အပိုင်း ၈.၂
Viewers 11k

Chapter-8.2
လူထုလုံခြုံရေးဗျူရိုမှ ထွက်လာပြီးသည့်နောက် ကျိုးကျင်ဟမ့် ကားကိုလေဆိပ်ထံဦးတည်လိုက်စဉ် ဖုန်းသံမြည်လာခဲ့သည်။
“မင်းဘယ်မှာလဲ…” ဖုန်းတစ်ဖက်ရှိ ယန်ချန်းရွှမ်က မေးမြန်းလိုက်၏။
ကျိုးကျင်ဟမ့်က စတီယာတိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကားကိုလှည့်လိုက်သည်။
“လူထုလုံခြုံရေးဗြူရို...”
“မင်းတကယ်ကြီး ရဲကိုခေါ်လိုက်တာလား…” ယန်ချန်းရွှမ် ရယ်မောလိုက်သည်။ “ပြောရရင် သူကဘာမှမှမဟုတ်တာ…သူ့ကိုဘယ်သူက ပြန်ပေးဆွဲမှာလဲ…”
ကျိုးကျင်ဟမ့်က လိုက်ပါရယ်မောခြင်းမရှိပဲ လေးနက်သောအမူအရာဖြင့် ဆိုလေသည်။
“S မြို့ကိုစစ်ဆေးကြည့်ဖို့ တစ်ယောက်လွှတ်ထားပြီးပြီ...မြို့တော်မှာတော့ ရဲပဲခေါ်ရလိမ့်မယ်…”
ယန်ချန်းရွှမ်က မေးလိုက်သည်။ “ဒီနိုင်ငံကထွက်သွားတယ်လို့ မင်းထင်လား…”
“သူ့ရဲ့နိုင်ငံကူးလက်မှတ်က ရက်လွန်နေတာ…ဒီနိုင်ငံထဲက ထွက်သွားလို့မရဘူး…”
“နိုင်ငံကူးလက်မှတ်အတုလုပ်လို့ရတယ်လေ…”
ကျိုးကျင်ဟမ့် အေးစက်စွာနှာခေါင်းရှံ့လိုက်သည်။ “သူ့ဉာဏ်ရည်နဲ့များ နိုင်ငံကူးလက်မှတ်အတုလုပ်နိုင်မယ်လို့ မင်းထင်တာလား…”
“ဟုတ်သားပဲ...” ယန်ချန်းရွှမ်က ခဏတာတွန့်ဆုတ်နေကာ ဆိုလာခဲ့သည်။
“မင်းဒီလိုရောတွေးမိလား…သူ အကြောင်းတစ်ခုခုကြောင့် ပြန်ပေးဆွဲခံရတာမျိုးဖြစ်နိုင်ပေမယ့် အချိန်အတော်ကြာတဲ့အထိ ဘယ်သူကမှဆက်သွယ်မရပုံကိုကြည့်ရင် လေထဲမှာဒီအတိုင်းပျောက်သွားတာလား…”
ကျိုးကျင်ဟမ့်က သူ့အားနောက်ပြောင်လိုစိတ်မရှိချေ။
“သတင်းထူးတာရှိရင် မြန်မြန်ပြော…မဟုတ်ရင် ငါဖုန်းချလိုက်တော့မယ်…”
“နေစမ်းပါဦးကွ…ငါမင်းကိုပြောစရာရှိလို့…”
ယန်ချန်းရွှမ်က ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ပဲ ပြောလိုက်၏။ “အခုလေးတင် D တက္ကသိုလ်ဝင်းထဲမှာ ယီဟွေ့နဲ့အရမ်းတူတဲ့တစ်ယောက်ယောက်ကိုတွေ့ခဲ့တယ်..”
“အဲ့ဒီ့တော့ ဘာဖြစ်လဲ…”
“ကျစ်…မင်းမသိချင်ဘူးလား…”
ကျိုးကျင်ဟမ့်က စိတ်မရှည်ဟန်ဖြင့် ဆိုလာခဲ့၏။: “မင်းက တူတယ်လို့ပဲပြောတာလေ…အဲ့ဒါသူ မဟုတ်ဘူးမဟုတ်လား…”
ဖုန်းတစ်ဖက်ရှိ ယန်ချန်းရွှမ်က ရယ်မောလိုက်လေသည်။
“မင်းငါ့ကိုကောင်းကောင်းသိတာပဲ…အမှန်ပဲ..အဲ့ဒါသူ မဟုတ်ဘူး…ငါသေချာအတည်ပြုပြီးပြီ....”
