ထိုစဉ်က သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ငိုကြွေးနေခဲ့ခြင်းဖြစ်သည်။ အသံတစ်ချက်ပင် မထွက်သော်လည်း သူ့မျက်ဝန်းတွင်းရှိ စိတ်အားငယ်ရိပ်များမှာ တစ်စုံတစ်ဦးအား ဆွဲချနိုင်သည်အထိ နက်ရှိုင်းလှပေသည်။
မဝေးသောနေရာရှိ Garden Hotel တွင် ကုမ္မဏီမှပြန်ရောက်ခါစ ကျိုးကျင်ဟမ့်က မနက်ဖြန်တွေ့ဆုံမှုအတွက် ကြောင့်ကျလျှက်ရှိသည်။
ဘယ်သူက ဒီလိုအချိန်မှာဖန်တွေ့ဆုံပွဲလုပ်ဖို့ အကြံရသွားတာလဲ…
လူများရှေ့တွင် အပြုံးတုများပြုံးပြရခြင်းအား သူ မနှစ်သက်ချေ။ ယီဟွေ့သာ ပြန်မလာပါက မနက်ဖြန်စင်ပေါ်တက်ရမည့်အချိန်၌ မဲမှောင်သောမျက်နှာထားဖြင့် ရှိနေဦးမှာဖြစ်ကာ အခြေကြီးသည်ဟု မီဒီယာများက ဝေဖန်ကြပေလိမ့်မည်။
အရူးလေး ဘယ်ကိုရောက်နေတာလဲ...
ကျိုးကျင်ဟမ့်က ထိုမေးခွန်းအား အကြိမ်ပေါင်းများစွာ သူ့ကိုယ်သူ မေးမြန်းခဲ့သော်လည်း အဖြေမရှိခဲ့ချေ။
သူ၏စိတ်တစ်ခုလုံး ရှုပ်ထွေးနေကာ သဲလွန်စတစ်ခုပင်ရှာမတွေ့ခဲ့။ လွှမ်းမိုးလာသော ဒေါသစိတ်က သူ၏လက်ကျန်ဆင်ခြေတုံ့တရားကို ဖုံးအုပ်သွားစေခဲ့သည်။
ကျိုးကျင်ဟမ့်၏ မိုဘိုင်းဖုန်းက weibo တွင်စာပို့ပြီး အချိန်အတော်ကြာသည်အထိ မြည်လာခြင်းမရှိခဲ့ချေ။ ထပ်မံ၍ မစောင့်ဆိုင်းလိုတော့သည့်အလျှောက် မျိုးမစစ်အဖိုးကြီးအား ဖုန်းခေါ်ကာ အရူးလေးနှင့် အဆက်အသွယ်ရမရ မေးမြန်းရတော့သည်။
မျိုးမစစ်အဖိုးကြီးက ထေ့ငေါ့သံဖြင့်ဆို၏။: “သူက မင်းရဲ့အိမ်ထောင်ဖက်လေ…ဒါကိုမင်းက သူ့ယောက္ခထီးဖြစ်တဲ့ ငါကိုဖုန်းဆက်ပြီး သူ့အကြောင်းလာမေးနေတာလား…”
ကျိုးကျင်ဟမ့် အံကြိတ်လိုက်မိ၏။ : “သူက ကျွန်တော့်ရဲ့ တရားဝင်အိမ်ထောင်ဖက်မဖြစ်သေးပါဘူး…” သူက မျိုးမစစ်အဖိုးကြီး စိတ်ဆိုးသွားလျှင် သူ့အားသတင်းပေးမသိမည်ကို စိုးသွားခဲ့၏။ ထို့ကြောင့် စိတ်ကိုလျှော့ကာ “သူနဲ့ အဆက်အသွယ်ရရင် ကျွန်တော့်ကို အသိပေးပါ…”
