အပိုင်း ၁၀.၂
Viewers 13k

Chapter 10.2
ဆေးရုံမှထွက်လာစဉ် အဆိုပါစကားလုံးများက ကျိုးကျင်ဟမ့်၏ခေါင်းထဲဝယ် ချာချာလည်လျှက်ရှိလေသည်။
ရုပ်အလောင်း…။ ပြစ်မှုဖြစ်ပွားရာနေရာ…။အဲဒါက အရူးတစ်ယောက်လေ…။ မမှတ်မိနိုင်လောက်အောင်လို့…။
မမှတ်မိနိုင်လောက်အောင်တဲ့လား…မဖြစ်နိုင်တာ…
ယီဟွေ့၏အသွင်အပြင်မှာ သူမျက်ဝန်းများမှိတ်လိုက်တိုင်း ပေါ်လာလေ့ရှိပြီး သူ့အားပြုံးရယ်ပြလျှက်ရှိလေသည်။
သူက မည်သည့်နေရာသို့ သွားရမည်မှန်းမသိချေ။ ထို့ကြောင့် အိမ်သို့ပြန်လာမှာဖြစ်လေသည်။ ဒိုရေမွန်ရုပ်က ပြတင်းပေါက်ဘောင်ပေါ်တွင် နေရာမပျက်ရှိနေမှာဖြစ်ကာ ပန်းချီကားသည်လည်း ထိုနည်းတူပင်။ ကျိုးကျင်ဟမ့်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
အရူးလေးက သူအကြိုက်ဆုံးအရုပ်ကိုမယူသွားဘူးလေ…ပန်းချီကားကလည်း ဆွဲမပြီးသေးဘူးမဟုတ်လား…သူဘယ်လိုလုပ်ပြီးသေမှာလဲ…
သူ မသေပါဘူး...
ကျိုးကျင်ဟမ့်အား သတင်းပို့ပေးခဲ့သူက သူတစ်ခုခုဖြစ်သွားမည်ကို စိုးရွံ့ပုံရသည်။ ထိုသူက တောင်ပေါ်မှဆင်းလာသည့်တစ်လျှောက်လုံး လိုက်ပါလာခဲ့လေသည်။ ကျိုးကျင်ဟမ့် စိတ်သက်သာရာရသွားပုံကိုကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဟု ထိုလူကယူဆလိုက်၏။ သူက “ဆုံးရှုံးမှုအတွက်စိတ်မကောင်းပါဘူး…” ဟူ၍ပြောလိုက်သည်။
သို့သော် ကျိုးကျင်ဟမ့်က သူ့အားပြန်လည်မတုံ့ပြန်သည်ကို တွေ့လိုက်ရသည့်အခါ ရဲတင်းစွာဖြင့် အကြောင်းအရာအချို့ကို ထပ်ပြောလိုက်၏။
“အဟောင်းတွေကိုမစွန့်လွှတ်ရင် အသစ်တွေရောက်မလာနိုင်ဘူးလေ...ဒါက ဘုရားသခင်ရဲ့ ဆန္ဒအတိုင်းပါပဲ…သခင်လေးယီက ခင်ဗျားနဲ့မလိုက်ဖက်ဘူးလို့ ကျွန်တော်တို့ အရင်ကတည်းကပြောခဲ့ပါတယ်…သူနဲ့မထိုက်တန်ဘူးလေ…”
သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းသိရှိသော မည်သူမဆို ကျိုးကျင်ဟမ့် ယီဟွေ့အားမုန်းတီးကြောင်း သိရှိထားကြသည်။ သူတို့က မည်သည့်တွေ့ဆုံပွဲကိုမှ အတူတကွတက်ရောက်လေ့မရှိချေ။ ကျိုးကျင်ဟမ့် အလုပ်အားလပ်သည်အခါ အိမ်ပြန်လေ့မရှိပဲ ဘားတွင်သာအချိန်ဖြုန်းလေ့ရှိသည်။ ယီဟွေ့အကြောင်း ရံဖန်ရံခါပြောလာလျှင်လည်း သူ့မျက်ဝန်းများက အထင်သေးခြင်းများဖြင့် ပြည့်နှက်နေလေ့ရှိ၏။ သူသာ ယီဟွေ့အား မောင်းထုတ်နိုင်စွမ်းရှိပါက အချိန်အတော်ကြာကတည်းက မောင်းထုတ်လိုက်မှာဖြစ်ကြောင်း မျက်မမြင်တစ်ဦးပင် တွေ့နိုင်လေသည်။
