“ပွင့်ချပ်ငါးခုနဲ့ အဖြူရောင် ဝတ်ဆံတွေပါတယ်…အေးစက်တဲ့နေရာတွေကိုကြိုက်ပေမယ့် အရမ်းအေးတာကိုတော့ကြောက်တယ်.”
သူအိမ်တွင်ရှိစဉ်က အရူးလေးမှာ ထိုပန်းပင်အား ရေလောင်းလေ့ရှိပြီး ရာသီဉတုအေးလာသည့်အခါ အိမ်ထဲသို့ပင်ရွှေ့ခဲ့သည်ကို သူမှတ်မိလေသည်။ သူက ပန်းပင်ကိုကြည့်ရင်း စိတ်မကြည်လာသည့်အလျောက် လွှင့်ပစ်ရန်ပြောခဲ့သေးသည်။ အရူးလေးက ခေါင်းခါလျှက် ဆိုလာခဲ့၏။
“ပန်းတွေနဲ့အပင်တွေရှိမှ အိမ်နဲ့တူတာ…”
ထိုအတွေးက သူ့အားပိုမို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အိမ်မှန်းသိရဲ့သားနဲ့ ဘာလို့မြန်မြန် ပြန်မလာတာလဲ...
ရှောင်လင်းက ထိုလူကိုတတ်နိုင်သမျှ မြန်မြန်ခေါ်သင့်ပြီး ပန်းပင်နှင့်အတူ ကယ်တင်သင့်ကြောင်း ပြောလာခဲ့သည်။
ဖုန်းချပြီးသည့်နောက် ကျိုးကျင်ဟမ့်က ကြွေပန်းအိုးကွဲ၏ အစတစ်စအား ကောက်ယူလိုက်ကာ မြေကြီးအချို့ဖြင့် ဖြည့်လိုက်မိသည်။ အထိမခံသော ပန်းပင်အသက်မရှင်မည်ကို စိုးရိမ်နေမိခြင်းအား ကျိုးကျင်ဟမ့် မရပ်တန့်နိုင်ခဲ့ချေ။
သူက စိတ်မရှည်ပဲ အလျင်စလို ဖြစ်နေခဲ့သည်။ သူ အရင်ကပန်းပင်မစိုက်ဖူးလေရာ သူ၏ ပန်းပင်နှင့်ပတ်သက်သော ဗဟုသုတမှာလည်း အနှုတ်ဘက်ပြနေလေသည်။ အကယ်၍သာ အိမ်ထိန်းသာရှိပါက ပန်းပင်အား သေချာပေါက် ကယ်တင်နိုင်မှာပင်။
ဘာလို့အိမ်ထိန်းကို အလုပ်ထုတ်လိုက်မိတာလဲ…
ကျိုးကျင်ဟွေ့ မျက်မှောင်ကြုတ်လိုက်ကာ အသေးအဖွဲကိစ္စများကို လျစ်လျူရှုလျှက် အဖြေရှာလိုက်၏။
အိမ်ထိန်းအမျိူးသမီးက အပိုအလုပ်များလုပ်လွန်းပြီး အရူးလေးနှင့် သူမအကြားတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသကဲ့သို့ သူခံစားခဲ့၍ဖြစ်၏။ သူ၏အရင်လက်ထောက်က အရူးလေးနှင့် သီးသန့်ဆက်သွယ်နေခဲ့ကြောင်း သိရှိခဲ့သောနေ့၌ပင် လက်ထောက်နှင့်အတူ အိမ်ထိန်းကိုပါ အလုပ်ဖြုတ်ပစ်ခဲ့ခြင်းဖြစ်လေသည်။ အရူးလေးက အိမ်ထိန်းအပေါ် သံယောဇဉ်ဖြစ်နေခဲ့ရာ မျက်ရည်ပင်ကျခဲ့သေးလေသည်။
ထိုစဉ်က အိမ်ထိန်းတစ်ဉီးအနေဖြင့် ချက်ပြုတ်ခြင်းနှင့် အိမ်ရှင်းလင်းခြင်းအပြင် မည်သည့်ကိစ္စတွင်မှ မပါဝင်သင့်ဟု သူတွေးခဲ့မိသည်။ သူအလွန်စိတ်ဆိုးနေခဲ့ရာ အရူးလေး၏ ခံစားချက်အား ထည့်မတွေးခဲ့မိချေ။
သူ၏မျက်နှာက ပိုမို၍အရုပ်ဆိုးလာခဲ့သော်လည်း နောင်တရနေသည့်ခံစားချက်အား ကျိုးကျင်ဟမ့် ဝန်မခံနိုင်ချေ။
အဆင်ပြေပါတယ်…ပန်းပင်ကိုကယ်ပြီး အရူးလေးကိုပြန်ခေါ်လိုက်ရင်ရပြီ...