အဆုံးသတ်တွင် ကျိုးကျင်ဟမ့် သိချင်သွားခဲ့သည်။ “မင်းဘယ်လို အတည်ပြုခဲ့တာလဲ…”
“သူ့လက်ခုံမှာ အမာရွတ်ခပ်ကြီးကြီးတစ်ခုရှိတယ် မဟုတ်လား…“ ယန်ချန်းရွှမ်က ဂရုမစိုက်ဟန်ဖြင့်ဆိုလာ၏။ “ငါ သေချာကြည့်ခဲ့တယ် သူ့လက်တွေကရှင်းနေတာ…ဘာအမာရွတ်မှမရှိဘူး...”
ဖုန်းချပြီးသည့်နောက် လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းရွေ့လျားနေသော ကားဘီးများနှင့်အတူ ကျိုးကျင်ဟမ့်၏ ဦးနှောက်သည်လည်း မရပ်မနားလည်ပတ်နေခဲ့၏။
ယန်ချန်းရွှမ် ပြောသည့်အမာရွတ်မှာ အမှန်စင်စစ် အပူလောင်ခြင်းဖြစ်သည်။
အရူးလေး၏အသားအရည်မှာ ဖြူဖွေးလှသည့်အလျှောက် အမှတ်အသားများချန်ခဲ့ရန် လွယ်ကူလေသည်။ ရေနွေးပူပူလောင်းချခံရခြင်းဆိုပါက ပြောစရာပင်မလိုချေ။
တစ်ကြိမ်ပင်မက ကျိုးကျင်ဟမ့်၏မှတ်ဉာဏ်ထဲတွင် အဆိုပါဖြစ်ရပ်မျိုး သုံးကြိမ်တိုင်စွဲထင်နေခဲ့၏။
ပထမဆုံးအကြိမ်မှာ မတော်တဆဖြစ်သည်။ အရူးလေးက အိပ်ရာစောစောထလေ့ရှိပြီး သူရေဆာမည်ကိုစိုးသည့်အတွက် အိပ်ယာဘေးသို့ရေယူလာခဲ့သည်။ သူက လောလောလတ်လတ်အိပ်ရာအနှိုးခံလိုက်ရသဖြင့် စိတ်ဆိုးသွားကာ တစ်ဖက်လူအား တွန်းထုတ်လိုက်၏။ ဖန်ခွက်က ကြမ်းပေါ်သို့ အစိတ်စိတ်အမြွှာမြွှာကျကွဲသွားကာ ရေနွေးများသည်လည်း အရူးလေး၏ကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့ရသည်။
ဒုတိယအကြိမ်မှာမူ ယောက်ဖဖြစ်သူ၏ မသိသာသောခြိမ်းခြောက်မှုကြောင့် သူ၏ စိတ်ဆန္ဒမပါဝင်ပဲ ချစ်သူများနေ့တွင် အရူးလေးအား အပြင်လိုက်ပို့ခဲ့ရခြင်းဖြစ်သည်။ သူတို့သွားခဲ့သည့် စားသောက်ဆိုင်မှာ အရင်က သူနှင့်ဖန်းယွီချင်းတို့ အတူလာရောက်ခဲ့သည့်ဆိုင်ဖြစ်လေသည်။ ထို့ကြောင့် မျက်နှာချင်းဆိုင်ရှိ အရူးလေးကိုမြင်လေလေ သူပို၍မကျေမနပ်ဖြစ်လာလေလေပင်။ ကျောက်မီးသွေးများနှင် အသားကင်က သူတို့ရှေ့သို့ရောက်လာသည့်အခါ အရူးလေးက မိုက်မဲစွာဖြင့် သူ့အတွက်ထည့်ပေးခဲ့သည်။ သူက အလွန်ရွံရှာသွားခဲ့၏။ ထို့ကြောင့် လက်ကိုမြှောက်လိုက်ကာ သူ့ရှေ့ရှိပန်းကန်ကို တွန်းထုတ်လိုက်သည်။ အသားကင်စင်က ရုတ်တရက်အခြေယိုင်သွားကာ ၎င်း၏ ပူလောင်နေသည့်ထောင့်စွန်းက အရူးလေးဆန့်ထုတ်ထားသည့် လက်ကိုသွားထိခဲ့လေသည်။
