အပိုင်း ၉.၂
Viewers 13k

Chapter-9.2
ရေချိုးခန်းအတွင်းမှထွက်လာသည့်နောက် ကျိုးကျင်ဟမ့်က သူ၏ဆံပင်များကို ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ကာ သူ့ရင်တွင်းရှိဒေါသအား ကြမ်းတမ်းသောလှုပ်ရှားမှုများဖြင့် ဖိနှိပ်နေလေသည်။
အိမ်မက်ထဲတွင် ဘာမှမတတ်နိုင်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း နေ့အလင်းရောင်အောက်တွင်ပင် ဆက်လက်တွေးတောနေမိခြင်းမှာ လွန်လွန်းလှ၏။
သူ၏ဆံစများအား မကျေမနပ်ဖြင့် အကြိမ်အနည်းငယ်ပွတ်သုတ်ပြီးသည့်နောက် မျက်နှာသုတ်ပုဝါအား ကြမ်းပြင်ပေါ်သို့ ဒီအတိုင်းပစ်ချလိုက်သည်။ ထို့နောက် ဖုန်းကိုနောက်တစ်ကြိမ် ထပ်ကိုင်ကြည့်လိုက်လေသည်။ ဖုန်းမျက်နှာပြင်က မဲမှောင်လျှက်ရှိပြီး မည်သည့်သတင်းအသစ်မှရှိမနေချေ။
သူက မည်သည့်နေရာ၌ရှာဖွေရမည်ကို မသိတော့သည့်အလျှောက် ပေါင်းသင်းချင်စိတ်မရှိသည့် ခွေးသူငယ်ချင်းများအပါအဝင် စွမ်းဆောင်ရည်ရှိသော S မြို့ရှိလူအားလုံးအား တောင်းဆိုထားခဲ့သည်။ ယခုအချိန်လောက်ဆိုပါက သတင်းအချို့ရသင့်ပြီဖြစ်သော်လည်း အရူးလေးအကြောင်း အစအနပင်မသိရချေ။
အရူးလေးက ဤတစ်ကြိမ်၌ သူ့အားရှာတွေ့ခွင့်မပြုရန် စိတ်ဆုံးဖြတ်ထားခဲ့ပုံရသည်။
အရူးလေးက ထင်သလောက်မတုံးအချေ။ သို့မဟုတ်ပါက ဤမျှကြာအောင်ပုန်းနေနိုင်မည်မဟုတ်။ သို့မဟုတ်ပါက သူ ဤကဲ့သို့...
ကျိုးကျင်ဟမ့် လက်ကိုမြှောက်ကာ သူ၏ဆံပင်ရေစိုစိုများအား အကြိမ်အနည်းငယ်ထိုးဖွလိုက်ရင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။ ရုတ်တရက်ဖုန်းမြည်သံက သူ၏ အဓိပ္ပာယ်သတ်မှတ်မရသော ဒေါသများကို ယာယီမေ့သွားစေခဲ့၏။ သို့သော် ဖုန်းကိုင်လိုက်ချိန်တွင် သူကြားလိုသည့်အသံအား မကြားလိုက်ရသည့်အတွက် ပို၍စိတ်ဆိုးလာခဲ့ရသည်။
ဖုန်းတစ်ဖက်ရှိ ဖန်ယွီချင်းက တစ်စုံတစ်ခုအား အာရုံခံမိသွားခဲ့လေသည်။ “ဘာဖြစ်တာလဲ…ငါ့ဖုန်းလာတာကို မင်းကသိပ်မပျော်သလိုပဲ…”
“မဟုတ်ပါဘူး...” ကျိုးကျင်ဟမ့်က မဆိုင်းမတွပင် ငြင်းဆိုလိုက်၏။ “နိုးခါစမို့ပင်ပန်းနေလို့ပါ....”
