အပိုင်း ၁၀.၁
Viewers 13k

Chapter 10.1
အိမ်ပြန်လာသည့်အချိန်တွင် ယီဟွေ့အား ထန်ဝမ်ရှီးက ဖုန်းခေါ်လာခဲ့သည်။
“မင်းဘာလို့ဒီလောက်မြန်မြန်ထွက်သွားရတာလဲ…”
ယီဟွေ့ သူ့အား အမှန်အတိုင်းပြောလိုက်၏။
“ ပြိုင်ပွဲပြီးတော့ ငါ့မှာဘာမှလုပ်စရာမရှိဘူးလေ…အဲ့ဒါကြောင့်အိမ်ပြန်လိုက်တာ…”
ထန်ဝမ်ရှီးက နောင်တရဟန်ဖြင့်ဆိုလာ၏။: “နှမြောစရာပဲ…ဒီတပါတ်ပိတ်ရက်မှာ ပန်းချီပြပွဲရှိတယ်လေ…ငါတို့မင်းကိုခေါ်ဖို့တွေးထားတာ…”
“ငါတို့” ဟူသော အသုံးအနှုံးက ထန်ဝမ်ရှီးနှင့်အတူတွေ့ခဲ့သော အသိအကျွမ်းဟောင်းကိုပါ ဆိုလိုခြင်းဖြစ်ကြောင်း ယီဟွေ့နားလည်လိုက်သည်။ သူက ပူပန်လာခြင်းအား မရပ်တန့်နိုင်ခဲ့ချေ။ လက်သီးကိုတင်းတင်းဆုပ်ကာ အင်္ကျီလက်အနားစအား ဆုပ်ကိုင်လျှက် ပြန်ဖြေလိုက်၏။
“မင်းပဲ သွားလိုက်ပါ…ငါ့ကိုစိတ်ထဲထားမနေပါနဲ့…”
“မင်းကိုစိတ်ထဲမထားလို့ရမလား…ငါတို့က အတန်းဖော်ဟောင်းတွေလေ…တနေ့ကမင်းအလျင်စလိုနဲ့ထွက်သွားလို့ နေ့လည်စာတောင်အတူမစားလိုက်ရဘူး…နောက်တစ်ခါအဲ့လိုရှောင်ရဲရှောင်ကြည့်…”
တစ်ဖက်လူက မျက်နှာချင်းဆိုင်တွေ့ရန် စိတ်အားထက်သန်နေဆဲဖြစ်သည့်အတွက် ယီဟွေ့ စိတ်သက်သာရာရသွားခဲ့သည်။
သူတို့လမ်းခွဲခဲ့စဉ်က ထန်ဝမ်ရှီး သူ့ဖုန်းနံပါတ်ကို တောင်းသွားခဲ့သော်လည်း ဤမျှမြန်မြန်ဖုန်းခေါ်လာမည်ဟု မထင်ထားခဲ့ချေ။ ထိုအချိန်တုန်းက ယန်ချန်းရွှမ်အား တွေ့လိုက်ရသည့်အတွက် အလွန်ထိတ်လန့်နေခဲ့ရ၏။ ယခုမူ မြို့တော်နှင့်အလှမ်းကွာသော အိမ်တစ်အိမ်ထဲတွင် ထိုင်နေခြင်းဖြစ်ရာ မူလကျန်းယီဟွေ့နှင့် သက်ဆိုင်သည့် သူငယ်ချင်းဆက်ဆံရေးအား စိတ်ချလက်ချတွေးတောနိုင်ပြီဖြစ်လေသည်။
သူတို့အရင်ကပြောထားခဲ့သည်များအရ ထန်ဝမ်ရှီးက ကျန်းယီဟွေ့အား အလွန်လေးစားပုံရကာ “ပန်းချီပါရမီရှင်” ဟူ၍ပင် ခေါ်ဝေါ်လေ့ရှိသည်။ သို့သော် သူ့အသံထဲဝယ် လေးစားအားကျမှုများသာပါရှိပြီး မနာလိုမှုတစ်စွန်းတစ်စပင် ရှိမနေချေ။ ကျန်းယီဟွေ့၏ပါရမီအား အနီးရှိလူများက အသိအမှတ်ပြုကြပုံပေါ်၏။
သို့သော် ယီဟွေ့ကမူ ကွဲပြားလေသည်။ သူ မူလတန်းကတည်းက ပန်းချီဆွဲခြင်းကိုသဘောကျသဖြင့် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ကာ သူ၏မိသားစုသည်လည်း ချမ်းသာလေသည်။ အပြင်းအထန်ကြိုးစားရန်လည်း မလိုအပ်ခဲ့သလို သူ့ကိုယ်သူ သူတစ်ပါးနှင့်နှိုင်းယှဉ်လေ့မရှိချေ။ ထို့ကြောင့် သူတို့နှစ်ဦး၏ ပန်းချီပညာအရည်အချင်းမှာ အလွန်ကွာဟလျှက်ရှိလေသည်။
မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်းက ယီဟွေ့ကို ပို၍ဂနာမငြိမ်ဖြစ်စေကာ ဖုန်းချသင့်သည်ဟူ၍ပင် ခံစားလာရ၏။
ဖုန်းတစ်ဖက်ရှိထန်ဝမ်ရှီးက မည်သည်ကိုမှသတိမပြုမိပဲ ပန်းချီနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဆက်လက်ပြောဆိုနေလေသည်။ ယီဟွေ့ တုံ့ဆိုင်းနေသည့်အပေါ် မကျေမနပ်ဖြင့်ဆိုလာခဲ့၏။
“အတန်းဖော်ကျန်း...ဘာဖြစ်နေတာလဲ…မင်းအရင်ကဒီလိုမဟုတ်ပါဘူး…ပုံမှန်ဆိုစကားနည်းပေမယ့်ပန်းချီအကြောင်းနဲ့ပတ်သတ်ရင် မင်းကအားအပြည့်ပဲလေ…မင်းတစ်ယောက်ထဲ တစ်နာရီလောက်ထိုင်ပြောနေကျမဟုတ်လား…”
ယီဟွေ့ ခဏမျှကြောင်အသွားကာ ပြတင်းပေါက်မှန်ရှိ သူ၏အရိပ်ကိုကြည့်ရင်း ယုံကြည်ချက်ရှိရှိပြောဆိုနိုင်သူ တစ်ဦးအဖြစ် ပုံမဖော်နိုင်ပဲဖြစ်နေခဲ့သည်။
“ငါ…ငါဘာပြောရမှန်းမသိဘူး…ဘယ်သူမှနားထောင်ကြမှာမဟုတ်ဘူးလေ...”
“ဘာတွေပြောနေတာလဲ…ငါနားထောင်မှာပေါ့…” ထန်ဝမ်ရှီးက အသံကိုမြှင့်လိုက်သည်။
“ငါတို့အားလုံးနားထောင်ပေးမှာပေါ့…ကတိပေး…အနာဂတ်မှာ မင်းအချိန်ရတာနဲ့ ကျောင်းကိုမကြာမကြာအလည်လာရမယ်နော်…”
ဖုန်းချပြီးသည့်နောက် ယီဟွေ့က စတူဒီယိုထဲတွင် အချိန်အတော်ကြာထိုင်နေမိခဲ့သည်။ သူတို့က သူ့ကိုသဘောကျခြင်းမဟုတ်ချေ။ မူလ ကျန်းယီဟွေ့ကိုသာဖြစ်၏။
တစ်စုံတစ်ယောက်က သူ့အား သဘောကျသည်ဟု ပြောခဲ့သော်လည်း သူတွေးထားသကဲ့သို့မဟုတ်ပဲ အခြားအကြောင်းရင်းများရှိနေခဲ့သည်။
မိမိသဘောကျသူအား ရိုင်းစိုင်းပြီး စော်ကားရာကျသောအပြုအမူများနှင့် မည်သူကဆက်ဆံပါမည်နည်း။ အနည်းငယ်အသိဉာဏ်ရှိသူပင် ထိုအချက်အားပြောနိုင်လေသည်။
ယီဟွေ့က ပန်းချီဆွဲခန်းအပြင်သို့ထွက်ကာ အေးလာသည့်ရာသီဉတုကြောင့် အိမ်အတွင်းပိုင်းသို့ရွှေ့ထားသည့် စံပယ်ပန်းပင်အား ကြည့်လိုက်မိသည်။ ထို့နောက် ၎င်း၏ စိမ်းမှောင်သောအရွက်များကိုထိလျှက် အသက်ရှူထုတ်လိုက်မိလေသည်။
အမှန်ပဲ…သူ့ကို ဘယ်သူကမှသဘောမကျတဲ့အတွက် ဘယ်သူကမှလွမ်းနေမှာမဟုတ်သလို သူ့အတွက်ဝမ်းနည်းနေကြမှာလည်းမဟုတ်ဘူး…
သို့သော် ကီလိုမီတာအနည်းငယ်ကွာဝေးသည့် S မြို့တော်ဝယ် သူ့ကြောင့် အရာအားလုံးရှုပ်ထွေးနေခြင်းကိုမူ ယီဟွေ့မသိရှိချေ။
