အပိုင်း ၈.၁
Viewers 11k

Chapter 8.1
ပန်းချီပြိုင်ပွဲကို မြို့ဆင်ခြေဖုံးအရပ်တွင်ရှိသော တက္ကသိုလ်တစ်ခု၏ အနုသုခုမတက္ကသိုလ်တစ်ခုတွင် ကျင်းပခဲ့လေသည်။
ပြိုင်ပွဲက မနက် ၉နာရီတွင်ကျင်းပခြင်းဖြစ်ရာ မိသားစုသုံးဦးက ၇ နာရီတွင် အဆောက်အဦးထံလာရောက်ခဲ့ကြ၏။ တံခါးအဝတွင် နဖူးစည်းစာတန်းချိတ်ဆွဲထားလေသည်။ လူအများအပြားမရောက်ကြသေးသည့်အလျှောက် ကျန်းရွှယ်မေ့က သူမ၏ကလေးနှစ်ဦးနှင့်အတူ နဖူးစည်းစာတန်းအောက်တွင် ဓာတ်ပုံရိုက်ရန်ပြင်လိုက်ပြီး အဆိုပါပုံအားကူးယူကာ အိမ်တွင်ချိတ်ဆွဲထားမည်ဖြစ်ကြောင်း ဆိုလာခဲ့၏။
မနက်စာအဖြစ် အနီးရှိုစတိုးဆိုင်မှ ဘန်းမုန့်သုံးခုနှင့် ပဲနို့တစ်ထုပ်စီဝယ်ယူလိုက်ကြသည်။
ယီဟွေ့က ပဲနို့အိတ်ကိုအတန်ကြာလေ့လာနေခဲ့သည်။ သူက မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေခဲ့၏။ ကျန်းယီမန့်က အိတ်ကိုယူကာ ဖောက်လိုက်ပြီး ပိုက်တပ်၍ပြန်ပေးလိုက်လေသည်။
“ဒီမှာရှိတဲ့ဘယ်သူကမှ ကိုကြီးကိုမသိဘူး…ပဲတွေစွတ်များမနေနဲ့…”
ယီဟွေ့က ဤသို့သောနို့အိတ်ကို တစ်ခါမှမသောက်ဖူးခဲ့ချေ။ ထို့ကြောင့် သူက ခေါင်းငုံ့၍တစ်ငုံစုပ်မသောက်ခင် အနည်းငယ်တွန့်ဆုတ်နေခဲ့၏။ ကျန်းယီမန့်က အရသာရှိလားဟု သူ့ကိုမေးလာခဲ့သည်။ သူက ပိုက်ကိုကိုက်လျှက် ခေါင်းညှိတ်လိုက်၏။
“အင်း…အရသာရှိတယ်…”
သူမ၏သားဖြစ်သူထံမှ တစ်စုံတစ်ရာအား အရသာရှိကြောင်းဆိုလာခဲ့ခြင်းမှာ ကျန်းရွှယ်မေ့အတွက်မူ အလွန်ရှားပါးလေသည်။ သူမက သူမ၏ပဲနို့အိတ်ကို သူ့ထံကမ်းပေးလိုက်ကာ မေးလိုက်၏။
“သားအရင်က အချိုမကြိုက်ဘူးမဟုတ်လား…”
ယီဟွေ့သီးသွားကာ ပါးစပ်ကိုကွယ်လျှက် ပြင်းထန်စွာချောင်းဆိုးလေသည်။ ကျန်းယီမန့်က သူ၏နောက်ကျောကိုပုတ်ကာ သူ့အစားရှင်းပြပေးခဲ့၏။
“သူပြောင်းလဲသွားနိုင်တယ်လို့ ဒေါက်တာလျှိုပြောခဲ့တယ်မဟုတ်လား…အရသာခံပုံပြောင်းသွားတာ ဘာမှမထူးပါဘူး…”
သားအမိနှစ်ဦးလုံးက ဂရုမစိုက်တတ်သောစိတ်သဘောရှိကြသည်။ ကျန်းရွှယ်မေ့က အဆိုပါသီအိုရီကို အလွယ်တကူပင်လက်ခံသွားကာ ယီဟွေ့အား အဆောက်အဦးတွင်းဝင်ကာ ကောင်းမွန်သောအချိန်များ ဖြတ်သန်းခဲ့ရန်နှင့် အပြင်ပြန်ထွက်လာချိန်၌ အချိုပွဲအချို့ထွက်စားကြမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
