ယန်ကျင်းဇီသည် သူ့စားပွဲကို ရှင်းပြီးနောက် လုကျင်းရှိူ့အတွက် နို့တစ်ခွက်ကို လောင်းထည့်လိုက်သည်။
သူသည် နို့ကို ထိုးဖောက်မမြင်နိုင်သော မတ်ခွက်တစ်ခွက်ထဲတွင် အထူးတလည် လောင်းထည့်ပြီး လုကျင်းရှိူ့ရှေ့တွင် ချလိုက်၏။ ဤသို့ဆိုလျှင် လူတစ်ယောက်ယောက် ဝင်လာလျှင်တောင်မှ သူတို့ဟာ လုကျင်းရှိူ့က သူ့စိတ်သဘောထားနှင့် မကိုက်ညီစွာ နို့သောက်နေကြောင်း သိသွားကြလိမ့်မည်မဟုတ်ချေ။
လုကျင်းရှိူ့က ပြောလာသည် : “ ငါ နို့မသောက်ဘူး! ” သူသည် ကော်ဖီကိုသာ အမြဲသောက်ခဲ့သည်။ အစပိုင်း၌မူ ယင်းကား ညဘက်တွင် သူ အိပ်မပျော်နိုင်သောကြောင့် ဖြစ်၏။ နေ့ဘက်တွင် သူသည် အလွန်အိပ်ချင်မိပြီး သူ့ကိုယ်သူ ပြန်လည်လန်းဆန်းလာစေရန် ကော်ဖီကို လိုအပ်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် အလွန်အကျွံ သောက်တတ်လာသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ၏ အိပ်မပျော်နိုင်သည့် ရောဂါမှာ ပိုမိုဆိုးရွားလာပြီး ကော်ဖီကို သူ ဖြတ်လိုက်သော်ငြား သူ၏ အိပ်မပျော်နိုင်သည့် ရောဂါမှာ ကော်ဖီနှင့် ဘာမှမဆိုင်ချေ။
သို့သော်ငြား ကော်ဖီခါးတစ်ခွက်က သူ့ကို ပိုမိုနိုးကြားနိုင်စေဆဲပင်။
“ နို့သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်။ ကျွန်တော် နို့သောက်ရတာ အကြိုက်ဆုံးပဲ။ ဦးလေးလု၊ နောက်ထပ်အကြိမ်အနည်းငယ်လောက် သောက်ပြီးရင် ကျင့်သားရသွားလိမ့်မယ်။ ” ယန်ကျင်းဇီက လုကျင်းရှိူ့ကို ပြုံးပြသည်။
လုကျင်းရှိူ့ ယခင်က နို့သောက်နေချိန်တွင် သူ သေသေချာချာ စောင့်ကြည့်လေ့လာခဲ့သည်။ လုကျင်းရှိူ့က ရွံရှာခြင်းမရှိချေ။ ဤသို့ဖြစ်ရာ... လုကျင်းရှိူ့ကို နို့သောက်ခိုင်းခြင်းက ပိုမိုကောင်းမွန်သည်။
လုကျင်းရှိူ့ မျက်မှောင်ကြုံ့ကာ နို့ခွက်ကို ကြည့်လိုက်သည်။
တကယ်တော့ နို့သောက်ရခြင်းကို သူ မမုန်းတီးပေ။ အချိန်တစ်ခုကြာသည့်အထိ သူသည် ဤသောက်စရာကို သဘောကျခဲ့သည်။
မိဘမဲ့ဂေဟာသို့ ပထမဆုံး ရောက်စဉ်က သူ၏ ချို့တဲ့နေသော ကျန်းမာရေးကြောင့် ဂေဟာမှူးက သူ့ကို နို့မှုန့်ပိုပေးပြီး သောက်စေခဲ့သည်။ ထိုအချိန်တွင် သူသည် နို့ကို အထူးသောက်ကောင်းသည်ဟု ထင်ခဲ့၏။
နောက်ပိုင်း သူ လုမိသားစုသို့ ပြန်ရောက်ပြီး နိုင်ငံခြားသို့ ထွက်သွားခဲ့သည်... ထိုနှစ်များတွင်လည်း သူသည် နို့ကို လျှော့မသောက်ခဲ့ပေ။
သို့ရာတွင် လွန်ခဲ့သော ခြောက်နှစ် တရုတ်ပြည်သို့ ပြန်ရောက်ပြီးနောက် သူ့အနားရှိ မည်သူကမျှ သူ့အတွက် နို့မထည့်ပေးခဲ့ကြဘဲ သူကလည်း သူ နို့သောက်ချင်သည်ဟု မပြောခဲ့ကာ တဖြည်းဖြည်းနှင့် သူ နို့ထပ်မသောက်တော့ချေ။
“ မင်းနေရာမှာ သွားထိုင်နေတော့! ” လုကျင်းရှိူ့ ပြောလိုက်သည်။
ယန်ကျင်းဇီက ပြုံးပြီး သူ့အနားရှိ သူ့နေရာသို့ သွားသည်။ သူသည် tablet ကို ထုတ်ပြီး တစ်စုံတစ်ဦးထံမှ သူ တောင်းထားသည့် ဆေးတက္ကသိုလ်မှ ဖတ်စာအုပ်များကို ဖတ်ရှုသည်။
ခဏကြည့်ပြီးနောက် ယန်ကျင်းဇီ တစ်ခုတွေးမိကာ သူ့ဖုန်းကို ထုတ်၍ သူ့အစ်ကိုထံသို့ စာပို့လိုက်သည် : “အစ်ကိုကြီး၊ လုရွေ့ချွင် လမ်းလွဲနေတာကို သက်သေရှာတွေ့ပြီလား?”
အစ်ကိုကြီးယန်က သူ့ကို (...)အစက်တစ်တန်း ပို့ကာ ပြောစရာစကား ပျောက်ဆုံးမှုကို ဖော်ပြပြီးနောက် ဆက်ပြောသည် : “တနေ့ကမှ မင်း ငါ့ကို စုံစမ်းခိုင်းထားတာလေ!”
နှစ်ရက်တောင် မပြည့်သေးဘူး၊ သူတို့ ဘာရှာတွေ့နိုင်မှာလဲ?
