူကိုယ်တိုင် အရင်ဆုံး ဆွံ့အသွားစေတဲ့ ဆေးကို သောက်ပစ်လိုက်တာလေ…”


ကျုံးချင်းရှုက ပြောလိုက်သည်။

“သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ… သူ အသက်ရှင်နေလို့ မဖြစ်တော့ဘူး… သူ စကား မပြောနိုင်တော့ရင်တောင် သူ မရေးနိုင်တော့တာ မလို့လား… သူ ယွဲ့ကျန့်လက်ထဲမှာ တစ်ရက်ကလေးပဲ ရှိနေသရွေ့ သူက အမြဲတမ်း ဖုံးကွယ်နေတဲ့ အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်…”


သို့သော်လည်း ကျုံးမင်က သူ၏ ဝမ်းကွဲညီလေး ဖြစ်နေဆဲပင်။ ကျုံးဝေက စိတ်ထဲတွင် တုံ့ဆိုင်းနေသော်လည်း မည်သည်ကိုမှ မဆိုရဲပေ။ သူက ပြောလိုက်၏။

“ ကျွန်တော်တို့ ဘာလို့ ရှဲ့ချင်းရန်ကိုပဲ တိုက်ရိုက် မရှင်းပစ်ရတာလဲ…”


ကျုံးချင်းရှုက စိတ်တိုစွာဖြင့် ပြန်ဖြေသည်။

“ငါ မရှင်းချင်ဘူးလို့ မင်းထင်နေလား… ဒါပေမဲ့ ယွဲ့ကျန့်ရဲ့ မျက်လုံးအောက်မှာ မင်း သူ့ကို ကိုင်တွယ်နိုင်လို့လား…”


ခဏတာ အသက်ကို ထိန်းရှူလိုက်ပြီးနောက် သူက တည်ငြိမ်နေသည့် အသံဖြင့် ပြောလိုက်သည်။

“စောင့်ကြည့်ရေးစင်တာမှာ ငါတို့ ထားထားတဲ့ လူတွေကို သုံးပြီး မြန်မြန်လုပ်ခိုင်းလိုက်… ပြီးသွားတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား…”


“အချိန်ကျလာရင် လူထုအမြင်ကို အသုံးချပြီး မင်းရဲ့ ဝမ်းကွဲကို မင်းသားလေးက သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်တယ်လို့ ပြောလိုက်မယ်… ဒါက အရှင်မင်းကြီးကို စစ်ဆေးနေတာ ရပ်ပေးဖို့ ပါလီမန်အဖွဲ့ကနေတစ်ဆင့် တွန်းအားပေးတဲ့အခါ အကူအညီဖြစ်နိုင်တယ်… မင်းရဲ့ အပြုအမူတွေကိုလည်း ဂရုစိုက်ပြီး ပူးပေါင်းပေးထားလိုက်…”


ထိုသို့ ပြောပြီးနောက် ကျုံးချင်းရှုက ဖုန်းချသွားသည်။ သေဆုံးတော့မည့်သူမှာ သူ၏ တူအရင်း မဟုတ်ပါဘဲ သာမန် ငှက်လေး သို့မဟုတ် ပုရွက်ဆိတ်တစ်ကောင် အလားပင်။


ကျုံးဝေ၏မျက်နှာမှာ ခါးသက်နေသည်။ သူနှင့် ကျုံးမင်မှာ ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောပြနေရန်ပင် မလိုပေ။ သူ့တွင် ထိုသို့ ပြုလုပ်ရန် နှလုံးသား မရှိချေ။ သူ့ထံ၌ ရှိခဲ့လျှင်ပင် သူအသုံးချနိုင်သည့်သူ မရှိပေ။


စောင့်ကြည့်ရေးစင်တာ၌ ကျုံးမိသားစုလူများ များများစားစား မရှိဘဲ နှစ်ယောက်၊ သုံးယောက်သာလျှင် ဖြစ်သည်။ ကျုံးမင် နည်းပညာဌာန၏ ခေါင်းဆောင်ဖြစ်စဉ်က ထိုသူများကို နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။