ဤတစ်ကြိမ်တွင် ပြိုင်ပွဲအကြောင်း ပြောစရာများများစားစားမရှိချေ။ ပြိုင်ပွဲခေါင်းစဉ်အား မနက်စောစောကတည်းက ကြေငြာထားခဲ့ခြင်းဖြစ်သည်။ ချက်ချင်းရေးဆွဲရခြင်းဖြစ်သော်ငြား ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ပြင်ဆင်ရန်အချိန်အလုံအလောက်ရရှိပြီး အများစုတွင် တိကျသောစိတ်ကူးကိုယ်စီရှိကြလေသည်။
ထို့အပြင် အကြီးအကျယ်ကျင်းပသည့် ပြိုင်ပွဲလည်းမဟုတ်။ ကျန်းရွှယ်မေ့က သူ့အားအပြင်ခေါ်ထုတ်ရန် အသုံးပြုသည့် ဆင်ခြေသက်သက်ဖြစ်သည်။ ထို့ကြောင့် ယီဟွေ့က စိတ်ပူပန်ခြင်းမရှိပဲ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲကျင်းပသည့်နေရာထံ ဦးတည်လိုက်လေသည်။
ပန်းချီဆွဲပစ္စည်းများအား နေရာချပြီးသည့်နောက် အပေါ်သို့မော့ကြည့်လိုက်သည့်အခါ “နေထွက်ချိန်” ဟူသောစာလုံးများအား ကျောက်သင်ပုန်းပေါ်၌ တွေ့လိုက်ရ၏။ သူတို့အားလုံးက စခန်းချသည့်အဖွဲ့ဖြစ်သောကြောင့် ဖြစ်ဟန်တူသည်။ သု့ပတ်လည်ရှိိ ယှဉ်ပြိုင်သူများက ရှုခင်းပုံများစတင်ရေးဆွဲနေကြသည်ကို ယီဟွေ့တွေ့လိုက်ရ၏။ သို့သော် သူက မတူညီသောရှုထောင့်မှ ချဉ်းကပ်ရန်ကြိုးစားလိုက်သည်။ သူက ပန်းချီကား၏ညာဘက်ထောင်နားတွင် တောက်ပသောအလင်းရောင်များ ဝန်းရံနေသည့် အမျိုးသားတစ်ဦး၏ပုံကြမ်းကို ရေးခြစ်လိုက်၏။ စာရွက်တစ်ခုလုံးတွင် နေဝန်းမပါရှိသော်လည်း ပန်းချီကားထဲရှိအမျိုးသားမှာ အရှေ့အရပ်မှထွက်ပေါ်လာသည့် နေရောင်ခြည်အောက်တွင် လမ်းလျှောက်နေခြင်းဖြစ်ကြောင်း သိသာစွာပေါ်လွင်နေ၏။
ယီဟွေ့ ပြန်လည်မွေးဖွားလာချိန်ကတည်းက မှတ်ဉာဏ်များပြန်လည်ရယူနေစဉ်အတွင်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကျန်းမာရေးအခြေအနေ၏ သက်ရောက်ခြင်းခံခဲ့ရသည်။ အတိတ်ကသူ့တွင် ပိန်ပါးသောခန္ဓာကိုယ်ရှိသော်ငြား သူ၏ကျန်းမာရေးမှာကောင်းမွန်လေသည်။ ယခူမူ သုံးရက်ကြာတိုင်းဖျားနာလေ့ရှိပြီး ရေခဲရေကိုလည်း များစွာသောက်၍မရချေ။ ထို့ကြောင့် ပန်းချီဆွဲရာတွင်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမူအကျင့်များရှိနေလိမ့်မည်ဟု သူယူဆခဲ့မိသည်။ သို့သော် သူတကယ်တမ်းပန်းချီဆွဲချိန်၌မူ အများစုမှာ သူ၏ကိုယ်ပိုင်စုတ်ချက်များသာဖြစ်ကြောင်း တွေ့ရှိသွားခဲ့ရ၏။
