ပြိုင်ပွဲပြီးနောက်တစ်နေ့တွင် ကျန်းမိသားစုဝင်သုံးဦးက မြို့တော်တွင်မနေကြတော့ပဲ လက်မှတ်များဝယ်ယူကာ ချက်ချင်းပြန်ကြတော့သည်။
သူတို့က မပြန်ခင် ဆွေမျိုးအနည်းငယ်နှင့် သူငယ်ချင်းများထံ သွားရောက်လည်ပတ်ခဲ့ကြ၏။ ယီဟွေ့၏ ဆရာမမှလွဲ၍ အခြားလူအားလုံးမှာ ကျန်းအဖေအသက်ရှိစဉ်က ခင်မင်ခဲ့သောသူများဖြစ်ကြလေသည်။ အတိတ်အကြောင်းပြန်ပြောကြစဉ်အတွင်း ကျန်းရွှယ်မေ့မှာ အလွန်ပျော်ရွှင်နေခဲ့ပြီး မျက်ရည်များလည်း စီးကျလာခဲ့၏။ ယီဟွေ့ကမူ တိတ်တဆိတ်နားထောင်လျှက် ကျန်းမိသားစုအား ထဲထဲဝင်ဝင်နားလည်လာခဲ့ခြင်းနှင့်အတူ မိခင်၏ နက်ရှိုင်းကာ ကိုယ်ကျိုးမငဲ့သည့် ချစ်မေတ္တာကိုလည်း ခံစားနေခဲ့မိသည်။
ဘူတာရုံသို့သွားရောက်သည့်လမ်းတွင် သူတို့က တောင်တန်းနှင့်ရေကန်များရှိသည့် ကျော်ကြားသောပန်းခြံအား ဖြတ်သန်းခဲ့ကြသည်။ ကျန်းရွှယ်မေ့က တောက်ပနေသည့် ရေကန်ကိုညွှန်ပြကာ ယီဟွေ့အားပြောပြလာသည်။
“ဒီမှာ သားဖေဖေနဲ့ မေမေတို့စပြီးချိန်းတွေ့ခဲ့ကြတာလေ…သူက မေမေ့အတွက် သူ့ရဲ့လစာကောင်းတဲ့အလုပ်ကို နှုတ်ထွက်စာတင်ခဲ့တယ်…နောက်တော့ မြို့တော်ကိုလာပြီး အပတ်တကုတ်အလုပ်ကြိုးစားခဲ့တယ်လေ…အဲ့ဒီ့ကတည်းက မေမေ့မှာကလေးလေးရှိလာတဲ့အခါကျရင် “ဟွေ့” လို့ နာမည်ပေးမယ်လို့ မေမေတွေးခဲ့မိတယ်…” (ဟွေ့- နေရောင်ခြည်၊ တောက်ပရန်)
ယီဟွေ့ မတုံ့ပြန်နိုင်သေးခင် ကျန်းယီမန့်က မကျေမနပ်ဖြစ်သွားခဲ့၏။ သူမ၏မိဘများမှာ မျက်နှာလိုက်စွာဖြင့် ယောက်ျားလေးအား ထိုအမည်ကိုဦးစွာမှည့်ခဲ့သည်ဟုဆိုကာ အထွန့်တက်လေသည်။
ကျန်းရွှယ်မေ့ သူမ၏သမီးဖြစ်သူအား ချော့မြှူနေစဉ် ယီဟွေ့က ပြတင်းဘောင်ကိုမီလျှက် အတိတ်က သူ၏မိသားစုအကြောင်း အထူးသဖြင့် သူ၏မိခင်အကြောင်း စဉ်းစားနေခဲ့မိသည်။
တိုက်ဆိုင်မှုတစ်ခုမှာ သူ၏မေမေသည်လည်း သူ့အမည်ရှိ “ဟွေ့” မှာ “တောက်ပ၍လှပသော အရာအားလုံး” ကိုဆိုလိုခြင်းဖြစ်ကြောင်းနှင့် သူ့အား နေရောင်ခြည်၊ အကောင်းမြင်စိတ်၊ မိမိကိုယ်ကိုယုံကြည်မှု၊ ပူပင်ကြောင့်ကျမှုကင်းစင်ခြင်းတို့ဖြင့် သွန်းဖြိုးခံရစေလိုသော မျှော်လင့်ချက်ဖြင့် အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။