မြို့တောင်ဘက်ရှိိ ဆင်ခြေဖုံးဒေသတွင် ရဲကားများမှ အချက်ပေးဉဩသံများက တောင်များအကြား ပဲ့တင်ထပ်လျှက်ရှိလေသည်။ လျှပ်စစ်အားမြင့်မားသော LED မီးအလင်းရောင်များမှ ထုတ်လွှတ်သည့် အဖြူရောင်အလင်းက ပတ်ဝန်းကျင်ရှိ မြက်ခင်းများပေါ်သို့ ဖြာကျလျှက်ရှိလေသည်။ မနီးမဝေးတွင် သေးငယ်သောအိမ်တစ်လုံးရှိနေကာ အလင်းရောင်အနည်းငယ် သက်ရောက်ခံရသည့်အလျောက် အိမ်၏အရိပ်က ရွှံ့ထူသောမြေပေါ်တွင် ထင်လျှက်ရှိသည်။
အလာလမ်းတွင် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကာ မိုးရွာသွန်းမှုကြောင့် တောင်တက်လမ်းမှာလည်း သွားလာရခက်ခဲလျှက်ရှိ၏။ ကျိုးကျင်ဟမ့်က ရွှံ့များကိုဖြတ်ကျော်ကာ ဤနေရာသို့ လာရောက်ခဲ့ရသည်။ ထိုစဉ် တဲအတွင်းမှ အရာရှိအုပ်စုလိုက်ထွက်လာကြလေသည်။
တောင်ပေါ်ညမှာ စိုစွတ်ပြီးချမ်းအေးလှသည့်အလျောက် ကျိုးကျင်ဟမ့်၏ ဆံပင်နှင့်ခန္ဓာကိုယ်တစ်ခုလုံး ရွှဲနစ်နေလေသည်။ သို့သော် ကျိုးကျင်ဟမ့်က ၎င်းကိုသတိမပြုမိချေ။ သူက လမ်းတစ်လျှောက်ရှိလူများကို တွန်းဖယ်ကာ တဲအိမ်အတွင်းသို့ဝင်သွားလိုက်ရင်း ဘေးဘီဝေ့ဝဲကြည့်လိုက်မိသည်။
သူ့အားသတင်းပို့ခဲ့သည့်အမျိုးသားက ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။ ထိုသူက ဤနေရာမှာ အုံ့မှိုင်းပြီးနိမိတ်မကောင်းဟု ခံစားရသည့်အလျောက် ကျိုးကျင်ဟမ့်အား အပြင်သို့ဆွဲခေါ်ရန်ကြိုးစား၏။
“သခင်လေးကျိုး…သခင်လေးကျိုး…အမြန်ပြန်ထွက်ရအောင်…သူ့ကိုအဝေးသယ်ထုတ်သွားကြပြီ…ကျွန်တော် ခင်ဗျားကိုဖုန်းခေါ်သေးတယ်…ဖုန်းမကိုင်လို့…”
ကျိုးကျင်ဟမ့်က မကြားဟန်ဖြင့် ထိုသူအားတွန်းထုတ်လိုက်ကာ အိမ်အတွင်းသို့လှမ်းဝင်လိုက်သည်။
သူက တစ်မိနစ်ကြာအောင် အခန်းကျဉ်းလေးအား လှည့်ပတ်ရှာနေခဲ့၏။ ကုလားကာအနောက်ဘက်၊ သစ်သားစားပွဲအောက်၊ အိပ်ရာအောက် အစရှိသည်ဖြင့်တတ်နိုင်သမျှလိုက်ရှာနေလေသည်။ သူက နှုတ်ခမ်းတင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှမဆိုပဲ အခန်းထောင့်တိုင်းကို လိုက်ရှာနေပြီး ရလဒ်တစ်ခုကိုမရမသရွေ့ ရပ်တန့်မည့်ပုံမပေါ်ချေ။
အဆုံးသတ်တွင် ရဲဝန်ထမ်းများက သူ့အားဆွဲခေါ်သွားကြလေသည်။ ဤကဲ့သို့ ထပ်မံပြုမူပါက ဝတ္တရားနှောင့်ယှက်မှု၊ အခင်းဖြစ်ပွားရာနေရာအားပျက်စီးစေမှုတို့ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးလိုက်၏။
ထိုအရာကိုကြားသည့်အခါ ကျိုးကျင်ဟမ့်က ချက်ချင်းတုံ့ပြန်လာခဲ့သည်။ “ဘာ…”
ရဲသား: “ဒီနေရာက ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာ...”