“ကျွန်တော်က မေးကြည့်ရုံပဲကို...” ယန်ကျင်းဇီ စာပြန်လိုက်သည်။
အစ်ကိုကြီးယန်က စာထပ်မပြန်တော့ချေ။ ခဏကြာပြီးနောက် သူက တိုက်ရိုက်ဖုန်းဆက်သည်။
“ ကျွန်တော် ဖုန်းသွားဖြေလိုက်ဦးမယ်။ ” ယန်ကျင်းဇီက လုကျင်းရှိူ့ကို လှမ်းပြောသည်။ ရုံးခန်းအပြင်သို့ လမ်းလျှောက်နေစဉ် သူက ဖုန်းဖြေသည် : “ အစ်ကိုကြီး၊ ဘာကိစ္စရှိလို့လဲ? ”
လုကျင်းရှိူ့သည် ဖုန်းမြည်သံကို ကြားသောအခါ ယန်ကျင်းဇီကို မော့ကြည့်ပြီး “အစ်ကိုကြီး” ဟု ယန်ကျင်းဇီ၏ ခေါ်သံကို ကြားရသောအခါ သူက ခေါင်းငုံ့ကာ အလုပ်ဆက်လုပ်သည်။
ရုံးခန်းမှ ထွက်လာသောအခါ ယန်ကျင်းဇီသည် သူ့အစ်ကို စကားပြောသည်ကို ကြားလိုက်ရသည် : “ အခြေအနေ ဘယ်လိုရှိလဲ မေးဖို့ ငါ အခုလေးတင် ဖုန်းဆက်မေးလိုက်တယ်။ သူတို့ ပြောတာကတော့ လုရွေ့ချွင်ကို လုကျင်းရှိူ့က ရုံးခွဲကို ပို့လိုက်ပြီး မင်း ပြောတဲ့လူလည်း အတူလိုက်သွားတယ်၊ သူတို့ စုံစမ်းရေးလုပ်ဖို့ အဆင်ပြေတာပေါ့။ ”
“ ဝမ်ဟဲယန်လည်း လိုက်သွားတာလား? ” ယန်ကျင်းဇီ အနည်းငယ် သိချင်သွားသည်။ လုကျင်းရှိူ့ ပြောပုံအရ လုရွေ့ချွင်ကိုသာ ရုံးခွဲသို့ ပြောင်းရွှေ့ခဲ့သည်။ ဘယ်လိုလုပ် သူက ဝမ်ဟဲယန်ကိုပါ ပို့လိုက်တာလဲ?
“ မနေ့က လုကျင်းရှိူ့ရဲ့ ကိုယ်ရေးလက်ထောက်ကိုယ်တိုင် သူတို့ကို ရုံးခွဲကို လိုက်ပို့ခဲ့တာ၊ သူတို့ကို အတွေ့အကြုံရစေချင်လို့လို့ ပြောတယ်။ ”
မနေ့က လုကျင်းရှိူ့ရဲ့ ကိုယ်ရေးလက်ထောက်က လုရွေ့ချွင်ကို သွားပို့နေတာကိုး...
“ စကားမစပ်၊ မင်း လက်ထပ်ပွဲကနေ တကယ်ပဲ နောက်ဆုတ်ချင်တယ်ဆိုရင် မင်း ဘယ်တော့ လုကျင်းရှိူ့ကို ထုတ်ပြောမှာလဲ? အဖေနဲ့ငါ သူနဲ့အတူ ထမင်းစားပြီး စကားပြောလိုက်မယ်။ ” အစ်ကိုကြီးယန်က ဆက်ပြောသည် : “ ငါတို့ယန်အိမ်နဲ့ လုအိမ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိတယ်၊ ဒီကိစ္စကို သေချာကိုင်တွယ်ဖို့ လိုအပ်တယ်။ ”
“ အစ်ကိုကြီး၊ ကျွန်တော် သူ့ကို ဒီအတိုင်း ပြောလိုက်လို့ရတယ်။ ” ယန်ကျင်းဇီက ပြန်ဖြေသည်။
“ အဆင်ပြေတယ်။ ” အစ်ကိုကြီးယန်က ဆက်ဆိုသည် : “ မင်း ပြောရင် ဂရုစိုက်၊ အပြစ်တွေအကုန်လုံးကို လုရွေ့ချွင်ဆီ ပို့လိုက်။ မင်း လုမှာ မနေနိုင်တော့ရင် ငါ့ဆီလာခဲ့။ ”
“ အစ်ကိုကြီး၊ အဲ့လိုမပြောနဲ့! ဘာလို့ ကျွန်တော်က မနေနိုင်ရမှာလဲ! ” ယန်ကျင်းဇီက ပြော၏။
အစ်ကိုကြီးယန် : “ အခု လုကျင်းရှိူ့က လုရွေ့ချွင်မျက်နှာကို ကြည့်ပြီး မင်းကို သည်းခံနေတယ်။ မင်း လုရွေ့ချွင်နဲ့ လက်ထပ်ပွဲကနေ နောက်ဆုတ်လိုက်ရင် သူက မင်းကို သည်းခံနိုင်နေဦးမှာလား? ” သူ့ညီက ကောလိပ်တွင် ဘာကိုမှ လုံးဝ မသင်ယူလာခဲ့ဘဲ အခြားသူများကိုလည်း ဂရုမစိုက်နိုင်ချေ။ သူက လုကျင်းရှိူ့အနားတွင် ပရမ်းပတာများသာ ဖြစ်စေနိုင်သည်ဟု ခန့်မှန်းရသည်။
“ သူက လုရွေ့ချွင်ရဲ့မျက်နှာကြောင့် ကျွန်တော့်ကို သည်းခံနေတယ်လို့ ဘယ်သူပြောလဲ? ” ယန်ကျင်းဇီ မကျေနပ်ပေ။ လုကျင်းရှိူ့ သူ့ကို ကြိုက်တာ အသိသာကြီး!
“ ဒါဆို ဘာအတွက်ကြောင့် သူက မင်းကို သည်းခံနေမှာလဲ? ကျင်းဇီ၊ လုမိသားစုရဲ့ အခြေအနေက နည်းနည်းရှုပ်ထွေးပေမယ့် လုရွေ့ချွင်က လုကျင်းရှိူ့ရဲ့ အမွေဆက်ခံသူပဲ။ ”
“ လုရွေ့ချွင်က လုကျင်းရှိူ့ရဲ့ အမွေဆက်ခံသူလား? ” ယန်ကျင်းဇီ မေးလိုက်သည်။
“ လူတိုင်းက အဲ့လိုပြောကြတာပဲ။ ” အစ်ကိုကြီးယန်က ဆက်ပြောလာသည် : “ ဒီနှစ်တွေမှာ လုကျင်းရှိူ့ကို ချစ်ကြိုက်ကြောင်း ပြခဲ့တဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ မရှိတာမှ မဟုတ်တာ။ ဒါပေမယ့် သူ့ပတ်ဝန်းကျင်မှာ အရမ်းသန့်ရှင်းနေပြီး ဘယ်သူမှ မရှိဘူး... သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေကလည်း သိပ်မကောင်းလောက်တော့ သူ့မှာ ကလေးမရှိနိုင်ဘူးလို့ ခန့်မှန်းကြတယ်။ အခုထိလည်း သူ့မှာ ကလေးမရှိတော့ အနာဂတ်မှာ လုက လုရွေ့ချွင်အပိုင် မဖြစ်လာရင် ဘယ်သူ့အပိုင် ဖြစ်လာမှာလဲ? ”
လုကျင်းရှိူ့၏ ပုဂ္ဂလိကဘဝဟာ ဤနှစ်များတွင် အလွန်သန့်ရှင်းနေခဲ့ပြီး သူ့ကျန်းမာရေးက လုံးဝ မကောင်းမွန်ဟုပင် လူအများအပြားက သံသယရှိကြသည်။ ထို့အပြင် လုကျင်းရှိူ့က သူ့မိခင်နှင့် ပြတ်စဲထားသော်ငြား သူက လုရွေ့ချွင်အပေါ်သို့ ကောင်းသေးသည်။ လုကျင်းရှိူ့က လုရွေ့ချွင်ကို သူ့၏အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးနေသည်ဟု သူတို့အားလုံး ထင်ကြသည်။