ဖန်ယွီချင်းက သံသယဝင်ခြင်းမရှိပဲ လိုရင်းကိုသာ ပြောလိုက်၏။ “ဒီတပါတ်ပိတ်ရက်ကျရင် အနုပညာပြတိုက်က ပြပွဲမှာ ငါ့ပန်းချီတွေကိုပြမှာလေ…အဲ့ဒါ ငါ့အနေနဲ့ စတားတစ်ယောက်ကို ဖိတ်ကြားနိုင်တဲ့အထိ ကံကောင်းနိုင်မလားလို့…”
ကျိုးကျင်ဟမ့် ခဏတာတုံ့ဆိုင်းကာ ဆိုလာခဲ့သည်။ “ငါလာမယ့်ပိတ်ရက်မှာ အလုပ်လုပ်ဖို့ရှိတယ်…”
“အရေးကြီးတာလား…”
“အင်း…အရမ်းအရေးကြီးတာ...”
ဖန်ယွီချင်း ခေတ္တမျှကြောင်အသွားခဲ့သည်။ ထို့နောက် သူ၏စိတ်အခြေအနေကို အမြန်ထိန်းညှိလိုက်ကာ အနည်းငယ်ပင်ခြားနားခြင်းမရှိသော အသံဖြင့်ဆိုလာ၏။
“အာ…နှမြောစရာပဲ…နောက်တစ်ခါအခွင့်အခါသင့်မှ ပြောကြတာပေါ့
ဖုန်းချပြီးသည့်နောက် ကျိုးကျင်ဟမ့်က ဖုန်းကိုကိုင်ကာရပ်နေရင်း သူအခုလေးတင်ဆိုလိုက်သည့်စကားအပေါ် အချိန်နှောင်းသောသံသယများ စတင်ဝင်ရောက်လာခဲ့သည်။
၎င်းမှာ ဖန်ယွီချင်း၏ဖိတ်ခေါ်မှုအား ဝေ့လည်ကြောင်ပတ်လုပ်ကာ ငြင်းဆန်ခဲ့သည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
သူက အိမ်မှထွက်ပြေးသွားသော အရူးလေးအား ပြန်ခေါ်ရန် တစ်ရက်သာကြာမည်ဟုမျှော်လင့်လျှက် တစ်ပါတ်ကြာအားလပ်ရက်ယူခဲ့လေသည်။
ကျန်တဲ့ရက်တွေကရော…
အမှန်စင်စစ်တွင် သူလတ်တလောပြုလုပ်လိုက်သည့် အပြုအမူအား လက်ခံရန်မည်သို့မှမဖြစ်နိုင်ဖြစ်နေခဲ့၏။ ဖန်ယွီချင်းတောင်းဆိုမှုများကို သူတစ်ကြိမ်တစ်ခါမျှပင် မငြင်းဆိုခဲ့ဖူးချေ။ ထိုနှစ်က ဖန်ယွီချင်း နိုင်ငံခြားသို့သွားရန် တောင်းဆိုခဲ့စဉ်ကပင် သူက သွားခွင့်မပြုကြောင်းမပြောခဲ့ချေ။
ကျိုးကျင်ဟမ့်၏ မွေးရာပါမာနက နှိမ့်ချစွာတောင်းပန်ရန် ခွင့်မပြုခဲ့ချေ။ သူ့အား အတင်းအကျပ်လက်ထပ်စေခဲ့သည့်အခါ စိတ်ကမောက်ကမဖြစ်ခဲ့ပြီး ဒေါသနှင့် လက်စားချေမှုများကို သနားညှာတာခြင်းကင်းမဲ့စွာဖြင့် အရူးလေးအပေါ် ဖောက်ခွဲမိခဲ့သည်။
ဒါပေမယ့် အရူးလေးကရော…
ကျိုးကျင်ဟမ့်က ဘာမှမဆိုင်သည့်ဖုန်းခေါ်ဆိုမှုမှအစချီ၍ အကြောင်းအရာအချို့အား မတော်တဆဆက်စပ်မိသွားကာ အသက်ရှူထုတ်လိုက်ရင်း စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်လေသည်။