အကယ်၍ ပထမနှစ်ကြိမ်က မရည်ရွယ်ပဲဖြစ်ပျက်ခဲ့ခြင်းဆိုပါက တတိယအကြိမ်မှာ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
ထိုနေ့တွင် ဖန်ယွီချင်းက M နိုင်ငံရှိ သူနှစ်သက်သော အနုသုခုမတက္ကသိုလ်တွင် ဝင်ခွင့်ရခဲ့ပြီး နောက်ထပ်နှစ်နှစ် သို့မဟုတ် သုံးနှစ်လောက်ကြာသည်အထိ အိမ်ပြန်လာရန်မဖြစ်နိုင်ကြောင်း ကြားသိခဲ့ရသည်။ သူ၏မျက်စိရှေ့၌ပင် ပျောက်ဆုံးသွားခဲ့သော မျှော်လင့်ချက်အချို့နှင့်အတူ သူသည်လည်း စိတ်ပျက်ရွံရှာဖွယ် လက်ထပ်ပွဲအတွင်း ပိတ်မိသွားခဲ့လေသည်။ သူလုပ်နိုင်သည့်အရာ တစ်ခုမှမရှိသည့်အတွက် သူ၏စိတ်အခြေအနေမှာလည်း အဆိုးဆုံးအခြေအနေသို့ ထိုးကျသွားခဲ့ရ၏။
သူစိတ်ဆိုးလာလျှင် အားလုံးကရှောင်နေကြလေ့ရှိသည်။ သို့သော် ဘာမှမသိရှာသော အရူးလေးက သူ့နောက်သို့တကောက်ကောက်လိုက်ရင်း မည်သည့်အရာကို စိတ်တိုင်းမကျရခြင်းဖြစ်ကြောင်း အဆက်မပြတ်မေးမြန်းနေခဲ့၏။ ထို့အပြင် တစ်ခုခုစားရန်လည်း ဆိုလာခဲ့သေးသည်။ မုန့်ချိုတစ်ခုခုစားကာ ရေနွေးနွေးလေးသောက်လိုက်ပါက အဆင်ပြေသွားမှာဖြစ်ကြောင်း အကြံပြုလာခဲ့လေသည်။
သူက အရူးလေးအား အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်လာခဲ့ကာ သူ၏စိတ်ပျက်မှုများကို ဖောက်ခွဲရန်နေရာရှာမတွေ့ပဲဖြစ်နေခဲ့သည်။ သူက အရူးလေးကို ခွက်တစ်ခွက်သွားယူစေကာ သူကိုယ်တိုင်ကမူ ရေနွေးကရားကိုယူ၍ အရူးလေးကိုင်ထားသောခွက်တွင်းသို့ ရေနွေးပူပူများလောင်းထည့်ခဲ့သည်။ ခွက်အပြင်ဘက်နံရံ၏အပူချိန်ကြောင့် အရူးလေးခမျာ့ အသက်ပင်ပြင်းပြင်းရှူနေရအောင် အပူဟပ်ခံနေရသော်လည်း သူက ခွက်ပြည့်သွားသည်အထိ မရပ်တန့်ခဲ့ချေ။ လောလောလတ်လတ်ကျိုချက်ထားသည့် ရေနွေးဆူဆူများကို ခွက်အပြင်သို့လျှံကျစေကာ ခွက်ကိုကိုင်ထားသည့် အရူးလေး၏လက်ပေါ်သို့ စီးဆင်းစေ၏။
ဤသည်မှာ အရူးလေး၏လက်ခုံပေါ်ရှိ အနာရွတ်ဖြစ်ပေါ်လာခဲ့ပုံဖြစ်သည်။ တစ်စုံတစ်ယောက်က ရက်အနည်းငယ်အတွင်း လိမ်းဆေးလိမ်းပေးခဲ့ပါလျှင် အနာရွတ်ဖြစ်လာမည်မဟုတ်ချေ။ သို့သော် အရူးလေးကမူ ထိုသို့လိမ်းရမည်ကိုလည်း မသိရှိသကဲ့သို့ အပူလောင်သည့်ဒဏ်ရာအား အခြားလူမျာမမြင်စေရန် တစ်နေကုန်ဖုံးဖိထားခဲ့၏။ ဤသို့ဖြင့် အနာတစ်ဝိုက်ရှိ အရေပြားများကွာကျသွားကာ အနာရွတ်သည်လည်း ဖျောက်ဖျက်မရတော့ပဲ ကျန်ရှိနေတော့လေသည်။