“ လုရွေ့ချွင်မှာ လုကို ဆက်ခံဖို့ ဘာအခွင့်အရေးတွေ ရှိလို့လဲ? ” ယန်ကျင်းဇီ အနည်းငယ် စိတ်မကျေနပ်ပေ။
“ သူတို့က သွေးသားတော်စပ်တယ် ဆိုတဲ့ အချက်ကြောင့်လေ။ ” အစ်ကိုကြီးယန်က ပြောသည် : “ ငါ့မှာ လုပ်စရာရှိသေးလို့ အရင်ဖုန်းချလိုက်ပြီ။ ”
အစ်ကိုကြီးယန်က စကားပြောပြီးနောက် ဖုန်းချသွားပြီး ယန်ကျင်းဇီသည် သူ့ဖုန်းကို သူ့အိတ်ကပ်ထဲတွင် ထည့်ကာ လက်ထပ်ပွဲမှ သူ နောက်ဆုတ်ချင်ကြောင်း လုကျင်းရှိူ့ကို မည်သို့ပြောပြရမည်နည်းဟု စတင်စဉ်းစားမိသည်။
သူ့တွင် မူလပိုင်ရှင်၏မှတ်ဉာဏ် ရှိကာ လုကျင်းရှိူ့က လုရွေ့ချွင်ကို မကြိုက်သော်ငြား လုရွေ့ချွင်ကို မုန်းလည်း မမုန်းကြောင်း သိထားသည်။
ထို့အပြင် လုရွေ့ချွင်က ကောလိပ်မှ ဘွဲ့ရပြီးနောက် လုမိသားစုဗီလာသို့ ပြန်ပြောင်းလာချင်သောအခါ လုကျင်းရှိူ့နှင့် စကားပြောခဲ့ပြီး လုကျင်းရှိူ့က သဘောတူခဲ့သည်။
ဤအကြောင်းကြောင့် သူ ပထမဆုံး ကူးပြောင်းလာချိန်၌ သူသည် လက်ထပ်ပွဲမှ သူ နောက်ဆုတ်ချင်သည့်အကြောင်းကို လုကျင်းရှိူ့အား အလျင်စလို မပြောပြခဲ့ခြင်းဖြစ်သည်။
လုရွေ့ချွင်၏ စေ့စပ်ထားသူ၊ သူဟာ လုကျင်းရှိူ့အတွက် လုရွေ့ချွင်ထက် ဝန်အလေး လျော့နည်းသည်။ သူက အလျင်စလိုနဲ့ ပြောလိုက်လို့ လုကျင်းရှိူ့က သူ့ကို လုမိသားစုဗီလာကနေ မောင်းထုတ်ချင်ရင် ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် လုကျင်းရှိူ့က လုရွေ့ချွင်ကို ဒီကိစ္စ ပြန်ပြောပြလိုက်လို့ မြက်ကို ရိုက်မိပြီး မြွေကို ထိတ်လန့်သွားစေမိတော့ လုရွေ့ချွင် မဖောက်ပြန်တော့တဲ့အခါ ဘယ်လိုလုပ်မလဲ?
သို့သော် ဤမနက်က သူ အအေးခံပေးသော ဖက်ထုပ်များကို လုကျင်းရှိူ့ စားသည့်အချိန်မှစ၍ ယန်ကျင်းဇီသည် သတ္တိရှိလာပြီး သူ ထုတ်ပြောလျှင်တောင်မှ လုကျင်းရှိူ့က သူ့ကို မဖြစ်မနေ မောင်းထုတ်လိမ့်မည်မဟုတ်ဟုပင် ခံစားရသည်။
လုကျင်းရှိူ့က သူ့ကို တကယ် မောင်းထုတ်တယ် ဆိုရင်တောင်မှ သူ ဆက်ပြီး ကပ်နေမှာပဲ!
ဤသို့စဉ်းစားလျက် ယန်ကျင်းဇီသည် *pantry သို့ သွားပြီး ဘီစကွတ်အချို့ကို ယူ၍ နို့ဘူးနှစ်ဘူးကို သယ်ကာ လုကျင်းရှိူ့၏ရုံးခန်းဆီသို့ လျှောက်သွားသည်။
( *pantry - မီးဖိုဆောင်နှင့်တွဲ၍ စားစရာများ ထားသော ဗီရို သို့မဟုတ် အခန်း )
လုကျင်းရှိူ့၏ ရုံးခန်းမှာ ပွင့်နေပြီး တစ်စုံတစ်ဦးက အလုပ်တင်ပြနေသည်။
လုကျင်းရှိူ့က နားထောင်နေစဉ် သူ့မျက်နှာ၌ အမူအရာမဲ့နေသော်လည်း ယန်ကျင်းဇီသည် ဘာကြောင့်မှန်းမသိဘဲ ယခု လုကျင်းရှိူ့ အနည်းငယ် စိတ်တိုနေသည်ဟု အမြဲခံစားရပြီး ပေါက်ကွဲတော့မည်ဟုပင် ထင်နေမိသည်။
ယန်ကျင်းဇီ ဤသို့စဉ်းစားနေစဉ် လုကျင်းရှိူ့က ရုတ်တရက် မေးလာသည် : “ ဒါ မင်း အလုပ်လုပ်တဲ့ ပုံစံလား? ”
အလုပ်တင်ပြနေသော လူက သတိထားနေသည် : “ ဥက္ကဌလု၊ တစ်ခုခုအမှားရှိနေလို့လား? ”
မေးခွန်းမေးချိန်တွင် လုကျင်းရှိူ့က အတော်လေး တည်ငြိမ်နေသေးသော်ငြား ယခုမူ သူက ဖိုင်တွဲအထပ်လိုက်ကို စားပွဲပေါ်တွင် ရိုက်ချလိုက်သည် : “ ဘာမှားရမှာလဲ? အကုန်လုံး မှားနေတာ! ”
လုကျင်းရှိူ့သည် ထိုလူ ပြောခဲ့သည့် အစမှအဆုံးအထိကို ပြန်ပြောကာ နောက်ဆုံးတွင် ပြောလိုက်၏ : “ မင်း ထွက်သွားတော့! မင်းရဲ့အလုပ်ကို သွားတည့်မတ်ပြီးမှ ငါ့ဆီကို ပြန်လာခဲ့! ”
ထိုလူက ထပ်တလဲလဲ ပြန်ဖြေကာ ထွက်သွားသည်။
သူ ထွက်သွားသောအခါ လုကျင်းရှိူ့သည် စားပွဲပေါ်မှ ဖိုင်တွဲများကို ဆုပ်ကိုင်ပြီး တွန်းဖယ်ကာ သူ့နဖူးကို သူ့လက်နှင့် ဖုံးအုပ်လိုက်သည်။
“ ဦးလေးလု၊ မဆိုင်တဲ့လူတွေကို စိတ်ဆိုးမနေပါနဲ့။ ကွတ်ကီးတွေ လာစားပါလား? ” ယန်ကျင်းဇီက ဆိုသည်။
လုကျင်းရှိူ့သည် ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ဤအခါမှသာ ယန်ကျင်းဇီ ရောက်လာသည်ကို သိကာ ချက်ချင်း အေးခဲသွားသည်။
သူ့စိတ်သဘောထားက အမြဲတစေ ဆိုးရွားနေခဲ့ပြီး ၎င်းက လွန်ခဲ့သည့်နှစ်နှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့သည်။ ယခုလေးတင် သူ ထိုလူကို ပြာခွက်နှင့် အမှန်တကယ် ရိုက်ချင်ခဲ့၏... ယန်ကျင်းဇီက ဒီအခြေအနေကို တွေ့သွားတယ်၊ သူ့ကို ကြောက်သွားမှာလား?