“ဘာပြစ်မှုလဲ…”
“လူသတ်မှု…”ရဲသားက သူတမင်ပြဿနာရှာနေခြင်းဖြစ်သည်ဟု ယူဆသွားပြီး အပြင်ဘက်သို့ဆွဲထုတ်ကာ စောင့်ကြပ်မှုအား တိုးမြှင့်လိုက်လေသည်။
“နေရာကိုစပြီးရှင်းလင်းတော့မှာဖြစ်တာကြောင့် ဘေးကင်းရာကိုရွှေ့ကြပါ..”
ကျိုးကျင်ဟမ့်အား တဲနှင့်ဆယ်မီတာအကွာအထိ တွန်းထုတ်ခံလိုက်ရသည်။ သူက လက်လျှော့သွားမည့်အစား မည်သည်ကိုမှဂရုမစိုက်ပဲ တဲထံသို့ ပြေးသွားခဲ့ပြန်၏။ လူအများအပြားက သူ၏ပုခုံးများနှင့် လက်မောင်းများကို အတင်းဆွဲထားကြလေသည်။ သူက မလှုပ်ရှားနိုင်သည့်အခါ အမှောင်ထဲတွင် ပုန်းကွယ်နေဟန်ရှိသည့် အိမ်ငယ်လေးအား ငေးစိုက်လျှက် ကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းများက သွေးရောင်တောက်ကာ ရဲရဲနီလျှက်ရှိပြီး ရင်ဘတ်တစ်ခုလုံးလေးလံနေကာ အသက်ရှူနှုန်းမှာလည်း မြန်ဆန်လျှက်ရှိလေသည်။ ရေစိုနေသောဆံစများက နဖူးပေါ်တွင် ကပ်နေလေသည်။ သူ၏ဘောင်းဘီတွင် ရွှံ့များပေကျံနေကာ အင်္ကျီမှာလည်း မိုးရေစက်များကြောင့် ရွှဲရွှဲစိုလျှက် အစက်အပြောက်များဖြင့် စွန်းထင်းလျှက်ရှိလေသည်။ သူ၏ပုံရိပ်မှာ စုတ်ချာနေပြီး ပုံမှန်စွဲမက်ဖွယ်အသွင်အပြင်က တစ်စွန်းတစ်စပင်မရှိတော့ချေ။
မိုးရွာသံနှင့်အတူ ယခုလေးတင်ရောက်ရှိလာသည့် အိမ်ပိုင်ရှင်အား မေးခွန်းများမေးနေသော ရဲအရာရှိ၏အသံက ရောထွေးနေလေသည်။
“အိမ်က သက်တမ်းဘယ်လောက်ရှိပြီလဲ…”
“ကျွန်တော် မမှတ်မိတော့ဘူး…ဆယ်နှစ်ကျော်လောက်ရှိပြီထင်တယ်…ဒီလိုခေါင်တဲ့နေရာမျိုးမှာ ဘယ်သူကအကြာကြီးနေမှာလဲ…”
“ဒါဆို သေဆုံးသူကိုဘယ်လိုသိခဲ့တာလဲ…”
“ကျွန်တော်က ဒီတောင်ခြေမှာနေတာလေ…တောင်ဘက်မှာ..ဟောဟိုနားက မီးထွန်းထားတဲ့နေရာမှာပေါ့…အဲ့ဒီ့နေ့က ကျွန်တော်တောင်ပေါ်လာတော့ သူ့လျှောက်ကြည့်နေတာကိုတွေ့လိုက်ရတယ်…ကျွန်တော်လည်း သူဘာများလုပ်နေလဲလို့မေးခဲ့မိတယ်…ကျွန်တော်က ဒီအိမ်ပိုင်ရှင်မှန်းလည်းသိရော သူတော်တော်ပျော်သွားခဲ့တာ…အိမ်ကရောင်းဖို့လားဆိုပြီး ကျွန်တော့်ကိုမေးလာတယ်လေ..”