ပန်းချီကားတွင်းရှိလူက အလင်းကိုကျောပေး၍ရပ်နေကာ သူ၏ဆံပင်တိုတိုများက လေနှင်အတူ ပျံ့လွင့်နေ၏။ ထောင်ပေါင်းများစွာသော ရွှေအိုရောင်မနက်ခင်းနေရောင်ခြည်တန်းများက သူ၏ ပုခုံးနှင့်လက်မောင်းအကြားရှိ သေးငယ်သောနေရာလွတ်ပင်မကျန် သွန်းလောင်းလျှက်ရှိကာ ဘေးတိုက်မျက်နှာထားနှင့် ထင်ရှားသောမျက်နှာသွင်ပြင်များကို အရိပ်ထင်နေစေသည်။ အမျိုးသား၏မေးဖျားက အနည်းငယ်ပင့််မော့လျှက်ရှိကာ အလင်းရောင်များမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှယ် အသွင်ဆောင်နေခဲ့လေသည်။
ပန်းချီကားမခြောက်သေးခင်မှာပင် ယီဟွေ့က အမြန်လက်လွှဲလိုက်လေသည်။
သူက ပန်းချီကားတွင်းရှိအမျိုးသားအား ကြည့်ရန်မဝံ့ချေ။ အဘယ့်ကြောင့်ဆိုသော် နေရောင်နှင့်အရိပ်ကျနေသည့်မျက်နှာက သူ၏စိတ်တွင်းဝယ် အခြားသောမျက်နှာသွင်ပြင်တစ်ခု၏ ပုံရိပ်အဖြစ် ထင်ဟပ်လာမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်လေသည်။
ပန်းချီပစ္စည်းများကို သိမ်းဆည်းပြီးသည့်နောက် သူက ကျန်းရွှယ်မေ့နှင့် ကျန်းယီမန့်ထံသို့ ပြန်သွားရန်ပြင်လိုက်သည်။ သို့သော် အသိတစ်ဦးနှင့်မမျှော်လင့်ပဲ ဆုံတွေ့ခဲ့လေသည်။
အတိအကျဆိုရပါက သူနှင့်မဟုတ်ပဲ ကျန်းယီဟွေ့နှင့် သိကျွမ်းခြင်းဖြစ်လေသည်။ ထိုသူမှာ ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်သည့် ခန့်ညားသောအမျိုးသားငယ်တစ်ဦးဖြစ်လေသည်။ သူက ယီဟွေ့အား အဆက်မပြတ်လက်ဝေ့ယမ်းပြနေ၏။
“ကျန်းယီဟွေ့…”
ယီဟွေ့က မကြားချင်ယောင်ဆောင်ကာ ခေါင်းငုံ့လျှက် လှည့်ထွက်ခဲ့သည်။ ကောင်လေးက အမြန်မီအောင်လိုက်ရင်း သူ၏လက်မောင်းများကို ဖြန့်ကားလျှက် တားလိုက်၏။
“ကျန်းယီဟွေ့…ဘာလို့မမြင်ချင်ယောင်ဆောင်သွားတာလဲ…”
ယီဟွေ့တွင် ပုန်းရန်နေရာမရှိတော့သည့်အလျှောက် ထိတ်လန့်သွားခဲ့ပြီး ခေါင်းပင်မမော့ရဲတော့ချေ။ “မဟုတ်…မဟုတ်ပါဘူး...”
ကံကောင်းစွာဖြင့် ကျန်းယီဟွေ့မှာ မည်သူနှင့်မှ ရင်းရင်းနှီးနှီးနေခဲ့ခြင်းမရှိခဲ့ချေ။ ကောင်လေးက သူ့အမည်အားမေ့သွားခဲ့ခြင်းဟု ယူဆလိုက်ကာ သူ့နာမည်မှာ ထန်ဝမ်ရှီးဖြစ်ကြောင်းနှင့် ကျန်းယီဟွေ့၏ အတန်းဖော်ဖြစ်ကြောင်းရှင်းပြလာခဲ့သည်။
“မင်းကတော့ တကယ်ပါပဲ…လေးနှစ်လောက်ကောလိပ်တူတူတက်ခဲ့ကြတာတောင် ငါ့နာမည်ကိုခုထိမမှတ်မိဘူး…အချိန်တိုင်း တစ်ခေါက်ထပ်မိတ်ဆက်ရအောင်လုပ်တယ်…ရှက်တောင်လာပြီ…”
ထန်ဝမ်ရှီးက ညည်းတွားလိုက်သော်လည်း သူ့မျက်နှာထက်တွင် ပျော်ရွှင်နေသောအပြုံးတစ်ခု ဖြစ်ပေါ်လျှက်ရှိ၏။
“အဲ…ဘယ်ဟုတ်မလဲ…နှစ်နှစ်ခွဲပဲရှိတာပေါ့….မင်း ဂျူနီယာတန်းမှာကျောင်းထွက်သွားတာကို ငါမေ့သွားတာ…”