ဖုန်းမချခင် သူက သင်ခန်းစာအရှည်ကြီး ပို့ချခံလိုက်ရသေးသည်။ မိသားစုစုံညီပွဲသို့ ယီဟွေ့အားခေါ်လာခဲ့မည်ဖြစ်ကြောင်း ကတိပေးခဲ့သည့်အတွက် မျိးမစစ်အဖိုးကြီးက အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရကာ အရူးတစ်ယောက်ကိုပင် မချော့မြှူနိုင်ခဲ့သည့် သူ၏မပြည့်စုံမှုအပေါ် ဆူပူခဲ့လေသည်။
ထိုအခိုက်တန့်တွင် ကျိုးကျင်ဟမ့်က ကယ်တင်ခံထားရသောနှင်းပွင့်များ(ပန်းပင်) ကို ထပ်ကန်ပစ်ရန်အတွက် S မြို့သို့ပြန်ရန် ချက်ချင်းလေယာဉ်လက်မှတ်ဖြတ်လုနီးနီး ဒေါသထွက်သွားခဲ့သည်။
ပြန်လည်တည်ငြိမ်စပြုလာသည့်အခါ မျိုးမစစ်အဖိုးကြီး၏ မခံချင်အောင်စိတ်ဆွပေးသောနည်းလမ်းက ကြောင်တောင်တောင်နိုင်လှကြောင်း ခံစားမိလေသည်။
သူက အရူးလေးအား မချော့နိုင်ခြင်းမဟုတ်ပဲ ချော့စရာမလိုခဲ့ခြင်းသာဖြစ်၏။ အရူးလေးက သူ့အပေါ် အလွန်ကပ်တွယ်လှပြီး သူဘာမှလုပ်ရန်မလိုအပ်ချေ။ အရူးလေးစိတ်ဆိုးလျှင်လည်း ကြာကြာဆိုးလေ့မရှိပဲ ပုံမှန်တောင်းပန်မှုတစ်ခုနှင့်ပင် စိတ်ပြေတတ်ပြီး ပုန်းနေသည့်နေရာမှ ရယ်မောလျှက်ထွက်လာလေ့ရှိသည်။
ထို့ကြောင့်ပင် ကျိုးကျင်ဟမ့်က မာနကိုခဝါချ၍ သူ့အားအရင် လိုက်ရှာခဲ့ခြင်းဖြစ်လေသည်။ ဤတစ်ကြိမ်ထဲသာလျှင် သနားညှာတာမှုအလျဉ်းမရှိပဲ အိမ်သို့လဝက်ကြာသည်အထိ ပြန်မလာပဲနေခဲ့ခြင်းဖြစ်၏။ အရူးလေးက သူ့ကိုလာရှာမည့် ကျိုးကျင်ဟမ့်ကို စောင့်ဆိုင်းလျှက် တနေရာရာတွင်ငိုကြွေးနေပေလိမ့်မည်။
ရုပ်ရှင်လုပ်ငန်းတွင် နှစ်နှစ်ကြာကျင်လည်ခဲ့ပြီးနောက် ကျိုးကျင်ဟမ့်က ကမ္ဘာကြီး၏အလုပ်လုပ်ပုံနှင့် အကျွမ်းတဝင်ရှိလာခဲ့သည်။ သူက အခြားလူများထံတွင် အကြွေးမတင်လိုချေ။ ခဏတာစဉ်းစားပြီးသည့်နောက် “ယန်ချန့်ရွှမ်” ဟု မှတ်သားထားသည့် နံပါတ်ကိုခေါ်ဆိုလိုက်လေသည်။
သူ၏ရှင်းပြချက်အားကြားသည့်အခိုက် ယန်ချန့်ရွှမ်က ခဏတာတုံ့ဆိုင်းသွားကာ မေးမြန်းလာခဲ့သည်။
“ဖန်းယွီချင်း ပြန်ရောက်နေပြီမဟုတ်လား…”
ကျိုးကျင်ဟမ့် ဘာပြောရမည်မသိဖြစ်သွားခဲ့၏။
“ငါ့ဟာ့ငါ အရူးလေးကိုလိုက်ရှာတာ သူပြန်လာတာနဲ့ဘာဆိုင်လို့လဲ…”
ယန်ချန်းရွှမ်က သဘောတကျရယ်မောလိုက်၏။
“ငါထင်တာ မင်းအဲ့ဒီ့အရူးကို စွန့်ပစ်တော့မှာလားလို့လေ...”