ကျိုးကျင်ဟမ့်က ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်၏။ ထို့နောက် ပုံကို weibo တွင်တင်လိုက်သည်။
တင်ပြီးသည့်နောက် ထိုင်ခုံတွင်နောက်သို့မှီလျှက်ထိုင်ချလိုက်၏။ ဖုန်းကိုအချိန်နှင့်တပြေးညီကြည့်နေကာ သူ၏လက်မောင်းများကြားပြေးဝင်လာမည့် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းလျှက်ရှိလေသည်။
အရူးလေးက သူ၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ အထူးအာရုံစိုက်လေ့ရှိရာ ဤပုံအားသေချာပေါက်မြင်မှာပင်။
ယနေ့မှာ S မြို့တော်တွင် နွေဉီးစတင်ချိန်မှစ၍ ရှားရှားပါးပါးနေပူနေသည့် ရက်တစ်ရက်ဖြစ်လေသည်။
မိုဘိုင်းဖုန်းဆိုင်ထဲတွင် ယီဟွေ့က ဖုန်းကဒ်အား ဖုန်းထဲထည့်နေခိုက် ကျန်းယီမန့်၏ရေရွတ်သံကိုကြားလိုက်ရသည်။
“အာ…ဟမ့်ဟမ့်က weibo မှာပို့စ်တင်ထားတယ်…”
ဖုန်းအသစ်အား စတင်ဖွင့်လိုက်ရာ ဖုန်းမှတုန်ခါမှုက ယီဟွေ့၏လက်ကိုပါ ကူးစက်သွားခဲ့ရ၏။ ကျန်းယီမန့်က တစ်ချက်စောင်းကြည့်ကာ
“ဘာလဲ…ဖုန်းမသုံးတာကြာလို့ ဖုန်းတောင်မကိုင်နိုင်တော့ဘူးလား…”
သူမက setting ကိုချိန်ညှိပေးလိုက်ကာ သူမနှင့်ကျန်းရွှယ်မေ့၏ ဖုန်းနံပါတ်များနှင့်အတူ weibo ကိုပါထည့်ပေးရန်ပြင်လိုက်သည်။
ယီဟွေ့က သူ၏ဖုန်းအသစ်လေးအား အမြန်ဆွဲယူလိုက်၏။
“ငါ weibo ဘယ်လိုသုံးရမလဲမသိသေးဘူးလေ…ဖုန်းပဲခေါ်တော့မယ်…”
ကျန်းယီမန့်က သူမ၏နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။
“ဟုတ်တယ်...ကိုကြီးရဲ့ချာတူးလန်ဖုန်းက weibo သုံးလို့ရမှာမဟုတ်ဘူး…အမေက ပိုက်ဆံပေးလိုက်တယ်မဟုတ်လား…ဘာလို့ဈေးကြီးတာမကိုင်တာလဲ…”
“အရမ်းကောင်းနေဖို့မလိုဘူးလေ…ဖုန်းဆက်ဖို့ပဲကို…”
အပြန်လမ်းတွင် ကျန်းယီမန့်က ကျန်းရွှယ်မေ့ကဲ့သို့ပင် အပေါင်းအသင်းနှင့်နေရန် ငြင်းဆန်ခြင်းမှာ ယီဟွေ့အတွက် အဆင်ပြေမှာမဟုတ်ကြောင်း တဖွဖွပြောလာခဲ့၏။ အွန်လိုင်းပေါ်တွင် မိတ်ဆွေများရှိခြင်းမှာ တစ်ဉီးတည်းနေရခြင်းထက် ပိုမိုကောင်းမွန်ပေသည်။ မဟုတ်ပါက နေ့ရက်တိုင်းမှာ ပျင်းရိဖွယ်ဖြစ်နေမှာပင်။
တစ်စုံတစ်ယောက်က သူ့အတွက်တွေးပေး၍ ငြင်းခုံလာခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည့်အလျောက် ယီဟွေ့က ခေါင်းကလေးညှိတ်လျှက် နားထောင်လာခဲ့သည်။ ဟိုတယ်သို့ပြန်ရောက်ချိန်ဝယ် bowser ကိုဖွင့်ကာ အင်တာနက်ပေါ်ရှိ အချက်အလက်များကို ရှာဖွေလိုက်၏။