သို့သော် သူ သူမအားစိတ်ပျက်စေမိခဲ့၏။
သူက သူ၏မျှော်လင့်ချက်အားလုံးကို အမျိုးသားတစ်ဦးအပေါ်တွင်သာ မြှုပ်နှံမိခဲ့သည်။ သူ၏နေ့ရက်များမှာ ရေခဲလွှာပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ဖြစ်ခဲ့ရပြီး ကိုယ်ရေးကိုယ်တာ အရှုံးအမြတ်များအပေါ် စိုးရိမ်ပူပန်နေခဲ့ရကာ မိမိကိုယ်ကိုဉာဏ်သုံးကာ လှည့်စားခဲ့သည့်အတွက် စိတ်ပျက်ဖွယ်အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။ အားလုံးက သူ၏အပြစ်များသာဖြစ်လေသည်။
မြို့ငယ်လေးသို့ ပြန်ရောက်သည်နှင့် ယီဟွေ့က ဒေါက်တာလျှိုထံ ဦးစွာရက်ချိန်းသွားယူခဲ့သည်။
မြို့တော်သို့မသွားခင်က ယီဟွေ့ ဆံပင်ညှပ်ပြီးခါစအချိန်တွင် သူနှင့်တွေ့ခဲ့သေးသည်။ ထိုသူ၏ဦးဆောင်မှုအောက်ဝယ် ယီဟွေ့၏ သတိကြီးမှုများ အနည်းငယ်လျော့ပါးသွားခဲ့ကာ စိတ်မပါ့တပါဖြင့် မရေရာသော ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သေးသည်။
ရိုးရှင်းသောနှုတ်ဆက်မှုအပြီး၌ ဆရာဝန်လျှိုက လိုရင်းကိုတန်းသွားလိုက်၏။
“အိမ်မက်ဆိုးတွေထပ်မက်သေးလား…”
ယီဟွေ့က တခဏမျှကြောင်အသွားကာ ခေါင်းခါ၍ပြန်ဖြေလိုက်သည်။
ဆရာဝန်လျှိုက သူ နားထောင်နေကြောင်းပြရန် ကိုယ်ကိုရှေ့သို့ကိုင်းညွှတ်လိုက်၏၊
“မင်းအမူအရာကို ကြည့်ရသလောက် တခြားပြဿနာရှိနေတဲ့ပုံပဲ…”
ယီဟွေ့က ခေါင်းငုံ့လိုက်ကာ ယှက်ထားသောသူ၏လက်များပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။ သူ၏လက်မဖြင့် လက်ခုံကိုပွတ်သပ်လိုက်ကာ ဖြည်းညှင်းစွာဆိုလာခဲ၏။
“ကျွန်တော်…ကျွန်တော် လူတွေကိုဆွဲလို့မရဘူး…”
“လူတွေလား…မင်းဆိုလိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလား…ဒါမှမဟုတ် ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးဦးလား…”
ယီဟွေ့က လေကိုတစ်ဝကြီးရှူသွင်းလိုက်ကာ “အထူး..ပုဂ္ဂိုလ်တစ်ယောက်ပါ...”
ဆရာဝန်လျှိုက သူ၏အခြေအနေကို လေ့လာနေပြီးနောက် ခဏအကြာတွင် ထပ်မံ၍မေးလာခဲ့သည်။
“မင်း သူ့ကိုရှောင်ချင်တာလား…ဒါမှမဟုတ်မေ့ပစ်ချင်တာလား..”