သို့သော် ယနေ့တွင် ထိုလက်သည်းများကိုလည်း ယွဲ့ကျန့်က ရှင်းပစ်လိုက်ပြီးပြီ ဖြစ်သည်။ 

ငါ အခုမှ ဘယ်နေရာမှာ တစ်ယောက်ယောက် သွားရှာနိုင်မှာလဲ…


ကျုံးချင်းရှုနှင့် ကျုံးဝေ မထင်ထားသည်က သူတို့ ဖုန်းချလိုက်သည့်အချိန်မှာပင် ယီနျိုက ပဟေဠိဖြစ်ဖွယ် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ခြင်းပင်။


ယီနျိုက တစ်ညနှင့် နှစ်ရက်ဆက်တိုက် အလုပ်လုပ်နေခဲ့ပြီး ထိုအချိန်မှာ အခြေစိုက်စခန်း နားနေရာနေရာသို့ ပြန်လာနေသည့် ယာဉ်ပျံပေါ်တွင် ငိုက်မြည်းနေခဲ့သည်။ ဖုန်းခေါ်ဆိုမှုကို ဖြေကြားလိုက်ပြီးနောက် သူ၏ အိပ်ချင်စိတ်များ ပျောက်ကွယ်သွားတော့သည်။ သူက ယွဲ့ကျန့်အား လှည့်ကြည့်ကာ တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“ကျုံးမိသားစုက ကျုံးမင်ကို သတ်-သတ်ချင်နေတယ်…”


ယွဲ့ကျန့်က အချိန်တစ်ခုလောက် ကြောင်အသွားခဲ့သည်။ သို့သော်လည်း ဤသတင်းက ယုံကြည်ရလားဟု မမေးရသေးမိီမှာပင် သူလည်း ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိတော့သည်။


ခဏကြာပြီးနောက် သူက ဖုန်းချကာ ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ကျုံးမင်က သတ်သေဖို့ ကြိုးစားခဲ့တယ်တဲ့…”


ယီနျိုက ထိုသတင်းကို ကြားသော် ထိတ်လန့်သွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“သူကလား… ကျွန်တော် သတင်းရရုံ ရှိသေးတဲ့အချိန်မှာ ကျုံးမိသားစုက လှုပ်ရှားနေပြီပေါ့… သူတို့တွေ အောင်မြင်သွားလား… ဒါမှမဟုတ် ထိန်းချုပ်လိုက်နိုင်ရဲ့လား…”


ယွဲ့ကျန့်က မျက်ခုံးတန်းနှစ်ခု အလယ်ကို နှိပ်လိုက်ကာ ရှင်းပြလိုက်သည်။

“မအောင်မြင်သွားသလို ဒါက ကျုံးမိသားစုလက်ချက် မဟုတ်ဘူး… ကိုယ်တို့တွေ ထွက်လာတော့ ကျုံးမင်က သူ့နည်းသူ့ဟန်နဲ့ ဖွက်ထားခဲ့တဲ့ ခက်ရင်းနဲ့ သူ့လည်ပင်းကို သူ ထိုးပစ်တာတဲ့... ကံကောင်းလို့ သူ့ကို အချိန်မှီ တွေ့သွားပြီး အခု အသက်ကယ်ထားတယ်…”


ယီနျိုက ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ ကျုံးမင်က သေ၍ မဖြစ်ပေ၊ အနည်းဆုံး ‘ယခု’ အချိန်တွင် သေ၍ မရသေးပေ။ သို့မဟုတ်ပါက သူတို့၏ အားသာချက် ဆုံးရှုံးသွားလိမ့်မည်။


ဤကိစ္စဖြစ်ပျက်ပြီးနောက် မည်သူကမှ အိမ်ပြန်ကာ အနားယူလိုသည့် စိတ်အခြေအနေတွင် မရှိတော့ပေ။ သူတို့က ယာဉ်ကို တိုက်ရိုက်ပင် ပြန်ကွေ့လိုက်ပြီး ထိန်းသိမ်းရေးစင်တာဆီသို့ ပြန်သွားလိုက်သည်။ သူတို့နှင့်အတူ ရှဲ့ချင်းရန်သည်လည်း အပါအဝင်ဖြစ်သည်။