ကျိုးကျင်ဟမ့် ကြောင်အသွားခဲ့ရသည်။ ဖန်းယွီချင်း ပြန်ရောက်နေသည်မှာ ရက်အနည်းငယ်ပင်ရှိခဲ့ပြီဖြစ်၏။ သူတို့ဖုန်းပြောခဲ့ကြသလို ညစာလည်း အတူစားခဲ့ကြသည်။ သူက အတိတ်ကိုဖက်တွယ်မထားတော့ပဲ အနာဂတ်ကိုသာ မျှော်လင့်မိ၏။ ဤကာလတစ်လျှောက်လုံး အရူးလေးကိုစွန့်ပစ်ရန်အတွေးမျိုး စိုးစဉ်းမျှပင် မတွေးခဲ့ချေ။
ကျိုးမိသားစုက စီးပွားရေးအကျပ်အတည်းတွင်း ကျရောက်ခဲ့ရသဖြင့် ယီမိသားစုနှင့်လက်ထပ်ကာ အကူအညီရယူခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်အကြာတွင် ကျိုးမိသားစု၏စီးပွားရေးလုပ်ငန်းများက ထိပ်ဆုံးသို့ပြန်လည်ရောက်ရှိခဲ့၏။ မျိုးမစစ်အဖိုးကြီးက ကျိုးမိသားစုသည် မြစ်ကိုဖြတ်ပြီးသည်နှင့် တံတားကိုဖျက်ဆီးသည်ဟု ဝေဖန်ခံရမည်ကို စိုးရိမ်သည့်အလျောက် ဤလက်ထပ်ပွဲအား ဖျက်သိမ်းခွင့်မပြုခဲ့ချေ။
သို့သော် သူကိုယ်တိုင်ကမူ အဘယ့်ကြောင့် လက်ထပ်ပွဲအား မဖျက်သိမ်းလိုရပါသနည်း…
ဤအယောင်ပြလက်ထပ်ပွဲက ကျိုးကျင်ဟမ့်အတွက်မူ ပြက်လုံးတစ်ခုသာဖြစ်လေသည်။ ဖန်းယွီချင်းသာ နိုင်ငံခြားသို့သွားရောက်ခဲ့ခြင်းမရှိပါက သူ လွယ်လွယ်နှင့်သဘောတူခဲ့မည်မဟုတ်ချေ။ သို့သော် ထိုစဉ်က သူ့တွင်စိတ်အားငယ် ခြင်းနှင့် စိတ်ပျက်ခြင်းများပြည့်နှက်နေခဲ့၏။
အကယ်၍ သရုပ်ဆောင်ခြင်းက သူ၏ စိတ်အားတက်ကြွမှုအား ပြန်လည်ရယူပေးသည့် တစ်ခုတည်းသောအရာဖြစ်ပါလျှင် ယီဟွေ့နှင့် ကြောင်တောင်တောင်နိုင်လှသည့် ကြင်စဦးဆက်ဆံရေးရှိခြင်းက သူ့အတွက် အာရုံလွှဲသည့်နှယ်ဖြစ်စေကာ အချစ်နာကျသောဝေဒနာကို လျော့ပါးစေခဲ့သည်။ သာမန်လူများ၏ အသုံ့းအနှုန်းဖြင့်ဆိုရပါမူ သူ၏စိတ်အစဥ်အား ကုသပေးရာကျခဲ့၏။
အကြောင်းပြချက်များ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ယီဟွေ့အား သူနှင့်ကျိုးမိသားစုတို့ အသုံးချခဲ့သည်မှာ ငြင်းဆို၍မရနိုင်ချေ။ ခြားနားချက်မှာ ကျိုးမိသားစုက ပေါ်ပေါ်ထင်ထင်အသုံးချခဲ့ပြီး သူကမူ တိတ်တဆိတ်အသုံးချခဲ့၏။ နှိုင်းယှဉ်ရပါက သူကပိုမိုဆိုးရွားလေသည်။
အနာဂတ်တွင် သူ့အပေါ်ပိုကောင်းပေးရမည်ဟု ကျိုးကျင်ဟမ့်တွေးလိုက်၏။ ထိုမှသာလျှင် ခွဲခွာရမည့်အချိန် ကျရောက် လာသည့်အခါ လိပ်ပြာမသန့်ခြင်းမျိုးမခံစားရမှာဖြစ်လေသည်။