သူက ယီအုပ်စု၏သတင်းများကို ဉီးစွာရှာဖွေလိုက်ပြီးနောက် လတ်တလောသတင်းတစ်ခုအား နှိပ်ကြည့်လိုက်သည်။ စာကြောင်းများစွာထဲတွင် သူ့အစ်ကိုဖြစ်သူ၏အမည်အား အကြည့်တစ်ချက်နှင့်ပင်ရှာတွေ့လိုက်၏။ အကြောင်းအရာတစ်ခုလုံးက ယီအုပ်စုအား မျိုးရိုးနာမည်မတူသည့် သခင်လေးတစ်ဉီးက ကြီးကျပ်ကွပ်ကဲနေကြောင်းနှင့် ယီမိသားစု၏စီးပွားရေးမှာ အခြေခိုင်ခိုင်ရှိနေကြောင်း ရေးသားထားခြင်းဖြစ်လေသည်။
ထို့နောက် သူ၏မရီးအမည်အား ရှာဖွေကြည့်လိုက်သည်။ မရီးဟူသည်ထက် သူနှင့်ရွယ်တူလောက်ရှိသော ကောင်လေးတစ်ဉီးသာ ဖြစ်လေသည်။ သတင်းများအရ ထိုသူက တရုတ်ပြည်အနောက်တောင်ဘက်ရှိသီးသန့်နေရာတစ်ခုတွင် ရုပ်ရှင်ရိုက်ကူးနေလေသည်။ ဖန်များထံသို့ သွားရောက်လည်ပတ်နေပုံအရ အားလုံးအဆင်ပြေပြေရှိနေသည်ပင်။
ယီဟွေ့က စိတ်သက်သာရာရသွားကာ အခြားရုပ်ရှင်လောကသတင်းများအား ရှာတွေ့မည်ကိုစိုးသည့်အလျောက် ထိုစာမျက်နှာအား ဖတ်ပြီးသည်နှင့်ပိတ်လိုက်တော့၏။
နေ့လည်ခင်းတွင် ကျန်းရွှယ်မေ့က သူနေကောင်းမကောင်း ဖုန်းဆက်မေးခဲ့သည်။
ဖုန်းတစ်ဖက်ရှိကျန်းရွှယ်မေ့က ရယ်မောကာဆို၏။
“သားတို့မောင်နှမချင်း အဆင်ပြေနေတော့ အမေအရမ်းစိတ်သက်သာရာရတာပဲ…”
ကျန်းယီမန့်က ဖုန်းနားရောက်လာကာ နှောင့်ယှက်လိုက်၏။
“ကဲပါ...သမီး ကိုကြီးကိုဖုန်းလိုက်ဝယ်ပေးပြီးပါပြီ...သူလမ်းပျောက်မှာ စိုးရိမ်မနေပါနဲ့တော့....”
မူလက သူတို့အတူတူ ယီဟွေ့၏တက္ကသိုလ်ရှိ ပန်းချီဆရာမထံသို့သွားကာ ယီဟွေ့ ပြိုင်ပွဲတွင်ဝင်ပြိုင်ရန်အတွက် ထောက်ခံချက်တောင်းလိုခဲ့ကြခြင်းဖြစ်၏။ သို့သော် မနေ့ညက ယီဟွေ့ အအေးမိသွားခဲ့သည်။ ကိုယ်ပူကျသွားခဲ့သော်လည်း ချောင်းဆိုးနေဆဲဖြစ်လေသည်။ကျန်းရွှယ်မေ့က အလွန်ထိတ်လန့်သွားခဲ့ကာ သူ့အားအပြင်သို့ခေါ်မသွားဝံ့တော့ချေ။ သူမတစ်ဦးထဲသာ ဆရာမထံသွားရောက်ခဲ့ပြီး ကျန်းယီမန့်အား ယီဟွေ့ကို ဂရုစိုက်စေ၏။
ကျန်းရွှယ်မေ့က ဆရာမအား ညစာကျွေးမွေးရန် ဖိတ်ကြားခဲ့ကြောင်းနှင့် နေ့ခင်းတွင်အလုပ်ကိစ္စပေါ်လာကြောင်း ကြားသိရသည့်အခါ ကျန်းယီမန့် အိပ်ယာပေါ် လူးလိမ့်လိုက်မိသည်။
“အား...ပျင်းစရာကြီးကွာ...အဲ့လိုမှန်းသိ ကြက်ခြေခတ်ချုပ်ရိုးနဲ့ ပုံဖော်တာလေးယူလာခဲ့ပါတယ်...”