ကျုံးမင်၏ အခြေအနေကို မြင်ပြီးနောက် ယီနျိုက အနည်းငယ် ပဟေဠိဖြစ်သွားသည်။

“ကျုံးမင်က ကျုံးမိသားစုအပေါ် ‘ဒီလောက်အထိ’ သစ္စာရှိတယ်ပေါ့… ကျုံးချင်းရှုက သူ့ရဲ့ ဦးလေးတစ်ယောက်ပဲကို… ပြီးတော့ သူ့ကိုတောင် သတ်ချင်နေတာလေ…”


ဤသို့ ပြောပြီးနောက် ကျုံးချင်းရှုအပေါ် ဆက်ဝေဖန်လိုက်သည်။

“အဲ့ဒီလူက တကယ်ကြီး ကျုံးမင်ကို သတ်ပြီး ကျွန်တော့်အပေါ်ကို အပြစ်ပုံချချင်နေတာလေ… သူက ဒီနေ့ ကျွန်တော်က ကျုံးမင်ကို နှိပ်စက်ခဲ့တယ်လို့ ပြောပြီး ခမည်းတော်ကို စစ်ဆေးရေးကို ရပ်ခိုင်းဖို့ တွန်းအားပေးမယ်ဆိုပြီး စီစဉ်ထားတာလေ… သူ့စိတ်ဓာတ်က တကယ့်ကို ရွံစရာပဲ…”


ယွဲ့ကျန့်က မင်းသားလေး၏ စကားများကို ကြားလိုက်ရသော် သူ့မျက်လုံးများတွင် အေးစက်သည့် အလင်းများက ဖြတ်သန်းသွားကာ ပြောလိုက်သည်။

“ဒီကိစ္စမှာ ကိုယ်တို့ဘက်က အရင် လက်ဦးမှု ယူမှ ဖြစ်မယ်…”


ထိုသို့ ပြောပြီးနောက်တွင် မသိလိုက်ဘာသာဖြင့် မေးလိုက်သည်။

“အရှင့်သားက ဒီသတင်းကို ဘယ်ကနေ ရတာလဲ…”


ယီနျိုက စက္ကန့်ပိုင်းခန့် ကြောင်သွားပြီးနောက် မျက်ခုံးပင့်ကာ ဂုဏ်ယူနေသည့်အသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားကို မပြောပြပါဘူး…”


[ကျွန်တော့်ရဲ့ ဝှက်ဖဲဖြစ်တဲ့ ဝမ်းကွဲအစ်ကို အလန်ကို ကျုံးမိသားစုကို စောင့်ကြည့်ခိုင်းထားတယ်ဆိုတာ ခင်ဗျားကို ပြောပြမှာ မဟုတ်ဘူး… ဒါပေမဲ့လည်း ဝမ်းကွဲအစ်ကိုက တကယ့်ကို ဉာဏ်ကောင်းတာပဲ… သူက အနာဂတ်မှာ မှတ်ဉာဏ်အချက်အလက်ဌာနရဲ့  ဒါရိုက်တာ ဒါမှမဟုတ် တစ်ခုခု ဖြစ်လာနိုင်တယ်…]


ယွဲ့ကျန့် : “…”


သူက အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။

“တကယ်လို့ အသံသွင်းထားတာ ရှိရင် အဲဒါကို ကျုံးမင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို ဖျက်ဖို့ အသုံးပြုလို့ ရတယ်…”


“ရှိတယ်…”

ယီနျိုက ချက်ချင်းဖြေလိုက်သော်လည်း ထိုအကြောင်းအား တွေးကြည့်ပြီးနောက် မေးလိုက်သည်။

“ဗိုလ်ချုပ်ယွဲ့ ကျွန်တော်တို့ ဘယ်လိုမျိုး အရင် လက်ဦးမှု ယူရမှာလဲ…”


ယွဲ့ကျန့် : “လူထုအမြင်ကို အသုံးချတဲ့နေရာမှာ အရင် စပြီး လှုပ်ရှားတဲ့သူက လက်ဦးမှု ရတာပဲ… ကျုံးချင်းရှု စပြီး မတိုက်ခိုက်ခင်မှာ ကိုယ်တို့က လူထုအမြင်ကို ထိန်းချုပ်ထားပြီး သူတို့မိသားစုကို ရေနစ်နေတဲ့ ခွေးတွေအဖြစ် ပြောင်းပစ်လိုက်မယ်… သူတို့က အရှင့်သားကို ချောက်ချရင်တောင် လူထုက သူတို့နဲ့ ပါလီမန်အဖွဲ့ကိုပဲ သံသယဖြစ်နေမှာ… ဒီလိုသာဆို ပါလီမန်အဖွဲ့က စစ်ဆေးရေးအဖွဲ့ထဲကို ဝင်ပါဖို့ နေရာမရှိတော့ဘူး…”