စေ့စေ့စပ်စပ်ရှုမြင်ခံလိုက်ရခြင်းကြောင့် ယီဟွေ့က အတန်ကြာတိတ်ဆိတ်သွားခဲ့သည်။ သူက တည်ငြိမ်နေပုံပေါ်သော်လည်း တုန်ယင်နေသောမျက်တောင်ဖျားများကမူ သူ့ရင်တွင်းရှိ ရုန်းကန်နေရမှုကိုထင်ဟပ်လျှက်ရှိသည်။
ပြန်၍မသွားလိုသော ထိတ်လန့်မှုနှင့် ထိုအမျိုးသားအား ထပ်မံမတွေ့လိုမှုက ကျန်ရှိနေဆဲဖြစ်သည်။
သူပြန်မဖြေသည့်အခါ ဆရာဝန်လျှိုက အခြားမေးခွန်းကို ပြောင်းလိုက်သည်။
“မင်းအတိတ်ကို အပြည့်အဝစွန့်လွှတ်ချင်ရဲ့လား…ဒါမှမဟုတ် နားတွေကိုပိတ်ပြီးခေါင်းလောင်းခိုးသလိုမျိုး သူ့ကို မလှမ်းမကမ်းကနေ တိတ်တဆိတ်ကြည့်နေချင်တာလား…”
လေးလံစွာအသက်ရှူလျှက် စီရင်ချက် သို့မဟုတ် ရွေးချယ်မှုကို မပြုလုပ်နိုင်ပဲ ယီဟွေ့ သောကများနေခဲ့သည်။ ယခုဆိုလျှင် သူ၏ဦးနှောက်မှာ ယခင်ကထက် အဆတစ်ရာပိုသာလာပြီဖြစ်ပြီး အရာအားလုံးကို သိမြင်နိုင်ပြီဖြစ်သည်။ သို့သော် ဤပြဿနာမှာ သူကိုင်တွယ်နိုင်သည့်အကန့်အသတ်ထက်် ကျော်လွန်နေခဲ့၏။ အပိုင်းပိုင်းအစစဖြစ်နေသော မှတ်ဉာဏ်များက မျက်စိရှေ့တွင်ထွက်ပေါ်လာကာ သူ့ဦးနှောက်အားလွှမ်းမိုးခံလိုက်ရပြီး အလွန်အကျွံခိုင်းစေနေခြင်းဖြစ်ကြောင်း သတိပေးချက်များ ပေးပို့လာခဲ့သည်။
အဆုံးသတ်တွင် ဆရာဝန်လျှိုက သူ၏တွေးခေါ်ခြင်းအား နှောင့်ယှက်လိုက်ပြီး ချက်ချင်းပြန်ဖြေရန် မတိုက်တွန်းတော့ချေ။
ပြန်မလွှတ်ခင် သူက ယီဟွေ့အား ပြောခဲ့သည်။
“အကယ်၍ မင်းသာ အတိတ်မှာရှိတဲ့ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ဦးဆီက လွတ်မြောက်ချင်တယ်ဆိုရင် ပထမဆုံးလိုအပ်ချက်က မင်းကိုယ်မင်းယုံကြည်ဖို့ပဲ…”
“မင်းမှာ ကြောက်စရာကောင်းတဲ့ အိမ်မက်ရှိခဲ့ရင်တောင် တကယ့်ကမ္ဘာအစစ်မှာ မင်းဟာ တူညီတဲ့အမှားကို ထပ်ခါထပ်ခါလုပ်ရင်း ဒီအတိုင်းဆက်နေနေတာမဟုတ်ကြောင်း ယုံကြည်ဖို့လိုတယ်…ဒါက မင််းအသက်ရှူပြီးရှင်သန်နေသရွေ့ မင်းလုပ်နိုင်တဲ့တစ်စုံတစ်ခုပဲ…”
သူအိမ်မက်မှလန့်နိုးလာခဲ့ချိန်တွင် အိပ်ရာဘေးရှိ လက်ဖက်ရည်ဖန်ခွက်၌ ပြတင်းပေါက်မှ အလင်းရောင်အလင်းပြန်နေ၏။ ရေမှာ အလွန်ကြည်လင်နေသည့်အလျှောက် အလင်းဖောက်၍နေလေသည်။