ထို့ကြောင့် ထိုသူက ဤအဖြစ်အပျက်မှာ ကျိုးကျင်ဟမ့်လိုချင်သည့် ရလဒ်ဖြစ်သည်ဟု မှတ်ယူသွားခဲ့ပြီး ဘဝင်ခိုက်စွာဖြင့် ကျိုးကျင်ဟမ့်၏နောက်ကျောကို ပုတ်လိုက်သည်။ မမျှော်လင့်ထားစွာပင် ကျိုးကျင်ဟမ့်က ပြင်းထန်စွာတုံ့ပြန်ခဲ့ပြီး ယခင်ကထက် အဆတစ်ရာပို၍ထက်ရှသောမျက်ဝန်းများဖြင့် သူ့အားကြည့်လာခဲ့လေသည်။
“မင်းတို့လူဘယ်နှစ်ယောက်လဲ…ဘယ်သူတွေလဲ…”
အပြင်ဘက်တွင် အပြည့်အဝမှောင်မဲနေပြီဖြစ်၏။
သူတို့ဘားကိုရောက်သည့်အခါ ကြိုတင်သတိပေးခံနေရသူများက ထွက်ပြေးရန်ပြင်ဆင်နေကြသည်။ သို့သော် ကျိုးကျင်ဟမ့်က အနောက်တံခါးတွင် ထိုသူတို့အား ပိတ်ဆို့ထားလိုက်၏။
“သူ့ကို ဘယ်သူက သော့ပိတ်ထားခဲ့တာလဲ…”
ကျိုးကျင်ဟမ့်၏မျက်နှာက တင်းမာနေကာ အသံနိမ့်နိမ့်ဖြင့်မေးလိုက်လေသည်။
“ဖြေစမ်း…”
ခုနကအထိ ပြောင်ချော်ချော်ပြုံးနေခဲ့သည့် လူသုံးဦးမှာ ကြောက်လန့်တကြားဖြစ်နေကြပြီး ထွက်ပြေးရန်ကြိုးစားနေကြ၏။ သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သော်လည်း မည်သူကမှ စကားမပြောဝံ့ချေ။
သူတို့ခြေတစ်လှမ်းနောက်ဆုတ်လိုက်ချိန်တိုင်း ကျိုးကျင်ဟမ့်က ရှေ့သို့နှစ်လှမ်းတိုးလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်အရှိန်အဝါက ကျဉ်းမြောင်းသောထွက်ပေါက်တစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။ သိသာစွာပင် သုံးယောက်တစ်ယောက်ဖြစ်သော်လည်း သူတို့ကိုယ်ပေါ်၌ ချွေးအေးများစို့လာခဲ့ကာ မူလကရှိခဲ့သော ထောင်လွှားမှုများက အစအနပင်မကျန်အောင် လွင့်စင်သွားခဲ့လေသည်။
ထောင့်တစ်ထောင့်တွင် ပိတ်မိသွားခဲ့ပြီး ရှောင်တိမ်းရန်နေရာမရှိတော့သည့်အခါ တုန်ရီနေသောအမျိုးသားသုံးဦးက တစ်ဦးနှင့်တစ်ဦး အပြစ်ပုံချလာကြသည်။
“အဲ့ဒါသူပါ…သခင်လေးယီ မင်းကိုလာရှာတာကိုတွေ့ပြီး သူ့ကိုစကြမယ်ဆိုပြီး ငါတို့ကိုလာပြောခဲ့တာ…”
“သောက်အဓိပ္ပာယ်မရှိတာ…အဲဒါမင်းမှန်းအသိသာကြီး…မင်းပဲသူတကယ်ရူးနေတာလား သိချင်တယ်ဆိုပြီး ငါတို့ကို ဆွဲထည့်ခဲ့တာလေ…”