ယီနျိုက ဤအခမဲ့အလုပ်သမား အလွန်အသုံးဝင်ကြောင်း တွေးနေရင်း သူ့စကားများကို သဘောတူလိုက်သည်။ သို့သော်လည်း အသစ်ဝင်လာသည့် ရှဲ့ချင်းရန်အား အလုပ်မခန့်အပ်ရသေးသလို ဘာကိုမှလည်း မစွမ်းဆောင်ရသေးသည်ကြောင့် ယီနျိုက အချိန်တစ်ခုအထိ စကားမပြောဘဲ တိတ်ဆိတ်နေသည့်လူကို မော့ကြည့်ကာ မေးလိုက်သည်။

“မစ္စတာရှဲ့ ဘယ်လိုထင်လဲ…”


မစ္စတာရှဲ့တဲ့လား…


ယွဲ့ကျန့်က သူ့ပါးစပ်ထဲတွင် ချဉ်စူးနေကြောင်း ခံစားမိလိုက်သည်။


ရှဲ့ချင်းရန်က ယွဲ့ကျန့်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့်အထင် ဗိုလ်ချုပ်ယွဲ့ပြောတာ မှန်တယ်…”


ယီနျိုက ခေါင်းညိတ်ကာ စိတ်ဖိစီးလျက် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့မှာ ခိုင်လုံတဲ့ သက်သေ မရှိသေးဘူးလေ… ကျုံးမင် ဝန်ခံလာတဲ့အထိသာ စောင့်ရရင် ကျွန်တော်တို့ အခွင့်အရေး လွတ်သွားလိမ့်မယ်… အသံဖမ်းထားတာကို သုံးလို့ ရနိုင်ပါ့မလား…”


ယွဲ့ကျန့်က ခေါင်းညိတ်ပြကာ ပြောသည်။

“ရတယ်… အရှင့်သားအနေနဲ့ ကျုံးမိသားစုလို လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ လူကြီးလူကောင်းဆန်ဆန် နေလို့ မရဘူး…”


‘လူကြီးလူကောင်းဆန်ခြင်း’ဆိုသည်အား ကြားလိုက်ရသော် ရှဲ့ချင်းရန်၏ မျက်လုံးများတွင် နောင်တရခြင်းများ ဖြတ်သွားပြီး ထောက်ခံလိုက်သည်။

“ဟုတ်တယ်… ကျုံးမိသားစုနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဒီလိုကိစ္စမျိုးကို ဂရုစိုက်နေစရာ မလိုအပ်ဘူး… အရှင့်သားကသာ သူတို့ကို သက်သေတွေ၊ အကြောင်းပြချက်တွေနဲ့ စကားပြောချင်ပေမဲ့ သူတို့ကတော့ အရှင့်သားအပေါ် အဲဒီလို ပြောမှာ မဟုတ်ဘူး…”


သူ့စကားများကို ကြားသော် ယွဲ့ကျန့်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ မစ္စတာရှဲ့က ဒီကိစ္စမျိုးကို ကောင်းကောင်း နားလည်ပုံပဲ…”


ရှဲ့ချင်းရန်က မျက်လွှာချလိုက်ကာ အသံတိုးတိုးဖြင့် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။

“ဘဝသင်ခန်းစာသေးသေးလေး တစ်ခုပါ…”


ယွဲ့ကျန့်က တစ်ချက်ကြည့်ရုံဖြင့် ရှဲ့ချင်းရန်က ကျုံးမိသားစုထံ ရှုံးနိမ့်သွားရသည်မှာ သူ၏ ရိုးသားဖြောင့်မတ်မှုနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကြောင့် ဖြစ်နိုင်မှန်း နားလည်သွားရသည်။