ယီဟွေ့က သူမ၏ တစ်ဝက်မျှပုံပေါ်နေပြီဖြစ်သော ကြက်ခြေခတ်ကလေးများဖြင့် ပုံဖော်ထားသည့် ရုပ်ပုံကားချပ်ကို မြင်ယောင်သွားကာ ပြုံးလိုက်မိ၏။
“အပြင်မှာသွားဆော့နေလေ...ကိုကြီးအတွက်စိတ်မပူပါနဲ့...”
ကျန်းယီမန့်က သူမအမေ၏ ယုံကြည်စွာမှာသွားခဲ့သည့်စကားအား မမေ့လျော့ပဲ အစ်ကိုဖြစ်သူအနားတွင်နေ၍ ဂရုစိုက်ရန်သာ ရွေးချယ်ခဲ့၏။ ဖုန်းကိုကိုင်လျှက် အိပ်ရာနံဘေးတွင်ခြေချိတ်ထိုင်ကာ သူမ၏သူငယ်ချင်းများနှင့်အတူ Wechat တွင်စကားစမြည်ပြောနေလေသည်။
ခဏကြာစကားပြောပြီးသည့်နောက် သူမက ရုတ်တရက်ခုန်ပေါက်လိုက်၏။
“တကယ်လား...သူက S မြို့ကနေ မြို့တော်ကိုပြန်ရောက်တာ မကြာသေးဘူးမဟုတ်လား...Garden Hotel မှာနေနေတာလား...မြို့အနောက်ပိုင်းကတစ်ခုလေ...”
ဟုတ်မှန်ကြောင်းသိရသည့်နောက် ကျန်းယီမန့်က အိပ်ရာအပြင်ဘက်သို့ထွက်ကာ သူမ၏ ကုတ်အင်္ကျီနှင့် ဖိနပ်များကို အမြန်ဝတ်ဆင်ပြီးနောက် တံခါးထံဝုန်းဒိုင်းကျဲ၍ ပြေးသွားခဲ့သည်။ ထို့နောက် သူမနဖူးကိုပြန်ရိုက်လိုက်ကာ ယီဟွေ့ထံပြန်ရောက်လာပြီး ဆွဲခေါ်၏။
“လမ်းလျှောက်ထွက်ရအောင်နော်...ညီမလေးနဲ့တူတူလိုက်ခဲ့ပေး...တစ်နာရီလောက်ပဲကြာမှာပါ...”
ယီဟွေ့က လမ်းတစ်လျှောက်လုံးဆွဲခေါ်ခံခဲ့ရကာ ဆယ်မိနစ်အကြာတွင် ထင်ရှားသောဟိုတယ်တစ်ခုရှေ့ရှိ တွတ်ထိုးနေကြသော မိန်းကလေးအုပ်စုများအကြား ရောက်ရှိသွားလေသည်။
ကျန်းယီမန့်က သူမနံဘေးရှိမိန်းကလေးနှင့် တွတ်ထိုးနေခဲ့၏။
“ငါကအနားက ဟိုတယ်မှာနေနေတာလေ...ဒီနဲ့တစ်ဘလောက်ပဲဝေးတယ်...အရမ်းတိုက်ဆိုင်တယ်မဟုတ်လား...ဟမ့်ဟမ့်က ခဏနေထွက်လာမယ်လို့ စကားဝိုင်းထဲမှာတွေ့တာနဲ့ ငါတန်းတန်းကြီးပြေးလာခဲ့တာ...”