သူ့တွင် အားလပ်ရက်များရှိနေသည့်အလျှောက် အရူးလေးအား ပိတ်ရက်တွင် ကစားကွင်းသို့ခေါ်သွားပေးရမည်။ အရူးလေး အရင်က သူ့အားပေးခဲ့သည့် ကဒ်တစ်ခု၏နောက်ကျောဘက်တွင် အဆိုပါဆန္ဒအား ရေးထားခဲ့ဖူးလေသည်။ ကလေးဆန်ပြီးအရုပ်ဆိုးသော လက်ရေးကြောင့်ထင့်၊ သူ ထိုစာကြောင်းများအား ကောင်းစွာမှတ်မိနေခဲ့သည်။
သူတို့က မြို့တော်ရှိကစားကွင်းသို့သွားနိုင်ပြီး လမ်းတစ်လျှောက်တွင် တဖိတ်ဖိတ်တောက်နေသော အမိုးခုံးရှိသည့် စားသောက်ဆိုင်တွင် ညစာဝင်စားကြမည်။ ၎င်းဆိုင်က ညဘက်ဆိုလျှင် တောက်ပသောအလင်းရောင်များဖြင့် ပိုမိုလှပလေရာ အရူးလေး စိတ်လှုပ်ရှားမှုများဖြင့် အာမေဋိတ်သံလေးများပြုလာဦးမှာဖြစ်လေသည်။
အဲ့ဒီ့ညကျရင်…ထိုသို့တွေးလိုက်မိချိန်တွင် ကျိုးကျင်ဟမ့် အနည်းငယ်ရှက်ရွံ့သွားခဲ့ရသည်။
ဘာပဲဖြစ်ဖြစ်သူတို့က စစ်မှန်တဲ့ဆက်ဆံရေးရှိနေပြီးသားလေ…စာရွက်စာတမ်းတွေပဲလိုတာမဟုတ်လား…သူ ဒါကိုဘာလို့တွေးခွင့်မရှိရမှာလဲ...
အရူးလေးငိုနေလျှင်ပင် နှစ်သက်ဖွယ်ကောင်းလှ၏။ သူ့အား အိပ်ရာထဲတွင် မချီးကျူးမိရန်မှာ မဖြစ်နိုင်ချေ။
ဤမျှအထိ ကြံစည်နေရင်း ကျိုးကျင်ဟမ့်က အကယ်၍သူသာ အရူးလေးအား ရွံရှာဟန်ဖြင့် စကားပြောခဲ့မည့်အစား ပြုံးပြလျှက်ချီးကျူးစကားများဆိုခဲ့လျှင် ယခုကဲ့သို့ အိမ်မှထွက်ပြေးသွားခဲ့မည်မဟုတ်ဟု တွေးနေမိသည်။
အရူးလေး၏ တောင်းဆိုမှုများက အလွန့်အလွန်နည်းပါးလှရာ အကယ်၍များ ဖန်ယွီချင်းအပေါ်ထားခဲ့သော စိတ်ရှည်မှု၏ ဆယ်ပုံတစ်ပုံမျှ အရူးလေးအပေါ်ထားခဲ့မည်ဆိုလျှင် ယခုကဲ့သို့ တစ်ဦးတည်းထိုင်နေရမှာမဟုတ်ချေ။
ပထမဆုံးအကြိမ် နောင်တအားမြည်းစမ်းလိုက်ရသော ကျိုးကျင်ဟမ့်တစ်ယောက် ရယ်ရမလိုငိုရမလိုဖြင့် အနည်းငယ်အကူအညီမဲ့သလို ခံစားနေရသည်။ သူက အရူးလေးအား ဤမျှတုံးအခဲ့သည့်အတွက် အပြစ်ဆိုရမည်လော၊ အတိတ်ကသူကိုယ်တိုင်အား ရက်စက်မိုက်မဲမှုအတွက် ဆူပူရမည်လော မသိတော့ချေ။
အတိတ်က အတိတ်သာဖြစ်သည်။ ကျိုးကျင်ဟမ့်က အရူးလေးပြန်မရောက်လာခင် အချို့သောသက်သေများကို ဖျောက်ဖျက်ရန် ဆုံးဖြတ်လိုက်၏။