တစ်ခဏတာ တွေးလိုက်ပြီးနောက် သူက မေးလိုက်သည်။

“တကယ်လို့ မစ္စတာရှဲ့သာ ဒီကိစ္စကို ဦးဆောင်တဲ့သူဆိုရင် မစ္စတာရှဲ့ အနိုင်ရမယ်ဆိုတာ ဘယ်လောက်အထိ သေချာလဲ…”


ပညာရှိတစ်ယောက်က တစ်နေရာတည်းကို နှစ်ခါ မကျသင့်ဘူး… မင်းသားလေးမှာ လူတွေကို ကြည့်တတ်တဲ့ မျက်လုံးကောင်းရှိတဲ့ပုံပဲ… မင်းသားလေးက ဒီနေရာမှာတော့ တကယ့်ကို ပါရမီပါတာပဲ…


ရှဲ့ချင်းရန်က မျက်လွှာဝံ့ကြည့်လိုက်ကာ ယွဲ့ကျန့်၏ အကြည့်နှင့် ဆုံသွားပြီး ပြန်ဖြေပေးလိုက်သည်။

“၉၀ ရာခိုင်နှုန်း သေချာတယ်…”


ယီနျိုက အနည်းငယ် အံ့အားသင့်သွားကာ ပြောလိုက်သည်။

“ငါတို့တွေ ဘာလို့ ကျုံးမိသားစုနဲ့ ထိပ်တိုက်တွေ့နေရတာလဲဆိုတာကို သိတောင်မသိသေးဘဲနဲ့ ၉၀ ရာခိုင်နှုန်းလို့ ပြောရဲတယ်ပေါ့…”


ရှဲ့ချင်းရန်က ပြန်ဖြေသည်။

“အရှင့်သားနဲ့ ဗိုလ်ချုပ်ယွဲ့တို့ ကိုယ်တိုင် ကျုံးမိသားစုကို စစ်ဆေးနေတာလေ… ဒီတစ်ကြိမ်တော့ ကျုံးမိသားစုက ပြစ်မှုကြီး ကျူးလွန်ခဲ့တယ်ဆိုတာ မြင်နိုင်တယ်…”


“မင်း ခန့်မှန်းတာ မှန်တယ်…”

ယီနျိုက သက်ပြင်းချလိုက်ကာ ကျုံးမိသားစု၏ လက်ရှိပြစ်မှုများနှင့် သူနှင့်ယွဲ့ကျန့်တို့၏ ထင်မြင်ချက်များကိုပါ ရှင်းပြလိုက်သည်။


နားထောင်ပြီးနောက် ရှဲ့ချင်းရန်က ချက်ချင်းပင် သူ အနိုင်ရရှိရန် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိကြောင်း ပြောလိုက်သည်။


ထိုမျှသာမက ရှဲ့ချင်းရန်က အံ့အားသင့်စရာများစွာကို ယူဆောင်လာခဲ့သည်။


လူထုအမြင်စစ်ပွဲကို မည်သို့တိုက်ခိုက်ကြမည်အား ဆွေးနွေးကြပြီးနောက် သူက ပြောလိုက်သည်။

“ကျွန်တော် ကျုံးမိသားစုနဲ့ မိန်အန်းမိသားစုတို့ ဖက်ဒရယ်နဲ့ ပူးပေါင်းထားတဲ့ သက်သေကို ဝှက်ထားတယ်… ဗိုလ်ချုပ်ယွဲ့က တစ်ယောက်ယောက်ကို သွားယူခိုင်းလို့ ရတယ်… ကျုံးမင်အတွက်ကတော့ ဒီလူက ကျုံးမိသားစုအပေါ် အရမ်း သစ္စာရှိတာ မဟုတ်ဘဲ ချုပ်နှောင်ခံထားရတာလေ… အရှင့်သားက သူ့ရဲ့ အမေနဲ့ ညီမလေးကနေ စလို့ရတယ်…”


ယွဲ့ကျန့်နှင့် ယီနျိုတို့ အချင်းချင်း ကြည့်လိုက်မိကာ ရှဲ့ချင်းရန်အား အလကား ကယ်တင်ခဲ့မိသည် မဟုတ်မှန်း ခံစားလိုက်ရသည်။



🧜🧜🧜