အလွန်ပူလောင်သဖြင့် ငိုကြွေးနေခဲ့စေကာမူ ခွက်အားမလွှတ်ခဲ့သည့် အရူးလေး၏ ပုံရိပ်ငယ်အား ပြန်လည်တွေးမိသည့်အခိုက်တွင် ကျိုးကျင်ဟမ့်၏ အမူအရာက ပို၍မဲမှောင်လာပြီး သူ့နှုတ်ခမ်းလွှာများသည်လည်း အေးစက်သောမျဉ်းတစ်ကြောင်းသဖွယ် ဖြောင့်တန်းသွားခဲ့လေသည်။
သူ၏ ငယ်ရွယ်ခြင်းနှင့် အထက်စီးဆန်မှုတို့အား အကြောင်းပြလျှက် အပြစ်ကင်းသူတစ်ဦးအပေါ် ဒေါသပုံချခြင်းမှာ အလွန်ဆိုးရွားပြီး လူမဆန်သည့်အပြုအမူပင်ဖြစ်သည်။ သို့သော် အရူးလေးကမူ သူ့အားအပြစ်မတင်ခဲ့သည်အပြင် အခြားသူများမသိရှိအောင် အကောင်းဆုံးကြိုးစားကာ ဖုံးကွယ်ပေးခဲ့သေးသည်။ ကျိုးကျင်ဟမ့် အပြစ်ရှိစိတ်ဝင်လာချိန်၌ ဒဏ်ရာအကြောင်းအမှတ်တမဲ့မေးလိုက်သည့်အခါ အရူးလေးက ဝိုင်းစက်စက်မျက်ဝန်းများ၊ ရိုးရှင်းသောမျက်နှာလေးဖြင့် မနာကြောင်းပြန်ဖြေခဲ့၏။
“ခင်ဗျားမရည်ရွယ်ခဲ့မှန်းကျွန်တော်သိပါတယ်…ရက်နည်းနည်းကြာရင် အနာရွတ်ကပျောက်သွားမှာပါ…” ဟူ၍ပင် ဆိုခဲ့သေးသည်။
အရူးလေးက အချိန်များကိုလည်း မသိရှိချေ။ အဆိုပါအကျည်းတန်သော အနာရွတ်က သူ၏လက်ခုံပေါ်ဝယ် နှစ်နှစ်ကြာသည်အထိ တည်ရှိနေခဲ့သော်လည်း အလေးအနက်ထားခဲ့ခြင်းမရှိ။ အစ်ကိုဖြစ်သူက မေးလာသည့်အခါ မတော်တဆ အပူလောင်ခဲ့ခြင်းဖြစ်ကြောင်းဆိုခဲ့၏။
ဒါကိုဘယ်လိုလုပ်ပြီးကောင်းကောင်းဆက်ဆံတယ်လို့ပြောနိုင်မှာလဲ…
ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားခဲ့သော်လည်း ရယ်မောခြင်းမရှိခဲ့ချေ။
ချန်ဖေးချီ လက်ဆင့်ကမ်းခဲ့သည့်စာက သူ့အတွက် ထိုးနှက်ချက်ကြီးဖြစ်စေခဲ့ကာ သူ၏ ခန့်မှန်းချက်များနှင့် မိမိကိုယ်ကိုယုံကြည်ချက်များအား တစ်စစီပြိုလဲသွားစေခဲ့ပြီး လူကြီးလူကောင်းတစ်ဦး၏ ဝမ်းဗိုက်အား ဗီလိန်၏နှလုံးသားဖြင့် မတိုင်းတာရန်ပြောဆိုနေသကဲ့သို့ပင်။ အတိတ်ကာလတစ်လျှောက်လုံးတွင် အရူးလေးက ယုံကြည်မှုနှင့်အချစ်များစွာပျော်ဝင်နေသည့် သူ၏ကိုယ်ပိုင်စကားများကဲ့သို့ပင် ချိုမြိန်လှ၏။ သူ ပြန်တွေးလိုက်သည့်အချိန်တိုင်း ထိုပုံရိပ်ကလေးများအား နေရာအနှံ့တွင် တွေ့နိုင်လေသည်။