ထို့အပြင် အရူးလေးက ချော့မော့ရန်လွယ်ကူလှ၏။ သူသာ S မြို့ရှိနေအိမ်သို့ တစ်လအတွင်း အကြိမ်ရေအနည်းငယ်ခန့် ပြန်သွားလိုက်ပါက ပျံဝဲမတတ်ပျော်ရွှင်နေလိမ့်မှာပင်။
အရေးကြီးသည်မှာ အရူးလေးအား ပြန်ခေါ်ရန်ဖြစ်၏။
ဖုန်းခေါ်ဆိုမှုအား အဆုံးမသတ်ခင် ယန်ချန်းရွှမ်က သူ့အား အရူးလေးနှင့် နောက်ဆုံးအကြိမ်အဆက်အသွယ်ရသည့်အချိန်ကို ပြန်လည်စဉ်းစားရန် သတိပေးလိုက်၏။ ကျိုးကျင်ဟမ့်က ခေါင်းကိုက်လာသည်အထိ စဉ်းစားခဲ့သော်လည်း မည်သည်ကိုမှ စဉ်းစား၍မရခဲ့ချေ။
ထိုနေ့က သူ၏မွေးနေ့ဖြစ်သည်။ သူအလွန်အရက်မူးနေခဲ့ကာ စိတ်တစ်ခုလုံးမှာလည်း ရှုပ်ထွေးနေခဲ့လေသည်။ ထိုနေ့မတိုင်ခင်က အရူးလေးအား အချိန်ပေးမည်ဟု ကတိပေးခဲ့ပုံရ၏။ ထို့အပြင် ဖုန်းခေါ်ဆိုမှုတစ်ခုကိုလည်း လက်ခံရရှိခဲ့သေးသည်။
ထိုအခိုက်အတန့်မှာပင် သူအိပ်ရာပေါ်သို့ ပစ်တင်လိုက်သည့် ဖုန်းက မြည်လာခဲ့၏။
သူ၏ယောက်ဖဖြစ်သူ ချန်ဖေးချီထံမှဖြစ်၏။
မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်ကို ဖိနှိပ်လျှက် ကျိုးကျင်ဟမ့်က အိပ်ယာပေါ်ထိုင်ချလိုက်ကာ ဖုန်းဖြေလိုက်သည်။
ဖုန်းတစ်ဖက်ရှိလူက စတင်၍စကားပြောလာခဲ့၏။ “ယီဟွေ့အိမ်ပြန်လာပြီလား…”
ကျိုးကျင်ဟမ့်နှင့် သူ၏ အဆင့်အတန်းမြင့်မားသောယောက်ဖဖြစ်သူတို့ အဆက်အသွယ်ပြုလုပ်သည်မှာ ရှားပါးလှပြီး တစ်ယောက်အကြောင်း တစ်ယောက် များများစားစားမသိကြချေ။ အရူးလေးက ထိုသူအား ရင်းနှီးပုံပေါ်လေရာ ကိုယ်ပိုင်အချိန်များတွင် ပေါင်းသင်းရလွယ်ကူသူတစ်ဦးဖြစ်ရပေလိမ့်မည်။ သို့သော် အမည်ခံယောက်ဖနှင့် ရင်ဆိုင်ရချိန်ဝယ် သူ၏ကိုယ်နေဟန်က ချက်ချင်းတောင့်တင်းသွားခဲ့၏။ ရင်းနှီးခြင်းအလျဉ်းမရှိသော ဖုံးကွယ်မထားသည့်စိတ်မဝင်စားမှုက ဖုန်းလိုင်းကိုပင် ဖြတ်ကျော်လာသည့်နှယ်ရှိလေသည်။
ကျိုးကျင်ဟမ့်၏ စိတ်အခြေအနေမှာလည်း ပိုကောင်းလာနိုင်ဖွယ်မရှိချေ။ : “မလာသေးဘူး…ကျွန်တော် လူလွှတ်ပြီးရှာခိုင်းထားတယ်…မကြာခင်သိရမှာပါ…”
ချန်ဖေးချီက ထပ််မေးလာ၏။: “ဘာလို့ မင်းသူ့ကိုလိုက်မရှာတာလဲ…”
“ကျွန်တော် လိုက်ရှာခဲ့တယ်…ကျွန်တော် သိသမျှနေရာတိုင်းလိုက်ရှာခဲ့ပြီးပြီ…”
ကျိုးကျင်ဟမ့်က စိတ်ဆိုးစွာပြောလိုက်၏။ “သူဘယ်မှာပုန်းနေလဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ…”
ချန်ဖေးချီက အလေးအနက်ဆိုလာခဲ့သည်။: “အဲ့ဒါငါမင်းကိုမေးသင့်တာ...”
