အပိုင်း ၇.၁
Viewers 13k

Chapter 7.1
အတိတ်ကယီဟွေ့တွင် ဗဟုသုတမရှိသလို ကလေးငယ်တစ်ဦး၏ ဉာဏ်ရည်မျှသာရှိသော်လည်း သည်းထန်စွာငိုရခြင်းကိုမူ မနှစ်သက်ချေ။
သူက ထိုကလေးများထက် ပိုမို၍အရပ်ရှည်သလို သူတို့ထက်လည်း ပို၍အသက်ကြီးလေသည်။ သူ့မေမေက ဖျားနာမှုကြောင့် မငိုကြွေးခဲ့သလို သူ၏အစ်ကိုသည်လည်း အလုပ်များခြင်းကြောင့် မငိုခဲ့ချေ။ သူက သူတို့ကဲ့သို့ ရင့်ကျက်သောလူကြီးတစ်ဦးဖြစ်ခဲ့၏။ ငိုကြွေးခြင်းက မည်သည်ကိုမှ မဖြေရှင်းနိုင်သလို အလွန်ရှက်စရာကောင်းလှသည်။
သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် ကျိုးကျင်ဟမ့်ကိုတွေ့ချိန်၌ မငိုပဲမနေနိုင်ခဲ့။
ပထမဆုံးတွေ့စဉ်ကတည်းက ငိုမိခဲ့သည်။
နွေဦးရာသီ၏ နေ့လည်ခင်းတစ်ခုတွင် နေရောင်ခြည်တစ်ချို့က ပြတင်းပေါက်အစွန်းမှတဆင့် ဖြာကျလျှက်ရှိကာ သူ့ရှေ့ရှိစာရွက်ပေါ်တွင် အလင်းအမှောင်ပိုင်းခြားထားသည့်နှယ် ဖြစ်နေခဲ့သည်။ ရှေ့တန်းရှိကျောင်းသားများက စာရွက်ပေါ်တွင် ခဲတံများဖြင့် ရေးခြစ်နေကြပြီး စတူဒီယိုတစ်ခုလုံး၏လေထုမှာလည်း အေးချမ်းနေခဲ့၏။
ယီဟွေ့က နောက်ဆုံးတန်း၏ထောင့်စွန်းနားတွင် ထိုင်နေခဲ့သည်။ သူပိုပြီးစိတ်ပူလာလေလေ စုတ်တံကိုကိုင်ထားသည့်လက်က တုန်ယင်လာလေလေပင်။ စုတ်တံ၏အဖျားက စာရွက်ပေါ်သို့ကျရောက်သွားချိန်တွင် ပို၍တုန်ယင်လာခဲ့ပြီး ရှုပ်ထွေးပွေလီကာ အကျည်းတန်လှသော မျဉ်းကြောင်းများကို ဖြစ်စေခဲ့လေသည်။
သူက အောက်နှုတ်ခမ်းကို အသာကိုက်လျှက် လက်ကောက်ဝတ်ကိုထိန်းချုပ်ကာ နှောင့်ယှက်နေသော အတွေးများကို ဖယ်ရှားပစ်ချင်ခဲ့သည်။ သူ၏မိခင်က ပြတင်းပေါက်အပြင်ဘက်ရှိ ပန်းများကို သူကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကားကိုကြည့်ရှုရန် ဆေးရုံတွင် စောင့်ဆိုင်းနေပေလိမ့်မည်။
အားလုံးက သူ့အားလျှို့ဝှက်ထားကြသော်လည်း ဆရာဝန်၏အမူအရာနှင့် သတိတစ်ဝက်သာရှိတော့သော မိခင်၏အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ မကြာခင်ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသေးသည်။
သူ့မေမေက နွေဦး၏ပန်းပွင့်များကို မြင်တွေ့လိုကြောင်း ပြောခဲ့သည်။
သူ သူမဆန္နကို ဖြည့်ဆည်းပေးသင့်တယ်လေ…