တိုက်ဆိုင်မှုပေလားမသိသော်လည်း သူပြန်လည်မွေးဖွားလာကတည်းက ဆုံတွေ့ခဲ့ရသော ကျန်းယီဟွေနံဘေးရှိလူအားလုံးမှာ သူ့ရှေ့ရှိ အမျိုးသားငယ်ကဲ့သို့ပင် အလွန်အသက်ဝင်ပြီး စိတ်ဝင်စားဖွယ်ကောင်းလှလေသည်။ ထိုသူ၏လွှမ်းမိုးမှုအောက်ဝယ် ယီဟွေ့က သတိကြီးမှုများကို အလိုလိုလျှော့ချလိုက်မိပြီး လောလောဆယ်ယှဉ်ပြိုင်ထားသည့် ပြိုင်ပွဲအကြောင်း ပြောဆိုနေမိလေသည်။
စကားဝိုင်းအဆုံးသတ်ချိန်တွင် ထန်ဝမ်ရှီးက ယီဟွေ့အား နေ့လည်စာအတူစားရန် ဖိတ်ကြားလာခဲ့သည်။
“တစ်ခုခုသွားစားရအောင်ကွာ…ကျောင်းအပြင်မှာ စားသောက်ဆိုင်လေးတစ်ခုရှိတယ်…ဂျူနီယာလေးတွေလည်း အဲ့ဒီ့ဆိုင်မှာပဲ…ငါတို့အတူအချိန်မဖြုန်းရတာ ကြာပြီ…”
ယီဟွေ့က သူ၏မိခင်နှင့် ညီမဖြစ်သူစောင့်နေကြောင်းဆိုကာ ငြင်းဆိုလိုက်သည်။
“ဒါဖြင့် သူတို့ကိုပါခေါ်ခဲ့လေ…” ထန်ဝမ်ရှီးက စိတ်အားထက်သန်စွာဆိုလာခဲ့သည်။
“လူအများကြီးမှမဟုတ်တာပဲ…အားလုံးရင်းနှီးသွားကြမှာပါ…”
ယီဟွေ့က သူစိမ်းများဖြင့်တွေ့ရမည်ကို စိုးရွံ့နေခဲ့ကာ ငြင်းဆိုရမည့်အကြောင်းပြချက်အတွက် ဦးနှောက်အား အသည်းအသန်အလုပ်ပေးလျှက်ရှိ၏။ ထိုစဉ် မလှမ်းမကမ်းမှ အမျိုးသားတစ်ဦးက သူတို့ရှိရာသို့ ခပ်သွက်သွက်လှမ်းလာသည်ကို တွေလိုက်ရ၏။
“မင်းခုပဲ ပစ္စည်းတွေသိမ်းပြီးတာမဟုတ်လား…ဘာလို့ဒီလောက်ကြာနေတာလဲ…”
သူက ထန်ဝမ်ရှီးရှေ့သို့ရောက်လာခဲ့သည်။ ယီဟွေ့က စိတ်သက်သာရာရသွားဟန်ဖြင့် ရှောင်ထွက်ရန်ကြံစည်လိုက်၏။ သို့ရာတွင် ထန်ဝမ်ရှီးက သူ့အား ညစာစားချိန်အထိဆွဲထားရန် ဆုံးဖြတ်ထားပုံပေါ်သည်။ သူက ယီဟွေ့၏လက်မောင်းကိုဆွဲကာ ရှေ့သို့တိုးလိုက်လေသည်။
“ချန်ရွှမ်း…ဒါ ငါမင်းကိုအရင်ကပြောဖူးတဲ့တစ်ယောက်လေ…ငါတို့အတန်းထဲက အရမ်းတော်တဲ့ပန်းချီဆရာ…ကျန်းယီဟွေ့…”
တစ်ဖက်အမျိုးသား၏ အမည်ကိုကြားသည်နှင့် ယီဟွေ့၏လည်ပင်းကလေး ကျုံ့သွားကာ မော့မကြည့်ဝံ့တော့ချေ။
ကျိုးကျင်ဟမ့်တွင်လည်း ချန်ရွှမ်းဟူသည့် သူငယ်ချင်းတစ် ဦးရှိလေသည်။ ကျိုးကျင်ဟမ့်၏ သူငယ်ချင်းများကို သူအလွန်ကြောက်၏။
သို့သော် ဤနာမည်က ဆင်တူသည့်လူအများအပြားရှိနိုင်ကာ မြို့တော်သည်လည်းကြီးမားလှသည်။ ဤကဲ့သို့တိုက်ဆိုင်မှုမျိုးက ဖြစ်နိုင်ချေမရှိချေ။
ယီဟွေ့က သူ့ကိုယ်သူနှစ်သိမ့်ကာ နှုတ်ဆက်ရန်ပြင်လိုက်စဉ် တစ်ဖက်လူက ဦးစွာပြောလာသည်။
“ယီဟွေ့…မင်းဒီမှာဘာလုပ်နေတာလဲ..”
Xxxxxxxx