“သခင်လေးကျိုး…ကျွန်တော်ပြောတာနားထောင်ပါဦး…ဒီကိစ္စက ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး…သူတို့နှစ်ယောက် သခင်လေးယီကို တောင်ပေါ်လိုက်ပို့ကြတော့ ကျွန်တော်သူတို့နဲ့အတူ လိုက်မသွားခဲ့ပါဘူး…သူတို့်ကို အပိုတွေမလုပ်ဖို့တောင် အကြံပေးခဲ့ပါသေးတယ်…”
“မြင်းအီးပေါက်သလိုပြောနေတာပဲ..မင်းက သူ့ကိုအများဆုံးသွေးဆောင်ခဲ့တာလေ… သခင်လေးကျိုးသဘောကျမယ့် မွေးနေ့လက်ဆောင်ကိုပြင်ဆင်တဲ့နေရာမှာ သူ့ကိုအတတ်နိုင်ဆုံးကူညီပေးမယ်လို့ မင်းပြောခဲ့တာမဟုတ်လို့လား…”
“ဒါပေမယ့် သူ့ကိုအိမ်ထဲမှာပိတ်ပစ်ခဲ့တာကမင်းလေ…ကောင်းကောင်းနေပြီး သခင်လေးကျိုးကို စောင့်နေဆိုပြီးတောင် မင်းပြောခဲ့သေးတယ်…”
“မင်းသော့ယူလာခဲ့မှန်း ငါကဘယ်လိုလုပ်ပြီးသိမှာလဲ…အဲဒီ့တဲက အရမ်းခေါင်တဲ့နေရာမှာရှိနေတာ…သူ အကူအညီတောင်းဖို့ အော်ရင်တောင် ဘယ်သူမှကြားမှာမဟုတ်ဘူး…”
“သူအဲဒီ့လောက်တုံးမှန်း ဘယ်သူကသိမှာလဲ…စောင့်နေလို့ပြောတာနဲ့ တကယ်ကြီးဒီအတိုင်းစောင့်နေခဲ့တယ်လေ…သူသာ ပုံမှန်စိတ်အခြေအနေရှိရင် ပြတင်းပေါက်ကကျော်ပြီး ထွက်ပြေးနိုင်တာပဲမဟုတ်လား…”
.........
ကျိုးကျင်ဟမ့်က ကျန်ရှိသောအဓိပ္ပာယ်မရှိသည့် စကားများကိုနားထောင်နိုင်သည်အထိ စိတ်မရှည်တော့ချေ။ သူ၏ အတိမ်းအစောင်းမခံသောဒေါသက မီးရှို့လိုက်သည့်နှယ် ပေါက်ကွဲလာခဲ့သည်။ သူက ရှေ့သို့အမြန်တိုးသွားကာ လူတစ်ဦးအားဖိချလိုက်ရင်း ထိုလူ၏အဓိကနေရာများသို့ သူ၏လက်သီးချက်များက ဦးစွာကျဆင်းသွားခဲ့သည်။ ထိုမှတဆင့် ဦးခေါင်း၊ မျက်နှာနှင့် ရင်ဘတ်များထံ ကျရောက်စေခဲ့ပြီး အချိန်နှင့်အမျှ ပိုမိုပြင်းထန်လာခဲ့လေသည်။
ရဲများရောက်ရှိလာသည့်အခါ ထိုလူသုံးဦးက လှုပ်ပင်မလှုပ်နိုင်တော့ပဲ သတိလစ်နေခဲ့သည်။ ကျိုးကျင်ဟမ့်က သူတို့ထဲရှိ လူတစ်ဦးအပေါ်တွင် ရှိနေဆဲဖြစ်ကာ မမောနိုင်မပန်းနိုင် လက်သီးတစ်ချက်ပြီးတစ်ချက် အဆက်မပြတ်ဆင့်ထိုးနေပြီး လေတိုးသံခပ်အုပ်အုပ်နှင့်အတူ သွေးများစွန်းပေနေသည့် အသားစများ လွင့်စင်လာစေလျှက်ရှိသည်။
ရဲသားက သူ့အားဆွဲခေါ်လာချိန်၌ပင် ထိုလူ၏အင်္ကျီစအား လွှတ်ပေးရန်ငြင်းဆန်လျှက်ရှိ၏။ ကျိုးကျင်ဟမ့်၏မျက်ဝန်းများက သွေးဆာနေသည့်သားရဲတစ်ကောင်နှယ် နီစွေးလျှက်ရှိပြီး ကြောက်မက်ဖွယ်အမူအရာဖြင့်
“မင်းဘယ်သူ့ကို ရူးနေတယ်လို့ပြောတာလဲ…ငါ-ိုးမသား ပြောစမ်း…”