ထိုသို့တွေးလိုက်ချိန်ဝယ် ယီဟွေ့ အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ စာရွက်အသစ်လဲလိုက်ကာ မျက်ဝန်းများကို ဖြည်းညှင်းစွာဖွင့်လျှက် အသက်အောင့်ထားမိသည်။ စတင်၍ပန်းချီဆွဲရန်ပြင်လိုက်သည်နှင့် သူ့နံဘေးမှ ကလစ်ဟူသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ပြတင်းတံခါးပွင့်သွားခဲ့ပြီး နေရောင်ခြည်က ပို၍ပင်ဖြာကျလာခဲ့၏။ ထို့နောက် ပုံရိပ်တစ်ခုက အလင်းအများစုကို ပိတ်ပင်လိုက်ပြီး ပြတင်းဘောင်အစွန်းနှစ်ဖက်အား လက်နှစ်ဖက်ဖြင့်ဆွဲကိုင်လျှက် စတူဒီယိုအတွင်းသို့ ရှည်လျားသောခြေထောက်များဖြင့် ခုန်ဆင်းလာခဲ့လေသည်။
ငယ်ရွယ်သော ကောင်လေးတစ်ဦးဖြစ်၏။
ပြတင်းပေါက်က သေးငယ်လှပြီး ကောင်လေးကမူ အရပ်ရှည်လှသည်။ သူ၏ခုန်ကျော်ပုံအားကြည့်ခြင်းဖြင့် ပထမဆုံးအကြိမ် ဟုတ်ပုံမရချေ။
စတူဒီယိုအတွင်းသို့ရောက်လာချိန်၌ ကောင်လေးက သူ၏လက်နှစ်ဖက်ကို ပုံမှန်လိုပင် ဖုန်ခါလိုက်ကာ တစ်ဖက်အား ဘောင်းဘီအိတ်ကပ်တွင်းသို့ ထည့်လိုက်၏။ မျက်နှာလှည့်လာချိန်တွင် ဖုံးကွယ်ထားခြင်းမရှိသော အောင်ပွဲခံနေသည့်အမူအရာက ထင်ဟပ်နေခဲ့၏။.
ထို့နောက် ယီဟွေ့၏စူးစမ်းသောအကြည့်အား ရင်ဆိုင်လိုက်ရလေသည်။
သူ၏အမူအရာက လျှင်မြန်စွာအုံ့မှိုင်းသွားခဲ့သည်။ အနည်းငယ်ရှက်ရွံ့သွားမှုနှင့် မသက်မသာဖြစ်မှုတို့ကို ဖုန်းကွယ်လျှက် ကောင်လေးက ခပ်မာမာမေးလာခဲ့သည်။
“မင်းကဘာကြည့်တာလဲ…”
ယီဟွေ့က ခေါင်းကိုခါယမ်းလျှက် သူ မရည်ရွယ်ခဲ့ကြောင်း ပြောပြလိုခဲ့သည်။ အပြင်ဘက်ရှိနေရောင်ခြည်မှာ အလွန်စူးရှနေခဲ့ခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏။ သူ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များစီးကျလာခဲ့ရလေသည်။
ကောင်လေးက သိသိသာသာပင်ထိတ်လန့်သွားခဲ့ကာ တစ်စုံတစ်ယောက်အား ငိုသွားသည်အထိခြောက်ရန် မရည်ရွယ်ခဲ့ပုံပေါ်၏။ သူက ရှေ့သို့ခြေနှစ်လှမ်းမျှလှမ်းလာပြီး ဘောင်းဘီအိတ်ကပ်အတွင်းရှိ လက်ကိုပြန်ထုတ်လိုက်သည်။ သို့သော် မည်သည်ကိုမှရှာမတွေ့ချေ၊ သူက ကိုးရို့ကားယားနိုင်စွာဆိုလာခဲ့သည်။
“ဘာလို့ငိုနေတာလဲ…”