“ ဒီဘီစကွတ်က အရသာရှိတယ်။ အထူးသဖြင့် နို့နဲ့ဆို အရမ်းကောင်းတယ်။ စမ်းစားကြည့်ပါ။ ” ယန်ကျင်းဇီက စကားပြောပြီးနောက် နို့တစ်ဘူးကို ဖောက်ကာ လုကျင်းရှိူ့၏ခွက်ထဲသို့ ထည့်လိုက်သည်။
လုကျင်းရှိူ့ : “ ... ”
သို့သော် ယန်ကျင်းဇီက ပျော်ရွှင်သော ပုံစံနှင့် စတင်ပြီး နို့သောက်ကာ ကွတ်ကီးစားနေပြီဖြစ်သည်။
လုကျင်းရှိူ့သည် ဘီစကွတ်တစ်ခု ယူကာ စားကြည့်လိုက်ပြီး ၎င်းက တကယ် အရသာကောင်းမှန်း သိသွားသည်။ သူ့ပါးစပ်ထဲတွင် ပျော်ရွှင်မှုကို ယူဆောင်လာနိုင်သည့် နို့ပါသော အချိုအရသာနှင့် ပြည့်နှက်နေသည်။
သို့သော်လည်း သူ ဘီစကွတ်စားပြီးပြီးချင်း ရုံးခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။ တစ်ချိန်တည်းတွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးက အပြင်မှ လျှောက်ဝင်လာသည်။
ဤအမျိုးသမီးက ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သူ(မ)၏မျက်ဝန်းထောင့်များတွင် အရေးကြောင်းများစွာ ရှိသော်ငြား သူ(မ)က အရမ်းမအိုသေးချေ။ သူ(မ)က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သည့်ရတနာကိုမျှ မဝတ်ဆင်ထားသော်လည်း သူ(မ)ဟာ ဖူးဖူးမှုတ်ခံထားရကြောင်း လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သိကြသည်။
ယန်ကျင်းဇီ ဤလူကို သိသည်။ ဤသည်မှာ လုရွေ့ချွင်၏ အဘွား ဖြစ်ပြီး လုကျင်းရှိူ့၏ မိခင်ပင်။
မူလပိုင်ရှင်က ဤအမျိုးသမီးကို အလွန်သဘောကျသည်။
ယခင်က လုရွေ့ချွင်ဟာ ဤမဒမ်လုအိုကြီးနှင့် အမြဲနေထိုင်ခဲ့ပြီး မူလပိုင်ရှင် လုရွေ့ချွင်ကို သွားတွေ့သည့်အချိန်တိုင်းတွင် မဒမ်လုအိုကြီးက မူလပိုင်ရှင်အပေါ် အလွန်နွေးထွေးစွာ ဆက်ဆံခဲ့သည်။
သူ(မ)က အမြဲတမ်း ကြင်နာသိမ်မွေ့ပြီး မူလပိုင်ရှင်ကို ကောင်းကောင်းဂရုစိုက်ကာ လုရွေ့ချွင်ကို တကယ် ချစ်သည်... မူလပိုင်ရှင်တွင် သူ(မ)အတွက် အလွန်ကောင်းမွန်သော အမြင် ရှိသည်။
သို့သော် ယန်ကျင်းဇီ သူ(မ)ကို မကြိုက်ပေ။
လုကျင်းရှိူ့က ဤအမျိုးသမီးကို သိသိသာသာ မုန်းတီးပြီး သေချာပေါက် သူသည်လည်း သူ(မ)ကို မုန်းတီးသည်။
ဒါနဲ့ မဒမ်လုအိုကြီးက ကုမ္ပဏီကို ဘာလာလုပ်တာလဲ?
ယန်ကျင်းဇီ ပဟေဠိဖြစ်သွားပြီးနောက် သူ ကြားလိုက်ရသည်၊ လုကျင်းရှိူ့က မှုန်ကုပ်စွာ မေးသည်ကိုပင် : “ ကုမ္ပဏီကို ဘာလာလုပ်တာလဲ? ”
မဒမ်လုအိုကြီးက စိတ်ထိခိုက်သော အမူအရာကို ပြသလာသည် : “ အမေ မင်းကို လာတွေ့တာပါ။ ”
“ တွေ့ပြီးပြီ။ အခု ပြန်လို့ရပြီ! ”
“ ငါက မင်းအမေပါ။ မင်း အမေ့ကို ဒီလိုပြောမှဖြစ်မှာလား? ” သိမ်မွေ့နေဆဲဖြစ်သော မဒမ်လုအိုကြီးက မေးသည်။
လုကျင်းရှိူ့က လှောင်ရယ်သည် : “ ဒါဆို ဒီကို ရောက်လာတာ တကယ်က ဘာအတွက်လဲ? ”
မဒမ်လုအိုက ဆိုသည် : “ မင်း ဘာလို့ ရွေ့ချွင်ကို ရုံးခွဲကို ပြောင်းစေချင်ရတာလဲ? ”
လုကျင်းရှိူ့သည် သူ့မိခင် ဤနေရာသို့ ရောက်နေခြင်းဟာ သူ့အကျိုးအတွက် လုံးဝ မဟုတ်ကြောင်း သိသည်မှာ ကြာပြီဖြစ်သည်။
ယခင်နှစ်များတွင် ဤလူက ဤနေရာသို့ တစ်ခါမှ ရောက်မလာခဲ့ဖူးချေ။
ယခု သူ(မ)၏စကားကို ကြားရသော်... လုကျင်းရှိူ့ လှောင်ရယ်လိုက်သည် : “ လုကို အလုပ်သင်ဆင်းဖို့ လာနိုင်တဲ့ လူတွေက ထိပ်တန်းကျောင်းသားတွေပဲ။ သူက လုံးဝ အရည်အချင်းမပြည့်မီဘူး။ သူ့ကို လုရဲ့အလုပ်သင်စာရင်းမှာ နေခွင့်ပေးထားတာကိုက သူ့ကို မျက်နှာသာပေးထားတာ ဖြစ်နေပြီ။ ”
“ ရွေ့ချွင်က မတူဘူး။ သူက လုရဲ့ ရှယ်ယာရှင်... ”
“ ဒါဆို နောက်ရှယ်ယာရှင်အစည်းအဝေး ကျင်းပတဲ့အခါကျရင် သူ လိုချင်တဲ့ ရာထူးကို ရှယ်ယာရှင်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောခိုင်းလိုက်! ” လုကျင်းရှိူ့က ဆက်ပြောသည် : “ သူ့မှာ အရည်အချင်းရှိရင် ကျွန်တော့်ကိုပါ ဖယ်ထုတ်နိုင်တယ်။ ”
“ ကျင်းရှိူ့၊ မင်း သူ့ကို ပြန်ပြောင်းပေးလို့ရပါတယ်။ ” မဒမ်လုအိုကြီးက တောင်းပန်သည်။