ဟုတ်သားပဲ…စာပို့တာ…သူ့ဖုန်း…
သူ၏ထွက်သက်အား လည်ချောင်းထဲတွင် ခဏအောင့်ထားလိုက်ပြီး ကျိုးကျင်ဟမ့်က စတီယာတိုင်ကိုကျင်လည်စွာလှည့်ကာ လေဆိပ်နှင့်နှစ်ကီလိုမိတာပင် မဝေးတော့သောနေရာ၌ ဂငယ်ကွေ့ပြန်ကွေ့လိုက်၏။
ကားက တန်းတန်းမတ်မတ်မရွေ့လျားနိုင်သေးခင်မှာပင် သူ၏လက်ထောက်အား စိတ်မရှည်စွာဖြင့်ဖုန်းခေါ်လိုက်၏။
“ငါမင်းကို နောက်ဆုံးတစ်ခေါက်က ပေးခဲ့တဲ့ဖုန်းလေ…ဘယ်ကိုလွှင့်ပစ်လိုက်လဲ…”
နေ့လည်နှစ်နာရီတွင် ကုမ္မဏီ၏လှေကားထစ်များ၌ ရှောင်လင်းက လျှင်မြန်စွာရွေ့လျားလာသည့် အနီရောင်ပြိုင်ကားတစ်စီး ချာလပတ်ရမ်းခါလျှက် သူ့ရှေ့တွင်ဖြည်းညှင်းစွာရပ်တန့်လိုက်သည်ကို ကြည့်နေမိသည်။ သူက ပါးစပ်ကိုဖွင့်ကာ သန်းဝေလိုက်မိ၏။
မနေ့က ဖန်တွေ့ဆုံပွဲက နေ့လည်မှစ၍ မှောင်စပျိုးလာသည်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ပွဲပြီးဆုံးသွားချိန်တွင် ရှောင်လင်းက ရှင်းလင်းရန်အတွက််် ဝန်ထမ်းများနှင့်် အတူကျန်ခဲ့ရပြီး သန်းခေါင်ယံအချိန်မှသာ အိမ်သို့ပြန်ခဲ့ရလေသည်။ ကျိုးကျင်ဟမ့်ထံမှ ဖုန်းက သူ့အားလန့်နိုးလာစေကာ မည်သည့်ဖုန်းကို ဆိုလိုနေခြင်းဖြစ်ကြောင်း အချိန်အတော်ကြာတွေးလိုက်ရ၏။
ကျိုးကျင်ဟမ့်အနောက်သို့လိုက်ခဲ့သည်မှာ အချိန်ဘယ်လောက်မှမကြာသေးစေကာမူ ရှောင်လင်းက သူ၏စိတ်အခြေအနေနှင့် အကျင့်စာရိတ္တများအား အကြမ်းဖျဉ်းခန့်မှန်းနိုင်ခဲ့ပြီးဖြစ်သည်။ လက်ထောက်တစ်ဦးအနေဖြင့် သူချန်ထားခဲ့သည်များအား ရှင်းလင်းပေးရန်မှာ အရေးအကြီးဆုံးအလုပ်ဖြစ်ကြောင်း ကောင်းစွာနားလည်ထားလေသည်။ ထို့အပြင် ကျိုးကျင်ဟမ့်က သူ ပစ်ချင်တိုင်းပစ်ခဲ့သောအရာများကိုလည်း သတိရလျှင်ရသလို ပြန်တောင်းတတ်သေးသည်ပင်။
ထို့ကြောင့် ကျိုးကျင်ဟမ့် မကြာသေးခင်က လွှင့်ပစ်ခိုင်းခဲ့သည့်ဖုန်းအား တစ်ဖက်လူ၏လက်တွင်းသို့ ကမ်းပေးလိုက်ချိန်ဝယ် ရှောင်လင်းက သူ့ကိုယ်သူအလွန်ဂုဏ်ယူနေမိပြီး ချီးကျူးခြင်းအားခံယူရန်အတွက် ခါးကိုမတ်ထားလိုက်၏။ သူ စာအိတ်နီကြီးကြီးရနိုင်ချေရှိသည်ဟူ၍ပင် ပျော်ရွှင်စွာတွေးတောနေမိသည်။