ယီဟွေ့က ရှက်ရွံ့စွာဖြင့်ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်သည်။ မျက်ရည်များကိုသုတ်ကာ လက်အချင်းချင်းရစ်ပတ်လျှက် “မင်းကိစ္စမဟုတ်ဘူး” ဟူသောပုံစံဖြင့် ခေါင်းကလေးခါပြ၏။ သို့သော် ထိုကောင်လေးက နားမလည်ချေ။ မည်သည့်ဆရာမှမရှိကြောင်း အတည်ပြုပြီးသည်နှင့် သူ့နားတွင်ငုတ်တုတ်ထိုင်ချကာ စတင်စပ်စုတော့သည်။
“မင်းတကယ်ငိုနေတာပဲ…ငါကအဲလောက်ကြောက်စရာကောင်းလို့လား…”
ကောင်လေး၏အသံထဲတွင် စိတ်မရှည်မှုနှင့်အလိုမကျမှုများ ပါဝင်နေခဲ့သည့်အလျောက် ယီဟွေ့ပို၍ပင် ရှက်ရွံ့သွားခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ သူက အလွန်ဝမ်းနည်းနေခြင်းဖြစ်ရာ စတင်ငိုကြွေးမိသည်နှင့် မရပ်တန့်နိုင်တော့ချေ။ သူက စိတ်ကိုလျှော့ချလိုက်ပြီး မျက်နှာအား သူ၏လက်မောင်းများဖြင့်ကွယ်လျှက် အသံမထွက်စေပဲ ငိုချလိုက်တော့သည်။
အားရအောင်ငိုပြီးသည့်နောက် ရှိုက်လိုက်ရင်း လက်မောင်းများကို ဖယ်လိုက်၏။ မျက်ရည်များဖြင့် ဝေဝါးနေသည့်မျက်ဝန်းများမှတဆင့် ကောင်လေးမှာ နေရာတွင်ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
“ငိုလို့ပြီးပြီလား…”
ကောင်လေးက နှာခေါင်းရှုံ့လိုက်သော်လည်း မလေးစားမှုမျိုးရှိမနေခဲ့ချေ။ သူက တစ်နေရာရာမှရှာလာပုံရသည့် လက်ကိုင်ပုဝါကိုကမ်းကာ ဆိုလာခဲ့သည်။
“မျက်ရည်တွေသုတ်လိုက်ဦး…မင်းကိုခြောက်သလိုဖြစ်သွားရင်ဆောရီးပါ…”
ကောင်လေးက နှိမ့်ချစွာပြုမူခြင်း၊ တောင်းပန်ခြင်းတို့နှင့် မရင်းနှီးသည်မှာ သိသာလှပေသည်။ သူ၏လည်တိုင်က တောင့်တင်းနေကာ အမှားကိုဝန်ခံရန်ငြင်းဆန်နေဟန်ဖြင့် တခြားဘက်သို့အကြည့်လွှဲထားခဲ့၏။ ယီဟွေ့အား တည့်တည့်ကြည့်မလာခဲ့ချေ။
ယီဟွေ့က လောလောလတ်လတ်ဖြစ်နေသော ပြဿနာကို တွေးမိသွားကာ လက်ကိုင်ပုဝါကိုယူလျှက် ကျေးဇူးပါဟု တီးတိုးဆိုလိုက်လေသည်။
မျက်ရည်သုတ်ကာ နှပ်ညှစ်ပြီးသည့်နောက် ကောင်လေးအား သူ့လှန့်လိုက်ခြင်းမဟုတ်ကြောင်း ရှင်းပြလိုခဲ့သည်။ သို့သော် ကောင်လေးက မတ်တပ်ထကာ စတူဒီယို၏ အနောက်ဘက်တွင်ခုံရှိမရှိ လှည့်ပတ်ရှာလိုက်၏။ ကုလားထိုင်သုံးခုက စတူဒီယိုအနောက်တွင် တန်းစီထားလေသည်။ သူက ထိုခုံများပေါ်သို့လှဲချလိုက်ရင်း မျက်နှာကို စာအုပ်တစ်အုပ်ဖြင့်ဖုံးကာ ခြေချိတ်လျှက် အိပ်မောကျသွားခဲ့လေသည်။
ယီဟွေ့၏ရင်ထဲတွင်မေးခွန်းများစွာရှိနေခဲ့သည်။
သူကဘယ်သူလဲ…ဘာလို့ပြတင်းပေါက်ကနေခုန်တက်လာတာလဲ...