သတိလစ်နေသူသုံးဦးအား ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပြီးသည့်နောက်တွင် ကျိုးကျင်ဟမ့်က ရဲစခန်းရှိ စစ်ဆေးမေးမြန်းခန်းထဲ၌ ထိုင်နေခဲ့ရသည်။ တစ်စုံတစ်ဦးအား အိမ်မှပြန်လည်ကြိုဆိုရန် သူလဲလှယ်ခဲ့သည့် အဝတ်အစားသစ်များမှာ သူ့သွေးလော၊ အခြားလူ၏သွေးလော မပြောနိုင်သည့် သွေးစက်များဖြင့် ဖုံးလွှမ်းနေလေသည်။
သူ့အား မျက်နှာသုတ်ရန် တစ်ရှူးတစ်ရွက်ကမ်းပေးလာခဲ့သည်။ သူက မေးခွန်းများကိုဖြေကြားခြင်း သို့မဟုတ် ဆွေးနွေးခြင်းပြုလုပ်ရန် ပူးပေါင်းခြင်းမရှိရာ ရဲအရာရှိက အခြားတစ်ဦးကို မေးမြန်းရတော့၏။
ကျိုးကျင်ဟမ့်နှင့် တစ်နေ့လုံးနီးပါးအတူရှိနေခဲ့သည့် သခင်လေးက ကြံမိကြံရာပြောလိုက်မိသည်။ သူက အနည်းငယ် မျက်နှာလုပ်ချင်ခဲ့ရုံသာဖြစ်ပြီး ဤပြဿနာထဲသို့ မည်သို့မည်ပုံဝင်ရောက်လာမိသည်ကို နားမလည်နိုင်ဖြစ်နေ၏။ သို့သော် သူက ဘာမှမတတ်နိုင်စွာဖြင့် ရဲအရာရှိအား ဇာတ်လမ်းဆင်ရတော့သည်။
“သခင်လေးကျိုးလေ…သူ့ကိုခင်ဗျားသိမှာပါ…သူက မင်းသားဆိုတော့ ဘဝအတွေ့အကြုံရအောင် ဘားမှာရန်ဖြစ်ကြရုံပါပဲ…ဒီတိုင်းစနောက်နေကြတာ…”
ရဲအရာရှိက အတွေ့အကြုံကြွယ်ဝသည့်အလျှောက် ဤဖြေရှင်းချက်အား မယုံကြည်ချေ။
“အတွေ့အကြုံယူတာတဲ့လား…သူက goodfellas ကိုပြန်ရိုက်ကူးဖို့များပြင်ဆင်နေတာလား…တစ်ယောက်ယောက်ကို သေအောင်ရိုက်ပြီးတော့လေ…”
(T/N -Goodfellas က နယူးယောက် မှုခင်းသတင်းထောက် Nicholas Pileggi ရဲ့ Wiseguy စာအုပ်ကို အခြေခံထားပါတယ်...ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အကြမ်းဖက်မှုနှင့် သစ္စာဖောက်မှုတို့ကိုပုံဖော်ထားတဲ့ ဇာတ်ကားပါ)
မကြာခင်မှာပင် ကျိုးကျင်ဟမ့်၏ဖခင်ဖြစ်သူ ကျိုးဟွားရုန်က အလျင်စလိုရောက်လာကာ စကားတစ်ခွန်းမှမဆိုပဲ သားဖြစ်သူ၏မျက်နှာအား နှစ်ကြိမ်ခန့်ရိုက်ချလိုက်၏။
“မင်းဘာလုပ်ခဲ့လဲကြည့်စမ်း…”
အရိုက်ခံရသည့်အခါ ကျိုးကျင်ဟမ့်၏မျက်နှာက လည်ထွက်သွားခဲ့သည်။ သို့သော် တိတ်ဆိတ်မြဲတိတ်ဆိတ်နေကာ မျက်ခွံများပင် ပင့်မ မလာခဲ့ချေ။
သားဖြစ်သူမျက်နှာပေါ်ရှိ ဒဏ်ရာများကို မြင်တွေ့လိုက်ရချိန်တွင် ကျိုးဟွားရုန်၏နှလုံးသားက ပျော့ပျောင်းသွားခဲ့သည်။ သူက ကသိကအောက်ဖြစ်စွာဖြင့် အသံကိုနှိမ့်လိုက်ကာ