သို့သော် ကျိုးကျင်ဟမ့်၏ အမူအရာက ဖုန်းကိုယူပြီးချိန်၌ပင် မှုံမှိုင်းနေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အပြင်လူများအနားမကပ်ရန်သတိပေးနေသည့် ဖိအားနိမ့်နိမ့်များလွှတ်ထုတ်လျှက်ရှိလေသည်။ သူက ဖုန်းဖွင့်ပြီးနောက် ရှောင်လင်းကို သွားနိုင်ပြီဖြစ်ကြောင်း လက်ဝေ့ယမ်းပြလိုက်၏။
ရှောင်လင်းက ခြေတစ်လှမ်းဆုတ်ကာ တံခါးပိတ်ပေးသွားခဲ့သည်။ ကလစ်ခ်ဟူသည့် ညှင်သာသောတံခါးလော့ခ်ချသံနှင့်အတူ ကျယ်ပြန့်သောအစည်းအဝေးခန်းမထဲတွင် ကျိုးကျင်ဟမ့်သာ ကျန်ရှိတော့သည်။
ဖုန်းက ဤတစ်ကြိမ်တွင်ညှင်သာစွာပွင့်လာခဲ့သည်။ မျက်နှာပြင်ပေါ်ရှိ အပြုံးကြီးကြီးပြုံးပြနေသော အရူးလေး၏ပုံကိုကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် ကျိုးကျင်ဟမ့်က အတိတ်ကကဲ့သို့ စိတ်မရှည်စွာရွှေ့ပစ်ခြင်းမပြုခဲ့ချေ။ ထိုအစား အချိန်အတော်ကြာသည်အထိ မထိသဖြင့် အရူးလေး သူ၏မြင်ကွင်းမှပျောက်ကွယ်သွားချိန်အထိ ဖုန်းမျက်နှာပြင်အား စိုက်ကြည့်နေခဲ့လေသည်။
သူ့နှလုံးသားမှာ တစ်စုံတစ်ရာကဆွဲချနေသကဲ့သို့ လေးလံလျှက်ရှိသည်။ ကျိုးကျင်ဟမ့်က နှလုံးသားတွင်းပျံ့နှံ့နေသော မလွယ်ကူမှုများကိုဖိနှိပ်ကာ ဖုန်းမျက်နှာပြင်အားပြန်ဖွင့်လျှက် လော့ခ်ဖြည်လိုက်သည်။
တစ်ချိန်ထဲမှာပင် မိုဘိုင်းဖုန်းက ဆုပေးပွဲအခမ်းအနားတွင် လိုင်းမကောင်းသဖြင့်မဝင်လာခဲ့သော စာများ ယခုမှ စုပြုံ၍ဝင်လာခဲ့ခြင်းကြောင့် အဆက်မပြတ်တုန်ခါလာခဲ့ရသည်။
ဖုန်းတုန်ခါနေခြင်းရပ်သွားခဲ့ချိန်တွင် ကျိုးကျင်ဟမ့်က သူ၏တောင့်တင်းနေသောလက်မကိုရွေ့လျားကာ sms စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။
တစ်ဒါဇင်ကျော်ရှိသည့် missed calls များက “အားဟွေ့ဟွေ့” ဟူသောအမည်နှင့်အတူ ကျလာခဲ့၏။
အရူးလေးက သူထိုဖုန်းကို အရက်မူးမူးဖြင့် ကားပေါ်တွင်ကျန်ခဲ့ကြောင်း မသိခဲ့သလို ထပ်မံ၍မထိတော့ကြောင်းကိုလည်း မသိခဲ့ချေ။ မြို့တော်သို့ အလုပ်ကိစ္စဖြင့်ရောက်လာသည့်နောက် သူက ဖုန်းအသစ်တစ်လုံးဝယ်ယူကာ နံပါတ်ကိုလည်းပြောင်းကိုင်ခဲ့လေသည်။