သို့သော် ထိုအရာများက အရေးမကြီးသလို သူမေးသင့်သည့်အရာများလည်းမဟုတ်ချေ။
လက်ကိုင်ပုဝါကို စနစ်တကျခေါက်သိမ်းလျှက် ပန်းချီဆက်ဆွဲရန်ပြင်လိုက်၏။
အားရအောင်ငိုပြီးသည့်နောက်တွင် သူ၏စိတ်အခြေအနေက များစွာသက်တောင့်သက်သာဖြစ်လာခဲ့ကာ အာရုံစူးစိုက်မှုသည်လည်း ပိုမို၍အားကောင်းလာခဲ့သည်။ မကြာခင်မှာပင် သူ၏ပုံဆွဲစာရွက်က ညှင်သာသောမျဉ်းကြောင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ အဖူးအငုံများဖြင့်ပြည့်နှက်နေသော သွယ်လျသည့်အကိုင်းတစ်ကိုင်းက ပွင့်ဖူးစပန်းပွင့်များဖြင့် ရောယှက်လျှက် ကွေးညွှတ်လာခဲ့သည်။
“ပန်းချီက မဆိုးဘူးပဲ...”
ရုတ်တရက် အသံတစ်ခုက သူ၏နောက်ဘက်ဆီမှထွက်လာခဲ့သည့်အလျှောက် ယီဟွေ့ထိတ်လန့်သွားကာ လက်ထဲမှစုတ်တံသည်လည်း လွတ်ကျသွားခဲ့လေသည်။
ကောင်လေးက လက်ကိုဆန့်ထုတ်ကာ စုတ်တံကိုဖမ်းလိုက်ရင်း ယီဟွေ့၏လက်ချောင်းများအကြား ပြန်ထည့်ပေးလာ၏။
“ငါက တကယ်အဲ့လောက်ကြောက်စရာကောင်းနေတာလား…”
ယီဟွေ့က ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ရင်း ကောင်လေး၏ တစ်ဝက်မျှမှေးစင်းနေသော အိပ်ချင်မူးတူးမျက်ဝန်းများကို ကြည့်လိုက်၏။ သူက အနားတွင်မည်သူမှမရှိသကဲ့သို့ သမ်းဝေလိုက်ကာ ပန်းချီအား သူ၏လက်ချောင်းသွယ်သွယ်များဖြင့် ညွှန်ပြလာခဲ့သည်။
“ဒီနားရယ်…ဒီနားရယ်ကို ပိုပြီးအရောင်တောက်တာလေးခြယ်လိုက်…”
သူ၏ တိုးလျကာ ပျင်းရိနေသည့် အသံကိုနားထောင်ရင်း ယီဟွေ့က သူညွှန်ပြသည့်နေရာများကိုလိုက်ကြည့်လိုက်ချိန်တွင် ၎င်းမှာ မှန်ကန်သည့်ထောက်ပြချက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။
“ကျေးဇူး…ကျေးဇူးပါ...” ယီဟွေ့က ထပ်မံ၍ကျေးဇူးစကားဆိုလိုက်ကာ ကောင်လေးထိုင်ရန်အတွက် အနည်းငယ်ရွှေ့ပေးလိုက်သည်။
ကောင်လေးက လက်ဝေ့ယမ်းလိုက်ပြီး အပျင်းကြောဆန့်လိုက်၏။ ထို့နောက် လည်ပင်းကိုဆန့်၍ အရှေ့သို့မျှော်ကြည့်ကာ “ကျေးဇူးတင်ရင် နောက်တစ်ခါပန်းချီဆွဲပေးလေ…”
ယီဟွေ့ ညှင်သာစွာခေါင်းညှိတ်လိုက်မိသည်။ : “ဘာ..ဘာပန်းချီလဲ…”
“ပုံတူပန်းချီတစ်ခုပါ...” ကောင်လေးက မျက်ဝန်းများကိုကျဉ်းမြောင်းလျှက် သူ့ကိုပြုံးပြလာခဲ့သည်။ ထို့နောက် သူ၏လက်ညှိုးကို နှုတ်ခမ်းပေါ်၌ကန့်လန့်ဖြတ်တင်ကာ ခပ်တိုးတိုးဆိုလာခဲ့၏။
“ဒါက ငါတို့ကြားမှာပဲထားရမယ့် လျှို့ဝှက်ချက်နော်…ဘယ်သူ့ကိုမှမပြောပြရဘူး…”