ကျိုးကျင်ဟမ့် စိတ်ဆိုးဆိုးဖြင့် ရယ်မောလိုက်သည်။
“ဘာကိုလဲ…သူအိမ်ကထွက်မပြေးခင် ကျွန်တော့်ကို အသိပေးသွားသလားဆိုတာကိုလား…ဒါမှမဟုတ် သဲလွန်စဖြစ်ဖြစ်ချန်ခဲ့လားဆိုတာကိုလား…ကျွန်တော်က သူ့ဗိုက်ထဲမှာနေတဲ့သန်ကောင်မှမဟုတ်တာ…သူ အိမ်ကထွက်ပြီး အရှေ့ဘက်သွားလား…အနောက်ဘက်သွားလား၊ ငရဲပြည်သွားလား…ကောင်းကင်ဘုံတက်သွားလားဆိုတာ ဘုရားပဲသိလိမ့်မှာပေါ့...”
သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း စိတ်တွင်းဝယ် သံသယများကြီးထွားလာခဲ့သည်။
တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခပ်ရေးရေးခံစားလိုက်ရ၏။ ယီမိသားစုက S မြို့တွင်အာဏာသက်ရောက်မှုရှိလှသည်။ ယီမိသားစုရှိအဖိုးကြီးက ထိုကလေးအပေါ် ဂရုမစိုက်လျှင်ပင် သူ၏ယောက်ဖဖြစ်သူက ဒီအတိုင်းထားမည်မဟုတ်ချေ။ သို့သော် ချန်ဖေးချီ၏ဖုန်းခေါ်လာမှုကိုကြည့်ခြင်းဖြင့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ကြောင်းသိနိုင်၏။
ထိုစကားများကိုကြားသည်နှင့် ဖုန်းတစ်ဖက်ရှိလူက ချက်ချင်းဖုန်းချသွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ထိုသို့ဖြစ်မလာခဲ့ချေ။
နှစ်ဦးသားက တိတ်ဆိတ်သွားကြ၏။ မိနစ်ဝက်မျှအကြာ၌ ကျိုးကျင်ဟမ့်က ယီဟွေ့နှင့်နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့သည့်အချိန်အား မေးမြန်းရန်ပြင်လိုက်သည်။
“လွန်ခဲ့တဲ့တစ်လက ငါနိုင်ငံခြားမသွားခင် ယီဟွေ့ဆီကစာတစ်စောင်ရခဲ့တယ်..”
ကျိုးကျင်ဟမ့် အသေအချာနားစွင့်လိုက်မိ၏။ : “သူ ဘာပို့ခဲ့တာလဲ…”
နှစ်စက္ကန့် သုံးစက္ကန့်မျှအကြာ၌ ချန်ဖေးချီက ဆိုလာ၏။: “သူရေးခဲ့တာက ‘အစ်ကိုကြီး…သူက ကျွန်တော့်အပေါ်အရမ်းကောင်းတယ်…အဲ့ဒါကြောင့်မစိုးရိမ်ပါနဲ့တော့’ တဲ့”