ဟိုတယ်ဆိုင်းဘုတ်အား လမ်းတစ်ဖက်မှမြင်ရစဥ်ကတည်းကပင် ယီဟွေ့၏နှလုံးသားက လည်ချောင်းအထိ ခုန်တက်လာသလို ခံစားနေခဲ့ရသည်။ ထိုလူ၏အမည်အား သူ့နံဘေးရှိမိန်းကလေးများထံမှ ကြားရချိန်တွင် သူပို၍ထိတ်လန့်လာမိလေသည်။ သူ၏ ပထမဆုံးအတွေးမှာ ဤနေရာမှအမြန်ဆုံးထွက်သွားရန်ဖြစ်၏။
“ဟေး...ဘယ်သွားမလို့လဲ...”
ကျန်းယီမန့်က သူ၏လက်မောင်းကိုဆွဲလာခဲ့သည်။
“ လျှောက်မသွားနဲ့တော့နော်...သူ မကြာခင်ထွက်လာမှာ...အဲ့ကျရင် ညီမလေးတို့ပြန်ကြမယ်လေ...”
သူမ ပြောပြီးသည်နှင့် အနက်ရောင်လုပ်ငန်းသုံးကားက ဟိုတယ်ဝင်ပေါက်တွင် ဖြည်းညှင်းစွာရပ်လာခဲ့သည်။ လုံခြုံရေးအစောင့်အမြောက်အများက ဟိုတယ်အတွင်းမှ ပြေးထွက်လာကြ၏။
လူစုသည်လည်း ရုတ်ချည်းဆူညံလာခဲ့သည်။ သို့သော် ထိုအထဲတွင် ယီဟွေ့မပါဝင်ချေ။
ရင်းနှီးနေသောလုပ်ငန်းသုံးကားကို မြင်လိုက်ရသည်နှင့် နောက်ထပ်ဖြစ်လာမည့်အရာအား သူ သိလေသည်။
နီးကပ်လာသည့်အန္တရာယ်အား ခံစားမိသည်နှင့် သူက မဆိုင်းမတွဆုတ်ခွာရန်ပြင်ကာ တတ်နိုင်သမျှဝေးဝေးသို့သွားရန် ကြိုးစားလိုက်၏။ သို့သော် လူအုပ်ကတိုးဝှေ့ရန်မလွယ်ကူချေ။ သူက ကျန်းယီမန့်အား တစ်စုံတစ်ခုပြောလိုက်သော်ငြား ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေသည့်အလျောက် သူ့ပါးစပ်အဖွင့်အပိတ်ကိုသာ သူမ တွေ့နိုင်လိမ့်မည်။
အဆုံးသတ်တွင် လူအုပ်ကြားမှ တိုးထွက်ရန် ကျရှုံးခဲ့လေသည်။
ယီဟွေ့၏ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများက ဟိုတယ်အတွင်းမှထွက်လာသော အမျိုးသားထံ ကျရောက်သွားခဲ့သည်။ နံဘေးတွင် လက်ထောက်များ၊ အေးဂျင့်များ၊ လုံခြုံရေးအစောင့်များနှင့် လူအများအပြားဝန်းရံနေခဲ့သော်ငြား ယီဟွေ့ ထိုအမျိုးသားကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။
ထိုလူက အနက်ရောင်ကုတ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို မထင်မရှားဝတ်ဆင်ထားခဲ့သည်။ သို့သော် ထုတ်လွှင့်နေသည့်အနှိုင်းမဲ့အရှိန်အဝါများက အခြားလူများအား သူ့ထံသို့အာရုံစိုက်လာစေလျှက်ရှိ၏။
သူက ဖုန်းကိုညာဘက်လက်နှင့်ကိုင်ထားကာ နားနားကပ်လိုက်သည်။ သူ၏အမူအရာက မှောင်မဲလျှက်ရှိကာ ဖုန်းတစ်ဖက်ရှိလူအား စိတ်ဆိုးဒေါသထွက်နေပုံရသည်။
ယီဟွေ့ လည်တိုင်တွင် တင်းကျပ်လာခဲ့ပြီး အသက်ရှူရခက်ခဲ့၏။ လက်တစ်ဖက်က သူ မမှတ်မိချင်သည့် အချိန်တစ်ခုထံသို့ ဆွဲခေါ်သွားခဲ့ကာ မနေနိုင်ပဲတွေးလိုက်မိ၏။
ငါ ထွက်သွားခဲ့ပြီးပြီလေ...ဘယ်သူ့ကြောင့် မင်းစိတ်ဆိုးနေတာလဲ...