၎င်းမှာ သူတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမှုဖြစ်လေသည်။
ထိုစဉ်က ကျိုးကျင်ဟမ့်မှာ ပညာသင်ကြားနေဆဲဖြစ်ပြီး ဆယ်ကျော်သက်တစ်ဦး၏ ဖြတ်လတ်မှုနှင့်အတူ ယီဟွေ့၏ ကမ္ဘာလေးအတွင်းသို့ ဝင်ရောက်လာခဲ့ကာ နွေဦးရာသီ၏ပန်းရနံ့များ၊ ငှက်များ၏တေးဆိုသံများနှင့်အတူ ယီဟွေ့၏နှလုံးသားထဲတွင် ဂရုတစိုက် သိမ်းဆည်းခံခဲ့ရလေသည်။
နောက်တစ်ကြိမ်တွင် blind date တစ်ခု၌သူတို့ပြန်လည်ဆုံတွေ့ခဲ့ကြသည်။ ယီဟွေ့က ကံကြမ္မာက ဆုံစည်းစေခဲ့ခြင်းဖြစ်ရမည်ဟု မှတ်ယူခဲ့မိလေသည်။ တစ်ဖက်လူက သူတို့၏ စတူဒီယိုတွင် ပထမဆုံးတွေ့ဆုံခဲ့ပုံအား မမှတ်မိခဲ့သော်လည်း အနာဂတ်တွင် ထိုသူပြန်လည်မှတ်မိစေရန် ဖြည်းဖြည်းချင်းလုပ်ဆောင်သွားပြီး ပို၍ကောင်းမွန်သော အမှတ်တရများဖန်တီးနိုင်လိမ့်မည်ဟု ယီဟွေ့ယုံကြည်ခဲ့၏။
သူက သူကိုယ်တိုင်ဖန်တီးခဲ့သည့် ချိုမြိန်သောကမ္ဘာငယ်လေးအတွင်း နစ်မြုပ်နေခဲ့ကာ ကျိုးကျင်ဟမ့် ထိုအချိန်က စတူဒီယိုတွင် ပေါ်လာခဲ့ရသော အကြောင်းရင်းနှင့် သူနှင့်မျက်နှာချင်းဆိုင်ချိန်တိုင်း ကျိုးကျင်ဟမ့် ကြိုးစားဖုန်းကွယ်ထားခဲ့သည့် စိတ်မဝင်စားမှုနှင့်ငြီးငွေ့မှုများကိုမူ လျစ်လျူရှုထားခဲ့မိသည်။
သူ၏အရင်ဘဝတွင် နားမလည်ခဲ့သော အရာတော်တော်များများက ခန္ဓာကိုယ်ပြောင်းသွားသည့်နောက် ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ယီဟွေ့က ခါးသက်စွာပြုံးလိုက်မိ၏။ အတိတ်က သူသာ ကြိုးစားနေထိုင်ပါလျှင် သာမန်လူများနှင့်ကွဲပြားမှုရှိမည်မဟုတ်ဟု ထင်ခဲ့မိသည်။ ယခုမူ ထိုမိုက်မဲမှုက သဘာဝအလျှောက် ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း သူသိရှိခဲ့ပြီဖြစ်၏။ ထိုသို့မဟုတ်ပါက မိုက်မဲသောအရာများကိုပြုလုပ်ရင်း သူသေဆုံးခဲ့မည်မဟုတ်ချေ။
ကျန်းရွှယ်မေ့က မကြာခင်ပြန်လာတော့မှာဖြစ်၏။ ကျန်းယီမန့်ကမူ ဘေးတွင်ထိုင်ကာ ယီဟွေ့အား အကဲခတ်နေခဲ့သည်။ ငိုလိုက်ရယ်လိုက်ဖြစ်နေသော သူ့ကိုကြည့်ရင်း မည်သည်ကိုမှမပြောဝံ့ပဲ ဖြစ်နေရှာ၏။
ခဏအကြာတွင် ယီဟွေ့သူမအား နှစ်သိမ့်လိုက်သည်။ “ကိုကြီးအဆင်ပြေပါတယ်…မစိုးရိမ်ပါနဲ့…”
ကျန်းယီမန့်က သိချင်နေဆဲပင်။ : “ဒါဆို ခုနကဘာလို့ငိုခဲ့တာလဲ…”
ယီဟွေ့က ခဏတွေးကာ ဆိုလေသည်။ “မျက်လုံးထဲ ဖုန်ဝင်သွားလို့...”