“ မဖြစ်နိုင်ဘူး။ ” လုကျင်းရှိူ့က ဆိုသည်။
“ မင်း... ” မဒမ်လုအိုကြီးက လုကျင်းရှိူ့ကို မျက်မှောင်ကြုံ့ကြည့်ကာ သူ(မ)၏မျက်ခုံးများတွင် ဝမ်းနည်းပူပန်မှုများ ပြည့်နေသည် : “ လုက အစကတည်းက သူ့အပိုင်... ”
“ ထွက်သွား! ” လုကျင်းရှိူ့က အော်သည်။
မဒမ်လုအိုကြီးက ထွက်သွားရန် ငြင်းဆန်ကာ တစ်ခုခုပြောချင်သည်။ ယန်ကျင်းဇီက ဝင်ပြောသည် : “ ကျေးဇူးပြုပြီး ထွက်သွားပေးပါ! ”
မဒမ်လုအိုကြီးက ယန်ကျင်းဇီကို လှမ်းကြည့်သည် : “ ကျင်းဇီ၊ ငါ မင်းကို နှုတ်ဆက်တော့မလို့ပဲ... မင်း ဘာလို့ ဒီမှာရှိနေတာလဲ? ရွေ့ချွင်ကို လာတွေ့တာလား? ”
သို့ရာတွင် သူ(မ) စကားပြောပြီးသည်နှင့်တပြိုင်နက် ပြာခွက်တစ်ခွက်က သူ(မ)ခြေထောက်ကို ရိုက်မိကာ လုကျင်းရှိူ့က ပြောလာသည် : “ ထွက်သွားတော့! ”
“ ကျွန်တော်က ဥက္ကဌလုရဲ့ လက်ထောက်ပါ။ မဒမ်၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ” ယန်ကျင်းဇီ၏လေသံက သိပ်မကောင်းပေ။
လုကျင်းရှိူ့ သူ့မိခင်ကို အလွန့်အလွန် မနှစ်သက်သည့် အကြောင်းအရင်းကို သူ နားလည်သွားရသည်။
ဤမဒမ်လုအိုကြီးက တကယ်ကြီး ပြောလာခဲ့သည်၊ “လုမိသားစုကို လုရွေ့ချွင် ပိုင်ဆိုင်သင့်သည်”... သူ(မ)ရဲ့ခေါင်းထဲမှာ အပေါက်ရှိနေတာလား?
လုကျင်းရှိူ့က သူ(မ)၏သားအရင်း ဖြစ်သည်။ လုကျင်းရှိူ့၏ ရှယ်ယာများက လုရွေ့ချွင်၏ ရှယ်ယာများထက် မနည်းချေ။ လုကျင်းရှိူ့ လု၏ဥက္ကဌ ဖြစ်နေသည်မှာလည်း ခြောက်နှစ်ကြာပြီးဖြစ်ကာ ဤခြောက်နှစ်အတွင်းတွင် လုကို ကြီးပွားတိုးတက်စေခဲ့သည်...
ဘာကြောင့် လုကို လုရွေ့ချွင်က ပိုင်ရမှာလဲ?
မဒမ်လုအိုကြီးက လုကျင်းရှိူ့၏ အရုပ်ဆိုးသော မျက်နှာနှင့် ပြာခွက်တို့ကြောင့် ထိတ်လန့်သွားရာ အဆုံးတွင် သူ(မ) အပြင်ထွက်သွားသည်။
ယန်ကျင်းဇီက သူ(မ)နောက်သို့ လိုက်သွား၏။
တံခါးရှေ့တွင် မဒမ်လုအိုကြီးသည် ခေါင်းလှည့်ပြီး ယန်ကျင်းဇီကို တစ်ခုခုပြောချင်သော်လည်း သူ(မ) ဘာမှမပြောနိုင်သေးခင် ယန်ကျင်းဇီသည် သူ(မ)ကို တစ်ချက်တွန်းကာ သူ(မ)ကို တံခါးအပြင်သို့ ရောက်အောင် တွန်းထုတ်လိုက်သည်။
ထို့နောက် ယန်ကျင်းဇီသည် တံခါးကို တန်းပိတ်ကာ လော့ခ်ချလိုက်၏။
ဗိုက်ထဲတွင် ဒေါသမီး ရှိနေသေးသော လုကျင်းရှိူ့ : “ ... ”
ယန်ကျင်းဇီသည် သူ့ဖုန်းကို ထုတ်ကာ အပြင်ဘက်ရှိ အတွင်းရေးမှူးကို ဖုန်းဆက်ပြီး မဒမ်လုအိုကြီးကို အပြင်လိုက်ပို့ခိုင်းလိုက်သည်။
ဖုန်းဆက်ပြီးနောက် ယန်ကျင်းဇီသည် သူ့ဖုန်းကို ချပြီး လုကျင်းရှိူ့ကို ကြည့်လိုက်၏ : “ လူတွေ ဝင်လာတာကို တားဖို့ သူတို့ကို စောစောရှင်းပြထားခဲ့သင့်တယ်။ ”
“ အရင်က သူ(မ) ဒီကိုမလာဖူးဘူး။ ” လုကျင်းရှိူ့က ပြောသည်။
“ ဒါဆို ခဏစောင့်ပြီးတော့ အောက်ဆင်းပြီး ပြောထားလိုက်မယ်။ ” ယန်ကျင်းဇီက ပြန်ပြော၏။
လုကျင်းရှိူ့သည် သူ့မိခင်ကို တွေ့ရပြီးနောက် ခေါင်းကိုက်လာသော်ငြား ဤအချိန်တွင်မူ... သူ့ခံစားချက်က ရုတ်တရက် ပိုမိုကောင်းမွန်သွားသည်။
လုကျင်းရှိူ့ ယန်ကျင်းဇီကို မော့ကြည့်လိုက်သည် : “ မင်း သွားရှင်းပြလိုက်ဦး။ ” သူ့မိခင်က အလွန်အောင်မြင်သော မိထွေးတစ်ဦး ဖြစ်သည်။
သူ့အစ်မက သူ့ဖခင်ကို ပြဿနာပေးသော်လည်း သူ(မ)တွင် သူ့မိခင်နှင့် ကောင်းမွန်သော ဆက်ဆံရေး အမှန်တကယ် ရှိသည်။
လုရွေ့ချွင်ဆိုလျှင် ပြောစရာပင်မလို၊ လုရွေ့ချွင်ကို သူ့မိခင်က ပြုစုပျိုးထောင်ခဲ့ပြီး သူတို့က အလွန်ရင်းနှီးကြသည်။
ပြောရမည်ဆိုလျှင် လုရွေ့ချွင်နှင့် ဆက်ဆံရေးကြောင့် ယန်ကျင်းဇီကလည်း ယခင်က သူ့မိခင်အပေါ်တွင် အလွန်ကောင်းပေးခဲ့ပြီး ဈေးကြီးသော လက်ဝတ်ရတနာတစ်စုံကိုပင် ဝယ်ကာ သူ့မိခင်ကို ပေးခဲ့ဖူးသည်။
ဤသို့စဉ်းစားမိသော် လုကျင်းရှိူ့ ခေါင်းနာလာပြန်သည်။
ယန်ကျင်းဇီရဲ့ သဘောထားက ရုတ်တရက် ပြောင်းလဲသွားတာ ဘာအကြောင်းအရင်းကြောင့်လဲ? သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ?