ထို့နောက် သူ၏လက်ကျန်ခွန်အားကိုသုံးကာ အကြည့်လွှဲလိုက်ရသည်။
စိတ်အားထက်သန်လှသည့်ဖန်များက ရှေ့သို့တိုးသွားကြကာ သူတစ်ဦးထဲသာလျှင် အနောက်တွင်ရပ်ကျန်ခဲ့လေသည်။
ယီဟွေ့က အားနည်းစွာဖြင့် မျက်ဝန်းများကိုမှိတ်ချလိုက်ကာ လောလောလတ်လတ်တွေ့လိုက်ရသည့် ပုံရိပ်ကို မေ့လျော့နိုင်ရန် ကြိုးစားလိုက်၏။
သို့သော်သူက ထိုအမျိုးသား၊ ထိုမျက်နှာသွင်ပြင်ကို အတိအကျမှတ်သားခဲ့ပြီး စုတ်တံနှင့်မြတ်နိုးစွာရေးဆွဲခဲ့ဖူးလေသည်။ ထိုသူ၏ သေးငယ်သောအမူအရာမှအစ ကောက်ကြောင်းအားလုံးကို သူ၏စိတ်ဝယ် နက်ရှိုင်းစွာရေးထိုးထားခြင်းဖြစ်ရာ မည်သို့မှမေ့ပစ်၍မရနိုင်ပါချေ။
ကျန်းယီမန့်က စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးကို idol အားပထမဆုံးအကြိမ်တွေ့လိုက်ရသည့် သူမ၏ပျော်ရွှင်မှုများအကြောင်း ဝေမျှလိုနေခဲ့သည်။
“ဟမ့်ဟမ့်က အရမ်းယောက်ျားပီသတာပဲ...သူကအပြင်မှာ ပိုကြည့်ကောင်းတယ်နော်...အရပ်လည်းအရှည်ကြီးပဲ...ပြုံးလိုက်ရင် ပိုကြည့်ကောင်းမှာပဲ...ဘုရားရေ...အမျိုးသားတစ်ယောက်က ဒီလိုပြီးပြည့်စုံနိုင်တယ်တဲ့လား...”
အတန်ကြာစကားပြောနေခဲ့သော်လည်း မည်သည့်အဖြေမှ ပြန်မရလာသည့်အလျှောက် ကျမ်းယီမန့်က ယီဟွေ့၏ပုခုံးကိုဆွဲကာ သူမဘက်သို့လှည့်စေ၏။
“ကိုကြီးတွေ့တယ်မဟုတ်လား...အနက်ရောင်အပေါ်အောက်ဝတ်ထားတဲ့ တစ်ယောက်လေ...ဒီနေ့ ဟမ့်ဟမ့်ဝတ်စုံက တကယ့်ကိုကြည့်ကောင်းတာပဲ...အထူးသဖြင့် သူ့...”
သူမ၏အသံက ရပ်တန့်သွားကာ မျက်နှာကလေးသည်လည်း အေးခဲသွားခဲ့၏။ ကျန်းယီမန့်က ခဏတာထိတ်လန့်နေခဲ့ကာ မေးလာခဲ့သည်။
“ကိုကြီး...ဘာဖြစ်လို့လဲ...”
ယီဟွေ့က ခေါင်းယမ်းလျှက် ဘာမှမဟုတ်ကြောင်း ပြန်ဖြေချင်ခဲ့သည်။ သို့သော် လည်ချောင်းတစ်လျှောက်ခြောက်ကပ်နေကာ မည်သည့်အသံကိုမှ မပြုလုပ်နိုင်ခဲ့ချေ။
ကျန်းယီမန့်၏ အံ့သြနေသောအကြည့်ကြောင့် သူက မျက်နှာကိိုထိရန် လက်မြှောက်လိုက်၏။ သို့သော် သူ၏မေးဖျားအား မထိရသေးခင်မှာပင် အေးစက်စက်အရည်တစ်စက်က လက်ဖဝါးပေါ်သို့ ကျဆင်းလာခဲ့သည်။
သူ၏မျက်နှာပြင်ဝယ် အေးစက်စက်မျက်ရည်များဖြင့် စိုစွတ်နေခဲ့လေသည်။
စာရေးသူမှာပြောစရာရှိပါတယ်: စိတ်မပူပါနဲ့...မကြာခင်ပြီးသွားမှာပါ...အမှန်တရားကိုမသိခင် ဒီလိုမျိုးဖြတ်သန်းဖို့လိုအပ်တယ်လေ...