“ဒီတော့ ခင်ဗျားသူ့ကိုရောင်းလိုက်တာလား…”
“ဟေး…ကျွန်တော်က ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာလဲ…ဒီအိမ်က ရောင်းဖို့အတွက်အရမ်းစုတ်လွန်းတယ်လေ…ကျွန်တော့်လို ဉပဒေလိုက်နာတဲ့ လူကောင်းတစ်ယောက်က ဒီလိုကိစ္စမျိုးလုပ်စရာလား…ဒါပေမယ့် ရက်နည်းနည်းကြာတော့ သူက ထပ်ရောက်လာပြီး အိမ်ဝယ်ချင်တဲ့အကြောင်းပြောပြန်ရောလေ…ကျွန်တော် လက်မခံခဲ့ဘူး…ဒါပေမယ့် သူက ကျွန်တော့်နောက်က တကောက်ကောက်လိုက်ပြီး ကျွန်တော်တောင်းသလောက်ပေးပါ့မယ်လို့ ပြောလာတယ်လေ…သူကအရမ်းရိုးသားလွန်းတယ်လို့ ကျွန်တော်ထင်တာကြောင့် သူရက်နည်းနည်းလောက်ကစားနိုင်ဖို့ အိမ်ကိုငှားပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်…ပြီးတော့ သူတောင်ခြေက ပရိဘောဂတွေကို ရွှေ့တဲ့နေရာမှာလည်း ကူညီပေးခဲ့တယ်လေ…”
“သူ့ကို သော့ပေးလိုက်သေးလား…”
“ သေချာပေါက်ပေးခဲ့တာပေါ့…ငှားခယူပြီးတာနဲ့ ပေးလိုက်တာပဲ…”
ရဲအရာရှိက အိမ်ပိုင်ရှင်အား ဖုန်းအတွင်းရှိဓာတ်ပုံကို ပြလိုက်သည်။ “အဲဒီ့လူက ပုံထဲကလူလား…”
“ဟုတ်တယ်…သူပဲ…ကျွန်တော်သေချာတယ်…သူက ကြည့်ကောင်းတဲ့လူငယ်လေးပါ…ဒါပေမယ့် ကြောင်တောင်တောင်တွေပြောတတ်တယ်…ဒီလို…”အိမ်ပိုင်ရှင်က သူ၏ဦးခေါင်းကိုညွှန်ပြကာ အသံကိုနှိမ့်လိုက်၏။ “တစ်ခုခုမှားနေတာရှိနိုင်တယ်…သူကအရူးပဲ..ကျွန်တော်သူ့ကိုအိမ်သော့ပေးတော့ ဒီအိမ်ကိုသူအခုပိုင်သွားပြီလား ဆိုပြီး ကျွန်တော့်ကို အကြိမ်ရေအချို့မေးနေခဲ့တာလေ…”
သူထိုသို့ပြောလိုက်သည်နှင့် နံဘေးတွင်ဆူဆူညံညံဖြစ်လာခဲ့သည်။ ကျိုးကျင်ဟမ့်က ချုပ်ထားသောသူများထံမှ လွတ်အောင်ရုန်းလိုက်ပြီး အလွန်လျှင်မြန်စွာပြေးလာခဲ့ကာ အိမ်ပိုင်ရှင်အား အင်္ကျီကော်လံမှဆွဲမလိုက်သည်။ ထို့နောက် ထိုသူ့အားငုံ့ကြည့်ကာ အော်ဟစ်လေ၏။
“ဘယ်သူ့ကိုအရူးလို့ခေါ်နေတာလဲ…သူက အရူးမဟုတ်ဘူးကွ…မင်းအမြင်မှားတာပဲဖြစ်ရမယ်…ဟုတ်တယ်မလား…မင်းအမြင်မှားတာလို့ ငါ့ကိုပြောစမ်း…”