“ ကျွန်တော် နောက်မှ ရှင်းပြလိုက်မယ်။ ” ယန်ကျင်းဇီက ဖြေပြီးနောက် လုကျင်းရှိူ့ကို မေးသည် : “ ဦးလေးလု အဆင်မပြေဖြစ်နေတာလား? ”
“ ငါ အဆင်ပြေတယ်။ ” လုကျင်းရှိူ့က ဆိုသည်။
ယန်ကျင်းဇီ ဘာမှမတွေ့နိုင်ပေ။ သူသည် လုကျင်းရှိူ့၏ ခန္ဓာကိုယ်အခြေအနေကို နားမလည်သဖြင့် မည်သည့်အကြံပြုချက်ကိုမျှ မပေးနိုင်သေးချေ။ တွေးကြည့်ပြီးနောက် သူ နောက်ဆုံးတွင် မေးကြည့်လိုက်သည် : “ ဦးလေးလု၊ လုရွေ့ချွင်ကို အမွေဆက်ခံသူအဖြစ် သဘောထားတာ အမှန်ပဲလား? ”
“ မဟုတ်ဘူး! ” လုကျင်းရှိူ့က ဆိုသည် : “ သူက ငါ့ရဲ့ အမွေဆက်ခံသူ မဟုတ်ဘူး! ”
သူသည် ယခင်
က လုရွေ့ချွင်ကို သူ၏ အမွေဆက်ခံသူအဖြစ် သတ်မှတ်ရန် အမှန်ပင် တွေးခဲ့ဖူးသော်ငြား ယခု သူ မလုပ်ချင်တော့ပေ။
သူသည် ပိုက်ဆံအားလုံးကို လှူရလျှင်တောင်မှ လုရွေ့ချွင်ကို ပေးမည်မဟုတ်ချေ။
ဘာလို့ လူတိုင်းက လုရွေ့ချွင်ကို သဘောကျကြတာလဲ?
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ပြီး လှောင်ပြုံးပြုံးသည် : “ ငါ ငါ့ပိုက်ဆံတွေအကုန်လုံးကို လှူဖြစ်ရင်တောင်မှ လုရွေ့ချွင်ကို ပေးမှာမဟုတ်ဘူး! ” ယန်ကျင်းဇီက လုရွေ့ချွင်အတွက် မေးပေးတာလား? သူတို့ လိုချင်တာကို သူ မလုပ်ပေးဘူး!
“ မှန်တယ်! အဲ့လိုပဲ ဖြစ်သင့်တယ်! ဘာလို့ ဦးလေးလုက သူ့ကို ပေးရမှာလဲ! ” ယန်ကျင်းဇီက သဘောတူသည်။
မူလဇာတ်ကြောင်းတွင် လုကျင်းရှိူ့ သေဆုံးပြီးနောက် သူ့နာမည်အောက်ရှိ ရှယ်ယာများမှာ လုရွေ့ချွင်၏လက်ထဲသို့ ကျရောက်အဆုံးသတ်သွားသည်။ သို့သော် ၎င်းတို့ကို ရရှိရန် လုရွေ့ချွင် အလုပ်များစွာ ကြိုးစားလိုက်ရပုံတော့ ပေါ်သည်။
အခု... လုကျင်းရှိူ့က သေချာပေါက် မသေတော့ဘူးဆိုတော့ လုရွေ့ချွင်လည်း ရှယ်ယာတွေ ရဖို့ မမျှော်လင့်နဲ့တော့!
ယန်ကျင်းဇီက ထပ်ပြောသည် : “ ဦးလေးလု၊ ကိုယ့်ပစ္စည်းတွေမှာ ဝေစုအချိုးတွေ ချထားမှဖြစ်မယ်။ ဒါမှ တခြားလူတွေ ကြံစည်လို့ မရမှာ! လုရွေ့ချွင်၊ ဒီလူက ကျိတ်ကြံနေတာ... ”
လုကျင်းရှိူ့က ယန်ကျင်းဇီကို အထိတ်တလန့် လှမ်းကြည့်သည် : “ လုရွေ့ချွင်က ကျိတ်ကြံနေတယ်လို့ မင်း ပြောလိုက်တာလား? ”
ယန်ကျင်းဇီ : “ ဟုတ်တယ်၊ သူက ဦးလေးလုကို ကြံစည်ချင်တယ်၊ သူက ကျွန်တော့်ကိုလည်း ကြံစည်တယ်! ဦးလေးလု၊ သူက သူ့မှာ ကျွန်တော်နဲ့ လက်ထပ်စာချုပ် ရှိပေမယ့် နောက်ဆုံးကျတော့ ကျွန်တော့်အပေါ် ဖောက်ပြန်နေတယ်! ”
“ ဘာ? ” လုကျင်းရှိူ့ အံ့အားသင့်သွားသည်။ လုရွေ့ချွင်က တကယ်ပဲ ဖောက်ပြန်နေတာလား? ယန်ကျင်းဇီက လုရွေ့ချွင်အပေါ် အရမ်းကောင်းပြီး အရမ်းနာခံတတ်တယ်၊ ဘာကြောင့် လုရွေ့ချွင်က ဖောက်ပြန်တာလဲ?
လုရွေ့ချွင် ရူးနေပြီဟု သူ ထင်မိသည်။
တစ်ချိန်တည်းတွင် တိတ်တခိုး မျှော်လင့်ချက်တစ်ခုဟာ သူ့နှလုံးသားထဲမှ ထိုးထွက်လာသည်။
လုရွေ့ချွင် ဖောက်ပြန်ခဲ့တယ်၊ ဒါဆို သူ...
“ ဦးလေးလု၊ တကယ်တော့ ပြီးခဲ့တဲ့နှစ်ရက်ထဲက ကျွန်တော့်မှာ ဦးလေးလုကို ပြောပြစရာတစ်ခု အမြဲရှိနေခဲ့တယ်... ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ကျွန်တော် လုရွေ့ချွင်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်။ ”
လုကျင်းရှိူ့၏ အကြည့်များက အလွန့်အလွန် စူးရှသွားသည် : “ မင်း တကယ်ပဲ ဖျက်သိမ်းချင်တာလား? ”
“ ကျွန်တော် တကယ် ဖျက်သိမ်းချင်တယ်! ” ယန်ကျင်းဇီ မတုန့်ဆိုင်းပေ : “ သူက ဖောက်ပြန်တယ်။ အခု ကျွန်တော် သူ့ကို စိတ်ကုန်သွားပြီ။ သူ့ကို လက်မထပ်ချင်တော့ဘူး။ ”
လုကျင်းရှိူ့၏ နှလုံးခုန်သံမှာ ပိုမြန်လာပြီး သူသည် ပီတိဖြစ်နေမိသည်။
ယန်ကျင်းဇီက လုရွေ့ချွင်နဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းချင်တယ်!