ကျိုးကျင်ဟမ့် သူ့မျက်လုံးများရှေ့တွင် လက်ဖဝါးကိုဖြန့်လိုက်ကာ လက်ဖဝါးပေါ်ရှိ ချွေးအေးများအား အငွေ့ပျံစေလိုက်သည်။ သူ၏အကြည့်က လက်ဖဝါးပေါ်ရှိ မျဉ်းကြောင်းများပေါ်သို့ဖြတ်သန်းလျှက်ရှိကာ အချိန်အတော်ကြာက မြင်ကွင်းအား ပြန်လည်အမှတ်ရလာခဲ့သည်။
အချိန်အတော်အကြာက ဟု သူဆိုခဲ့သော်လည်း ဂရုတစိုက်တွက်ချက်ကြည့်ပါက နှစ်နှစ်သာကြာသေး၏။ ထိုစဉ်က လူကြီးများ၏ ဖိအားပေးကြီးကျပ်မှုအောက်တွင် သူနှင့်ယီဟွေ့တို့ အတူတူပြောင်းရွှေ့ခဲ့ရသည်။ သူက အိမ်ကို မကြာမကြာသွားလေ့ရှိပြီး ရလဒ်အနေဖြင့် ယီဟွေ့နှင့်အတူရှိသည့်အချိန်အား အကန့်အသတ်မရှိဆွဲဆန့်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
သူက စိတ်မတည်ငြိမ်သလို ဒေါသကြီးတတ်ပြီး တစ်စုံတစ်ဦးအား မည်သို့မျက်နှာသာပေးရမှန်းလည်း မသိရှိချေ။ ထိုအရာများနှင့်ပတ်သတ်၍လည်း သူဘာမှမတတ်နိုင်ခဲ့။ သို့သော် ယီဟွေ့က သူနှင့်ဆန့်ကျင်ဘက်ဖြစ်၏။ မည်သူက ယီဟွေ့အား ဦးနှောက်ဆေးထားခဲ့မှန်း ကျိုးကျင်ဟမ့် မသိသော်လည်း သူ့စိတ်နှင့်သူ အိမ်ပြန်လာသည်ဟု ယူဆလျှက် အရူးတစ်ယောက်လိုပင် အချိန်တိုင်းပျော်ရွှင်နေခဲ့သည်။
မဟုတ်သေးချေ။ သူက အစကတည်းက အရူးလေးသာဖြစ်၏။
ကျိုးကျင်ဟမ့်က အရူးလေးအား ပုံမှန်လူတစ်ဦးကဲ့သို့ တွေးတောမိနေသည့်အတွက် သူ့ကိုယ်သူ အနည်းငယ်အံ့ဩသွားခဲ့သည်။ အရင်ဆုံး လက်ဖဝါးပေါ်ရှိလမ်းကြောင်းများကိုကြည့်ရင်း သူ့နှုတ်ခမ်းထောင့်များမြင့်တက်လာခဲ့သည်။ ထို့နောက် သူ့အပြုံးတွင်ထင်ဟပ်နေသည့် ကိုယ့်ကိုယ်ကိုယ်လှည့်စားမှုတို့က လျော့ပါးသွားကာ ရှားပါးသောနူးညံ့မှုတို့ဖြင့် အစားထိုးလာခဲ့လေသည်။
အဆိုပါရက်များတွင် အရူးလေးက အိပ်ရာအစွန်ဘက်၌ လဲလျောင်းနေခဲ့ပြီး သူအိပ်နေချိန်အတွင်း သူ၏လက်အား ဆုပ်ကိုင်ထားကာ နူးညံ့သောလက်ချောင်းများနှင့် ပွတ်သပ်လျှက် တစ်စုံတစ်ရာအား တီးတိုးရေရွတ်နေလေ့ရှိသည်။
သူ၏လှုပ်ရှားမှုများက ညှင်သာလှကာ အသံလေးမှာလည်း တိုးညှင်းသည့်အလျှောက် နှစ်ကြိမ်သုံးကြိမ်မျှသာ ကျိုးကျင်ဟမ့် နိုးလာခဲ့ဖူးသည်။ သူ စိတ်အခြေအနေကောင်းနေသည့်အခါမျိုးတွင် ယီဟွေ့ဤသို့ပြုမူရသည့် အကြောင်းပြချက်အား စိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပေးခဲ့ဖူး၏။