အရူးလေးက မည်သည်ကိုမှမသိခဲ့ချေ။ သူက ကျိုးကျင်ဟမ့်၏ ကတိစကားကိုသာ အမှတ်ရနေခဲ့ပြီး သူစွန့်ပစ်ခဲ့သောဖုန်းနံပါတ်အား ထပ်ခါထပ်ခါခေါ်ဆိုနေခဲ့သည်။ မွေးနေ့အတွက် အိမ်သို့ပြန်လာမည်ကို မျှော်လင့်နေခဲ့သည်။
ဖုန်းခေါ်ခဲ့သည့်အကြိမ်ရေများမှာ မှန်ကန်လှ၏။ ညနေ ခြောက်နာရီမှ ည ဆယ့်တစ်နာရီအထိ ဖြစ်သည်။ သူ့အားနှောင့်ယှက်ရာကျမည်စိုးသဖြင့် နာရီဝက်ခြားတစ်ခါ ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ကျိုးကျင်ဟမ့်က ဖုန်းခေါ်နေစဉ်အတွင်း သတိများ၊ မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေမည့် အရူးလေး၏ပုံရိပ်ကို မြင်ယောင်လာခဲ့ရသည်။
ထိုသူက သူနှစ်သက်သောအဖြူရောင်၊ သူနှစ်သက်သောအရသာရှိသည့် ကိတ်တစ်လုံးနှင့်အတူ ပန်းများကိုပြင်ဆင်ထားပေလိမ့်မည်။
ဖုန်းကိုချလျှက် ကျိုးကျင်ဟမ့်က မျက်ဝန်းများမှိတ်ချလိုက်၏။ လွန်ခဲ့သည့်နှစ်ရက်အတွင်း သူ အလွန်အလုပ်များနေခဲ့ကာ အရူးလေးအား နေရာအနှံ့လိုက်ရှာနေခဲ့သည်။ ယခုကဲ့သို့ သူတစ်ဦးတည်းရှိနေချိန်တွင် စိတ်ပျက်အားငယ်မှုက သူ၏မျက်ခုံးများအကြား ပေါ်ပေါက်လာခဲ့လေသည်။
ပင်ပန်းမှုအပြင် သူမျက်လုံးမဖွင့်လိုရသည့်အကြောင်းရင်းမှာ အဆိုပါ missed calls များကြောင့် ပြန်လည်မှတ်မိလာသည့် မှတ်ဉာဏ်များကြောင့်လည်းဖြစ်၏။
သူ မှတ်မိပြီဖြစ်သည်။ သူ့မွေးနေ့တွင် အရက်အလွန်အကျွံသောက်သုံးခဲ့လေသည်။ ထို့နောက် ဖန်ယွီချင်းပြန်ရောက်လာကြောင်း အခြားလူများထံမှ ကြားခဲ့ရ၏။ သူက လေဆိပ်သို့ ချက်ချင်းမောင်းသွားခဲ့သည်။ လမ်းတစ်ဝက်သို့ရောက်သောအခါ လေအေးများတိုက်ခတ်လာသည့်ကြားမှ ထိုသတင်းတွင် အပေါက်များဖြင့်ပြည်နှက်နေပြီး သူ့အား နောက်ပြောင်ခြင်းသာဖြစ်ကြောင်း သတိပြုမိသွားခဲ့လေသည်။
သူလှည့်စားခံရကြောင်း နားလည်သွားသည့်နောက် အလွန်ဒေါသထွက်ခဲ့သည်ကို သူမှတ်မိသေးသည်။ အဆိုပါနောက်ပြောင်သူအား မည်သို့ရိုက်နှက်ခဲ့သည်ကိုလည်း မှတ်မိ၏။ သို့သော် ကားနောက်ခုံပေါ်သို့ ပစ်တင်လိုက်မိသည့်ဖုန်းနှင့် အရူးလေးအားပေးခဲ့သော ကတိစကားကိုမူ မေ့လျော့သွားခဲ့လေသည်။
.........
စာရေးသူမှာ ပြောစရာရှိပါတယ် : နောက်လာမယ့်အပိုင်းမှာ သူသိတော့မှာပါ။
Xxxxxxxx