ဒါက သေချာပေါက် သူ့အတွက် ပျော်ရွှင်စရာ ကိစ္စကြီးတစ်ခုပဲ။
သူ သဘောကျရသူက သူ့တူ၏လက်တွဲဖော် ဖြစ်လာမည်ကို သူ လုံးဝ မတွေ့ချင်ပေ။
ပီတိဖြာပြီးနောက် လုကျင်းရှိူ့သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို တွေးမိသည်။ ဘာကြောင့် ယန်ကျင်းဇီက သူ့သဘောထားကို ရုတ်တရက် ပြောင်းလဲလိုက်ကြောင်းကို သူ နားလည်သွားရသည်။
ယန်ကျင်းဇီက လက်ထပ်ပွဲကို ဖျက်သိမ်းချင်ပြီး ၎င်းက ကုမ္ပဏီနှစ်ခုကြားရှိ ပူးပေါင်းဆောင်ရွက်မှုကို သက်ရောက်စေမည်အား စိုးရိမ်သဖြင့် သူ့ကို လာပြီး ဖားနေခဲ့သည်။
လုကျင်းရှိူ့သည် သူ၏ လျင်မြန်စွာ ခုန်နေသော နှလုံးသားကို ဖြည်းညှင်းစွာ ငြိမ်သက်စေကာ ပြောလိုက်သည် : “ မင်းနဲ့ လုရွေ့ချွင်ကြားက ကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူးလို့ ငါ ပြောပြီးပြီ။ မင်းတို့ဘာသာ ဖြေရှင်းနိုင်တယ်။ လုနဲ့ယန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆက်ရှိနေလိမ့်မယ်။ ”
သူသည် လုရွေ့ချွင်နှင့် ယန်ကျင်းဇီတို့၏ လက်ထပ်စာချုပ်ကို အမှန်တကယ် မထိန်းချုပ်နိုင်ပေ။ သူက ဦးလေးတစ်ယောက်သာ ဖြစ်သည်။
သို့သော် လုမိသားစုနှင့် ယန်မိသားစုတို့ကြားရှိ ပူးပေါင်းဆောင်ရွက်မှုကိုမူ... သူသည် အကျိုးအမြတ် ရှာဖွေရန် လိုလားနေသေးသည်။
“ ဦးလေးလု၊ ကျွန်တော် ဦးလေးလုရဲ့ စကားတွေကို ကြားရတာ စိတ်သက်သာရာရမိတယ်။ ” အလွန်စိတ်ချမ်းသာသွားသော ယန်ကျင်းဇီက ပြောခဲ့သည်။
လုကျင်းရှိူ့၏ သူ့ကို သည်းခံမှုက လုရွေ့ချွင်ကြောင့် ဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်ကြောင်း သူ သိလိုက်ရသည်။
သိရှိပြီးနောက်... ယန်ကျင်းဇီသည် လွင့်မျောနေသကဲ့သို့ ခံစားချက်မျိုးကို ခံစားလိုက်ရ၏။
လုကျင်းရှိူ့က သူ့ကို နည်းနည်းတော့ ကြိုက်လောက်တယ်မလား?
သူ လုကျင်းရှိူ့ကို မကြာခင် ရနိုင်ရမယ်!
ယန်ကျင်းဇီ ထပ်မံပြုံးရယ်လိုက်ပြန်သည်။
ယန်ကျင်းဇီ ပြုံးတာ အရမ်းလှတာပဲ... လုကျင်းရှိူ့သည် သူ၏ တည်ငြိမ်ခါစ နှလုံးခုန်သံက ထပ်မံမြန်လာပြန်သည်ကို ခံစားမိသည်။ သူသည် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် : “ ငါ အလုပ်လုပ်တော့မယ်! ”
“ ကျွန်တော် ကန်တင်းသွားပြီး နေ့လယ်စာ သွားယူလိုက်ဦးမယ်။ ” ထိုသို့ပြောပြီးနောက် ယန်ကျင်းဇီသည် ပျော်ရွှင်စွာ အပြင်ထွက်သွားသည်။ ဤအချိန်တွင် လုကျင်းရှိူ့သည်...
အလုပ်တွင် အလွန်ကျွမ်းကျင်ပြီး နေမကောင်းလျှင်တောင်မှ အလုပ်ဆက်လုပ်နိုင်ခဲ့သော လုကျင်းရှိူ့သည် မထိန်းနိုင်ဘဲ အတွေးလွင့်မိသည်။
ယန်ကျင်းဇီက လုရွေ့ချွင်နဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ရင် သူ့မှာ ယန်ကျင်းဇီနဲ့ အတူရှိဖို့ အခွင့်အရေး ရှိလာမလား?
လုကျင်းရှိူ့ ဤသို့တွေးမိမိချင်း သူ့ဘယ်လက်ကို ရုတ်တရက် မြင်လိုက်သည်။
သူ့လက်ဟာ အစောပိုင်းနှစ်များတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်အဖြစ် သဘာဝမဟုတ်စွာ ပြုလုပ်ခံခဲ့ရသည်။ ယခုမူ ၎င်းကို ခွဲစိတ်ထားပြီးဖြစ်သော်လည်း ရုပ်ဆိုးနေဆဲဖြစ်သည်။
ယန်ကျင်းဇီက ငယ်ရွယ်ပြီး ချောမောကာ ချမ်းသာသည်။ သူက လုရွေ့ချွင်နှင့် လမ်းခွဲလိုက်လျှင်ပင် အခြားသူတစ်ဦးဦးကို ရှာနိုင်သည်။ မှုန်ကုပ်ပြီး မသန်စွမ်းသည့် လူအိုကြီး၊ သူ့ကို မြင်ရန်မှာ မဖြစ်နိုင်ချေ။
ယန်ကျင်းဇီက အောင်အောင်မြင်မြင် ဖျက်သိမ်းပြီးလျှင်ပင် သူ့ထံမှ ထွက်သွားလောက်သည်။
ဘယ်သူကမှ သူ့ကို မကြိုက်ကြဘူး၊ သူ့ကို မချစ်ကြဘူး ဟုတ်တယ်မလား?
လုကျင်းရှိူ့သည် ဘောပင်ကို ယူပြီး သူ့လက်ဖဝါးထဲသို့ ထိုးစိုက်လိုက်သည်။
သူ့လက်မှ နာကျင်မှုကြောင့် သူသည် ရုတ်တရက် နိုးလာပြီး အသိပြန်ဝင်ကာ စတင်အလုပ်လုပ်သည်။
သူများတွေ သူ့ကို မကြိုက်လည်း ဘာဖြစ်လဲ၊ သူက ချမ်းသာတယ်!