“ငါရှေ့နေကို အားလုံးရှင်းပြပြီးပြီ…ဒီလူတွေမှာ အပြည့်အဝတာဝန်ရှိတယ်…မင်းနဲ့ဘာမှမဆိုင်ဘူး…ရဲကမင်းကိုမေးခွန်းမေးလာခဲ့ရင် သဘောထားမတိုက်ဆိုင်တာကြောင့် စိတ်လိုက်မာန်ပါဖြစ်သွားခဲ့တာလို့ ပြောလိုက်…ဒီလိုဆို ငါမင်းကို မြန်မြန်အာမခံပေးလို့ရတယ်…”
ထိုအခါမှသာ ကျိုးကျင်ဟမ့်က အက်ကွဲနေသောအသံဖြင့် တုံ့ပြန်လာခဲ့လေသည်။
“ဘယ်လိုတာဝန်ရှိတာလဲ…”
ကျိုးဟွားရုန် ကြောင်အသွားခဲ့ရ၏။
“သေချာပေါက်ကို ယီဟွေ့ရဲ့သေဆုံးမှုက သူတို့မှာတာဝန်ရှိတာပေါ့…ငါတို့မိသားစုနဲ့ ဘာမှမဆိုင်ဘူး…အပြင်ရောက်ရင် မဟုတ်တာတွေလျှောက်မပြောမိစေနဲ့…ဒီရက်ပိုင်း အရှုပ်တွေလုပ်တာလည်းရပ်ထား…”
သူ့စကားမဆုံးခင် ကျိုးကျင်ဟမ့်က ဝင်ရောက်နှောင့်ယှက်လိုက်သည်။
“ဘယ်သူကသေတာလဲ…”
ထို့နောက် တစ်ဦးတည်းရေရွတ်ပြန်၏။
“သူ မသေပါဘူး…”
သူ့ အမူအရာက စိတ်မဝင်စားဟန်ရှိနေ၏။ သို့သော် အနီးကပ်ကြည့်ပါက စိတ်မဝင်စားသည့်အမူအရာမဟုတ်ပဲ မည်သူပြောသည်ကိုမှနားမထောင်ပဲ ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ ပိတ်မိနေသည့် တစ်စုံတစ်ဦး၏ ထုံပေပေနိုင်မှုနှင့် ခေါင်းမာမှုသာဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သည်။
.......
ညတာမှာ ရှည်လျားလှသည်။
မနက်စောစောတွင် မြို့တော်ရှိရာသီဉတုမှာ နွေဦးနှင့်တူနေပြီး ပိတ်ကျဲတစ်စနှင့်ဖုံးအုပ်ထားသကဲ့သို့ မြူထူထပ်လျှက်ရှိသည်။ အေးမြခြောက်သွေ့သောလေများ တိုက်ခတ်နေကာ အဆုတ်များကို ထိုးဖောက်သွားတော့မည့် ညအချိန်၏နှင်းစက်များသဖွယ် ခံစားရစေ၏။
သူ့မှတ်ဉာဏ်ထဲရှိ သက်ဆိုင်ရာအိမ်နံပါတ်ကိုရှာဖွေလျှက် ကျိုးကျင်ဟမ့်က မျှော်လင့်ချက်အချို့ဖြင့် တံခါးဘဲလ်ကို နှိပ်လိုက်သည်။ အိမ်ထဲတွင် မည်သူမှရှိမနေခြင်းဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ဦးရှိနေပါလျှင်လည်း သူ့အတွက် တံခါးလာဖွင့်ပေးမှာ မဟုတ်ချေ။
ထို့ကြောင့် တံခါးပွင့်လာသည့်အခါ ကြောင်အသွားခဲ့ပြီး အမြန်မေးလိုက်မိ၏။
“ယီဟွေ့ ဘယ်မှာလဲ…”
တစ်ညလုံးငြိမ်သက်နေခဲ့သည့် သူ့နှလုံးသားက လျှင်မြန်စွာခုန်ပေါက်လာခဲ့သည်။ တံခါးဝရှိအမျိိုးသားက တိတ်ဆိတ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည့်အခါ သူက စိတ်မရှည်ဟန်ဖြင့် မေးမြန်းလိုက်၏။
“သူဒီမှာလား...ကျွန်တော် သူ့ကိုတွေ့ချင်တယ်....”