“ညီမလေးကို ကလေးလိုမျိုးလာအရူးလုပ်နေတာပဲ…”
ကျန်းယီမန့်က သူမ၏မျက်ဝန်းများကို လိမ့်လိုက်ကာ စတင်စိတ်ကူးယဉ်တော့သည်။
“မှန်းကြည့်ရအောင်…ဖြစ်နိုင်တာက ကိုကြီးလည်း ဟမ့်ဟမ့်ရဲ့ဖန်မဟုတ်လား…ကြောင်သူတော်လေး…အဘိုးကြီးဖြစ်ပြီး ခပ်ငယ်ငယ်ကြယ်ပွင့်လေးတွေကို သဘောကျနေတယ်ဆိုပြီး လူတွေပြောကြမှာစိုးရိမ်နေတာပဲ…အိုး…ဟော်တယ်ကနေ မြန်မြန်ထွက်လာချင်နေတာ မထူးဆန်းတော့ပါဘူး…ကိုကြီး idol ကိုတွေ့ပြီးငိုခဲ့မိတာကို တခြားလူတွေသိမှာ စိုးနေတာမဟုတ်လား…”
ယီဟွေ့က ညီမဖြစ်သူ၏ မိုးမြေကိုကိုင်လှုပ်မည့်ဉီးနှောက်ကြောင့် ပြောစရာစကားပင် ပျောက်ရှသွားခဲ့ရသည်။ သို့သော် အခြားပိုကောင်းသည့်ဆင်ခြေအား ရှာမတွေ့လေရာ ပြန်မဖြေပဲနေလိုက်၏။
ကျန်းယီမန့်က ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဟု သတ်မှတ်လိုက်ကာ မနက်ဖြန်၌ ဖန်တွေ့ဆုံပွဲရှိကြောင်းနှင့် ယီဟွေ့အား သူမနှင့်အတူလိုက်ခဲ့ရန် ပူဆာတော့သည်။
“ကိုကြီး မလိုက်တော့ဘူး...” ယီဟွေ့ ပြတ်သားစွာပယ်ချခဲ့သည်။ “ဒီနေ့ ကောင်းကောင်းမအိပ်ရဘူးလေ…နည်းနည်းထပ်အိပ်ချင်သေးတာ…”
ကျန်းယီမန့်က သူ၏လက်မောင်းကို ချွဲနွဲ့စွာ မှီနွဲ့လိုက်၏။: “ဒီညစောစောအိပ်လေနော်…မနက်ဖြန်မှသွားရမှာပဲကို…နော်…ကိုကြီး…”
သူမ၏ချွဲနွဲ့သောခေါ်သံကြောင့် ယီဟွေ့နှလုံးသားက ပျော့ပျောင်းသွားခဲ့ကာ အကူအညီမဲ့ဟန်ဖြင့် ဆိုလေသည်။
“ကိုကြီးကို ထပ်ပြီးငိုစေချင်တာလား…”
သူ၏မျက်ရည်များပြည်နေသော မျက်နှာအားပြန်မြင်ယောင်သွားကာ ကျန်းယီမန့် တုံ့ဆိုင်းသွားခဲ့၏။ ချင့်ချိန်ပြီးသည့်နောက် သူမက သူ၏လက်မောင်းကိုလွှတ်ကာ လက်လျှော့ရန်ဆုံးဖြတ်လိုက်လေသည်။