သူက အရွက်တိုင်းကို ရေစက်ကလေးများအပြည့် ဖြစ်သွားစေသည့် အရူးလေး၏ရေလောင်းပုံအား အတုယူကာ နှင်းပွင့်ပန်းအိုးအား ရေအနည်းငယ်လောင်းလိုက်သည်။
တစ်ထပ်ထဲတူသည့် ဒိုရေမွန်အရုပ်အား ရှာမတွေ့သည့်အလျှောက် အဝတ်လျှော်စက်ထဲထည့်ကာ လျှော်လိုက်၏။ လျှော်စက်အတွင်းမှပြန်ထုတ်လိုက်သည့်အခါ အရုပ်က အနည်းငယ်ပုံပျက်နေပြီး ဝမ်းဗိုက်မှာလည်းမီးခိုးရောင်သမ်းနေဆဲဖြစ်လေသည်။ သူက အရုပ်အား ဆပ်ပြာမြှုပ်များဖြင့် မဆေးကြောခင် ရေဖြင့် အကြိမ်ရေတော်တော်များများဆေးကြောလိုက်၏။
ထို့နောက် လျှော်ဖွပ်ပြီးသွားသည့်အရုပ်အား ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားလိုက်ကာ နေရောင်ခြည်ဖြင့်သေချာထိတွေ့စေရန် ဆယ်မိနစ်လျှင်တစ်ကြိမ် ဟိုဘက်သည်ဘက်လှန်ပေးလျှက်ရှိလေသည်။ ထို့နောက် အချိန်ပိုနေသည့်အတွက် စတူဒီယိုအားရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။
တစ်လနီးပါးပစ်ထားခံရသည့်အလျှောက် ကင်းဘတ်စများ၊ စားပွဲနှင့် ကုလားထိုင်များပေါ်တွင် ဖုန်တစ်လွှာက ဖုံးအုပ်လျှက်ရှိလေသည်။ မကြာခင် ဤနေရာရှိအရာအားလုံးအား နေထွက်ချိန်ကိုမြင်ရသည့်အခန်းသို့ ရွှေ့ပြောင်းတော့မှာဖြစ်ကြောင်း တွေးမိလိုက်သဖြင့် ကျိုးကျင်ဟမ့်က အပေါ်ယံသာ ရှင်းလင်းလိုက်သည်။
ဖုန်သုတ်ပြီးသည့်အခါ ပန်းချီဆွဲထောက်တိုင်တစ်ခု၏ ဘေးမှဖြတ်သွားရင်း တစ်ဝက်မျှပြီးစီးနေပြီဖြစ်သော ပုံတူပန်းချီကားတစ်ခုအား တွေ့လိုက်ရ၏။ စိတ်ငြိမ်ဆေးတစ်လုံးအား သောက်သုံးလိုက်ရသကဲ့သို့ တနေကုန်တောင့်တင်းနေခဲ့သည့် အာရုံကြောများက အနည်းငယ်သက်သာရာရသွားခဲ့လေသည်။
ပန်းချီကားက အဆုံးမသတ်သေးရာ အရူးလေးသည်လည်း သေချာပေါက်ပြန်လာပေလိမ့်မည်။
ပန်းချီကားရောင်းရငွေဖြင့် သူ့အတွက် အိမ်တစ်လုံးဝယ်ပေးချင်ကြောင်း ပြောခဲ့ဖူးသည့် အရူးလေး၏ရဲတင်းမှုအကြောင်း ပြန်တွေးမိသွားကာ ကျိုးကျင်ဟမ့်က သဘောတကျရယ်မောလိုက်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တွေးမိရုံအပြင် မျှော်လင့်ချက်အချို့ကိုပါ သူခံစားလိုက်ရ၏။