အကယ်၍ သူသာ အာရုံစိုက်နိုင်ပါက သူ၏ယောက်ဖဟု ခေါ်ဆိုသောလူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားကြောင်း သတိပြုမိပေလိမ့်မည်။ ထိုသူ၏ပုံစံအရ တစ်နေရာရာမှ ပြန်လာခဲ့သည်မှာ သိသာလေသည်။ သူ့မျက်နှာပေါ်ရှိ မောပန်းနွမ်းနယ်မှုမှတဆင့် တစ်ညလုံးမအိပ်ရသေးသည်မှာ ထင်ရှားလှ၏။
ချန်ဖေးချီက ကျိုးကျင်ဟမ့်အား တိတ်တဆိတ်ခြေဆုံးခေါင်းဆုံးကြည့်ကာ နောက်ဆုံး၌ မျက်နှာပေါ်တွင် အကြည့်တန့်သွားခဲ့သည်။ သူ၏မျက်ဝန်းများက ဓားတစ်ချောင်းသဖွယ် ထက်ရှနေ၏။
“သူ ဒီမှာမရှိဘူး...”
အဆိုပါဖြေကြားချက်က ကျိုးကျင်ဟမ့်အား စိတ်လှုပ်ရှားသွားစေခဲ့သည်။
“ခင်ဗျားသူ့ကိုခေါ်သွားတာမဟုတ်လား...သူကဒီမှာမရှိဘူးဆိုတော့ ဘယ်မှာလဲ...”
“သူဆုံးသွားပြီ...”
ချန်ဖေးချီက သနားညှာတာခြင်းကင်းစွာဖြင့် တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။
ကျိုးကျင်ဟမ့်မျက်နှာပေါ်ရှိ အပြုံးက တောင့်တင်းသွားကာ ပြောစရာစကားမဲ့သွားခဲ့သည်။
ချန်ဖေးချီက သနားရန်စိတ်ကူးမရှိပဲ လိုရင်းကိုသာမေးလိုက်၏။
“သူဘယ်လိုသေသွားလဲ မင်းမသိဘူးလား...”
သူ၏စိတ်တွင်းဝယ် အဆက်မပြတ်တဝီဝီမြည်လာကာ ပျံ့ကျဲနေသောအပိုင်းအစများက မျက်လုံးထဲမြင်ယောင်လာခဲ့သည်။
-မိုးများကြားရှိ လူသူကင်းမဲ့နေသည့်တောင်၊ ပြိုလဲယိုင်နဲ့နေသည့်တဲအိမ်၊ မျက်စိစူးလောက်အောင် တောက်ပနေသည့် သွေးစက်များ၊ မိုးစက်များကြောင့် ဝေဝါးသွားသော အပြုံးမျက်နှာလေး...။
သူ့နားထဲရှိအသံများက အခြားကမ္ဘာမှလာရောက်သကဲ့သို့ပင် အစီအစဥ်မကျပဲ ဆူညံလျှက်ရှိသည်။ သူနားမလည်နိုင်သည့် စကားလုံးများပါဝင်နေကာ လက်မခံနိုင်သည့် ကြောက်မက်ဖွယ်အမှန်တရားသည်လည်း ပုံပေါ်လာခဲ့၏။
အမှန်တရားတဲ့လား...မဟုတ်ဘူး...မဖြစ်နိုင်တာ...သူ မယုံဘူး...
သူ့နှုတ်ခမ်းများလှုပ်ရှားသွားကာ ကျိုးကျင်ဟမ့်က အံကြိတ်လျှက် ပြန်ဖြေလိုက်၏။
“သူ မ သေ ဘူး...”
ထိုစကားလုံးများက သူ့တွင်ကျန်ရှိသည့် ခွန်အားအားလုံးကို ယူဆောင်သွားပုံရသည်။ ပြန်လည်၍ခေါင်းမော့လိုက်ချိန်တွင် သူ့မျက်ဝန်းများအတွင်း၌ အလင်းကင်းမဲ့လျှက်ရှိကာ တုန်ယင်နေသောအသံဖြင့် တောင်းဆိုလာခဲ့၏။
“သူ မသေပါဘူး...ကျေးဇူးပြုပြီး ကျွန်တော်သူနဲ့တွေ့ပါရစေ...”
Xxxxxxxx