ပိုင်ရှင်က ကြောင်အသွားကာ တစ်ခုခုပြောရန်ပင် တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ့နံဘေးရှိလူများက ကျိုးကျင်ဟမ့်အား အဝေးသို့အမြန်ခေါ်ဆောင်သွားကြလေသည်။
ပရမ်းပတာအခြေအနေထဲတွင် ရဲအရာရှိဖုန်းပေါ်ရှိပုံအား သူတွေ့လိုက်ရ၏။ ဖုန်းမျက်နှာပြင်ပေါ်ရှိ အမျိုးသားငယ်တွင် ဖွေးသန့်သောမျက်နှာကလေးရှိကာ နူးညံ့သောဆံစအနည်းငယ်က သူ၏နဖူးပေါ်သို့ကျဆင်းနေပြီး မျက်ဝန်းနက်များကိုပင် ဖုန်းကွယ်မတတ်ရှိနေခဲ့သည်။
အမျိုးသားငယ်မှာ ဖုန်းမျက်နှာပြင်ပေါ်ရှိ wallpaper အတိုင်းပင်တောက်ပစွာပြုံးနေလေသည်။ ကျိုးကျင်ဟမ့်က လက်သီးတင်းတင်းဆုပ်လျှက် ချွန်မြသောအစွယ်နှစ်ချောင်း ထွက်ပေါ်လာသည်အထိ အံတင်းတင်းကြိတ်လိုက်လေသည်။
ဆေးရုံကိုရောက်ရှိသည်အထိ ကျိုးကျင်ဟမ့်က အစစ်အမှန်လော၊ ပုံရိပ်ယောင်ပေလော မကွဲပြားသေးချေ။
သူဤနေရာအား လာရောက်ရသည့်အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်းသိလေသည်။ သူက အချက်အလက်အချို့မေးမြန်းကာ လူသေရုံသို့ အမြန်လိုက်သွားလိုက်၏။ အလောင်းအား ဆွေမျိုးများယူသွားခဲ့ပြီဖြစ်ကြောင်း ဝန်ထမ်းကဆိုလာခဲ့သည်။
“သေဆုံးသူရဲ့အစ်ကိုက မြို့တော်မှာမီးသင်္ဂြိုဟ်ချင်ကြောင်းပြောတော့ ဖခင်ဖြစ်သူက သဘောတူကြောင်းလက်မှတ်ထိုးပေးခဲ့ပါတယ်…”
ကျိုးကျင်ဟမ့်၏ နှလုံးခုန်သံမှာ အလွန်လျှင်မြန်နေခဲ့သော်ငြား သူ၏ဦးနှောက်က ပို၍ပင်မြန်ဆန်နေခဲ့သည်။ “ရင်ခွဲစစ်ဆေးဖို့မလိုဘူးလား…”
ဝန်ထမ်းက ပြန်ဖြေခဲ့သည်။ “သေဆုံးရတဲ့အကြောင်းရင်းလား…စစ်ဆေးခဲ့ပြီးပါပြီ… ကိုယ်အပူချိန်အလွန်အမင်းကျဆင်းသွားတဲ့အတွက် နှလုံးရပ်သွားခဲ့တာပါ…ပြင်ပဒဏ်ရာလက္ခဏာမျိုးမတွေ့ရပါဘူး…”ကျိုးကျင်ဟမ့်၏ ဗလာဖြစ်နေသော အမူအရာကိုကြည့်ကာ သူက ဝန်လေးစွာဖြင့် ထပ်ပြောလိုက်သည်။
“နာနာကျင်ကျင်နဲ့သေဆုံးသွားခဲ့တာမျိုးမဟုတ်ပါဘူး…ပြီးတော့ ဒီရက်ပိုင်းရာသီဉတုက အေးနေတာဆိုတော့ အလောင်းက မမှတ်မိနိုင်လောက်အောင်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားဘူးလေ…”