ဤသို့ဖြင့် စိတ်အခြေအနေကောင်းမွန်နေချိန်အတွင်း ဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိလိုက်လေသည်။ ကျိုးကျင်ဟမ့်၏ ပထမဆုံးတုံ့ပြန်မှုက သူနားကြားလွဲသည်ဟု တွေးလိုက်မိခြင်းဖြစ်လေသည်။
သူက ရှူးဖိနပ်များလဲလှယ်ကာ သော့ကိုကောက်ယူ၍ အပြင်ထွက်လိုက်၏။ အရူးလေးအား သွားခေါ်ရန် ကားရွေးနေစဉ်မှာပင် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်၏။
“ဘာပြောတယ်…”
ဖုန်းအခြားတစ်ဖက်ရှိလူက မီးသတ်ပစ္စည်းများထုတ်လုပ်သည့်ကုမ္မဏီမှ သခင်ငယ်လေးတစ်ဦးဖြစ်သည်။ ထိုသူက ကျိုးကျင်ဟမ့်၏ မျက်နှာသာပေးမှုအားရရှိရန် ကြိုးစားနေခြင်းဖြစ်ကာ အမြဲလိုလိုချိုသာစွာဖြင့် ရွှန်းရွှန်းဝေအောင်ပြောတတ်၏။ သို့သော် ယခုမူ တစ်နည်းနည်းဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။
“ကျွန်တော်တို့ အဲ့ဒါကို ကျေးလက်ဒေသက တောင်တစ်လုံးပေါ်မှာတွေ့ခဲ့တယ်…”
သူကြားလိုက်ရသည့်စကားလုံးများနှင့်အတူ ကျိုးကျင်ဟမ့်၏မျက်နှာမှာလည်း အေးစက်လာခဲ့ရသည်။
သူ၏နှလုံးခုန်သံမှာလည်း စည်းချက်မမှန်တော့ပဲ နဖူးပြင်ရှိသွေးများ ပြင်းထန်စွာတိုးလာခဲ့ခြင်းကြောင့် မျက်ရိုးများကိုက်ခဲလာခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်မှုဖြင့် ဖိနှိပ်ထားခဲ့သော မလွယ်ကူမှုက ပြန်လည်ရောက်ရှိလာခဲ့ကာ အားပြင်းလှသည့်တုံ့ပြန်မှုကြောင့် အသက်ရှူရန်ပင် အခွင့်အရေးမရှိချေ။
သူ့မျက်ဝန်းများက ဝေဝါးလာခဲ့ကာ ခြေလက်များနှင့် အရိုးအဆစ်များက သူ့အားမနာခံတော့ချေ။ ကျိုးကျင်ဟမ့်က ဖုန်းကိုထုတ်ကာ အရူးလေး၏ပြုံးနေသောမျက်နှာအားကြည့်ရင်း မေးလိုက်သည်။ “ဘယ်တောင်မှာတွေ့တာလဲ…ဘာကိုတွေ့တာလဲ…”
အရေးကြီးသည့် သေခြင်းရှင်ခြင်းကိစ္စဖြစ်သော်လည်း တည်ငြိမ်နေပြီး ပုံမှန်ကဲ့သို့ပင် ကျယ်လောင်ခြင်းမရှိသည့် သူ့အသံကို ကြားလိုက်ရသည့်နောက် တစ်ဖက်ရှိအမျိုးသားက ထပ်မံ၍ဆိုလာခဲ့သည်။
“မြို့ဆင်ခြေဖုံးနားက ချင်းတိုက်တောင်မှာပါ…ကျွန််တော်တို့ ရုပ်အလောင်းတစ်လောင်းတွေ့ခဲ့ပါတယ်…”