“ခင်ဗျားရဲ့ အသက်လမ်းကြောင်းက ကျွန်တော့်ထက်ပိုရှည်တယ်…ဒါပေမယ့် အချစ်ရေးလမ်းကြောင်းကတော့ နည်းနည်းတိုနေသလိုပဲ…ကိစ္စမရှိပါဘူး…ကျွန်တော်အချစ်လမ်းကြောင်းကို ထိရင်းမှုတ်ပေးမယ်…အဲ့လိုဆိုပိုရှည်လာမှာပဲ…”
ထိုစဉ်က ကျိုးကျင်ဟမ့် မယုံကြည်မှုဖြင့် နှာခေါင်းရှုံ့ခဲ့မိသည်။ “အချစ်ကဘာမှန်းမင်းသိလို့လား…”
အရူးလေးက ရှက်သွေးဖြာသွားပြီး အတန်ကြာတုန့်ဆိုင်းနေကာ ပြန်ဖြေလာခဲ့သည်၊
“ကျွန်တော်…ကျွန်တော်သိတာပေါ့…ခင်ဗျားကို အမြဲတွေ့ချင်နေပြီး ခင်ဗျားနဲ့ဘေးမှာအတူတူရှိချင်တာလေ…”
ကျိုးကျင်ဟမ့်က အိပ်ရာခေါင်းရင်းရှိ ဒိုရေမွန်အရုပ်ကိုကောက်ကာ သူ့လက်မောင်းကြားပစ်သွင်းလိုက်၏။ “မင်း ဒါနဲ့လည်းနေ့တိုင်း အချိန်အတူဖြုန်းတာပဲလေ…မင်းသူ့ကိုချစ်လား..”
အရူးလေးက ထိတ်လန့်သွားကာ အမြန်ရှင်းပြလာခဲ့သည်။ “မတူဘူးလေ…သူက ကျွန်တော့်သူငယ်ချင်းလေ…ခင်ဗျားက ကျွန်တော့်ရဲ့…ကျွန်တော့်ရဲ့အမျိုးသားလေ…”
နောက်ဆုံးစကားလုံးများက ခြင်တစ်ကောင်၏အသံကဲ့သို့ တိုးညှင်းလှပြီး ၎င်းတို့ကိုပြောပြီးသည်နှင့် အရူးလေးက ဒိုရေမွန်ရုပ်၏ ဝမ်းဗိုက်နှင့် သူ၏မျက်နှာကိုကွယ်လိုက်လေသည်။ သူ၏ နားရွက်ဖျားများကမူ နီရဲနေ၏။
ထိုသို့သောအပြုအမူက ကျိုးကျင်ဟမ့်ခန္ဓာကိုယ်ရှိ ပြင်းထန်သောစိတ်ဆန္ဒအား လှုပ်နှိုးပေးသည့်နှယ်ရှိသည်။ သူက လက်ထောက်၍ထလိုက်ကာ ယီဟွေ့ထံသို့ ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး…နားရွက်ကလေးများအား သူ့နှုတ်ခမ်းဖြင့်ဖိကပ်လျှက် ကျီစယ်ဟန်ဖြင့်မေးလိုက်၏။
“ကိုယ့်ကို လောင်ကုန်းလို့ခေါ်ရမှန်းသိပေမယ့် မင်းအဲ့ဒါကိုလုပ်ချင်ရဲ့လား…”
အရူးလေးက နားရွက်ဖျားဆီမှအပူငွေ့နှင့် အသံနိမ့်နိမ့်ကြောင့် တုန်ယင်သွားခဲ့သည်။ သူက ငြင်းဆန်လိုသော်လည်း ထိုသို့မလုပ်ဝံ့ချေ။ မြန်မြန်လက်မခံလိုက်ပါက ကျိုးကျင်ဟမ့် စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေဟန်ဖြင့် ခေါင်းကလေးမော့ကာ စိုစွတ်သောမျက်ဝန်းနက်များဖြင့်် သူ့အား မြတ်နိုးစွဲလမ်းစွာကြည့်လျှက် ဗလုံးဗထွေးအသံလေးဖြင့် ပြတ်သားစွာဆိုလာတတ်၏။
“ကျွန်တော်ပေးမယ်…ခင်ဗျားဘာပဲလိုချင်ချင် ကျွန်တော်ခင်ဗျားကိုပေးမယ်...”