လူအများစုထက် သူက အမှန်တကယ် ပိုမိုပျော်ရွှင်နေရသည်။
လုကျင်းရှိူ့သည် ဖိုင်တွဲအနည်းငယ်ကို ဖတ်ရှုပြီး ရပ်၍ ခဏအနားယူကာ ရေခွက်ထဲမှ တစ်ငုံ သောက်လိုက်သည်။
နို့အနံ့က ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ၎င်းက တကယ်ပင် အရသာရှိသည်။
“ ဆာ၊ ဆာယန်က ဆာရဲ့ကားကို လိုင်စင်လုပ်ဖို့ မေးထားပါတယ်... ” လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက်သည် လုကျင်းရှိူ့၏ အနားယူချိန်ကို အခွင့်ယူပြီး လုကျင်းရှိူ့ကို ပြောလာသည်။
“ ငါ့ကားလား? ” လုကျင်းရှိူ့ အံ့ဩသွားသည်။
လုကျင်းရှိူ့ကို တိတ်တဆိတ် အမြဲနောက်မှလိုက်နေခဲ့သည့် ကိုယ်ရေးလက်ထောက်သည် လုကျင်းရှိူ့ကို ကားဝယ်ယူမှုပြေစာ သို့မဟုတ် အလားတူကို ပြသခဲ့သည်။
မနေ့က ယန်ကျင်းဇီဟာ သူ့ဘာသာသူ ကားဝယ်ခဲ့ရုံသာမက ကားကို သူ့အတွက် တကယ်ပင် ဝယ်ယူခဲ့သည်ကို ဤအခါမှသာ လုကျင်းရှိူ့ သိလိုက်ရသည်။
ယန်ကျင်းဇီက... တကယ်ကြီး သူ့ကို ကားတစ်စီး ဝယ်ပေးတယ်!
ယန်ကျင်းဇီ၏ မိသားစုက ယန်ကျင်းဇီကို လက်လွတ်စပယ် ငွေသုံးစွဲခွင့်မပြုထားမှန်း သူ သိသည်။ ထို့ကြောင့် ယန်ကျင်းဇီက ဤကားကို ဝယ်ယူခဲ့သည်မှာ ယန်မိသားစုက နှစ်ဘက်ကြားမှ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေချင်သောကြောင့် ယန်ကျင်းဇီကို ညွှန်ကြားထားခြင်းဖြစ်နိုင်သည်။
သို့ရာတွင် သူသည်... အလွန်ပျော်မိဆဲပင်။
ထို့အပြင် ဤသည်မှာ သူ့ကား ဖြစ်သည်။ ယခုအချိန်မှစ၍ သူသည် မောင်းသူဘေးမှ နေရာတွင် ထိုင်နိုင်သည့် တစ်ဦးတည်းသော လူ ဖြစ်လာလိမ့်မည်။
ဒါ့အပြင် သူလည်းပဲ ယန်ကျင်းဇီအတွက် ကားတစ်စီး ဝယ်ပေးသင့်သလား?
ယန်ကျင်းဇီ သူ့အတွက် ဝယ်ပေးသည့် ကားမှာ ကောင်းမွန်သော လုံခြုံရေးစနစ်များနှင့် အတော်လေး အမြင်အေးသည့် ကားတစ်စီး ဖြစ်သည်။ သူ့အသိုင်းအဝိုင်းထဲရှိ လူတော်တော်များများက ဤကားမျိုးကို အသုံးပြုနေကြသည်။ ယန်ကျင်းဇီလို လူငယ်တွေအတွက်ကျ ပိုပြီး အထက်စီးဆန်ပြီး ခေတ်ဆန်တဲ့ ပြိုင်ကားတစ်စီးကို သဘောကျလောက်မလား?
ထိုကားပြခန်းတွင် သူ့ကားထက် ပိုမိုဈေးကြီးသည့် ပြိုင်ကားများစွာ ရှိသည်...
လုကျင်းရှိူ့ အတွေးများနေစဉ် ယန်ကျင်းဇီက စားစရာသယ်ကာ ဝင်လာသည်။
ယန်ကျင်းဇီသည် ယနေ့တွင် လုကန်တင်းသို့ သွားပြီး စားစရာမှာရန် အထူးတလည် ငွေသုံးကာ စားဖိုမှူးကို သူ့အတွက် အထူးဟင်းပွဲအနည်းငယ်အား ပြုလုပ်စေခဲ့သည်။
“ ဦးလေးလု၊ စားဖို့အချိန်ရောက်ပြီ။ ” ယန်ကျင်းဇီက ပြောသည်။
လုကျင်းရှိူ့သည် ဤမနက်တွင် များစွာစားခဲ့ပြီး မနက်ခင်းတွင် နို့အများအပြားလည်း သောက်ထားသည်။ ဤအချိန်တွင် သူသည် အမှန်တကယ် ဗိုက်မဆာပေ — သူသည် ယခင်က တစ်ချိန်လုံး နည်းနည်းသာ စားဖြစ်နေကျပင်။
သို့သော် ယန်ကျင်းဇီက စားစရာကို အထူးတလည် ပြင်ဆင်လာပြီး ၎င်းက အလွန်အရသာရှိသည်... လုကျင်းရှိူ့သည် တစ်လုတ်ပြီးတစ်လုတ် စားခဲ့ကာ အများအပြားလည်း စားဖြစ်သွားသည်။
“ ဦးလေးလု ဘာစားရတာ ကြိုက်လဲ? ” ယန်ကျင်းဇီက မေးသည်။
“ ငါ အစားမရွေးဘူး။ အရသာပေါ့တာတွေ ကြိုက်တယ်။ ” လုကျင်းရှိူ့က ပြန်ဖြေသည်။ သူသည် မည်သည့်အထူးနှစ်သက်မှုမျှ မရှိဘဲ ဘာမဆို စားနိုင်သည်။ အရသာပေါ့သည်များကို သူ နှစ်သက်ရသည်မှာလည်း ရိုးရှင်းစွာပင် သူက ကောင်းစွာ အစာမခြေဖျက်နိုင်ဘဲ အဆီများသည့် စားစရာကို စားခြင်းက သူ့ကို အဆင်မပြေဖြစ်သောကြောင့် ဖြစ်သည်။
“ အိုကေ၊ ကျွန်တော် မှတ်ထားမယ်။ ” ယန်ကျင်းဇီက ပြောသည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ဖျတ်ခနဲ လှမ်းကြည့်ပြီး အစိမ်းရောင်ဟင်းတစ်ဖတ်ကို စားလိုက်သည်။
ယန်ကျင်းဇီသည် ဤအခိုက်အတန့်တွင် လုကျင်းရှိူ့က သူ့ထံသို့ အတော်လေး ကောင်းမွန်သော သဘောထား ရှိကာ စိတ်ကောင်းဝင်နေသည်ကို ရှာတွေ့သွားသည်...
မည်သည့်နေရာက သတ္တိရောက်လာသည်ကို မသိဘဲ ယန်ကျင်းဇီ ရုတ်တရက် ပြောလိုက်သည် : “ ဦးလေးလု၊ ဦးလေးလုက အရမ်းချောတာပဲ။ ”
လုကျင်းရှိူ့ အံ့အားသင့်သွားသည်။
ယန်ကျင်းဇီက ထပ်ပြောပြန်သည် : “ ဦးလေးလု၊ ကျွန်တော် ဒီလိုပုံနဲ့ ဦးလေးလုကို တကယ် သဘောကျတာကို ကျွန်တော် အခုမှပဲ သတိထားမိတယ်။ ”
ယန်ကျင်းဇီသည် စကားပြောပြီးနောက် လုကျင်
းရှိူ့ကို လှမ်းကြည့်သည်။
လုကျင်းရှိူ့၏ဘယ်လက်မှာ တုန်ယင်သွားပြီး လုကျင်းရှိူ့က ဒေါသတကြီး ပြောလာသည် : “ မဟုတ်တာတွေ မပြောနဲ့စမ်း! ”
____