S မြို့၊ နွေဦးရာသီ၏ ရာသီဉတုက သတိပြုမိလောက်အောင်ပင် တခဏချင်းပြောင်းလဲသွားခဲ့ရသည်။ ယခုပင်လျှင် နေဝန်းက ကြည်လင်သောကောင်းကင်မှ ပျောက်ကွယ်သွားခဲ့က မိုးရေစက်များပြည့်နှက်နေသည့် တိမ်မည်းများက စတင်ပြိုလဲလာခဲ့လေသည်။
သူ့နားထဲရှိအသံက ဖြည်းညှင်းစွာတိုးလျသွားခဲ့သည်။
“ရဲတွေအခုပဲရောက်လာကြတယ်…”၊ “မှုခင်းဖြစ်ခဲ့တဲ့နေရာကို ပိတ်လိုက်ပြီ…”၊ “ခင်ဗျားရဲ့ယောက်ဖလည်း ဒီမှာရောက်နေတယ်…”
ကျိူးကျင်ဟမ့် မည်သည်ကိုမှ မကြားတော့။
သူ၏စိတ်အစဉ်က ဗလာဖြစ်နေကာ နှလုံးသားမှာလည်းလစ်ဟာလျှက်ရှိ၏။ သူ၏အနီးတစ်ဝိုက်တွင် နယ်နမိတ်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး ဆူညံမှုအားလုံးအား ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။
သို့ရာတွင် ကောင်းကင်မှကျဆင်းလာသည့် ရေစက်များကမူ ထိုနယ်နမိတ်အား ထိုးဖောက်နိုင်ခဲ့ပုံရသည်။ မိုးရေစက်တစ်စက်က ဖုန်းပေါ်သို့ကျဆင်းလာခဲ့ပြီး ယီဟွေ့၏မျက်နှာအား ဝေဝါးသွားစေခဲ့၏။ သူက ရေစက်အား အမြန်ပွတ်သုတ်လိုက်သည့်အခိုက်တွင် သူ့လက်ချောင်းများက ဖုန်းအားချော်ထိမိသွားကာ လော့ခ်ကို မတော်တဆဖြည်လိုက်မိလေသည်။ စာလုံးခြောက်လုံးက မျှော်လင့်မထားစွာဖြင့် သူ၏အကြည့်အောက်သို့ ခုန်ဝင်လာခဲ့၏။
သူက ဖုန်းကိုချကာ ပြန်လှည့်ကြည့်လိုက်ချိန်တွင် တိမ်မဲများဖြင့်ဖုံးလွှမ်းနေသည့်အိမ်ကြီအား ဝိုးတဝါးမြင်လိုက်ရလေသည်။ ယီဟွေ့က စားပွဲပေါ်တွင်မီလျှက် အပူလောင်နေသောလက်ကလေးဖြင့် “အိမ်ပြန်လာတာကိုစောင့်နေမယ်” ဟူသည့်စာလုံးများကို ရေးနေခဲ့သည်။
ကမ္ဘာပေါ်ရှိ မသေသပ်ဆုံးသောနည်းလမ်းဖြင့် အရူးလေးက ထိုစကားလုံးများကို သုံးနှစ်ကြာအောင် တစ်ခုချင်းဖြုတ်ယူခဲ့သည်။ ထို့နောက် ၎င်းတို့အား ကြိတ်ချေလျှက် သူ့နှလုံးသားအတွင်းသို့ တိတ်တဆိတ်လောင်းထည့်ရန် ကြိုးစားခဲ့၏။
သူကမူ ယနေ့မတိုင်ခင်အထိ ထိုစကားလုံးများအား အတူတကွမစုစည်းခဲ့မိပဲ သုံးနှစ်အကြာမှသာ နောက်ပြန်လှည့်ကြည့်ရန် သတိရခဲ့မိလေသည်။
Xxxxxxxxxxx